ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက စာ. ၄-စာ. ၈ ပိုဒ်. ၁
  • သီအိုကရက်တစ် ဓမ္မအမှုကျောင်းမှ ကြိုဆိုပါ၏

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သီအိုကရက်တစ် ဓမ္မအမှုကျောင်းမှ ကြိုဆိုပါ၏
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ခေါင်းစ‎ဥ်ငယ်များ
  • အကျိုးအပြည့်အဝရရှိရန် ပြုလုပ်ပုံ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက စာ. ၄-စာ. ၈ ပိုဒ်. ၁
စာမျက်နှာ ၅ ပါရုပ်ပုံ

သီအိုကရက်တစ် ဓမ္မအမှုကျောင်းမှ ကြိုဆိုပါ၏

ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၂၀၀ ကျော်တွင် သန်းနှင့်ချီသောကျောင်းသားများသည် အပတ်စဉ် သီအိုကရက်တစ်ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးရရှိနေကြသည်။ တချို့မှာ ကျောင်းသားသစ်များဖြစ်ကြပြီး အခြားသူများမှာမူ ကျောင်းကို နှစ်ပေါင်းများစွာ တက်ရောက်ခဲ့ကြပြီဖြစ်သည်။ ကျောင်းကို ထောင်သောင်းနှင့်ချီသောနေရာများတွင် ကျင်းပလျက်ရှိသည်။ ကမ္ဘာပေါ် မည်သည့်နေရာတွင်ပင် သင်နေထိုင်ပါစေ တန်းတူ ပညာရေး၏အစီအစဉ်ကို သင်ရယူဆည်းပူးနိုင်သည်။ အသက်အရွယ်အားလုံး၊ လူမျိုးစုများနှင့် ပညာရေးနောက်ခံရှိသူများအားလုံးသည် ဤသီအိုကရက်တစ်ပို့ချမှုကို အခမဲ့လက်ခံရရှိနေကြသည်။

၁၉၄၃ ခုနှစ်တွင် ယေဟောဝါသက်သေများ၏အသင်းတော်များ၌ သင်တန်းကျောင်းကို စတင်ဖွင့်လှစ်ချိန်တွင် ယင်း၏ရည်ရွယ်ချက်ကို ဤစကားများဖြင့် ဖော်ပြခဲ့သည်– “ဘုရားသခင့်စကားတော်ကိုကြားခဲ့ပြီး ထိုတွင် မိမိတို့၏ယုံကြည်ခြင်းကို ပြသခဲ့ကြသည့် ‘သစ္စာရှိသူများ’ အားလုံးကို ပြင်ဆင်ပေးရန်၊ ‘အခြားသူများကို သွန်သင်ပေးနိုင်’ ရန် . . . တစ်ဦးချင်းစီအား သာ၍ကောင်းစွာပြင်ဆင်ပေးခြင်း၏ ရည်ရွယ်ချက်တစ်ခုမှာ . . . ရင်တွင်းကိန်းအောင်းနေသည့် မျှော်လင့်ချက်ကို လူထုရှေ့ဟောပြောတင်ဆက်ရန် . . . ဖြစ်သည်။” (သီအိုကရက်တစ်ဓမ္မအမှုဆိုင်ရာ သင်ရိုး စ. ၄) သင်တန်းကျောင်း၏ဦးတည်ချက်မှာ ဤနေ့အထိ ထပ်တူပင်ဖြစ်သည်။

အမှန်တွင်၊ ဘုရားပေးဆုကျေးဇူးဖြစ်သည့် စကားပြောဆိုနိုင်စွမ်းကို ကျွန်ုပ်တို့မည်သူမဆို အကောင်းဆုံးအသုံးပြုနိုင်ရာကား အဘယ်နည်း။ ကျမ်းစာကဤသို့အဖြေပေးသည်– “အသက်ရှူသောသတ္တဝါရှိသမျှသည် ထာဝရဘုရားကို ချီးမွမ်းကြစေ။” (ဆာ. ၁၅၀:၆၊ သမ္မာ) ကျွန်ုပ်တို့ ထိုသို့ပြုလျှင် မိမိတို့ကောင်းကင်ခမည်းတော်၏နှလုံးကို ရွှင်လန်းစေရာကျသည်။ ကျွန်ုပ်တို့၏နှလုံးများက ကိုယ်တော်၏ကောင်းမြတ်မှုနှင့် မေတ္တာကို ကျေးဇူးတင်သည့်သဘောဖြင့် တုံ့ပြန်နေကြောင်း ကိုယ်တော့်အား အထောက်အထားဖြင့်ပြရာရောက်သည်။ ခရစ်ယာန်များသည် “နာမတော်ကို လူအများရှေ့ဝန်ခံရာနှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို . . . ဘုရားသခင်ထံ . . . ပူဇော်ဆက်ကပ်ကြ” ရန် အမြဲတိုက်တွန်းခံရခြင်းမှာ အံ့ဩစရာမဟုတ်ပေ! (ဟေ. ၁၃:၁၅၊ ကဘ) ယေဟောဝါကိုချီးမွမ်းရန် သင်၏ဘုရားပေးလက်ဆောင်များကို အသုံးပြုနိုင်သည့် သင့်စွမ်းရည်ကို တိုးတက်ဖို့အကူအညီပေးရန် ရည်သန်လျက် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ကျောင်းသားတစ်ဦးအဖြစ် ကျွန်ုပ်တို့ကြိုဆိုပါသည်။

ကျောင်းတွင် လူထုရှေ့စာဖတ်ခြင်း၊ စကားပြောနည်းပညာနှင့် သွန်သင်ခြင်းနည်းပညာတို့ကို များများအာရုံစိုက်သော်လည်း သီအိုကရက်တစ်ဓမ္မအမှုကျောင်းပညာရေး၏ အကျိုးကျေးဇူးများသည် ထိုအတွက်သာ ကန့်သတ်မထားပေ။ သင်ပါဝင်သည်နှင့်အမျှ ကိုယ်ပိုင်ဖတ်ခြင်း၊ နားထောင်ခြင်းနှင့်မှတ်မိခြင်း၊ လေ့လာခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ဆန်းစစ်လေ့လာခြင်းနှင့်ဖွဲ့စည်းခြင်း၊ စကားလက်ဆုံပြောဆိုခြင်း၊ မေးခွန်းများဖြေဆိုခြင်းနှင့် စဉ်းစားထားရာများကိုရေးချခြင်းစသည့် တန်ဖိုးရှိအရည်အသွေးများကို ပြုစုပျိုးထောင်ရန် ကူညီခံရပါလိမ့်မည်။ သမ္မာကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေများသည် လေ့လာမှုအတွက်နှင့် သင်တန်းကျောင်းတွင်ပေးသည့် မှတ်ချက်များ၊ တင်ဆက်မှုများအတွက် အခြေခံဖြစ်မည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် တွေ့ရှိရသည့် တန်ဖိုးရှိအမှန်တရားများနှင့် သင့်စိတ်ကို ဖြည့်သွင်းသည်နှင့်အမျှ သင်သည် ဘုရားသခင်စဉ်းစားသကဲ့သို့ စဉ်းစားတတ်လာမည်။ ဘဝကဏ္ဍတိုင်းတွင် အကျိုးရှိလှလေခြင်း! ဘုရားသခင့်နှုတ်ကပါဌ်တော်၏ တန်ဖိုးနှင့်ပတ်သက်၍ ၂၀-ရာစု တက္ကသိုလ်ဆရာ ဝီလျံ လွိုင် ဖဲ့လ်ပ်စ်က ဤသို့ရေးသားခဲ့သည်– “သမ္မာကျမ်းစာအား နှံ့နှံ့စပ်စပ်သိကျွမ်းသူတိုင်းကို အမှန်ပင်ပညာရှိဟုခေါ်ဆိုနိုင်သည်။ . . . ကောလိပ်ပညာမပါသော သမ္မာကျမ်းစာအသိပညာသည် သမ္မာကျမ်းစာမပါသော ကောလိပ်ပညာထက် ပို၍တန်ဖိုးရှိသည်ဟု ကျွန်တော်ယုံကြည်ပါသည်။”

အကျိုးအပြည့်အဝရရှိရန် ပြုလုပ်ပုံ

စာမျက်နှာ ၄ ပါ ရုပ်ပုံအပြည့်အစုံ

မှန်ပါသည်၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ ပြင်ဆင်ပေးသည့် ပညာရေးမှ အကျိုးအပြည့်အဝရရှိစေရန် အသင်သင်တန်းသားအနေနှင့် ကိုယ်တိုင်အားထုတ်ရမည်ဖြစ်သည်။ တမန်တော်ပေါလုသည် သူ၏ခရစ်ယာန်အပေါင်းအဖော် တိမောသေအား ဤသို့တိုက်တွန်းခဲ့သည်– “သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အားထင်ရှားစေခြင်းငှာ၊ ဤအရာများကိုစိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့။” (၁ တိ. ၄:၁၅) မိမိကိုယ်တိုင် အဘယ်လက်တွေ့ကျသည့်နည်းများဖြင့် ကျင့်သုံးနိုင်မည်နည်း။

အတတ်နိုင်ဆုံး ပတ်စဉ် သီအိုကရက်တစ်ဓမ္မအမှုကျောင်းကို တက်ရောက်ပါ။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးရယူဟူသည့် ဤသင်ရိုးစာအုပ်ကို ပညာရှိရှိအသုံးပြုပါ။ အတွင်းမျက်နှာဖုံးစာမျက်နှာပေါ်တွင် သတ်မှတ်ထားသည့်နေရာလွတ်၌ သင်၏အမည်ကိုရေးသားပါ။ သင်တန်းကျောင်းကို သင်တက်ရောက်သည့်အခါ စာအုပ်ကို သင်နှင့်တစ်ပါတည်း အမြဲယူဆောင်လာပါ။ ဤကျောင်းညွှန်းစာအုပ်သည် လေ့ကျင့်ခန်းစာအုပ်လည်းဖြစ်သည်။ သင့်ကိုအကူအညီဖြစ်စေမည်ဟု သင်ခံစားရသည့် အရေးကြီးသည့်အချက်များကို သင်ဖတ်ရှုသည့်အခါ ယင်းတို့ကို မျဉ်းသားပါ။ သင်တန်းကျောင်း၌ ဆွေးနွေးမှုများပြုစဉ်အတွင်း သင်သိရှိလိုက်သည့် လက်တွေ့ကျသည့်အချက်များကို ရေးချရန် ဘေးကွက်လပ်ကျယ်များကို အသုံးပြုပါ။

သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် လိုက်နာရန် အစီအစဉ်စာရွက်မိတ္တူ တစ်ယောက်တစ်စောင်စီ ရရှိပါမည်။ ဇယားတွင် သင်တန်းကျောင်း မည်သို့ကျင်းပမည်နှင့်စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များလည်း ပါဝင်ပါလိမ့်မည်။ ဤစာအုပ်တွင် ထိုဇယားထားရှိပြီး လက်လှမ်းမီမည့်နေရာတွင်ထားခြင်းသည် လက်တွေ့ကျကြောင်း သင်တွေ့ရှိပေမည်။

ပတ်စဉ်သင်တန်းကျောင်းအစီအစဉ်များအတွက် ပြင်ဆင်မှုပြုလုပ်ရာတွင် သမ္မာကျမ်းစာသည် အဓိကသင်ရိုးစာအုပ်ဖြစ်ကြောင်းကို စိတ်စွဲမှတ်ထားပါ။ သီတင်းပတ်အတွက် ဇယားချထားဖွယ်ရှိသည့် ကျမ်းပိုဒ်တစ်ပိုဒ်အားဖတ်ရှုခြင်းကို ဦးစားပေးပါ။ အကယ်၍ သင်သည် အစီအစဉ်ပိုင်းအမျိုးမျိုးအတွက် အကြောင်းအရာကို ကြိုတင်ဖတ်ရှုနိုင်ပါက ယင်းသည်လည်း အလွန်အကျိုးရရှိပေလိမ့်မည်။

သင်တန်းကျောင်းကျင်းပစဉ်အတွင်း ပရိသတ်ပါဝင်မှုအတွက် အခွင့်အရေးများရှိနိုင်ပါသည်။ ယင်းတို့မှ အကျိုးအပြည့်အဝရယူပါ။ ယင်းသို့သောဆွေးနွေးမှုများတွင် ပါဝင်ခြင်းသည် သင်ကြားသိသည့်အရာကိုမှတ်မိကာ ယင်းကို သင့်ကိုယ်ပိုင်ဘဝအသက်တာတွင် အသုံးပြုနိုင်ရန် အရေးကြီးသည့်အခြေခံအချက် ဖြစ်ပေသည်။

မှန်ပေသည်၊ သင်တန်းသားအားလုံးသည် အသင်းတော်ရှေ့တွင် ဟောပြောချက်များ သို့မဟုတ် သရုပ်ပြခန်းများတင်ဆက်ရန် အခွင့်အရေးများရှိပါလိမ့်မည်။ ဤအခွင့်အရေးတစ်ခုစီကို ကောင်းကောင်းအသုံးချပါ။ သင့်အား တာဝန်ပေးထားသည့် မည်သည့်စကားပြောဆိုခြင်း အရည်အသွေးတွင်မဆို တိုးတက်စေရန် မိမိကိုယ်တိုင် အမှန်လက်တွေ့ကျင့်သုံးပါ။ ဆက်လက်တိုးတက်စေရန်ရည်သန်၍ သင်သည် သွန်သင်ချက်ပေးခြင်းခံရပါလိမ့်မည်။ ထိုသို့သော ပုဂ္ဂိုလ်ရေးအကူအညီကို လက်ကမ်းကြိုဆိုပါ။ တိုးတက်ရန် သင်ကိုယ်တိုင်ကိုယ်ကျ လုပ်နိုင်မည့်အရာနှင့်ပတ်သက်၍ သင့်စာအုပ်တွင် သတ်သတ်မှတ်မှတ်အကြံပေးချက်များကို မှတ်စုထားပါ။ လူတစ်ဦးအတွက် အခြားသူများလုပ်သည့်နည်းကို ကိုယ်တိုင်သိမြင်သဘောပေါက်ရန် ခက်ခဲသောကြောင့် မေတ္တာပါသည့် ကျမ်းစာအခြေပြု အကြံပြုချက်များနှင့် ပေးသည့်သွန်သင်ချက်တို့သည် သင့်တိုးတက်မှုကို ထူးထူးခြားခြားပင် အထောက်အကူပြုနိုင်သည်။ သင်တန်းတွင် စာရင်းသွင်းပါဝင်လာခဲ့သည်မှာ နှစ်များစွာကြာနေလျှင်ပင် ယင်းသည် မှန်ကန်ပါသည်။—သု. ၁:၅။

သင်သည် ပို၍လျင်မြန်တိုးတက်လိုပါသလော။ အကယ်၍ သင်ကိုယ်တိုင်က အစပြုလုပ်ဆောင်မည်ဆိုလျှင် အထမြောက်နိုင်ပါသည်။ ကျောင်းသားဟောပြောချက်တစ်ခုစီတွင် ခြုံငုံတင်ပြရမည့် အကြောင်းအရာကို ကြိုတင်လေ့လာပါ။ အစားထိုးဟောပြောသူတစ်ဦး လိုအပ်လာပါက သင်သည် စေတနာ့ဝန်ထမ်းရန် အရန်သင့်ရှိနေပါလိမ့်မည်၊ ထိုအရာက သင့်ကို အတွေ့အကြုံပိုပေးမည်ဖြစ်သည်။ အခြားသူတို့ ဟောပြောချက်များပေးသည့်အခါ အကြောင်းအရာကို သူတို့မည်သို့ကိုင်တွယ်ကြကြောင်း ဂရုတစိုက်နားထောင်ပါ။ ကျွန်ုပ်တို့သည် တစ်ဦးထံမှတစ်ဦး သင်ယူကြသည်။

ထပ်ဆင့်၍၊ သင့်အခြေအနေများက ခွင့်ပြုလာမည်ဆိုလျှင် ဤသင်ရိုးစာအုပ်တွင် ကိုယ်တိုင်ကြိုတင်လေ့လာခြင်းအားဖြင့် သင့်တိုးတက်မှုကို မြန်ဆန်စေနိုင်သည်။ နောက်လာမည့် သင်ခန်းစာ ၁၅ ခု တွင်ပါသည့်အရာများကို ကောင်းစွာလေ့လာသိရှိပြီးနောက် စာမျက်နှာ ၇၈ တွင်အစပြုသည့် “ဟောပြောသူနှင့်သွန်သင်သူအဖြစ် စွမ်းရည်ကိုတိုးတက်စေသည့်အစီအစဉ်” အစမှအဆုံး သင်ဆက်လေ့လာသွားပါ။ ပထမဦးဆုံး၊ သင်ခန်းစာတစ်ခုစီကိုလေ့လာပြီး ၎င်းနှင့်ပတ်သက်၍ ဖော်ပြထားသည့် လေ့ကျင့်ခန်းများကို ပြုလုပ်ပါ။ သင်ယူလေ့လာခဲ့သည့်အရာကို သင့်ဓမ္မအမှုတွင်အသုံးချပါ။ ယင်းက ဘုရားသခင့်စကားတော်၏ ဟောပြောသူနှင့် သွန်သင်သူတစ်ဦးအဖြစ် သင့်တိုးတက်မှုကို အကြီးအကျယ်တိုးမြှင့်စေနိုင်သည်။

သင့်သီအိုကရက်တစ်ဓမ္မအမှုကျောင်းပညာရေးက ဘဝတွင် အရေးပါဆုံးကိစ္စရပ်များအတွက် ပြင်ဆင်ရန် ကူညီပါလိမ့်မည်။ ဘုရားသခင့်အလိုတော်ကြောင့် ကျွန်ုပ်တို့အသက်ရှင်နေကြသည်ဖြစ်ရာ ကိုယ်တော့်ကိုချီးမွမ်းရန်မှာ ကျွန်ုပ်တို့သက်ရှိထင်ရှားရှိနေခြင်း၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ရန်ဖြစ်သည်။ ယေဟောဝါဘုရားသခင်သည် ချီးမွမ်းခြင်းကို အမြင့်ဆုံးအရည်အသွေးဖြင့် ခံစားထိုက်သည်။ (ဗျာ. ၄:၁၁) သင်တန်းကျောင်းတွင် ကျွန်ုပ်တို့ရရှိသည့်ပညာရေးသည် ကျွန်ုပ်တို့ရှင်းလင်းစွာတွေးတောနိုင်ရန်၊ ပညာရှိစွာပြုမူရန်နှင့် ဘုရားသခင့်မှုတ်သွင်းခံနှုတ်ကပါဌ်တော်မှ အံ့သြဖွယ် အမှန်တရားများကို ထိရောက်စွာဆက်သွယ်စေရန် ယင်းကို ပြီးမြောက်စေသည့် နည်းလမ်းတစ်ခုဖြစ်သည်။

ကျောင်း၏ထူးခြားသည့် အင်္ဂါရပ်များ

  • သမ္မာကျမ်းစာကိုဗဟိုပြုသည့် ဖတ်ရှုခြင်း၊ လေ့လာခြင်းနှင့် သုတေသနပြုခြင်းဆိုင်ရာ ပတ်စဉ်အစီအစဉ်

  • လူထုရှေ့စာဖတ်ခြင်း၊ ဟောပြောခြင်းနှင့်သွန်သင်ခြင်းနည်းပညာများ ဆိုင်ရာ သင်ကြားပို့ချချက်

  • သင်တန်းဆွေးနွေးခန်းများတွင် ပါဝင်ခြင်း

  • အသင်းတော်ရှေ့တွင် ပါဝင်တင်ဆက်ရန် အခွင့်အရေးများ

  • သင့်အား တိုးတက်စေရန် ကိုယ်တိုင် ကိုယ်ကျကူညီမှု

အာရုံစိုက်သည့် စွမ်းရည်များ

  • နားစိုက်ထောင်ခြင်းနှင့် မှတ်မိခြင်း

  • ကိုယ်ပိုင်ဖတ်ရှုခြင်း

  • လေ့လာခြင်း

  • သုတေသနပြုခြင်း

  • ဆန်းစစ်လေ့လာခြင်းနှင့်စုစည်းခြင်း

  • စကားလက်ဆုံပြောဆိုခြင်း

  • မေးခွန်းများကိုဖြေဆိုခြင်း

  • စဉ်းစားထားရာများကို ရေးချခြင်း

တည်ဆောက်ရန် အုတ်မြစ်ချခြင်း

ထိထိမိမိပြောဆိုဆက်သွယ်နိုင်သည့်စွမ်းရည်မှာ အတတ်ပညာတစ်ခုဖြစ်သည်။ ၎င်းကို လူတိုင်းကောင်းစွာတတ်မြောက်ကြသည်မဟုတ်ချေ။ ဤအပိုင်းကဏ္ဍတွင် လူတို့တိုးတက်စေရန် ကူညီပေးဖို့ သင်ရိုးစာအုပ်အမြောက်အမြား ထုတ်လုပ်ထားပြီးဖြစ်သည်။ သို့သော်၊ လူသားတို့အား စကားပြောဆိုနိုင်စွမ်း ထည့်သွင်းပေးထားသည့် ဖန်ဆင်းရှင်သည် စကားပြောခြင်း၊ သွန်သင်ခြင်းနှင့်ပတ်သက်လာလျှင် မည်သည့်လူသား စကားပြောနည်းပြထက်မဆို ပို၍သိရှိတော်မူသည်။ ကိုယ်တော်၏တစ်ပါးတည်းသောသားတော်သည် လုပ်သားချုပ်အနေဖြင့် လူ့ ဦးနှောက်နှင့် စကားပြောအင်္ဂါများအပြင် ဖန်ဆင်းခြင်း၏ အခြားအံ့ဖွယ်ရာများအားလုံးကို ဖြစ်ပွားစေရေးတွင်လည်း ကိုယ်တော်နှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ကောင်းကင်တမန်များ၊ ထို့နောက် လူသားများကို တည်ရှိလာစေသည်နှင့်အမျှ သူတို့အား ပို့ချပေးရာတွင် ဘုရားသခင်ကိုယ်တော်တိုင်အသုံးပြုတော်မူသည့် အထင်ကရပုဂ္ဂိုလ်ဖြစ်သော ဘုရားသခင့်နှုတ်ကပါဌ်တော်အဖြစ် ထိုသားတော်အမှုထမ်းခဲ့သည်။ (သု. ၈:၃၀; ယော. ၁:၁-၃) ထိုသားကို သခင်ခရစ်တော်ယေရှုအဖြစ် ကမ္ဘာမြေကြီးသို့ စေလွှတ်ခဲ့သည်။ ကိုယ်တော်နှင့်ပတ်သက်၍၊ မှုတ်သွင်းခံမှတ်တမ်းကဤသို့ဆိုသည်– “ပရိသတ်အပေါင်းတို့သည် ဆုံးမသြဝါဒပေးတော်မူခြင်းကို အလွန်အံ့သြကြ၏။” ထို့နောက် ကြားသောသူတို့ကလည်း ဤသို့သက်သေခံကြသည်– “ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှမဟောစဖူးပါ။” (မ. ၇:၂၈; ယော. ၇:၄၆) ယေရှုသည် ခရစ်ဝင်ကျမ်းများတွင် အကြောင်းကောင်းဖြင့် သွန်သင်သူအဖြစ် အကြိမ် ၄၀ ကျော် ဖော်ပြခံရသည်။ စကားပြောဆိုခြင်း၊ သွန်သင်ခြင်းတို့နှင့်ပတ်သက်ပြီး ကိုယ်တော့်ထံမှ ကျွန်ုပ်တို့သင်ယူနိုင်စရာ များစွာရှိသည်။

သမ္မာကျမ်းစာတွင် ယေဟောဝါသည် မိမိအလိုတော်ပြီးမြောက်စေရန် နောက်ခံအခြေအနေများစွာမှ အမျိုးသားနှင့်အမျိုးသမီးများကို မည်သို့အသုံးပြုခဲ့ပုံဆိုင်ရာမှတ်တမ်းလည်း ပါဝင်သည်။ သူတို့ထဲမှအချို့တို့သည် တိုတုတ်သော်လည်း အစွမ်းတန်ခိုးပါသည့် သတင်းစကားများကို ဟောပြောခဲ့ကြသည်။ အများသောသူတို့သည် ကြီးမားသည့် ပရိသတ်များရှေ့တွင် မပြောဆိုခဲ့ကြပေ၊ သို့သော် သူတို့သည် စစ်မှန်သည့်ဘုရားသခင်နှင့် ကိုယ်တော့်ရည်ရွယ်ချက်အကြောင်း သက်သေခံခြင်းတွင် သစ္စာရှိစွာပါဝင်ခဲ့ကြသည်။ အများစုသည် အာဝဇ္ဇန်းကောင်းသော ဟောပြောသူများ မဟုတ်ကြသော်လည်း ဘုရားသခင်သည် သူတို့၏ကြိုးပမ်းအားထုတ်မှုများကို ကောင်းချီးပေးခဲ့သည်မှာ အထင်အရှားပင်။ မိမိတို့၏ဓမ္မအမှုကို သူတို့မည်သို့ထမ်းဆောင်ခဲ့သည်နှင့်ပတ်သက်၍ ကျွန်ုပ်တို့အား သမ္မာကျမ်းစာကပြောပြသည့်အရာမှ သင်ယူနိုင်ပါသည်။—ဆာ. ၆၈:၁၁။

မှန်ပါသည်၊ သမ္မာကျမ်းစာသည် လူထုရှေ့စကားပြောဆိုခြင်းအကြောင်း ဖော်ပြသည့် ကျောင်းသုံးစာအုပ်မဟုတ်ပါ။ သို့သော် ပိုင်းခြားသိမြင်မှုဖြင့် ဖတ်ရှုသူများအတွက် ၎င်းတွင် ထိရောက်သည့်စကားပြောဆိုခြင်းနှင့် သွန်သင်ခြင်းနှင့်စပ်လျဉ်း၍ အဖိုးထိုက်တန်သော ထိုးထွင်းသိမြင်မှုပါဝင်သည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးရယူက ထိုအခြေခံအုတ်မြစ်ပေါ်တွင် ကြိုးစားတည်ဆောက်ထားသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ