သင်ခန်းစာ ၄၃
တာဝန်ကျအကြောင်းအရာကို အသုံးပြုခြင်း
သမ္မာကျမ်းစာက ခရစ်ယာန်အသင်းတော်ကို လူ့ကိုယ်ခန္ဓာတစ်ခုနှင့်နှိုင်းယှဉ်ပြထားသည်။ အင်္ဂါတစ်ခုစီသည် လိုအပ်သည်၊ သို့သော် “အင်္ဂါရှိသမျှသည် ဆောင်ရွက်စရာအမှုတစ်ခုတည်းမဟုတ်” ပေ။ ယင်းနှင့်အညီ ကျွန်ုပ်တို့အားအပ်နှင်းထားသော မည်သည့်တာဝန်ကိုမဆို လုပ်ဆောင်သင့်ပေသည်။ အခြားသောအကြောင်းအရာများက ပို၍စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ကျွန်ုပ်တို့တွေးထင်တတ်သောကြောင့် အကြောင်းအရာအချို့၏အရေးကြီးမှုကို တန်ဖိုးလျော့သယောင်လုပ်ပစ်မည့်အစား မည်သည့်ဟောပြောခြင်းတာဝန်ကိုမဆို ကောင်းစွာနားလည်ပြီး ဂရုစိုက်ဖို့လိုအပ်သည်။ (ရော. ၁၂:၄-၈) သစ္စာနှင့်သတိပညာရှိကျွန်အတန်းအစားတွင် “အချိန်တန်” ဝိညာဉ်အစာကို စီမံပေးဖို့တာဝန်ရှိသည်။ (မ. ၂၄:၄၅) ကျွန်ုပ်တို့လက်ခံရရှိသည့် လမ်းညွှန်ချက်များနှင့်အညီ ဟောပြောချက်များကို အဆင့်ဆင့်တည်ဆောက်သွားရန် ကျွန်ုပ်တို့၏ကိုယ်ပိုင်စွမ်းရည်များကို အသုံးပြုသောအခါ ထိုအစီအစဉ်အတွက် တန်ဖိုးထားလေးမြတ်မှုပြကြသည်။ ယင်းက အသင်းတော်တစ်ခုလုံး၏လုပ်ငန်းစဉ်ကို ချောမွေ့စေသည်။
ပါဝင်စေမည့်အရာ။ သင်သည် ကျောင်းတွင် အကြောင်းအရာတစ်ခုတာဝန်ပေးခံရပါက အခြားအရာကိုမဟုတ်ဘဲ ထိုအကြောင်းအရာကိုသာ အဆင့်ဆင့်တည်ဆောက်သွားရန်သေချာစေပါ။ များသောအားဖြင့် သတ်သတ်မှတ်မှတ် ရည်ညွှန်းထားသော အကြောင်းအရာကို ပေးထားမည်။ အကယ်၍ သင့်ဟောပြောချက်အတွက် အခြေခံအနေနှင့် အဘယ်ပုံနှိပ်စာစောင်ကိုအသုံးပြုရန် မပြောပြထားပါက သင့်စိတ်ကြိုက်ရင်းမြစ်များမှ အကြောင်းအရာကိုစုဆောင်းနိုင်မည်။ သို့ရာတွင် သင့်ဟောပြောချက်ကို ပြင်ဆင်သည့်အခါ တင်ဆက်မှုတစ်ခုလုံးသည် တာဝန်ကျအကြောင်းအရာအပေါ်မူတည်၍ တည်ဆောက်ထားကြောင်း သေချာစေပါ။ ပါဝင်စေမည့်အရာကို သတ်မှတ်ရာတွင် သင့်ပရိသတ်ကိုလည်း ထည့်တွက်စဉ်းစားဖို့လိုမည်။
ရည်ညွှန်းထားသော အကြောင်းအရာကို ဂရုတစိုက်လေ့လာပြီး ယင်း၌ပါဝင်သည့်ကျမ်းချက်များကို ဆန်းစစ်ပါ။ ထို့နောက် ပရိသတ်အကျိုးအတွက် ယင်းကို မည်သို့အထိရောက်ဆုံး အသုံးပြုနိုင်ပုံကို ဆင်ခြင်သုံးသပ်ပါ။ သင့်ဟောပြောချက်တွင် အဓိကအချက်များအဖြစ်အသုံးပြုရန် ဖြစ်နိုင်ပါက ပုံနှိပ်ထားသောအကြောင်းအရာမှ အချက်နှစ်ချက်သုံးချက်ကို ရွေးချယ်ပါ။ ထိုနည်းတူ ဖတ်ရှုရန်နှင့် ဆွေးနွေးရန်ရည်ရွယ်ထားသည့် ကျမ်းချက်များကို တာဝန်ကျအကြောင်းအရာမှ ရွေးချယ်ပါ။
အကြောင်းအရာမည်မျှကို ခြုံငုံတင်ပြသင့်သနည်း။ ထိရောက်စွာ သင်ကိုင်တွယ်နိုင်သလောက်သာဖြစ်သည်။ သတင်းအချက်အလက်များစွာပါဝင်စေရန်အလို့ငှာ ထိရောက်သောသွန်သင်ခြင်းနည်းလမ်းများကို လျစ်လျူရှုခြင်းမပြုပါနှင့်။ အချို့သောအကြောင်းအရာသည် သင့်ဟောပြောချက်၏ ရည်မှန်းချက်နှင့်မကိုက်ညီပါက ထိုပန်းတိုင်သို့ရောက်ရန် အထောက်အကူဖြစ်စေမည့်အပိုင်းများကို အာရုံစိုက်ပါ။ တာဝန်ကျအကြောင်းအရာမှ သင့်ပရိသတ်အတွက် သိမှတ်ဖွယ်ရာအဖြစ်ဆုံးနှင့် အကျိုးအရှိဆုံးဖြစ်စေမည့်အရာကို အသုံးပြုပါ။ ဤဟောပြောမှုသွန်သင်ချက်၏ ရည်မှန်းချက်မှာ မည်မျှ သင်ခြုံငုံမိနိုင်ရန်မဟုတ်ဘဲ တာဝန်ပေးထားသည့်အရာကို သင့်ဟောပြောချက်အတွက် အခြေခံအဖြစ် အသုံးပြုရန်ဖြစ်သည်။
သင့်ဟောပြောချက်သည် တာဝန်ကျအကြောင်းအရာကို အကျဉ်းချုပ်တင်ပြရုံမျှသာဖြစ်ဖို့မဟုတ်ပါ။ အချက်အချို့ကိုရှင်းပြပေးရန်၊ အကျယ်ဖွင့်ရှင်းလင်းပေးရန်၊ ပုံဥပမာပေးရန်နှင့် ဖြစ်နိုင်ပါက ၎င်းတို့၏သက်ဆိုင်ပုံကို နမူနာပေးရန် စီစဉ်သင့်သည်။ ထပ်ဆင့်ယူဆချက်များကို သင့်တာဝန်ကျအကြောင်းအရာမှ အရေးကြီးသောအချက်များကို တည်ဆောက်သွားရန် အသုံးပြုသင့်ပြီး ထိုအကြောင်းအရာကို အစားထိုးရန်မဟုတ်ချေ။
သွန်သင်သူများအဖြစ် လိုအပ်သောအရည်အချင်းများရှိသော ညီအစ်ကိုများသည် အချိန်တန်သော် လုပ်ငန်းတော်အစည်းအဝေးတွင် သွန်သင်ချက်ပေးရန် ဖိတ်ခေါ်ခြင်းခံရမည်။ တာဝန်ကျအကြောင်းအရာကို အခြားအကြောင်းဖြင့်အစားထိုးလိုက်မည့်အစား ၎င်းကို ထိရောက်စွာအသုံးပြုရန် လိုအပ်ချက်ကို သူတို့သဘောပေါက်ကြသည်။ အလားတူ လူထုဟောပြောချက်များပေးသည့် ညီအစ်ကိုများကို လိုက်နာရမည့်အောက်လိုင်းများ ပေးထားသည်။ ယင်းတို့သည် ပြောင်းသာလွဲသာအချို့ခွင့်ပြုသော်လည်း အဆင့်ဆင့်တည်ဆောက်သွားရမည့် အဓိကအချက်များ၊ အသုံးပြုရမည့် ထောက်မပေးသည့် အချေတင်ချက်များနှင့် ဟောပြောချက်အခြေခံအတွက် ပေးထားသောကျမ်းချက်များကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးသည်။ တာဝန်ကျအကြောင်းအရာကို အခြေခံအဖြစ် အသုံးပြု၍ မည်သို့သွန်သင်ရန်သင်ယူခြင်းသည် အခြားဟောပြောခြင်းအခွင့်ထူးများအတွက် အရေးကြီးသောပြင်ဆင်မှုအပိုင်းကဏ္ဍတစ်ခုဖြစ်သည်။
ဤလေ့ကျင့်ပေးမှုသည် တိုးတက်မှုရှိသော အိမ်တွင်းကျမ်းစာသင်အံမှုများ ကျင်းပရန်လည်း သင့်ကိုအကူအညီပေးနိုင်သည်။ စိတ်ဝင်စားဖွယ်ကောင်းသော်လည်း အကြောင်းအရာကိုနားလည်ရန်အလို့ငှာ မလိုအပ်သည့် အခြားအရာများကို ပေါ်လွင်စေခြင်းအားဖြင့် လေ့လာမည့်အကြောင်းအရာမှ သွေဖည်သွားစေမည့်အစား ယင်းကို အဓိကအာရုံစူးစိုက်ဖို့ တတ်သိလာမည်။ သို့တိုင်၊ သင်သည် ဤသင်ခန်းစာ၏ ရည်ရွယ်ချက်မှန်ကို သဘောပေါက်မည်ဆိုလျှင် သင်သားတစ်ဦးအား ထပ်၍ရှင်းပြပေးရန်လိုသည်ကို မရှင်းပြဘဲနေသည်အထိ မပြောင်းသာမလွဲသာဖြစ်မည်မဟုတ်ချေ။