အခန်း နှစ်ဆယ်
“ကျွန်မ ယုံပါတယ်”
၁။ မာသ ဘာကြောင့် ဝမ်းနည်းကြေကွဲနေသလဲ ဆိုတာ ရှင်းပြပါ။
မာသဟာ ဂူဝမှာ ကျောက်တုံးနဲ့ ပိတ်ထားတဲ့ မောင်လေးရဲ့ သင်္ချိုင်းကို မြင်ယောင်နေမိတယ်။ သူ သိပ်ကို ဝမ်းနည်းကြေကွဲနေတယ်။ ချစ်မြတ်နိုးရတဲ့ မောင်လေး လာဇရု မရှိတော့ဘူးဆိုတာ မယုံနိုင်သေးဘူး။ သေဆုံးသွားတဲ့ အဲဒီလေးရက်အတွင်းမှာ ငိုကြွေးမြည်တမ်းရတာ၊ ဧည့်သည်တွေ ရောက်လာတာ၊ နှစ်သိမ့်ပေးကြတာတွေနဲ့ ရှုပ်ယှက်ခတ်နေခဲ့ပုံပဲ။
၂၊ ၃။ (က) ယေရှုကိုမြင်တော့ မာသ ဘယ်လို ခံစားလိုက်ရလဲ။ (ခ) မာသရဲ့ အရေးကြီးတဲ့ စကားတစ်ခွန်းက သူ့အကြောင်း ဘာဖော်ပြသလဲ။
၂ အခုတော့ မာသရှေ့မှာ လာဇရု သိပ်ချစ်တဲ့ သူငယ်ချင်း ရပ်နေတယ်။ သူ့ကို မြင်တော့ မာသ ပိုပြီး ဝမ်းနည်းလာပါလိမ့်မယ်။ ယေရှုသာ စောစောရောက်လာမယ်ဆိုရင် သူ့မောင်လေး သေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဗေသနိရွာ အပြင်မှာ အခုလို ယေရှုနဲ့အတူ ရှိနေတဲ့အတွက် မာသ စိတ်သက်သာရာ ရသွားတယ်။ ယေရှုနဲ့အတူ ရှိနေတဲ့ အချိန်တိုလေးမှာ သူ့ရဲ့ ကြင်နာတဲ့ မျက်လုံးကို မြင်ရ၊ စာနာစိတ်ကို ခံစားရလို့ အားရှိသွားတယ်။ အဲဒီအချိန်မှာ ရှင်ပြန်ထမြောက်ခြင်းနဲ့ ပတ်သက်တဲ့ မာသရဲ့ ယုံကြည်ခြင်းကို အာရုံစိုက်စေတဲ့ မေးခွန်းတွေ ယေရှု မေးခဲ့တယ်။ သူတို့ စကားပြောရင်း မာသက အရေးကြီးဆုံး စကားတစ်ခွန်းကို ဒီလို ပြောလိုက်တယ်– “သခင်ဟာ ခရစ်တော်ဖြစ်မှန်း၊ ဒီလောကကိုလာတဲ့ ဘုရားသခင်ရဲ့ သားဖြစ်မှန်း ကျွန်မယုံပါတယ်။”—ယော. ၁၁:၂၇။
၃ မာသဟာ ထူးခြားတဲ့ ယုံကြည်ခြင်း ရှိသူဖြစ်မှန်း အဲဒီစကားတွေက ဖော်ပြတယ်။ ကျမ်းစာထဲမှာ သူ့အကြောင်း နည်းနည်းပဲပါပေမဲ့ ကျွန်တော်တို့ကို သင်ခန်းစာ အများကြီးပေးပြီး ယုံကြည်ခြင်း ခိုင်ခံ့စေတယ်။ ဘယ်လို ခိုင်ခံ့စေနိုင်သလဲဆိုတာ သိနိုင်အောင် မာသနဲ့ ပတ်သက်ပြီး ကျမ်းစာမှာ ဦးဆုံး ဖော်ပြတဲ့မှတ်တမ်းကို သုံးသပ်ကြည့်ကြစို့။
“စိတ်ပူပြီး ဗျာများနေ”
၄။ မာသတို့ မိသားစုဟာ ဘယ်လို ထူးခြားသလဲ။ ယေရှုနဲ့ သူတို့ဟာ ဘယ်လို ဆက်ဆံမှုမျိုး ရှိသလဲ။
၄ လွန်ခဲ့တဲ့လ အနည်းငယ်က လာဇရုဟာ ကျန်းကျန်းမာမာပါပဲ။ ဗေသနိရွာက လာဇရုရဲ့ အိမ်ကို အရေးအပါဆုံး ဧည့်သည်ဖြစ်တဲ့ ယေရှုခရစ် ရောက်လာတော့မယ်။ လာဇရု၊ မာသ၊ မာရိတို့ဟာ အရွယ်ရောက်နေတဲ့ မောင်နှမသုံးယောက်ဖြစ်ပြီး တစ်အိမ်ထဲမှာ အတူတူနေကြလို့ အဲဒီခေတ်မှာ ထူးခြားတဲ့မိသားစု ဖြစ်တယ်။ မောင်နှမသုံးယောက်ထဲမှာ မာသက အကြီးဆုံး ဖြစ်ရမယ်လို့ သုတေသီတချို့ ပြောတယ်။ အကြောင်းက အိမ်ရှင်မ နေရာကို မာသယူပြီး တစ်ခါတလေ သူ့ရဲ့ နာမည်ကို အရင်ဆုံး ဖော်ပြထားလို့ပါ။ (ယော. ၁၁:၅) သူတို့သုံးယောက်ဟာ အိမ်ထောင်သည်တွေ ဟုတ်မဟုတ် မသိရဘူး။ ဘာပဲဖြစ်ဖြစ် သူတို့သုံးယောက်စလုံးက ယေရှုနဲ့ ရင်းနှီးကြတယ်။ ယုဒပြည်မှာ ယေရှု အမှုဆောင်ချိန်အတွင်း ဆန့်ကျင်မှုတွေ၊ ရန်လိုမှုတွေ အများကြီးခံခဲ့ရချိန်မှာ ယေရှုဟာ သူတို့အိမ်မှာ အမြဲတည်းခိုခဲ့တယ်။ သူတို့အိမ်မှာ အေးအေးဆေးဆေး တည်းခိုခွင့်ရတာကို ယေရှု သိပ်ကျေးဇူးတင်မှာ သေချာတယ်။
၅၊ ၆။ (က) ယေရှု ရောက်တဲ့အခါ မာသ ဘာကြောင့် အလုပ်များနေသလဲ။ (ခ) မာရိကျတော့ ဘာလုပ်နေသလဲ။
၅ အိမ်မှုကိစ္စတွေ၊ ဧည့်ဝတ်ပြုတာတွေကို မာသပဲ အဓိက တာဝန်ယူပုံရတယ်။ ဝီရိယရှိတဲ့ မာသဟာ အမြဲတမ်း အလုပ်များနေတတ်တယ်။ အခုလည်း ယေရှု ရောက်လာတော့မယ်ဆိုတော့ အလုပ်များနေပြန်ပြီ။ အဲဒီအထူးဧည့်သည်နဲ့ သူ့ရဲ့ ခရီးသွားဖော်တွေအတွက် ဟင်းပွဲအမျိုးမျိုး ချက်ပြုတ်ဖို့ စီစဉ်နေပြီ။ အဲဒီခေတ်မှာ ဧည့်ဝတ်ပျူငှာတာဟာ အရေးပါတဲ့ ကိစ္စဖြစ်တယ်။ ဧည့်သည် ရောက်လာပြီဆိုရင် အိမ်ရှင်က သူ့ကို နမ်းပြီး ကြိုဆိုရတယ်။ သူ့ရဲ့ ဖိနပ်ကို ချွတ်ပေး၊ ခြေထောက်ကို ဆေးပေးပြီး ခေါင်းကိုလည်း ဆီမွှေးလိမ်းပေးရတယ်။ (လုကာ ၇:၄၄-၄၇ ကိုဖတ်ပါ။) ဧည့်သည်အတွက် နေရာထိုင်ခင်းနဲ့ အစားအသောက်အတွက်လည်း စီစဉ်ပေးကြတယ်။
၆ မာသနဲ့ မာရိဟာ တော်တော် အလုပ်များနေကြမှာပဲ။ မာသထက် ပိုပြီးသင်ယူလိုစိတ် ရှိပုံရတဲ့ မာရိဟာ အစပိုင်းမှာတော့ အစ်မကို ကူညီပေးမှာပါ။ ဒါပေမဲ့ ယေရှုလည်း ရောက်လာရော မကူညီပေးတော့ဘူး။ ယေရှုက ရောက်တုန်းရောက်ခိုက် သွန်သင်ပေးဖို့ အခွင့်အရေး ယူခဲ့တယ်။ အဲဒီခေတ်တုန်းက ဘာသာရေးခေါင်းဆောင်တွေနဲ့ မတူဘဲ ယေရှုဟာ အမျိုးသမီးတွေကို လေးစားတယ်။ သူတို့ကိုပါ ဘုရားသခင့် နိုင်ငံတော်အကြောင်း တလိုတလား ပြောပြတယ်။ မာရိဟာ ဒီအခွင့်ထူးကို လက်လွှတ်မခံချင်တဲ့အတွက် ယေရှုရဲ့ ခြေရင်းမှာထိုင်ပြီး ဂရုစိုက် နားထောင်နေတော့တယ်။
၇၊ ၈။ မာသ ဘာကြောင့် စိတ်ပူနေသလဲ။ နောက်ဆုံး သူ ဘယ်လို ပြောချလိုက်သလဲ။
၇ မာသ ဘယ်လောက် စိတ်ပူ နေမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ဧည့်သည်တွေအတွက် ဟင်းတွေ ချက်ရမယ့်အပြင် သူတို့ရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးရဦးမယ်ဆိုတော့ အချိန်မီ မပြီးမှာကို စိုးရိမ်လာပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတယ်။ ပျာယာခတ်ပြီး အလုပ်များနေချိန်မှာ ညီမက မကူညီပေးဘဲ ထိုင်နေတာကို တွေ့လိုက်ရတော့ မာသ ဒေါသထွက်မိမှာပဲ။ သက်ပြင်းတွေချပြီး မျက်မှောင် ကြုတ်နေနိုင်တယ်။ အဲဒီလိုဖြစ်တာလည်း မဆန်းပါဘူး။ မာသ တစ်ယောက်တည်း ဒိုင်ခံလုပ်နေရရင် ဘယ်ပြီးတော့မလဲ။
၈ နောက်ဆုံးတော့ မာသ ဆက်ပြီး မျိုသိပ်မထားနိုင်တော့ဘူး။ ဒါနဲ့ ယေရှုဆီသွားပြီး “သခင်၊ ညီမလေးက ကျွန်မကို ဒိုင်ခံလုပ်ခိုင်းနေတာ။ ဒီအတိုင်း ကြည့်နေတော့မှာလား။ ကျွန်မကို ဝိုင်းကူဖို့ ပြောပေးပါဦး” လို့လွှတ်ခနဲ ပြောချလိုက်တယ်။ (လု. ၁၀:၄၀) သူစကားပြောတာ ကြမ်းသွားတယ်။ အဲဒီလိုပြောပြီး မာရိကို ဆုံးမပေးဖို့၊ အလုပ်သွားလုပ်ခိုင်းဖို့ ယေရှုကို တောင်းဆိုလိုက်တယ်။
၉၊ ၁၀။ (က) မာသကို ယေရှု ဘယ်လို ပြန်ပြောသလဲ။ (ခ) မာသ ကြိုးစားလုပ်နေတာကို ယေရှု အပြစ်ပြောနေတာမဟုတ်မှန်း ဘယ်လို သိနိုင်သလဲ။
၉ ယေရှု ပြန်ပြောတာကို မာသ အံ့သြသွားမှာပဲ။ ကျမ်းစာဖတ်ရှုသူ အတော်များများလည်း အံ့သြကြတယ်။ ယေရှုက ဒီလို ညင်ညင်သာသာ ပြောလိုက်တယ်– “မာသက များများစားစား မလုပ်နိုင်မှာကို စိတ်ပူပြီး ဗျာများနေတာကိုး။ တကယ်တော့ များများစားစား မလိုပါဘူး။ တစ်မျိုးတည်းဆိုရင်လည်း ဖြစ်ပါတယ်။ မာရိကတော့ အကောင်းဆုံးကို ရွေးလိုက်ပြီ။ အဲဒါကို သူ့ဆီကနေ ဘယ်သူမှ လုယူလို့မရဘူး။” (လု. ၁၀:၄၁၊ ၄၂) ယေရှု ဘာကို ဆိုလိုနေတာလဲ။ မာသဟာ ကာယရေးကိုပဲ အာရုံစိုက်လွန်းတယ်လို့ ယေရှု ပြောနေတာလား။ စားကောင်းသောက်ဖွယ်ဖြစ်ဖို့ မာသ ကြိုးစားပမ်းစား လုပ်နေတာကို အပြစ်ပြောနေတာလား။
မာသဟာ “များများ စားစား မလုပ်နိုင်မှာကို စိတ်ပူပြီး ဗျာများနေ” ပေမဲ့ ပြုပြင်တည့်မတ် ခံရတဲ့အခါ နှိမ့်ချစွာ လက်ခံခဲ့
၁၀ မဟုတ်ပါဘူး။ မာသ စိတ်ရင်းကောင်းတယ်ဆိုတာ ယေရှု သိပါတယ်။ ရက်ရက်ရောရော ဧည့်ဝတ်ပြုတာကို မှားတယ်လို့လည်း ယေရှု မဆိုလိုပါဘူး။ အရင်တစ်ခေါက်ကလည်း မာသရဲ့အိမ်မှာ ယေရှုအတွက် တည်ခင်းတဲ့ “စားသောက်ပွဲကြီး” ကို တက်ရောက်ခဲ့ဖူးတာပဲ။ (လု. ၅:၂၉) ဒီမှာ အဓိကပြဿနာက စားစရာတွေ မဟုတ်ဘဲ မာသ ဦးစားထားရာတွေ ဖြစ်တယ်။ သူဟာ အစားအသောက် ချက်ပြုတ်တာကို အာရုံစိုက်ပြီး အရေးအကြီးဆုံးအရာကို လျစ်လျူရှုနေတယ်။ အဲဒါက ဘာဖြစ်မလဲ။
ယေရှုဟာ မာသရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ခဲ့တယ်၊ သူ စိတ်ရင်း ကောင်းတာကိုလည်း သိခဲ့တယ်
၁၁၊ ၁၂။ မာသကို ယေရှု ဘယ်လို ညင်ညင်သာသာ တည့်မတ်ပေးခဲ့သလဲ။
၁၁ ယေဟောဝါဘုရားရဲ့ တစ်ပါးတည်းသောသား ယေရှုဟာ အမှန်တရား သင်ပေးဖို့ မာသရဲ့အိမ်ကို ရောက်လာတာပါ။ စားကောင်းသောက်ဖွယ်တွေ အပါအဝင် တခြားဘယ်အရာကမှ အဲဒါထက် ပိုအရေးမကြီးဘူး။ ယုံကြည်ခြင်း ပိုခိုင်ခံ့လာစေနိုင်မယ့် ဒီအခွင့်အရေးကို မာသ လက်လွှတ်တဲ့အတွက် ယေရှု စိတ်မကောင်းဖြစ်မိမှာပဲ။ ဒါပေမဲ့ မာသ ဦးစားထားရာနဲ့ ပတ်သက်ပြီး ယေရှု ဘာမှမပြောခဲ့ဘူး။a ဒါပေမဲ့ အဲဒီအခွင့်အရေးကို မာရိ လက်လွှတ်လိုက်ဖို့ မာသမှာ ပြောပိုင်ခွင့် မရှိဘူး။ မာရိရဲ့ ဦးစားထားရာတွေနဲ့ ပတ်သက်ပြီး မာသမှာ စွက်ဖက်ပိုင်ခွင့်မရှိဘူး။
၁၂ ယေရှုက မာသ စိတ်တည်ငြိမ်သွားအောင် သူ့နာမည်ကိုခေါ်ပြီး ညင်ညင်သာသာ တည့်မတ်ပေးတယ်။ “များများစားစား မလုပ်နိုင်မှာကို စိတ်ပူပြီး ဗျာများ” နေစရာမလိုပါဘူးလို့ မာသကို ယေရှု ပြောပြတယ်။ အထူးသဖြင့် ကျမ်းစာ အမှန်တရားတွေ သွန်သင်ပေးနေချိန်မှာ ဟင်းတစ်မျိုး၊ နှစ်မျိုးဆိုရင် လုံလောက်ပါပြီ။ ဒါကြောင့် ယေရှုဆီကနေ သင်ယူဖို့ မာရိ “အကောင်းဆုံး” ရွေးချယ်တာကို ယေရှု အပြစ်တင်မှာ မဟုတ်ပါဘူး။
၁၃။ မာသကို ယေရှုပြောတဲ့ စကားတွေကနေ ဘာသင်ယူနိုင်သလဲ။
၁၃ အဲဒီအဖြစ်အပျက်ကနေ ဒီနေ့ခေတ် ခရစ်ယာန်တွေ သင်ခန်းစာ အများကြီးရနိုင်တယ်။ “ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း” သင်ယူတာကို တခြား ဘယ်အရာနဲ့မှ မလဲမိဖို့လိုတယ်။ (မ. ၅:၃) ရက်ရောပြီး အလုပ်ကြိုးစားတဲ့ မာသရဲ့ စိတ်ဓာတ်ကို အတုယူချင်ပေမဲ့ ပိုအရေးကြီးတဲ့အရာတွေကို လက်လွတ်သွားတဲ့အထိ ဧည့်ဝတ် မကျေမှာစိုးလို့ “စိတ်ပူပြီး ဗျာများ” နေတာမျိုး မဖြစ်သင့်ပါဘူး။ ယုံကြည်သူချင်းတွေနဲ့ ပေါင်းသင်းတာက စားကောင်းသောက်ဖွယ်တွေ ဖောဖောသီသီ တည်ခင်းကျွေးမွေးဖို့ထက် ဘုရားဆီကရရှိတဲ့ ဆုကျေးဇူးတွေ ဝေမျှဖို့၊ အပြန်အလှန် အားပေးဖို့ ဖြစ်တယ်။ (ရောမ ၁:၁၁၊ ၁၂ ကိုဖတ်ပါ။) ရိုးရှင်းတဲ့ အစားအသောက် ဧည့်ခံရုံနဲ့လည်း အားပေးတည်ဆောက်မှုဖြစ်စေတဲ့ အချိန်အခါတွေ ဖြစ်နိုင်ပါတယ်။
ချစ်ရတဲ့မောင်လေး သေပြီးမှ အသက်ပြန်ရှင်လာ
၁၄။ မာသဟာ ဆုံးမမှုကို လက်ခံရာမှာ ပုံသက်သေကောင်း ပြခဲ့တယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။
၁၄ ယေရှု ကြင်ကြင်နာနာ တည့်မတ်ပေးတာကို မာသ လက်ခံပြီး သင်ခန်းစာယူခဲ့ပါသလား။ သင်ခန်းစာ ယူခဲ့မှာပါ။ မာသရဲ့ မောင်လေးနဲ့ ပတ်သက်တဲ့ စိတ်လှုပ်ရှားစရာ အဖြစ်အပျက်ကို တမန်တော်ယောဟန် ပြောတဲ့အခါ “ယေရှုက မာသ၊ မာရိနဲ့ လာဇရုတို့ကို ချစ်ခင်” တယ်လို့ နိဒါန်းပျိုးခဲ့တယ်။ (ယော. ၁၁:၅) မာသကို ဆုံးမခဲ့တဲ့အဖြစ်အပျက် ပြီးသွားတာ လအတော်ကြာခဲ့ပါပြီ။ မာသဟာ ယေရှုရဲ့ မေတ္တာပါ ဆုံးမပဲ့ပြင်မှုကို အငြိုးအတေး မထားခဲ့သလို မကျေမနပ်လည်း မဖြစ်မှန်း သိသာပါတယ်။ ဆုံးမပဲ့ပြင်မှုကို သူလက်ခံခဲ့ပါတယ်။ ဒီကိစ္စမှာလည်း ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းနဲ့ ပတ်သက်ပြီး မာသဟာ အကောင်းဆုံး စံနမူနာကို ပြသွားပါတယ်။ တကယ်တော့ ဆုံးမပဲ့ပြင်ခံရဖို့ မလိုတဲ့သူ ဘယ်သူရှိသလဲ။
၁၅၊ ၁၆။ (က) မောင်လေး နေမကောင်းတဲ့အခါ မာသ ဘာလုပ်သလဲ။ (ခ) မာသနဲ့ မာရိတို့ မျှော်လင့်သလို ဘာကြောင့် မဖြစ်လာသလဲ။
၁၅ မာသဟာ နေမကောင်းဖြစ်နေတဲ့ မောင်လေးလာဇရုကို ပြုစုနေရလို့ အလုပ်များနေမှာပဲ။ မောင်လေး နေပြန်ကောင်းလာအောင် အစွမ်းကုန် ပြုစုပေးခဲ့တယ်။ ဒါပေမဲ့ လာဇရုရဲ့ ရောဂါအခြေအနေက ပိုဆိုးလာတယ်။ မာရိနဲ့ မာသတို့ဟာ မောင်လေးကို အနီးကပ် ပြုစုပေးနေကြမယ်။ မာသဟာ မောင်လေးရဲ့ ချောင်ကျနေတဲ့ မျက်နှာကို ငေးကြည့်ရင်း မောင်နှမသုံးယောက် အတူတူ ပျော်ရွှင်ခဲ့၊ ဝမ်းနည်းခဲ့တာတွေကို မကြာခဏ ပြန်သတိရနေမှာပဲ။
၁၆ နောက်ဆုံး သူတို့ ဘယ်လိုမှ မတတ်နိုင်တော့တဲ့အခါ လာဇရု နေမကောင်းတဲ့အကြောင်း ယေရှုဆီ သတင်းပို့လိုက်ကြတယ်။ အဲဒီအချိန်မှာ ယေရှုက နှစ်ရက်ခရီးလောက်ဝေးတဲ့ နေရာမှာ ဟောပြောနေတယ်။ ယေရှုဆီ ရောက်လာတဲ့ သတင်းက “သခင်ချစ်ခင်တဲ့သူ ဖျားနေပါတယ်။” (ယော. ၁၁:၁၊ ၃) မောင်လေးကို ယေရှု ချစ်ခင်တယ်၊ သူနေပြန်ကောင်းလာအောင် လုပ်ပေးမှာပဲလို့ အစ်မတွေ ယုံကြည်တယ်။ အချိန်မနှောင်းခင် ယေရှု ရောက်လာဖို့ သူတို့ မျှော်လင့်နေမှာပဲ။ ဒါပေမဲ့ သူတို့ မျှော်လင့်သလို မဖြစ်လာဘူး။ လာဇရု ဆုံးသွားပါပြီ။
၁၇။ မာသ ဘာကို တွေးရခက်နေသလဲ။ ဗေသနိရွာအနား ယေရှုရောက်နေပြီလို့ သတင်းရတဲ့ခါ မာသ ဘာလုပ်သလဲ။
၁၇ မောင်လေး ဆုံးသွားလို့ မာသနဲ့ မာရိတို့ ဝမ်းနည်းကြေကွဲနေကြတယ်။ ဈာပနအတွက် ပြင်ဆင်နေရတဲ့အပြင် ဗေသနိရွာနဲ့ အနီးအနားရွာက ဧည့်သည်တွေကိုလည်း ဧည့်ခံနေရတယ်။ အချိန်သာ ကုန်သွားတယ် ယေရှုဆီက ဘာသတင်းမှ မကြားဘူး။ မာသ အတော်လေး တွေးရခက်နေတယ်။ လာဇရုသေပြီး လေးရက်ကြာမှ ဗေသနိရွာနား ယေရှုရောက်နေပြီလို့ သတင်းရတယ်။ စိတ်မြန်လက်မြန်ရှိတဲ့ မာသဟာ ဝမ်းနည်းပူဆွေးနေတဲ့ အချိန်မှာတောင် ယေရှုကို ခရီးဦးကြိုပြုဖို့ မာရိကို ဘာမှမပြောဘဲ ထွက်သွားတယ်။—ယောဟန် ၁၁:၁၈-၂၀ ကိုဖတ်ပါ။
၁၈၊ ၁၉။ မာသဆီမှာ ဘာမျှော်လင့်ချက်ရှိခဲ့သလဲ။ သူ့ယုံကြည်ခြင်းက ဘာကြောင့် မှတ်သားထိုက်သလဲ။
၁၈ ယေရှုကို မာသတွေ့တော့ “သခင်၊ သခင်သာ ဒီမှာရှိခဲ့ရင် ကျွန်မရဲ့မောင် သေမှာမဟုတ်ဘူး” ဆိုပြီး သူတို့ညီအစ်မနှစ်ယောက်စိတ်ထဲ ရက်အတော်ကြာ ရှိနေတဲ့ ခံစားချက်ကို ပြောချလိုက်တယ်။ ဒါပေမဲ့ မာသမှာ မျှော်လင့်ချက်နဲ့ ယုံကြည်ခြင်း ရှိနေတုန်းပါပဲ။ ဒါနဲ့ သူက “အခုလည်း သခင်သာ တောင်းမယ်ဆိုရင် ဘုရားသခင်က ဘာမဆိုပေးမယ်ဆိုတာ ကျွန်မသိပါတယ်” လို့ ဆက်ပြောတယ်။ ဒါနဲ့ ယေရှုက “ခင်ဗျားရဲ့မောင် အသက်ပြန်ရှင်လာမယ်” ဆိုပြီး ချက်ချင်းပြောလိုက်တော့ မာသရဲ့ ယုံကြည်ခြင်း ခိုင်မာလာတယ်။—ယော. ၁၁:၂၁-၂၃။
၁၉ အနာဂတ်ထမြောက်ခြင်းအကြောင်း ယေရှု ပြောနေတယ်လို့ ထင်ပြီး မာသက “နောက်ဆုံးသောနေ့၊ ရှင်ပြန်ထမြောက်ရာကာလမှာ သူ အသက်ပြန်ရှင်လာမယ်ဆိုတာ ကျွန်မသိပါတယ်” လို့ပြန်ဖြေတယ်။ (ယော. ၁၁:၂၄) ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို မာသ ယုံကြည်တာက မှတ်သားထိုက်ပါတယ်။ ကျမ်းစာမှာ အဲဒီမျှော်လင့်ချက်အကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပေမဲ့ ဇဒ္ဒုကဲလို့ခေါ်တဲ့ ဂျူးဘာသာရေး ခေါင်းဆောင်တချို့က ရှင်ပြန်ထမြောက်ခြင်းကို မယုံကြည်ကြဘူး။ (ဒံ. ၁၂:၁၃။ မာ. ၁၂:၁၈) ယေရှုဟာ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်အကြောင်း သွန်သင်ပေးပြီး သေလွန်သူတချို့ကိုတောင် အသက်ပြန်ရှင်စေခဲ့တယ်ဆိုတာ မာသသိထားတယ်။ ဒါပေမဲ့ လာဇရုသေသွားတာ တော်တော်ကြာနေပြီ။ ရှေ့မှာ ဘာတွေ ဆက်ဖြစ်လာမယ်ဆိုတာ မာသ မသိဘူး။
၂၀။ ယောဟန် ၁၁:၂၅-၂၇ မှာ မှတ်တမ်းတင်ထားတဲ့ ယေရှုရဲ့ အမှတ်ရစရာ စကားနဲ့ မာသရဲ့အဖြေကို ရှင်းပြပါ။
၂၀ အဲဒီအခါမှာ ယေရှုက “ကျွန်တော်ဟာ လူသေတွေကို ရှင်ပြန်ထမြောက်စေသူ၊ အသက်ရစေတဲ့သူပဲ” ဆိုတဲ့ အမှတ်ရစရာ စကားကို ပြောခဲ့တယ်။ အနာဂတ်မှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ သေလွန်သူတွေကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တဲ့ တန်ခိုးကို ယေဟောဝါဘုရားဆီကနေ ယေရှု ရရှိထားပါတယ်။ ယေရှုက “ဒါကို ယုံသလား” ဆိုပြီး မာသကို မေးတဲ့အခါ သူက ဒီဆောင်းပါးရဲ့အစမှာ ဖော်ပြထားတဲ့ အဖြေကို ပေးလိုက်တယ်။ ယေရှုဟာ မေရှိယ၊ ခရစ်တော်ဖြစ်တယ်။ ယေဟောဝါဘုရားရဲ့ သားတော်လည်းဖြစ်တယ်။ ကမ္ဘာပေါ်ရောက်ရှိလာမယ်လို့ ပရောဖက်တွေ ကြိုဟောထားတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်ဆိုတာကို မာသ ယုံကြည်ထားတယ်။—ယော. ၅:၂၈၊ ၂၉။ ယောဟန် ၁၁:၂၅-၂၇ ကိုဖတ်ပါ။
၂၁၊ ၂၂။ (က) ယေရှုက ဝမ်းနည်းပူဆွေးနေသူတွေကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို ဘယ်လို ဖော်ပြခဲ့သလဲ။ (ခ) လာဇရု ရှင်ပြန်ထမြောက်လာတဲ့ အဖြစ်အပျက်ကို ပြောပြပါ။
၂၁ မာသရဲ့ ယုံကြည်ခြင်းမျိုးကို ယေဟောဝါဘုရားနဲ့ သားတော် ယေရှုခရစ်တို့ တန်ဖိုးထားပါသလား။ မာသမျက်စိနဲ့ တပ်အပ်တွေ့မြင်ရမယ့် အဖြစ်အပျက်တွေကို ကြည့်ရင် အဖြေက ရှင်းသွားပါလိမ့်မယ်။ မာသဟာ ညီမကို မြန်မြန်ပြေးခေါ်လိုက်တယ်။ အဲဒီနောက် မာရိအပြင် သူနဲ့အတူ ငိုကြွေးမြည်တမ်းနေသူတွေကို ယေရှု စကားပြောနေချိန်မှာ တော်တော်စိတ်ထိခိုက်နေတာကို မာသတွေ့လိုက်ရတယ်။ သေခြင်းတရားကြောင့် လူတွေ ဝမ်းနည်းကြေကွဲနေရတာကို ယေရှုတွေ့မြင်ပြီး ကိုယ်တိုင် ဝမ်းနည်းပူဆွေးနေတာကို မကွယ်ဝှက်ထားဘဲ မျက်ရည်ကျလာတာကိုလည်း မာသ တွေ့လိုက်ရတယ်။ အဲဒီနောက် မောင်လေးရဲ့ သင်္ချိုင်းဂူဝမှာ ပိတ်ထားတဲ့ ကျောက်တုံးကို ရွှေ့လိုက်ကြဖို့ ယေရှု အမိန့်ပေးတာ မာသကြားလိုက်ရတယ်။—ယော. ၁၁:၂၈-၃၉။
၂၂ အမြဲလက်တွေ့ကျကျ လုပ်တတ်တဲ့ မာသက သေတာ လေးရက်ရှိပြီဖြစ်တဲ့ အလောင်းဟာ အခုဆိုရင် နံနေလောက်ပြီဆိုပြီး ကန့်ကွက်လိုက်တယ်။ ယေရှုက “ယုံတယ်ဆိုရင် ဘုရားသခင့်ဘုန်းတော်ကို မြင်ရလိမ့်မယ်လို့ ကျွန်တော်ပြောခဲ့တယ် မဟုတ်လား” ဆိုပြီး မာသကို ပြန်သတိပေးတယ်။ မာသ ယုံကြည်တဲ့အတွက် ယေဟောဝါဘုရားရဲ့ ဘုန်းတော်ကို မြင်လိုက်ရတယ်။ လာဇရုကို အသက်ပြန်ရှင်လာအောင် လုပ်ပေးဖို့ ဘုရားသခင်က သူတို့ရှေ့မှာပဲ သားတော်ကို တန်ခိုးပေးခဲ့တယ်။ “လာဇရု၊ ထွက်လာခဲ့” ဆိုတဲ့ ယေရှုရဲ့ အမိန့်ပေးသံ၊ လာဇရုကို မြှုပ်နှံထားတဲ့ သင်္ချိုင်းဂူထဲကနေ အသံသဲ့သဲ့ ကြားလိုက်ရပုံ၊ အဲဒီနောက် ပိတ်အဝတ်စည်းထားတဲ့ လာဇရုဟာ ဂူဝကို တရွေ့ရွေ့ ထွက်လာပုံ၊ “အဝတ်တွေ ဖြေပေးလိုက်ပါ” ဆိုတဲ့ ယေရှုရဲ့ အမိန့်ပေးသံ၊ မာသနဲ့ မာရိတို့ မောင်လေးကို ဝမ်းသာအားရ ပြေးဖက်ကြပုံ စတဲ့အဖြစ်အပျက်တွေကို မာသ ဘယ်တော့မှ မေ့ပျောက်နိုင်မှာမဟုတ်ပါဘူး။ (ယောဟန် ၁၁:၄၀-၄၄ ကိုဖတ်ပါ။) မာသရဲ့ ဝမ်းနည်းကြေကွဲမှုက လုံးလုံး ပျောက်ကွယ်သွားပါပြီ။
ယေရှုကို မာသယုံကြည်တဲ့အတွက် သူနဲ့မာရိဟာ မောင်လေး ပြန်အသက်ရှင် လာတာကို တွေ့မြင်ခွင့်ရခဲ့
၂၃။ ယေဟောဝါဘုရားနဲ့ ယေရှုက သင့်အတွက် ဘာလုပ်ပေးချင်သလဲ။ သင့်ဘက်က ဘာလုပ်ဖို့လိုသလဲ။
၂၃ သေလွန်သူတွေ ပြန်အသက်ရှင်လာမယ်ဆိုတာ စိတ်ကူးသက်သက် မဟုတ်ဘူး။ နှလုံးနွေးထွေးစေတဲ့ ကျမ်းစာသွန်သင်ချက် ဖြစ်တဲ့အပြင် သက်သေခိုင်လုံတဲ့ ဖြစ်ရပ်မှန်လည်း ရှိတယ်ဆိုတာ အဲဒီမှတ်တမ်းက ဖော်ပြပါတယ်။ (ယောဘ ၁၄:၁၄၊ ၁၅) မာသ၊ မာရိ၊ လာဇရုတို့ရဲ့ အဖြစ်အပျက်မှာလိုပဲ ယုံကြည်ခြင်းရှိတဲ့သူတွေကို ယေဟောဝါဘုရားနဲ့ ယေရှု ဆုချချင်တယ်။ သင်လည်း ယုံကြည်ခြင်း ခိုင်ခံ့အောင် လုပ်မယ်ဆိုရင် ဆုချခံရပါလိမ့်မယ်။
“မာသက ဧည့်ဝတ်ပြုနေတယ်”
၂၄။ မာသအကြောင်း ကျမ်းစာက နောက်ဆုံးအနေနဲ့ ဘယ်လို ဖော်ပြသလဲ။
၂၄ ကျမ်းစာမှာ မာသရဲ့အကြောင်း နောက်တစ်ကြိမ်ပဲ ထပ်ဖော်ပြတော့တယ်။ ယေရှုရဲ့ မြေကြီးအသက်တာ နောက်ဆုံးအပတ်ရဲ့ အစပိုင်းမှာ ဖြစ်ပါတယ်။ မကြာခင် ညှဉ်းပန်းနှိပ်စက်မှုတွေ ကြုံရတော့မယ်ဆိုတာကို ယေရှု ကောင်းကောင်းသိထားတယ်။ အဲဒီလိုအချိန်မှာ ကိုယ်တော်ဟာ ဗေသနိရွာက မာသတို့ရဲ့ အိမ်မှာ သွားတည်းတယ်။ အဲဒီရွာက ဂျေရုဆလင်မြို့နဲ့ နှစ်မိုင်ခရီးရှိတယ်။ ယေရှုနဲ့ လာဇရုတို့ဟာ အနူသည် ရှိမုန်ရဲ့အိမ်မှာ ညစာစားနေကြပြီး “မာသက ဧည့်ဝတ်ပြုနေတယ်” လို့ဖော်ပြထားတယ်။ ဒါက မာသအကြောင်း နောက်ဆုံးဖော်ပြချက်ပဲ။—ယော. ၁၂:၂။
၂၅။ မာသလိုအမျိုးသမီးတွေ အသင်းတော်တွေမှာ ရှိနေတာ ဘာကြောင့် ကောင်းချီးဖြစ်သလဲ။
၂၅ မာသဟာ တကယ့်ကို အလုပ်ကြိုးစားတဲ့ အမျိုးသမီးပါ။ ကျမ်းစာမှာ သူ့အကြောင်း ဦးဆုံးဖော်ပြတုန်းက သူအလုပ်လုပ်နေတယ်။ နောက်ဆုံး ဖော်ပြတဲ့အခါမှာလည်း သူအလုပ်လုပ်နေတုန်းပဲ။ သူ့အနားမှာရှိသူတွေရဲ့ လိုအပ်ရာတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့တယ်။ အခုချိန်မှာလည်း ခရစ်တော်နောက်လိုက်တွေကြားမှာ မာသလို စိတ်ဓာတ်ကြံ့ခိုင်ပြီး ရက်ရောတဲ့ အမျိုးသမီးတွေရှိတာ တကယ့်ကောင်းချီးပါပဲ။ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် အမြဲပေးဆက်ပြီး သူတို့ရဲ့ ယုံကြည်ခြင်းကို လက်တွေ့ ပြသနေကြပါတယ်။ မာသ အဲဒီလို အမြဲလုပ်ဆောင်သွားပါသလား။ လုပ်ဆောင်သွားပုံရပါတယ်။ အဲဒီလိုလုပ်တဲ့အတွက် ရှေ့မှာ သူကြုံတွေ့ရမယ့် အခက်အခဲတွေကို ရင်ဆိုင်သွားနိုင်ပါလိမ့်မယ်။
၂၆။ မာသရဲ့ ယုံကြည်ခြင်းက သူ့ကို ဘယ်လို ကူညီပေးခဲ့သလဲ။
၂၆ ရက်အနည်းငယ်အတွင်းမှာ မာသဟာ သူချစ်မြတ်နိုးရတဲ့သခင် ယေရှု မရှုမလှ သေဆုံးတာကို မြင်ရတော့မယ်။ အဲဒီအပြင် ယေရှုကို သတ်ခဲ့တဲ့ လူတွေဟာ လာဇရုကိုလည်း သတ်ပစ်ဖို့ ဆုံးဖြတ်ထားကြတယ်။ လာဇရု အသက်ပြန်ရှင်လာတဲ့အတွက် လူအတော်များများက ယုံကြည်သူတွေ ဖြစ်ခဲ့ကြလို့ပဲ။ (ယောဟန် ၁၂:၉-၁၁ ကိုဖတ်ပါ။) နောက်ဆုံးတော့ သေခြင်းတရားက မာသတို့ မောင်နှမသုံးယောက်ကို ကွဲကွာသွားစေမှာဖြစ်တယ်။ ဘယ်အချိန်မှာ ဘယ်လို ကွဲကွာသွားခဲ့ကြတယ်ဆိုတာကိုတော့ မသိရဘူး။ ဒါပေမဲ့ မာသရဲ့ ယုံကြည်ခြင်းက အဆုံးထိ ခံနိုင်ရည်ရှိဖို့ သူ့ကို ကူညီပေးခဲ့မယ်ဆိုတာကိုတော့ ပြောနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ် ခရစ်ယာန်တွေဟာ မာသရဲ့ ယုံကြည်ခြင်းကို အတုယူသင့်ပါတယ်။
a ပထမရာစုခေတ်က ဂျူးအသိုင်းအဝိုင်းမှာ အမျိုးသမီးတွေဟာ ပညာသင်ခွင့်မရှိကြဘူး။ အိမ်အလုပ်တွေကို လုပ်ဖို့ပဲ လေ့ကျင့်ပေးခံကြရတယ်။ ဒါကြောင့် ဆရာတစ်ယောက်ရဲ့ ခြေရင်းမှာ မာရိ ထိုင်ပြီး သင်ယူနေတာဟာ လုံးဝမသင့်တော်ဘူးလို့ မာသ ယူမှတ်ပုံရတယ်။