ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ရွေးနုတ်ဖိုး—ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားဖော်ပြ
    ကင်းမျှော်စင်—၂၀၀၅ | နိုဝင်ဘာ ၁
    • ရွေးနုတ်ဖိုး—ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားဖော်ပြ

      အာဒံနှင့်ဧဝတို့ ပုန်ကန်ပြီးနောက် ဖနောင့်ကိုအကြိတ်ခံရမည့် မျိုးနွယ်ပေါ်လာစေမည်ဟူသော ကိုယ်တော်၏ရည်ရွယ်ချက်အကြောင်း ယေဟောဝါမိန့်ဆိုခဲ့သည်။ (ကမ္ဘာဦး ၃:၁၅) ယင်းသည် ဘုရားသခင့်ရန်သူတို့က ယေရှုခရစ်အား သစ်တိုင်ပေါ်အသေသတ်ခဲ့ချိန်တွင် ပြည့်စုံခဲ့သည်။ (ဂလာတိ ၃:၁၃၊ ၁၆) ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးအားဖြင့် အပျိုကညာတစ်ဦး၏သားအိမ်တွင် အံ့ဖွယ်သန္ဓေတည်ခဲ့သောကြောင့် အပြစ်ကင်းတော်မူ၏။ ယင်းကြောင့် ကိုယ်တော်သွန်းခဲ့သောအသွေးသည် အာဒံထံမှ အပြစ်နှင့်သေခြင်းကို အမွေရခဲ့သော လူသားများကိုကယ်လွတ်ရန် ရွေးနုတ်ဖိုးအဖြစ် အသုံးတော်ခံနိုင်ခဲ့သည်။—ရောမ ၅:၁၂၊ ၁၉။

      အတိုင်းအဆမဲ့တန်ခိုးရှင် ယေဟောဝါဘုရားသခင်၏ရည်ရွယ်ချက် မပြည့်စုံအောင် အဘယ်အရာမျှ မတားဆီးနိုင်ချေ။ ထို့ကြောင့် လူသားတို့ အပြစ်သားဘဝ ရောက်သွားပြီးနောက် ရွေးနုတ်ဖိုးသည် ယေဟောဝါ၏အမြင်တွင် ပေးပြီးသားအရာကဲ့သို့ဖြစ်ကာ ကိုယ်တော်၏ကတိတော်များကို ယုံကြည်ကြောင်းတင်ပြသူတို့နှင့် ဆက်ဆံနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်မှုကို အစွန်းအထင်းမဖြစ်စေဘဲ ဧနောက်၊ နောဧ၊ အာဗြဟံအစရှိသည့် အပြစ်ရှိသောအာဒံ၏သားမြေးတို့သည် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းကာ ကိုယ်တော်၏မိတ်ဆွေဖြစ်နိုင်ခဲ့ကြသည်။—ကမ္ဘာဦး ၅:၂၄; ၆:၉; ယာကုပ် ၂:၂၃။

      ယေဟောဝါအား ယုံကြည်သူအချို့သည် ကြီးလေးသောအမှားများ ကျူးလွန်ခဲ့ကြသည်။ တစ်ဦးမှာ ဘုရင်ဒါဝိဒ်ဖြစ်၏။ ‘ဒါဝိဒ်ဟာ ဗာသရှေဘနဲ့မှားယွင်းပြီး သူ့ခင်ပွန်းဥရိယကိုသတ်တဲ့အပြစ် ကျူးလွန်ခဲ့တာတောင် ဘုရားသခင် ဘာကြောင့်ကောင်းချီးဆက်ပေးရတာလဲ’ ဟုသင်မေးပေမည်။ အရေးကြီးသည့်အချက်မှာ ဒါဝိဒ်သည် စစ်မှန်သောနောင်တနှင့် ယုံကြည်ခြင်းတင်ပြသောကြောင့်ဖြစ်၏။ (၂ ဓမ္မရာဇဝင် ၁၁:၁-၁၇; ၁၂:၁-၁၄) အနာဂတ်တွင် ယေရှုခရစ်ပေးဆက်မည့် ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကိုအခြေခံ၍ ဒါဝိဒ်၏အပြစ်ကို ဘုရားသခင်ခွင့်လွှတ်နိုင်ခဲ့သည့်အထိ မိမိ၏တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းကို ဆက်ထိန်းထားတော်မူသည်။ (ဆာလံ ၃၂:၁၊ ၂) ယေရှု၏ရွေးနုတ်ဖိုးက ဖြစ်မြောက်စေသည့် အထူးခြားဆုံးအရာကို သမ္မာကျမ်းစာတွင် ဤသို့ရှင်းပြ၏– “ယခုကာလ” နှင့် “လွန်ခဲ့ပြီးသောအပြစ်များကို မှတ်တော်မမူရာတွင် [ဘုရားသခင်၏] ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေခြင်းငှာ” ဖြစ်သည်။—ရောမ ၃:၂၅၊ ၂၆။

      ယေရှု၏အဖိုးထိုက်အသွေးတော်ကြောင့် လူသားများ အကျိုးများစွာခံစားခဲ့ရသည်။ ရွေးနုတ်ဖိုးကိုအခြေခံပြီး နောင်တယူသောအပြစ်သားများသည် ဘုရားသခင်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိနိုင်ကြသည်။ ထို့ပြင် ရွေးနုတ်ဖိုးသည် ဘုရားသခင့်ကမ္ဘာသစ်တွင် သေလွန်သူများ ရှင်ပြန်ထမြောက်လာစေရန် လမ်းဖွင့်ပေးခဲ့သည်။ ထိုသူတို့တွင် ယေရှုရွေးနုတ်ဖိုးမပေးမီ သေဆုံးခဲ့ကြသော ဘုရားသခင်၏သစ္စာရှိကျေးကျွန်များ၊ ကိုယ်တော်အား မသိသူများ၊ မကိုးကွယ်သူများပင် ပါဝင်ကြမည်။ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်” ဟုသမ္မာကျမ်းစာတွင် ဆိုထားသည်။ (တမန်တော် ၂၄:၁၅) ထိုအချိန်တွင် ယေဟောဝါသည် ရွေးနုတ်ဖိုးကိုအခြေခံကာ နာခံသူလူသားအားလုံးကို ထာဝရအသက် ပေးတော်မူမည်။ (ယောဟန် ၃:၃၆) ယေရှုကိုယ်တော်တိုင် ဤသို့ဆိုသည်– “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကသားတို့ကိုချစ်တော်မူ၏။” (ယောဟန် ၃:၁၆) ရွေးနုတ်ဖိုးကို ဘုရားသခင်စီစဉ်ပေးထားသောကြောင့် ယင်းအကျိုးကျေးဇူးများကို လူသားတို့ ခံစားရမည်။

      သို့သော် ရွေးနုတ်ဖိုးနှင့်ပတ်သက်သည့် အထူးခြားဆုံးအချက်မှာ ယင်းမှ ကျွန်ုပ်တို့ရရှိသည့် အကျိုးကျေးဇူးများ မဟုတ်ပါ။ ပို၍အရေးကြီးသည်မှာ ယေဟောဝါ၏နာမအတွက် ခရစ်တော်၏ရွေးနုတ်ဖိုးက ဖြစ်မြောက်စေသည့်အရာဖြစ်၏။ ယင်းက ယေဟောဝါသည် ကိုယ်တော်၏သန့်ရှင်းစင်ကြယ်ခြင်းကို မထိခိုက်ဘဲ အပြစ်သားလူသားတို့နှင့် ဆက်ဆံနိုင်သည့် ပြည့်ဝစုံလင်သောတရားမျှတရှင် ဘုရားသခင်ဖြစ်တော်မူကြောင်း သက်သေထူသည်။ ယေဟောဝါသာ ရွေးနုတ်ဖိုးကို မစီစဉ်ပေးခဲ့ပါက အာဒံ၏ မည်သည့်သားမြေးမဆို၊ ဧနောက်၊ နောဧ၊ အာဗြဟံတို့ပင် ဘုရားသခင်နှင့်အတူ မိတ်ဆွေအဖြစ် လျှောက်လှမ်းနိုင်မည်မဟုတ်ချေ။ ယင်းကို ဆာလံဆရာအသိအမှတ်ပြုကာ ဤသို့ရေးခဲ့သည်– ‘ထာဝရဘုရားသခင် ကိုယ်တော်သည် အပြစ်များကို မှတ်တော်မူလျှင် အဘယ်သူခံရပ်နိုင်ပါမည်နည်း။’ (ဆာလံ ၁၃၀:၃) ကိုယ်တော်ချစ်တော်မူသောသားတော်ကို မြေကြီးပေါ်သို့ စေလွှတ်ခဲ့သည့် ယေဟောဝါနှင့် ကျွန်ုပ်တို့အတွက် မိမိအသက်ကို ရွေးနုတ်ဖိုးအဖြစ် တလိုတလားပေးဆပ်ခဲ့သည့် ယေရှုတို့နှစ်ပါးစလုံးကို အလွန်ကျေးဇူးတင်သင့်ပေသည်။—မာကု ၁၀:၄၅။

  • အမူအကျင့်ကောင်းက အကျိုးကျေးဇူးဖြစ်ထွန်းစေ
    ကင်းမျှော်စင်—၂၀၀၅ | နိုဝင်ဘာ ၁
    • အမူအကျင့်ကောင်းက အကျိုးကျေးဇူးဖြစ်ထွန်းစေ

      ဂျပန်နိုင်ငံတောင်ပိုင်းကမ်းခြေအနီးမှ ကျွန်းငယ်လေးတစ်ကျွန်းတွင် မိခင်တစ်ဦးနှင့် သူ၏ကလေးသုံးဦးသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာစတင်လေ့လာခဲ့ကြသည်။ သီးခြားဖြစ်နေပြီး ရှေးရိုးဆန်သည့် ဤဒေသမှ အိမ်နီးနားချင်းများသည် ကျမ်းစာလေ့လာနေသည်ကို သိရှိသွားပြီး မိခင်ဖြစ်သူအားတွေ့တိုင်း ရှောင်ကြလေတော့သည်။ “ကျွန်မကို ရှောင်တာထက် ကျွန်မခင်ပွန်းနဲ့ ကလေးတွေကို စိမ်းစိမ်းကားကားဆက်ဆံတာက ကျွန်မကိုပိုပြီးဝမ်းနည်းစေတယ်” ဟုသူပြောပြသည်။ သို့သော် “ယေဟောဝါကြောင့် အမေတို့ရဲ့အိမ်နီးချင်းတွေကို အမြဲနှုတ်ဆက်ရမယ်” ဟု ကလေးများကို သူပြောခဲ့သည်။—မဿဲ ၅:၄၇၊ ၄၈။

      အပယ်ခံရသော်လည်း ယဉ်ကျေးသိမ်မွေ့ဖို့ သားသမီးများကို အိမ်တွင် သူအမြဲသွန်သင်ပေး၏။ သူတို့ဒေသရှိ ရေပူစမ်းသို့ပုံမှန်သွားသည့်အခါ ကားပေါ်တွင် ကလေးများက လူတိုင်းကိုနှုတ်ဆက်ကြသည်။ အဆောက်အအုံထဲ ဝင်သည့်အခါတွင်လည်း ကလေးများက “ကိုနီချီဝါ!”—“ကောင်းသောနေ့ပါ” ဟု အမြဲပြုံးပြနှုတ်ဆက်ကြသည်။ အိမ်နီးချင်းများက အေးတိအေးစက် တုံ့ပြန်ဆဲဖြစ်သော်လည်း သူတို့မိသားစုသည် စိတ်ရှည်စွာဖြင့် တွေ့ဆုံသူတိုင်းကို အမြဲနှုတ်ဆက်ကြသည်။ သို့ဖြင့် လူတို့သည် ကလေးများ၏ ကောင်းသောအမူအကျင့်ကို သတိပြုမိလာခဲ့ကြ၏။

      နောက်ဆုံးတွင် အိမ်နီးချင်းတစ်ဦးနှစ်ဦးက “ကိုနီချီဝါ” ဟုပြန်လည်တုံ့ပြန်ခဲ့ကြသည်။ နှစ်နှစ်ကြာပြီးနောက် ထိုမြို့ရှိလူတိုင်းနီးပါးက သူတို့မိသားစုနှုတ်ဆက်သောအခါ တုံ့ပြန်ခဲ့ကြ၏။ အိမ်နီးချင်းများသည် သူတို့အချင်းချင်း ရင်းနှီးလာကြသည့်အပြင် ထိုမိသားစုနှင့်လည်း ရင်းနှီးလာကြသည်။ ကလေးများ၏ လုပ်ဆောင်မှုက ဤသို့ပြောင်းလဲစေခဲ့သောကြောင့် လက်ထောက်မြို့တော်ဝန်သည် သူတို့ကို ဂုဏ်ပြုလိုခဲ့သည်။ သို့သော် မိခင်ဖြစ်သူက ကလေးများသည် ခရစ်ယာန်များလုပ်သင့်ရာကို လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း သူ့အား သေချာရှင်းပြခဲ့လေသည်။ နောက်ပိုင်း ကျွန်းတစ်ကျွန်းလုံးမှ စကားပြောပြိုင်ပွဲတွင် သားတစ်ဦးက အခြားသူများမည်သို့ပင် တုံ့ပြန်ပါစေ ယဉ်ကျေးသိမ်မွေ့စွာနှုတ်ဆက်ရန် သူ့မိခင်က မည်သို့လေ့ကျင့်ပေးခဲ့ကြောင်း ပြန်ပြောပြခဲ့သည်။ သူ၏ဟောပြောချက်သည် ပထမဆုရရှိခဲ့ပြီး ယင်းကို သတင်းစာတွင် ဖော်ပြခဲ့သည်။ ခရစ်ယာန်မူများကို လိုက်လျှောက်ခြင်းက အကျိုးကျေးဇူးများ ဖြစ်ထွန်းစေသောကြောင့် ယနေ့ ထိုမိသားစုသည် အလွန်ပျော်ရွှင်နေကြသည်။ လူများက ဖော်ရွေပျူငှာမှုပြကြသောအခါ သတင်းကောင်းဝေမျှရန် ပို၍လွယ်ကူစေပါသည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ