ကျမ်းစာသင်အံမှုများကမ်းလှမ်းရန် အထူးနေ့တစ်နေ့
၁ ဇန်နဝါရီလမှစ၍ အသင်းတော်တိုင်းသည် ကျမ်းစာသင်အံမှုများကမ်းလှမ်းခြင်းကို အာရုံစိုက်ရန် လစဉ် လ၏ပထမအပတ် ဖြစ်ကောင်းဖြစ်မည့် သီတင်းပတ်တစ်ပတ်၏ အဆုံးနေ့တစ်နေ့ကို သတ်မှတ်ပါမည်။ ယင်းနေ့သည် ဒေသအတွက် အကောင်းဆုံးဖြစ်မည့်အရာအပေါ်မူတည်ပြီး စနေနေ့ သို့မဟုတ် တနင်္ဂနွေနေ့ ဖြစ်ပါလိမ့်မည်။ ထိုနေ့တွင် အိမ်ရှင်သည် ကျမ်းစာသင်အံမှုကမ်းလှမ်းခြင်းကို လက်မခံပါက ကြေညာသူများသည် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို ဆက်၍ဝေငှမည် သို့မဟုတ် နောက်ဆုံးထုတ်မဂ္ဂဇင်းများကို ဝေငှနိုင်ပါသည်။ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းအားလုံးသည် ထိုလုပ်ဆောင်မှုတွင် အပြည့်အဝပါဝင်ရန်နှင့် ကျမ်းစာသင်အံမှုများစတင်ရာတွင် ကြေညာသူများကို ကူညီရန် စီစဉ်သင့်သည်။
၂ ကျမ်းစာသင်အံမှုများကမ်းလှမ်းရန် မည်သည့်သီတင်းပတ်၏အဆုံးနေ့တစ်နေ့ကို သတ်မှတ်မည်ဆိုသည်ကို အသင်းတော်လုပ်ငန်းတော်ကော်မတီမှ ဆုံးဖြတ်ပါလိမ့်မည်။ ကြေညာသူများသည် တစ်အိမ်မှတစ်အိမ်နှင့် ယခင်က စိတ်ဝင်စားမှုပြခဲ့သူများထံ လည်ပတ်သောအခါ ကျမ်းစာသင်အံမှုများကမ်းလှမ်းဖို့ ကြိုတင်ပြင်ဆင်ရန်နှင့် အထူးကြိုးစားအားထုတ်နိုင်ရန် အခါအားလျော်စွာ သတိပေးသင့်ပါသည်။
၃ ပြင်ဆင်နိုင်ပုံ– ကျမ်းစာသင်အံမှုများစတင်ရန်အတွက် အကြံပြုချက်များကို မေ ၂၀၀၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်စာရွက် နှင့် ကျိုးကြောင်းဆင်ခြင်စာအုပ် စာမျက်နှာ ၁၂ တွင် တွေ့ရှိနိုင်ပါသည်။ အချို့သည် အမှန်တရားကို သင်သိလိုပါသလော ကဲ့သို့သောဝေစာကို အသုံးပြုရန်ရွေးချယ်ပေမည်။ ထို့ပြင် မဂ္ဂဇင်းများကို လက်ခံခဲ့သူများထံ လည်ပတ်ရာ၌ ကျမ်းစာသင်အံမှုများစတင်ရန် ဩဂုတ် ၂၀၀၇ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၃ တွင် အကြံပြုချက်များပေးထားသည်။ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် လယ်ကွင်းလုပ်ငန်းအတွက် ၁၀ မိနစ်မှ ၁၅ မိနစ်အထိ အတိုချုပ်စုဆုံမှု ပြုလုပ်ရန် အစီအစဉ်ဆွဲထားမည်ဖြစ်ပြီး ထိုစုဆုံမှုတွင် ကျမ်းစာသင်အံမှုစတင်ရန် လက်တွေ့ကျသော အကြံပြုချက်တစ်ခု သို့မဟုတ် နှစ်ခုကို ဆွေးနွေး သို့မဟုတ် သရုပ်ပြသင့်သည်။
၄ သို့သော် လူတိုင်းသည် ကျမ်းစာသင်အံမှုကို လက်ခံမည်၊ သို့မဟုတ် လက်ခံပြီး အချိန်ကြာရှည်စွာ လေ့လာမှုဆက်ပြုလုပ်မည်မဟုတ်သည်မှာ မှန်ပါသည်။ သိုးကဲ့သို့သောသူများကို မိမိ၏အဖွဲ့အစည်းအတွင်းသို့ ဆွဲဆောင်သူမှာ ယေဟောဝါဖြစ်သောကြောင့် ယင်းသည် ကျမ်းစာသင်အံမှုများကမ်းလှမ်းရာတွင် ကျွန်ုပ်တို့ကို အတားအဆီးမဖြစ်စေသင့်ပါ။ (ယောဟန် ၆:၄၄) ကျွန်ုပ်တို့၏တာဝန်မှာ အမှန်တရားမျိုးစေ့ကို ကြဲရုံမျှသာမဟုတ်ဘဲ အမြစ်စွဲစေရန် ပျိုးထောင်ပြီး ရေလောင်းပေးဖို့ဖြစ်ကာ ယင်းတွင် ယေဟောဝါအကြောင်း လေ့လာလိုစိတ်ရှိသူများနှင့်အတူ ကျမ်းစာလေ့လာခြင်း ပါဝင်သည်။ ကျွန်ုပ်တို့သည် ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင့်လုပ်ဖော်ဆောင်ဖက်များအနေနှင့် အမှုဆောင်နေကြပါသည်။—၁ ကော. ၃:၉။