ဒဿနိကဗေဒ
အဓိပ္ပာယ်သတ်မှတ်ချက်– ဒဿနိကဗေဒဟူသောစကားမှာ “ပညာကိုမြတ်နိုးမှု” ဟူ၍အဓိပ္ပာယ်ရှိသော ဂရိရင်းမြစ်မှ ဆင်းသက်လာသည်။ ဤတွင်ဆွေးနွေးသော ဒဿနိကဗေဒသည် ဘုရားသခင်ကိုယုံကြည်မှုပေါ်ဆောက်တည်သည်မဟုတ်။ သို့သော် ၎င်းသည် လူတို့အား စကြဝဠာနှင့်ပတ်သက်၍ တစ်ပြေးညီအမြင်ရှိစေရန်၊ လူတို့အား အပြစ်ရှာတွေးတောတတ်သူများဖြစ်စေရန် အားထုတ်သည်။ အမှန်တရားရှာဖွေရာ၌ စူးစမ်းလေ့လာမှုကိုသုံးမည့်အစား၊ အဓိကအားဖြင့် တွေးဆမှုကိုအသုံးပြုသည်။
ကျွန်ုပ်တို့မည်သူမဆို စစ်မှန်သောအသိသုတနှင့်ပညာကို မည်သို့ဆည်းပူးနိုင်သနည်း
သု. ၁:၇; ဆာ. ၁၁၁:၁၀၊ သမ္မာ– “ထာဝရဘုရားကိုကြောက်ရွံ့ရိုသေခြင်းသည် အသိပညာ [“အသိသုတ၊” ကဘ] . . . [နှင့်] ပညာ၏ အစမူလဖြစ်၏။” (အကယ်၍ စကြဝဠာသည် ဉာဏ်ရှိသောဖန်ဆင်းရှင်၏ လက်ရာမဟုတ်၊ စဉ်းစားဆင်ခြင်ဉာဏ်မဲ့အင်အားတစ်ခုကြောင့် ဖြစ်ပေါ်ခဲ့သော် စကြဝဠာဆိုင်ရာ တစ်ပြေးညီအမြင် ရှိနိုင်မည်မဟုတ်။ မမှန်ပေလော။ ဆင်ခြင်ဉာဏ်မဲ့သောအရာတစ်ခုကိုလေ့လာလျှင် ပညာဟုခေါ်နိုင်သည့်အရာတစ်စုံတစ်ခုမျှ ပေါ်ပေါက်လာနိုင်မည်မဟုတ်။ မမှန်ပေလော။ ဘုရားသခင်နှင့် ကိုယ်တော့်ရည်ရွယ်တော်မူချက်ကို ဥပေက္ခာပြုလျက် စကြဝဠာနှင့် အသက်အကြောင်း နားလည်ရန်အားထုတ်သူတို့သည် စိတ်ပျက်စရာနှင့် တစ်ချိန်လုံးတိုးရသည်သာ။ မိမိတို့သိရှိရာကို အဓိပ္ပာယ်အလွဲဖော်၍ မိမိတို့ဆည်းပူးရရှိသည့်အချက်အလက်များကို အလွဲသုံးကြ၏။ ဘုရားသခင်ပေါ်ယုံကြည်ခြင်းကိုပယ်သဖြင့် တိကျမှန်ကန်သောအသိသုတသော့ချက်ပျက်စီးရကား မုချတစ်သမတ်တည်းဖြစ်သော အတွေးအခေါ်ဘောင်တစ်ခု မရနိုင်တော့ချေ။)
သု. ၂:၄-၇၊ သမ္မာ– “ငွေကိုရှာသကဲ့သို့ ပညာကိုရှာ၍ ဝှက်ထားသောဘဏ္ဍာကို စူးစမ်းသကဲ့သို့ ဉာဏ်ကိုစူးစမ်းလျှင် . . . ထာဝရဘုရားကိုကြောက်ရွံ့ရိုသေခြင်း၊ ဘုရားသခင်ကိုသိကျွမ်းခြင်းသည် မည်သို့ဖြစ်သည်ကို တွေ့သိရလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ပညာကိုပေးတော်မူ၏။ အသိပညာနှင့်နားလည်နိုင်သောဉာဏ်သည် နှုတ်တော်မှထွက်၏။ ရိုးဖြောင့်သောသူတို့အဖို့ ကယ်လွှတ်ခြင်း [“လက်တွေ့ကျပညာ၊” ကဘ] ကို သိုထားတော်မူ၏။” (ယေဟောဝါသည် မိမိ၏နှုတ်ကပါဌ်တော်နှင့် ရူပအဖွဲ့အစည်းတော်မှတစ်ဆင့် လိုအပ်ရာကူညီမှုကိုပေးတော်မူ၏။ လေးနက်ထက်သန်သောဆန္ဒနှင့်တကွ စဉ်းစားဉာဏ်သတ္တိကို အပြုသဘောဖြင့်အသုံးပြုခြင်းအပါအဝင် ကိုယ်ထူကိုယ်ထ လုံ့လစိုက်ခြင်းလည်းလိုသည်။)
ဤဌာနမှ ပရမတ် (အကြွင်းမဲ့အမှန်တရား) ရဖို့မျှော်လင့်လျှင် လက်တွေ့ကျ၏လော
၂ တိ. ၃:၁၆; ယော. ၁၇:၁၇– “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ် [၏။]” ယေရှုက ကောင်းကင်ခမည်းတော်အား “ကိုယ်တော်၏နှုတ်ကပါဌ်တော်သည် သမ္မာတရား ဖြစ်ပါ၏” ဟု လျှောက်ဆိုသည်။ (စကြဝဠာဖန်ဆင်းရှင်သည် စကြဝဠာအကြောင်း အကြွင်းမဲ့နားလည်တော်မူသည်ဟုဆိုလျှင် မဆီလျော်ပေလော။ ကျမ်းစာ၌ စကြဝဠာအကြောင်း အလုံးစုံဖော်ပြမထားသော်လည်း ဖော်ပြသမျှသည် မှန်းဆချက်မဟုတ်။ အမှန်တရားဖြစ်၏။ ကမ္ဘာနှင့်လူသားများအဖို့ မိမိအဘယ်ရည်ရွယ်ချက်ရှိကြောင်း၊ ၎င်းကိုမည်သို့အထမြောက်စေမည်ဖြစ်ကြောင်းကိုလည်း ရေးသားထား၏။ ကိုယ်တော့်အနန္တတန်ခိုး၊ အဆင့်အမြင့်ဆုံးပညာ၊ အကြွင်းမဲ့တရားမျှတမှုနှင့် မဟာမေတ္တာတော်သည် ရည်ရွယ်တော်မူချက် အကောင်းမွန်ဆုံးနည်းဖြင့် ဧကန်ဖြစ်မြောက်မည့်အာမခံချက်တည်း။ သို့ဖြင့် ကိုယ်တော့်ဂုဏ်ရည်တော်တို့က ကိုယ်တော့်ရည်ရွယ်ချက်ဆိုင်ရာဗျာဒိတ်တော်ကို ကျွန်ုပ်တို့အကြွင်းမဲ့အားထားနိုင်ကြောင်း၊ အမှန်တရားဖြစ်ကြောင်း ယုံကြည်စိတ်ချစေသည်။)
လူ့ဒဿနိကဗေဒ အဘယ်မှအစပြုခဲ့သနည်း
ချွတ်ယွင်းချက်ရှိသော လူသားများထံမှ လာသည်။ ကျမ်းစာက ကျွန်ုပ်တို့အား ဤသို့အသိပေး၏– “လူသည် . . . သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။” (ယေ. ၁၀:၂၃) ထိုချွတ်ယွင်းချက်များကို မရှိသလိုလျစ်လျူရှုလျှင် ကောင်းကျိုးမဖြစ်ထွန်းကြောင်း သမိုင်းကသက်သေထူ၏။ တစ်ခါက “ထာဝရဘုရားသည် ယောဘစကားကိုလှန်ပြန်၍ မိုးသက်မုန်တိုင်းထဲက မိန့်တော်မူသည်ကား၊ ပညာမရှိဘဲ စကားပြောကာမျှနှင့် ငါ့အကြံကိုမိုက်စေသောဤသူကား အဘယ်သူနည်း။ လူယောက်ျားကဲ့သို့ သင့်ခါးကိုစီးလော့။ ငါမေးမြန်းသောပြဿနာတို့ကိုဖြေလော့။ မြေကြီးအမြစ်ကိုငါတည်သောအခါ သင်သည်အဘယ်မှာရှိသနည်း။ နားလည်လျှင် ဖော်ပြလော့။” (ယောဘ ၃၈:၁-၄) (လူသည် သဘာဝအလျောက် ချွတ်ယွင်းချက်ရှိ၏။ ထို့ပြင် ဘဝအတွေ့အကြုံလည်း နည်းပါး၍ ယဉ်ကျေးမှု သို့မဟုတ် အခြေအနေတစ်မျိုးအောက်မှာသာရှိ၏။ ထို့ကြောင့် အသိသုတနယ်ပယ်ကျဉ်း၏။ အရာရာသည် အပြန်အလှန်ဆက်စပ်လျက်ရှိနိုင်လွန်းရကား လူတို့သည် မိမိတို့လုံလောက်စွာမသုံးသပ်မိသည့်အပိုင်းများရှိသည်ကို တစ်ချိန်လုံးတွေ့နေရသည်။ သို့ဖြစ်၍ မိမိတို့အစပြုလိုက်သောတွေးခေါ်ချက်များသည် ထိုသို့သောချွတ်ယွင်းချက်များနှင့် မကင်းတော့ချေ။)
မစုံလင်သောလူသားများတီထွင်ရာဖြစ်သည်။ “လူအပေါင်းတို့သည် ဘုရားသခင်၏ဘုန်းတော်ကိုမမီဘဲ ပြစ်မှား [ကြ၏။]” (ရော. ၃:၂၃၊ သမ) “လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း အဆုံး၌ သေခြင်းသို့ပို့သော လမ်းတစ်မျိုးရှိ၏။” (သု. ၁၄:၁၂) (ဤသို့သောမစုံလင်မှုကြောင့် လူ့အတွေးအခေါ်များသည် အခြေခံအားဖြင့် တစ်ကိုယ်ကောင်းစိတ်နှင့်မကင်းချေ။ တဒင်္ဂသာယာမှုကိုဖန်တီးနိုင်သည်ပဲထား၊ စိတ်ပျက်ဝမ်းနည်းမှုသို့ပို့ဆောင်တတ်သည်။)
နတ်ဝိညာဉ်များ၏ပယောဂနှင့်မကင်းချေ။ “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်။” (၁ ယော. ၅:၁၉) “မာရ်နတ်စာတန်” သည် “ဤလောကတစ်နိုင်ငံလုံးကိုလှည့်ဖြား [၏။]” (ဗျာ. ၁၂:၉) “အခါတစ်ပါးက သင်တို့သည် ဆိုးညစ်မှုနှင့်အပြစ်ဒုစရိုက်များတွင် နစ်မြုပ်ဆုံးပါးလျက်ရှိနေခဲ့ကြ၏။ ဤမျက်မှောက်လောက၏အပြစ်လမ်းစဉ်အတိုင်း လိုက်လျှောက်ခဲ့ကြ၏။ အာကာသတွင် ကျက်စားသွားလာလျက်ရှိသည့် နတ်မိစ္ဆာဘုရင်၏သြဇာခံများဖြစ်ခဲ့ကြ၏။” (ဧ. ၂:၂၊ သက) ဘုရားသခင့်ကောင်းမြတ်ဖြောင့်မတ်သောတောင်းဆိုချက်များကိုလွန်ဆန်ရန် အားပေးသောအတွေးအခေါ်များသည် အဆိုပါသြဇာနှင့်မကင်းကြောင်း ထင်ရှား၏။ ထို့ကြောင့်၊ သမိုင်းသက်သေထူသည့်အတိုင်း လူ့တွေးခေါ်ကြံဆမှုများကြောင့် လူအများထု ဝမ်းနည်းကြေကွဲရ၏။)
လူ့အတွေးအခေါ်အစား၊ ယေရှုခရစ်၏သြဝါဒကိုလေ့လာခြင်းသည် အဘယ်ကြောင့် ကြည်လင်သောစဉ်းစာဉာဏ်ရှိကြောင်း ပြသနည်း
ကော. ၁:၁၅-၁၇၊ သမ္မာ– “ထိုသားတော် [ယေရှုခရစ်] သည် မျက်မြင်မရသောဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။ အကြောင်းမူကား၊ ထိုသားတော် [“အားဖြင့်၊” ကဘ] ကောင်းကင်ပေါ် မြေကြီးပေါ်မှာရှိသမျှသော . . . အရာကို ဖန်ဆင်းတော်မူ၏။ ထိုအရှင်အားဖြင့်လည်းကောင်း၊ ထိုအရှင်အဖို့အလိုငှာလည်းကောင်း၊ ခပ်သိမ်းသောအရာများသည် ဖန်ဆင်းလျက်ဖြစ်ကြ၏။ သားတော်သည်လည်း အရာခပ်သိမ်းသောအရင် ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာသည် ကိုယ်တော် [“အားဖြင့်၊” ကဘ] သာတည်ကြ၏။” (ယေရှုသည် ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရှိသဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား ဘုရားသခင်နှင့်ဆိုင်သောအမှန်တရားကို ပို့ချနိုင်၏။ ထို့ပြင်၊ ယေရှုအားဖြင့် အခြားအရာခပ်သိမ်းကိုဖန်ဆင်းတော်မူသည်ဖြစ်၍ ယေရှုသည် ဖန်ဆင်းရာစကြဝဠာတစ်ခုလုံးအကြောင်း အကြွင်းမဲ့နားလည်တော်မူ၏။ အဘယ်လူသားတွေးခေါ်ရှင်မျှ ထိုပညာမပေးနိုင်။)
ကော. ၁:၁၉၊ ၂၀– “ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ ကျိန်းဝပ်စေခြင်းငှာလည်းကောင်း၊ . . . ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့စေခြင်းငှာလည်းကောင်း အလိုရှိတော်မူ၏။” (ထို့ကြောင့် ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် ဖန်ဆင်းရာအလုံးစုံကို မိမိနှင့်ပြန်လည်သင့်မြတ်စေရန်ရည်ရွယ်တော်မူ၏။ ဒံယေလ ၇:၁၃၊ ၁၄ တင်ပြသည့်အတိုင်း တစ်ကမ္ဘာလုံးအုပ်စိုးခြင်းအာဏာကို ယေရှုလက်၌လည်း အပ်နှင်းတော်မူပြီ။ ထို့ကြောင့် ကျွန်ုပ်တို့၏အနာဂတ်သေရေးရှင်ရေးသည် ယေရှုကိုသိကျွမ်းခြင်း၊ ယေရှု၏သြဝါဒကိုလက်ခံကျင့်သုံးခြင်းပေါ်မူတည်၏။)
ကော. ၂:၈– “ခရစ်တော်၏တရားကိုမလိုက်၊ လူအဆက်ဆက်ခံသောနည်းဥပဒေသနှင့် လောကီတရားနုကိုလိုက်၍ လောကီပညာ [“ဒဿနိကဗေဒ၊” ကဘ] နှင့် အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီးစေခြင်းငှာ၊ သတိပြုကြလော့။” (စကြဝဠာတွင် ဘုရားသခင့်အောက်၊ ဒုတိယအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော ယေရှုခရစ်ထံတပည့်ခံ၍ ပညာစစ်ကိုဆည်းပူးမည့်အစား၊ လှည့်ဖြားတတ်သော လူ့ဒဿနိကဗေဒရွေးလျှင် ဝမ်းနည်းဖွယ်အမှားပါတကား!)
လူ့အတွေးအခေါ်ပေးသော “ပညာ” ကို ဘုရားသခင် မည်သို့ ရှုမှတ်တော်မူသနည်း
၁ ကော. ၁:၁၉-၂၅၊ သမ္မာ– “ကျမ်းစာလာသည်ကား၊ ပညာရှိတို့၏ပညာကို ငါဖျက်ဆီးမည်။ ဉာဏ်ကောင်းသောသူတို့၏ဉာဏ်ကိုလည်း ငါပယ်မည်ဟုလာသတည်း။ ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းတတ်ဆရာကား အဘယ်မှာရှိသနည်း။ ယခုကာလ၌ ပြဿနာလေ့ကျက်သောဆရာကား အဘယ်မှာရှိသနည်း။ လောကီပညာကို ဘုရားသခင်သည် မိုက်စေတော်မူသည်မဟုတ်လော။ အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ပညာတော်စီရင်သည်နှင့်အညီ၊ လောကသားတို့သည် မိမိတို့ပညာအားဖြင့် ဘုရားသခင်ကိုမသိဘဲနေကြသည်ဖြစ်၍၊ ဘုရားသခင်သည် ယုံကြည်သောသူတို့ကို [လောကအမြင်၌] မိုက်မဲခြင်းဖြစ်သောတရားအားဖြင့် ကယ်တင်ခြင်းငှာ စေတနာရှိတော်မူ၏။ . . . အကြောင်းမူကား၊ ဘုရားသခင်၏ [လောကအမြင်] မိုက်မဲခြင်းအရာသည် လူတို့၏ပညာထက်သာ၍ပညာရှိ၏။ ဘုရားသခင်၏အားနည်းခြင်းအရာသည် လူတို့၏အစွမ်းထက်သာ၍ အစွမ်းရှိ၏။” (ဘုရားသခင့်ဤအမြင်သည် တစ်ဖက်သတ်ဆန်သောအမြင် လုံးဝမဟုတ်။ ကိုယ်တော်သည် မိမိ၏ရည်ရွယ်ချက်အကြောင်းကို ကမ္ဘာပေါ်အုပ်ရေအများဆုံးထုတ်ဝေသောစာစောင် သမ္မာကျမ်းစာ၌ ရှင်းလင်းစွာတင်ပြထား၏။ နားထောင်လိုသူတို့နှင့်ကျမ်းစာဆွေးနွေးရန် မိမိ၏သက်သေများကိုလည်း စေလွှတ်တော်မူပြီ။ အဘယ်သတ္တဝါမဆို ဘုရားသခင်ထက် မိမိ ပို၍ပညာရှိသည်ဟုထင်လျှင် မည်မျှမိုက်မဲရာကျသည်တကား!)