ဘယ်– ၁၉၂၆ ခုနှစ်မှာ ဘရွတ်ကလင်ဗေသလမိသားစုက နောက်ဆုံးခရစ္စမတ်ပွဲ ကျင်းပနေ၊ ညာ–ယေဟောဝါသက်သေတွေ ထူးခြားမှန်း လူတွေ သတိထားမိကြ
အပိုင်း ၃
နိုင်ငံတော်ရဲ့ စံနှုန်းများ—ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းတရားကိုရှာခြင်း
သင် လမ်းလျှောက်သွားရင်းနဲ့ အိမ်နီးချင်းကို လှမ်းနှုတ်ဆက်လိုက်တယ်။ အခုတလော သင်တို့မိသားစုကို သူအကဲခတ်နေမှန်း သတိထားမိတယ်။ သင်နှုတ်ဆက်တဲ့အခါ သူကလည်း ပြန်နှုတ်ဆက်ပြီး “ကျွန်တော် တစ်ခုလောက်မေးချင်တယ်။ ခင်ဗျားတို့က ဘာလို့ ဒီလောက် ထူးခြားတာလဲ” လို့မေးတယ်။ ဒါနဲ့ “ခင်ဗျား ဘာကို ပြောချင်တာလဲ” ဆိုပြီး ပြန်မေးလိုက်တဲ့အခါ သူက “ဒီလိုလေ၊ ခင်ဗျားတို့က ယေဟောဝါသက်သေတွေ မဟုတ်လား။ ခင်ဗျားတို့ကိုကြည့်ရတာ တခြားသူတွေနဲ့ မတူဘူး။ တခြားဘာသာရေးတွေနဲ့ မရောဘူး။ အခါကြီးရက်ကြီးတွေဆိုလည်း ပွဲမလုပ်ဘူး။ စစ်နဲ့နိုင်ငံရေးမှာ မပါဝင်ဘူး။ ဆေးလိပ် မသောက်ဘူး။ ကိုယ်ကျင့်တရားလည်းကောင်းတယ်။ ခင်ဗျားတို့ ဒီလောက်တောင် ထူးခြားရတာ ဘာကြောင့်လဲ” ဆိုပြီးမေးတယ်။
အဖြေကတော့ ရိုးရိုးလေးပါပဲ။ ကျွန်တော်တို့က ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်မှာ နေထိုင်ကြတဲ့အတွက်ဖြစ်တယ်။ ဘုရင်ယေရှုက ကျွန်တော်တို့ကို အမြဲသန့်စင်ပေးနေတယ်။ သူ့ခြေရာအတိုင်း လိုက်လျှောက်နိုင်အောင်၊ ဆိုးယုတ်တဲ့လောကနဲ့ သီးခြားနေနိုင်အောင် ကူညီပေးနေတယ်။ မေရှိယနိုင်ငံတော်က ယေဟောဝါရဲ့ ဘုန်းတော်ကို ဂုဏ်တင်ချီးမွမ်းနိုင်ဖို့ လူမျိုးတော်ကို ဝတ်ပြုရေးပိုင်း၊ ကိုယ်ကျင့်တရားပိုင်းနဲ့ အဖွဲ့အစည်းပိုင်းမှာ ဘယ်လိုသန့်စင်ပေး နေတယ်ဆိုတာ ဒီအပိုင်းမှာ သုံးသပ်ကြပါမယ်။