ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
ဩဂုတ် ၅-၁၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ တိမောသေ ၁-၄
“ဘုရားသခင်က ငါတို့ကို ကြောက်တတ်တဲ့စိတ် ပေးထားတာ မဟုတ်ဘူး”
(၂ တိမောသေ ၁:၇) ဘာလို့လဲဆိုတော့ ဘုရားသခင်က ငါတို့ကို ကြောက်တတ်တဲ့စိတ် ပေးထားတာ မဟုတ်ဘူး။ တန်ခိုးပါတဲ့စိတ်၊ မေတ္တာစိတ်၊ ချင့်ချိန်တတ်တဲ့စိတ် ပေးသနားထားတာ။
လူငယ်တို့—သင်တို့၏ တိုးတက်မှုကို ထင်ရှားစေပါ
၉ နောက်ပိုင်း ပေါလုသည် တိမောသေကို အကူအညီ ပေးရာတွင် ဤသို့သတိပေးခဲ့၏– “ဘုရားသခင်သည် ငါတို့အား ကြောက်တတ်သည့် စိတ်ကို ပေးတော်မူသည် မဟုတ်။ တန်ခိုးပါသော၊ ချစ်တတ်သော၊ သမာသတိရှိသောစိတ်ကို ပေးတော်မူ၏။” (၂ တိ. ၁:၇) “သမာသတိရှိသောစိတ်” တွင် သတိပညာရှိရှိ တွေးတောဆင်ခြင်နိုင်ခြင်း ပါဝင်သည်။ သင့်အခြေအနေကို သင်နှစ်သက်မည် မဟုတ်လျှင်ပင် အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းသည့် စွမ်းရည် ပါဝင်သည်။ မရင့်ကျက်သော လူငယ်အချို့သည် ဖိစီးမှုများသည့် အခြေအနေမှ လွတ်မြောက်ရန် အလွန်အကျွံ အိပ်ခြင်း သို့မဟုတ် တီဗွီ ကြည့်ခြင်း၊ မူးယစ်ဆေး သို့မဟုတ် အရက်ကို အလွဲသုံးခြင်း၊ ပါတီပွဲများ မပြတ်တက်ခြင်း သို့မဟုတ် လိင်အကျင့်ယိုယွင်းခြင်းတို့ ပြုခြင်းဖြင့် ကြောက်တတ်သည့် စိတ်ကို ထင်ရှားပြကြသည်။ ‘လက်ရှိ လောကစနစ်တွင် တရားမဲ့ခြင်းနှင့် လောကတပ်မက်ခြင်းကို ငြင်းပယ်၍ သမာသတိရှိခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်၏ တရားအတိုင်း ဝတ်ပြုခြင်းတို့ဖြင့် အသက်ရှင်ကြရန်’ ခရစ်ယာန်များကို သတိပေးထားသည်။—တိ. ၂:၁၂။
(၂ တိမောသေ ၁:၈) ဒါကြောင့် သခင့်အကြောင်း သက်သေခံဖို့ မရှက်ပါနဲ့။ သခင့်အတွက် ထောင်ကျနေတဲ့ ငါ့ကြောင့်လည်း မရှက်ပါနဲ့။ ဘုရားသခင်ရဲ့ တန်ခိုးကို အားကိုးပြီး သတင်းကောင်းအတွက် ဆင်းရဲဒုက္ခခံဖို့ အသင့်ရှိနေပါ။
‘အားယူ၍ ရဲရင့်ခြင်းရှိကြလော့!’
၇ တိမောသေထံ ပေါလု စာရေးရာတွင် ဤသို့ပြောဆိုခဲ့သည်– “ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူသည် မဟုတ်။ တန်ခိုးပါသောစိတ် . . . ကို ပေးတော်မူ၏။ ထို့ကြောင့် ငါတို့သခင်ဘုရား၏ သက်သေကို . . . ရှက်ကြောက်ခြင်း မရှိနှင့်။” (၂ တိမောသေ ၁:၇၊ ၈; မာကု ၈:၃၈) ထိုစကားများကို ဖတ်ရှုပြီး ဖြစ်ရာ မိမိတို့ကိုယ်ကို ဤသို့မေးနိုင်သည်– ‘ကျွန်ုပ်၏ ယုံကြည်ချက်ကို ရှက်မိသလား၊ ဒါမှမဟုတ် ကျွန်ုပ် သတ္တိရှိသလား။ ကျွန်ုပ် အလုပ်လုပ်တဲ့နေရာ (ဒါမှမဟုတ် ကျောင်း) မှာ ကျွန်ုပ် ယေဟောဝါသက်သေ ဖြစ်တယ်လို့ အသိပေးသလား၊ ဒါမှမဟုတ် ဖုံးကွယ်ဖို့ ကြိုးစားသလား။ သူများနဲ့ မတူလို့ ရှက်သလား၊ ဒါမှမဟုတ် ယေဟောဝါနဲ့ ကျွန်ုပ်ရဲ့ ဆက်ဆံရေးအတွက် ဂုဏ်ယူသလား။’ တစ်ဦးတစ်ယောက်သည် သတင်းကောင်း ဟောပြောခြင်း၊ လူကြိုက်မများသည့် ရပ်တည်ချက်ကြောင့် အပျက်သဘော ရှိမည်ဆိုလျှင် ယေဟောဝါက ယောရှုကို “အားယူ၍ ရဲရင့်ခြင်းရှိလော့” ဟု ညွှန်ကြားခဲ့သည်ကို သတိရပါ။ ကျွန်ုပ်တို့၏ အလုပ်ဖော်များ၊ အတန်းဖော်များ၏ ရှုမြင်ချက် မဟုတ်ဘဲ ယေဟောဝါနှင့် ယေရှုခရစ်၏ ရှုမြင်ချက်ကသာ အရေးကြီးကြောင်းကို ဘယ်တော့မျှ မမေ့ပါနှင့်။—ဂလာတိ ၁:၁၀။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(၂ တိမောသေ ၂:၃၊ ၄) ခရစ်တော်ယေရှုရဲ့ စစ်သားကောင်းတစ်ဦးအနေနဲ့ ဆင်းရဲဒုက္ခခံဖို့ အသင့်ရှိပါ။ ၄ စစ်မှုထမ်းနေတဲ့သူက စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်မှာ မဟုတ်ဘူး။ စစ်သည်အဖြစ် စာရင်းသွင်းပေးတဲ့သူကို စိတ်ကျေနပ်စေချင်တာကိုး။
စစ်မှန်တဲ့ စည်းစိမ်ကို ရှာဖွေခြင်း
၁၃ တိမောသေဟာ ယုံကြည်ခြင်း ရှိသူ ဖြစ်တယ်။ တိမောသေကို “ခရစ်တော်ရဲ့ စစ်သားကောင်းတစ်ဦး” လို့ ခေါ်ပြီးနောက်မှာ “စစ်မှုထမ်းနေတဲ့သူက စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်မှာ မဟုတ်ဘူး။ စစ်သည်အဖြစ် စာရင်းသွင်းပေးတဲ့သူကို စိတ်ကျေနပ်စေချင်တာကိုး” လို့ ပေါလု ပြောခဲ့တယ်။ (၂ တိ. ၂:၃၊ ၄) အချိန်ပြည့် အမှုဆောင်သူ တစ်သန်းကျော် အပါအဝင် ယနေ့ ယေရှုရဲ့ နောက်လိုက်တွေဟာ အခြေအနေ ခွင့်ပြုသရွေ့ ပေါလုရဲ့ အကြံပြုချက်ကို လိုက်နာကြတယ်။ ကြော်ငြာတွေ၊ ပတ်ဝန်းကျင် ဖိအားတွေကို တွန်းလှန်ရင်း “ချေးငှားယူသူဟာ ချေးငှားပေးသူရဲ့ ကျွန်ပဲ” ဆိုတဲ့ မူကို သတိရကြတယ်။ (ပညာ. ၂၂:၇) ကျွန်တော်တို့ရဲ့ အချိန်၊ ခွန်အား ရှိသမျှ သုံးပြီး စီးပွားရေးလောကရဲ့ ကျွန်ဖြစ်ဖို့ စာတန် အလိုရှိတယ်။ ဆုံးဖြတ်ချက်တချို့ကြောင့် နှစ်ရှည်လများ အကြွေးဆပ်နေရတာ ဖြစ်နိုင်တယ်။ အိမ်ဝယ်ဖို့၊ ပညာသင်ဖို့၊ ကားဝယ်ဖို့၊ ခမ်းခမ်းနားနား မင်္ဂလာဆောင်ဖို့ ငွေချေးတာက ငွေကြေးအခက်အခဲ ဖြစ်စေနိုင်တယ်။ ဘဝကို ရိုးရှင်းစေပြီး အကြွေးတွေ၊ အသုံးစရိတ်တွေ လျှော့ချခြင်းအားဖြင့် အမြော်အမြင်ရှိကြောင်း ပြကြတယ်။ ဒီလိုနည်းနဲ့ ဒီနေ့ စီးပွားရေးစနစ်ရဲ့ ကျွန်ဖြစ်မယ့်အစား ဘုရားကို လွတ်လွတ်လပ်လပ် အမှုဆောင်ကြတယ်။—၁ တိ. ၆:၁၀။
(၂ တိမောသေ ၂:၂၃) ဒါ့အပြင် မိုက်မဲပြီး အဓိပ္ပာယ်မရှိတဲ့ စကားတွေနဲ့ အပြန်အလှန် ငြင်းခုံနေတာက ခိုက်ရန်ဖြစ်စေတယ်ဆိုတာကို သိမှတ်ပြီး အဲဒါကို ငြင်းပယ်ပါ။
ယေဟောဝါရဲ့ လူတွေ “မတရားသောအမှုကို ရှောင်ကြ”
၁၀ အခုချိန်မှာတော့ အသင်းတော်မှာ အယူဖောက်ပြန်သူတွေကို သိပ်မတွေ့ရဘူး။ ဒါပေမဲ့ ကျမ်းစာသွန်သင်ချက်နဲ့ ဆန့်ကျင်တဲ့ သွန်သင်ချက်တွေနဲ့ ကြုံတွေ့ရနိုင်တယ်။ အဲဒီသွန်သင်ချက်တွေက ဘယ်နေရာကပဲ လာပါစေ ပြတ်ပြတ်သားသား ငြင်းပယ်ရမယ်။ အယူဖောက်ပြန်သူတွေနဲ့ လူချင်း ဖြစ်စေ၊ အင်တာနက်ကတစ်ဆင့် ဖြစ်စေ ဒါမှမဟုတ် တခြားတစ်နည်းနည်းနဲ့ အဆက်အသွယ် လုပ်တာက ပညာမဲ့ရာကျပါတယ်။ အဲဒီလိုလူတွေကို ကူညီပေးချင်လို့ အဆက်အသွယ် လုပ်တယ်ဆိုရင်တောင် အဲဒါက ဘုရားသခင့်စကားကို နားမထောင်တာပဲ။ ကိုယ်တော်က အယူဖောက်ပြန်သူတွေကို ငြင်းပယ်ဖို့၊ လုံးဝအဆက်အသွယ် မလုပ်ဖို့ အမိန့်ပေးထားတယ်။
ကျမ်းစာဖတ်ရှုခြင်း
(၂ တိမောသေ ၁:၁-၁၈) ဘုရားသခင့် အလိုတော်ကြောင့်၊ ခရစ်တော်ယေရှုအားဖြင့် ရရှိမယ့် အသက်တာနဲ့ ဆိုင်တဲ့ ကတိတော်ကြောင့် ခရစ်တော်ယေရှုရဲ့ တမန်တော် ဖြစ်လာတဲ့ ပေါလုက၊ ၂ ချစ်ရတဲ့သား တိမောသေဆီ စာရေးလိုက်တယ်။ အဖဘုရားသခင်နဲ့ သခင် ခရစ်တော်ယေရှုဆီက မဟာကရုဏာ၊ သနားကြင်နာခြင်း၊ ငြိမ်သက်ခြင်းကို မင်းခံစားရပါစေ။ ၃ မင်းကို သတိရပြီး နေ့ညမပြတ် တိုးလျှိုးအသနားခံတဲ့အခါတိုင်း ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ ငါက အဲဒီဘုရားသခင်ကို ဘိုးဘေးတွေ ကိုးကွယ်ခဲ့သလိုပဲ အမှားအမှန်သိစိတ် ကြည်လင်စွာ ကိုးကွယ်ပါတယ်။ ၄ မင်း မျက်ရည်ကျခဲ့တာကို ပြန်သတိရပြီး မင်းနဲ့ တွေ့ချင်လိုက်တာ။ တွေ့ခွင့်ရလို့ကတော့ ငါဝမ်းသာလိုက်မယ့်ဖြစ်ခြင်း။ ၅ မင်းရဲ့ ဟန်ဆောင်မှုကင်းတဲ့ ယုံကြည်ခြင်းကို ပြန်အမှတ်ရမိလို့ပါ။ အဲဒီယုံကြည်ခြင်းဟာ မင်းရဲ့အဘွား လောအိနဲ့ မိခင်ဥနိတ်ဆီမှာ ဦးဆုံးရှိခဲ့သလို မင်းဆီမှာလည်း ရှိနေမယ်ဆိုတာ ငါ စိတ်ချတယ်။ ၆ ဒါကြောင့် သတိပေးချင်တာက မင်းအပေါ် လက်တင်ပြီး ငါအပ်နှင်းခဲ့တဲ့ ဘုရားပေးဆုကျေးဇူးကို မီးလို တောက်လောင်နေတဲ့ စိတ်ထက်သန်မှုမျိုးနဲ့ အမြဲအသုံးပြုပါ။ ၇ ဘာလို့လဲဆိုတော့ ဘုရားသခင်က ငါတို့ကို ကြောက်တတ်တဲ့စိတ် ပေးထားတာ မဟုတ်ဘူး။ တန်ခိုးပါတဲ့စိတ်၊ မေတ္တာစိတ်၊ ချင့်ချိန်တတ်တဲ့စိတ် ပေးသနားထားတာ။ ၈ ဒါကြောင့် သခင့်အကြောင်း သက်သေခံဖို့ မရှက်ပါနဲ့။ သခင့်အတွက် ထောင်ကျနေတဲ့ ငါ့ကြောင့်လည်း မရှက်ပါနဲ့။ ဘုရားသခင်ရဲ့ တန်ခိုးကို အားကိုးပြီး သတင်းကောင်းအတွက် ဆင်းရဲဒုက္ခခံဖို့ အသင့်ရှိနေပါ။ ၉ ဘုရားသခင်က ငါတို့ရဲ့ လုပ်ရပ်ကြောင့် မဟုတ်ဘဲ မိမိရဲ့ ရည်ရွယ်ချက်ကြောင့်၊ မဟာကရုဏာကြောင့် ကျွန်တော်တို့ကို ကယ်တင်ပြီး သန့်ရှင်းသူတွေအဖြစ် ရွေးချယ်ခဲ့တယ်။ ဟိုးအရင်ကတည်းက ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို အဲဒီလို မဟာကရုဏာပြခဲ့တယ်။ ၁၀ အခု၊ ကယ်တင်ရှင် ခရစ်တော်ယေရှု ရောက်လာတဲ့အခါ အဲဒီမဟာကရုဏာဟာ ပိုပြီးထင်ရှားလာတယ်။ ခရစ်တော်က သေခြင်းကို ဖယ်ရှားလိုက်ရုံမက အသက်ရှင်ခြင်းနဲ့ မပုပ်ပျက်နိုင်တဲ့အဖြစ်ကို ဘယ်လို ရရှိနိုင်မယ်ဆိုတာကိုပါ သတင်းကောင်းအားဖြင့် ရှင်းရှင်းလင်းလင်း နားလည်စေပြီ။ ၁၁ အဲဒီသတင်းကောင်းကို ကြေညာတဲ့ ဟောပြောသူအဖြစ်၊ တမန်တော်အဖြစ်၊ ဆရာအဖြစ် ငါ့ကို ခန့်အပ်ထားပြီ။ ၁၂ ဒါကြောင့် အခုလို ဆင်းရဲဒုက္ခ ခံနေရပေမဲ့ ငါမရှက်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ယုံကြည်တဲ့အရှင်ကို သိလို့ပါ။ အဲဒီအရှင်က ငါအပ်ထားတဲ့အရာကို တရားစီရင်ရာနေ့အထိ စောင့်ရှောက်ပေးနိုင်တယ် ဆိုတာကိုလည်း ငါစိတ်ချတယ်။ ၁၃ ငါ့ဆီက ကြားနာခဲ့ရတဲ့ အကျိုးဖြစ်ထွန်းတဲ့ တရားစကားရဲ့ အနှစ်သာရကို အမြဲလိုက်နာစောင့်ထိန်းပါ။ တစ်ချိန်တည်းမှာ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ခြင်းကြောင့် ရလာတဲ့ ယုံကြည်ခြင်းနဲ့ မေတ္တာကိုလည်း အမြဲပြသပါ။ ၁၄ အဲဒီဘဏ္ဍာကို ငါတို့ဆီမှာ ကိန်းအောင်းနေတဲ့ သန့်ရှင်းသော စွမ်းအားတော် အကူအညီနဲ့ ထိန်းသိမ်းစောင့်ရှောက်ပါ။ ၁၅ ဖုဂေလုနဲ့ ဟေရမောဂင် အပါအဝင် အာရှနယ်မှာရှိတဲ့သူတွေ ငါ့ကို ကျောခိုင်းသွားတာ မင်းအသိပဲ။ ၁၆ သြနေသိဖော်ရဲ့ မိသားစုကိုတော့ ဘုရားသခင် ကရုဏာပြပါစေ။ သူ့ကြောင့် ငါ အကြိမ်ကြိမ် အားတက်ခဲ့ရတယ်။ ငါ့ကို သံကြိုးနဲ့ ချည်နှောင်ထားပေမဲ့ သူက မရှက်မကြောက်ဘဲ၊ ၁၇ ရောမမြို့ကို ရောက်တဲ့အခါ ငါ့ကို မတွေ့တွေ့အောင် ရှာတတ်တယ်။ ၁၈ တရားစီရင်ရာနေ့မှာ သူ့ကို ယေဟောဝါ ကရုဏာပြပါစေ။ ဧဖက်မြို့မှာလည်း ငါ့ကို သူဘယ်လောက် ပြုစုခဲ့မှန်း မင်းသိပါတယ်။
ဩဂုတ် ၁၂-၁၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တိတု ၁–ဖိလေမုန် ၁-၂၅
“အကြီးအကဲတွေ ခန့်အပ်”
(တိတု ၁:၅-၉) ခရိကျွန်းမှာ မင်းကို ထားခဲ့တဲ့ အကြောင်းရင်းက ချွတ်ယွင်းချက်တွေကို တည့်မတ်ပေးဖို့၊ ငါညွှန်ကြားထားတဲ့အတိုင်း မြို့တိုင်းမှာ အကြီးအကဲတွေ ခန့်အပ်ပေးဖို့ပဲ။ ၆ အကြီးအကဲဟာ ပြစ်တင်စွပ်စွဲစရာ ဘာမှမရှိတဲ့သူ၊ ဇနီးတစ်ဦးတည်းရှိသူ ဖြစ်ရမယ်။ သားသမီးတွေလည်း ယုံကြည်သူတွေ ဖြစ်ရမယ်။ ထိန်းမနိုင်သိမ်းမရ ဖြစ်တဲ့သူ၊ ဆုံးမရခက်သူတွေလို့ နာမည်မထွက်ရဘူး။ ၇ ဘုရားသခင်ရဲ့ ဘဏ္ဍာစိုးဖြစ်တဲ့ ကြီးကြပ်မှူးဟာ ပြစ်တင်စွပ်စွဲစရာ ဘာမှမရှိတဲ့သူ ဖြစ်ရမယ်။ ထင်ရာစိုင်းသူ၊ ဒေါသထွက်လွယ်သူ၊ သောက်ကြူးသူ၊ ရိုက်နှက်တတ်သူ၊ မသမာနည်းနဲ့ လောဘတကြီး အမြတ်ထုတ်သူ မဖြစ်ရဘူး။ ၈ ဧည့်ဝတ်ကျေပွန်သူ၊ ကောင်းမြတ်တဲ့အရာကို နှစ်သက်သူ၊ ချင့်ချိန်တတ်သူ၊ ဖြောင့်မတ်သူ၊ သစ္စာစောင့်သိသူ၊ ချုပ်တည်းခြင်းရှိသူ ဖြစ်ရမယ်။ ၉ သွန်သင်ခြင်းနည်းပညာကို အသုံးပြုတဲ့အခါ စစ်မှန်တဲ့ တရားစကားကို လက်ကိုင်ပြုသူ ဖြစ်ရမယ်။ ဒါမှ သူဟာ အကျိုးဖြစ်ထွန်းတဲ့ သွန်သင်ချက်တွေနဲ့ အားပေးနိုင်ရုံမက အဲဒီသွန်သင်ချက်ကို အတိုက်အခံ လုပ်သူတွေကိုလည်း ပဲ့ပြင်နိုင်လိမ့်မယ်။
က၁၄-E ၁၁/၁၅ ၂၈-၂၉
စာရှုသူများထံမှ မေးခွန်းလွှာ
အဲဒီအချိန်တုန်းက ခန့်အပ်မှုအားလုံးကို ဘယ်လိုနည်းနဲ့ လုပ်သလဲဆိုတာ ကျမ်းစာမှာ အသေးစိတ် မရှင်းပြပေမဲ့ အရိပ်အမြွက်တချို့တော့ သိရတယ်။ ပေါလုနဲ့ ဗာနဗတို့ဟာ ပထမ သာသနာပြုခရီးက အပြန်မှာ “အစာရှောင် ဆုတောင်းပြီးတဲ့နောက် အသင်းတော်တိုင်းမှာ အကြီးအကဲတွေ ခန့်အပ်တယ်။ ယုံကြည်သူဖြစ်လာတဲ့ အဲဒီအကြီးအကဲတွေကို ယေဟောဝါဆီ စိတ်ချလက်ချ အပ်နှံလိုက်တယ်” ဆိုပြီး ပြောထားတယ်။ (တ. ၁၄:၂၃) နှစ်တွေ ကြာပြီးနောက် ပေါလုက ခရီးသွားဖော် တိတုကို “ခရိကျွန်းမှာ မင်းကို ထားခဲ့တဲ့ အကြောင်းရင်းက ချွတ်ယွင်းချက်တွေကို တည့်မတ်ပေးဖို့၊ ငါညွှန်ကြားထားတဲ့အတိုင်း မြို့တိုင်းမှာ အကြီးအကဲတွေ ခန့်အပ်ပေးဖို့ပဲ” ဆိုပြီး စာရေးခဲ့တယ်။ (တိ. ၁:၅) တမန်တော်ပေါလုနဲ့အတူ ခရီးတွေ အများကြီး သွားခဲ့တဲ့ တိမောသေလည်း အလားတူ အခွင့်အာဏာ ပေးအပ်ခံခဲ့ရတယ်လို့ ယူဆရတယ်။ (၁ တိ. ၅:၂၂) ဒါကြောင့် ဂျေရုဆလင်မြို့မှာရှိတဲ့ တမန်တော်တွေ၊ အကြီးအကဲတွေ မဟုတ်ဘဲ နယ်လှည့်ကြီးကြပ်မှူးတွေက ခန့်အပ်မှုတွေ လုပ်တယ်ဆိုတာ ရှင်းနေပါတယ်။
ဒီကျမ်းစာအစဉ်အလာကို စိတ်ထဲ ထားပြီး ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ အကြီးအကဲတွေ၊ အသင်းတော် အမှုထမ်းတွေ ခန့်အပ်ပုံကို ပြုပြင်ပြောင်းလဲခဲ့တယ်။ ၂၀၁၄၊ စက်တင်ဘာ ၁ ရက်ကစပြီး ခန့်အပ်မှုတွေ လုပ်တဲ့အခါ တိုက်နယ်ကြီးကြပ်မှူးတိုင်းဟာ ကိုယ့်တိုက်နယ်အတွင်းက ထောက်ခံချက်တွေကို အသေအချာ သုံးသပ်တယ်။ အသင်းတော်တွေကို လည်ပတ်ချိန်မှာ ဖြစ်နိုင်မယ်ဆိုရင် ထောက်ခံချက် ရထားသူတွေနဲ့ တွဲအမှုဆောင်ခြင်းဖြင့် သူတို့အကြောင်း ပိုသိဖို့ ကြိုးစားပါလိမ့်မယ်။ ထောက်ခံချက်တွေကို ဒေသခံအကြီးအကဲအဖွဲ့နဲ့ ဆွေးနွေးပြီးနောက် မိမိရဲ့တိုက်နယ်မှာရှိတဲ့ အသင်းတော်တွေမှာ အကြီးအကဲတွေ၊ အသင်းတော်အမှုထမ်းတွေ ခန့်အပ်ဖို့က တိုက်နယ်ကြီးကြပ်မှူးရဲ့ တာဝန် ဖြစ်တယ်။ ဒါက ပထမရာစုတုန်းက အစီအစဉ်နဲ့ ဆင်တူတယ်။
ဒီအစီအစဉ်မှာ ဘယ်သူတွေက ကဏ္ဍအသီးသီးကနေ ပါဝင်ကြသလဲ။ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ဟာ အိမ်သူအိမ်သားတွေကို ကျွေးမွေးဖို့ အဓိက တာဝန် ရှိပါတယ်။ (မ. ၂၄:၄၅-၄၇) အဲဒီထဲမှာ သန့်ရှင်းသော စွမ်းအားတော်ရဲ့ အကူအညီနဲ့ ကျမ်းစာကို လေ့လာဆန်းစစ်ခြင်း ပါဝင်တယ်။ ကမ္ဘာတစ်ဝန်းက အသင်းတော်တွေ ဖွဲ့စည်းရာမှာ သက်ဆိုင်တဲ့ ကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးနိုင်ပုံနဲ့ ပတ်သက်ပြီး လမ်းညွှန်ချက်ပေးနိုင်ဖို့ ဖြစ်တယ်။ သစ္စာရှိကျွန်ဟာ တိုက်နယ်ကြီးကြပ်မှူးတွေ၊ ဌာနခွဲ ကော်မတီဝင်တွေကိုလည်း ခန့်အပ်တယ်။ ဌာနခွဲရုံးတွေကလည်း ရရှိတဲ့ လမ်းညွှန်ချက်အတိုင်း အကောင်အထည် ဖော်နိုင်ဖို့ လက်တွေ့ကျကျ ကူညီကြတယ်။ ဘုရားရဲ့ အသင်းတော်မှာ တာဝန်ခန့်အပ်ဖို့ ကိုယ်ထောက်ခံပေးလိုက်တဲ့ ညီအစ်ကိုတွေမှာ ကျမ်းစာတောင်းဆိုထားတဲ့ အရည်အချင်းတွေ ရှိမရှိ စေ့စေ့စပ်စပ် သုံးသပ်ဖို့ အကြီးအကဲအဖွဲ့တိုင်းမှာ တာဝန် ရှိတယ်။ တိုက်နယ်ကြီးကြပ်မှူးတိုင်းဟာ အကြီးအကဲတွေရဲ့ ထောက်ခံချက်တွေကို အသေအချာ ဆုတောင်းသုံးသပ်ဖို့၊ အရည်အချင်း ပြည့်မီသူတွေကို ခန့်အပ်ဖို့ဆိုတဲ့ ကြီးလေးတဲ့ တာဝန် ရှိတယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(တိတု ၁:၁၂) သူတို့ထဲက ပရောဖက်တစ်ယောက်က “ခရိကျွန်းသား၊ မုသားစွဲလမ်း၊ သားရဲကြမ်းကြုတ်၊ စားကြူးတုတ်တုတ်၊ လူပျင်းယုတ်” လို့ ပြောခဲ့တယ်။
က၈၉-E ၅/၁၅ ၃၁ ပိုဒ်. ၅
စာရှုသူများထံမှ မေးခွန်းလွှာ
ခရိကျွန်းသားတွေနဲ့ပတ်သက်ပြီး လူမျိုးရေး ခွဲခြားပြောဆိုတာကို ပေါလု ထောက်ခံနေတာ လုံးဝ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘုရားရဲ့ နှစ်သက်လက်ခံမှုရပြီး သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတဲ့ ခရစ်ယာန်တွေ ခရိကျွန်းမှာ ရှိမှန်း ပေါလု သိထားလို့ပါ။ (တမန်တော် ၂:၅၊ ၁၁၊ ၃၃) “မြို့တိုင်းမှာ” အသင်းတော်တွေ တည်ထောင်ဖို့ သစ္စာရှိ ခရစ်ယာန်တွေ လုံလုံလောက်လောက် ရှိခဲ့တယ်။ အဲဒီခရစ်ယာန်တွေဟာ မစုံလင်ကြပေမဲ့ လိမ်လည်သူတွေ၊ စားကြူးသူတွေ၊ လူပျင်းတွေ မဟုတ်တာတော့ သေချာတယ်။ အဲဒီလိုသာ ဖြစ်နေရင် ယေဟောဝါရဲ့ မျက်နှာသာ ဆက်ခံစားကြရမှာ မဟုတ်ဘူး။ (ဖိလိပ္ပိ ၃:၁၈၊ ၁၉။ ဗျာဒိတ် ၂၁:၈) ပတ်ဝန်းကျင်မှာ ကိုယ်ကျင့်တရားစံနှုန်း လျော့ကျနေတာတွေကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်နေတဲ့၊ ခရစ်ယာန်သတင်းတရားကို တလိုတလား လက်ခံတုံ့ပြန်တဲ့ စိတ်ရင်းမှန်သူတွေ ဒီနေ့ခေတ် လူမျိုးတိုင်းမှာ ရှိသလို ခရိကျွန်းပေါ်မှာလည်း ရှိခဲ့မှာပဲ။—ယေဇကျေလ ၉:၄။ တမန်တော် ၁၃:၄၈ နဲ့နှိုင်းယှဉ်ပါ။
(ဖိလေမုန် ၁၅၊ ၁၆) သူ ခဏလေး ထွက်ပြေးသွားတာဟာ သူ့ကို အမြဲ ပြန်ခေါ်ထားဖို့ အကြောင်းဖန်စေတာလည်း ဖြစ်နိုင်တာပဲ။ ၁၆ သူဟာ ကျွန်မဟုတ်တော့ဘူး။ ကျွန်ထက်မက ပိုသွားပြီ။ ကျွန်တော်တောင် သူ့ကို သိပ်ချစ်မှတော့ ခင်ဗျားဆိုရင် ကျွန်လည်းဖြစ်၊ ခရစ်ယာန်ညီအစ်ကိုလည်း ဖြစ်လာတဲ့ သူ့ကို ပိုလို့တောင် ချစ်မှာပဲ။
တိတု၊ ဖိလေမုန်နှင့် ဟေဗြဲကျမ်းတို့မှ ပေါ်လွင်ချက်များ
၁၅၊ ၁၆—ဩနေသိမ်ကို လွတ်လပ်ခွင့်ပေးရန် ဖိလေမုန်ကို ပေါလု အဘယ်ကြောင့် မတောင်းဆိုခဲ့သနည်း။ ပေါလုသည် မိမိတာဝန် ဖြစ်သော ‘ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြော၍ သခင်ယေရှုခရစ်၏ အကြောင်းများကို သွန်သင်ပြသ’ ခြင်းတွင် စွဲစွဲမြဲမြဲ လုပ်ဆောင်လိုခဲ့သည်။ ထို့ကြောင့် ကျွန်နှင့်ပတ်သက်သော လူမှုရေးကိစ္စများမှ ကင်းကင်းရှင်းရှင်း နေရန် ရွေးချယ်သည်။—တ. ၂၈:၃၁။
ကျမ်းစာဖတ်ရှုခြင်း
(တိတု ၃:၁-၁၅) အစိုးရနဲ့ အာဏာပိုင်တွေကို လက်အောက်ခံပြီး နာခံဖို့၊ မွန်မြတ်တဲ့အလုပ် အမျိုးမျိုးအတွက် အသင့်ဖြစ်နေဖို့၊ ၂ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာအောင် မပြောဖို့၊ ရန်လိုတတ်သူ မဖြစ်ဖို့၊ အကျိုးသင့်အကြောင်းသင့်ရှိဖို့၊ လူအားလုံးနဲ့ ပြောဆိုဆက်ဆံတဲ့အခါ နူးညံ့သိမ်မွေ့ဖို့ သူတို့ကို မပြတ် သတိပေးနေပါ။ ၃ ဘာလို့လဲဆိုတော့ ငါတို့လည်း တစ်ချိန်တုန်းက အသိတရားမရှိသူ၊ မနာခံသူ၊ လှည့်စားခံရသူ၊ အလိုဆန္ဒအမျိုးမျိုးရဲ့ ကျွန်ဘဝကို ရောက်ပြီး အပျော်အပါး လိုက်စားသူ၊ မကောင်းမှု ကျူးလွန်သူ၊ မနာလို မရှုဆိတ်ဖြစ်သူ၊ ရွံရှာဖွယ်ကောင်းသူ၊ အချင်းချင်း မုန်းတီးသူတွေ ဖြစ်ခဲ့ကြတာပဲ။ ၄ ဒါပေမဲ့ ကယ်တင်ရှင် ဘုရားသခင်က လူသားတွေကို ကရုဏာနဲ့ မေတ္တာ အထင်အရှား ဖော်ပြခဲ့တယ်။ ၅ (ငါတို့ရဲ့ ဖြောင့်မတ်တဲ့ လုပ်ရပ်ကြောင့် မဟုတ်ဘဲ ကရုဏာတော်ကြောင့် အဲဒီလို ဖော်ပြခဲ့တာပါ။) ဘုရားသခင်က ငါတို့ကို အသက်ရှင်စေဖို့ သန့်စင်ပေးတယ်၊ သန့်ရှင်းသော စွမ်းအားတော်ကို အသုံးပြုပြီး သစ်လွင်သွားအောင် လုပ်ပေးတယ်၊ ဒီနည်းအားဖြင့် ငါတို့ကို ကယ်တင်တယ်။ ၆ အဲဒီစွမ်းအားတော်ကို ကယ်တင်ရှင် ယေရှုခရစ်တော်ကတစ်ဆင့် ငါတို့အပေါ် ရက်ရက်ရောရော သွန်းလောင်းပေးတယ်။ ၇ အဲဒီမဟာကရုဏာတော်ကြောင့် ဖြောင့်မတ်သူအဖြစ် ငါတို့ သတ်မှတ်ခံရတဲ့အတွက် ထာဝရအသက် မျှော်လင့်ချက်ရှိတဲ့ အမွေခံတွေ ဖြစ်လာနိုင်တယ်။ ၈ အဲဒီအချက်တွေဟာ မှန်ကန်တယ်။ မင်းကို ဒီအချက်တွေ အမြဲ အလေးပေး ပြောစေချင်တယ်။ ဒါမှ ဘုရားသခင်ကို ယုံကြည်သူတွေ မွန်မြတ်တဲ့ အလုပ်တွေဆီ အမြဲ အာရုံရောက်နိုင်လိမ့်မယ်။ ဒါတွေဟာ ကောင်းမွန်ပြီး လူတွေအတွက် အကျိုးရှိတယ်။ ၉ အကျိုးမဲ့ ငြင်းခုံတာတွေ၊ ဆွေစဉ်မျိုးဆက်အကြောင်း ငြင်းခုံတာတွေကို ရှောင်ပါ။ ပညတ်တရားနဲ့ပတ်သက်ပြီး အငြင်းပွားတာ၊ ခိုက်ရန်ဖြစ်တာတွေကိုလည်း ရှောင်ပါ။ အဲဒါတွေဟာ အသုံးမဝင်ဘူး၊ အကျိုးလည်း မရှိဘူး။ ၁၀ ဂိုဏ်းခွဲဖို့ လှုံ့ဆော်သူကို တစ်ကြိမ်၊ နှစ်ကြိမ် သတိပေးပါ။ နားမထောင်ဘူးဆိုရင် သူ့ကို ရှောင်ပါ။ ၁၁ အဲဒီလိုလူဟာ လမ်းလွဲပြီး အပြစ်ကျူးလွန်သူ ဖြစ်လို့ သူ့လုပ်ရပ်က သူ့ကို အပြစ်စီရင်လိုက်ပြီ။ ၁၂ အာတေမ ဖြစ်စေ၊ တုခိတ် ဖြစ်စေ မင်းဆီ ရောက်လာပြီဆိုရင် နိကောပလိမြို့မှာ ရောက်နေမယ့် ငါ့ဆီ အမြန်ဆုံးလာခဲ့ပါ။ ဆောင်းရာသီမှာ အဲဒီမြို့မှာ နေဖို့ ငါဆုံးဖြတ်ထားတယ်။ ၁၃ ပညတ်ကျမ်း နှံ့စပ်သူ ဇေနနဲ့ အာပေါလုကို သူတို့ရဲ့ ခရီးစဉ်မှာ လိုလေသေး မရှိအောင် အတတ်နိုင်ဆုံး ကူညီပေးလိုက်ပါ။ ၁၄ ငါတို့ရဲ့ ညီအစ်ကိုတွေကိုလည်း မွန်မြတ်တဲ့ အလုပ်တွေ လုပ်ဆောင်တတ်အောင် သင်ယူခိုင်းပါ။ ဒါမှ အရေးပေါ် လိုအပ်ချိန်မှာ ကူညီပေးနိုင်ပြီး အမြဲ သီးပွင့်ဖြစ်ထွန်းနိုင်လိမ့်မယ်။ ၁၅ ငါနဲ့အတူရှိတဲ့သူတွေက မင်းကို နှုတ်ဆက်လိုက်တယ်။ ယုံကြည်ခြင်း တူပြီး ငါတို့ကို ချစ်ခင်သူတွေကိုလည်း နှုတ်ဆက်ပေးပါ။ မဟာကရုဏာတော်ကို မင်းတို့အားလုံး ခံစားရပါစေ။
ဩဂုတ် ၁၉-၂၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဟီဘရူး ၁-၃
“ဖြောင့်မတ်မှုကို ချစ်မြတ်နိုးပါ၊ တရားမဲ့မှုကို မုန်းပါ”
(ဟီဘရူး ၁:၈) သားတော်နဲ့ပတ်သက်ပြီး ပြောတဲ့အခါမှာတော့ “ဘုရားသခင်ဟာ အစဉ်ထာဝရ မင်းကြီးရဲ့ ရာဇပလ္လင်ပဲ။ နိုင်ငံတော်ရဲ့ ရာဇလှံတံဟာ တရားမျှတခြင်းလှံတံပဲ။
ဘုန်းကြီးတဲ့ ဘုရင်ခရစ်တော်ကို ချီးမွမ်းပါ
၈ ၁၉၁၄ ခုနှစ်မှာ ယေဟောဝါဟာ သားတော်ကို ကောင်းကင်မေရှိယနိုင်ငံရဲ့ ဘုရင်အဖြစ် ခန့်အပ်ခဲ့တယ်။ ယေရှုရဲ့ နိုင်ငံတော် “ရာဇလှံတံ” ဟာ “ဖြောင့်မှန်တဲ့ ရာဇလှံတံ” ဖြစ်တယ်၊ ဒါကြောင့် ယေရှုရဲ့ အုပ်ချုပ်မှုဟာ အမြဲ တရားမျှတပြီး ဖြောင့်မှန်မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ ယေရှု ရတဲ့ အခွင့်အာဏာဟာ တရားဝင်တယ်၊ ဘာကြောင့်လဲဆိုတော့ ‘ဘုရားသခင်က သူ့ရဲ့ ပလ္လင်’ ဖြစ်တယ်၊ ဆိုလိုတာက ယေဟောဝါက သူ့ကို ဘုရင်အဖြစ် ခန့်အပ်တယ်။ ယေရှုရဲ့ ပလ္လင်ဟာ “အစဉ်ထာဝရ” တည်ရှိမှာ ဖြစ်တယ်။ ယေဟောဝါ ခန့်အပ်ထားတဲ့ ဘုရင်လက်အောက်မှာ အမှုဆောင်ရတာ ဂုဏ်ယူစရာပါပဲ။
(ဟီဘရူး ၁:၉) မင်းကြီးက ဖြောင့်မတ်မှုကို ချစ်မြတ်နိုးတယ်၊ တရားမဲ့မှုကို မုန်းတယ်။ ဒါကြောင့် ဘုရားသခင်က မင်းကြီးကို အပေါင်းအဖော်တွေထက် ပိုချီးမြှောက်ပြီး အားရရွှင်လန်းခြင်းဆီနဲ့ ဘိသိက်ပေးတယ်” လို့ပြောတယ်။
ဘုန်းကြီးတဲ့ ဘုရင်ခရစ်တော်ကို ချီးမွမ်းပါ
၇ ဆာလံ ၄၅:၆၊ ၇ ကိုဖတ်ပါ။ ယေရှုက ဖြောင့်မတ်မှုကို ချစ်ပြီး သူ့ဖခင်ကို ရှုတ်ချမှု ဖြစ်စေနိုင်တဲ့ အရာမှန်သမျှကို မုန်းတယ်၊ အဲဒါကြောင့် ယေဟောဝါက သူ့ကို မေရှိယနိုင်ငံတော်ရဲ့ ဘုရင်အဖြစ် ဘိသိက်ပေးခဲ့တယ်။ ယေရှုဟာ “အပေါင်းအဖော်တွေထက် ပိုပြီး အားရရွှင်လန်းခြင်းဆီ” နဲ့ ဘိသိက်ပေးခံရတယ်။ “အပေါင်းအဖော်တွေ” ဆိုတာက ဒါဝိဒ်မျိုးရိုးကနေ ဆင်းသက်လာတဲ့ ယုဒဘုရင်တွေ ဖြစ်တယ်။ ယေရှုဟာ ဘယ်လိုနည်းတွေနဲ့ ဘိသိက်ပေးခံရသလဲ။ ပထမနည်းကတော့ ယေရှုကို ယေဟောဝါကိုယ်တိုင် ဘိသိက်ပေးတယ်။ ဒုတိယနည်းက ယေဟောဝါဟာ ယေရှုကို ဘုရင်အဖြစ်ရော၊ ယဇ်ပုရောဟိတ်မင်းအဖြစ်ပါ အမှုဆောင်ဖို့ ဘိသိက်ပေးခဲ့တယ်။ (ဆာ. ၂:၂; ဟေဗြဲ ၅:၅၊ ၆) တတိယနည်းက ယေရှုဟာ အစ္စရေးဘုရင်တွေလို ဆီနဲ့ ဘိသိက်ပေးခံရတာ မဟုတ်ဘဲ သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတယ်။ နောက်ဆုံးနည်းက ယေရှုဟာ မြေကြီးပေါ်ကနေ မဟုတ်ဘဲ ကောင်းကင်ကနေ အုပ်ချုပ်တယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဟီဘရူး ၁:၃) သားတော်ဟာ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ရောင်ပြန်ဟပ်သူ၊ ဘုရားသခင်နဲ့ တထေရာတည်း တူတဲ့သူ ဖြစ်တယ်။ တန်ခိုးနဲ့ ပြည့်စုံတဲ့ အမိန့်တွေအားဖြင့် အရာခပ်သိမ်းကို တည်ရှိစေတယ်။ ကျွန်တော်တို့ရဲ့ အပြစ်တွေကို သန့်စင်ပေးပြီးနောက် ကောင်းကင်မှာ ရှိတဲ့ ဘုန်းတန်ခိုးကြီးတဲ့အရှင်ရဲ့ ညာဘက်မှာ ထိုင်တယ်။
it-1 ၁၁၈၅ ပိုဒ်. ၁
တထေရာတည်း တူ
ယေရှုဟာ အမြဲတမ်း ဖခင်နဲ့ တထေရာတည်း တူသလား။
နောက်ပိုင်းမှာ လူသားယေရှု ဖြစ်လာတဲ့ ဘုရားရဲ့ သားဦးဟာ ဖခင်ရဲ့ ပုံသဏ္ဌာန်အတိုင်းပဲ ဖြစ်ပါတယ်။ (၂က ၄:၄) ဘုရားက ‘ငါတို့ရဲ့ ပုံသဏ္ဌာန်အတိုင်း လူကို ဖန်ဆင်းကြစို့’ ဆိုပြီး ပြောလိုက်တဲ့သူဟာ အဲဒီသားပဲ ဆိုတာ ထင်ရှားတာမို့ သားဖြစ်သူဟာ ဖန်ဆင်းခံရချိန်ကတည်းက ဖန်ဆင်းရှင်၊ ဖခင်နဲ့ တူတယ်။ (က ၁:၂၆။ ယဟ ၁:၁-၃။ ကော ၁:၁၅၊ ၁၆) စုံလင်တဲ့ လူသားအနေနဲ့ မြေကြီးပေါ် ရှိခဲ့စဉ်မှာလည်း ဖခင်ရဲ့ အရည်အသွေးတွေနဲ့ စရိုက်လက္ခဏာကို လူသားတစ်ယောက်ရဲ့ အကန့်အသတ်ဘောင်အတွင်းကနေ အပြည့်အဝ ရောင်ပြန်ဟပ်ခဲ့တယ်။ ဒါကြောင့်လည်း “ကျွန်တော့်ကို မြင်တာဟာ အဖဘုရားကို မြင်တာပဲ” လို့ ပြောနိုင်ခဲ့တယ်။ (ယဟ ၁၄:၉။ ၅:၁၇၊ ၁၉၊ ၃၀၊ ၃၆။ ၈:၂၈၊ ၃၈၊ ၄၂) ယေရှုဟာ ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် ရှင်ပြန်ထမြောက်ပြီး ဖခင် ယေဟောဝါဘုရားက သူ့ကို “ကောင်းကင်မှာရော မြေကြီးမှာပါ အခွင့်အာဏာရှိသမျှ” အပ်နှင်းလိုက်ချိန်မှာ ဖခင်နဲ့ ပိုတူလာတယ်။ (၁ပ ၃:၁၈။ မ ၂၈:၁၈) အဲဒီနောက် ဘုရားသခင်က ယေရှုကို “သာလွန်မြင့်မြတ်တဲ့ အနေအထား ရောက်အောင် ချီးမြှောက်” ခဲ့တယ်။ ဒါကြောင့် အခုဆိုရင် ဘုရားရဲ့ သားတော်ဟာ ကောင်းကင်ကနေ မြေကြီးကို မလာခင်ကထက် ဖခင်ရဲ့ ဘုန်းတော်ကို ပိုပြီး ရောင်ပြန်ဟပ်နေပါပြီ။ (ဖိ ၂:၉။ ဟီ ၂:၉) “ဘုရားသခင်နဲ့ တထေရာတည်း တူတဲ့သူ” ဖြစ်နေပါပြီ။—ဟီ ၁:၂-၄။
(ဟီဘရူး ၁:၁၀-၁၂) အဲဒီအပြင် “သခင်၊ ကမ္ဘာမြေရဲ့ အုတ်မြစ်တွေကို ဟိုးအရင်ကတည်းက သခင် ချခဲ့တာပါ။ ကောင်းကင်ဟာ သခင့်ရဲ့ လက်ရာပါ။ ၁၀ ဒါတွေ ပျက်စီးသွားရင်တောင် သခင်ကတော့ တည်မြဲနေမှာပါ။ ဒါတွေဟာ အဝတ်လို ဟောင်းနွမ်းသွားလိမ့်မယ်။ ၁၁ ဝတ်ရုံကို လိပ်လိုက်သလို အဲဒါတွေကို သခင် လိပ်လိုက်တဲ့အခါ အဲဒါတွေ ပြောင်းလဲသွားတယ်။ သခင်ကတော့ အရင်အတိုင်းပဲ၊ မပြောင်းလဲဘူး။ သခင့်ရဲ့ သက်တမ်းဟာ ဘယ်တော့မှ မကုန်ဆုံးဘူး” လို့လည်း ပြောထားတယ်။
it-1 ၁၀၆၃ ပိုဒ်. ၇
ကောင်းကင်
ဆာလံ ၁၀၂:၂၅၊ ၂၆ မှာပါတဲ့ စကားတွေဟာ ယေဟောဝါဘုရားအကြောင်း ဖော်ပြထားတာ ဖြစ်ပေမဲ့ တမန်တော်ပေါလုက အဲဒီစကားတွေကို ယေရှုခရစ်နဲ့ ဆက်စပ်ဖော်ပြခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ဟာ တစ်ဦးတည်းသော သားတော်ကတစ်ဆင့် စကြဝဠာကို ဖန်ဆင်းခဲ့လို့ပဲ။ ဘုရားသာ အလိုရှိရင် ကောင်းကင်နဲ့ မြေကြီးကို မတည်ရှိတော့အောင် ‘ဝတ်ရုံကို လိပ်သလို’ လိပ်လိုက်နိုင်တယ်။ ဒါပေမဲ့ ဘုရားရဲ့သားတော်ကတော့ ထာဝစဉ်တည်မယ်လို့ ပေါလု ပြောနေတာဖြစ်တယ်။—ဟီ ၁:၁၊ ၂၊ ၈၊ ၁၀-၁၂။ ၁ပ ၂:၃ နဲ့ နှိုင်းယှဉ်ပါ။
ကျမ်းစာဖတ်ရှုခြင်း
(ဟီဘရူး ၁:၁-၁၄) ဟိုးအရင်တုန်းက ဘုရားသခင်က ပရောဖက်တွေကတစ်ဆင့် ဘိုးဘေးတွေကို အကြိမ်များစွာ၊ နည်းလမ်းများစွာနဲ့ ပြောခဲ့တယ်။ ၂ အခုလို ဆုံးခန်းချိန်မှာတော့ အရာအားလုံးရဲ့ အမွေခံအဖြစ် ခန့်အပ်ထားတဲ့ သားတော်ကတစ်ဆင့် ကျွန်တော်တို့ကို ပြောနေတယ်။ အဲဒီသားတော်အားဖြင့် လောကစနစ်တွေကို တည်စေခဲ့တယ်။ ၃ သားတော်ဟာ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ရောင်ပြန်ဟပ်သူ၊ ဘုရားသခင်နဲ့ တထေရာတည်း တူတဲ့သူ ဖြစ်တယ်။ တန်ခိုးနဲ့ ပြည့်စုံတဲ့ အမိန့်တွေအားဖြင့် အရာခပ်သိမ်းကို တည်ရှိစေတယ်။ ကျွန်တော်တို့ရဲ့ အပြစ်တွေကို သန့်စင်ပေးပြီးနောက် ကောင်းကင်မှာ ရှိတဲ့ ဘုန်းတန်ခိုးကြီးတဲ့အရှင်ရဲ့ ညာဘက်မှာ ထိုင်တယ်။ ၄ သူဟာ ကောင်းကင်တမန်တွေထက် သာလွန်တဲ့ ဘွဲ့နာမည်ကို ရရှိတဲ့အတွက် ကောင်းကင်တမန်တွေထက် ကြီးမြတ်တယ်။ ၅ ဥပမာ၊ ဘုရားသခင်က “မင်းဟာ ငါ့သားပဲ။ ဒီနေ့ ငါဟာ မင်းရဲ့ဖခင် ဖြစ်လာပြီ၊” “ငါဟာ သူ့ရဲ့ ဖခင် ဖြစ်လာမယ်။ သူဟာ ငါ့သား ဖြစ်လာမယ်” လို့ ဘယ်ကောင်းကင်တမန်ကိုမှ မပြောခဲ့ဖူးဘူး။ ၆ ဒါပေမဲ့ မိမိရဲ့ သားဦးကို ကမ္ဘာပေါ် နောက်တစ်ကြိမ် စေလွှတ်တဲ့အခါ “ဘုရားသခင်ရဲ့ ကောင်းကင်တမန်အပေါင်းတို့၊ သူ့ကို ဦးညွှတ်ကြ” လို့ပြောခဲ့တယ်။ ၇ အဲဒီအပြင် ဘုရားသခင်က ကောင်းကင်တမန်တွေနဲ့ ပတ်သက်ပြီး “ကောင်းကင်တမန်တွေကို တန်ခိုးကြီးတဲ့ စွမ်းအား ဖြစ်စေတယ်၊ အမှုထမ်းတွေကို လောင်နေတဲ့မီးလျှံ ဖြစ်စေတယ်” လို့ပြောတယ်။ ၈ သားတော်နဲ့ပတ်သက်ပြီး ပြောတဲ့အခါမှာတော့ “ဘုရားသခင်ဟာ အစဉ်ထာဝရ မင်းကြီးရဲ့ ရာဇပလ္လင်ပဲ။ နိုင်ငံတော်ရဲ့ ရာဇလှံတံဟာ တရားမျှတခြင်းလှံတံပဲ။ ၉ မင်းကြီးက ဖြောင့်မတ်မှုကို ချစ်မြတ်နိုးတယ်၊ တရားမဲ့မှုကို မုန်းတယ်။ ဒါကြောင့် ဘုရားသခင်က မင်းကြီးကို အပေါင်းအဖော်တွေထက် ပိုချီးမြှောက်ပြီး အားရရွှင်လန်းခြင်းဆီနဲ့ ဘိသိက်ပေးတယ်” လို့ပြောတယ်။ ၁၀ အဲဒီအပြင် “သခင်၊ ကမ္ဘာမြေရဲ့ အုတ်မြစ်တွေကို ဟိုးအရင်ကတည်းက သခင် ချခဲ့တာပါ။ ကောင်းကင်ဟာ သခင့်ရဲ့ လက်ရာပါ။ ၁၁ ဒါတွေ ပျက်စီးသွားရင်တောင် သခင်ကတော့ တည်မြဲနေမှာပါ။ ဒါတွေဟာ အဝတ်လို ဟောင်းနွမ်းသွားလိမ့်မယ်။ ၁၂ ဝတ်ရုံကို လိပ်လိုက်သလို အဲဒါတွေကို သခင် လိပ်လိုက်တဲ့အခါ အဲဒါတွေ ပြောင်းလဲသွားတယ်။ သခင်ကတော့ အရင်အတိုင်းပဲ၊ မပြောင်းလဲဘူး။ သခင့်ရဲ့ သက်တမ်းဟာ ဘယ်တော့မှ မကုန်ဆုံးဘူး” လို့လည်း ပြောထားတယ်။ ၁၃ “ရန်သူတွေကို မင်းရဲ့ ခြေအောက်မှာ မချခင်အထိ ငါ့ညာဘက်မှာ ထိုင်နေပါ” လို့ ဘယ်ကောင်းကင်တမန်ကို ဘုရား ပြောဖူးလို့လဲ။ ၁၄ အဲဒီကောင်းကင်တမန်တွေဟာ ဘုရားသခင်အတွက် အမှုဆောင်တဲ့ ဝိညာဉ်ပုဂ္ဂိုလ်တွေပဲ မဟုတ်လား။ ကယ်တင်ခြင်းရမယ့်သူတွေကို ကူညီဖို့ စေလွှတ်ခံရသူတွေပဲ မဟုတ်လား။
ဩဂုတ် ၂၆–စက်တင်ဘာ ၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဟီဘရူး ၄-၆
“ဘုရားသခင်နဲ့အတူ အနားယူခွင့်ရအောင် အစွမ်းကုန် ကြိုးစားပါ”
(ဟီဘရူး ၄:၁) ဒါကြောင့် ဘုရားသခင်နဲ့အတူ အနားယူခွင့် ရှိတယ်ဆိုတဲ့ ကတိဟာ အကျိုးသက်ရောက်မှု ရှိသေးလို့ အဲဒီကတိနဲ့ မထိုက်တန်တဲ့သူတွေ မဖြစ်သွားရအောင် သတိထားကြစို့။
(ဟီဘရူး ၄:၄) သတ္တမနေ့နဲ့ပတ်သက်ပြီး ကျမ်းတစ်ချက်မှာ “ဘုရားသခင်ဟာ သတ္တမနေ့မှာ အလုပ်အားလုံးကနေ အနားယူတယ်” လို့ဆိုထားတယ်။
ဘုရားသခင်၏ အနားယူရာနေ့ဆိုတာ ဘာလဲ
၃ အဲဒီသတ္တမနေ့က ယေရှုနဲ့ ပထမရာစု ခရစ်ယာန်ခေတ်အထိ ဆက်ရှိနေဆဲ ဖြစ်တယ်လို့ ကောက်ချက် ချနိုင်တဲ့ အကြောင်းရင်းနှစ်ခု ရှိတယ်။ ပထမ အကြောင်းရင်းကို ဆန့်ကျင်သူတွေကို ယေရှု ပြန်ဖြေတဲ့ စကားမှာ တွေ့ရတယ်။ သတ္တမနေ့မှာ အလုပ် မလုပ်ရဘူးလို့ ဆန့်ကျင်သူတွေက လက်ခံထားတဲ့အတွက် အဲဒီနေ့မှာ ယေရှု ရောဂါကုပေးတာကို မြင်တဲ့အခါ သူတို့ ပြစ်တင်ဝေဖန်ကြတယ်။ ယေရှု ဒီလိုပြန်ဖြေတယ်– “ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူ၏။ ထို့ကြောင့် ငါသည်လည်း အလုပ်လုပ်၏။” (ယော. ၅:၁၆၊ ၁၇) ကိုယ်တော် ဘာကို ဆိုလိုတာလဲ။ ဆိုလိုရင်းက ‘ငါနဲ့ ငါ့ခမည်းတော်က အလုပ်တစ်မျိုးတည်းကိုပဲ လုပ်တယ်။ ခမည်းတော်က နှစ်ထောင်ချီ ကြာတဲ့ အနားယူရာ သတ္တမနေ့မှာ အလုပ်လုပ်နေဆဲ ဖြစ်လို့ ငါလည်း အနားယူရာ သတ္တမနေ့မှာ အလုပ်လုပ်လို့ ရတယ်။’ ယေရှုရဲ့ စကားတွေက မြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့် အနားယူရာ သတ္တမနေ့က ကိုယ်တော် အသက်ရှင်တဲ့အချိန်အထိ မကုန်ဆုံးသေးဘူးဆိုတာ ဖော်ပြတယ်။
၄ ဒုတိယ အကြောင်းရင်းကို တမန်တော်ပေါလုရဲ့ စာမှာ တွေ့နိုင်တယ်။ ပေါလုက ဘုရားသခင် အနားယူရာနေ့အကြောင်း ပါတဲ့ ကမ္ဘာဦး ၂:၂ ကို မကိုးကားခင် “ယုံကြည်ကြောင်း တင်ပြသော ငါတို့မူကား အနားယူရာထဲသို့ ဝင်ကြရ၏” လို့ရေးခဲ့တယ်။ (ဟေဗြဲ ၄:၃၊ ၄၊ ၆၊ ၉) ဒါကြောင့် သတ္တမနေ့က ပေါလုအချိန်အထိ ဆက်ရှိနေသေးတယ်။ ဒီအနားယူရာနေ့က ဘယ်အထိ ဆက်သွားမလဲ။
၅ ဒီမေးခွန်း အဖြေရဖို့ သတ္တမနေ့ရဲ့ ရည်ရွယ်ချက်ကို သတိရဖို့ လိုတယ်။ ကမ္ဘာဦး ၂:၃ က ဒီလိုပြောတယ်– “ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။” ယေဟောဝါ ဒီနေ့ကို သန့်ရှင်းစေတဲ့ အကြောင်းကတော့ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ကိုယ်တော့် ရည်ရွယ်ချက် ပြည့်စုံစေဖို့ ဖြစ်တယ်။ နာခံမှုရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေ ကမ္ဘာမြေကြီးပေါ်မှာ အသက်ရှင်ပြီး ကမ္ဘာမြေကြီးနဲ့ မြေကြီးပေါ်မှာ ရှိတဲ့အရာတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ဖြစ်တယ်။ (က. ၁:၂၈) ဒီရည်ရွယ်ချက်ကြောင့် ယေဟောဝါဘုရားသခင်နဲ့ အနားယူရာ သတ္တမနေ့ရဲ့ သခင် ယေရှုခရစ်က “ယခုတိုင်အောင် အလုပ်လုပ်” နေရခြင်း ဖြစ်တယ်။ (မ. ၁၂:၈) ဒါကြောင့် ဘုရားသခင့် အနားယူရာနေ့က ကိုယ်တော့် ရည်ရွယ်ချက် ပြည့်စုံတဲ့ ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အဆုံးအထိ ဆက်ရှိနေမယ်။
(ဟီဘရူး ၄:၆) သတင်းကောင်းကို ဦးစွာ ကြားခဲ့ရသူတွေဟာ နာခံမှု မရှိလို့ ဘုရားသခင်နဲ့အတူ အနားယူခွင့် မရခဲ့ဘူး။ ဒါပေမဲ့ လူတချို့အတွက် ဘုရားသခင်နဲ့အတူ အနားယူခွင့်ရဖို့ ဖြစ်နိုင်သေးတယ်။
ဘုရားသခင်၏ အနားယူရာနေ့ဆိုတာ ဘာလဲ
၆ ဘုရားသခင်က မိမိရဲ့ ရည်ရွယ်ချက်အကြောင်း အာဒံနဲ့ ဧဝကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပေမဲ့ သူတို့က ဒီရည်ရွယ်ချက်နဲ့အညီ မလုပ်ဆောင်ခဲ့ကြဘူး။ အာဒံနဲ့ ဧဝက မနာခံတဲ့ လမ်းစဉ်ကို လိုက်လျှောက်ခဲ့တဲ့ ဦးဆုံး လူသားမောင်နှံ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ သန်းနဲ့ချီတဲ့သူတွေလည်း အဲဒီလမ်းစဉ်ကို လိုက်ခဲ့ကြတယ်။ ဘုရားသခင် ရွေးချယ်ခဲ့တဲ့ အစ္စရေးလူမျိုးကတောင် မနာခံမှုလမ်းစဉ်ကို လိုက်ခဲ့ကြတယ်။ ပထမရာစု ခရစ်ယာန်အချို့လည်း သူတို့လို မနာခံသူတွေ ဖြစ်သွားနိုင်လို့ ပေါလု သတိပေးခဲ့တယ်။ သူဒီလိုရေးခဲ့တယ်– “ထိုအနားယူရာထဲသို့ ဝင်ရန် အစွမ်းကုန် ကြိုးစားကြစို့။ နာခံမှု ကင်းမဲ့သူများနည်းတူ ဖြစ်သွားမည်ကို စိုးရိမ်စရာ ရှိသောကြောင့် ဖြစ်၏။” (ဟေဗြဲ ၄:၁၁) မနာခံတဲ့သူတွေက ဘုရားသခင့် အနားယူရာထဲ မဝင်နိုင်ဘူးလို့ ပေါလု ပြောခဲ့တာကို သတိပြုပါ။ ဒါက ကျွန်ုပ်တို့အတွက် ဘာအဓိပ္ပာယ် ရှိသလဲ။ ကျွန်ုပ်တို့က ဘုရားသခင့် ရည်ရွယ်ချက်ကို တစ်နည်းနည်းနဲ့ ဆန့်ကျင်တယ်ဆိုရင် ဘုရားသခင့် အနားယူရာထဲ မဝင်ရဘူးဆိုတဲ့ အဓိပ္ပာယ်လား။ ဒီမေးခွန်းရဲ့ အဖြေကို သိဖို့ အရမ်း အရေးကြီးတဲ့အတွက် ဒီအကြောင်းကို ထပ်ဆင့်သုံးသပ်ကြပါမယ်။ ဒါပေမဲ့ ဦးဆုံး အစ္စရေးလူမျိုးရဲ့ နမူနာဆိုးနဲ့ သူတို့ဘာကြောင့် ဘုရားသခင့် အနားယူရာထဲ မဝင်ရသလဲဆိုတာ သုံးသပ်ကြမယ်။
(ဟီဘရူး ၄:၉-၁၁) ဒါကြောင့် ဥပုသ်နေ့မှာ အနားယူသလိုမျိုး ဘုရားသခင်ရဲ့ လူမျိုးအတွက် အနားယူရမယ့်နေ့ ရှိသေးတယ်။ ဘုရားသခင်က မိမိရဲ့ အလုပ်တွေကနေ အနားယူတယ်၊ အဲဒီလိုပဲ ဘုရားသခင်နဲ့အတူ အနားယူတဲ့သူကလည်း မိမိရဲ့ အလုပ်တွေကနေ အနားယူတယ်။ ဒါကြောင့် အဲဒီလို အနားယူခွင့်ရဖို့ အစွမ်းကုန် ကြိုးစားကြစို့။ မကြိုးစားရင် နာခံမှု မရှိသူတွေရဲ့ လမ်းစဉ်ကို လိုက်မိလိမ့်မယ်။
ဘုရားသခင်၏ အနားယူရာနေ့ဆိုတာ ဘာလဲ
၁၆ ယနေ့အချိန်မှာ မောရှေပညတ်ကို စောင့်ထိန်းမှ ကယ်တင်ခံရမယ်ဆိုပြီး ကျွန်ုပ်တို့ မယုံကြည်ကြဘူး။ ဧဖက်အသင်းသားတွေဆီ ရေးတဲ့ ပေါလုရဲ့ စကားတွေက ရှင်းပါတယ်– ‘ထိုမဟာကြင်နာမှုကြောင့် သင်တို့သည် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြလေပြီ။ ထိုအမှုသည် သင်တို့၏ လုပ်ရပ်ကြောင့် မဟုတ်ဘဲ ဘုရားသခင့် ဆုကျေးဇူးတော်ကြောင့် ဖြစ်၏။’ (ဧ. ၂:၈၊ ၉) ဒါဆိုရင် ဒီနေ့အချိန်မှာ ခရစ်ယာန်တွေ ဘုရားသခင့် အနားယူရာထဲ ဘယ်လို ဝင်နိုင်သလဲ။ ယေဟောဝါက မြေကြီးနဲ့ပတ်သက်တဲ့ မိမိရဲ့ ရည်ရွယ်ချက် ပြည့်စုံဖို့ အနားယူရာနေ့ကို သတ်မှတ်ခဲ့တယ်ဆိုတာ သတိရပါ။ ဒီရည်ရွယ်ချက်နဲ့ ကျွန်ုပ်တို့ လုပ်ဆောင်ရမယ့်အရာတွေကို အဖွဲ့အစည်းကနေတစ်ဆင့် ပြောပြတယ်။ ကျွန်ုပ်တို့က ကိုယ်တော့်ကို နာခံပြီး အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ယေဟောဝါရဲ့ အနားယူရာထဲ ဝင်နိုင်ကြမှာ ဖြစ်တယ်။
၁၇ ကျွန်ုပ်တို့က သစ္စာနဲ့ သတိပညာရှိကျွန်ကို မနာခံဘူးဆိုရင် ဒါမှမဟုတ် အရေးကြီးတယ်လို့ ကိုယ်ထင်တဲ့ အပိုင်းကိုပဲ ရွေးပြီး နာခံတယ်ဆိုရင် ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်ရာရောက်တယ်။ ယေဟောဝါရဲ့ ရည်ရွယ်ချက်ကို ဆန့်ကျင်တယ်ဆိုရင် ကိုယ်တော့်မိတ်ဆွေ မဖြစ်နိုင်ဘူး။ နောက်ဆောင်းပါးမှာ နာခံမှု ရှိကြောင်း တင်ပြနိုင်တဲ့ အခြေအနေတချို့ကို ဆွေးနွေးမှာ ဖြစ်တယ်။ အဲဒီအခြေအနေတွေနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့ ဆုံးဖြတ်ချက်က ဘုရားသခင့် အနားယူရာထဲ ဝင်နေ၊ မဝင်နေဆိုတာ ဖော်ပြပါလိမ့်မယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဟီဘရူး ၄:၁၂) ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ ရှင်သန်နေတယ်၊ အစွမ်းထက်တယ်၊ အသွားနှစ်ဖက် ရှိတဲ့ ဓားမှန်သမျှထက် ပိုထက်တယ်၊ လူ့အပြင်ပန်းနဲ့ အတွင်းသဘောကို သာမက အရိုးအဆစ်နဲ့ ခြင်ဆီကိုပါ ခွဲခြားပြီး ထွင်းဖောက်နိုင်တယ်။ စိတ်နှလုံးထဲက အတွေးတွေ၊ အကြံအစည်တွေကိုလည်း ပိုင်းခြားသိမြင်နိုင်တယ်။
စာရှုသူများထံမှ မေးခွန်းလွှာ
ဟေဗြဲ ၄:၁၂ မှာ “အသက်ရှင်၍ တန်ခိုးရှိ၏” လို့ဆိုထားတဲ့ “ဘုရားသခင်၏ တရားစကားတော်” က ဘာလဲ။
▪ ကျမ်းစာမှာပါတဲ့ ဘုရားသခင့် ရည်ရွယ်ချက် သတင်းတရားကို တမန်တော်ပေါလု ရည်ညွှန်းမှန်း ရှေ့နောက်စကားက ဖော်ပြတယ်။
ကျမ်းစာဟာ ဘဝကို ပြောင်းလဲပေးနိုင်တဲ့ အစွမ်းတန်ခိုး ရှိကြောင်း ဖော်ပြတဲ့ ကျမ်းစာအခြေပြုစာပေတွေမှာ ဟေဗြဲ ၄:၁၂ ကို ရည်ညွှန်းကိုးကားလေ့ရှိတာ သင့်တော်လှပါတယ်။ ဟေဗြဲ ၄:၁၂ ကို ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ရင် အထောက်အကူ ပြုပါတယ်။ ဒီမှာ ဘုရားသခင့် ရည်ရွယ်ချက်တွေနဲ့အညီ ပူးပေါင်းလုပ်ဆောင်ဖို့ ဟီဘရူးခရစ်ယာန်တွေကို ပေါလု အားပေးတိုက်တွန်းနေတာ ဖြစ်တယ်။ အဲဒီရည်ရွယ်ချက်တွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။ အီဂျစ်ပြည်ကနေ ကယ်တင်ခံခဲ့ရတဲ့ အစ္စရေးတွေကို နမူနာအဖြစ် ပေါလု အသုံးပြုခဲ့တယ်။ သူတို့ဟာ အမှန်တကယ် အနားယူခွင့်ရမယ့် ကတိထားရာပြည်၊ ‘နို့နဲ့ ပျားရည်စီးရာပြည်’ ထဲ ဝင်ခွင့်ရမယ့် အလားအလာ ရှိထားကြတယ်။—ထွ. ၃:၈။ တရား. ၁၂:၉၊ ၁၀။
အဲဒါက ဘုရားသခင့် ရည်ရွယ်ချက်ပါပဲ။ နောက်ပိုင်းမှာ အစ္စရေးတွေဟာ စိတ်နှလုံး ခိုင်မာလာကြပြီး ယုံကြည်ခြင်း ကင်းမဲ့လာကြတယ်။ ဒါကြောင့် အများစုဟာ အနားယူရာထဲ မဝင်ခဲ့ကြရဘူး။ (တော. ၁၄:၃၀။ ယောရှု ၁၄:၆-၁၀) ဒါပေမဲ့ ပေါလုက “[ဘုရားသခင်] ၏ အနားယူရာထဲသို့ ဝင်ခြင်းနှင့် ဆိုင်သော ကတိတော် ရှိသေး” တယ်လို့ ထပ်ပြောခဲ့တယ်။ (ဟေဗြဲ ၃:၁၆-၁၉။ ၄:၁) “ကတိတော်” ဆိုတာ ဘုရားသခင့် ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်း ဖြစ်မှန်း ထင်ရှားပါတယ်။ ဟီဘရူးခရစ်ယာန်တွေလိုပဲ ကျွန်တော်တို့လည်း အဲဒီရည်ရွယ်ချက်ကို ဖတ်ရှုပြီး အဲဒါနဲ့အညီ ပူးပေါင်းလုပ်ဆောင်နိုင်တယ်။ ဒီကတိတော်ဟာ ကျမ်းစာအပေါ် အခြေခံထားမှန်း အလေးပေးဖို့ ကမ္ဘာဦး ၂:၂ နဲ့ ဆာလံ ၉၅:၁၁ တို့ကို ပေါလု တစ်စိတ်တစ်ပိုင်း ကိုးကားပြခဲ့တယ်။
“[ဘုရားသခင်] ၏ အနားယူရာထဲသို့ ဝင်ခြင်းနှင့် ဆိုင်သော ကတိတော် ရှိသေး” တယ်ဆိုတဲ့အချက်က ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ထိမိစေသင့်ပါတယ်။ ကျမ်းစာအပေါ် အခြေခံထားတဲ့ ဘုရားသခင့် အနားယူရာထဲ ဝင်ရမယ်ဆိုတဲ့ အလားအလာဟာ တကယ် ဖြစ်နိုင်မှန်း ကျွန်တော်တို့ ယုံကြည်ကြတယ်၊ ဝင်ဖို့လည်း ခြေလှမ်းစနေကြပါပြီ။ မောရှေပညတ်ကို လိုက်လျှောက်ဖို့၊ တခြားလုပ်ရပ်တွေနဲ့ ဘုရားသခင့် မျက်နှာသာရဖို့ ကြိုးစားခြင်းအားဖြင့် ခြေလှမ်းစခဲ့ကြတာ မဟုတ်ဘူး။ ဘုရားသခင် ဖော်ပြထားတဲ့ ရည်ရွယ်ချက်တွေနဲ့အညီ ယုံကြည်ခြင်းကြောင့် ဝမ်းသာအားရ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသလို ဆက်ပြီး ပူးပေါင်းလုပ်ဆောင်နေကြတယ်။ ဒီ့အပြင် အထက်မှာ ဖော်ပြခဲ့သလိုပဲ ကမ္ဘာတစ်ဝန်းက လူထောင်ပေါင်းများစွာဟာ ကျမ်းစာကို စတင်လေ့လာပြီး ဘုရားသခင့် ရည်ရွယ်ချက်တွေကို သိရှိလာကြတယ်။ ဘဝပုံစံကို ပြောင်းလဲခဲ့ကြတယ်၊ ယုံကြည်ခြင်း တင်ပြခဲ့ကြတယ်၊ နှစ်ခြင်းခံပြီးတဲ့ ခရစ်ယာန်တွေ ဖြစ်လာကြတယ်။ သူတို့တစ်တွေ ပြုပြင်ပြောင်းလဲလာတာက “ဘုရားသခင်၏ တရားစကားတော်သည် အသက်ရှင်၍ တန်ခိုးရှိ” ကြောင်း ထင်ရှားတဲ့ သက်သေပါပဲ။ ကျမ်းစာမှာ ဖော်ပြထားသလိုပဲ ဘုရားသခင့် ရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ ဘဝအပေါ် အကျိုးသက်ရောက်ခဲ့ပါပြီ။ ဆက်ပြီးတော့လည်း အစွမ်းတန်ခိုး ရှိနေဦးမှာပါပဲ။
(ဟီဘရူး ၆:၁၇၊ ၁၈) အလားတူ၊ ဘုရားသခင်က ကတိတော် အမွေခံရမယ့်သူတွေကို မိမိရဲ့ ရည်ရွယ်ချက် မပြောင်းလဲနိုင်တဲ့အကြောင်း ပိုရှင်းရှင်းလင်းလင်း ဖော်ပြဖို့ ဆုံးဖြတ်လိုက်တဲ့အခါ အဲဒီလိုကျိန်ဆိုပြီး အာမခံခဲ့တယ်။ ၁၈ အဲဒီကတိတော်နဲ့ ကျိန်ဆိုချက်ဟာ မပြောင်းလဲနိုင်တဲ့အရာပဲ။ အဲဒီနှစ်ခုနဲ့ ပတ်သက်လာရင် ဘုရားသခင်ဘက်က မုသားပြောဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဘုရားသခင်ကို ခိုလှုံတဲ့ ကျွန်တော်တို့ဟာ စိတ်အားတက်လာပြီး ရှေ့မှာရှိတဲ့ မျှော်လင့်ချက်ကို မြဲမြဲဆုပ်ကိုင်ထားနိုင်ကြတယ်။
it-1 ၁၁၃၉ ပိုဒ်. ၂
မျှော်လင့်ချက်
“ကောင်းကင်အသက်တာအတွက် ခေါ်တော်မူခြင်းခံရတဲ့” (ဟီ ၃:၁) သူတွေ ထာဝရအသက်နဲ့ မပုပ်ပျက်နိုင်တဲ့အဖြစ်ကို ရရှိမယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ အကြောင်းရင်း ခိုင်လုံပြီး ယုံကြည်စိတ်ချနိုင်တယ်။ ဒီမျှော်လင့်ချက်အတွက် ဘုရားရဲ့ ကတိတော်နဲ့ ကျိန်ဆိုချက်ဟာ အာမခံချက်ပဲ။ ဒီနှစ်ခုနဲ့ ပတ်သက်လာရင် ဘုရားသခင်ဘက်က မုသားပြောဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါ့အပြင် အခု ကောင်းကင်မှာ မသေနိုင်တဲ့အဖြစ်ကို ရရှိထားပြီဖြစ်တဲ့ ခရစ်တော်ကြောင့် အဲဒီလိုမျှော်လင့်နိုင်တာ ဖြစ်တယ်။ ဒါကြောင့် ဒီမျှော်လင့်ချက်ဟာ “ကျွန်တော်တို့အတွက် ကျောက်ဆူးလို ခိုင်ခံ့မြဲမြံနေတယ်။ [အပြစ်ဖြေရာနေ့မှာ ပုရောဟိတ်မင်းက အသန့်ရှင်းဆုံးအခန်းထဲ ဝင်ရောက်သလို] အဲဒီမျှော်လင့်ချက်ကြောင့် ကန့်လန့်ကာအတွင်းထဲ ကျွန်တော်တို့ ဝင်ရောက်နိုင်ကြတယ်။ မေလခိဇေဒက်လို ထာဝရပုရောဟိတ်မင်း ဖြစ်လာတဲ့ ယေရှုက အဲဒီကန့်လန့်ကာထဲ ရှေ့ဆုံးကနေ ဝင်သွားပြီး ကျွန်တော်တို့အတွက် လမ်းဖွင့်ပေးခဲ့တယ်။”—ဟီ ၆:၁၇-၂၀။
ကျမ်းစာဖတ်ရှုခြင်း
(ဟီဘရူး ၅:၁-၁၄) လူတွေကိုယ်စား ဘုရားသခင်အတွက် အမှုဆောင်ဖို့ လူတွေထဲက ရွေးချယ်ခန့်အပ်ခံရတဲ့ ပုရောဟိတ်မင်းက အလှူတွေ၊ ပူဇော်သက္ကာတွေ ဆက်သပြီး အပြစ်ဖြေပေးရတယ်။ ၂ မသိနားမလည်ဘဲ အမှားလုပ်မိသူတွေကို သနားစာနာစိတ်နဲ့ သူဆက်ဆံပေးနိုင်တယ်။ သူကိုယ်တိုင်က အားနည်းချက် ရှိနေတာကိုး။ ၃ ဒါကြောင့် သူက အပြစ်ဖြေရာအလှူကို လူတွေအတွက် ဆက်သရသလို မိမိကိုယ်တိုင်အတွက်လည်း ဆက်သရတယ်။ ၄ လူတစ်ယောက်က ပုရောဟိတ်မင်း တာဝန်ကို ကိုယ့်သဘောနဲ့ကိုယ် ယူလို့ရတာ မဟုတ်ဘူး။ အာရုန်လိုပဲ ဘုရားသခင် ခန့်အပ်မှသာ ပုရောဟိတ်မင်း ဖြစ်နိုင်တာပါ။ ၅ အလားတူ၊ ခရစ်တော်လည်း ပုရောဟိတ်မင်းတာဝန်ကို ကိုယ့်သဘောနဲ့ကိုယ် ယူပြီး မိမိကိုယ်ကို ချီးမြှောက်ခဲ့တာ မဟုတ်ဘူး။ “မင်းဟာ ငါ့သားပဲ။ ဒီနေ့၊ ငါဟာ မင်းရဲ့ဖခင်ဖြစ်လာပြီ” လို့ ပြောခဲ့တဲ့ ဘုရားသခင်က သူ့ကို ချီးမြှောက်ခဲ့တာ။ ၆ “မင်းဟာ မေလခိဇေဒက်လို ပုရောဟိတ်မျိုး ထာဝစဉ် ဖြစ်ရလိမ့်မယ်” လို့လည်း ကျမ်းတစ်ချက်မှာ ဘုရားသခင် ပြောထားတယ်။ ၇ ခရစ်တော်က လူသားတစ်ဦးအဖြစ် ကမ္ဘာမြေပေါ် အသက်ရှင်ခဲ့တုန်းက မိမိကို သေခြင်းကနေ ကယ်တင်ပေးနိုင်တဲ့ အရှင်ဆီ အော်ဟစ်ငိုကြွေးပြီး တိုးလျှိုးအသနားခံခဲ့တယ်။ မျက်ရည်ကျပြီး အသနားခံ ဆုတောင်းခဲ့တယ်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့အတွက် သူဆုတောင်းတာကို ဘုရားသခင် နားထောင်ခဲ့တယ်။ ၈ ဘုရားသခင်ရဲ့သား ဖြစ်ပေမဲ့ ဆင်းရဲဒုက္ခခံခြင်းအားဖြင့် နာခံတတ်ဖို့ သင်ယူခဲ့တယ်။ ၉ သူ အရည်အချင်း လုံးဝပြည့်မီသွားတဲ့နောက် နာခံသူအားလုံးဟာ သူ့အားဖြင့် ထာဝရကယ်တင်ခြင်း ရဖို့ လမ်းပွင့်သွားတယ်။ ၁၀ ဘာလို့လဲဆိုတော့ ဘုရားသခင်က သူ့ကို မေလခိဇေဒက်လို ပုရောဟိတ်မင်း ဖြစ်ဖို့ ခန့်အပ်လိုက်လို့ပဲ။ ၁၁ သူနဲ့ပတ်သက်ပြီး ပြောစရာ အများကြီး ရှိပေမဲ့ ခင်ဗျားတို့မှာ သိချင်တတ်ချင်စိတ် မရှိတော့ ရှင်းပြဖို့ ခက်တယ်။ ၁၂ တကယ်တော့ အခုလောက်ဆို ခင်ဗျားတို့ဟာ ဆရာတွေ ဖြစ်သင့်ပြီ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်နဲ့ ဆိုင်တဲ့ အခြေခံအကြောင်းတွေကို တခြားလူဆီက ပြန်သင်ယူဖို့ လိုနေသေးတယ်။ ခင်ဗျားတို့ဟာ မာတဲ့အစာ မစားဘဲ နို့ကိုသာ သောက်သုံးနေတဲ့ လူနဲ့ တူနေတယ်။ ၁၃ နို့ကို အမြဲ သောက်သုံးတဲ့သူဟာ ကလေးပဲ။ ဒါကြောင့် ဖြောင့်မတ်ခြင်းနဲ့ ဆိုင်တဲ့ တရားစကားကို အကျွမ်းတဝင် မရှိဘူး။ ၁၄ မာတဲ့ အစာကိုတော့ ရင့်ကျက်သူတွေပဲ စားတယ်။ သူတို့ဟာ ပိုင်းခြားသိမြင်နိုင်စွမ်းကို အမြဲ အသုံးပြုပြီး အမှားအမှန် ခွဲခြားသိနိုင်အောင် လေ့ကျင့်ထားတယ်။