ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ia အခန်း ၂ စာ. ၁၇-၂၄
  • “ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်းသူ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်းသူ”
  • သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆိုးသွမ်းတဲ့ လောကအလယ်က လူကောင်းတစ်ယောက်
  • “သင်္ဘောဆောက်ပါ”
  • “သင်္ဘောထဲ ဝင်ပါ”
  • ‘စစ်မှန်သောဘုရားသခင်နှင့်အတူ သွားလာသူ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • “နောဧနှင့် လူခုနစ်ဦးတို့ကို ကယ်တင်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • နောဧ၏ယုံကြည်ခြင်းသည် လောကကို ပြစ်တင်ရှုတ်ချ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • နောဧသည် အဘယ်ကြောင့် ဘုရားသခင့်စိတ်တော်နှင့်တွေ့ခဲ့—ယင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
ia အခန်း ၂ စာ. ၁၇-၂၄
သင်္ဘောဆောက်တဲ့ ကိရိယာတစ်ခုကိုင်ထားတဲ့ နောဧ

အခန်း နှစ်

“ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်းသူ”

၁၊ ၂။ နောဧနဲ့ သူ့မိသားစု ဘယ်လုပ်ငန်းမှာ အလုပ်များနေကြသလဲ။ သူတို့ကြုံခဲ့တဲ့ အခက်အခဲတချို့ကို ဖော်ပြပါ။

နောဧဟာ ကိုယ်ကိုမတ်ပြီး အညောင်းဆန့်လိုက်တယ်။ သစ်တုံးကြီးပေါ်ထိုင်ပြီး သင်္ဘောကိုယ်ထည်ကြီးကို ကြည့်ရင်း ခဏအနားယူနေတဲ့ နောဧကို မြင်ယောင်ကြည့်လိုက်ပါ။ ကတ္တရာစေးရဲ့ စူးရှတဲ့အနံ့က လေထဲမှာ ပျံ့နေပြီး ဆောက်လုပ်ရေး ကိရိယာတွေရဲ့ အသံဗလံကလည်း ဆူညံနေတယ်။ နောဧဟာ သူထိုင်တဲ့ နေရာကနေ အလုပ်လုပ်နေတဲ့ သားတွေကို လှမ်းမြင်နေရတယ်။ နောဧတို့ မိသားစု သင်္ဘောဆောက်ခဲ့ကြတာ အခုဆိုရင် ဆယ်စုနှစ်ချီ ရှိနေပြီ။ တချို့တဝက်တော့ ပြီးနေပြီ။ ဒါပေမဲ့ လက်စသတ်ဖို့ အများကြီး ကျန်နေသေးတယ်။

၂ အဲဒီဒေသက လူတွေကတော့ သူတို့ကို အရူးတွေလို့ ထင်ကြတယ်။ သင်္ဘောကြီး တဖြည်းဖြည်း ရုပ်လုံးပေါ်လာလေ လူတွေက ဟားတိုက်လေပဲ။ တစ်ကမ္ဘာလုံးကို ရေလွှမ်းမိုးမယ်လို့ နောဧ မပြတ် သတိပေးနေတာက သူတို့အတွက်တော့ မဖြစ်နိုင်တဲ့ပုံ၊ ယုတ္တိမရှိတဲ့ပုံ ပေါက်နေတယ်။ လူတစ်ယောက်ဟာ ဒီလိုအဓိပ္ပာယ်မဲ့တဲ့ အလုပ်တွေလုပ်ပြီး သူ့ဘဝနဲ့ သူ့မိသားစုရဲ့ဘဝကို ဘာကြောင့် အလကားဖြစ်စေတာလဲ။ သူတို့ နားမလည်နိုင်ကြဘူး။ ဒါပေမဲ့ ယေဟောဝါဘုရားကတော့ နောဧကို အရူးလို့ မထင်ပါဘူး။

၃။ နောဧဟာ ဘုရားသခင်နဲ့အတူ သွားလာတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

၃ ကျမ်းစာမှာ ဒီလိုပြောထားတယ်– နောဧဟာ “ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်းသူဖြစ်တယ်။” (ကမ္ဘာဦး ၆:၉ ကိုဖတ်ပါ။) အဲဒါက ဘာအဓိပ္ပာယ်လဲ။ ဘုရားသခင်က နောဧနဲ့အတူ မြေကြီးပေါ်မှာ သွားလာတယ် ဒါမှမဟုတ် နောဧက ကောင်းကင်ကို ရောက်သွားပြီး ဘုရားသခင်နဲ့အတူ သွားလာတယ်ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။ နောဧဟာ ယေဟောဝါဘုရားကို အလွန်ချစ်ပြီး ကိုယ်တော့်စကားကို တိတိကျကျ နာခံတဲ့အတွက် ကိုယ်တော်နဲ့အတူ သွားလာတဲ့သဘော သက်ရောက်တယ်။ နှစ်ပေါင်းထောင်နဲ့ချီ ကြာပြီးတဲ့နောက် နောဧနဲ့ပတ်သက်ပြီး “အဲဒီယုံကြည်ခြင်းကြောင့် လောကကို သူပြစ်တင်ရှုတ်ချခဲ့တယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဟီ. ၁၁:၇) ဘယ်လိုနည်းနဲ့လဲ။ သူ့ရဲ့ယုံကြည်ခြင်းကနေ ဘာတွေ သင်ယူနိုင်သလဲ။

ဆိုးသွမ်းတဲ့ လောကအလယ်က လူကောင်းတစ်ယောက်

၄၊ ၅။ နောဧလက်ထက်မှာ လူ့လောကဟာ ဘာကြောင့် ဆိုးသည်ထက် ဆိုးလာတာလဲ။

၄ ဆိုးသည်ထက် ဆိုးလာတဲ့ လောကအလယ်မှာ နောဧ ကြီးပြင်းလာခဲ့တယ်။ ဒီလောကကြီးဟာ နောဧရဲ့ ဘိုးဘေးဖြစ်တဲ့ ဧနောက် လက်ထက်ကတည်းက ဆိုးသွမ်းနေပြီ။ ဧနောက်လည်း ဘုရားသခင်နဲ့အတူ သွားလာခဲ့တဲ့ ဖြောင့်မတ်သူတစ်ဦးပါပဲ။ ဘုရားတရားမဲ့သူတွေကို တရားစီရင်မယ့်နေ့ရက် ရောက်လာမယ်ဆိုပြီး ဧနောက် ကြိုဟောခဲ့တယ်။ နောဧလက်ထက် ရောက်တဲ့အခါမှာတော့ လူတွေ ပိုပြီး ဘုရားတရား မဲ့လာကြတယ်။ မြေကြီးဟာ အကြမ်းဖက်မှုနဲ့ ပြည့်နှက်နေတဲ့အတွက် ယေဟောဝါဘုရား အမြင်မှာ ပျက်စီးယိုယွင်းနေတယ်။ (က. ၅:၂၂။ ၆:၁၁။ ယု. ၁၄၊ ၁၅) ဘာကြောင့် ဒီလောက်အထိ ဆိုးသွမ်းလာရတာလဲ။

၅ ကောင်းကင်တမန်တွေ အလယ်မှာ ဆိုးဝါးတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်လာတယ်။ ကောင်းကင်တမန်တစ်ပါးက ယေဟောဝါဘုရားကို ပုန်ကန်တယ်။ သူဟာ ဘုရားသခင်အကြောင်း မဟုတ်မမှန် ပြောဆိုပြီး အာဒံနဲ့ ဧဝကို အပြစ်လုပ်အောင် သွေးဆောင်တယ်။ ဒါနဲ့ သူဟာ စာတန်မာရ်နတ် ဖြစ်လာတယ်။ နောဧလက်ထက်မှာ တခြားကောင်းကင်တမန်တွေလည်း အဲဒီပုန်ကန်မှုမှာ ပူးပေါင်းပါဝင်ခဲ့ကြတယ်။ ကောင်းကင်မှာရှိတဲ့ သူတို့ရဲ့ တာဝန်တွေကိုစွန့်ပြီး မြေကြီးပေါ်ကို ဆင်းလာတယ်၊ လူ့အသွင်ဆောင်ပြီး လှပတဲ့ အမျိုးသမီးတွေနဲ့ ထိမ်းမြားကြတယ်။ မာနကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့ အဲဒီပုန်ကန်သူ ကောင်းကင်တမန်တွေကြောင့် လူသားတွေကြားမှာ မကောင်းမှု ပျံ့နှံ့လာတာဖြစ်တယ်။—က. ၆:၁၊ ၂။ ယု. ၆၊ ၇။

၆။ နက်ဖလင်တွေကြောင့် ကမ္ဘာ့အခြေအနေ ဘယ်လိုဖြစ်လာသလဲ။ ယေဟောဝါဘုရား ဘာလုပ်ဖို့ ဆုံးဖြတ်လိုက်သလဲ။

၆ လူ့အသွင်ဆောင်ထားတဲ့ ကောင်းကင်တမန်တွေနဲ့ လူအမျိုးသမီးတွေရဲ့ သဘာဝမဟုတ်တဲ့ ပေါင်းစပ်မှုကြောင့် သန်မာထွားကျိုင်းတဲ့ ကလေးတွေ မွေးလာတယ်။ တခြားသူတွေကို “လဲကျစေသူ” လို့ အဓိပ္ပာယ်ရှိတဲ့ နက်ဖလင်လို့ သူတို့ကို ကျမ်းစာမှာ ခေါ်ထားတယ်။ ရက်စက်ကြမ်းကြုတ်ပြီး အနိုင်ကျင့်တတ်တဲ့ နက်ဖလင်တွေကြောင့် ကမ္ဘာ့အခြေအနေ ပိုဆိုးလာတယ်။ ဒါကြောင့်လည်း ဖန်ဆင်းရှင်က “ကမ္ဘာပေါ်မှာ လူတွေ သိပ်ဆိုးသွမ်းနေတာ၊ လူတွေရဲ့ စိတ်အကြံအစည် ရှိသမျှဟာ အမြဲဆိုးညစ်နေတာ” လို့ ပြောရတာဖြစ်တယ်။ ဒါကြောင့် လူဆိုးတွေကို နှစ်ပေါင်း ၁၂၀ အတွင်းမှာ ဖျက်ဆီးမယ်လို့ ယေဟောဝါဘုရား ဆုံးဖြတ်လိုက်တယ်။—ကမ္ဘာဦး ၆:၃-၅ ကိုဖတ်ပါ။

၇။ နောဧတို့ ဇနီးမောင်နှံဟာ သားတွေကို မကောင်းတဲ့ သြဇာကနေ ကာကွယ်ပေးတဲ့အခါ ဘာအခက်အခဲ ကြုံတွေ့ခဲ့ရသလဲ။

၇ အဲဒီလို ဝန်းကျင်မျိုးမှာ မိသားစုတစ်စုကို ပျိုးထောင်ဖို့ ဘယ်လောက်ခက်မယ်ဆိုတာ မြင်ယောင်ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ နောဧမှာ ဇနီးကောင်း ရှိခဲ့ပြီး မိသားစုကို ကောင်းကောင်း ပြုစုပျိုးထောင်နိုင်ခဲ့တယ်။ နောဧအသက် ၅၀၀ ရောက်တဲ့အချိန်မှာ ရှေမ၊ ဟာမနဲ့ ယာဖက်ဆိုတဲ့ သားသုံးယောက် ရှိနေပြီ။a မိဘနှစ်ပါးစလုံးဟာ သားလေးတွေကို ပတ်ဝန်းကျင်ရဲ့ မကောင်းတဲ့ သြဇာကနေ ကာကွယ်ပေးခဲ့မှာ သေချာတယ်။ ယောက်ျားလေးတွေဟာ “အားကြီး” ပြီး “ကျော်စော” တဲ့သူတွေကို အားကျတတ်တယ်။ ဒါကြောင့် နက်ဖလင်တွေကို သူတို့ အားကျမိနိုင်တယ်။ နောဧတို့ ဇနီးမောင်နှံဟာ အဲဒီလူထွားကြီးတွေရဲ့ လုပ်ရပ်ဆိုးမှန်သမျှကို ကလေးတွေ မသိအောင် ဖုံးကွယ်ထားလို့ ရမှာမဟုတ်ဘူး။ ဒါပေမဲ့ ဆိုးသွမ်းမှု အားလုံးကို မုန်းတီးတဲ့အရှင် ယေဟောဝါဘုရားနဲ့ ပတ်သက်တဲ့ အမှန်တရားတွေကိုတော့ ကလေးတွေသိအောင် သင်ပေးလို့ရတယ်။ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုနဲ့ ပုန်ကန်မှုတွေကြောင့် ယေဟောဝါဘုရား စိတ်ထိခိုက်တယ်ဆိုတာကို ကလေးတွေ နားလည်အောင် သင်ပေးနိုင်ခဲ့တယ်။—က. ၆:၆။

နက်ဖလင်တွေရဲ့ အကြမ်းဖက်မှုကို မကြည့်ဖို့ သားတွေကို နောဧပြောနေ

နောဧနဲ့ သူ့ဇနီးဟာ သားလေးတွေကို မကောင်းတဲ့သြဇာကနေ ကာကွယ်ပေးခဲ့ကြ

၈။ ဒီနေ့ခေတ် မိဘတွေဟာ နောဧတို့ ဇနီးမောင်နှံရဲ့ စံနမူနာကို ဘယ်လို တုပနိုင်သလဲ။

၈ ဒီနေ့ခေတ် မိဘတွေဟာ နောဧတို့ ဇနီးမောင်နှံကို ကိုယ်ချင်းစာနိုင်ပါတယ်။ အခုအချိန်မှာလည်း အကြမ်းဖက်မှုနဲ့ ပုန်ကန်မှုတွေ ပျံ့နှံ့နေတယ်။ မြို့ကြီးတွေမှာ ဆိုးသွမ်းတဲ့ လူငယ်အုပ်စုတွေ ဗိုလ်ကျတတ်တယ်။ ကလေးတွေအတွက် ရည်ရွယ်ထားတဲ့ ဖျော်ဖြေမှုတွေမှာတောင် အကြမ်းဖက်မှုတွေ ပါတယ်။ ပညာရှိတဲ့ မိဘတွေဟာ အကြမ်းဖက်မှု အားလုံးကို တစ်နေ့ကျရင် အဆုံးတိုင်ပစ်မယ့် ငြိမ်သက်ခြင်းအရှင် ယေဟောဝါဘုရားအကြောင်း သူတို့ရဲ့ ကလေးတွေကို သင်ပေးကြပါတယ်။ ဒီလိုနည်းနဲ့ မကောင်းတဲ့ ဩဇာလွှမ်းမိုးမှုတွေကနေ အတတ်နိုင်ဆုံး ကာကွယ်ပေးကြတယ်။ (ဆာ. ၁၁:၅။ ၃၇:၁၀၊ ၁၁) ဒီကိစ္စမှာ နောဧတို့ ဇနီးမောင်နှံ အောင်မြင်ခဲ့သလို အခုခေတ် မိဘတွေလည်း အောင်မြင်နိုင်ပါတယ်။ နောဧရဲ့ သားတွေဟာ လူကောင်းတွေအဖြစ် ကြီးပြင်းလာပြီး စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါကို ရှေးဦးထားချင်တဲ့ အမျိုးသမီးတွေနဲ့ လက်ထပ်ခဲ့ကြတယ်။

“သင်္ဘောဆောက်ပါ”

၉၊ ၁၀။ (က) ယေဟောဝါဘုရားရဲ့ ဘယ်အမိန့်က နောဧရဲ့ဘဝကို ပြောင်းလဲစေခဲ့သလဲ။ (ခ) ယေဟောဝါဘုရားက နောဧကို သင်္ဘောပုံစံနဲ့ ပတ်သက်ပြီး ဘာပြောသလဲ။ ဘာကြောင့် သင်္ဘောဆောက်ခိုင်းတာလဲ။

၉ တစ်နေ့မှာ နောဧရဲ့ဘဝ အကြီးအကျယ် ပြောင်းလဲသွားပါတော့တယ်။ ယေဟောဝါဘုရားဟာ လောကကြီးကို အဆုံးတိုင်တော့မယ် ဆိုတဲ့အကြောင်း သူချစ်တဲ့နောဧကို ပြောပြလိုက်တယ်။ အဲဒီနောက် ဘုရားသခင်က နောဧကို “ထင်းရှူးသားနဲ့ သင်္ဘောဆောက်ပါ” လို့ မိန့်မှာခဲ့တယ်။—က. ၆:၁၄။

၁၀ အဲဒီသင်္ဘောက သာမန်သင်္ဘောတွေနဲ့ မတူဘူး။ အဲဒီမှာ ဦးပိုင်း၊ ပဲ့ပိုင်း၊ ကုန်းပတ်၊ တက်မတွေ မပါဘူး။ တကယ်တော့ သေတ္တာကြီးတစ်ခုနဲ့ပဲ တူတယ်။ ယေဟောဝါဘုရားက နောဧကို တိကျတဲ့ အတိုင်းအတာတွေနဲ့ သင်္ဘောရဲ့ပုံစံကို အသေးစိတ် ပြောပြခဲ့တယ်။ သင်္ဘောအတွင်းအပြင်ကို ကတ္တရာစေးနဲ့ သုတ်ဖို့လည်း ညွှန်ကြားခဲ့တယ်။ အဲဒီလုပ်ဖို့ လိုတဲ့အကြောင်း နောဧကို ယေဟောဝါဘုရား ဒီလိုပြောတယ်– “ကမ္ဘာမြေပေါ်မှာ ငါ ရေလွှမ်းမိုးစေမယ်။ . . . မြေပေါ်မှာရှိသမျှ ပျက်စီးရလိမ့်မယ်။” နောဧနဲ့ ပဋိညာဉ်ဖွဲ့တယ်၊ တစ်နည်းအားဖြင့် တရားဝင် သဘောတူညီချက် ပြုလုပ်ခဲ့တယ်– “မင်းက သားမယား၊ ချွေးမတွေနဲ့အတူ သင်္ဘောထဲ ဝင်ပါ။” ဒါ့အပြင် နောဧဟာ တိရစ္ဆာန်အမျိုးအားလုံးထဲက တချို့ကို ရွေးပြီး သင်္ဘောထဲသွင်း ရမယ်။ သင်္ဘောထဲမှာ ရှိနေတဲ့ လူနဲ့ တိရစ္ဆာန်တွေပဲ ရေလွှမ်းမိုးဘေးကြီးကနေ လွတ်မြောက်နိုင်မယ်။—က. ၆:၁၇-၂၀။

နောဧနဲ့ မိသားစု သင်္ဘောဆောက်နေကြ

ဘုရားသခင် စေခိုင်းထားတဲ့ အလုပ်တွေကို နောဧတို့မိသားစု ပူးပေါင်းလုပ်ဆောင်ခဲ့ကြ

၁၁၊ ၁၂။ ကြီးမားတဲ့ ဘယ်လုပ်ငန်းကို နောဧ လုပ်ရမလဲ။ ဒီအခက်အခဲကို သူ ဘယ်လို တုံ့ပြန်ခဲ့သလဲ။

၁၁ တကယ်ကြီးမားတဲ့ လုပ်ငန်းတစ်ခုကို နောဧ လုပ်ရပါတော့မယ်။ ဒီသင်္ဘောကြီးက အလျား ၄၃၇ ပေ၊ အနံ ၇၃ ပေ၊ အမြင့် ၄၄ ပေ ရှိမှာ ဖြစ်လို့ တော်တော်ကြီးတဲ့ သင်္ဘောတစ်စင်းပါပဲ။ ဒီသင်္ဘောဟာ ဘောလုံးကွင်းထက် ပိုကြီးတယ်။ ကြုံတွေ့ရမယ့် အခက်အခဲတွေကြောင့် အဲဒီတာဝန်ကို ရှောင်လွှဲဖို့ နောဧ ကြိုးစားခဲ့သလား။ ဒါမှမဟုတ် ဆောက်လုပ်ဖို့ လွယ်ကူအောင် ညွှန်ကြားချက်တချို့ကို ပြောင်းလဲခဲ့သလား။ ကျမ်းစာက ဒီလို အဖြေပေးပါတယ်– “နောဧလည်း ဘုရားသခင်မိန့်မှာသမျှအတိုင်း လုပ်တယ်။ မှာထားတဲ့အတိုင်း သူလုပ်တယ်။”—က. ၆:၂၂။

၁၂ ဒီလုပ်ငန်း အပြီးသတ်ဖို့ နှစ်ပေါင်း ၄၀၊ ၅၀ လောက်ကြာတယ်။ သစ်ပင်တွေ ခုတ်လှဲ၊ သစ်တုံးတွေ ရွှေ့၊ ရက်မတွေ ဖြတ်၊ ပုံဖော်ပြီး ဆက်ရမှာ ဖြစ်တယ်။ သင်္ဘောကြီးဟာ သုံးထပ် ဖြစ်ပြီး အခန်း တော်တော်များများနဲ့ ဘေးတံခါးတစ်ခု ရှိရမယ်။ အမိုးနဲ့ ကပ်လျက်မှာ ပြတင်းပေါက်တွေ ရှိပုံရတယ်။ အမိုးပေါ်မှာ ရေမတင်စေဖို့ ခေါင်ကနေ ဘေးဘက်ကို နိမ့်လျှောပုံ လုပ်ထားတာ ဖြစ်နိုင်တယ်။—က. ၆:၁၄-၁၆။

၁၃။ နောဧအတွက် သင်္ဘောဆောက်တာထက် ဘယ်အလုပ်က ပိုခက်ခဲနိုင်သလဲ။ လူတွေ ဘယ်လို တုံ့ပြန်ခဲ့သလဲ။

၁၃ နှစ်တွေ၊ လတွေ ကုန်လွန်ပြီးတဲ့နောက် သင်္ဘောပုံစံ ပေါ်လာတယ်။ မိသားစုကလည်း ဝိုင်းကူညီလို့ နောဧ ဝမ်းသာမှာပဲ။ ဒါပေမဲ့ သင်္ဘောဆောက်တာထက် ပိုပြီး ခက်ခဲတဲ့ အလုပ်တစ်ခု ရှိပါသေးတယ်။ ကျမ်းစာမှာ နောဧကို “ဖြောင့်မတ်ခြင်းတရား ဟောပြောတဲ့” သူလို့ ခေါ်ထားတယ်။ (၂ ပေတရု ၂:၅ ကိုဖတ်ပါ။) ဒါကြောင့် ဆိုးသွမ်းပြီး ဘုရားတရားမဲ့သူတွေကို ဖျက်ဆီးတော့မယ့်အကြောင်း နောဧ သတ္တိရှိရှိ သတိပေးခဲ့တယ်။ လူတွေ ဘယ်လို တုံ့ပြန်ခဲ့ကြသလဲ။ အဲဒီခေတ်က လူတွေဟာ “သတိမဲ့နေကြ” တယ်လို့ နောက်ပိုင်းမှာ ယေရှုခရစ် ပြောခဲ့တယ်။ သူတို့ဟာ နေ့တိုင်း စားလိုက်၊ သောက်လိုက်၊ ထိမ်းမြားလိုက်နဲ့ အလုပ်ရှုပ်နေကြလို့ နောဧကို အရေးမစိုက်ခဲ့ကြဘူးလို့ ယေရှု ပြောတယ်။ (မ. ၂၄:၃၇-၃၉) လူတော်တော်များများက နောဧနဲ့ သူ့မိသားစုကို လှောင်ပြောင်ကြမှာ သေချာတယ်။ တချို့ဆိုရင် ကြိမ်းမောင်းတာ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်တာတွေတောင် လုပ်နိုင်တယ်။ သင်္ဘောဆောက်တဲ့ အလုပ်ကိုတောင် တားဆီးဖို့ ကြိုးစားခဲ့မှာပဲ။

သင်္ဘော အပြင်ဘက်ကလူတွေ နောဧနဲ့ မိသားစုကို လှောင်ပြောင်နေကြ

ယေဟောဝါဘုရား ကောင်းချီးပေးနေတဲ့ အထောက်အထားတွေ ရှိနေတာတောင် လူတွေက နောဧကို ပြောင်လှောင်ပြီး သူ့သတင်းစကားကို လျစ်လျူရှုခဲ့ကြ

၁၄။ ဒီနေ့ခေတ်မှာရှိတဲ့ ခရစ်ယာန်မိသားစုတွေဟာ နောဧနဲ့ သူ့မိသားစုဆီကနေ ဘာတွေ သင်ယူနိုင်သလဲ။

၁၄ နောဧနဲ့ သူ့မိသားစုကတော့ လက်မလျှော့ခဲ့ကြပါဘူး။ သူတို့ လုပ်နေတဲ့အလုပ်ဟာ အရေးမကြီးဘူး၊ အဓိပ္ပာယ်မရှိဘူး၊ လမ်းလွဲနေတယ်လို့ တခြားသူတွေ မြင်ပေမဲ့ သူတို့ကတော့ လုပ်စရာရှိတာကို သစ္စာရှိရှိ ဆက်လုပ်ကြတယ်။ ဒီနေ့ခေတ်မှာရှိတဲ့ ခရစ်ယာန်မိသားစုတွေဟာ နောဧနဲ့ သူ့မိသားစုရဲ့ ယုံကြည်ခြင်းကနေ သင်ယူစရာတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ဟာ ကျမ်းစာအရ ဒီလောကရဲ့ “နောက်ဆုံးကာလ” မှာ အသက်ရှင် နေကြရတယ်။ (၂ တိ. ၃:၁) ကျွန်တော်တို့ခေတ်လည်း နောဧခေတ်လိုပဲ ဖြစ်လိမ့်မယ်လို့ ယေရှု ကြိုပြောခဲ့တယ်။ ဘုရားသခင့် နိုင်ငံတော်သတင်းကို လူတွေ စိတ်မဝင်စားဘဲ ပြောင်လှောင်တဲ့အခါ၊ ခရစ်ယာန်တွေကို ညှဉ်းပန်းနှိပ်စက်တဲ့အခါ နောဧကို သတိရပါ။ အဲဒီလို အခက်အခဲတွေကို သူတို့ ဦးဆုံး ကြုံတွေ့ရတာ မဟုတ်ဘူး။

“သင်္ဘောထဲ ဝင်ပါ”

၁၅။ နောဧ အသက် ၆၀၀ ပြည့်ခါနီးမှာ ဘယ်သူတွေ သေဆုံးသွားသလဲ။

၁၅ ဆယ်စုနှစ်တွေ ကုန်လွန်လာပြီးတဲ့နောက် တဖြည်းဖြည်းနဲ့ သင်္ဘောရဲ့ အပြီးသတ်ပုံစံ ပေါ်လာတယ်။ နောဧ အသက် ၆၀၀ ပြည့်ခါနီးမှာ သူချစ်မြတ်နိုးရတဲ့ လူတွေကို ဆုံးရှုံးလိုက်ရရှာတယ်။ သူ့ရဲ့ အဖေ လာမက် သေဆုံးသွားတယ်။b နောက်ငါးနှစ်ကြာတော့ လာမက်ရဲ့ အဖေ၊ နောဧရဲ့ အဘိုး မသုရှလလည်း အသက် ၉၆၉ နှစ်မှာ သေဆုံးသွားတယ်။ မသုရှလဟာ ကျမ်းစာမှတ်တမ်းမှာ အသက်အရှည်ဆုံးလူ ဖြစ်တယ်။ (က. ၅:၂၇) မသုရှလနဲ့ လာမက်တို့ဟာ ပထမဆုံးလူသား အာဒံနဲ့ တစ်ခေတ်တည်းသားတွေဖြစ်တယ်။

၁၆၊ ၁၇။ (က) နောဧ အသက် ၆၀၀ ပြည့်တဲ့နှစ်မှာ နောက်ထပ် ဘာသတင်း ရသလဲ။ (ခ) နောဧနဲ့ သူ့မိသားစု မမေ့နိုင်တဲ့ မြင်ကွင်းကို ဖော်ပြပါ။

၁၆ ဘိုးဘေးနောဧ အသက် ၆၀၀ ရှိချိန်မှာ ယေဟောဝါဘုရားက “မင်းနဲ့ အိမ်သားတွေ သင်္ဘောထဲဝင်ပါ” ဆိုပြီး ညွှန်ကြားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ပူဇော်ဖို့ အသုံးပြုနိုင်မယ့် သန့်ရှင်းတဲ့ တိရစ္ဆာန်တွေထဲက တစ်မျိုးကို အထီးအမ ခုနစ်ကောင်စီ၊ ကျန်တဲ့ တိရစ္ဆာန်တွေထဲက တစ်မျိုးကို အထီးအမ နှစ်ကောင်စီ သင်္ဘောထဲသွင်းဖို့ ဘုရားသခင် ညွှန်ကြားတယ်။—က. ၇:၁-၃။

၁၇ အရွယ်အစား၊ ပုံစံနဲ့ စရိုက်တွေ အမျိုးမျိုးရှိတဲ့ တိရစ္ဆာန်တွေ ထောင်နဲ့ချီပြီး သင်္ဘောထဲ ဝင်နေကြတယ်။ တိရစ္ဆာန်တချို့ ပျံသန်းလာနေကြတာ၊ တချို့က တွားသွားပြီး လာနေကြတာ၊ တချို့ကျတော့ အိပဲ့အိပဲ့နဲ့ လာနေကြတာကို မျက်စိတစ်ဆုံး တွေ့မြင်နေရတဲ့ မြင်ကွင်းက မမေ့နိုင်စရာပါပဲ။ နောဧဟာ သားရိုင်းတိရစ္ဆာန်တွေကို ချော့တစ်ခါ၊ ခြောက်တစ်လှည့်နဲ့ သင်္ဘောထဲ ကြိုးစား မောင်းသွင်းနေရတယ်လို့ မထင်လိုက်ပါနဲ့။ နောဧရှိတဲ့ “သင်္ဘောထဲ ဝင်ကြတယ်” လို့ ကျမ်းစာမှတ်တမ်းက ဆိုတယ်။—က. ၇:၉။

၁၈၊ ၁၉။ (က) နောဧမှတ်တမ်းမှာပါတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး သံသယရှိသူတွေရဲ့ မေးခွန်းတွေကို ဘယ်လို ရှင်းပြနိုင်မလဲ။ (ခ) ဖန်ဆင်းထားတဲ့ တိရစ္ဆာန်တွေကို ယေဟောဝါဘုရား ကယ်တင်တဲ့နည်းလမ်းမှာ ကိုယ်တော်ရဲ့ ဉာဏ်ပညာ ဘယ်လို ထင်ရှားသလဲ။

၁၈ သံသယရှိသူတချို့က ဒီလိုမေးနိုင်တယ်– ‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ နေရာ ကျဉ်းကျဉ်းလေးထဲမှာ အဲဒီတိရစ္ဆာန်တွေ ငြိမ်ငြိမ်သက်သက် အတူတူ နေနိုင်ကြပါ့မလား။’ ဒီအချက်ကို စဉ်းစားကြည့်ပါ။ စကြဝဠာကို ဖန်ဆင်းတဲ့အရှင်က သူဖန်ဆင်းထားတဲ့ တိရစ္ဆာန်တွေကို မထိန်းချုပ်နိုင်ဘူးလား။ တိရစ္ဆာန်တွေကို သိမ်မွေ့အောင် မသင်ကြားပေးနိုင်ဘူးလား။ တိရစ္ဆာန်တွေကို ဖန်ဆင်းတဲ့အရှင်ဟာ ယေဟောဝါဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ နှစ်အတော်ကြာပြီးတဲ့နောက် ပင်လယ်နီကို နှစ်ခြမ်းခွဲခဲ့တာ၊ နေကို ရပ်တန့်စေခဲ့တာလည်း ယေဟောဝါဘုရားပဲ။ ဒါကြောင့် နောဧမှတ်တမ်းမှာ ဖော်ပြထားတဲ့ အဖြစ်အပျက်အားလုံးကို ဘုရားသခင် မလုပ်နိုင်ပဲ နေပါ့မလား။ သိပ် လုပ်နိုင်တာပေါ့။ လုပ်လည်း လုပ်ခဲ့ပါတယ်။

၁၉ ဘုရားသခင်ဟာ သူ ဖန်ဆင်းထားတဲ့ တိရစ္ဆာန်တွေကို တခြားနည်းလမ်းနဲ့ ကယ်တင်လို့လည်း ရပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိအားလုံးကို စောင့်ရှောက်ဖို့ လူသားတွေကို တာဝန်ပေးထားတယ်ဆိုတာ အမှတ်ရစေဖို့ ဒီနည်းလမ်းကို ရွေးချယ်ခဲ့တာ ဖြစ်တယ်။ (က. ၁:၂၈) ယေဟောဝါဘုရားဟာ မိမိဖန်ဆင်းထားတဲ့ လူတွေနဲ့ တိရစ္ဆာန်တွေကို တန်ဖိုးထားတယ်ဆိုတာ ကလေးတွေ နားလည်အောင် နောဧရဲ့ အဖြစ်အပျက်ကို သုံးပြီး မိဘတွေ သင်ပေးနိုင်တယ်။

၂၀။ နောဧနဲ့ သူ့မိသားစုဟာ ရေလွှမ်းမိုးဘေးမတိုင်ခင် တစ်ပတ်အလိုမှာ ဘာတွေလုပ်နေကြမလဲ။

၂၀ တစ်ပတ်အကြာမှာ ရေလွှမ်းမိုးလိမ့်မယ်လို့ နောဧကို ယေဟောဝါဘုရား ပြောခဲ့တယ်။ ဒီအချိန်ဟာ နောဧတို့မိသားစုအတွက် တကယ့်ကို အလုပ်ရှုပ်တဲ့ အချိန်ဖြစ်မှာပဲ။ သင်္ဘောပေါ်မှာ တိရစ္ဆာန်တွေကို နေရာချနေတာ၊ လူနဲ့ တိရစ္ဆာန်တွေအတွက် အစားအစာတွေ၊ မိသားစုပိုင်တဲ့ ပစ္စည်းတွေကို သင်္ဘောပေါ် တင်နေတာတွေကို မြင်ယောင်ကြည့်ပါ။ နောဧရဲ့ ဇနီးနဲ့ ချွေးမတွေဟာ သင်္ဘောထဲမှာ နေချင်စရာကောင်းတဲ့ အခန်းတွေကို ပြင်ဆင်နေကြမှာပဲ။

၂၁၊ ၂၂။ (က) နောဧခေတ်က လူတွေ စိတ်မဝင်စားတာကို ဘာကြောင့် မအံ့သြသင့်သလဲ။ (ခ) နောဧနဲ့ သူ့မိသားစုကို လှောင်ပြောင်တဲ့သူတွေ ဘယ်အချိန်မှာ နှုတ်ဆိတ်သွားသလဲ။

၂၁ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကော ဘာတွေ လုပ်နေကြသလဲ။ နောဧနဲ့ သူ့ရဲ့ လုပ်ဆောင်မှုတွေကို ယေဟောဝါဘုရား ကောင်းချီးပေးနေတဲ့ အထောက်အထားတွေ မြင်နေရတာတောင် သူတို့ “သတိမဲ့” နေကြတုန်းပဲ။ သင်္ဘောထဲကို တိရစ္ဆာန်တွေ တသီတတန်းကြီး ဝင်သွားနေကြတာကို သူတို့ သတိပြုမိမှာပဲ။ ဒါပေမဲ့ သူတို့ စိတ်မဝင်စားတာကို မအံ့သြပါဘူး။ ဒီနေ့ခေတ် လူတွေလည်း ဆိုးသွမ်းတဲ့ ဒီလောကကြီးရဲ့ အဆုံးမှာ အသက်ရှင်နေကြတယ်ဆိုတဲ့ အထောက်အထားတွေ အများကြီးရှိတာတောင် အရေးမစိုက်ကြဘူး။ တမန်တော် ပေတရု ကြိုပြောခဲ့သလိုပဲ ဒီနေ့အချိန်မှာလည်း ကဲ့ရဲ့သူတွေ ပေါ်လာပြီး ဘုရားသခင့် သတိပေးချက်အတိုင်း လိုက်နာတဲ့သူတွေကို လှောင်ပြောင်နေကြတယ်။ (၂ ပေတရု ၃:၃-၆ ကိုဖတ်ပါ။) အဲဒီလိုပဲ၊ လူတွေဟာ နောဧနဲ့ သူ့မိသားစုကို လှောင်ပြောင်ကြတယ်။

၂၂ လှောင်ပြောင်တာတွေ ဘယ်အချိန်မှာ ပါးစပ်ပိတ်သွားသလဲ။ မိသားစုနဲ့ တိရစ္ဆာန်တွေကို နောဧ သင်္ဘောထဲ သွင်းပြီးတဲ့နောက် “ယေဟောဝါက တံခါးပိတ်လိုက်တယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ လှောင်ပြောင်တဲ့သူတွေ အနီးအနားမှာ ရှိနေမယ်ဆိုရင် ဘုရားသခင်ရဲ့ အဲဒီလုပ်ရပ်က သူတို့ကို နှုတ်ဆိတ်သွားစေမှာပဲ။ ဒါမှမဟုတ် မိုးစရွာလာတဲ့အခါ သူတို့နှုတ်ဆိတ်သွားမှာ သေချာတယ်။ မိုးတစ်ပေါက်နှစ်ပေါက်ကနေ တဖြည်းဖြည်းနဲ့ သည်းထန်လာတယ်။ အဲဒီနောက်မှာတော့ ယေဟောဝါ ကြိုပြောခဲ့သလိုပဲ ကမ္ဘာကြီးတစ်ခုလုံးကို ရေလွှမ်းမိုးသွားပါတော့တယ်။—က. ၇:၁၆-၂၁။

၂၃။ (က) နောဧခေတ်က လူဆိုးတွေ သေဆုံးသွားတာကို ယေဟောဝါဘုရား ဝမ်းမသာဘူးဆိုတာ ဘယ်လိုသိရသလဲ။ (ခ) ဒီနေ့ခေတ်မှာ နောဧရဲ့ ယုံကြည်ခြင်းကို ဘာကြောင့် တုပသင့်သလဲ။

၂၃ လူဆိုးတွေ သေတာကို ယေဟောဝါဘုရား ဝမ်းသာသလား။ ဝမ်းမသာပါဘူး။ (ယေဇ. ၃၃:၁၁) အဲဒီအစား ယေဟောဝါဘုရားက သူတို့ရဲ့ လမ်းစဉ်ကို ပြောင်းလဲပြီး မှန်ကန်ရာကို လုပ်ကြဖို့ အခွင့်အရေး ပေးခဲ့ပါတယ်။ သူတို့ ပြောင်းလဲနိုင်ကြမလား။ ပြောင်းလဲနိုင်တယ်ဆိုတာ နောဧရဲ့ အသက်တာလမ်းစဉ်က ဖော်ပြတယ်။ နောဧဟာ အရာရာမှာ ယေဟောဝါဘုရားရဲ့စကား နားထောင်ပြီး ဘုရားနဲ့အတူ လျှောက်လှမ်းခဲ့လို့ ကယ်တင်ခံရတယ်။ ဒီလိုနည်းနဲ့ သူ့ရဲ့ ယုံကြည်ခြင်းအားဖြင့် အဲဒီခေတ်က လောကကို ပြစ်တင်ရှုတ်ချခဲ့တယ်။ သူ့ခေတ်ကလူတွေဟာ ဆိုးသွမ်းတဲ့သူတွေ ဖြစ်တယ်ဆိုတာ သိသာထင်ရှားစေခဲ့တယ်။ သူ့ရဲ့ ယုံကြည်ခြင်းကြောင့် သူကိုယ်တိုင်နဲ့ သူ့မိသားစု ဘေးလွတ်ခဲ့တယ်။ နောဧရဲ့ ယုံကြည်ခြင်းကို တုပမယ်ဆိုရင် သင်ကိုယ်တိုင်နဲ့ သင်ချစ်တဲ့သူတွေလည်း ကယ်တင်ခံရပါလိမ့်မယ်။ နောဧလိုပဲ သင်လည်း မိတ်ဆွေကောင်း ယေဟောဝါဘုရားနဲ့အတူ လျှောက်လှမ်းနိုင်ပါလိမ့်မယ်။ ဘုရားသခင်ရဲ့ ထာဝရ မိတ်ဆွေဖြစ်ခွင့် ရပါလိမ့်မယ်။

a အဲဒီခေတ်က လူတွေဟာ ဒီနေ့ခေတ် လူတွေထက် အသက် ပိုရှည်ကြတယ်။ အကြောင်းရင်းက အာဒံနဲ့ ဧဝတို့ အရင်က ပိုင်ဆိုင်ခဲ့တဲ့ စုံလင်ပြီး ကျန်းမာသန်စွမ်းတဲ့ အခြေအနေနဲ့ ပိုနီးစပ်လို့ ဖြစ်နိုင်ပါတယ်။

b လာမက်ဟာ သူ့ရဲ့ သားကို “သက်သာစေခြင်း” ဒါမှမဟုတ် “နှစ်သိမ့်ခြင်း” လို့အဓိပ္ပာယ်ရှိနိုင်တဲ့ နောဧဆိုပြီး နာမည်ပေးလိုက်တယ်။ အဲဒီနာမည်ရဲ့ အဓိပ္ပာယ်အတိုင်း နောဧဟာ ကျိန်ခြင်းခံရတဲ့ မြေကြောင့် လူသားတွေ ဒုက္ခခံရတာကို သက်သာစေမယ်လို့ လာမက် ကြိုဟောခဲ့ပါတယ်။ (က. ၅:၂၈၊ ၂၉) လာမက်ဟာ ဒီကြိုဟောချက် ပြည့်စုံတဲ့ အချိန်အထိ အသက်မရှင်ခဲ့ဘူး။ နောဧရဲ့ မိခင်၊ ညီအစ်ကိုမောင်နှမတွေလည်း ရေလွှမ်းမိုးဘေးမှာ သေဆုံးသွားခဲ့ပုံရတယ်။

စဉ်းစားစရာ မေးခွန်းများ

  • နောဧတို့ ဇနီးမောင်နှံဟာ သားတွေကို ပြုစုပျိုးထောင်ခဲ့တဲ့အခါ ဘာအခက်အခဲတွေ ကြုံတွေ့ရသလဲ။

  • နောဧ သင်္ဘောဆောက်တဲ့အခါ ယုံကြည်ခြင်းရှိကြောင်း ဘယ်လိုပြခဲ့သလဲ။

  • နောဧခေတ်မှာ ဟောပြောဖို့ ဘာကြောင့် ခက်ခဲသလဲ။

  • နောဧရဲ့ ယုံကြည်ခြင်းကို ဘယ်လိုနည်းတွေနဲ့ အတုယူဖို့ သင် ဆုံးဖြတ်ထားသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ