တစ်ကိုယ်ရေနေခြင်း—စိတ်ရှုပ်ထွေးမှုမရှိဘဲလုပ်ဆောင်ဖို့အတွက် တံခါးတစ်ခု
“စိတ်ရှုပ်ထွေးခြင်းမရှိဘဲ သခင်ဘုရား၏ဝတ်ကို အမြဲပြုစေခြင်းငှာသာ ဤသို့ဆို၏။”—၁ ကောရိန္သု ၇:၃၅။
၁။ ကောရိန္သုမြို့မှ ခရစ်ယာန်များနှင့်ပတ်သက်သော မည်သည့်စိတ်ချောက်ချားဖွယ်သတင်းသည် ပေါလုထံသို့ရောက်လာသနည်း။
တမန်တော်ပေါလုသည် ဂရိနိုင်ငံ ကောရိန္သုမြို့ရှိ ခရစ်ယာန်ညီအစ်ကိုများအရေးကို စိုးရိမ်မကင်းဖြစ်နေသည်။ စာရိတ္တပျက်မှုဖြင့် ဟိုးလေးတကျော်ဖြစ်နေသည့် ကြွယ်ဝချမ်းသာသော ထိုမြို့တွင် လွန်ခဲ့သည့် ငါးနှစ်ခန့်က အသင်းတော်ကို သူတည်ခဲ့သည်။ ယခု စီ.အီး. ၅၅ ခုနှစ်ခန့်အချိန် အာရှမိုင်းနားရှိ ဧဖက်မြို့တွင်ရှိနေစဉ်တွင် သင်းကွဲမှုများနှင့် ဆိုးရွားသည့်အကျင့်ပျက်မှုကိစ္စကို လွှတ်ထားခြင်းတို့နှင့်ပတ်သက်၍ ကောရိန္သုမြို့မှ စိတ်ချောက်ချားဖွယ်သတင်းများကို သူရရှိလေသည်။ ထို့အပြင် သံဝါသပြုခြင်း၊ အိမ်ထောင်သားမွေးမပြုဘဲနေခြင်း၊ အိမ်ထောင်ပြုခြင်း၊ ခွဲနေခြင်းနှင့် အိမ်ထောင်ထပ်ပြုခြင်းတို့နှင့်ပတ်သက်၍ ညွှန်ကြားချက်ပေးဖို့ တောင်းခံထားသည့် ကောရိန္သုခရစ်ယာန်များထံမှ စာတစ်စောင်ကို ပေါလုရရှိထားသည်။
၂။ ကောရိန္သုမြို့တွင် ပျံ့နှံ့နေသည့် စာရိတ္တပျက်မှုသည် ထိုမြို့တွင်ရှိသောခရစ်ယာန်များကို မည်သို့ထိခိုက်နေပုံရသနည်း။
၂ ကောရိန္သုမြို့တွင် ပျံ့နှံ့နေသည့် စာရိတ္တအကြီးအကျယ်ပျက်မှုသည် ဒေသန္တရအသင်းတော်ကို နည်းနှစ်နည်းဖြင့် ထိခိုက်နေပုံရသည်။ ခရစ်ယာန်အချို့သည် အကျင့်လျော့ရဲသည့်အသိုင်းအဝိုင်းဘက် စိတ်ယိုင်နေပြီး အကျင့်ပျက်မှုကို သည်းခံခွင့်ပြုနေကြသည်။ (၁ ကောရိန္သု ၅:၁; ၆:၁၅-၁၇) အချို့သူများမူ ထိုမြို့နေရာအနှံ့တွင် တွေ့နေရသည့် ကာမသာယာမှုများကို တန်ပြန်ကာ သံဝါသပြုမှုမှန်သမျှကို ရှောင်ဖို့၊ အိမ်ထောင်သည်များပင် ထိုသို့ပြုဖို့ ထောက်ခံပြောဆိုသည်အထိ အစွန်းရောက်သွားကြောင်း ထင်ရှားသည်။—၁ ကောရိန္သု ၇:၅။
၃။ ကောရိန္သုမြို့အသင်းတော်သားများထံရေးသည့် ပေါလု၏ပထမစာတွင် မည်သည့်ကိစ္စရပ်များကို စစချင်း သူဖြေရှင်းပေးခဲ့သနည်း။
၃ ကောရိန္သုအသင်းတော်သားများထံရေးသည့် ပေါလု၏စာရှည်ကြီးတွင် သွေးကွဲမှုပြဿနာကို သူဦးဆုံး တင်ပြခဲ့သည်။ (၁ ကောရိန္သု အခန်းကြီး ၁-၄) အကျိုးယုတ်နစ်နာစေသော သင်းကွဲမှုများကိုသာဖြစ်စေနိုင်သည့် လူနောက်လိုက်ခြင်းကို ရှောင်ကြဖို့ သူတို့ကို တိုက်တွန်းခဲ့သည်။ သူတို့သည် ဘုရားသခင်၏ “လုပ်ဖော်ဆောင်ဖက်များ” အနေနှင့် သွေးစည်းသင့်သည်။ ထို့နောက်သူသည် အသင်းတော်စာရိတ္တသန့်စင်မှုကို စောင့်ထိန်းဖို့ တိကျသည့်ညွှန်ကြားချက်များကို ပေးခဲ့သည်။ (အခန်းကြီး ၅၊ ၆) ထို့နောက် တမန်တော်သည် သူတို့၏စာများကို ဖြေကြားရှင်းလင်းသည်။
တစ်ကိုယ်ရေနေခြင်းကို ထောက်ခံ
၄။ “ယောက်ျားသည် မိန်းမနှင့်မဆက်ဆံဘဲနေလျှင် ကောင်း” ၏ဟု ပေါလုပြောသောအခါ သူဘာကိုဆိုလိုသနည်း။
၄ “သင်တို့သည် ငါ့ထံသို့ပေးလိုက်သောစာ၌ပါသောအရာမှာ ယောက်ျားသည် မိန်းမနှင့်မဆက်ဆံဘဲနေလျှင် ကောင်း” ကြောင်း သူအစချီထားသည်။ (၁ ကောရိန္သု ၇:၁) ဤတွင်ပါသည့် “မိန်းမနှင့်မဆက်ဆံဘဲနေ” ဟူသည့် အသုံးအနှုန်းမှာ လိင်သာယာမှုခံစားဖို့အတွက် အမျိုးသမီးတစ်ဦးနှင့် ကာယပိုင်းစပ်ယှက်မှုကို ရှောင်ခြင်းဟူ၍ အဓိပ္ပာယ်ရသည်။ မတရားမေထုန်ပြုခြင်းကို ပေါလုရှုတ်ချထားရကား ယခုတွင် သူသည် အိမ်ထောင်ရေးအစီအစဉ်ဘောင်အတွင်း၌ သံဝါသပြုခြင်းကို ရည်ညွှန်းနေခြင်းဖြစ်သည်။ ထို့ကြောင့် ယခုတွင် ပေါလုသည် တစ်ကိုယ်ရေဘဝကို ထောက်ခံပြောနေခြင်းဖြစ်သည်။ (၁ ကောရိန္သု ၆:၉၊ ၁၆၊ ၁၈; ကမ္ဘာဦး ၂၀:၆; သု. ၆:၂၉ နှိုင်းယှဉ်။) ရှေ့နားလေးတွင် ထပ်၍ “ထို့ကြောင့် မယားမရှိသောသူတို့နှင့် မုဆိုးမတို့ကို ငါဆိုသည်ကား ထိုသူတို့သည် ငါကဲ့သို့နေလျှင် ကောင်း၏” ဟုသူရေးခဲ့သည်။ (၁ ကောရိန္သု ၇:၈) ပေါလုသည် အိမ်ထောင်မရှိသောသူဖြစ်သည်။ မုဆိုးဖိုတစ်ယောက်ဖြစ်နိုင်သည်။—၁ ကောရိန္သု ၉:၅။
၅၊ ၆။ (က) ပေါလုသည် [ဘုန်းကြီး] ဘဝပုံစံကို ပြောနေခြင်းမဟုတ်ကြောင်း အဘယ်ကြောင့်ထင်ရှားသနည်း။ (ခ) ပေါလုသည် တစ်ကိုယ်ရေနေခြင်းကို အဘယ်ကြောင့် ထောက်ခံပြောဆိုခဲ့သနည်း။
၅ ကောရိန္သုမြို့ရှိ ခရစ်ယာန်များသည် အစွန်းရောက်ခြိုးခြံလွန်ဝါဒ သို့မဟုတ် ကိုယ့်ကိုယ်ကို ခြိုးခြံခြင်းကို အမွှမ်းတင်သည့် အချို့အုပ်စုများမှလာသော ဂရိအတွေးအခေါ်နှင့် ထိတွေ့ဆက်ဆံမိခဲ့ဖွယ်ရှိသည်။ ထိုအချက်ကြောင့် ကောရိန္သုအသင်းတော်သားများက သံဝါသပြုခြင်းမှန်သမျှကို ရှောင်ခြင်းသည် ခရစ်ယာန်များအတွက် “ကောင်း” မကောင်း ပေါလုကို မေးမြန်းလိုက်ခြင်းဖြစ်နိုင်မည်လော။ ပေါလု၏အဖြေသည် ဂရိအတွေးအခေါ်ကို ရောင်ပြန်မဟပ်ပါ။ (ကောလောသဲ ၂:၈) . . . ဓမ္မပညာရှင်များဆိုသကဲ့သို့ တစ်ကိုယ်ရေသမားများသည် အထူးသန့်ရှင်းသူများ၊ မိမိတို့၏ဘဝပုံစံနှင့် ဆုတောင်းချက်များအားဖြင့် ကိုယ့်ကယ်တင်ခြင်းအတွက် လုပ်ဆောင်နိုင်သူများအလား ဘုရားကျောင်းတွင် . . . အိမ်ထောင်သားမွေးမပြုဘဲ ခြိုးခြံစွာကျင့်ကြံနေထိုင်ခြင်းကို မည်သည့်နေရာတွင်မျှ ပေါလုထောက်ခံပြောဆိုခဲ့ခြင်းမရှိပါ။
၆ ပေါလုက “ယခုသင့်အံ့ဆဲ ဒုက္ခကိုထောက်၍” တစ်ကိုယ်ရေနေခြင်းကို ထောက်ခံပြောနေခြင်းဖြစ်သည်။ (၁ ကောရိန္သု ၇:၂၆၊ သမ) သူသည် အိမ်ထောင်မှုနှင့် ဒွန်တွဲပါလာသည့် ခရစ်ယာန်များဖြတ်သန်းနေရသော ခက်ခဲသည့်ကာလကို ရည်ညွှန်းနေခြင်းဖြစ်ပေမည်။ (၁ ကောရိန္သု ၇:၂၈) အိမ်ထောင်သည်မဟုတ်သော ခရစ်ယာန်များအတွက် သူ၏သြဝါဒမှာ “ထိုသူတို့သည် ငါကဲ့သို့နေလျှင် ကောင်း၏။” မုဆိုးဖိုတို့အတွက် သူ၏မြွက်ကြားချက်မှာ “မယားနှင့်လွတ်လျှင် အခြားသောမယားကို မရှာနှင့်။” ခရစ်ယာန်မုဆိုးမနှင့်ပတ်သက်၍ သူက “အခြားသောသူ၏မယားမဖြစ်ဘဲနေလျှင် သာ၍မင်္ဂလာရှိသည်ဟု ငါသဘောရှိ၏။ ငါ၌လည်း ဘုရားသခင်၏ ဝိညာဉ်တော်ရှိတော်မူသည်ဟု ငါစွဲလမ်းခြင်းစိတ်ရှိ၏” ဟုရေးသားလိုက်သည်။—၁ ကောရိန္သု ၇:၈၊ ၂၇၊ ၄၀။
တစ်ကိုယ်ရေဆက်နေဖို့ အတင်းအကျပ်မပြု
၇၊ ၈။ ပေါလုသည် မည်သည့်ခရစ်ယာန်ကိုမျှ တစ်ကိုယ်ရေဆက်နေဖို့ အတင်းအကျပ်မပြုကြောင်း မည်သည့်အရာက တင်ပြသနည်း။
၇ အဆိုပါသြဝါဒကို ပေါလုပေးချိန်တွင် ယေဟောဝါ၏ဝိညာဉ်တော်သည် သူ့ကို လမ်းညွှန်နေသည်အမှန်။ အိမ်ထောင်သားမွေးမပြုဘဲနေခြင်း၊ အိမ်ထောင်ပြုခြင်းတို့နှင့်ပတ်သက်သည့် သူ့တင်ပြချက်တစ်ခုလုံးသည် မျှတမှုနှင့် ထိန်းချုပ်မှုကို ဖော်ပြသည်။ ယင်းကို သစ္စာရှိမရှိဟူသောကိစ္စ မဖြစ်စေပါ။ ယင်းအစား ၎င်းသည် စင်ကြယ်သောအခြေအနေတွင် ဆက်နေနိုင်သူများအတွက် တစ်ကိုယ်ရေနေခြင်းဘက်ကို အလေးသာကာ စိတ်ကြိုက်ရွေးချယ်သည့်ကိစ္စဖြစ်သည်။
၈ “ယောက်ျားသည် မိန်းမနှင့်မဆက်ဆံဘဲနေသော် ကောင်း၏” ဟုပြောပြီးသည်နှင့် “သို့ရာတွင် မတရားသောမေထုန်မှုဖြစ်တတ်သည်ကိုထောက်၍ ယောက်ျားအသီးအသီး၌ မယား၊ မိန်းမအသီးသီး၌ လင်ရှိစေလော့” ဟု ပေါလုဆက်ပြောသည်။ (၁ ကောရိန္သု ၇:၁၊ ၂၊ သမ) အိမ်ထောင်မရှိသောသူများနှင့် မုဆိုးမများအား “ငါကဲ့သို့နေ” ရန် အကြံပြုပြီးနောက် ချက်ချင်းပင် “သို့သော်လည်း ကာမဂုဏ်ကိုမချုပ်တည်းနိုင်လျှင် ထိမ်းမြားစုံဖက်ခြင်းကို ပြုကြစေ။ ကိလေသာစိတ်ပူပန်ခြင်းရှိသည်ထက် ထိမ်းမြားစုံဖက်ခြင်းပြုသော် သာ၍ကောင်း၏” ဟုသူဆက်ပြောသည်။ (၁ ကောရိန္သု ၇:၈၊ ၉) တစ်ဖန် မုဆိုးဖိုတို့အတွက် သူ၏သြဝါဒမှာ “အခြားမယားကို မရှာနှင့်။ သို့သော်လည်း သင်သည် မယားနေလျှင် အပြစ်မရှိ။” (၁ ကောရိန္သု ၇:၂၇၊ ၂၈) ဤမျှတမှုရှိသော ဩဝါဒသည် စိတ်ကြိုက်ရွေးချယ်နိုင်ခွင့်ကို တင်ပြသည်။
၉။ ယေရှုနှင့် ပေါလုတို့အဆိုအရ အိမ်ထောင်ပြုခြင်းနှင့် တစ်ကိုယ်ရေနေခြင်း နှစ်မျိုးစလုံးသည် ဘုရားသခင်ထံတော်မှ ဆုကျေးဇူးများ မည်သို့ဖြစ်ကြသနည်း။
၉ အိမ်ထောင်ပြုခြင်းကော တစ်ကိုယ်ရေနေခြင်းပါ ဘုရားသခင်ထံတော်မှ ဆုကျေးဇူးများဖြစ်ကြောင်း ပေါလုဖော်ပြခဲ့သည်။ “လူအပေါင်းတို့သည် ငါကဲ့သို့ဖြစ်စေခြင်းငှာ ငါအလိုရှိ၏။ သို့သော်လည်း လူအသီးအသီးတို့သည် ဘုရားသခင်ပေးသနားတော်မူသည်အတိုင်း အသီးအသီးသော ဆုကျေးဇူးကို ခံရကြ၏။” (၁ ကောရိန္သု ၇:၇) ယေရှုမိန့်တော်မူခဲ့သည့်စကားများ သူ့စိတ်ထဲတွင်ရှိထားသည် အမှန်။ ယေရှုက အိမ်ထောင်ပြုခြင်းသည် ဘုရားသခင်ထံတော်မှလာကြောင်း သက်သေထူတော်မူပြီးနောက် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအတွက် စိတ်လိုကိုယ်လျောက် တစ်ကိုယ်ရေနေခြင်းသည် အထူးဆုကျေးဇူးတစ်ခုဖြစ်ကြောင်း ဤသို့ ဖော်ပြတော်မူခဲ့သည်– “ထိုစကားကို လူတိုင်းမခံမယူနိုင်။ အခွင့် [“ဆုကျေးဇူး၊” ကဘ] ရသောသူတို့သာ ခံယူနိုင်ကြသည်။ လူအချို့တို့သည် အမိဝမ်းတွင်းကပင် မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် သူတစ်ပါးဆုံးမ၍ မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် ကောင်းကင်နိုင်ငံတော်အဖို့အလို့ငှာ မိမိကိုယ်ကို ဆုံးမ၍ မိန်းမလျှာဖြစ်ကြ၏။ ထိုစကားကို ခံယူနိုင်သောသူသည် ခံယူစေ။”—မဿဲ ၁၉:၄-၆၊ ၁၁၊ ၁၂။
တစ်ကိုယ်ရေဆုကျေးဇူးကို ခံယူခြင်း
၁၀။ လူတစ်ဦးသည် တစ်ကိုယ်ရေနေခြင်း၏ ဆုကျေးဇူးကို မည်သို့ “ခံယူနိုင်” သနည်း။
၁၀ ယေရှုနှင့် ပေါလုနှစ်ဦးစလုံးက တစ်ကိုယ်ရေနေခြင်းကို “ဆုကျေးဇူး” တစ်ခုအဖြစ် ဆိုကြသော်လည်း လူတချို့တွင်သာရှိသည့် အံ့ဖွယ်ဆုကျေးဇူးတစ်ခုဖြစ်သည်ဟု မဆိုကြပါ။ ထိုဆုကျေးဇူးကို “လူတိုင်းမခံမယူနိုင်” ကြောင်း ယေရှုမိန့်တော်မူကာ မိမိနှင့်ပေါလုတို့ ခံယူခဲ့သကဲ့သို့ “ခံယူနိုင်သူ” များကို တိုက်တွန်းအားပေးတော်မူခဲ့သည်။ ပေါလုက “ကိလေသာစိတ်ပူပန်ခြင်းရှိသည်ထက် ထိမ်းမြားစုံဖက်ခြင်းပြုသော် သာ၍ကောင်း၏” ဟု ရေးခဲ့သည်မှာ မှန်သော်လည်း သူသည် “ကာမဂုဏ်မချုပ်တည်း” သူများအကြောင်း ပြောနေခြင်းဖြစ်သည်။ (၁ ကောရိန္သု ၇:၉) ခရစ်ယာန်များသည် ကိလေသာစိတ်ပူပန်ခြင်းကို ရှောင်နိုင်ကြောင်း အစောပိုင်းရေးသားချက်များတွင် ပေါလုဖော်ပြခဲ့သည်။ (ဂလာတိ ၅:၁၆၊ ၂၂-၂၄) ဝိညာဉ်တော်အတိုင်း လျှောက်လှမ်းခြင်းဟူသည်မှာ ကျွန်ုပ်တို့၏ ခြေလှမ်းတိုင်းကို ယေဟောဝါ၏ဝိညာဉ်တော် လမ်းညွှန်ရန် ခွင့်ပြုခြင်းမည်၏။ ခရစ်ယာန်လူငယ်မောင်မယ်များ ဤသို့လုပ်ဆောင်နိုင်ပါသလော။ သူတို့သာ ယေဟောဝါ၏နှုတ်ကပါဌ်တော်အတိုင်း လိုက်နာမည်ဆိုလျှင် လုပ်ဆောင်နိုင်ပါသည်။ ဆာလံဆရာက “လူပျို [သို့မဟုတ် အပျို] သည် မိမိသွားသောလမ်းကို အဘယ်သို့သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား နှုတ်ကပါဌ်တော်အတိုင်း သတိပြုရမည်” ဟု ရေးသားခဲ့သည်။—ဆာလံ ၁၁၉:၉။
၁၁။ ‘ဝိညာဉ်တော်အတိုင်း လျှောက်လှမ်း’ ဟူသည် မည်သည့်အဓိပ္ပာယ်နည်း။
၁၁ သို့ပြုရာတွင် များစွာသော တီဗွီအစီအစဉ်များ၊ ရုပ်ရှင်များ၊ မဂ္ဂဇင်းဆောင်းပါးများ၊ စာအုပ်များနှင့် တေးစာသားများအားဖြင့် ပျံ့နှံ့နေသည့် အလွန်အကျွံလွတ်လပ်လိုသော အယူအဆသဘောတရားများကို သတိထားတိုက်လှန်သွားခြင်း ပါဝင်သည်။ ဤကဲ့သို့သော အယူအဆသဘောတရားများသည် ဇာတိတပ်မက်ခြင်းသို့ ဦးတည်နေသည်။ တစ်ကိုယ်ရေဘဝကိုခံယူလိုသူ ကျား၊ မ မဟူ လူငယ်မောင်မယ်များသည် “ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်းကျင့် . . . [သင့်သည်]။ ဇာတိပကတိရှိသောသူတို့သည် ဇာတိပကတိနှင့်စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသောစိတ်သဘောရှိ၏။ ဝိညာဉ်ပကတိရှိသောသူတို့မူကား ဝိညာဉ်ပကတိနှင့်စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသောစိတ်သဘောရှိကြ၏။” (ရောမ ၈:၄၊ ၅) ဝိညာဉ်ပကတိအရာများသည် ဖြောင့်မတ်၏၊ စင်ကြယ်၏၊ ချစ်ဖွယ်ကောင်း၏၊ အကျင့်သီလကောင်း၏။ ခရစ်ယာန်လူငယ်လူကြီးတို့သည် ‘ဤအရာများကို ဆက်လက်ဆင်ခြင်သုံးသပ်’ သင့်သည်။—ဖိလိပ္ပိ ၄:၈၊ ၉၊ ကဘ။
၁၂။ တစ်ကိုယ်ရေနေခြင်းဆုကျေးဇူးကို ခံယူခြင်းတွင် မည်သည့်အရာ အကြီးအကျယ်ပါဝင်ပတ်သက်နေသနည်း။
၁၂ တစ်ကိုယ်ရေနေခြင်း၏ ဆုကျေးဇူးကို ခံယူခြင်းသည် ထိုပန်းတိုင်တွင် နှလုံးစွဲလမ်းကာ ယင်းကိုအမီလိုက်ရာတွင် အကူအညီအတွက် ယေဟောဝါထံ ဆုတောင်းရသည့် အရေးကိစ္စကြီးဖြစ်သည်။ (ဖိလိပ္ပိ ၄:၆၊ ၇) ပေါလုက “စိတ်နှလုံးတည်ကြည်ခြင်းရှိ၍ ပြုလိုသည်အတိုင်းပြုနိုင်သောအခွင့်နှင့် ကိုယ်စိတ်အလိုကို ချုပ်တည်းနိုင်သောအခွင့်ရှိသောကြောင့် မထိမ်းမြားဘဲနေမည်ဟု ကိုယ်စိတ်နှလုံးထဲမှာ စီရင်ဆုံးဖြတ်သောသူသည် ကောင်းစွာပြု၏။ သို့ရာတွင် မင်္ဂလာဆောင်သောသူသည် ကောင်းစွာပြု၏။ မဆောင်သောသူမူကား သာ၍ကောင်းစွာပြု၏” ဟု ရေးသားခဲ့သည်။—၁ ကောရိန္သု ၇:၃၇၊ ၃၈။
ရည်ရွယ်ချက်တစ်ခုဖြင့် တစ်ကိုယ်ရေနေခြင်း
၁၃၊ ၁၄။ (က) အိမ်ထောင်သည်မဟုတ်သောခရစ်ယာန်များနှင့် အိမ်ထောင်သည်ခရစ်ယာန်များကြား မည်သည့်နှိုင်းယှဉ်ချက်ကို တမန်တော်ပေါလု တင်ပြခဲ့သနည်း။ (ခ) တစ်ကိုယ်ရေခရစ်ယာန်များသည် အိမ်ထောင်သည်များထက် မည်သို့သာလျှင် “သာ၍ကောင်းစွာ” ပြုနိုင်သနည်း။
၁၃ တစ်ကိုယ်ရေနေခြင်းကိုယ်နှိုက်သည် ချီးမြှောက်ထိုက်သောအရာမဟုတ်ပါ။ သို့ဆိုလျှင် မည်သည့်သဘောဖြင့် “သာ၍ကောင်း” သည်ဟု ဆိုနိုင်ပါသနည်း။ အမှန်သော်ကား လူတစ်ဦးသည် ယင်းကြောင့်ရရှိလာသည့် လွတ်လပ်မှုကို အသုံးပြုပုံပြုနည်းပေါ်တွင် မူတည်သည်။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “သင်တို့သည် စိုးရိမ်ခြင်းနှင့်ကင်းလွတ်စေခြင်းငှာ ငါအလိုရှိ၏။ ခင်ပွန်းမရှိသောသူသည် သခင်ဘုရား၏စိတ်တော်နှင့်တွေ့စေခြင်းငှာ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။ ခင်ပွန်းရှိသောသူမူကား မိမိမယား၏စိတ်နှင့်တွေ့စေခြင်းငှာ လောကီအမှုကို သတိထားတတ်၏။ [“ထို့ကြောင့် သူသည် စိတ်နှစ်ခွဖြစ်၍နေ၏၊” သတင်းကောင်း] . . . ခင်ပွန်းမရှိသောမိန်းမသည် ကိုယ်ခန္ဓာစိတ်ဝိညာဉ်နှစ်ပါးကို သန့်ရှင်းစေခြင်းငှာ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။ ခင်ပွန်းရှိသောမိန်းမမူကား မိမိခင်ပွန်း၏စိတ်နှင့်တွေ့စေခြင်းငှာ လောကီအမှုကို သတိထားတတ်၏။ ထိုသို့ငါဆိုသော် သင်တို့အကျိုးကိုသာထောက်၍ ငါဆို၏။ သင်တို့ကို နှောင့်ယှက်ချင်သောစိတ်နှင့် ငါဆိုသည်မဟုတ်။ သင်တို့သည် လျောက်ပတ်စွာကျင့်၍ စိတ်ရှုပ်ထွေးခြင်းမရှိဘဲ သခင်ဘုရား၏ဝတ်ကို အမြဲပြုစေခြင်းငှာသာ ဤသို့ဆို၏။”—၁ ကောရိန္သု ၇:၃၂-၃၅။
၁၄ အတ္တပန်းတိုင်များကို လိုက်စားဖို့အတွက် အိမ်ထောင်မရှိသောဘဝကိုအသုံးပြုသည့် တစ်ကိုယ်ရေခရစ်ယာန်သည် အိမ်ထောင်သည်ခရစ်ယာန်များထက် “သာ၍ကောင်းစွာ” ပြုခြင်းမဟုတ်ပါ။ သူတစ်ကိုယ်ရေဆက်နေခြင်းမှာ ဘုရားသခင့် “နိုင်ငံတော်အဖို့အလို့ငှာ” မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာအကြောင်းများကြောင့်ဖြစ်သည်။ (မဿဲ ၁၉:၁၂) အိမ်ထောင်မရှိသော အမျိုးသား သို့မဟုတ် အမျိုးသမီးသည် ‘သခင်ဘုရား၏အမှုရေးရာများအတွက် စိုးရိမ်မကင်း’ ဖြစ်သင့်ပြီး “သခင်ဘုရား၏စိတ်တော်နှင့်တွေ့စေ” ရန်နှင့် “စိတ်ရှုပ်ထွေးခြင်းမရှိဘဲ သခင်ဘုရား၏ဝတ်ကို အမြဲပြု” ရန် စိတ်စောသင့်သည်။ ယေဟောဝါနှင့် ယေရှုခရစ်တို့၏အမှုတော်ဆောင်ခြင်းတွင် လုံးလုံးလျားလျားအာရုံစိုက်မြှုပ်နှံလိုက်ခြင်းဟု ဆိုလိုပါသည်။ ဤကဲ့သို့လုပ်ဆောင်ခြင်းအားဖြင့်သာလျှင် အိမ်ထောင်မရှိသော ခရစ်ယာန်အမျိုးသားအမျိုးသမီးများသည် အိမ်ထောင်သည်ခရစ်ယာန်များထက် “သာ၍ကောင်းစွာ” ပြုရာကျသည်။
စိတ်မရှုပ်ထွေးသည့်လုပ်ဆောင်မှု
၁၅။ ၁ ကောရိန္သု အခန်းကြီး ၇ တွင် ပေါလုအချေအတင်ပြောဆိုချက်၏ သော့ချက်ကား အဘယ်နည်း။
၁၅ ဤအခန်းကြီးတွင် ပေါလု၏ အချေအတင်ပြောဆိုမှုတစ်ခုလုံးမှာ အိမ်ထောင်ပြုခြင်းသည် တရားဝင်လုပ်ခွင့်ရှိသောအရာဖြစ်ပြီး အခြေအနေအချို့အောက်တွင် အချို့သူများအတွက် သင့်လျော်သော်လည်း တစ်ကိုယ်ရေနေခြင်းသည် စိတ်ရှုပ်ထွေးမှု အနည်းဆုံးဖြင့် ယေဟောဝါ၏အမှုတော်ထမ်းလိုသော ခရစ်ယာန်အမျိုးသားအမျိုးသမီးများအတွက်မူ ဧကန်မုချ အကျိုးဖြစ်ထွန်းစေသော အရာဖြစ်သည်။ ဖော်ပြပါအကြောင်းကြောင့် အိမ်ထောင်သည်ဖြစ်သူသည် “စိတ်နှစ်ခွဖြစ်၍နေ” ပြီး အိမ်ထောင်သည်မဟုတ်သော ခရစ်ယာန်မူ “သခင်ဘုရား၏အမှုကို” လွတ်လွတ်လပ်လပ် လုံးလုံးလျားလျားအာရုံစိုက်နေနိုင်သည်။
၁၆၊ ၁၇။ တစ်ကိုယ်ရေခရစ်ယာန်တစ်ဦးသည် “သခင်ဘုရား၏အမှုကို” မည်သို့ သာ၍ကောင်းစွာ အာရုံစိုက်နိုင်သနည်း။
၁၆ အိမ်ထောင်သည်မဟုတ်သောခရစ်ယာန်တစ်ဦးသည် အိမ်ထောင်သည်များထက် သာ၍လွတ်လွတ်လပ်လပ်အာရုံစိုက်နိုင်သည့် သခင်ဘုရား၏အမှုများကား အဘယ်နည်း။ နောက်စကားဆက်တစ်ခုတွင် ခရစ်ယာန်တစ်ဦးသည် ကဲသာကိုမပေးနိုင်သည့်အရာများဖြစ်သော “ဘုရားသခင်ပိုင်ဆိုင်တော်မူရာများ” အကြောင်း မိန့်တော်မူခဲ့သည်။ (မဿဲ ၂၂:၂၁၊ သမ) ဤအရာများသည် ခရစ်ယာန်တစ်ဦး၏ ဘဝ၊ ဝတ်ပြုရေး၊ ဓမ္မအမှုတို့နှင့် အခြေခံကျကျပတ်သက်နေပါသည်။—မဿဲ ၄:၁၀; ရောမ ၁၄:၈; ၂ ကောရိန္သု ၂:၁၇; ၃:၅၊ ၆; ၄:၁။
၁၇ တစ်ကိုယ်ရေသမားများသည် သာမန်အားဖြင့် သူတို့၏ဝိညာဉ်ရေးနှင့် သူတို့၏ဓမ္မအမှုပမာဏကို အကျိုးပွားစေနိုင်သည့် ယေဟောဝါ၏လုပ်ငန်းတော်အတွက် အချိန်စိုက်ထုတ်ဖို့ သာ၍လွတ်လပ်သည်။ ကိုယ်ပိုင်လေ့လာမှုနှင့် တွေးတောဆင်ခြင်မှုတွင် ပို၍အချိန်ပေးနိုင်သည်။ တစ်ကိုယ်ရေခရစ်ယာန်များသည် အိမ်ထောင်သည်များထက် မိမိတို့၏ကျမ်းစာဖတ်ရှုခြင်းကို ဇယားအတိုင်း သာ၍လွယ်ကူစွာ လိုက်နိုင်သည်။ သူတို့သည် အစည်းအဝေးများနှင့် လယ်ကွင်းလုပ်ငန်းအတွက် သာ၍ကောင်းစွာပြင်ဆင်နိုင်ပေမည်။ ဤအရာအားလုံးသည် သူတို့၏ “အကျိုး” အတွက်ဖြစ်သည်။—၁ ကောရိန္သု ၇:၃၅။
၁၈။ တစ်ကိုယ်ရေညီအစ်ကိုများစွာတို့သည် “စိတ်ရှုပ်ထွေးခြင်းမရှိ” ဘဲ ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်လိုစိတ်ရှိကြောင်း မည်သို့တင်ပြနိုင်သနည်း။
၁၈ ဓမ္မအမှုထမ်းများအဖြစ်အမှုထမ်းနေကြကုန်သော တစ်ကိုယ်ရေညီအစ်ကိုများစွာသည် “အကျွန်ုပ်ရှိပါ၏! အကျွန်ုပ်ကိုစေလွှတ်တော်မူပါ” ဟု ယေဟောဝါရှင်အား လွတ်လွတ်လပ်လပ်ပြောနိုင်ကြသည်။ (ဟေရှာယ ၆:၈) သူတို့သည် သာ၍လိုအပ်သောနေရာများတွင် လွတ်လွတ်လပ်လပ်အမှုဆောင်နိုင်ကြသည့် တစ်ကိုယ်ရေ ဓမ္မအမှုထမ်းများနှင့် အကြီးအကဲများအတွက် သီးသန့်ထားသည့် ဓမ္မအမှုထမ်းသင်တန်းကျောင်းကို တက်ရောက်ရန် လျှောက်ထားနိုင်သည်။ မိမိတို့၏အသင်းတော်မှ ထွက်ခွာသွားဖို့အထိ တာဝန်ကင်းသူများမဟုတ်သော ညီအစ်ကိုများပင် ဓမ္မအမှုထမ်းများအနေနှင့်ဖြစ်စေ၊ အကြီးအကဲများအနေနှင့်ဖြစ်စေ မိမိတို့ညီအစ်ကိုများအတွက် အမှုဆောင်ရန် မိမိတို့ကိုယ်ကို အသင့်ပြင်ထားနိုင်ကြသည်။—ဖိလိပ္ပိ ၂:၂၀-၂၃။
၁၉။ တစ်ကိုယ်ရေညီအစ်မများစွာသည် မည်သို့ကောင်းချီးခံစားရပြီး သူတို့သည် အသင်းတော်များအတွက် ကောင်းချီးတစ်ရပ်ဖြစ်နိုင်သည့် နည်းတစ်နည်းကား အဘယ်နည်း။
၁၉ ဆွေးနွေးတိုင်ပင်ရင်ဖွင့်စရာ ဦးစီးမရှိသော တစ်ကိုယ်ရေညီအစ်မများသည် ‘သူတို့ဝန်ကို ယေဟောဝါ၌ ချထား’ ရန် သာ၍သင့်လျော်ပေမည်။ (ဆာလံ ၅၅:၂၂၊ ကဘ; ၁ ကောရိန္သု ၁၁:၃) ယင်းသည် ယေဟောဝါကို ချစ်မြတ်နိုးသည့်အတွက်ကြောင့် တစ်ကိုယ်ရေနေသောညီအစ်မများအတွက် အထူးအရေးကြီးပါသည်။ အချိန်တန်၍သူတို့အိမ်ထောင်ပြုမည်ဆိုပါက “သခင်ဘုရား၌သာ”၊ တစ်နည်းအားဖြင့် ယေဟောဝါရှင်ထံ ဆက်ကပ်အပ်နှံထားသူကိုသာ ပြုမည်ဖြစ်သည်။ (၁ ကောရိန္သု ၇:၃၉) အကြီးအကဲများသည် မိမိတို့အသင်းတော်တွင် အိမ်ထောင်မရှိသော ညီအစ်မများရှိနေသည့်အတွက် ကျေးဇူးတင်ကြသည်; ဤညီအစ်မများသည် နာမကျန်းဖြစ်သူများနှင့် သက်ကြီးရွယ်အိုများထံ လည်ပတ်ကာ အကူအညီပေးလေ့ရှိကြသည်။ ယင်းက ပတ်သက်ဆက်နွှယ်သူအားလုံးကို ပျော်ရွှင်မှုရရှိစေသည်။—တမန်တော် ၂၀:၃၅။
၂၀။ ခရစ်ယာန်များစွာသည် “စိတ်ရှုပ်ထွေးခြင်းမရှိဘဲ သခင်ဘုရား၏ဝတ်ကို အမြဲပြု” ကြကြောင်း မည်သို့ပြသနေကြသနည်း။
၂၀ ခရစ်ယာန်လူငယ် မောင်မယ်များစွာသည် “စိတ်ရှုပ်ထွေးခြင်းမရှိဘဲ သခင်ဘုရား၏ဝတ်ကို အမြဲပြု” နိုင်ရန်အလို့ငှာ မိမိတို့၏ကိစ္စဝိစ္စများကို စီစဉ်ခဲ့ကြသည်။ (၁ ကောရိန္သု ၇:၃၅) သူတို့သည် အချိန်ပြည့်ရှေ့ဆောင် ဓမ္မအမှုဆောင်များ၊ သာသနာပြုများအနေနှင့်ဖြစ်စေ၊ ကင်းမျှော်စင်အသင်း၏ဌာနခွဲရုံးတစ်ခုတွင်ဖြစ်စေ ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်နေကြသည်။ အလွန်ပျော်သောအုပ်စုပင်တည်း! သူတို့ရှိနေခြင်းသည်ပင် အလွန်လန်းဆန်းစရာပင်! ယေဟောဝါနှင့် ယေရှုတို့၏ ရှုထောင့်တွင် သူတို့သည် “နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့” ဖြစ်သည်။—ဆာလံ ၁၁၀:၃။
ထာဝစဉ်အိမ်ထောင်သားမွေးမပြုဘဲနေဖို့ ကတိသစ္စာပြုချက်မရှိ
၂၁။ (က) အိမ်ထောင်သားမွေးမပြုဘဲနေဖို့ ကတိသစ္စာပြုချက်ကို ပေါလုအားမပေးကြောင်း အဘယ်ကြောင့်ရှင်းလင်းထင်ရှားသနည်း။ (ခ) “လူငယ့် ပွင့်လန်းစအရွယ်ကို ကျော်လွန်” ခြင်းအကြောင်း ပြောသောအခါ မည်သည့်အရာကို သူဆိုလိုသနည်း။
၂၁ ပေါလုသြဝါဒ၏အဓိကအချက်မှာ ခရစ်ယာန်များသည် မိမိတို့၏အသက်တာတွင် တစ်ကိုယ်ရေနေခြင်းကို ခံယူရန် “ကောင်းစွာ” ပြုကြမည်တည်း။ (၁ ကောရိန္သု ၇:၁၊ ၈၊ ၂၆၊ ၃၇) သို့သော် သူသည် သူတို့အား အိမ်ထောင်သားမွေးမပြုပါဟူသည့် ကတိသစ္စာပြုရန် လုံးဝမကမ်းလှမ်းပါ။ ယင်းနှင့်ဆန့်ကျင်၍ သူက “အပျိုကညာသည် ခင်ပွန်းမရှိဘဲ အသက်အရွယ်လွန် [“လူငယ့် ပွင့်လန်းစအရွယ်ကို ကျော်လွန်၊” ကဘ] လျှင် မလျောက်ပတ်ဟု ထိုအပျိုကညာကိုပိုင်သောသူသည် ထင်မှတ်၍ ထိမ်းမြားစရာအကြောင်းလည်းရှိလျှင်၊ ထိုသူသည် အလိုအလျောက်ပြုစေ၊ အပြစ်မရှိ ထိမ်းမြားကြစေ” ဟု ရေးသားခဲ့သည်။ (၁ ကောရိန္သု ၇:၃၆) “လူငယ့် ပွင့်လန်းစအရွယ်ကို ကျော်လွန်” ဟုပြန်ဆိုထားသည့် ဂရိစကားလုံး တစ်လုံး (ဟိုက်ပေရာ.မို့စ်) ၏စာသားအတိုင်းအဓိပ္ပာယ်မှာ “အမြင့်ဆုံးအမှတ်ကို ကျော်လွန်” ဟူ၍ အဓိပ္ပာယ်ရပြီး ကာမရာဂစိတ်အထကြွဆုံးအချိန်ကို ကျော်လွန်သွားခြင်းကို ရည်ညွှန်းသည်။ ထို့ကြောင့် တစ်ကိုယ်ရေဘဝတွင် နှစ်များစွာ အချိန်ကုန်ခံခဲ့ပြီး နောက်ဆုံးတွင် အိမ်ထောင်ပြုသင့်သည်ဟု ခံစားရသူများသည် ယုံကြည်သူချင်းကို လက်ထပ်ဖို့ လုံးလုံးလွတ်လပ်နေသည်။—၂ ကောရိန္သု ၆:၁၄။
၂၂။ အဘက်ဘက်မှကြည့်လျှင် ခရစ်ယာန်တစ်ဦးအတွက် ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်မပြုခြင်းသည် အဘယ်ကြောင့် အကျိုးရှိသနည်း။
၂၂ လူငယ်ခရစ်ယာန်တစ်ဦး စိတ်ရှုပ်ထွေးခြင်းမရှိဘဲ ယေဟောဝါ၏အမှုတော်ဆောင်ရာတွင် အသုံးပြုခဲ့သည့် နှစ်များသည် အမြော်အမြင်ရှိသော ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။ အဆိုပါနှစ်များအတွင်း သူ သို့မဟုတ် သူမသည် လက်တွေ့ကျဉာဏ်ပညာ၊ အတွေ့အကြုံနှင့် ထိုးထွင်းသိမြင်မှုတို့ ရရှိလာသည်။ (သု. ၁:၃၊ ၄) ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအတွက် တစ်ကိုယ်ရေနေလာခဲ့သူသည် အိမ်ထောင်သည်ဘဝနှင့် အကယ်၍ မိဘဘဝတာဝန်များကို ယူဖို့ဆုံးဖြတ်လိုက်လျှင် နောက်ပိုင်း၌ အလွန်အခြေလှသည်။
၂၃။ အိမ်ထောင်ပြုဖို့စဉ်းစားနေသူအချို့သည် မည်သည့်အရာကို စိတ်ကူးထားကြသနည်း၊ မည်သည့်မေးခွန်းကို နောက်ဆောင်းပါးများတွင် သုံးသပ်မည်နည်း။
၂၃ တစ်ကိုယ်ရေဘဝဖြင့် ယေဟောဝါ၏လုပ်ငန်းတော်တွင် နှစ်များစွာ အချိန်ပြည့်ထမ်းဆောင်လာခဲ့သော ခရစ်ယာန်တချို့သည် အချိန်ပြည့်လုပ်ငန်းတစ်မျိုးမျိုးတွင် ဆက်၍ထမ်းဆောင်မည်ဟူသည့်မျှော်မှန်းချက်ဖြင့် မိမိတို့၏အနာဂတ်အိမ်ထောင်ဖက်ကို ဂရုတစိုက်ရွေးချယ်ကြသည်။ ယင်းသည် ချီးမွမ်းစရာအကောင်းဆုံးဖြစ်သည်အမှန်။ အချို့သူများမူ မိမိတို့၏လုပ်ငန်းတော်ကို အိမ်ထောင်ရေးက အတားအဆီးဖြစ်စေရန် မည်သည့်နည်းဖြင့်မျှ ခွင့်မပြုဟူသည့်အတွေးဖြင့် အိမ်ထောင်ပြုဖို့ စိတ်ကူးမိကြပေမည်။ သို့သော် အိမ်ထောင်သည် ခရစ်ယာန်တစ်ဦးသည် ယေဟောဝါ၏အမှုတော်ဆောင်ခြင်းကို လူပျိုအပျိုအချိန်ကကဲ့သို့ အာရုံစိုက်ဖို့လွတ်လပ်ပါသေးသည်ဟု ယူမှတ်သင့်ပါသလော။ ဤမေးခွန်းကို နောက်ဆောင်းပါးများတွင် သုံးသပ်သွားမည်။
ရှုမြင်ပုံဖြင့်
◻ ကောရိန္သုမြို့ရှိ အသင်းတော်သို့ စာရေးဖို့လိုအပ်သည်ဟု ပေါလုအဘယ်ကြောင့် ယူမှတ်သနည်း။
◻ ပေါလုသည် [ဘုန်းကြီး] ဘဝပုံစံကို ပြောနေခြင်းမဟုတ်ကြောင်း ကျွန်ုပ်တို့ မည်သို့သိရသနည်း။
◻ လူတစ်ဦးသည် တစ်ကိုယ်ရေနေခြင်းကို မည်သို့ “ခံယူ” နိုင်သနည်း။
◻ တစ်ကိုယ်ရေညီအစ်မများသည် မိမိတို့၏တစ်ကိုယ်ရေဘဝမှ မည်သို့အကျိုးအမြတ်ထုတ်ယူနိုင်သနည်း။
◻ တစ်ကိုယ်ရေညီအစ်ကိုများသည် “စိတ်ရှုပ်ထွေးခြင်းမရှိဘဲ” ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်နိုင်ဖို့ မိမိတို့၏လွတ်လပ်မှုမှ မည်သည့်နည်းများဖြင့် အကျိုးရနိုင်သနည်း။