လူငယ်တို့၊ ယေဟောဝါအား ချီးမွမ်းကြလော့!
‘မြေကြီး၌ရှိသော လူပျိုနှင့်အပျိုများ ထာဝရဘုရားသခင်ကို ချီးမွမ်းကြလော့။’—ဆာလံ ၁၄၈:၇၊ ၁၂။
၁၊ ၂။ (က) လူငယ်များစွာသည် အဘယ်ချုပ်ချယ်မှုများကို သတိပြုမိကြသနည်း။ (ခ) လူငယ်များသည် မိဘများ၏ချုပ်ချယ်မှုများကို အဘယ်ကြောင့် မကျေမနပ်ဖြစ်စရာမလိုသနည်း။
အဘယ်အရာကို မိမိတို့ ပြုလုပ်ခွင့်မရသေးကြောင်း လူငယ်များ ကောင်းစွာသိကြလေ့ရှိသည်။ မိမိတို့သည် မည်သည့်အရွယ်တွင် တစ်ဦးတည်း လမ်းကူးခွင့်ရှိသည်၊ ဘယ်အချိန်အထိ အိပ်ရာမဝင်ဘဲ နေခွင့်ရှိသည်၊ ကားမောင်းခွင့်ရှိသည်ကို ချက်ချင်းပြောနိုင်ကြသူ များစွာရှိ၏။ တစ်ခါတစ်ရံ မိမိလိုချင်ရာများကို “အသက်ကြီးသည်အထိစောင့်” ဟူသော အဖြေကိုသာ ရရှိသည်ဟု လူငယ်တစ်ဦး ယူမှတ်ပေမည်။
၂ အသင်လူငယ်တို့၊ သင်တို့ကို ဤသို့ချုပ်ချယ်ရခြင်းသည် ပညာရှိရာရောက်ပြီး သင်တို့အတွက် အကာအကွယ်ဖြစ်စေသည်ဟု မိဘများ ယူမှတ်ကြကြောင်း သိနားလည်ပါ။ မိဘစကားနားထောင်ခြင်းကို ယေဟောဝါနှစ်သက်တော်မူကြောင်းလည်း သင်တို့သိကြပေမည်။ (ကောလောသဲ ၃:၂၀) သို့သော် သင်တို့၏ဘဝမစရသေးဟု ခံစားရဖူးသလော။ အသက်ကြီးလာမှ အရေးကြီးရာမှန်သမျှ ပြုလုပ်ခွင့်ရမည်လော။ မဟုတ်ပါ! ယနေ့ သင်တို့ရရှိရန် စောင့်မျှော်နေသော မည်သည့်အခွင့်ထူးထက်မဆို သာ၍အရေးကြီးသော အလုပ်တစ်ခုရှိနေသည်။ အသင်လူငယ်တို့၊ ဤလုပ်ငန်းတွင် သင်တို့ ပါဝင်ခွင့်ရကြသလော။ ပါဝင်ခွင့်ရရုံသာမက အမြင့်ဆုံးသောဘုရားသခင် ကိုယ်တော်တိုင်က ထိုတွင်ပါဝင်ကြရန် သင်တို့ကို ဖိတ်ခေါ်ထား၏!
၃။ အဘယ်အခွင့်ထူး ရရှိရန် လူငယ်များကို ယေဟောဝါဖိတ်ခေါ်သနည်း၊ ယခု အဘယ်မေးခွန်းများကို သုံးသပ်ကြမည်နည်း။
၃ အဘယ်လုပ်ငန်းအကြောင်းကို ကျွန်ုပ်တို့ ပြောဆိုနေကြသနည်း။ ‘မြေကြီး၌ရှိသော လူပျိုနှင့်အပျိုများ ထာဝရဘုရားသခင်ကို ချီးမွမ်းကြလော့’ ဟူသည့် ဤဆောင်းပါး၏ အဓိကကျမ်းချက်ပါ စကားများကို သတိပြုပါ။ (ဆာလံ ၁၄၈:၇၊ ၁၂) ထိုတွင် သင်တို့၏အခွင့်ထူးကြီးဖြစ်သော ယေဟောဝါအား ချီးမွမ်းနိုင်ခြင်းကို ဖော်ပြထားသည်။ လူငယ်တစ်ဦးအနေနှင့် သင်သည် ထိုလုပ်ငန်းတွင် ပါဝင်ခွင့်ရသဖြင့် ဝမ်းသာပီတိဖြစ်သလော။ လူငယ်အများက ဝမ်းသာပီတိဖြစ်ကြ၏။ ထိုသို့ပီတိဖြစ်ရသည့်အကြောင်းကို သိရှိရန် မေးခွန်းသုံးခုကို သုံးသပ်ကြည့်ကြစို့။ ပထမဦးဆုံး၊ သင်သည် ယေဟောဝါအား အဘယ်ကြောင့် ချီးမွမ်းသင့်သနည်း။ ဒုတိယ၊ ထိရောက်စွာ မည်သို့ချီးမွမ်းနိုင်သနည်း။ တတိယ၊ ယေဟောဝါအား စတင်ချီးမွမ်းရန် အဘယ်အချိန်သည် အကောင်းဆုံးဖြစ်သနည်း။
ယေဟောဝါအား အဘယ်ကြောင့် ချီးမွမ်းရသနည်း
၄၊ ၅။ (က) ဆာလံ ၁၄၈ အရ ကျွန်ုပ်တို့သည် အဘယ်အံ့သြမိန်းမောဖွယ်အခြေအနေတွင် ရှိနေကြသနည်း။ (ခ) ပြောဆိုဆင်ခြင်နိုင်စွမ်းမရှိသော ဖန်ဆင်းရာများသည် ယေဟောဝါအား မည်သို့ချီးမွမ်းနေကြသနည်း။
၄ ယေဟောဝါအား ချီးမွမ်းရသည့် အဓိကအကြောင်းမှာ ကိုယ်တော်သည် ဖန်ဆင်းရှင်ဖြစ်၍တည်း။ ဆာလံ ၁၄၈ ကအဆိုပါအမှန်တရားကို အာရုံစိုက်စေသည်။ အကယ်၍ သင်သည် သာယာငြိမ့်ညောင်းပြီး စိတ်လှုပ်ရှားစေသည့် သီချင်းကို သံပြိုင်သီဆိုနေကြသည့် လူစုကြီးအနားသို့ ရောက်ရှိသွားလျှင် မည်သို့ခံစားရမည်ကို စဉ်းစားကြည့်လိုက်ပါ။ ထိုသီချင်း၏စာသားသည် တိကျမှန်ကန်ပြီး အရေးကြီးရုံမက ရွှင်လန်းအားရစေမည်ဆိုလျှင်ကော။ ထိုစာသားများကို သင်ယူ၍ ပူးပေါင်းသီဆိုလိုမည် မဟုတ်ပေလော။ အများစုသည် ထိုသို့ပြုလိုကြပေမည်။ သင်တို့သည် ဤသို့သောအခြေအနေမျိုးတွင်သာမက များစွာသာလွန်ကောင်းမွန်သည့် အခြေအနေမျိုးတွင်ရှိနေကြကြောင်း ဆာလံ ၁၄၈ ကဖော်ပြ၏။ ဧရာမလူစုကြီးသည် ယေဟောဝါအား သံပြိုင်ချီးမွမ်းနေကြသည်ဟု အဆိုပါဆာလံက ဖော်ပြ၏။ သို့သော် ထိုဆာလံကို သင်ဖတ်သည့်အခါ ထူးခြားချက်တစ်ချက်ကို သတိပြုမိပေမည်။ ၎င်းကား အဘယ်နည်း။
၅ ဆာလံ ၁၄၈ တွင်ဖော်ပြထားသော ချီးမွမ်းသူအများသည် ပြောဆိုဆင်ခြင်နိုင်စွမ်းမရှိကြချေ။ ဥပမာ၊ နေ၊ လ၊ ကြယ်၊ နှင်း၊ လေနှင့် တောင်ကြီးတောင်ငယ်တို့သည် ယေဟောဝါအား ချီးမွမ်းနေကြသည်ဟု ကျွန်ုပ်တို့ဖတ်ရ၏။ အဆိုပါသက်မဲ့များသည် မည်သို့ချီးမွမ်းနိုင်ကြသနည်း။ (အခန်းငယ် ဆာလံ ၁၄၈:၃၊ ၈၊ ၉) အမှန်ဆိုသော် အပင်များ၊ ပင်လယ်သတ္တဝါများနှင့် တိရစ္ဆာန်များသည်လည်း ထိုနည်းတူပင် ချီးမွမ်းနေကြ၏။ (အခန်းငယ် ဆာလံ ၁၄၈:၇၊ ၉၊ ၁၀) သင်သည် သာယာလှပသည့် နေဝင်ဆည်းဆာကို ရှုစားဖူးသလော၊ ကြယ်အတိပြီးသောကောင်းကင်တွင် ရွက်လွှင့်နေသော လပြည့်ဝန်းကြီးကို မော့ကြည့်ဖူးသလော၊ သို့မဟုတ် ဆော့ကစားနေကြသော တိရစ္ဆာန်များကိုကြည့်၍ ကြည်နူးဖူးသလော၊ ခမ်းနားထည်ဝါသည့် တောတောင်ရှုခင်းတစ်ခုကို အံ့သြမိန်းမောဖူးသလော။ သို့ဖြစ်လျှင် သင်သည် ဖန်ဆင်းခြင်းလက်ရာ၏ ချီးမွမ်းသီဆိုသံကို “ကြား” ရပြီ။ ယေဟောဝါ ဖန်ဆင်းထားသမျှက ကိုယ်တော်သည် အတိုင်းအဆမဲ့တန်ခိုးနှင့်ပြည့်စုံသော ဖန်ဆင်းရှင်ဖြစ်ကြောင်း၊ စကြဝဠာတစ်ခွင်တွင် ကိုယ်တော်တစ်ပါးတည်းသာ တန်ခိုးအရှိဆုံး၊ ဉာဏ်ပညာအရှိဆုံး၊ မေတ္တာအရှိဆုံးဖြစ်ကြောင်း ကျွန်ုပ်တို့ကို သိရှိစေသည်။—ရောမ ၁:၂၀; ဗျာ. ၄:၁၁။
၆၊ ၇။ (က) အဘယ်အသိဉာဏ်ရှိသတ္တဝါများသည် ယေဟောဝါအား ချီးမွမ်းနေကြသည်ဟု ဆာလံ ၁၄၈ ကဖော်ပြသနည်း။ (ခ) ယေဟောဝါအား ချီးမွမ်းရန် အဘယ်ကြောင့် စေ့ဆော်ခံရကြသနည်း။ ဥပမာပေးပါ။
၆ အသိဉာဏ်ရှိဖန်ဆင်းရာသည် ယေဟောဝါအား ချီးမွမ်းနေကြသည်ဟူ၍လည်း ဆာလံ ၁၄၈ ကဖော်ပြသည်။ အခန်းငယ် ဆာလံ ၁၄၈:၂ တွင် ယေဟောဝါ၏ “ကောင်းကင်ဗိုလ်ခြေ” ကောင်းကင်တမန်များသည် ဘုရားသခင်ကို ချီးမွမ်းနေကြကြောင်း တွေ့ရှိရ၏။ အခန်းငယ် ဆာလံ ၁၄၈:၁၁ တွင် ရှင်ဘုရင်များနှင့် တရားသူကြီးများအစရှိသော တန်ခိုးအာဏာရှိ လူသားများကို ပူးပေါင်းချီးမွမ်းကြရန် ဖိတ်ခေါ်ထားသည်။ တန်ခိုးကြီးမားသော ကောင်းကင်တမန်များပင် ယေဟောဝါအား ချီးမွမ်းရ၍ ပျော်ရွှင်နေကြလျှင် လူသားမျှဖြစ်သူက မိမိသည် အလွန်အရေးပါသောကြောင့် မချီးမွမ်းနိုင်ဟု ဆိုသင့်သလော။ ထို့နောက် အခန်းငယ် ဆာလံ ၁၄၈:၁၂ နှင့် ဆာလံ ၁၄၈:၁၃ တို့တွင် အသင်လူငယ်များကိုလည်း ယေဟောဝါအား ပူးပေါင်းချီးမွမ်းကြရန် ဖိတ်ခေါ်ထားသည်။ သင်တို့သည် ထိုသို့ချီးမွမ်းလိုစိတ်ရှိလာရန် စေ့ဆော်ခံရသလော။
၇ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ သင်၏မိတ်ဆွေရင်းတစ်ဦးသည် အားကစား၊ အနုပညာ၊ တေးဂီတအစရှိသည်တို့တွင် ထူးချွန်ကျွမ်းကျင်နေလျှင် သင်၏မိသားစုနှင့် တခြားမိတ်ဆွေများကို သူ့အကြောင်း ပြောပြမည်မဟုတ်လော။ ပြောပြမည်မှာ သေချာ၏။ ယေဟောဝါပြုလုပ်တော်မူရာအလုံးစုံကို ကျွန်ုပ်တို့သိရှိလာလျှင် ထိုသို့ပင်ဖြစ်လာနိုင်သည်။ ဥပမာ၊ ကြယ်အတိပြီးသော မိုးကောင်းကင် သည်ချီးမွမ်း “မြွက်ဆို” ကြောင်း ဆာလံ ၁၉:၁၊ ၂ ကဆို၏။ ကျွန်ုပ်တို့မူ၊ ယေဟောဝါပြီးမြောက်စေခဲ့သည့် အံ့မခန်းဖွယ်ရာများကို စဉ်းစားလိုက်သည့်အခါ ကျွန်ုပ်တို့၏ဘုရားသခင်အကြောင်း မပြောဘဲမနေနိုင်တော့ပေ။
၈၊ ၉။ ယေဟောဝါသည် အဘယ်အကြောင်းများကြောင့် မိမိအား ချီးမွမ်းစေလိုသနည်း။
၈ ယေဟောဝါအား ချီးမွမ်းရသည့် ထူးခြားချက်နောက်တစ်ခုမှာ ထိုသို့ကိုယ်တော်ချီးမွမ်းစေလိုသောကြောင့်ဖြစ်၏။ အဘယ်ကြောင့်နည်း။ ကိုယ်တော်သည် လူသားများထံမှ ချီးမွမ်းမှု လိုအပ်၍လော။ မဟုတ်ပါ။ ကျွန်ုပ်တို့လူသားများသည် တစ်ခါတစ်ရံ ချီးမွမ်းခံရဖို့လိုသော်လည်း ယေဟောဝါသည် ကျွန်ုပ်တို့ထက် သာလွန်မြင့်မြတ်တော်မူ၏။ (ဟေရှာယ ၅၅:၈) ကိုယ်တော်သည် မိမိကိုယ်ကိုရော၊ မိမိ၏အရည်အချင်းများကိုပါ ယုံကြည်စိတ်ချမှုအပြည့်ရှိ၏။ (ဟေရှာယ ၄၅:၅) သို့တိုင် ကိုယ်တော်သည် မိမိအား ချီးမွမ်းစေလိုပြီး ကျွန်ုပ်တို့ ချီးမွမ်းသည့်အခါတွင်လည်း အားရနှစ်သက်တော်မူ၏။ အဘယ်ကြောင့်နည်း။ အကြောင်းနှစ်ခုကို သုံးသပ်ကြည့်ပါ။ ပထမအနေနှင့် ကိုယ်တော့်ကို ကျွန်ုပ်တို့ ချီးမွမ်းဖို့လိုကြောင်း ကိုယ်တော်သိတော်မူ၏။ ဝတ်ပြုကိုးကွယ်ဖို့လိုသည့် ဝိညာဉ်ရေးလိုအပ်ချက်ဖြင့် ကျွန်ုပ်တို့ကို ကိုယ်တော်ဖန်ဆင်းထားသည်။ (မဿဲ ၅:၃၊ ကဘ) အာဟာရရှိသောအစာ သင်စားသုံးနေသည်ကို မိဘများ တွေ့မြင်သည့်အခါ အားရကျေနပ်သကဲ့သို့ ကျွန်ုပ်တို့သည် ထိုဝိညာဉ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းကို ယေဟောဝါမြင်၍ အားရနှစ်သက်တော်မူ၏။—ယောဟန် ၄:၃၄။
၉ ဒုတိယ၊ ယေဟောဝါအား ကျွန်ုပ်တို့ ချီးမွမ်းခြင်းကို တခြားသူများ ကြားရဖို့လိုကြောင်း ကိုယ်တော်သိတော်မူ၏။ တမန်တော်ပေါလုသည် လူငယ်တိမောသေထံ ဤစကားများဖြင့် စာရေးခဲ့သည်– ‘ကိုယ်ကိုလည်းကောင်း၊ ကိုယ်ဆုံးမစကားကိုလည်းကောင်း သတိပြု၍ အမြဲတည်နေလော့။ ထိုသို့ပြုလျှင် ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။’ (၁ တိမောသေ ၄:၁၆) မှန်သည်၊ ယေဟောဝါဘုရားသခင်အကြောင်း တခြားသူများကို သွန်သင်ပေးပြီး ကိုယ်တော့်အား ချီးမွမ်းသည့်အခါ သူတို့လည်း ယေဟောဝါကို သိရှိလာကြပေမည်။ ဤသို့သောအသိပညာကြောင့် သူတို့သည် ထာဝရကယ်တင်ခြင်းရရှိနိုင်ကြမည်။—ယောဟန် ၁၇:၃။
၁၀။ ကျွန်ုပ်တို့၏ဘုရားသခင်အား ချီးမွမ်းရန် အဘယ်ကြောင့် လှုံ့ဆော်ခံရသနည်း။
၁၀ ယေဟောဝါအား ချီးမွမ်းရသည့်အကြောင်း နောက်တစ်ခုရှိသေးသည်။ အလွန်ထူးချွန်သည့် သင်၏မိတ်ဆွေ ဥပမာကို သတိရပါ။ တခြားသူများက သူ့အကြောင်း မဟုတ်မမှန်ပြောဆိုပြီး နာမည်ပျက်အောင် ရှုတ်ချပြောဆိုနေသည်ကို သင်ကြားရလျှင် သူ့ကို ပို၍ပင် ချီးမွမ်းလိုမည်မဟုတ်လော။ ဤကမ္ဘာတစ်ခွင်တွင် ယေဟောဝါအကြောင်း ရှုတ်ချပြောဆိုနေကြသည်။ (ယောဟန် ၈:၄၄; ဗျာ. ၁၂:၉) သို့ဖြစ်၍ ကိုယ်တော်ကို ချစ်မြတ်နိုးသူများသည် ကိုယ်တော့်အကြောင်း အမှန်တရားပြောဆိုရန် လှုံ့ဆော်ခံရရာ အဖြစ်မှန်ထင်ရှားလာ၏။ အသင်လည်း ယေဟောဝါကို ချစ်မြတ်နိုးပြီး ကျေးဇူးတင်ကြောင်း ပြောဆိုလိုသလော၊ ကိုယ်တော်၏ရန်သူကြီး စာတန်ကိုမဟုတ်ဘဲ ကိုယ်တော့်အား သင်၏အုပ်စိုးရှင်အဖြစ် လက်ခံကြောင်း ဖော်ပြလိုသလော။ ယေဟောဝါအား ချီးမွမ်းခြင်းဖြင့် ထိုသို့ပြုလုပ်နိုင်ပါသည်။ ထို့ကြောင့် မေးစရာမှာ မည်သို့ချီးမွမ်းနိုင်သနည်းဟူ၍ဖြစ်၏။
လူငယ်အချို့ ယေဟောဝါအား ချီးမွမ်းခဲ့ပုံ
၁၁။ လူငယ်များသည် ယေဟောဝါအား အလွန်ထိရောက်စွာ ချီးမွမ်းနိုင်ကြကြောင်း အဘယ်ကျမ်းစာပုံနမူနာများက ဖော်ပြသနည်း။
၁၁ လူငယ်များသည် ယေဟောဝါအား အလွန်ထိရောက်စွာ ချီးမွမ်းတတ်ကြကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ ဥပမာ၊ ရှုရိပြည်သို့ ကျွန်သပေါက်အဖြစ် ခေါ်ဆောင်ခံရသော ဣသရေလမိန်းကလေးတစ်ဦး၏အဖြစ်ကို ကြည့်ပါ။ သူသည် သခင်မအား ယေဟောဝါ၏ပရောဖက်ဧလိရှဲအကြောင်း သတ္တိရှိရှိ သက်သေခံခဲ့သည်။ သူ၏စကားက အံ့ဖွယ်အမှုတစ်ခု ဖြစ်လာဖို့အကြောင်းပေါ်စေပြီး ခိုင်လုံသောသက်သေခံချက်တစ်ရပ် ဖြစ်မြောက်ခဲ့သည်။ (၄ ဓမ္မရာဇဝင် ၅:၁-၁၇) ယေရှုသည်လည်း ကလေးဘဝက သတ္တိရှိရှိ သက်သေခံခဲ့သည်။ သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားနိုင်သည့် ယေရှု၏လူငယ်ဘဝ အဖြစ်အပျက်အားလုံးမှ တစ်ခုကို ယေဟောဝါရွေးချယ်ဖော်ပြခဲ့သည်၊ ၎င်းကား ယေရှုအသက် ၁၂ နှစ်အရွယ်တွင် ယေရုရှလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်၌ ဘာသာရေးဆရာများကို သတ္တိရှိရှိ မေးခွန်းထုတ်ခဲ့ရာ ယေဟောဝါ၏နည်းလမ်းတော်များကို ယေရှုသိနားလည်သည့်အတွက် သူတို့အံ့အားသင့်ခဲ့ခြင်းအကြောင်းဖြစ်သည်။—လုကာ ၂:၄၆-၄၉။
၁၂၊ ၁၃။ (က) ယေရှု မကွယ်လွန်မီလေးတွင် ဝတ်ပြုရာအိမ်တော်တွင် အဘယ်အရာပြုလုပ်ခဲ့သနည်း၊ ထိုတွင်ရှိလူတို့အပေါ် အဘယ်အကျိုး သက်ရောက်ခဲ့သနည်း။ (ခ) ယေရှုသည် သူငယ်များ၏ချီးမွမ်းခြင်းကို မည်သို့ခံစားခဲ့သနည်း။
၁၂ ယေရှုကြီးပြင်းလာသည့်အခါ ယေဟောဝါအား ချီးမွမ်းကြရန် ကလေးများကိုလည်း အားပေးတိုက်တွန်းခဲ့သည်။ ဥပမာ၊ ယေရှုမသေမီ ရက်အနည်းငယ်တွင် ယေရုရှလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်၌ အချိန်အကုန်ခံခဲ့သည်။ ထိုတွင် “အံ့သြဖွယ်အမှုများ” ကိုယ်တော် ပြုလုပ်ခဲ့ကြောင်း ကျမ်းစာကဆို၏။ ထိုမြင့်မြတ်သောနေရာကို သူခိုးတွင်းဖြစ်စေသူများအား ကိုယ်တော် မောင်းထုတ်ပစ်ခဲ့သည်။ မျက်စိကန်းသောသူနှင့် ခြေဆွံ့သူတို့ကိုလည်း ကုသပေးခဲ့၏။ ထိုတွင်ရှိသူတိုင်း၊ အထူးသဖြင့် ဘာသာရေးခေါင်းဆောင်များသည် ယေဟောဝါနှင့် ကိုယ်တော်၏သားတော် မေရှိယတို့ကို ချီးမွမ်းကြရန် လှုံ့ဆော်ခံသင့်သည်။ သို့သော် ဝမ်းနည်းစရာမှာ ထိုအချိန်က လူအများသည် မချီးမွမ်းခဲ့ကြချေ။ ယေရှုကို ဘုရားသခင်စေလွှတ်ကြောင်း သူတို့သိကြသော်လည်း ဘာသာရေးခေါင်းဆောင်များကို ကြောက်ရွံ့ခဲ့ကြသည်။ သို့သော် အုပ်စုတစ်စုက သတ္တိရှိရှိ ချီးမွမ်းခဲ့ကြ၏။ သူတို့ကား မည်သူတို့ဖြစ်ကြောင်း သင်သိသလော။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– ‘[ယေရှု] ပြုမူသော အံ့သြဖွယ်အမှုတို့ကိုလည်းကောင်း၊ သူငယ်တို့ကလည်း “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း” ဟုဝတ်ပြုရာအိမ်တော်၌ ကြွေးကြော်ကြသည်ကိုလည်းကောင်း ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် ကြားမြင်လျှင် အမျက်ထွက်ကြ၍ “ဤသူတို့သည် အဘယ်သို့ပြောဆိုသည်ကို ကြားသလော” ဟုယေရှုအား မေးကြ’ သည်။—မဿဲ ၂၁:၁၅၊ ၁၆; ယောဟန် ၁၂:၄၂။
၁၃ ယေရှုသည် မိမိအား ချီးမွမ်းနေကြသည့် သူငယ်များကို နှုတ်ပိတ်ခိုင်းမည်ဟု အဆိုပါယဇ်ပုရောဟိတ်များက ထင်မှတ်ခဲ့ကြသည်။ ကိုယ်တော် နှုတ်ပိတ်စေခဲ့သလော။ ဝေးလေစွ! ယေရှုက ယဇ်ပုရောဟိတ်များကို “ငါကြား၏။ နို့စို့သူငယ်တို့နှုတ်ထဲမှ ကိုယ်တော်သည် ချီးမွမ်းခြင်းကို ပြင်ဆင်တော်မူသည်ဟူသောစကားကို သင်တို့သည် တစ်ရံတစ်ခါမျှ မဖတ်ဖူးသလော” ဟုမိန့်တော်မူ၏။ လူငယ်များ၏ ချီးမွမ်းခြင်းကို ယေရှုနှင့် ကိုယ်တော်၏ခမည်းတော်တို့သည် အားရနှစ်သက်တော်မူကြောင်း ထင်ရှား၏။ အဆိုပါကလေးများသည် လူကြီးအားလုံး လုပ်သင့်လုပ်အပ်ရာကို ပြုလုပ်နေကြခြင်းဖြစ်သည်။ ဤနုနယ်သော ကလေးများအတွက်ပင် အရာအားလုံး အလွန်ရှင်းနေပုံရသည်။ ဤသူသည် အံ့ဖွယ်အမှုများပြုပြီး သတ္တိရှိရှိ၊ ယုံကြည်ခြင်းနှင့်ပြောဆိုနေသည့်အပြင် ဘုရားသခင်နှင့် ကိုယ်တော်၏လူမျိုးတော်ကို အလွန်ချစ်ကြောင်း ထိုကလေးများ တွေ့မြင်ခဲ့ကြသည်။ မိမိသည် ကတိထားရာ “ဒါဝိဒ်၏သားတော်” မေရှိယဖြစ်သည်ဟု ဆိုသည့်အတိုင်း ကိုယ်တော် အမှန်ပင်ဖြစ်၏။ ထိုသူငယ်များသည် သူတို့၏ယုံကြည်ခြင်းကြောင့် ပရောဖက်ပြုချက်ပြည့်စုံစေသည့် အခွင့်ထူးကိုပင် ရရှိခဲ့ကြသည်။—ဆာလံ ၈:၂။
၁၄။ လူငယ်များ ပိုင်ဆိုင်ထားသော ဆုကျေးဇူးများကို ဘုရားသခင်အား ချီးမွမ်းရာ၌ မည်သို့အသုံးဝင်သနည်း။
၁၄ ဤပုံနမူနာများမှ ကျွန်ုပ်တို့ အဘယ်အရာသိရှိနိုင်သနည်း။ လူငယ်များသည် ယေဟောဝါအား အလွန်ထိရောက်စွာ ချီးမွမ်းနိုင်ကြောင်း သိရှိရသည်။ သူတို့သည် အမှန်တရားကို ရိုးရှင်းစွာ သိမြင်နားလည်နိုင်စွမ်းရှိကြပြီး သူတို့၏ယုံကြည်ခြင်းကို ထက်သန်စွာ ဖော်ပြတတ်ကြသည်။ နယပုံပြင် ၂၀:၂၉ တွင်ဖော်ပြထားသည့် ဆုကျေးဇူးလည်း သူတို့တွင်ရှိ၏– “လူပျို၏ဘုန်းကား အစွမ်းသတ္တိ။” အသင်လူငယ်များတွင် အစွမ်းခွန်အားရှိကြရာ ယေဟောဝါအား ချီးမွမ်းခြင်း၌ အမှန်ပင်အသုံးဝင်ကြသည်။ သင်တို့သည် ဤဆုကျေးဇူးများကို မည်သို့ထိရောက်စွာ အသုံးပြုနိုင်ကြမည်နည်း။
ယေဟောဝါအား မည်သို့ချီးမွမ်းနိုင်သနည်း
၁၅။ ယေဟောဝါအား ထိရောက်စွာ ချီးမွမ်းရန် အဘယ်ရည်ရွယ်ချက်ရှိဖို့လိုသနည်း။
၁၅ ထိရောက်စွာ ချီးမွမ်းနိုင်ရန် နှလုံးမှ အစပြုရမည်။ တခြားသူများက သင့်ကို ယေဟောဝါအား ချီးမွမ်းစေလို၍သာ ချီးမွမ်းမည်ဆိုလျှင် ထိရောက်စွာ ချီးမွမ်းနိုင်မည်မဟုတ်ချေ။ ‘သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်လော့’ ဟူသော အကြီးမြတ်ဆုံးပညတ်ကို သတိရပါ။ (မဿဲ ၂၂:၃၇) သမ္မာကျမ်းစာကို အသင်ကိုယ်တိုင် လေ့လာခြင်းမှ ယေဟောဝါအား ပုဂ္ဂိုလ်တစ်ပါးအဖြစ် သိရှိလာသလော။ ဤသို့သိရှိခြင်းကြောင့် ယေဟောဝါအား ချစ်မြတ်နိုးလာခြင်းဖြစ်၏။ ထိုသို့ချစ်မြတ်နိုးကြောင်း ဖော်ပြလေ့ရှိသောနည်းမှာ ကိုယ်တော်အား ချီးမွမ်းခြင်းဖြစ်သည်။ သင်၏ရည်ရွယ်ချက်မှာ ရှင်းလင်းပြတ်သား ခိုင်မာပြီဆိုလျှင် ယေဟောဝါအား ထက်သန်စွာ ချီးမွမ်းရန် အသင့်ရှိနေပြီဖြစ်၏။
၁၆၊ ၁၇။ ယေဟောဝါအား ချီးမွမ်းရာ၌ အမူအကျင့်သည် အဘယ်အခန်းကဏ္ဍမှ ပါဝင်သနည်း။ ဥပမာပြပါ။
၁၆ ယခု အဘယ်အရာ ပြောဆိုရမည်ကို မသုံးသပ်မီ အဘယ်သို့ ပြုမူရမည်ကို သုံးသပ်ကြည့်ပါ။ ဧလိရှဲခေတ်က ဣသရေလမိန်းကလေးသာ ရိုင်းစိုင်းပြီး ရိုသေလေးစားမှုမရှိ၊ လိမ်လည်ကောက်ကျစ်မည်ဆိုလျှင် သူ၏ရှုရိသခင်များက ယေဟောဝါ၏ပရောဖက်အကြောင်း သူ၏ပြောဆိုမှုကို နားထောင်ကြမည်လော။ ဝေးစွ! ထိုနည်းတူ၊ သင်၏ရိုသေလေးစားမှု၊ ရိုးသားမှုနှင့် အမူအကျင့်ကောင်းတို့ကို လူတို့တွေ့မြင်မည်ဆိုလျှင် သင်၏စကားကို သာ၍နားထောင်လိုကြပေမည်။ (ရောမ ၂:၂၁) ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။
၁၇ ပေါ်တူဂီနိုင်ငံမှ ၁၁ နှစ်အရွယ် ကလေးမတစ်ဦးသည် ကျမ်းစာဖြင့် လေ့ကျင့်ခံရသော သူ၏သိစိတ်ကို ချိုးဖျက်ရာရောက်သည့် အခါကြီးရက်ကြီးများ ဆင်နွှဲရန် ကျောင်းတွင် ဖိအားပေးခံခဲ့ရ၏။ သူသည် မိမိမပါဝင်ရသည့်အကြောင်းရင်းကို ဆရာမအား ရိုသေစွာ ရှင်းပြသော်လည်း ဆရာမက သူ့ကို ပြောင်လှောင်ကဲ့ရဲ့ခဲ့၏။ ဆရာမသည် ကလေးမ၏ဘာသာတရားကို ပြောင်လှောင်ကဲ့ရဲ့ကာ ကြိမ်ဖန်များစွာ အရှက်ခွဲခဲ့သည်။ သို့သော် ကလေးမသည် ရိုသေမြဲရိုသေခဲ့၏။ နှစ်အတန်ကြာသည့်အခါ ထိုညီအစ်မငယ်သည် မှန်မှန်ရှေ့ဆောင်အဖြစ် အချိန်ပြည့်အမှုဆောင်နေသည်။ စည်းဝေးကြီးတစ်ခုတွင် သူသည် နှစ်ခြင်းယူနေသူများကို ကြည့်နေစဉ် ထိုသူတို့ထဲမှ တစ်ဦးကို မှတ်မိလိုက်သည်။ ထိုသူမှာ သူ၏ဆရာမဟောင်းပင်! မျက်ရည်စက်လက်နှင့် ပွေ့ဖက်ကြပြီးနောက် အမျိုးသမီးကြီးက မိမိတပည့်၏ ရိုသေလေးစားသောအမူအကျင့်ကို ဘယ်တော့မျှ မမေ့နိုင်ခဲ့ကြောင်း တပည့်အား ပြောပြ၏။ ထိုဆရာမထံ သက်သေခံတစ်ဦး ရောက်ရှိခဲ့ရာ ဆရာမက မိမိတပည့်ဟောင်း၏အမူအကျင့်ကို ပြောပြသည်။ ရလဒ်ကား ကျမ်းစာသင်အံမှု စတင်ခဲ့ပြီး ဤဆရာမသည် ကျမ်းစာအမှန်တရားကို သက်ဝင်ယုံကြည်လာလေသည်။ မှန်ပါသည်၊ သင်၏အမူအကျင့်ဖြင့် ယေဟောဝါအား အလွန်ထိရောက်စွာ ချီးမွမ်းနိုင်၏!
၁၈။ လူငယ်တစ်ဦးသည် သမ္မာကျမ်းစာနှင့် ယေဟောဝါဘုရားသခင်အကြောင်း အစပြုပြောဆိုရန် တွန့်ဆုတ်နေမည်ဆိုလျှင် အဘယ်အရာပြုလုပ်နိုင်သနည်း။
၁၈ ကျောင်းတွင် သင်၏ယုံကြည်ချက်အကြောင်း အစပြုပြောဆိုရန် တစ်ခါတစ်ရံ အခက်တွေ့သလော။ ထိုသို့ခံစားနေရခြင်းသည် သင်တစ်ဦးတည်းသာ မဟုတ်ပါ။ သို့သော် သင်၏ယုံကြည်ချက်အကြောင်း တခြားသူများ မေးလာစေရန် စီစဉ်ဖန်တီးပေးနိုင်သည်။ ဥပမာ၊ ကျမ်းစာအခြေပြုစာပေများကို ယူသွားပြီး နေ့လယ်ထမင်းစားချိန် သို့မဟုတ် တခြားအချိန်များတွင် ဖတ်ခွင့်ရမည်ဆိုလျှင် ဖတ်ပါလေ။ ကျောင်းနေဖက်များက သင်,အဘယ်အရာဖတ်နေသနည်းဟု မေးမြန်းပေမည်။ သင်ဖတ်နေသည့် ဆောင်းပါး သို့မဟုတ် စာအုပ်ပါ စိတ်ဝင်စားစရာအကြောင်းများကို ပြောပြလိုက်ရာ မကြာမီမှာပင် စကားလက်ဆုံကျသွားပေမည်။ သင့်ကျောင်းနေဖက်များ၏ ယုံကြည်ချက်ကိုသိရှိရန် မေးခွန်းများမေးဖို့ သတိရပါ။ တလေးတစားနားထောင်ပေးပြီး သမ္မာကျမ်းစာမှ သင်သိရှိထားရာများကို ပြောပြပါ။ စာမျက်နှာ ၂၉ ပါ တွေ့ကြုံမှုများက ဖော်ပြသည့်အတိုင်း လူငယ်များစွာသည် ကျောင်းတွင် ဘုရားသခင်ကို ချီးမွမ်းနေကြ၏။ ယင်းက သူတို့ကို အလွန်ပျော်ရွှင်စေပြီး ယေဟောဝါအား လူများစွာ သိရှိလာစေနိုင်၏။
၁၉။ လူငယ်များသည် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် မည်သို့ပိုမိုထိရောက်မှုရှိလာနိုင်မည်နည်း။
၁၉ ယေဟောဝါအား ချီးမွမ်းရန် အထိရောက်ဆုံးနည်းမှာ တစ်အိမ်မှတစ်အိမ် ဓမ္မအမှုဆောင်ခြင်းဖြစ်၏။ သင်သည် ထိုဓမ္မအမှုတွင် မပါဝင်ရသေးလျှင် ပါဝင်နိုင်ဖို့ ပန်းတိုင်ထားပါလေ။ ပါဝင်နေပြီဆိုလျှင်လည်း နောက်ထပ်ပန်းတိုင်များ ထားရှိသလော။ ဥပမာ၊ အိမ်တိုင်းတွင် အကြောင်းအရာတစ်ခုတည်းကိုသာ ပြောဆိုနေမည့်အစား မိဘများနှင့် အတွေ့အကြုံရှိ တခြားသူများမှ အကြံပြုချက်များ တောင်းဆို၍ တိုးတက်နိုင်မည့်နည်းများကိုရှာပါ။ သမ္မာကျမ်းစာကို ပိုမိုအသုံးပြုနိုင်ပုံ၊ ပြန်လည်ပတ်မှုများကို ထိရောက်စွာပြုလုပ်နိုင်ပုံ၊ ကျမ်းစာသင်အံမှု စတင်နိုင်ပုံတို့ကို သင်ယူပါ။ (၁ တိမောသေ ၄:၁၅) ဤနည်းများဖြင့် ယေဟောဝါအား ပိုမိုချီးမွမ်းလေ၊ သင်၏ခရစ်ယာန်ဓမ္မအမှုတွင် ပိုမိုထိရောက်မှုရှိလာပြီး ပိုမိုပျော်ရွှင်လာလိမ့်မည်ဖြစ်သည်။
အဘယ်အချိန်တွင် ယေဟောဝါအား စတင်ချီးမွမ်းသင့်သနည်း
၂၀။ လူငယ်များသည် ယေဟောဝါအား ချီးမွမ်းရန် မိမိငယ်လွန်းသည်ဟု အဘယ်ကြောင့် ယူမှတ်စရာမလိုသနည်း။
၂၀ ဤဆွေးနွေးခန်းပါ မေးခွန်းသုံးခုအနက် ဤနောက်ဆုံးမေးခွန်း၏ အဖြေသည် အလွယ်ကူဆုံးဖြစ်၏။ သမ္မာကျမ်းစာ၏ ဤတိုက်ရိုက်အဖြေကို သတိပြုပါ– “ယခုအသက်ပျိုစဉ်အခါပင် သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။” (ဒေ. ၁၂:၁) မှန်ပါသည်၊ ယေဟောဝါအား စတင်ချီးမွမ်းရမည့်အချိန်ကား ယခုပင်ဖြစ်၏။ သင်သည် ဤသို့အလွယ်တကူပြောပေမည်– “ယေဟောဝါကို ချီးမွမ်းဖို့ အကျွန်ုပ် ငယ်လွန်းပါသေးတယ်။ အတွေ့အကြုံလည်းမရှိဘူး။ ကြီးလာတဲ့အထိ စောင့်သင့်တယ်။” ထိုသို့ခံစားရသူတို့တွင် သင်သည် ပထမဦးဆုံးမဟုတ်ပါ။ ဥပမာ၊ လူငယ်ယေရမိက ယေဟောဝါအား ‘အိုအရှင် ထာဝရဘုရားသခင် အကျွန်ုပ်သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏’ ဟုလျှောက်ဆိုခဲ့သည်။ ယေဟောဝါက ကြောက်စရာအကြောင်းမရှိဟု သူ့ကို ယုံကြည်စိတ်ချစေခဲ့သည်။ (ယေရမိ ၁:၆၊ ၇) ထိုနည်းတူ၊ ယေဟောဝါအား ကျွန်ုပ်တို့ ချီးမွမ်းသည့်အခါ ဘာကိုမျှကြောက်စရာမလိုပါ။ ကျွန်ုပ်တို့ကြုံတွေ့ရမည့် အဘယ်အန္တရာယ်ကိုမဆို ယေဟောဝါ လုံးဝဖြေရှင်းပေးနိုင်ပါသည်။—ဆာလံ ၁၁၈:၆။
၂၁၊ ၂၂။ ယေဟောဝါအား ချီးမွမ်းကြသော လူငယ်များကို ဆီးနှင်းပေါက်များနှင့် အဘယ်ကြောင့် နှိုင်းယှဉ်ထားသနည်း၊ ဤနှိုင်းယှဉ်ချက်သည် အဘယ်ကြောင့် အားရှိစရာဖြစ်သနည်း။
၂၁ ထို့ကြောင့် အသင်လူငယ်တို့၊ ယေဟောဝါအား ချီးမွမ်းရန် မတွန့်ဆုတ်ကြပါနှင့်ဟု ကျွန်ုပ်တို့ တိုက်တွန်းလိုက်ပါသည်! ယခု သင်ငယ်ရွယ်ချိန်တွင် ယနေ့ ကမ္ဘာမြေပေါ် လုပ်ဆောင်နေကြသည့် အရေးကြီးဆုံးလုပ်ငန်း၌ပါဝင်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ ထိုတွင်ပါဝင်လုပ်ဆောင်သည့်အခါ သင်သည် ယေဟောဝါအား ချီးမွမ်းနေကြသည့် အံ့မခန်းဖွယ်စကြဝဠာမိသားစုကြီးတွင် တစ်ဦးပါဝင်လာမည်။ ဤမိသားစုတွင် အသင်,ပါဝင်ခြင်းကို ယေဟောဝါ အားရနှစ်သက်တော်မူ၏။ ယေဟောဝါအား လျှောက်တင်ခဲ့သော ဆာလံဆရာ၏မှုတ်သွင်းခံ ဤစကားများကို သတိပြုပါ– “တန်ခိုးတော်ပြသောနေ့ရက်ကာလ၌ ကိုယ်တော်၏လူတို့သည် သန့်ရှင်းသောတန်ဆာကိုဆင်လျက် ကြည်ညိုသောစေတနာစိတ်ရှိ၍ လူပျိုတော်တို့သည် နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့ဖြစ်ကြပါလိမ့်မည်။”—ဆာလံ ၁၁၀:၃။
၂၂ နံနက်အလင်းရောင်အောက်တွင် ပြိုးပြိုးပြက်ပြက်လင်းလက်နေသော ဆီးနှင်းများသည် အလွန်တင့်တယ်လှပသည်မဟုတ်ပေလော။ ၎င်းဆီးနှင်းပေါက်များသည် လန်းဆန်းအေးမြ၍၊ တလက်လက်တောက်ပနေပြီး ရေတွက်မရနိုင်သည့်အထိ အလွန်များပြားလှ၏။ ဤခဲယဉ်းဆိုးယုတ်သောကာလတွင် မိမိအား သစ္စာရှိစွာ ချီးမွမ်းနေကြသော အသင်လူငယ်များကို ယေဟောဝါ ထိုသို့ပင်ရှုမြင်တော်မူ၏။ ယေဟောဝါအား ချီးမွမ်းရန် သင်တို့၏ရွေးချယ်မှုသည် ကိုယ်တော်၏စိတ်ကို ရွှင်လန်းစေသည်မှာ ထင်ရှား၏။ (သု. ၂၇:၁၁) သို့ဖြစ်၍ အသင်လူငယ်တို့၊ ယေဟောဝါအား ချီးမွမ်းကြပါလေ!
သင်မည်သို့ဖြေဆိုမည်နည်း
• ယေဟောဝါအား ချီးမွမ်းရာတွင် အရေးကြီးသည့် အကြောင်းအချို့ကား အဘယ်နည်း။
• လူငယ်များသည် ယေဟောဝါအား အလွန်ထိရောက်စွာ ချီးမွမ်းနိုင်ကြောင်း အဘယ်ကျမ်းစာပုံနမူနာများက ဖော်ပြသနည်း။
• ယနေ့ လူငယ်များသည် ယေဟောဝါအား မည်သို့ချီးမွမ်းနိုင်သနည်း။
• လူငယ်များသည် ယေဟောဝါအား အဘယ်အချိန်တွင် ချီးမွမ်းသင့်သနည်း၊ အဘယ်ကြောင့်နည်း။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံများ]
သင်၏မိတ်ဆွေသည် အလွန်ထူးချွန်သူဖြစ်လျှင် သူ၏အကြောင်းကို သူတစ်ပါးအား ပြောပြမည်မဟုတ်လော
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ကျောင်းနေဖက်များသည် သင်၏ယုံကြည်ချက်များကို စိတ်ဝင်စားပေမည်
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
သင်၏ခရစ်ယာန်ဓမ္မအမှုတွင် တိုးတက်မှုရှိစေလိုလျှင် အတွေ့အကြုံများသော သက်သေခံတစ်ဦးထံမှ အကြံပြုချက်များ တောင်းဆိုပါ