လူအပေါင်းတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်
၁။ ဘုရားသခင်ရှေ့ ကျွန်ုပ်တို့၏အနေအထားသည် မည်သည့်အရာအပေါ် မူတည်သနည်း။
၁ ဘုရားသခင်၏ မခံစားထိုက်သောကြင်နာမှုက ကယ်တင်ခြင်းအတွက် လမ်းဖွင့်ပေးခဲ့သည်။ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှာ” ယေဟောဝါအလိုတော်ရှိ၏။ (၁ တိ. ၂:၃၊ ၄) ဘုရားသခင်ရှေ့ ကျွန်ုပ်တို့၏အနေအထားသည် ကျွန်ုပ်တို့၏လူမျိုး၊ လူမှုရေးအဆင့်အတန်း၊ စွမ်းရည်များ သို့မဟုတ် အပြင်ပန်းအသွင်အပြင်အပေါ် မမူတည်ဘဲ ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာကို ယုံကြည်ကြောင်းတင်ပြခြင်းအပေါ် မူတည်သည်။ (ယော. ၃:၁၆၊ ၃၆) ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များအနေနှင့် ကျွန်ုပ်တို့သည် ယေဟောဝါ တလိုတလားလက်ခံတော်မူသောလူတို့ကို ငြင်းပယ်လိုသည့် ဘက်လိုက်မှုတစ်စုံတစ်ရာကို ဖယ်ရှားပစ်ရမည်။
၂၊ ၃။ လူတို့အား ၎င်းတို့၏အပြင်ပန်းအသွင်အပြင်ဖြင့် စစ်ကြောစီရင်ခြင်းမပြုမိရန် မည်သည့်အရာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း။
၂ စစ်ကြောစီရင်ခြင်းကိုရှောင်– ယေဟောဝါသည် မလိုတမာစိတ် သို့မဟုတ် မျက်နှာလိုက်ခြင်းမရှိဘဲ လူတို့၏အတွင်းသဘောကို ကြည့်ရှုတော်မူ၏။ (၁ ရာ. ၁၆:၇) ကိုယ်တော်သည် သူတို့၏အစွမ်းအစကိုလည်း သိမြင်တော်မူ၏။ ထို့ကြောင့် ကိုယ်တော်သည် မိမိ၏စိတ်တော်နှင့်တွေ့လိုသူများအား နှစ်သက်ဖွယ်ရာများအဖြစ် ရှုမြင်တော်မူသည်။ (ဟဂ္ဂဲ ၂:၇) အခြားသူတို့ကို ဘုရားသခင် ရှုမြင်တော်မူသကဲ့သို့ ကျွန်ုပ်တို့ရှုမြင်ကြသလော။
၃ ဓမ္မအမှုတွင် ကျွန်ုပ်တို့နှင့်တွေ့ဆုံသူအချို့၏အသွင်အပြင်ကြောင့် ကျွန်ုပ်တို့ထိတ်လန့်သွားပေမည်။ သူတို့သည် စုတ်စုတ်ပြတ်ပြတ် သို့မဟုတ် ဣန္ဒြေမဲ့စွာဝတ်ဆင်ထားကြပေမည်။ မုတ်ဆိတ်မွေးများ သပ်သပ်ရပ်ရပ်မတိထား၊ နှာခေါင်း သို့မဟုတ် နှုတ်ခမ်း၌ ကွင်းများတပ်ဆင်ထားပေမည်။ အချို့သည် အိုးမဲ့အိမ်မဲ့များဖြစ်ပေမည်။ အခြားသူတို့မူ ကျွန်ုပ်တို့ကို ကြမ်းတမ်းစွာဆက်ဆံပေမည်။ ထိုသို့သောသူများအား ယေဟောဝါကိုဝတ်ပြုသူများ မည်သည့်အခါမျှ ဖြစ်လာမည်မဟုတ်ဟု စစ်ကြောစီရင်မည့်အစား အပြုသဘောထားရှိသင့်သည်၊ “အကြောင်းမူကား၊ အထက်က ငါတို့သည် ပညာမဲ့သောသူ၊ နားမထောင်သောသူ [နှင့်] မှားယွင်းသောသူ . . . ဖြစ်ကြ၏။” (တိ. ၃:၃) ယင်းကို သိမှတ်ကာ အပြင်ပန်းအသွင်အပြင်အားဖြင့် မထိုက်တန်သူဖြစ်ပုံပေါက်သူများပင်ဖြစ်စေ လူတိုင်းအား ကျွန်ုပ်တို့ ထက်သန်စွာဟောပြောကြမည်ဖြစ်သည်။
၄၊ ၅။ ယေရှုနှင့် ပေါလုတို့၏ပုံသက်သေများမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူရရှိသနည်း။
၄ ပထမရာစုပုံသက်သေများ– ယေရှုခရစ်သည် အခြားသူများက မျှော်လင့်ချက်မရှိတော့သူများအဖြစ် ပစ်ပယ်ထားကောင်းထားမည့်သူများကို အချိန်ယူကာ ကူညီပေးခဲ့သည်။ (လု. ၈:၂၆-၃၉) ကိုယ်တော်သည် မှားယွင်းမှုများကို မည်သည့်အခါမျှ ဥပေက္ခာမပြုသော်လည်း လူတို့သည် ဘဝလမ်းမှားသို့ရောက်သွားနိုင်ကြောင်း ကိုယ်တော်သိတော်မူ၏။ (လု. ၇:၃၇၊ ၃၈၊ ၄၄-၄၈) ထို့ကြောင့် ကိုယ်တော်သည် နားလည်မှုပြခဲ့ပြီး “ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ” တော်မူ၏။ (မာ. ၆:၃၄) ကိုယ်တော်၏ပုံသက်သေကို ကျွန်ုပ်တို့ ပို၍အပြည့်အဝတုပနိုင်မည်လော။
၅ တမန်တော်ပေါလုသည် ကျောက်ခဲနှင့်ပေါက်ခြင်း၊ ရိုက်နှက်ခြင်းနှင့် ထောင်ချခြင်းတို့ကိုခံခဲ့ရသည်။ (တ. ၁၄:၁၉; ၁၆:၂၂၊ ၂၃) ဤကဲ့သို့ခက်ခဲကြမ်းတမ်းသည့် အတွေ့အကြုံများကြောင့် သူသည် စိတ်နာကြည်းပြီး အချို့သောလူမျိုးနှင့် လူမျိုးစုတို့အကြား မိမိအချည်းနှီးအချိန်ကုန်ခံနေသည်ဟု သဘောထားခဲ့ပါသလော။ လုံးဝမထားခဲ့ပါ။ လူမျိုးစုအားလုံးအထဲတွင် စိတ်နှလုံးရိုးဖြောင့်သူများကို တွေ့ရှိနိုင်ကြောင်း သူသိထားရာ ထိုသူတို့ကိုရှာဖွေရန် သန္နိဋ္ဌာန်ချခဲ့သည်။ ကျွန်ုပ်တို့၏ရပ်ကွက်ရှိ နောက်ခံနှင့် ယဉ်ကျေးမှုချင်းမတူသူများကို ကျွန်ုပ်တို့ ထိုသို့ရှုမြင်ကြသလော။
၆။ ကျွန်ုပ်တို့၏သဘောထားက အသင်းတော်အစည်းအဝေးများတွင် လူသစ်များအပေါ် အဘယ်အကျိုးသက်ရောက်နိုင်သနည်း။
၆ ယနေ့ အခြားသူများအား ကြိုဆိုခြင်း– အပြင်ပန်းအသွင်အပြင်ကို ကျော်၍ရှုမြင်ကြသည့် ညီအစ်ကို၊ ညီအစ်မများက အသင်းတော်တွင် မိမိတို့ကို ကြိုဆိုကြသောကြောင့် ဘုရားသခင့်လူမျိုးတော်မှ များစွာသောသူတို့သည် ဝမ်းသာကြသည်။ မုတ်ဆိတ်မွေး သပ်သပ်ရပ်ရပ်တိထားခြင်းမရှိ၊ ပခုံးအထိရှည်သောဆံပင်နှင့် ညစ်ပေသောအဝတ်များဝတ်ထားသည့် အမျိုးသားတစ်ဦးသည် ဂျာမနီနိုင်ငံရှိ နိုင်ငံတော်ခန်းမတစ်ခုသို့ ရောက်လာသည်။ သူသည် နာမည်ဆိုးရထားသူဖြစ်၏။ သို့သော်လည်း အစည်းအဝေးတွင် သူ့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုကြသည်။ သူသည် အလွန်အထင်ကြီးလေးစားသွားသဖြင့် နောက်တစ်ပတ်တွင် ပြန်လာသည်။ အချိန်တိုအတွင်း သူ၏အသွင်အပြင်ကို သန့်ရှင်းသပ်ရပ်အောင်လုပ်ပြီး ဆေးလိပ်ဖြတ်ကာ သူ၏ရည်းစားနှင့် တရားဝင်လက်ထပ်လိုက်သည်။ များမကြာမီ သူတို့နှင့် သူတို့၏အမြွှာသမီးနှစ်ယောက်သည် စည်းလုံးသောမိသားစုတစ်ခုအဖြစ် ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်လာကြသည်။
၇။ မျက်နှာမလိုက်သော ကျွန်ုပ်တို့၏ဘုရားသခင်ကို ကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။
၇ မျက်နှာမလိုက်သော ကျွန်ုပ်တို့၏ဘုရားသခင်ကို တုပသည့်အနေဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏မခံစားထိုက်သောကြင်နာမှုမှ အကျိုးကျေးဇူးခံစားရရန် လူတိုင်းကို ဖိတ်ခေါ်နိုင်ကြပါစေ။
[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]
“ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့် ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်။”—တ. ၁၀:၃၄၊ ၃၅။