ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bt အခန်း ၁၄ စာ. ၁၀၈-၁၁၅
  • “ကျွန်တော်တို့အားလုံး တညီတညွတ်တည်း သဘောတူဆုံးဖြတ်ခဲ့ပါတယ်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကျွန်တော်တို့အားလုံး တညီတညွတ်တည်း သဘောတူဆုံးဖြတ်ခဲ့ပါတယ်”
  • ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ပရောဖက်ကျမ်းမှာ ပါတဲ့ စကားတွေနဲ့ ကိုက်ညီ” (တ. ၁၅:၁၃-၂၁)
  • ‘ညီအစ်ကိုတချို့ကို ရွေးချယ်ပြီး စေလွှတ်’ (တ. ၁၅:၂၂-၂၉)
  • “အားပေးစကားကြောင့် ဝမ်းသာ” (တ. ၁၅:၃၀-၃၅)
  • ယနေ့အချိန်မှာ အုပ်ချုပ်ရေးအဖွဲ့က ဘာလုပ်ဆောင်နေပါသလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
  • ဒီနေ့ ဘုရားလူမျိုးကို ဘယ်သူ ဦးဆောင်နေသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • “သဘောထား ကွဲလွဲပြီး အကြီးအကျယ် ငြင်းခုံကြ”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ရဲ့ အခန်းကဏ္ဍ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
bt အခန်း ၁၄ စာ. ၁၀၈-၁၁၅

အခန်း ၁၄

“ကျွန်တော်တို့အားလုံး တညီတညွတ်တည်း သဘောတူဆုံးဖြတ်ခဲ့ပါတယ်”

အုပ်ချုပ်ရေးအဖွဲ့ ဆုံးဖြတ်ချက် ချပုံ၊ အသင်းတော်များကို စည်းလုံးစေပုံ

တမန်တော် ၁၅:၁၃-၃၅ ကို အခြေခံ

၁၊ ၂။ (က) ပထမရာစု ခရစ်ယာန် အသင်းတော်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ ဘယ်အရေးကြီး မေးခွန်းတွေ ဖြေပေးရမလဲ။ (ခ) ဒီညီအစ်ကိုတွေ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ချနိုင်ဖို့ ဘယ်အချက်အလက်တွေက ပံ့ပိုးပေးသလဲ။

ဘာဆုံးဖြတ်ချက်များ ချမလဲဆိုပြီး လူတွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ အရေးကြီး ဆုံးဖြတ်ချက် ဖြစ်မှန်း ရိပ်မိလို့ တမန်တော်တွေ၊ အကြီးအကဲတွေ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြတယ်။ အရေဖျား ဖြတ်ခြင်းကိစ္စကြောင့် အရေးကြီး မေးခွန်းတွေ ပေါ်လာတယ်။ ခရစ်ယာန်တွေ မောရှေပညတ်အောက် ရှိသလား။ ဂျူးခရစ်ယာန်ရယ်၊ လူမျိုးခြား ခရစ်ယာန်ရယ်ဆိုပြီး ဘုရား ခွဲခြားရှုမြင်ဦးမလား။

၂ ဦးစီးနေတဲ့ အမျိုးသားတွေဟာ အထောက်အထား အများကြီး သုံးသပ်ကြတယ်။ ကျမ်းစာ ပရောဖက်ပြုချက်တွေ ထည့်စဉ်းစားကြတယ်။ လူမျိုးခြား ခရစ်ယာန်တွေကို ဘုရား နှစ်သက်လက်ခံတယ်ဆိုတာ ဖော်ပြတဲ့ ကိုယ်တွေ့ သက်သေခံချက်တွေ ထည့်စဉ်းစားကြတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ်သိသမျှ ထုတ်ပြောကြတယ်။ ဆုံးဖြတ်ချက် ချနိုင်ဖို့ ပံ့ပိုးပေးတဲ့ အချက်အလက်တွေမှ အများကြီးပဲ။ ဘုရား ဘယ်လို ဆုံးဖြတ်စေချင်သလဲ ထင်ရှားနေပြီ။ စွမ်းအားတော် လမ်းညွှန်မှုကို သူတို့ လက်ခံကြမလား။

၃။ တမန်တော် အခန်းကြီး ၁၅ ကနေ ဘာတွေ သင်ယူရမလဲ။

၃ ဒီကိစ္စမှာ စွမ်းအားတော် လမ်းပြမှု လက်ခံနိုင်ဖို့ စစ်မှန်တဲ့ ယုံကြည်ခြင်းနဲ့ သတ္တိ လိုတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ဂျူးဘာသာရေး ခေါင်းဆောင်တွေ ပိုမုန်းလာနိုင်လို့ပဲ။ ဒါ့အပြင် ခေတ်နောက်ပြန်ဆွဲပြီး မောရှေပညတ် ဆက်လိုက်စေချင်တဲ့ အသင်းသားတချို့ရဲ့ ဆန့်ကျင်မှုကိုလည်း ရင်ဆိုင်ရနိုင်တယ်။ အုပ်ချုပ်ရေးအဖွဲ့ ဘာလုပ်မလဲ။ ဒီနေ့ခေတ် ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ လိုက်လျှောက်ဖို့ သူတို့ ဘာစံနမူနာ ချခဲ့ကြောင်း လေ့လာကြစို့။ ကျွန်တော်တို့လည်း ဘဝမှာ ပြဿနာတွေ ကြုံတဲ့အခါ၊ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ဒီစံနမူနာ လိုက်လျှောက်ရမယ်။

“ပရောဖက်ကျမ်းမှာ ပါတဲ့ စကားတွေနဲ့ ကိုက်ညီ” (တ. ၁၅:၁၃-၂၁)

၄၊ ၅။ ပရောဖက်ကျမ်းထဲက ဘယ်ကျမ်းပိုဒ်ကို ယာကုပ် ကိုးကားသလဲ။

၄ ယေရှုရဲ့ မိတူဖကွဲ ညီ၊ တပည့် ယာကုပ် စပြောတယ်။a ယာကုပ်ဟာ အစည်းအဝေး သဘာပတိ ဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောပြနေပုံ ရတယ်။ “ဘုရားသခင်က လူမျိုးခြားတွေကို သတိရပြီး နာမတော်အတွက် သူတို့ထဲကနေ လူတွေကို ရွေးချယ်လိုက်တဲ့အကြောင်း ရှုမောင် အသေးစိတ် ပြောပြခဲ့ပြီပဲ။ အဲဒီအချက်ဟာ ပရောဖက်ကျမ်းမှာ ပါတဲ့ စကားတွေနဲ့ ကိုက်ညီပါတယ်” လို့ ယာကုပ် ပြောတယ်။—တ. ၁၅:၁၄၊ ၁၅။

၅ ရှုမောင် ဒါမှမဟုတ် ရှိမုန် ပေတရုရဲ့ စကား၊ ဗာနဗနဲ့ ပေါလု ပြောပြတဲ့ အထောက်အထားတွေကြောင့် ယာကုပ်ဟာ ဘုရားလမ်းညွှန်ချက်ကို ညီအစ်ကိုတွေ ပိုသဘောပေါက်ဖို့ ကူညီပေးမယ့် ကျမ်းပိုဒ်တွေ မှတ်မိလာပုံ ရတယ်။ (ယော. ၁၄:၂၆) “ပရောဖက်ကျမ်းမှာ ပါတဲ့ စကားတွေနဲ့ ကိုက်ညီပါတယ်” လို့ ပြောပြီးနောက် အာမုတ် ၉:၁၁၊ ၁၂ ကို ယာကုပ် ကိုးကားတယ်။ အာမုတ်ကျမ်းဟာ “ပရောဖက်ကျမ်း” လို့ ခေါ်ကြတဲ့ ဟီဘရူး ကျမ်းစောင်ထဲမှာ ပါတယ်။ (မ. ၂၂:၄၀။ တ. ၁၅:၁၆-၁၈) ယာကုပ် ကိုးကားတဲ့ ကျမ်းစကားဟာ ဒီနေ့ အာမုတ်ကျမ်းမှာ ကျွန်တော်တို့ ဖတ်ရတာနဲ့ နည်းနည်း ကွာတယ်။ ဟီဘရူးကျမ်းစောင်တွေကို ဂရိလို ပြန်ဆိုထားတဲ့ စက်ပ်တွားဂျင့် ကျမ်းကနေ ယာကုပ် ကိုးကားခဲ့ပုံရတယ်။

၆။ ဘုရားအလိုကို ညီအစ်ကိုတွေ သဘောပေါက်ဖို့ ကျမ်းစာက ဘယ်လို ကူညီပေးသလဲ။

၆ “ဒါဝိဒ်ရဲ့ တဲ” ကို ပြန်ထူမယ့်အချိန် ရောက်လာမယ်လို့ ပရောဖက် အာမုတ်ကတစ်ဆင့် ယေဟောဝါ ကြိုဟောတယ်။ “ဒါဝိဒ်ရဲ့ တဲ” ဆိုတာ မေရှိယ နိုင်ငံတော် ပေါ်ထွန်းစေမယ့် မင်းဆက် ဖြစ်တယ်။ (ယေဇ. ၂၁:၂၆၊ ၂၇) ဒါဆိုရင် ဂျူးလူမျိုးကို ယေဟောဝါ သီးသန့် မျက်နှာသာ ပြန်ပေးမယ့် သဘောလား။ မဟုတ်ဘူး။ “လူမျိုးခြားတွေ” ကို “[ဘုရားသခင်ရဲ့] နာမည်နဲ့ မှည့်ခေါ်” မယ်လို့ ပရောဖက်ပြုချက်မှာ ဆက်ပြောတယ်။ “ဘုရားသခင်က ကျွန်တော်တို့ [ဂျူးခရစ်ယာန်တွေ] နဲ့ သူတို့ [လူမျိုးခြား ခရစ်ယာန်တွေ] ကို မခွဲခြားတော့ဘူး။ သူတို့ရဲ့ ယုံကြည်ခြင်းကြောင့် သူတို့ရဲ့ စိတ်နှလုံးကို စင်ကြယ်စေပြီ” လို့ ခုနလေးတင် ပေတရု ပြောတယ်။ (တ. ၁၅:၉) တစ်နည်းအားဖြင့်၊ ဘုရားက ဂျူးတွေကိုကော လူမျိုးခြားတွေကိုပါ နိုင်ငံတော် အမွေခံ ဖြစ်စေချင်တယ်။ (ရော. ၈:၁၇။ ဧ. ၂:၁၇-၁၉) ယုံကြည်သူ လူမျိုးခြားတွေ အရေဖျား ဖြတ်မှ၊ ဂျူးဘာသာ ဝင်မှ နိုင်ငံတော် အမွေခံ ဖြစ်မယ်လို့ ဘယ်ပရောဖက်ပြုချက်မှာမှ ဖော်ပြမထားဘူး။

၇၊ ၈။ (က) ယာကုပ် ဘယ်လို အကြံပြုသလဲ။ (ခ) ညီအစ်ကိုတွေကို ယာကုပ် အာဏာပြ ပြောလိုက်တာလား။ ရှင်းပြပါ။

၇ ကျမ်းစာ အထောက်အထားတွေ၊ ခိုင်လုံတဲ့ သက်သေခံချက်တွေကြောင့် ယာကုပ် ဒီလိုအကြံပြုတယ်– “ဒါကြောင့် ကျွန်တော့်အမြင်ကတော့ ဘုရားသခင်ကို ကိုးကွယ်လာတဲ့ လူမျိုးခြားတွေ အခက်တွေ့အောင် မလုပ်သင့်ဘူး။ အဲဒီအစား ရုပ်တုကိုးကွယ်ခြင်းနဲ့ ဆက်စပ်တဲ့ ညစ်ညူးတဲ့အရာ၊ လိင်အကျင့်ယိုယွင်းမှု၊ လည်ညှစ်သတ်ထားတဲ့ တိရစ္ဆာန်နဲ့ သွေးကို ရှောင်ကြဉ်ဖို့ပဲ စာရေး မှာကြားရင် ကောင်းမယ်။ မောရှေပညတ်ကျမ်းကို ဖတ်ပြီး ဟောခဲ့တဲ့သူတွေ ဟိုးအရင်ကတည်းက မြို့တိုင်းမှာ ရှိတယ်။ ဥပုသ်နေ့တိုင်း တရားဇရပ်တွေမှာ အဲဒီကျမ်းတွေကို အသံကျယ်ကျယ် ဖတ်ပြလေ့ရှိတယ်။”—တ. ၁၅:၁၉-၂၁။

၈ “ကျွန်တော့်အမြင်ကတော့” လို့ ယာကုပ် ပြောလိုက်တာဟာ အစည်းအဝေး သဘာပတိမို့လို့ ဘာလုပ်ပါဆိုပြီး ညီအစ်ကိုတွေကို အာဏာပြ ပြောလိုက်တာလား။ လုံးဝ မဟုတ်ဘူး။ “ကျွန်တော့်အမြင်ကတော့” ဆိုပြီး ပြန်ဆိုထားတဲ့ ဂရိစကားဟာ “ယူဆတယ်” ဆိုတဲ့ သဘော ဖြစ်နိုင်တယ်။ အုပ်ချုပ်ရေးအဖွဲ့ကို ယာကုပ် စိုးမိုးခြယ်လှယ်နေတာ မဟုတ်ဘူး။ ကြားခဲ့တဲ့ အထောက်အထားတွေနဲ့ ကျမ်းစာအဆိုကို အခြေပြုပြီး သုံးသပ်ဖို့ အကြံပြုနေတာ။

၉။ ယာကုပ်ရဲ့ အကြံပြုချက်ကြောင့် ဘာအကျိုးတွေ ရသလဲ။

၉ တမန်တော်တွေ၊ အကြီးအကဲတွေ လက်ခံကြတာကို ကြည့်ရင် ယာကုပ်ရဲ့ အကြံပြုချက် သိပ်ကောင်းတာ သေချာတယ်။ ဒီအကြံပြုချက်ကြောင့် ဘာအကျိုးတွေ ရသလဲ။ လူမျိုးခြား ခရစ်ယာန်တွေ မောရှေပညတ် လိုက်စရာ မလိုလို့ အခက်မတွေ့ကြတော့ဘူး။ (တ. ၁၅:၁၉) ဒါ့အပြင် နှစ်တွေတစ်လျှောက် ‘မောရှေပညတ်ကျမ်းကို ဥပုသ်နေ့တိုင်း တရားဇရပ်တွေမှာ အသံကျယ်ကျယ် ဖတ်ပြ’ တာ ကြားခဲ့ရတဲ့ ဂျူးခရစ်ယာန်တွေရဲ့ သိစိတ်ကိုလည်း လေးစားရာ ရောက်တယ်။b (တ. ၁၅:၂၁) ဒါကြောင့် ဂျူးနဲ့ လူမျိုးခြား ခရစ်ယာန်တွေ နှောင်ကြိုး ပိုခိုင်မြဲလာတယ်။ မိမိရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့အတွက် ယေဟောဝါဘုရားလည်း နှစ်သက်တယ်။ ဘုရားလူမျိုးရဲ့ စည်းလုံးငြိမ်သက်မှုကို ထိပါးလာနိုင်တဲ့ ပြဿနာကို ကောင်းကောင်း ဖြေရှင်းလိုက်တာပဲ။ ဒီနေ့ခေတ် ခရစ်ယာန် အသင်းတော်အတွက် သိပ်ကောင်းတဲ့ စံနမူနာပါပဲ။

၁၉၉၈၊ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီးတစ်ခုမှာ အဲလ်ဘတ် ရှရိုးဒါ ဟောပြောနေပုံ

၁၀။ ဒီနေ့ခေတ် အုပ်ချုပ်ရေးအဖွဲ့ဟာ ပထမရာစု အုပ်ချုပ်ရေးအဖွဲ့ ချခဲ့တဲ့စံနမူနာကို ဘယ်လို လိုက်လျှောက်နေသလဲ။

၁၀ ရှေ့အခန်းမှာ ဖော်ပြတဲ့အတိုင်း ပထမရာစု အုပ်ချုပ်ရေးအဖွဲ့လိုပဲ ဒီနေ့ခေတ် ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ဘာကိစ္စပဲဖြစ်ဖြစ် စကြဝဠာ အချုပ်အခြာ အာဏာရှင် ယေဟောဝါနဲ့ အသင်းတော် ဦးခေါင်း ယေရှုခရစ်ရဲ့ ညွှန်ကြားမှုကို အားကိုးတယ်။c (၁ ကော. ၁၁:၃) ဘယ်လိုနည်းနဲ့လဲ။ ၁၉၇၄ ကနေ မြေကြီးအသက်တာ ကုန်ဆုံးတဲ့ ၂၀၀၆၊ မတ်လအထိ အုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ် အမှုဆောင်ခဲ့တဲ့ အဲလ်ဘတ် ရှရိုးဒါ ဒီလိုရှင်းပြတယ်– “ဗုဒ္ဓဟူးနေ့မှာ အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး လုပ်တယ်။ ယေဟောဝါရဲ့ စွမ်းအားတော် ညွှန်ကြားပေးဖို့ ဆုတောင်းပြီး အစည်းအဝေး စတယ်။ ကိုင်တွယ်ရတဲ့ ကိစ္စရပ်တိုင်း၊ ဆုံးဖြတ်ရတဲ့ ဆုံးဖြတ်ချက်တိုင်း ကျမ်းစာနဲ့ ညီဖို့ ကြိုးစားတယ်။” ၂၀၀၃၊ မတ်လမှာ မြေကြီးအသက်တာ ကုန်ဆုံးသွားတဲ့ သက်တမ်းကြာ အုပ်ချုပ်ရေး အဖွဲ့ဝင် မီလ်တန် ဟန်ရှယ်လ်လည်း ၁၀၁ ကြိမ်မြောက် ဂိလဒ် သင်တန်းဆင်းပွဲမှာ “ဦးစီးသူတွေ အရေးကြီး ဆုံးဖြတ်ချက် မချခင် ကျမ်းစာကနေ အကြံဉာဏ် ယူတဲ့ တခြားအဖွဲ့အစည်းတစ်ခုခု ကမ္ဘာပေါ်မှာ ရှိသလား” ဆိုပြီး မေးခဲ့တယ်။ အဖြေက ရှင်းပါတယ်။

‘ညီအစ်ကိုတချို့ကို ရွေးချယ်ပြီး စေလွှတ်’ (တ. ၁၅:၂၂-၂၉)

၁၁။ အုပ်ချုပ်ရေးအဖွဲ့ ဆုံးဖြတ်ချက်ကို အသင်းတော်တွေဆီ ဘယ်လို အသိပေးသလဲ။

၁၁ ဂျေရုဆလင်မြို့က အုပ်ချုပ်ရေးအဖွဲ့ဟာ အရေဖျား ဖြတ်ခြင်း ပြဿနာကို တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမဲ့ အသင်းတော်က ညီအစ်ကို/မတွေ တညီတညွတ်တည်း လိုက်နာနိုင်ဖို့ ဒီဆုံးဖြတ်ချက်ကို ရှင်းရှင်းလင်းလင်း၊ အားရှိစေတဲ့ နည်းနဲ့ အသိပေးရမယ်။ ဘယ်လိုနည်းနဲ့လဲ။ “တမန်တော်တွေ၊ အကြီးအကဲတွေ အပါအဝင် အသင်းတော်တစ်ခုလုံးက ပေါလု၊ ဗာနဗနဲ့ ညီအစ်ကိုတချို့ကို ရွေးချယ်ပြီး အန္တိအုတ်မြို့ဆီ လွှတ်ဖို့ ဆုံးဖြတ်တယ်။ ဦးဆောင်သူတွေ ဖြစ်တဲ့ ဗာရှဗလို့ ခေါ်တဲ့ ယုဒနဲ့ သိလကို လွှတ်လိုက်တယ်” လို့ မှတ်တမ်းက ဆိုတယ်။ ဒါ့အပြင် အန္တိအုတ်မြို့ကစပြီး ဆီးရီးယားပြည်၊ ကိလိကိပြည်မှာ ရှိတဲ့ အသင်းတော်တွေမှာ ဖတ်ပြဖို့ စာတစ်စောင် ရေးပြီး သူတို့နဲ့ ထည့်ပေးလိုက်တယ်။—တ. ၁၅:၂၂-၂၆။

၁၂၊ ၁၃။ (က) ယုဒနဲ့ သိလကို လွှတ်လိုက်တာ ဘာအကျိုး ရှိစေသလဲ။ (ခ) အုပ်ချုပ်ရေး အဖွဲ့ကနေ စာပို့လိုက်တာ ဘာအကျိုး ရှိစေသလဲ။

၁၂ ယုဒနဲ့ သိလဟာ “ဦးဆောင်သူတွေ” ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးအဖွဲ့ ကိုယ်စားလှယ်အဖြစ် အရည်အချင်း ပြည့်မီကြတယ်။ သူတို့ ယူလာတဲ့ သတင်းဟာ အရေဖျား ဖြတ်ခြင်း ကိစ္စအတွက် အဖြေပေးရုံသာ မဟုတ်ဘဲ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ညွှန်ကြားချက်အသစ် ဖြစ်ကြောင်း ဒီကိုယ်စားလှယ် လေးယောက် ရှင်းရှင်းလင်းလင်း အသိပေးကြမှာ ဖြစ်တယ်။ ‘ရွေးချယ်ပြီး စေလွှတ်’ ခံရသူတွေ ရောက်လာလို့ ဂျေရုဆလင်မှာ ရှိတဲ့ ဂျူးခရစ်ယာန်တွေနဲ့ အသင်းတော်မှာ ရှိတဲ့ လူမျိုးခြား ခရစ်ယာန်တွေ တစ်သွေးတည်း တစ်သံတည်း ဖြစ်လာကြမယ်။ တကယ် ပညာရှိပြီး မေတ္တာပါတဲ့ အစီအစဉ်ပါပဲ။ ဘုရားလူမျိုး ပိုစည်းလုံးသွားမှာ သေချာတယ်။

ဒီနေ့ အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားပုံ

ပထမရာစု ခရစ်ယာန်တွေလိုပဲ ဒီနေ့ခေတ် ယေဟောဝါသက်သေတွေကို စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတဲ့ သစ္စာရှိ အမျိုးသားတွေ ပါဝင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ ညွှန်ကြားနေတယ်။ အုပ်ချုပ်ရေးအဖွဲ့ဟာ ပတ်စဉ် အစည်းအဝေး လုပ်တယ်။ အုပ်ချုပ်ရေးအဖွဲ့ကို အောက်ပါ ကော်မတီ ခြောက်ခုအဖြစ် ဖွဲ့စည်းထားတယ်။ ကော်မတီတစ်ခုစီမှာ တာဝန်အသီးသီး ရှိတယ်။

  • ညှိနှိုင်းရေးမှူးများ ကော်မတီက တရားရေးကိစ္စတွေ ကြီးကြပ်တယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်အကြောင်း လူထုကို တိကျမှန်ကန်စွာ ဖော်ပြဖို့ လိုလာတဲ့အခါ သတင်းမီဒီယာ အသုံးပြုမှုကို ကြီးကြပ်တယ်။ သဘာဝဘေး၊ နှိပ်စက်ညှဉ်းပန်းမှုနဲ့ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေအပေါ် သက်ရောက်မှု ရှိတဲ့ တခြားအရေးကြီးကိစ္စတွေကို ကိုင်တွယ်ပေးတယ်။

  • ဝန်ထမ်းရေးရာ ကော်မတီဟာ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံးတွေမှာ အမှုဆောင်နေတဲ့ ဗေလသ မိသားစုဝင်တွေရဲ့ ကာယရေးပိုင်း၊ ဘုရားရေးရာပိုင်း အစီအစဉ်တွေကို စီမံပေးတယ်။ ဌာနခွဲရုံးတွေမှာ အမှုဆောင်ဖို့ ဝန်ထမ်းသစ်တွေ ဖိတ်ခေါ်တာကိုလည်း ကြီးကြပ်ပေးတယ်။

  • ပုံနှိပ်ထုတ်ဝေရေး ကော်မတီက ကျမ်းစာ,စာပေတွေ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း၊ တင်ပို့ခြင်းကို ကြီးကြပ်ပေးတယ်။ ယေဟောဝါသက်သေတွေရဲ့ ကော်ပိုရေးရှင်းအသီးသီး ပိုင်တဲ့၊ အသုံးပြုနေတဲ့ ပုံနှိပ်တိုက်၊ မြေရာအဆောက်အအုံတွေကို ကြီးကြပ်ပေးတယ်။ ဌာနခွဲ အဆောက်အအုံ၊ နိုင်ငံတော်ခန်းမနဲ့ စည်းဝေးပွဲ ခန်းမ ဆောက်လုပ်ရေးကို ကြီးကြပ်ပေးတယ်။ အလှူငွေ အသုံးပြုမှုကိုလည်း ကြီးကြပ်ပေးတယ်။

  • လုပ်ငန်းတော် ကော်မတီက ဟောပြောခြင်းလုပ်ငန်း၊ အသင်းတော် အကြီးအကဲ၊ တိုက်နယ်ကြီးကြပ်မှူး၊ အချိန်ပြည့် အမှုဆောင်တွေနဲ့ဆိုင်တဲ့ ကိစ္စတွေကို ကြီးကြပ်ပေးတယ်။ ကမ္ဘာချီလုပ်ငန်းကို ခိုင်ခံ့အားရှိစေဖို့ ရည်ရွယ်ချက်နဲ့ ဂိလဒ်သင်တန်း၊ သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းအတွက် သင်တန်းသားတွေ ဖိတ်ခေါ်တယ်။ တာဝန်ချပေးတယ်။

  • သွန်သင်ခြင်း ကော်မတီက စည်းဝေးပွဲ၊ အစည်းအဝေးကြီး၊ အသင်းတော် အစည်းအဝေးတွေမှာ တင်ဆက်တဲ့ အကြောင်းအရာတွေအပြင် ရုပ်သံအစီအစဉ်တွေ ပြင်ဆင်တာကို တာဝန်ယူဆောင်ရွက်တယ်။ ဂိလဒ်သင်တန်း၊ ရှေ့ဆောင်လုပ်ငန်းသင်တန်းနဲ့ တခြားသင်တန်းအသီးသီးအတွက် သင်ရိုးညွှန်းတမ်းတွေ ပြင်ဆင်တဲ့အပြင် ဌာနခွဲရုံး စေတနာ့ ဝန်ထမ်းတွေအတွက် ကျမ်းစာအခြေပြု အစီအစဉ်တွေ စီစဉ်ပေးတယ်။

  • စာပေပြုစုရေး ကော်မတီက အသင်းတော်နဲ့ လူထုအတွက် ကျမ်းစာ အခြေပြု စာပေတွေ ထုတ်ဝေရာမှာ ကြီးကြပ်တယ်။ ကျမ်းစာမေးခွန်းတွေ ဖြေပေးတယ်။ ကမ္ဘာတစ်ဝန်း ဘာသာပြန်လုပ်ငန်းကို ကြီးကြပ်ပေးတယ်။ ပြဇာတ်စာမူ၊ ဟောပြောချက် အောက်လိုင်းတွေကိုလည်း အတည်ပြုပေးတယ်။

အုပ်ချုပ်ရေးအဖွဲ့ဟာ သန့်ရှင်းသော စွမ်းအားတော်ရဲ့ ညွှန်ကြားမှုကို အားထားတယ်။ ဒီအဖွဲ့ဝင်တွေဟာ ကိုယ့်ကိုယ်ကိုယ် ဘုရားလူမျိုးရဲ့ ခေါင်းဆောင်လို့ မယူမှတ်ဘူး။ တခြား ဘိသိက်ခံအားလုံးလိုပဲ “သိုးသငယ် သွားလေရာ တကောက်ကောက် လိုက်သူတွေ” ဖြစ်ကြတယ်။—ဗျာ. ၁၄:၄။

၁၃ လူမျိုးခြား ခရစ်ယာန်တွေဟာ အရေဖျား ဖြတ်ခြင်း ကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ ညွှန်ကြားချက် ရတဲ့အပြင် ဘုရားမျက်နှာသာ၊ ကောင်းချီး ရချင်ရင် ဘာလုပ်ရမယ်ဆိုတာ စာကတစ်ဆင့် သိလာကြတယ်။ “လိုက်နာရမယ့် ဒီအရာတွေကလွဲလို့ တခြားဝန်ကို ခင်ဗျားတို့အပေါ် ထပ်မတင်ဖို့ သန့်ရှင်းသော စွမ်းအားတော် အကူအညီနဲ့ ကျွန်တော်တို့ သဘောတူ ဆုံးဖြတ်နိုင်ခဲ့တယ်– ရုပ်တုရှေ့ ပူဇော်ထားတဲ့အရာ၊ သွေး၊ လည်ညှစ်သတ်ထားတဲ့ တိရစ္ဆာန်၊ လိင်အကျင့်ယိုယွင်းမှုကို အမြဲ ရှောင်ကြဉ်ကြပါ။ ဒါတွေကို သတိထား ရှောင်ကြဉ်မယ်ဆိုရင် ကောင်းစားပါလိမ့်မယ်။ ကျန်းမာကြပါစေ” ဆိုပြီး စာရဲ့ အဓိကအပိုင်းမှာ ဖော်ပြထားတယ်။—တ. ၁၅:၂၈၊ ၂၉။

၁၄။ ဒီနေ့၊ စိတ်ဝမ်းကွဲပြားနေတဲ့ ကမ္ဘာမှာ ဘုရားလူမျိုး ဘာကြောင့် စည်းလုံးနေသလဲ။

၁၄ ဒီနေ့၊ ကမ္ဘာတစ်ဝန်း အသင်းတော်ပေါင်း ၁၀၀,၀၀၀ ကျော်မှာ ယေဟောဝါ သက်သေ ၈,၀၀၀,၀၀၀ ကျော် ရှိတယ်။ ယုံကြည်ချက်၊ လုပ်ဆောင်မှု တူကြတယ်။ ကမ္ဘာပေါ်မှာ မငြိမ်သက်မှု၊ စိတ်ဝမ်းကွဲမှုတွေ များနေပေမဲ့ ဘုရားလူမျိုး ဘာကြောင့် စည်းလုံးနေသလဲ။ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်၊” အုပ်ချုပ်ရေးအဖွဲ့ကတစ်ဆင့် အသင်းတော်ရဲ့ ဦးခေါင်း ယေရှုခရစ် ရှင်းလင်းပြတ်သားစွာ ညွှန်ကြားပေးနေလို့ပဲ။ (မ. ၂၄:၄၅-၄၇) ဒါ့အပြင် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ညွှန်ကြားမှုကို ကမ္ဘာချီ ညီအစ်ကို အသင်းအပင်း တစ်ရပ်လုံး စိတ်လိုကိုယ်လျောက် လက်ခံလို့လည်း စည်းလုံးနေတာ။

“အားပေးစကားကြောင့် ဝမ်းသာ” (တ. ၁၅:၃၀-၃၅)

၁၅၊ ၁၆။ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ညွှန်ကြားချက်ကို ညီအစ်ကိုတွေ ဘယ်လို တုံ့ပြန်ကြသလဲ။ ဘာကြောင့်လဲ။

၁၅ ဂျေရုဆလင်မြို့က ကိုယ်စားလှယ် ညီအစ်ကိုတွေ အန္တိအုတ်မြို့ကို ရောက်တဲ့အခါ “တပည့်အားလုံးကို စုဝေးပြီး စာပေးလိုက်” ကြောင်း တမန်တော်ကျမ်းက ဖော်ပြတယ်။ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ညွှန်ကြားချက်ကို အဲဒီက ညီအစ်ကိုတွေ ဘယ်လို တုံ့ပြန်ကြသလဲ။ “စာဖတ်ပြီးတဲ့အခါ စာမှာ ပါတဲ့ အားပေးစကားကြောင့် ဝမ်းသာသွားကြတယ်။” (တ. ၁၅:၃၀၊ ၃၁) ဒါ့အပြင် ယုဒနဲ့ သိလဟာ “ဟောပြောချက် အများကြီး ပေးပြီး ညီအစ်ကိုတွေကို အားပေးတယ်၊ ခိုင်ခံ့မြဲမြံစေကြတယ်။” ဘုရားအလိုတော် သိစေသူတွေကို ပရောဖက်တွေလို့ ခေါ်တယ်။ ဒါကြောင့် ဗာနဗ၊ ပေါလုနဲ့ တခြားသူတွေလို ယုဒနဲ့ သိလလည်း “ပရောဖက်တွေ” ပဲ။—တ. ၁၃:၁။ ၁၅:၃၂။ ထွ. ၇:၁၊ ၂။

၁၆ ဒီအစီအစဉ်တစ်ခုလုံးအပေါ် ယေဟောဝါ ကောင်းချီးပေးတဲ့အတွက် ပြဿနာ ပြေလည်သွားတယ်။ အသင်းတော် အားရှိသွားတယ်။ အဓိက,ကတော့ ကျမ်းစာနဲ့ သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်မှုအပေါ် အခြေခံတဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ရှင်းလင်းပြတ်သားတဲ့ အချိန်တန် ညွှန်ကြားချက်ကြောင့်ပါပဲ။ ဆုံးဖြတ်ချက်တွေကို အသင်းတော်တွေဆီ မေတ္တာပါပါ အသိပေးလို့လည်း ပါတယ်။

၁၇။ ဒီနေ့ခေတ် တိုက်နယ်ကြီးကြပ်မှူးတွေဟာ ပေါလု၊ ဗာနဗ၊ ယုဒ၊ သိလတို့နဲ့ ဘယ်လို တူကြသလဲ။

၁၇ ဒီနေ့ခေတ် ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့လည်း ကမ္ဘာချီ ညီအစ်ကို အသင်းအပင်းကို အချိန်တန် ညွှန်ကြားချက်တွေ ပေးနေတယ်။ ဆုံးဖြတ်ချက်တွေ ချပြီးရင် အသင်းတော်တွေကို ရှင်းရှင်းလင်းလင်း အသိပေးတယ်။ တစ်နည်းကတော့ တိုက်နယ်ကြီးကြပ်မှူး လည်ပတ်မှုအားဖြင့်ပါ။ ကိုယ်ကျိုးစွန့်တဲ့ အဲဒီညီအစ်ကိုတွေဟာ အသင်းတော် တစ်ခုပြီး တစ်ခု လည်ပတ်ပြီး ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေ ပေးကြတယ်။ တရင်းတနှီး အားပေးကြတယ်။ ပေါလုနဲ့ ဗာနဗလိုပဲ အမှုဆောင်လုပ်ငန်းမှာ အချိန်များစွာ ပါဝင်ပြီး “ယေဟောဝါရဲ့ တရားစကားနဲ့ဆိုင်တဲ့ သတင်းကောင်းကို တခြားသူတွေနဲ့အတူ ဟောပြောသွန်သင်ကြတယ်။” (တ. ၁၅:၃၅) ယုဒနဲ့ သိလလိုပဲ “ဟောပြောချက် အများကြီး ပေးပြီး ညီအစ်ကိုတွေကို အားပေးတယ်၊ ခိုင်ခံ့မြဲမြံစေကြတယ်။”

၁၈။ ယေဟောဝါရဲ့ ကောင်းချီး ခံစားရဖို့ ဘုရားလူမျိုး ဘာလုပ်ရမလဲ။

၁၈ စိတ်ဝမ်းကွဲပြားနေတဲ့ ဒီလောကမှာ အသင်းတော်တွေ စည်းလုံးငြိမ်သက်ဖို့ ဘာက ကူညီပေးသလဲ။ “အထက်က လာတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်တဲ့သူဟာ ဦးဆုံးအနေနဲ့ စင်ကြယ်တယ်။ ပြီးတော့ သင့်သင့်မြတ်မြတ် နေတတ်တယ်။ အကျိုးသင့်အကြောင်းသင့် ရှိတယ်။ နာခံဖို့ အသင့်ရှိတယ်။ . . . ဖြောင့်မတ်ခြင်း မျိုးစေ့ဟာ သင့်မြတ်စေသူအတွက် ငြိမ်သက်တဲ့ အခြေအနေမှာ ကြဲထားတယ်” ဆိုတဲ့ ကျမ်းစကားကို ရေးတာ တပည့် ယာကုပ် ဖြစ်ကြောင်း သတိရပါ။ (ယာ. ၃:၁၇၊ ၁၈) ဂျေရုဆလင်မြို့မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးအကြောင်း တွေးမိပြီး ယာကုပ် ဒီလိုရေးတာ ဟုတ်မဟုတ် အတိအကျတော့ မသိဘူး။ ဒါပေမဲ့ တမန်တော် အခန်းကြီး ၁၅ မှာ ပါတဲ့ မှတ်တမ်းကနေ သိရတာက စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်မှ ယေဟောဝါရဲ့ ကောင်းချီး ခံစားရမယ် ဆိုတာပဲ။

၁၉၊ ၂၀။ (က) အန္တိအုတ် အသင်းတော် ငြိမ်သက်စည်းလုံးသွားကြောင်း ဘာက ဖော်ပြသလဲ။ (ခ) အခု ပေါလုနဲ့ ဗာနဗ ဘာလုပ်နိုင်ပြီလဲ။

၁၉ အန္တိအုတ် အသင်းတော် ငြိမ်သက်စည်းလုံးသွားပြီ။ ဂျေရုဆလင်မြို့က လာတဲ့ ယုဒနဲ့ သိလကို အငြင်းအခုံ လုပ်မယ့်အစား သူတို့ လာလည်ပတ်လို့ ကျေးဇူးတင်နေကြတယ်။ “သူတို့က ညီအစ်ကိုတွေနဲ့ အတန်ကြာနေပြီးတဲ့နောက် နှုတ်ဆက်ပြီး ဂျေရုဆလင်ကို ပြန်လာကြတယ်။”d (တ. ၁၅:၃၃) ခရီးစဉ်အကြောင်း သူတို့နှစ်ယောက် ပြောတာ ကြားတဲ့အခါ ဂျေရုဆလင်မြို့က ညီအစ်ကိုတွေ ဝမ်းသာကြမှာ သေချာတယ်။ ယေဟောဝါရဲ့ မဟာကရုဏာတော်ကြောင့် တာဝန်ကို သူတို့ အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်ခဲ့ကြတယ်။

၂၀ အခု၊ အန္တိအုတ်မြို့မှာ နေရစ်ခဲ့တဲ့ ပေါလုနဲ့ ဗာနဗ ဟောပြောခြင်းကို အာရုံစိုက် ဦးဆောင်ပေးနိုင်ကြပြီ။ ဒီနေ့ခေတ် တိုက်နယ်ကြီးကြပ်မှူးတွေ အသင်းတော်တွေဆီ လည်ပတ်တဲ့အခါ အဲဒီလိုပဲ။ (တ. ၁၃:၂၊ ၃) ယေဟောဝါရဲ့ လူမျိုးအတွက် တိုက်နယ်ကြီးကြပ်မှူးတွေဟာ တကယ့်ကောင်းချီးပဲ။ ဇွဲထက်သန်တဲ့ သတင်းကောင်း ဟောပြောသူ နှစ်ယောက်ကို ယေဟောဝါ ဘယ်လို ဆက်သုံးသလဲ၊ ဘယ်လို ကောင်းချီးပေးသလဲ။ နောက်အခန်းမှာ ကြည့်ကြစို့။

အစည်းအဝေးကြီး တစ်ခုမှာ သားအမိနှစ်ယောက် “လူငယ်များ အမေး—တာသွားသည့် အဖြေ” စာအုပ် ဒုတိယတွဲကို ကြည့်နေ။

အုပ်ချုပ်ရေးအဖွဲ့နဲ့ ကိုယ်စားလှယ်တွေကတစ်ဆင့် ဘုရား ပြင်ဆင်တာတွေကနေ ဒီနေ့ခေတ် ခရစ်ယာန်တွေ အကျိုးခံစားနေကြ

“သခင့်ညီ” ယာကုပ်

ယေရှုရဲ့ မိတူဖကွဲ ညီစာရင်းမှာ ယောသပ်နဲ့ မာရိရဲ့ သား ယာကုပ်ကို ထိပ်ဆုံးမှာ ဖော်ပြထားတယ်။ (မ. ၁၃:၅၄၊ ၅၅) ဒါကြောင့် ယာကုပ်ဟာ မာရိရဲ့ ဒုတိယသား ဖြစ်နိုင်တယ်။ ယေရှုနဲ့အတူ ကြီးပြင်းလာပြီး ယေရှု ဟောတာပြောတာတွေ မြင်တယ်။ ယေရှု ပြတဲ့ “အံ့ဖွယ်အမှုတွေ” ကို ကိုယ်တိုင် မြင်မြင်၊ မမြင်မြင် အနည်းဆုံးတော့ ကြားဖူးတယ်။ ဒါပေမဲ့ ယေရှု အမှုဆောင်စဉ် ယာကုပ်နဲ့ ညီတွေဟာ အစ်ကို ဖြစ်သူကို “ယုံကြည်သက်ဝင်မှု မရှိကြဘူး။” (ယော. ၇:၅) ယေရှု “စိတ်ဖောက်ပြန်သွားပြီ” လို့ ဆွေမျိုးတချို့ ပြောကြတုန်းက ယာကုပ် သံယောင်လိုက်ခဲ့တာတောင် ဖြစ်နိုင်တယ်။—မာ. ၃:၂၁။

ယာကုပ် စာလိပ်ထဲက ဖတ်ပြနေ။

ဒါပေမဲ့ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် အားလုံး ပြောင်းလဲသွားတယ်။ ဂရိကျမ်းစာမှာ နာမည်တူ နောက်ထပ် ယာကုပ် သုံးယောက် ရှိတယ်။ ဒါပေမဲ့ ရှင်ပြန်ထမြောက်ပြီးနောက် ရက်ပေါင်း ၄၀ အတွင်း ယေရှု ကိုယ်ထင်ပြတာ မိတူဖကွဲညီ ယာကုပ် ဖြစ်တာ ထင်ရှားတယ်။ (၁ ကော. ၁၅:၇) ဒီအတွေ့အကြုံကြောင့် မိမိအစ်ကိုဟာ ဘုရားသား၊ မေရှိယ ဖြစ်ကြောင်း ယာကုပ် သဘောပေါက်သွားမှာပဲ။ ယေရှု ကောင်းကင် တက်ပြီး ဆယ်ရက် မပြည့်ခင် ယာကုပ်၊ မိခင်နဲ့ ညီတွေဟာ တမန်တော်တွေနဲ့အတူ အထက်ခန်းမမှာ စုဝေးပြီး ဆုတောင်းနေကြတယ်။—တ. ၁:၁၃၊ ၁၄။

နောက်တော့ ယာကုပ်ဟာ ဂျေရုဆလင် အသင်းတော်မှာ အလွန် လေးစားခံရသူ ဖြစ်လာပြီး အသင်းတော်ရဲ့ တမန်တော် ဒါမှမဟုတ် “စေလွှတ်ခံရသူ” အဖြစ် ယူမှတ်ခံရပုံရှိတယ်။ (ဂလ. ၁:၁၈၊ ၁၉) တမန်တော် ပေတရု ထောင်ကနေ အံ့ဖွယ်နည်းနဲ့ လွတ်လာပြီးနောက် “ယာကုပ်နဲ့ ညီအစ်ကိုတွေကိုလည်း အကြောင်းကြားလိုက်ပါ” လို့ တပည့်တွေကို ပြောတဲ့အတွက် ယာကုပ်ဟာ အသင်းတော်မှာ အရာရောက်သူတစ်ယောက် ဖြစ်ကြောင်း ထင်ရှားတယ်။ (တ. ၁၂:၁၂၊ ၁၇) ဂျေရုဆလင်မြို့က “တမန်တော်တွေနဲ့ အကြီးအကဲတွေ” ဆီ အရေဖျား ဖြတ်ခြင်းကိစ္စ ရောက်လာချိန်မှာ ယာကုပ် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပုံရှိတယ်။ (တ. ၁၅:၆-၂၁) ယာကုပ်၊ ကေဖ (ပေတရု) နဲ့ တမန်တော် ယောဟန်ဟာ ဂျေရုဆလင် အသင်းတော်ရဲ့ “အမာခံလို ဖြစ်နေ” ကြောင်း တမန်တော် ပေါလုလည်း အသိအမှတ်ပြုတယ်။ (ဂလ. ၂:၉) နှစ်တွေ ကုန်လွန်ပြီးနောက် တတိယ သာသနာပြု ခရီးစဉ်ကနေ ဂျေရုဆလင်မြို့ကို ပေါလု ပြန်ရောက်တဲ့အခါ ယာကုပ်နဲ့ အဲဒီမှာ ရှိနေတဲ့ “အကြီးအကဲအားလုံး” ကို ခရီးစဉ်အကြောင်း ပြောပြတယ်။—တ. ၂၁:၁၇-၁၉။

“သခင့်ညီ” လို့ ပေါလု ခေါ်ထားတဲ့ ယာကုပ်ဟာ မိမိနာမည် တပ်ထားတဲ့ ကျမ်းစောင်ကို ရေးခဲ့တယ်။ (ဂလ. ၁:၁၉) အဲဒီကျမ်းစောင်မှာ ယာကုပ်ဟာ မိမိကိုယ်ကိုယ် ယေရှုရဲ့ ညီ၊ တမန်တော်လို့ မဖော်ပြဘဲ “ဘုရားသခင်နဲ့ သခင်ယေရှုခရစ်ရဲ့ ကျွန်” လို့ နှိမ့်ချမှု ရှိရှိ ဖော်ပြတယ်။ (ယာ. ၁:၁) ယာကုပ်ကျမ်းကို ဖတ်ကြည့်တဲ့အခါ ယာကုပ်ဟာ ယေရှုလိုပဲ သဘာဝလောကနဲ့ လူ့သဘောသဘာဝကို ဂရုတစိုက် အကဲခတ်လေ့ရှိကြောင်း သိရတယ်။ လေအရှိန်ကြောင့် လှုပ်ရှားတဲ့ ပင်လယ်လှိုင်း၊ ကြယ်အတိပြီးတဲ့ ကောင်းကင်၊ နေပူရှိန်၊ ညှိုးနွမ်းလွယ်တဲ့ ပန်း၊ တောမီး၊ သားယဉ်တွေ အပါအဝင် မြင်နေကျအရာတွေကို ယာကုပ် ကိုးကားပြတယ်။ (ယာ. ၁:၆၊ ၁၁၊ ၁၇။ ၃:၅၊ ၇) လူတွေရဲ့ တွေးခေါ်ပြုမူပုံကို နားလည်ဖို့ ယာကုပ်ကို ဘုရား ကူညီပေးတဲ့အတွက် ယာကုပ်ကျမ်းမှာ ပါတဲ့ အကြံဉာဏ်တွေက တခြားသူတွေနဲ့ ဆက်ဆံရေးကောင်းဖို့ ကျွန်တော်တို့ကို ကူညီပေးတယ်။—ယာ. ၁:၁၉၊ ၂၀။ ၃:၂၊ ၈-၁၈။

၁ ကောရိန္သု ၉:၅ မှာ မှတ်တမ်းတင်ထားတဲ့ ပေါလုရဲ့ စကားအရ ယာကုပ်ဟာ အိမ်ထောင်သည် ဖြစ်ပုံရတယ်။ ယာကုပ် ဘယ်အချိန်မှာ ဘယ်လို သေဆုံးသွားကြောင်း ကျမ်းစာမှာ ဖော်ပြမထားဘူး။ အေဒီ ၆၂ လောက်မှာ ရောမ ဘုရင်ခံ ပေါကိ ဖေတ္တု ကွယ်လွန်ပြီးနောက် ရာထူးကို အယ်လ်ဘီနပ်စ် မဆက်ခံခင်လေးမှာ ပုရောဟိတ်မင်း အန္နတ်ဟာ “ဂျူးတရားရုံးချုပ်က တရားသူကြီးတွေကို စုရုံးပြီး ခရစ်တော်လို့ ခေါ်တဲ့ ယေရှုရဲ့ ညီ ယာကုပ်အမည်ရှိသူနဲ့ လူတချို့ကို မိမိတို့ရှေ့ ခေါ်သွင်းတယ်။ ပညတ်တရား ချိုးဖောက်သူတွေလို့ စွပ်စွဲပြီး ခဲနဲ့ ပေါက်သတ်ဖို့ စီရင်ခဲ့တယ်” လို့ ဂျူးသမိုင်းပညာရှင် ဂျိုစီဖတ်စ် ဖော်ပြတယ်။

a “‘သခင့်ညီ’ ယာကုပ်” လေးထောင့်ကွက်ကို ကြည့်ပါ။

b မောရှေရဲ့ ရေးသားချက်တွေကို ယာကုပ် ပညာသားပါပါ ကိုးကားတယ်။ မောရှေရဲ့ ရေးသားချက်ထဲမှာ ပညတ်တရား ပါတယ်။ ပညတ်တရား မရှိခင်ကတည်းက လူတွေနဲ့ပတ်သက်ပြီး ဘုရား ဘာအလိုရှိတယ်ဆိုတာ ဖော်ပြတဲ့ မှတ်တမ်းတွေ ပါတယ်။ ဥပမာ၊ သွေး၊ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ ရုပ်တု ကိုးကွယ်မှုနဲ့ပတ်သက်ပြီး ဘုရားအမြင်ကို ကမ္ဘာဦးကျမ်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (က. ၉:၃၊ ၄။ ၂၀:၂-၉။ ၃၅:၂၊ ၄) ဒီနည်းနဲ့ ဂျူးဖြစ်စေ၊ လူမျိုးခြားဖြစ်စေ လူအားလုံး လိုက်နာရမယ့် မူတွေကို ယေဟောဝါ ဖော်ပြခဲ့တယ်။

c “ဒီနေ့ အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားပုံ” လေးထောင့်ကွက်ကို ကြည့်ပါ။

d အခန်းငယ် ၃၄ မှာ ဘာသာပြန်ကျမ်းတချို့က အန္တိအုတ်မြို့မှာ သိလ နေရစ်ခဲ့တယ်လို့ ထင်ရစေတဲ့ စကားလုံးတွေ ထည့်ထားတယ်။ (ယုဒသန်ကျမ်း) ဒါပေမဲ့ ဒီစကားလုံးတွေဟာ နောက်ပိုင်းမှ ဖြည့်စွက်ထားပုံ ရတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ