သင့်အား သူတို့ကြားနာစေလိုသည့်သတင်းကောင်း
ယေရှုမြေကြီးပေါ်ရှိခဲ့စဉ်က တပည့်တော်တို့သည် ကိုယ်တော်ထံချဉ်းကပ်ပြီး “ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သောပုပ္ပနိမိတ်သည်အဘယ်နိမိတ်ဖြစ်မည်” ကိုမေးခဲ့ကြသည်။ နိုင်ငံစုံဆင်နွှဲသည့်စစ်ပွဲများ၊ ငတ်မွတ်ခေါင်းပါးမှုများ၊ ကပ်ရောဂါများ၊ မြေငလျင်လှုပ်ခြင်းများ၊ မတရားမှုတိုးပွားခြင်း၊ မှားယွင်းသောဘာသာရေးဆရာတို့သည် လူများစွာကိုလမ်းလွဲစေခြင်း၊ ကိုယ်တော့်တပည့်စစ်တို့ကို မုန်းတီးခြင်းနှင့်နှိပ်စက်ညှဉ်းပန်းခြင်း၊ လူများတို့သည်ဖြောင့်မတ်ခြင်းတရားကို ချစ်မြတ်နိုးမှုခေါင်းပါးလာခြင်းတို့ဖြစ်မည်ဟု ယေရှုပြန်လည်ဖြေကြားခဲ့သည်။ ဤအရာများစတင်ဖြစ်ပျက်ခြင်းက မျက်မြင်မရနည်းဖြင့် ခရစ်တော်ရောက်ရှိခြင်းနှင့် ကောင်းကင်နိုင်ငံတော်တည်ထောင်ရန်နီးကြောင်းဖေါ်ပြသည်။ ဤကားသတင်းကောင်းဖြစ်သည်။ ထို့ကြောင့် နိမိတ်တွင်အပါအဝင်ဖြစ်သော ဤစကားများကိုယေရှုထပ်ဆင့်၍ပြောတော်မူခဲ့သည်။ “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့။”—မဿဲ ၂၄:၃-၁၄။
လက်ရှိဖြစ်ပျက်နေသည့် ကမ္ဘာ့အခြင်းအရာတို့ကိုယ်နှိုက်သည်ဆိုးသော်လည်း ယင်းတို့အမှတ်သညာပြုသည့် ခရစ်တော်ရောက်ရှိခြင်းကား ကောင်းသောအရာဖြစ်သည်။ ထို့ကြောင့်ယေရှုက “ထိုအမှုအရာတို့သည်ဖြစ်စရှိသောအခါ သင်တို့ကိုရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကိုထောက်သဖြင့် မျှော်ကြည့်၍ခေါင်းကိုကြွကြလော့” ဟုပြောခဲ့ခြင်းဖြစ်သည်။ (လုကာ ၂၁:၂၈) ဤအရာတို့သည်အနှံ့အပြားကြိုတင်ကြွေးကြော်ထားသည့် ၁၉၁၄ ခုနှစ်တွင်စတင်ဖြစ်ပျက်ခဲ့သည်။ ယင်းသည်တစ်ပါးအမျိုးသားကာလကုန်ဆုံးခြင်းနှင့် လူ့အုပ်ချုပ်ရေးမှခရစ်တော်အနှစ်တစ်ထောင်အုပ်ချုပ်ရေးကာလမတိုင်မီ စပ်ကူးမပ်ကူးကာလ၏အစဖြစ်သည်။
ဤစပ်ကူးမပ်ကူးကာလရှိမည်အကြောင်း ဆာလံ ၁၁၀:၁၊ ၂ နှင့်ဗျာဒိတ် ၁၂:၇-၁၂ တို့ကဖော်ပြသည်။ ခရစ်တော်သည် ဒုတိယအကြိမ်မကြွလာမီ ကောင်းကင်ဘုံရှိခမည်းတော်၏လက်ယာတော်ဘက်တွင် ထိုင်နေမည်ဟုဖော်ပြထားသည်။ ထို့နောက်ကောင်းကင်တွင်စစ်ဖြစ်မည်၊ စာတန်မြေကြီးသို့ပစ်ချခြင်းခံရမည်၊ မြေကြီးအမင်္ဂလာဖြစ်မည်၊ ခရစ်တော်သည်လူမျိုးတစ်ဆက်မကုန်မီကာလအတွင်း ရန်သူတို့အလယ်တွင်အုပ်ချုပ်မည်။ ဆိုးသွမ်းမှုသည် “ကြီးစွာသောဒုက္ခ” ဖြင့်ဖျက်သိမ်းခံရပြီး အာမဂေဒုန်စစ်ပွဲတွင်နိဂုံးချုပ်မည်ဖြစ်သည်။ ထို့နောက်တွင်ငြိမ်းချမ်းသော ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ရေးလိုက်ပါလာမည်။—မဿဲ ၂၄:၂၁၊ ၃၃၊ ၃၄။ ဗျာဒိတ် ၁၆:၁၄-၁၆။
“ဤအရာကိုသိမှတ်လော့” ဟုကျမ်းစာကဆိုသည်။ “နောင်ကာလသည်ခဲယဉ်းသောကာလဖြစ်မည်ဟုသိမှတ်ကြလော့။ အကြောင်းမူကား၊ လူတို့သည်ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍မွေ့လျော်ခြင်းတန်ခိုးကိုငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့။” (၁ တိမောသေ ၃:၁-၅) အချို့က ဤအရာများသည် လူ့သမိုင်းမစခင်ကတည်းကဖြစ်ခဲ့သည်ဟုဆင်ခြေတက်မည်။
သို့ရာတွင်ရာဇဝင်ဆရာများ၊ ဋီကာဆရာများတို့က ၁၉၁၄ ခုနှစ်နှင့်နောက်ပိုင်းတွေ့ကြုံဖြစ်ပျက်ရသည့်အရာတို့သည် ကမ္ဘာတွင်တစ်ခါမျှမဖြစ်ခဲ့ဘူးဟုဆိုကြသည်။ ဘေးဒုက္ခတို့သည်ဖြစ်ခဲ့ဖူးသမျှတို့ထက်ပို၍ ကြီးမားကျယ်ပြန့်သည်။ ထို့အပြင်နောက်ဆုံးကာလနှင့်ပတ်သက်သော ခရစ်တော်၏ပုပ္ပနိမိတ်ပါအခြားအဖြစ်အပျက်တို့ကိုလည်းထည့်စဉ်းစားသင့်သည်။ ခရစ်တော်ရောက်ရှိခြင်းနှင့် ဘုရားနိုင်ငံတော်အကြောင်းကမ္ဘာချီဟောပြောခြင်းသည် သမိုင်းတွင်တစ်ခါမျှမကြုံဘူးအောင်ကြီးမားကျယ်ပြန့်နေသည်။ ဟောပြောခြင်းကြောင့်ယေဟောဝါသက်သေတို့ခံရသည့် နှိပ်စက်ညှဉ်းပန်းခြင်းသည် သူမတူအောင်ပင်ဖြစ်သည်။ ရာပေါင်းများစွာသော သူတို့သည်ဟစ်တလာ၏ချွေးတပ်စခန်းများတွင် သတ်ဖြတ်ခံခဲ့ရသည်။ ယနေ့နိုင်ငံများစွာတို့တွင် ယေဟောဝါသက်သေတို့၏လုပ်ငန်းသည် ပိတ်ပင်ခံရပြီး အချို့နိုင်ငံတို့တွင်ဖမ်းဆီးခြင်း၊ အကျဉ်းချခြင်း၊ ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကိုခံနေကြရသည်။ ဤအဖြစ်အပျက်တို့သည် ယေရှုပေးခဲ့သည့်ပုပ္ပနိမိတ်တို့တွင်အပါအဝင်ဖြစ်သည်။
ဗျာဒိတ် ၁၁:၁၈ (NW) တွင်ကြိုပြောထားသည့်အတိုင်း “လူမျိုးတို့သည်ယေဟောဝါ၏သစ္စာရှိသက်သေများကိုအမျက်ထွက်ကြမည်။” ယင်းကား လူမျိုးတို့အပေါ် “ယေဟောဝါကိုယ်တော်တိုင်၏အမျက်” သွန်းမည်ကိုဖော်ပြသည်။ ဤကျမ်းပိုဒ်ကပင် “ဘုရားသခင်သည် မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူမည်” ဟုဆိုထားသည်။ အသက်ကိုထိန်းသိမ်းထားသည့် မြေကြီး၏စွမ်းဆောင်မှုများပျက်စီးရန် ခြိမ်းခြောက်ခံရခြင်းသည် လူ့ရာဇဝင်တစ်လျှောက် တစ်ခါမျှမကြုံခဲ့ဘူးပါ။ သို့သော် ယခုထိုသို့မဟုတ်ပါ။ လူတို့သည် ဤမြေကြီးကိုဆက်၍ညစ်ညမ်းအောင်လုပ်နေပါက ကမ္ဘာသည် လူမနေနိုင်သည့်အထိဖြစ်သွားမည်ဟု သိပ္ပံပညာရှင်များသတိပေးကြသည်။ သို့သော်ယေဟောဝါသည် “သတ္တဝါနေစရာဖို့ဖန်ဆင်းတော်မူ” သောကြောင့် သူတို့မြေကြီးကိုဖျက်၍မပြီးဆုံးမီ ညစ်ညမ်းနေစေသူများအား ယေဟောဝါရှင်းပစ်တော်မူမည်။—ဟေရှာယ ၄၅:၁၈။
ဘုရားနိုင်ငံတော်အောက်မြေကြီးဆိုင်ရာကောင်းချီးများ
ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်ရှိမြေကြီးပေါ်တွင် လူများနေထိုင်မည်ဟူသောအချက်သည် ကယ်တင်ခံရသူအားလုံး ကောင်းကင်သွားမည်ဟု ထင်မြင်သောကျမ်းစာယုံကြည်သူများအတွက် ထူးဆန်းနေမည်။ အကန့်အသတ်ရှိအရေအတွက်သာ ကောင်းကင်သို့သွားပြီး မြေကြီးပေါ်တွင် ထာဝစဉ်နေထိုင်သွားမည့်သူများမှာ မရေတွက်နိုင်သည့်လူအုပ်ကြီးဖြစ်ကြောင်း သမ္မာကျမ်းစာကဖေါ်ပြသည်။ (ဗျာဒိတ် ၁၄:၁-၅၊ ၇:၉။ ဆာလံ ၃၇:၁၁၊ ၂၉) ခရစ်တော်လက်အောက် ဘုရားသခင့်နိုင်ငံတော်သည် ကမ္ဘာတစ်ခုလုံးကိုလွှမ်းခြုံအုပ်စိုးသွားမည့်အကြောင်း ဒံယေလကျမ်းကပရောဖက်ပြုထားသည်။
ထိုတွင်ခရစ်တော်အုပ်ချုပ်မည့်နိုင်ငံတော်ကို ယေဟောဝါ၏တောင်နှင့်တူသောအချုပ်အခြာအာဏာတော်မှထွင်းထုထားသည့် ကျောက်တုံးလေးနှင့်ပုံဆောင်ထားသည်။ မြေကြီးပေါ်ရှိတန်ခိုးကြီးအာဏာစက်များကို တင်စားသည့်ရုပ်တုကြီးကို ထိုကျောက်တုံးလေးက တိုက်ခိုက်၍ပျက်စီးစေပြီးနောက် ယင်းကျောက်တုံးလေးသည် မြေကြီးပြည့်သည်ထိကြီးမားသောတောင်ကြီးဖြစ်လာသည်။ ပရောဖက်ပြုချက်ကဆက်ပြောသည်မှာ “ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခု ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှကိုချိုးဖဲ့ဖျက်ဆီး၍ အစဉ်မမြဲတည်လိမ့်မည်။”—ဒံယေလ ၂:၃၄၊ ၃၅၊ ၄၄။
ဤနိုင်ငံတော်နှင့်သန့်ရှင်းလှပသည့်ကမ္ဘာတွင် ထာဝစဉ်နေထိုင်ရန် ကျမ်းစာထောက်ခံသည့်မျှော်လင့်ချက်သည်ပင် ယေဟောဝါသက်သေများ သင့်ကိုပြောပြလိုသည့်အကြောင်းဖြစ်သည်။ ယခုအသက်ရှင်သော လူသန်းပေါင်းများစွာနှင့်သင်္ချိုင်းများရှိ လူသေသန်းပေါင်းများစွာတို့သည် ထိုနေရာတွင်ထာဝစဉ်အသက်ရှင်ခြင်းအခွင့်ကိုရကြမည်။ မြေကြီးကိုဖန်ဆင်းပြီး ပထမလူသားမောင်နှံကို ထိုတွင်နေရာချရသည့် ဘုရားသခင့်မူလရည်ရွယ်ချက်သည် ခရစ်တော်အနှစ်တစ်ထောင်အုပ်ချုပ်ရေးအောက်တွင်ပြည့်စုံလာမည်။ ယင်းမြေကြီးပရဒိသုသည် မည်သည့်အခါမျှပျင်းရိငြီးငွေ့ဖွယ်ဖြစ်လာမည်မဟုတ်။ ဧဒင်ဥယျာဉ်တွင် အာဒံသည်အလုပ်တာဝန်အပ်နှင်းခြင်းခံရသကဲ့သို့ လူသားများလည်း ကမ္ဘာမြေကြီး၊ အပင်နှင့်တိရစ္ဆာန်တို့ကိုကြည့်ရှုစောင့်ရှောက်ရသည့်အလုပ်ကိုလုပ်ဆောင်ကြရမည်။ သူတို့သည် “ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရလိမ့်မည်။”—ဟေရှာယ ၆၅:၂၂။ ကမ္ဘာဦး ၂:၁၅။
“နိုင်ငံတော်တည်ထောင်ပါစေ။ အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေ” ဟူသည့် ယေရှုသင်ပေးသောဆုတောင်းချက်အတိုင်းဖြစ်လာမည်ကိုဖော်ပြသည့် ကျမ်းချက်များစွာရှိ၏။ (မဿဲ ၆:၁၀) သို့သော်ဤကျမ်းချက်တစ်ခုတည်းနှင့်လုံလောက်ပါပြီ။ “ကောင်းကင်၌ကြီးသောအသံကား၊ ဘုရားသခင်၏တဲတော်သည်လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှကိုသုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည်ရွေ့သွားကြပြီ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။ ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောသူကလည်း ငါသည်ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်ဟုမိန့်တော်မူ၏။ တစ်ဖန်တုံ၊ ရေးထားလော့။ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။”—ဗျာဒိတ် ၂၁:၃-၅။
[စာမျက်နှာ ၁၅ ပါ အကျဉ်းဖော်ပြချက်]
“ခဲယဉ်းသောကာလ” သို့သော် “သင်တို့ကိုရွေးနှုတ်သော အချိန်ကာလနီးပြီ”