-
သွေးကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
-
-
(၁၉၇၂၊ အောက်တိုဘာ ၁၅ ရက်ထုတ်၊ စ. ၂၅၂၇) ၌ ဒေါက်တာ ဖစ်လစ်ရိုးအင်း က ဤသို့ရေးသားလိုက်သည်– “သွေးသွင်းခွင့်မရသောအခြေအနေနှင့်ရင်ဆိုင်ရစေကာမူ လိုအပ်သောခွဲစိတ်ကုသမှုကို ဆောင်ရွက်ရန် ကျွန်ုပ်တို့ဝန်မလေးခဲ့ပါ။” တက်ဆပ်ပြည်နယ်နှလုံးသုတေသနဌာနမှ ဒေါက်တာဒင်တင်ခူလီ အောက်ပါအတိုင်းဆို၏– “ယေဟောဝါသက်သေများအပေါ် [သွေးမဲ့သွေးရည်ကြည်ထုထည်ချဲ့ပစ္စည်းများကိုအသုံးပြုရာမှ] ရလာသောအကျိုးရလဒ်များကြောင့် ကျွန်ုပ်တို့အားရဝမ်းသာလှရကား ဤကုထုံးကို ကျွန်ုပ်တို့၏အခြားနှလုံးဝေဒနာရှင်များအပေါ်မှာပင် စတင်အသုံးပြုလာပြီဖြစ်သည်။” (စန်ဒီယေးဂိုးယူနီယံ၊ ၁၉၇၀၊ ဒီဇင်ဘာ ၂၇ ရက်၊ စ. အေ-၁၀) “ယေဟောဝါသက်သေများ၏ဘာသာရေးက သွေးသွင်းခြင်းကိုတားမြစ်သောကြောင့် ‘သွေးမဲ့’ နှလုံးခွဲစိတ်ကုသနည်းသည် နဂိုက သက်သေခံလူကြီးများအဖို့ ကြံဆတီထွင်ခဲ့ခြင်းဖြစ်သည်။ ယခုသော် နို့စို့သူငယ်နှင့်ကလေးများအပေါ် သိမ်မွေ့သောနှလုံးခွဲစိတ်ကုထုံးအဖြစ် စိတ်ချစွာအသုံးပြုလာကြလေပြီ။”—နှလုံးသွေးကြောဆိုင်ရာသတင်း၊ ၁၉၈၄၊ ဖေဖော်ဝါရီလ၊ စ. ၅။
တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်—
‘ခင်ဗျားတို့က သွေးသွင်းတာကိုလက်မခံတော့ကာ ကိုယ့်ကလေးကို သေရွာပို့တာနဲ့မခြားပါဘူး။ တကယ်ရက်စက်တယ်ဗျာ’
ဤသို့ ပြန်ပြောနိုင်သည်– ‘ကျွန်တော်တို့သွေးမသွင်းပေမဲ့ ပိုပြီးစိတ်ချရတဲ့ဆေးသွင်းခွင့်ပေးပါတယ်။ ကျွန်တော်တို့လက်ခံတဲ့သွင်းဆေးတွေဟာ အေအိုင်ဒီအက်စ်၊ အသည်းရောင်နာ၊ ငှက်ဖျား စတဲ့ရောဂါတွေနဲ့ကင်းရှင်းတယ်။ ကျွန်တော်တို့ကလေးအတွက် အကောင်းဆုံးဆေးဝါးကို ကျွန်တော်တို့လိုလားတယ်။ မေတ္တာနဲ့ပြည့်ဝတဲ့ ဘယ်မိဘမဆို ဒီလိုပါပဲ။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘သွေးအထွက်လွန်ခဲ့ရင် အရေးအကြီးဆုံးအချက်က အရည်ထုထည်ကို နဂိုအတိုင်းအတာရောက်အောင်လုပ်ဖို့ပါပဲ။ သွေးထဲမှာ ရေ ၅၀ ရာနှုန်းထက်မက ပါဝင်တယ်ဆိုတာ မိတ်ဆွေအသိပါပဲ။ ပြီးတော့ ဆဲလ်နီ ဆဲလ်ဖြူ စသဖြင့်လည်းပါတယ်။ သွေးအထွက်လွန်တဲ့အခါ ကိုယ်ခန္ဓာကိုယ်နှိုက်က ဆိုင်ရာအင်္ဂါအဖွဲ့ထဲကို သိုလှောင်ထားတဲ့သွေးဆဲလ်တွေ ဒုနဲ့ဒေး သွန်မှောက်ဖြည့်တင်းပါတယ်။ ပြီးတော့ သွေးဆဲလ်သစ်ထုတ်လုပ်ရှိန်ကိုပါ မြှင့်တင်လိုက်တယ်။ ဒါပေမဲ့ အရည်ထုထည်လိုတယ်။ သွေးမဲ့သွေးရည်ကြည်ထုထည်ချဲ့ပစ္စည်းကိုသုံးလို့ရှိရင် လိုတဲ့ထုထည်ကိုရနိုင်တယ်။ ဒီလိုပစ္စည်းကို ကျွန်တော်တို့လက်ခံပါတယ်။’ (၂) ‘လူထောင်သောင်းနဲ့ချီပြီး သွေးရည်ကြည်ထုထည်ချဲ့ပစ္စည်းတွေအသုံးပြုလို့ ထူးထူးကဲကဲအကျိုးရရှိခဲ့ကြပါပြီ။’ (၃) ကျွန်တော်တို့အတွက် ပိုအရေးကြီးတာက တမန်တော် ၁၅:၂၈၊ ၂၉ မှာပြောတဲ့ကျမ်းစကားဖြစ်တယ်။’
သို့မဟုတ် ဤသို့ဆိုနိုင်သည်– ‘မိတ်ဆွေဘာကြောင့်ခုလိုပြောရသလဲဆိုတာကို ကျွန်တော်သဘောပေါက်နိုင်ပါတယ်။ ‘ငါ့ကလေးသာ ဒီအဖြစ်မျိုးရောက်နေရင်’ ဆိုပြီးတွေးမိလို့ဖြစ်မှာပဲ။ ကျွန်တော်တို့ဟာ မိဘများအနေနဲ့ ကိုယ့်ကလေးကျန်းမာချမ်းသာဖို့ အတတ်နိုင်ဆုံးကာကွယ်စောင့်ရှောက်ကြမှာပါ။ ဟုတ်တယ်မဟုတ်လား။ ဒီတော့ ခင်ဗျားလို၊ ကျွန်တော်လိုလူတစ်ယောက်က ဆေးဝါးကုထုံးတစ်မျိုးမျိုးကို လက်မခံဘူးဆိုရင် ခိုင်လုံတဲ့အကြောင်းရှိလို့ဖြစ်ရမယ်။’ ထို့နောက် ဆက်လက်၍– (၁) ‘တချို့သောမိဘများဟာ ဒီက တမန်တော် ၁၅:၂၈၊ ၂၉ မှာဆိုထားတဲ့ ဘုရားသခင့်နှုတ်ကပါဌ်တော်ရဲ့သြဇာလွှမ်းမိုးခြင်း ခံရလို့ကောမဖြစ်နိုင်ဘူးလား။’ (၂) ‘ဒါကြောင့် အရေးကြီးတဲ့အချက်က ဘုရားသခင့်ပညတ်အတိုင်း လုပ်ကိုင်နိုင်လောက်အောင် ကျွန်တော်တို့မှာ ယုံကြည်ခြင်းရှိသလားဆိုတာပဲ။
‘ခင်ဗျားတို့ သွေးသွင်းတာကိုလက်မခံကြဘူး’
ဤသို့ပြန်ပြောနိုင်သည်– ‘သတင်းစာတွေထဲမှာ သက်သေခံတွေသွေးမသွင်းရင် သေနိုင်တယ်လို့ လူတွေထင်တဲ့အခြေအနေအကြောင်း ရေးသားဖြန့်ချိခဲ့ဖူးတယ်။ ဒီလိုသတင်းနဲ့ပတ်သက်လို့ မိတ်ဆွေပြောနေတာလား။ . . . ဘာကြောင့် ကျွန်တော်တို့မှာ ဒီလိုရပ်တည်ချက်ရှိသလဲသိလား။ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘ခင်ဗျားရဲ့ခင်ပွန်းကိုခင်ဗျား အသက်စွန့်ဖို့အသင့်ရှိတဲ့အထိချစ်ပါသလား။ . . . ကိုယ့်နိုင်ငံအတွက် အသက်စွန့်တဲ့လူတွေလဲရှိသေးတယ်။ သူတို့ကို လူတွေက သူရဲကောင်းလို့သဘောထားကြတယ်။ ဟုတ်တယ်မဟုတ်လား။ ဒါပေမဲ့ ကမ္ဘာပေါ်ရှိရှိသမျှလူ၊ ရှိသမျှအရာထက် ပိုပြီးကြီးမြတ်တဲ့ပုဂ္ဂိုလ်တစ်ဦးရှိတယ်။ သူဟာ ဘုရားသခင်ပါပဲ။ မိတ်ဆွေက သူ့ကိုချစ်လို့၊ သူ့အုပ်စိုးမှုပေါ်သစ္စာရှိလို့ ကိုယ့်အသက်ကိုစွန့်မလား။’ (၂) ‘အမှန်မှာ ဒါဟာ ဘုရားသခင်ပေါ် သစ္စာစောင့်မစောင့်ဆိုတဲ့ကိစ္စဖြစ်တယ်။ ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်ကပဲ ကျွန်တော်တို့ကိုသွေးကိုရှောင်ကြဉ်ဖို့ပညတ်ခြင်းဖြစ်တယ်။ (တ. ၁၅:၂၈၊ ၂၉)’
သို့မဟုတ် ဤသို့ဆိုနိုင်သည်– ‘ယေဟောဝါသက်သေများရှောင်ကြဉ်ကြတဲ့အရာတွေ တော်တော်များများဟာ ဒီကနေ့လူတွေအဖို့ ထမင်းစားရေသောက်သလိုရိုးနေပါတယ်။ ဥပမာ၊ လိမ်လည်ခြင်း၊ ခင်ပွန်းရှိသူနှင့် (ရှိလျက်နှင့်) ဖောက်ပြန်မှု၊ ခိုးမှု၊ ဆေးလိပ်သောက်ခြင်း၊ ပြီးတော့ မိတ်ဆွေပြောတဲ့ သွေးကိုသုံးခြင်းဖြစ်တယ်။ ဘာကြောင့် ကျွန်တော်တို့ဒါတွေကိုရှောင်သလဲ။ ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်ကွပ်ကဲမှုကို ကျွန်တော်တို့ခံယူတဲ့အတွက်ကြောင့်ပါပဲ။ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘ကျမ်းစာက ‘သွေးကိုရှောင်ရမည်’ လို့ပြောထားတာ မိတ်ဆွေသိပါသလား။ ကျွန်တော်ထောက်ပြပါရစေ။ (တ. ၁၅:၂၈၊ ၂၉)’ (၂) ဘုရားသခင်က ကျွန်တော်တို့ရဲ့ပထမမိဘနှစ်ပါးအာဒံနဲ့ဧဝတို့ကို ဧဒင်ဥယျာဉ်ထဲကသစ်ပင်တစ်ပင်ကလွဲလို့ ကျန်တဲ့အပင်အားလုံးရဲ့အသီးကိုစားနိုင်တယ်လို့မိန့်မှာခဲ့တယ်ဆိုတာ မိတ်ဆွေသတိရရင်ရမှာပါ။ ဒါပေမဲ့သူတို့နာမခံဘဲ တားမြစ်တဲ့အသီးကိုစားခဲ့ကြလို့ ရှိရှိသမျှဆုံးရှုံးခဲ့ရတယ်။ ဘယ်လောက်မိုက်သလဲ။ ကျွန်တော်တို့အချိန်မှာ မစားရတဲ့အသီးဆိုတာတော့မရှိဘူးပေါ့။ ဒါပေမဲ့ နောဧလက်ထက်ရေလွှမ်းမိုးခြင်းနောက်မှာ ဘုရားသခင်က လူကိုတားမြစ်ချက်တစ်ရပ် ပြဋ္ဌာန်းလိုက်ပြန်တယ်။ ဒီတစ်ခါ သွေးနဲ့ပတ်သက်တယ်။ (က. ၉:၃၊ ၄)’ (၃) ‘ဒါကြောင့် အဓိကကိစ္စက ဘုရားသခင်ပေါ် ကျွန်တော်တို့သစ္စာရှိသလားဆိုတာပဲ။ ဘုရားသခင်ကို ကျွန်တော်တို့နာခံရင် သူ့နိုင်ငံတော်အောက်မှာ စုံလင်တဲ့ထာဝရအသက်ကိုခံစားနိုင်တဲ့ အနာဂတ်ရှိမယ်။ ကျွန်တော်တို့သေရင်တောင်မှ ရှင်ပြန်ထမြောက်နိုင်တယ်လို့အာမခံတော်မူတယ်။’
‘ဆရာဝန်က “ခင်ဗျားသွေးမသွင်းရင်သေလိမ့်မယ်” ဆိုပြီးပြောလို့ ရှိရင် ဘယ်လိုလုပ်မလဲ’
ဤသို့ ပြန်ပြောနိုင်သည်– ‘အခြေအနေဒီလောက်တောင်စိုးရိမ်ရလို့ရှိရင် ဆရာဝန်အနေနဲ့ လူနာကိုသွေးသွင်းရင်မသေဘူးလို့အာမခံချက်ပေးနိုင်မလား။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘အသက်ကိုပြန်ပေးနိုင်တဲ့အရှင်တစ်ပါးရှိပါတယ်။ ဘုရားသခင်ပါပဲ။ သေခြင်းနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ ဘုရားသခင်ရဲ့ပညတ်ကိုချိုးဖောက်ပြီး ကိုယ်တော်ကို ကျောခိုင်းခြင်းဟာမဟာအမှားလို့ မိတ်ဆွေမထင်ဘူးလား။ ကျွန်တော် ဘုရားသခင်ပေါ်မှာ တကယ်ယုံကြည်ခြင်းရှိတယ်။ မိတ်ဆွေကော။ သားတော်ကိုယုံကြည်တဲ့လူတွေရှင်ပြန်ထမြောက်လာမယ်ဆိုပြီး ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်က ကတိပြုတယ်။ မိတ်ဆွေယုံသလား။ (ယော. ၁၁:၂၅)’
သို့မဟုတ် ဤသို့ဆိုနိုင်သည်– ‘သွေးမသွင်းရရင် သူမကုတတ်ဘူးဆိုတာလဲဖြစ်ချင်ဖြစ်မယ်။ ဖြစ်နိုင်လို့ရှိရင် ဒီဆရာဝန်ကို လိုအပ်တဲ့အတွေ့အကြုံရှိတဲ့တခြားဆရာဝန်တစ်ယောက်နဲ့ ဆက်သွယ်ပေးဖို့ကျွန်တော်တို့ကြိုးစားပါတယ်။ ဒါမှမဟုတ်၊ တခြားဆရာဝန်ရဲ့ကုသမှုကို ကျွန်တော်တို့ခံယူပါတယ်။
-
-
အစိုးရကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
-
-
အစိုးရ
အဓိပ္ပာယ်သတ်မှတ်ချက်– ဥပဒေပြုစုပြဋ္ဌာန်း၍ ဥပဒေအတိုင်းစီရင်အုပ်ချုပ်ရန်အစီအစဉ်ဖြစ်သည်။ အစိုးရများကို ၎င်း၏ပင်ရင်းအလိုက်၊ အာဏာစက်အကျယ်အဝန်းအလိုက်၊ အမျိုးအစားခွဲလေ့ရှိသည်။ ယေဟောဝါဘုရားသခင်သည် စကြဝဠာအချုပ်အခြာအာဏာပိုင်ဖြစ်၍ အလိုတော် ရည်ရွယ်ချက်တို့နှင့်အညီ အခြားသူတို့အား အာဏာအပ်နှင်းတော်မူသည်။ သို့ရာတွင် ယေဟောဝါ၏အချုပ်အခြာအာဏာတော်ကိုအဦးဆုံးပုန်ကန်သောစာတန်မာရ်နတ်မူ ဘုရားသခင့်ခွင့်ပြုချက်အရ အချိန်အကန့်အသတ်ဖြင့် “ဤလောကကိုအစိုးရသောမင်း” ဖြစ်သည်။ သမ္မာကျမ်းစာက ကမ္ဘာ့နိုင်ငံရေးအုပ်စိုးမှုစနစ်ကို သားရဲအဖြစ် ရုပ်လုံးဖော်၍ “နဂါး [စာတန်မာရ်နတ်] သည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကိုလည်းကောင်း၊ ကြီးစွာသောအာဏာစက်ကိုလည်းကောင်း သားရဲ၌အပ်ပေး၏” ဟူ၍ဆိုသည်။—ယော. ၁၄:၃၀; ဗျာ. ၁၃:၂; ၁ ယော. ၅:၁၉။
-