ယုံကြည်ခြင်း
အဓိပ္ပာယ်သတ်မှတ်ချက်– “ယုံကြည်ခြင်းဟူသည် မျှော်လင့်သောအရာများကို စိတ်ချလျက်စောင့်မျှော်ခြင်း၊ မျက်ကွယ်ရာဖြစ်သော်လည်း တကယ်တည်ရှိသောအရာများကို ထင်ရှားစွာသက်သေထူခြင်းဖြစ်သည်။” (ဟေဗြဲ ၁၁:၁၊ ကဘ) စစ်မှန်သောယုံကြည်ခြင်းသည် ယုံလောက်သောအထောက်အထားမရှိဘဲနှင့်ယုံရန်အသင့်ရှိသော၊ မိမိဆန္ဒအတိုင်းဖြစ်သောကြောင့် ယုံလိုသောယုံလွယ်ခြင်းမျိုးမဟုတ်။ အခြေခံအသိသုတ၊ သက်သေသာဓကကိုသိကျွမ်းခြင်းအပြင်၊ ထိုသက်သေထောက်ပြသောအရာကို ထက်သန်သောစိတ်နှလုံးခံစားချက်ဖြင့် လေးနက်သဲကွဲစွာငုံမိမှသာ ယုံကြည်ခြင်းအစစ်အမှန်မည်၏။ ထို့ကြောင့် တိကျမှန်ကန်သောအသိသုတနှင့်ကင်းလျှင် ယုံကြည်ခြင်းအစစ်ကို မရနိုင်သည်မှန်သော်လည်း သမ္မာကျမ်းစာက “စိတ်နှလုံးဖြင့်” ယုံကြည်ရသည်ဟုဆိုပါသည်။—ရော. ၁၀:၁၀။
အဘယ်ကြောင့် လူအမြောက်အမြား ယုံကြည်ခြင်းမရှိကြသနည်း
ယုံကြည်ခြင်းသည် ဘုရားသခင့်ဝိညာဉ်တော်အသီးဖြစ်၍ ဝိညာဉ်တော်ကိုရလိုသူတို့အား ဝမ်းမြောက်ဝမ်းသာပေးတော်မူပေသည်။ (ဂလ. ၅:၂၂; လု. ၁၁:၁၃) ထို့ကြောင့် လူတို့ယုံကြည်ခြင်းမဲ့ရခြင်းမှာ ထိုဝိညာဉ်တော်ကိုမရလို၍ဖြစ်သည်။ သို့မဟုတ်၊ မှားသောရည်ရွယ်ချက်ဖြင့် ဝိညာဉ်တော်ကိုရလို၍ဖြစ်သည်။ သို့မဟုတ် မိမိတို့အသက်တာတွင် ဝိညာဉ်တော်၏လုပ်ဆောင်မှုကို ခုခံသောကြောင့်ဖြစ်သည်။ အောက်ပါအကြောင်းအမျိုးမျိုး၏သြဇာနှင့်မကင်းချေ။
တိကျမှန်ကန်သောသမ္မာကျမ်းစာအသိသုတကင်းမဲ့မှု– သမ္မာကျမ်းစာသည် ဘုရားသခင့်ဝိညာဉ်တော်ကြောင့်ဖွားသောအရာ၊ ဘုရားသခင့်မှုတ်သွင်းရာဖြစ်သည်။ (၂ တိ. ၃:၁၆၊ ၁၇; ၂ ရာ. ၂၃:၂) ၎င်းကိုမဖတ်ရှုမလေ့လာလျှင် စစ်မှန်သောယုံကြည်ခြင်းလုံးဝမမွေးမြူနိုင်။ အသင်းသားများသည် လက်ဝယ်၌သမ္မာကျမ်းစာရှိလင့်ကစား၊ ဘုရားသခင့်နှုတ်ကပါဌ်တော်အစား လူ့အတွေးအခေါ်သွန်သင်ခြင်းကိုခံရပါက ဘုရားသခင်နှင့်ရည်ရွယ်တော်မူချက်ပေါ် အမှန်ယုံကြည်ကြမည်မဟုတ်။ ဘဝပြဿနာများကို ဖြေရှင်းတိုင်း မိမိနှင့်အခြားလူသားတို့၏ကိုယ်ပိုင်အတွေးအခေါ်များကို အားထားမည်ချည်းသာ။—မဿဲ ၁၅: ၃-၉ နှင့်နှိုင်း။
ဘာသာရေးကိုစိတ်ပျက်ခြင်း– လူများစွာတို့သည် ခရစ်ယာန်ဘောင်အသင်းများ၏သီလကြောင်မှုကိုမြင်၍ စိတ်ပျက်ခဲ့ကြသည်။ ထိုအသင်းများက မိမိတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သင်ကြားပြသပါသည်ဟုဆိုလျက်နှင့် နှုတ်ကပါဌ်တော်နှင့်အညီမနေထိုင်ကြ။ အခြားသူများမှာ ခရစ်ယာန်မဟုတ်သောဘာသာကို ဆည်းကပ်ကိုးကွယ်ကြသည်။ သို့ရာတွင် ထိုဘာသာများ၏ကျင့်သုံးမှုကြောင့်ပေါ်လာသောဆိုးကျိုးများကို မြင်ရကြသည်။ သို့မဟုတ် မိမိတို့ယုံကြည်ချက်များသည် မိမိတို့၏ဘဝပြဿနာများဖြေရှင်းရာ၌ အကျိုးမပေးကြောင်း တွေ့ရကြ၏။ ဤသူတို့သည် ဘုရားမှန်ကို မှန်ကန်တိကျစွာမသိသဖြင့် ဘာသာရေးနှင့်ဆိုင်သမျှသောအရာများကို ရှောင်ဖယ်ကြလေသည်။—ရောမ ၃:၃၊ ၄; မဿဲ ၇:၂၁-၂၃ တို့နှင့်နှိုင်း။
ဘုရားသခင် အဘယ်ကြောင့်ဆိုးသွမ်းမှုကိုခွင့်ပြုကြောင်း နားမလည်ကြ– အများအားဖြင့် ဘုရားသခင် အဘယ်ကြောင့် ဆိုးသွမ်းမှုကိုခွင့်ပြုရသည်ကို သဘောမပေါက်သဖြင့် ဖြစ်လေသမျှအဆိုးအတွက် ဘုရားသခင်ကိုမာန်မဲကြတော့သည်။ လူ၌ဉာဉ်ဆိုးရှိခြင်းမှာ ဘုရားသခင်အလိုရှိ၍မဟုတ်၊ အာဒံ့အပြစ်ကြောင့်ဖြစ်ကြောင်း သူတို့မသိကြ။ (ရော. ၅:၁၂) စာတန်မာရ်နတ်ရှိကြောင်း၊ သူသည်ကမ္ဘာ့ရေးရာများပေါ် ဩဇာလွှမ်းမိုးကြောင်း မသိကြသဖြင့် စာတန်ကျူးလွန်သမျှဆိုးသွမ်းမှုအတွက် ဘုရားသခင်ကိုအပြစ်တင်ကြလေသည်။ (၁ ယော. ၅:၁၉; ဗျာ. ၁၂:၁၂) ထိုအကြောင်းများကို အတော်အတန်သိကြသည်တိုင် ဘုရားသခင်လက်နှေးလှသည်ဟု ထင်မှတ်ကြသည်။ အကြောင်းမှာ၊ စကြဝဠာအချုပ်အခြာအာဏာဆိုင်ရာပြဿနာကိုရှင်းလင်းစွာမမြင်၊ ထို့ပြင်၊ ဘုရားသခင် ယခုတိုင် စိတ်ရှည်တော်မူသောကြောင့်သာ လူတို့သည် မခံစားထိုက်သောကယ်တင်ခြင်းအခွင့်ကိုရရှိကြောင်း သဘောမပေါက်၍ဖြစ်သည်။ (ရော. ၂:၄; ၂ ပေ. ၃:၉) ထိုမျှမက၊ ဆိုးသွမ်းမှုပြုလေ့ပြုထရှိသောသူအားလုံးကို ဘုရားသခင်ဖျက်ဆီးရန် အချိန်သတ်မှတ်ထားတော်မူကြောင်း အပြည့်အဝ နားမလည်ကြ၍လည်းဖြစ်သည်။—ဗျာ. ၂၂:၁၀-၁၂; ၁၁:၁၈; ဟဗ. ၂:၃။
အသွေးအသားနှင့်ဆိုင်သော တပ်မက်မှုနှင့်အမြင်အမျိုးမျိုးက မိမိတို့ဘဝအပေါ် စိုးမိုးလျက်ရှိသည်– များသောအားဖြင့် တကယ်အကောင်အထည်ရှိသောယုံကြည်ခြင်းနှင့်ကင်းသောသူများမှာ မိမိတို့စိတ်ဝင်စားသောအခြားအရာများကို ရယူခံစားနိုင်ရန် မိမိတို့ဘဝတစ်ခုလုံးကိုမြှုပ်နှံလေ့ရှိကြသည်။ အချို့က သမ္မာကျမ်းစာကိုယုံကြည်ပါသည်ဟုဆိုသော်လည်း တစ်ခါမျှ အကျေအလည် မဖတ်ရှုမလေ့လာသေး။ သို့မဟုတ် ဖတ်ရှုသောအရာကိုဖြစ်စေ၊ ၎င်း၏အကြောင်းရင်းများကိုဖြစ်စေ၊ နေ့စဉ်အသက်တာနှင့်၎င်း၏သက်ဆိုင်ပုံကိုဖြစ်စေ၊ ချင့်ချိန်ဆင်ခြင်တွေးတောခြင်းမပြုခဲ့ကြချေ။ (၁ ရာဇဝင်ချုပ် ၂၈:၉ နှင့်နှိုင်း။) အချို့မူ၊ မိမိတို့ယုံကြည်ခြင်းကိုပျိုးထောင်မည့်အစား၊ မိမိတို့နှလုံးအပေါ် မဖြောင့်မတ်သောအရာများစိုးမိုးစေရန် အခွင့်ပေးသောကြောင့် ဘုရားသခင်နှင့်နည်းလမ်းတော်မှ တိမ်းလွဲခဲ့ကြလေသည်။—ဟေဗြဲ ၃:၁၂။
ယုံကြည်ခြင်းကိုမည်သို့ရယူနိုင်သနည်း
ရော. ၁၀:၁၇– “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏။” (တမန်တော် ၁၇:၁၁၊ ၁၂၊ ယောဟန် ၄:၃၉-၄၂; ၂ ရာဇဝင်ချုပ် ၉:၅-၈ တို့နှင့်နှိုင်း။ သမ္မာကျမ်းစာဘာပြောသည်ကို ရှေးဦးစွာစူးစမ်းဖို့လိုသည်။ ၎င်းကိုယုံကြည်အားထားနိုင်သည်ဟုစိတ်ချနိုင်ရန်ရည်သန်လျက် အသေအချာစစ်ဆေးပါက ယုံကြည်မှုခိုင်မာလာမည်ဖြစ်၏။)
ရော. ၁၀:၁၀– “စိတ်နှလုံးဖြင့်ယုံကြည်ရ၏။” (ဘုရားရေးရာများကို လေးမြတ်လာအောင် ဆင်ခြင်တွေးတောလျှင် ထိုအရာများသည် မိမိ၏ပုံဆောင်နှလုံးသားပေါ် စွဲမြဲသွားပေမည်။)
လူသည်ဘုရားသခင့်ကတိတော်အတိုင်း ပြုလုပ်သောအခါ မိမိပြုခဲ့ရာအပေါ် ဘုရားသခင်ကောင်းချီးပေးကြောင်း တွေ့မြင်လာသည်နှင့်အမျှ ယုံကြည်ခြင်းခိုင်မာလာသည်။—ဆာလံ ၁၀၆:၉-၁၂ ကိုကြည့်ပါ။
ဥပမာ– သင်၌မိတ်ဆွေတစ်ဦးရှိ၍ သူနှင့်ပတ်သက်ပြီး သင်အောက်ပါအတိုင်း ဆိုကောင်းဆိုနိုင်၏။ ‘ဒီပုဂ္ဂိုလ်ကို ကျွန်တော်ယုံကြည်တယ်။ သူဟာ ကတိထားတဲ့အတိုင်းလုပ်မဲ့လူ။ ကျွန်တော့်မှာပြဿနာရှိခဲ့ရင်လည်း သူကျွန်တော့်ကို ကူညီမှာပဲ။’ မနေ့ကမှ ပထမအကြိမ်တွေ့ခဲ့သူတစ်ယောက်နှင့်ပတ်သက်၍ သင်ဤသို့ပြောနိုင်မည်မထင်။ ငယ်ပေါင်းကြီးဖော်တစ်ယောက်၊ အားထားလောက်သူဖြစ်ကြောင်း အကြိမ်ကြိမ်သက်သေထူခဲ့သူတစ်ယောက် ဖြစ်ရပေမည်။ ဘာသာရေးယုံကြည်ချက်သည်လည်းထို့အတူပင်။ အချိန်ယူပြီး ယေဟောဝါနှင့် ကိုယ်တော့်ပြုမူပုံကိုသိကျွမ်းပါမှ ယုံကြည်ခြင်းရယူနိုင်သည်။
ဘုရားသခင်တစ်ပါးရှိကြောင်းယုံကြည်ခြင်း
“ဘုရားသခင်” ဟူသောအဓိကခေါင်းစဉ်အောက် စာမျက်နှာ ၁၉၅-၂၀၂ ကိုရှု။
ဖြောင့်မတ်သောစနစ်သစ်အလားအလာကိုယုံကြည်ခြင်း
မိမိ၏ကျေးကျွန်များပေါ် ယေဟောဝါမည်သို့ဆက်ဆံခဲ့ကြောင်း ကောင်းစွာသိကျွမ်းလာသောအခါ ယောရှု၏အမြင်မျိုးကိုရရှိလိမ့်မည်။ သူဤသို့ဆိုခဲ့သည် – “သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အဖို့ မိန့်တော်မူသောကောင်းကျိုးတစ်စုံတစ်ပါးမျှမယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ၏။”—ယောရှု ၂၃:၁၄။
ယေရှုခရစ်ပြုတော်မူခဲ့သော အံ့ဖွယ်အမှုများဆိုင်ရာမှတ်တမ်းက လူသည် ပြန်လည်ကျန်းမာလာမည်၊ သေခြင်းမှထမြောက်မည် စသောသမ္မာကျမ်းစာကတိတော်များကို သာ၍ခိုင်လုံစေသည်။ ၎င်းတို့သည် ယုံတမ်းစကားများမဟုတ်။ ခရစ်ဝင်ကျမ်းများကိုဖတ်ပါ။ ၎င်းတို့သည် သမိုင်းစစ်သမိုင်းမှန်၏လက္ခဏာအလုံးစုံနှင့် ပြည့်စုံသည်ကိုတွေ့ရပါလိမ့်မည်။ ပထဝီဝင်ဒေသများကို အမည်နှင့်တကွဖော်ပြထားသည်။ ခေတ်ပြိုင်မင်းစိုးရာဇာများ၏အမည်ကိုလည်း ပေးထားသည်။ မျက်မြင်သက်သေတစ်ဦးထက်မကသော ထွက်ဆိုရေးသားချက်များကို ယနေ့ထိ မပျောက်မပျက် ထိန်းသိမ်းနိုင်ခဲ့သည်။ ဤသာဓကရပ်ကို စဉ်းစားဆင်ခြင်ပါက သမ္မာကျမ်းစာကတိတော်များပေါ်ယုံကြည်သောစိတ် ပို၍ခိုင်မာလာမည်။
ယေဟောဝါသက်သေများ၏နိုင်ငံတော်ခန်းမနှင့် အထွေထွေစည်းဝေးကြီးများသို့ကြွပါ။ လူသည် သမ္မာကျမ်းစာသြဝါဒကိုကျင့်သုံးသဖြင့် တစ်ဖြစ်လဲကာ ရိုးသား၍သီလဖြောင့်မတ်သူများဖြစ်လာနိုင်ကြောင်း၊ လူအနွယ်နွယ် နိုင်ငံသားအသွယ်သွယ် တစ်အူထုံ့ဆင်း ညီရင်းအစ်ကိုများပမာ နေထိုင်လုပ်ကိုင်နိုင်ကြောင်း သာဓကရပ်ကို မျက်မြင်ကိုယ်တွေ့ တွေ့ရပါလိမ့်မည်။
ယုံကြည်ခြင်းရှိလျှင် အလုပ်တကယ်လိုသေးသလော
ယာ. ၂:၁၇၊ ၁၈၊ ၂၁၊ ၂၂၊ ၂၆ – “အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် တစ်ပါးတည်းရှိသောကြောင့် အသေဖြစ်၏။ တစ်နည်းကား၊ သင်သည်ယုံကြည်ခြင်းရှိ၏။ ငါသည် အကျင့်ရှိ၏။ သို့ဖြစ်၍ သင်သည် အကျင့်မရှိဘဲ သင်၏ယုံကြည်ခြင်းကိုပြလော့။ ငါမူကား၊ အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကိုပြမည်ဟု ပြောစရာရှိ၏။ ငါတို့အဘ အာဗြဟံသည် မိမိသားဣဇာက်ကို ယဇ်ပလ္လင်ပေါ်မှာ တင်လှူပူဇော်သောအခါ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။ ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍ အကျင့်အားဖြင့် စုံလင်သည်ကိုသိမြင်ရ၏။ ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့ အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏။”
ဥပမာ– ယောက်ျားပျိုတစ်ဦးက မိန်းမပျိုတစ်ဦးအား ချစ်ပါသည်ဟုဆိုကာ ပိုးပန်း၏။ သို့သော် လက်ထပ်မည့်စကား တစ်ခွန်းမျှမဆိုလျှင် တကယ်ပင်ချစ်ရာရောက်မည်လော။ ထို့နည်းတူ၊ အလုပ်သည် ကျွန်ုပ်တို့၌ ယုံကြည်ခြင်းနှင့်ချစ်ခြင်းတကယ်ရှိကြောင်း သက်သေထင်ရှားစေသောအရာပင်ဖြစ်သည်။ ဘုရားသခင်ကို ကျွန်ုပ်တို့မနာခံလျှင် ကိုယ်တော်ကိုတကယ်ချစ်ရာမရောက်၊ နည်းလမ်းတော်မှန်ကန်သည်ဟု ယုံကြည်ရာလည်းမရောက်။ (၁ ယော. ၅:၃၊ ၄) သို့တစေ၊ ကျွန်ုပ်တို့သည် အဘယ်ကုသိုလ်ပင်လုပ်စေကာမူ ကယ်တင်ခြင်းကို လုပ်ခအဖြစ် မရယူနိုင်။ ထာဝရအသက်ဟူသည် ကျွန်ုပ်တို့ရထိုက်သောလုပ်ခမဟုတ်၊ ယေရှုခရစ်မှတစ်ဆင့် ဘုရားသခင့်ထံတော်မှသက်ရောက်သော လက်ဆောင်တော် တည်း။ —ဧ. ၂:၈၊ ၉။