ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို မြတ်နိုးတော်မူသောယေဟောဝါ
မိမိ၏မြို့နေ ကလေးများသည် အဘယ်ကြောင့် ဤမျှဆင်းရဲဒုက္ခခံနေရသနည်းဟူ၍ ဆာရာယေဗိုမြို့ရှိ အမျိုးသမီးငယ်တစ်ဦးက မိမိကိုယ်ကိုမေးမြန်းခဲ့သည်။ “ကျွန်မတို့ ဘာမှလည်းလုပ်တာမဟုတ်ဘူး။ ဘာအပြစ်မှလည်း မရှိဘူး” ဟုသူမပြောသည်။ အာဂျင်တီးနားနိုင်ငံမှ ပူပန်သောကရောက်နေသော မိခင်များသည် ရုတ်တရက်ပျောက်ဆုံးသွားခဲ့သော မိမိတို့၏သားများအတွက် ၁၅ နှစ်တိုင်တိုင် ဗြူးနို့အေရီစ်မြို့၏ ပြည်သူ့ရင်ပြင်တစ်ခုသို့သွားပြီး ဆန္ဒပြခဲ့ကြပြီ။ လူမျိုးစုအဓမ္မမှုဖြစ်ပေါ်ခဲ့စဉ်က မိခင်နှင့် အစ်မသုံးဦး ရက်ရက်စက်စက် အသတ်ခံခဲ့ရသော အာဖရိကသား အီမဲနရယ်လ်ဆိုသူက “လူတိုင်း မိမိထိုက်တန်ရာ အကျိုးအပြစ်ကိုခံကြရမည်။ . . . တရားမျှတမှု ရှိစေလိုသည်” ဟုတောင်းဆိုခဲ့၏။
တရားမျှတမှုသည် ယေဟောဝါဘုရားသခင်၏ အဓိကအရည်အချင်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ကိုယ်တော် “စီရင်တော်မူသမျှတို့သည် တရားနှင့်ညီ” သည်ဟု သမ္မာကျမ်းစာကဆိုသည်။ ယေဟောဝါသည် အမှန်တကယ်ပင် “ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ၏။” (တရားဟောရာ ၃၂:၄; ဆာလံ ၃၃:၅) ဘုရားသခင်ကို သိကျွမ်းရန် ကိုယ်တော်၏ တရားမျှတသောစိတ်သဘောတော်ကို သိနားလည်ထားပြီး ထိုနည်းတူစွာကျင့်ကြံတတ်ရန် သင်ယူရမည်။—ဟောရှေ ၂:၁၉၊ ၂၀; ဧဖက် ၅:၁။
တရားမျှတမှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ခံယူချက်သည် ယင်းအရည်အချင်းကို လူအများခံယူထားကြသည့်အတိုင်း ဖြစ်ကောင်းဖြစ်ပေမည်။ ကမ္ဘာ့ဒေသအချို့တွင် တရားမျှတမှုကို ဓားတစ်လက်နှင့် ချိန်ခွင်တစ်ခုကိုကိုင်ထားကာ မျက်စိကိုအဝတ်ဖြင့်ပိတ်စည်းထားသည့် အမျိုးသမီးတစ်ဦးဖြင့် သရုပ်ဖော်လေ့ရှိသည်။ လူ့တရားမျှတခြင်းသည် အဘယ်သူ၏မျက်နှာကိုမျှမထောက်၊ စည်းစိမ်ဥစ္စာ သို့မဟုတ် ဩဇာအာဏာကိုပင် မျက်ကွယ်ပြုသည်ဟု အဆိုရှိသည်။ စွပ်စွဲခံရသူသည် အပြစ်ကင်း၊ မကင်း အသေအချာ ချင့်ချိန်ဝေခွဲပြီး သူ့ကိုတရားစီရင်ဖို့ဖြစ်ပါသည်။ ဓားနှင့် အပြစ်မဲ့သူများကို ကာကွယ်ပေးပြီး ပြစ်မှားသူများကိုကား ဒဏ်စီရင်ရန်ပင်ဖြစ်သည်။
အမှန်တရားနှင့် ဆင်ခြင်တုံဉာဏ်—သီအိုရီနှင့်လက်တွေ့ကျင့်ဝတ်များစာအုပ်က “တရားမျှတခြင်းသည် ဥပဒေ၊ ဝတ္တရား၊ အခွင့်အရေးများ၊ တာဝန်များတို့နှင့် ဆက်စပ်နေကာ ဘက်မလိုက်ခြင်း သို့မဟုတ် ခံသင့်ခံထိုက်သည့် ကောင်းကျိုးဆိုးပြစ်နှင့်အညီ တရားစီရင်ဆုံးဖြတ်၏” ဟုဆိုသည်။ သို့သော် ယေဟောဝါ၏တရားမျှတခြင်းမှာမူ ထိုထက်လွန်၍အဓိပ္ပာယ်ရှိပါသည်။ ယင်းကို ကောင်းကင်ခမည်းတော်ကဲ့သို့ပင် ဖြစ်တော်မူသောယေရှုခရစ်၏ ဆောင်ရွက်ချက်များနှင့် အရည်အချင်းများကို ဆင်ခြင်သုံးသပ်ရာတွင် တွေ့ရှိနိုင်၏။—ဟေဗြဲ ၁:၃။
“အောင်မြင်ရာသို့ တရားတော်ကိုမထုတ်မဆင့်မီ ကျိုးဆဲကျူကို ချိုးဖြတ်ခြင်း၊ အတောက်သေးသောမီးစာကို ငြိမ်းသတ်ခြင်းပြုမည်မဟုတ်” ဟုဆိုသော ခရစ်ဝင်ကျမ်းရေးသူ မဿဲက ဟေရှာယ ၄၂:၃ ပါစကားကို ယေရှုနှင့်ပတ်သက်၍ ပြောဆိုခဲ့သည်။ ယေရှုသည် ကျိုးဆဲဖြစ်ပြီး ခြေဖြင့်အနင်းခံရသောကျူပင်နှင့်တူသူများစွာတို့အား နှစ်သိမ့်မှုပေးသည့်သတင်းကို ကြေညာခဲ့သည်။ ဤလူများသည် သူတို့အသက်တာ၏နောက်ဆုံးမီးရောင်လေး ငြိမ်းလုနီးပါးဖြစ်နေဘိသကဲ့သို့ရှိရာ အတောက်သေးသောမီးခွက်နှင့်တူနေကြသည်။ ယေရှုသည် ပုံဆောင်သဘောအရ ကျိုးဆဲကျူကို ချေမည်အစား၊ သို့မဟုတ် အတောက်သေးသောမီးစာကို ငြိမ်းသတ်မည့်အစား ဒုက္ခရောက်နေသူများကို သနားခြင်းစိတ်ရှိ၍ သူတို့ကို သွန်သင်ဆုံးမပေးရုံမက ရောဂါကုသပေးတော်မူခဲ့သည်။ ယေဟောဝါဘုရားသခင်၏ တရားမျှတခြင်းကိုလည်း သဘောပေါက်နားလည်စေတော်မူခဲ့သည်။ (မဿဲ ၁၂:၁၀-၂၁၊ သမ) ဟေရှာယ ကြိုတင်ပရောဖက်ပြုသည့်အတိုင်းပင် ထိုကဲ့သို့သောတရားမျှတခြင်းအမျိုးအစားသည် မျှော်လင့်ချက်ရှိစေသည်။
ကရုဏာနှင့် ယေဟောဝါ၏တရားမျှတမှု
ကရုဏာသည် ဘုရားသခင်၏တရားမျှတခြင်းတွင် တစ်ပါတည်းပါဝင်သောအရာဖြစ်သည်။ ယင်းသို့ဖြစ်ကြောင်း ယေရှုကမ္ဘာပေါ်ရှိတော်မူစဉ်က ပေါ်လွင်ထင်ရှားခဲ့သည်။ ကိုယ်တော်သည် ဘုရားသခင်၏တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းဆိုင်ရာစံနှုန်းများကို ပြည့်ဝစုံလင်စွာ ကိုယ်စားပြုတော်မူခဲ့သည်။ ဂျူးကျမ်းတတ်များနှင့် ဖာရိရှဲများမူကား တင်းကျပ်သော သူတို့၏ကိုယ်ပိုင်ပညတ်ဥပဒေများကို လိုက်ခြင်းအားဖြင့် ဖြောင့်မတ်ရန်ကြိုးစားခဲ့ကြသည်။ သူတို့၏လှေနံဓားထစ်တရားမျှတခြင်းက ကရုဏာကို ပယ်ရှားလေ့ရှိသည်။ စစ်မှန်သောတရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတရားတို့နှင့်ပတ်သက်၍ ယေရှုနှင့် ဖာရိရှဲများတို့သည် အကြိမ်ကြိမ်အငြင်းပွားခဲ့ပါသည်။—မဿဲ ၉:၁၀-၁၃; မာကု ၃:၁-၅; လုကာ ၇:၃၆-၄၇။
သူတစ်ပါးနှင့် ဖြောင့်မတ်မှန်ကန်စွာ ပြုမူဆက်ဆံရမည့်နည်းလမ်းကို ပုံဥပမာဖြင့် ယေရှုဖော်ပြတော်မူခဲ့သည်။ တစ်ခါသော် ပညတ္တိကျမ်းတတ်တစ်ဦးက ထာဝရအသက်ကို အမွေခံရန် အဘယ်အမှုကိုပြုဖို့လိုသနည်းဟု ယေရှုအား မေးမြန်းခဲ့သည်။ ယေရှုကလည်း သူ့ကိုမေးခွန်းတစ်ခုပြန်မေးရာ သူက အရေးအကြီးဆုံးပညတ်နှစ်ခုမှာ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ စိုးလ်အကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ ခွန်အားရှိသမျှနှင့်ချစ်ခြင်း၊ ထို့နောက် ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ခြင်းဖြစ်သည်ဟု အဖြေပေးခဲ့သောကြောင့် သူ့ကိုချီးကျူးတော်မူခဲ့သည်။ ၎င်းနောက် ထိုသူက “အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင်သောသူဖြစ်ပါသနည်း” ဟုမေးသည်။ ယေရှုက ကိုယ်နှင့်စပ်ဆိုင်သူကို ခင်မင်မှုပြသောရှမာရိတစ်ဦး၏ ပုံဥပမာကိုပြောပြ၍ ဖြေဆိုတော်မူခဲ့သည်။—လုကာ ၁၀:၂၅-၃၇။
ယေဟောဝါ၏ ဖြောင့်မတ်ခြင်းနှင့် ကရုဏာပါသောတရားမျှတခြင်းတို့ကို ယေရှု၏ ရှမာရိလူပုံဥပမာက ကောင်းစွာဖော်ပြပါသည်။ မိမိမသိကျွမ်းသော ဒဏ်ရာရသူတစ်ဦးကို ကိုယ်ကျိုးမရှာဘဲ ကူညီပေးခြင်းအားဖြင့် ထိုရှမာရိလူသည် ရိုးဖြောင့်မှန်ကန်စွာ၊ ကရုဏာရှိရှိပြုမူခဲ့သည်။ ယေရှုကိုယ်တော်တိုင်လည်း ကမ္ဘာမြေကြီးပေါ်တွင်ရှိစဉ်က ထပ်တူစိတ်ဓာတ်မျိုးကို တင်ပြတော်မူခဲ့သည်။ ကိုယ်တော်သည် ဖြောင့်မတ်ရုံမက တရားသဖြင့်ပြုတော်မူ၏။ ထို့ထက်မက ဒုက္ခဝေဒနာ၊ ဖျားနာခြင်းနှင့် သေခြင်းကိုရင်ဆိုင်နေကြရသော ဆင်းရဲနွမ်းပါးသူများ၊ မစုံလင်သောအပြစ်သားများအတွက် ကိုယ်တော်အသေခံတော်မူခဲ့သည်။ တမန်တော်ပေါလုက ဖြောင့်မတ်ခြင်းနှင့် ရွေးနုတ်ဖိုးအစီအစဉ်သည် ဆက်နွှယ်နေကြောင်း ဖော်ပြသည်။ သူက “သို့ဖြစ်၍ လွန်ကျူးမှုတစ်ခုကြောင့် လူအပေါင်းတို့သည်အပြစ်စီရင်ခြင်းနှင့်တွေ့ကြုံရကြသည်နည်းတူ၊ ဖြောင့်မတ်မှုတစ်ခု [အောက်ခြေမှတ်ချက်] ကြောင့် လူအပေါင်းတို့သည် အသက်နှင့်ယှဉ်သောဖြောင့်မတ်ရာသို့ရောက်ခြင်းအခွင့်ကိုရကြ၏” ဟုရေးသားခဲ့သည်။ (ရောမ ၅:၁၈၊ ကဘ) ဤ “ဖြောင့်မတ်မှုတစ်ခု” သည် မိမိတို့ကိုယ်တိုင်ပြုသောအပြစ်များကြောင့်မဟုတ်ဘဲ အာဒံပြုခဲ့သောအပြစ်ကြောင့် ဆိုးကျိုးများကိုခံနေရသော နာခံမှုရှိလူသားတို့ကို ဘုရားသခင်ကယ်တင်တော်မူမည့် နည်းလမ်းတော်ဖြစ်ပါသည်။
ဘုရားသခင်၏ တရားမျှတခြင်းက အပြစ်သားများကိုရွေးနုတ်ပြီး တစ်ကြိမ်တည်းတွင် ဖြောင့်မတ်သောမူများကို ထောက်ခံရန် လှုံ့ဆော်ပေးပါသည်။ အပြစ်ကို ဥပေက္ခာပြုတော်မူမည်ဆိုလျှင် မတရားသဖြင့်ပြုရာကျမည်သာမက မေတ္တာရှိရာရောက်မည်လည်းမဟုတ်ပါ။ အကြောင်းမှာ သို့ပြုခြင်းသည် ဥပဒေကင်းမဲ့မှုကို အားပေးရာရောက်မည်ဖြစ်သောကြောင့်တည်း။ တစ်ဖက်တွင် ဘုရားသခင်၏ တရားမျှတခြင်းသည် အကျိုးအပြစ်ပေးခြင်းအတွက်မျှသာဖြစ်ပါက လူသားလောက၏အခြေအနေသည် မျှော်လင့်ခြင်းကင်းမဲ့နေမည်ဖြစ်သည်။ သမ္မာကျမ်းစာအရ “အပြစ်တရား၏အခကား သေခြင်းပေတည်း၊” “ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျှမရှိ။” (ရောမ ၃:၁၀; ၆:၂၃) ကိုယ်တော်တိုင်နှင့် ချစ်မြတ်နိုးတော်မူသောသားတော်တို့၏ အကြီးအကျယ်အနစ်နာခံမှုဖြင့် ယေဟောဝါသည် အပြစ်ဖြေစရာ ယဇ်ပူဇော်သကာကို ပေးသနားတော်မူခဲ့ပါသည်။—၁ ယောဟန် ၂:၁၊ ၂။
ဘုရားသခင်၏တရားမျှတခြင်းသည် မူအပေါ်အခြေခံသည့် ချစ်ခြင်း (ဂရိ၊ အဂါးပေး) နှင့် ယှက်နွှယ်
နေကြောင်း ရွေးနုတ်ဖိုးက တင်ပြသည်။ အမှန်မှာ၊ ဘုရားသခင်၏တရားမျှတမှုသည် ဖြောင့်မတ်သောမူများ၏ လှုပ်ရှားဆောင်ရွက်မှုပင်ဖြစ်သည်။ ကျင့်ဝတ်နှင့်ပတ်သက်၍ ကိုယ်တော်၏ရပ်တည်မှုကို ရောင်ပြန်ဟပ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကိုယ်တော်တိုင် တင်ပြသည့်အခါ အဂါးပေးသည် ဘုရားသခင့်တရားမျှတခြင်းကိုအခြေခံသည့် ချစ်ခြင်းမေတ္တာပင်ဖြစ်ပေသည်။ (မဿဲ ၅:၄၃-၄၈) သို့ဖြစ်၍ ယေဟောဝါ၏ တရားမျှတခြင်းကို ကျွန်ုပ်တို့တကယ်သဘောပေါက်မည်ဆိုလျှင် ကိုယ်တော်၏ တရားစီရင်ချက်များကို လုံးလုံးလျားလျား ယုံကြည်စိတ်ချပါလိမ့်မည်။ “မြေကြီးလုံးကို စီရင်တော်မူသောသခင်” အနေဖြင့် ကိုယ်တော်သည် မှန်ကန်ရာကို အစဉ်အမြဲပြုလုပ်တော်မူ၏။—ကမ္ဘာဦး ၁၈:၂၅; ဆာလံ ၁၁၉:၇၅။
ယေဟောဝါ၏တရားမျှတမှုကို အတုယူလော့
“ဘုရားသခင်ကျင့်တော်မူသည်နည်းတူကျင့်ကြ” ရန် သမ္မာကျမ်းစာက တိုက်တွန်းထားသည်။ (ဧဖက် ၅:၁) ယင်းကား ကိုယ်တော်၏တရားမျှတမှုနှင့် ကိုယ်တော်၏ချစ်ခြင်းမေတ္တာကိုပါ အတုယူခြင်းကို ဆိုလိုသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် မစုံလင်သူများဖြစ်ရကား ကျွန်ုပ်တို့၏အကျင့်များသည် ယေဟောဝါဘုရားသခင်၏အကျင့်တမျှ မြင့်မြတ်မည်မဟုတ်ပေ။ (ဟေရှာယ ၅၅:၈၊ ၉; ယေဇကျေလ ၁၈:၂၅) ထို့ကြောင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို မြတ်နိုးကြောင်း မည်သို့ဖော်ပြနိုင်မည်နည်း။ “စစ်မှန်သောဖြောင့်မတ်ခြင်းနှင့် သစ္စာစောင့်သိခြင်းအားဖြင့် ဘုရားသခင်၏အလိုတော်နှင့်အညီဖန်ဆင်းသော လူသစ်ကိုယူတင်ဝတ်ဆောင်” ခြင်းအားဖြင့်ဖြစ်သည်။ (ဧဖက် ၄:၂၄၊ ကဘ) ထိုအခါ ကျွန်ုပ်တို့သည် ဘုရားသခင်ချစ်မြတ်နိုးရာများကို မြတ်နိုးပြီး ကိုယ်တော် ရွံမုန်းသောအရာများကို ရွံမုန်းကြမည်။ “စစ်မှန်သောဖြောင့်မတ်ခြင်း” သည် အဓမ္မမှု၊ စာရိတ္တယိုယွင်းမှု၊ မသန့်ရှင်းမှုနှင့် အယူဖောက်ပြန်မှုတို့ကို ရှောင်ကြဉ်၏။ အကြောင်းမှာ ယင်းတို့သည် သန့်ရှင်းရာများကို ညစ်ညူးစေသောကြောင့်ဖြစ်သည်။ (ဆာလံ ၁၁:၅; ဧဖက် ၅:၃-၅; ၂ တိမောသေ ၂:၁၆၊ ၁၇) ဘုရားရေးရာ တရားမျှတခြင်းသည် ကျွန်ုပ်တို့ကို သူတစ်ပါးအကျိုး မှန်ကန်စွာစိတ်ဝင်စားရန်လည်း လှုံ့ဆော်ပါလိမ့်မည်။—ဆာလံ ၃၇:၂၁; ရောမ ၁၅:၁-၃။
ထို့ပြင် ဘုရားသခင့်တရားမျှတခြင်း၏ ကရုဏာပါသောသဘောကို လေးမြတ်ကြမည်ဆိုလျှင် ကျွန်ုပ်တို့သည် ဝိညာဏညီအစ်ကို၊ ညီအစ်မများကို စီရင်ဆုံးဖြတ်လိုကြမည်မဟုတ်ပါ။ သူတို့ကို ယေဟောဝါ နားလည်တော်မူသကဲ့သို့ အဘယ်နည်းဖြင့် ကျွန်ုပ်တို့နားလည်နိုင်မည်နည်း။ ကျွန်ုပ်တို့၏လွဲချော်သောအမြင်မျိုးဖြင့်သာ သူတို့ကိုစီရင်ဆုံးဖြတ်တတ်ကြမည်မဟုတ်ပေလော။ ထို့ကြောင့် ယေရှုက ဤသို့သတိပေးထားတော်မူသည်– “သင်တို့သည် စီရင်ဆုံးဖြတ်ခြင်းနှင့်ကင်းလွတ်ရမည်အကြောင်း စီရင်ဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ အကြောင်းမူကား သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကို စီရင်ကြ၏။ ထိုတရားအတိုင်း စီရင်ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတစ်ပါးအား ပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။ ကိုယ့်မျက်စိ၌ရှိသော တံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသောငြောင့်ငယ်ကို အဘယ်ကြောင့်ကြည့်ရှုသနည်း။ ကိုယ်မျက်စိ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအား ‘သင်၏မျက်စိ၌ရှိသောငြောင့်ငယ်ကို ထုတ်ပါရစေ’ ဟု အဘယ်သို့ဆိုသနည်း။ လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ရှေးဦးစွာထုတ်ပစ်လော့။ နောက်မှ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှာ ရှင်းလင်းစွာမြင်လိမ့်မည်။” (မဿဲ ၇:၁-၅၊ သမ္မာ) မိမိကိုယ်တိုင်၏ မစုံလင်မှုများကို ရိုးသားမှန်ကန်စွာစစ်ဆေးခြင်းက မတရားသဖြင့်ကျင့်သည်ဟု ယေဟောဝါယူမှတ်တော်မူသည့် စီရင်ဆုံးဖြတ်မှုများကို မပြုမိရန် တားဆီးပါလိမ့်မည်။
ခန့်အပ်ခံ အသင်းတော်အကြီးအကဲများသည် ကြီးလေးသောပြစ်မှုများကို စီရင်ကြရ၏။ (၁ ကောရိန္သု ၅:၁၂၊ ၁၃) ထိုသို့ပြုကြသည့်အခါ ဘုရားသခင်၏တရားမျှတမှုက ဖြစ်နိုင်သည့်နေရာတိုင်းတွင် ကရုဏာပြစေလိုတော်မူကြောင်း သတိရမည်ဖြစ်သည်။ နောင်တမရသော အပြစ်ပြုသူများကိစ္စတွင်ကဲ့သို့ ကရုဏာပြစရာအကြောင်းမရှိလျှင် ယင်းကိုတင်ပြမည်မဟုတ်ပါ။ သို့သော် အကြီးအကဲများသည် လက်စားချေလိုသောသဘောမျိုးဖြင့် ထိုအပြစ်ပြုသူကို အသင်းတော်မှ နှင်ထုတ်မည်မဟုတ်ပေ။ ထိုသူသည် နှင်ထုတ်ခံရခြင်း လုပ်ရပ်ကြောင့်ပင် သတိတရားပြန်ရလာမည်ဟူ၍ သူတို့မျှော်လင့်မည်ဖြစ်သည်။ (ယေဇကျေလ ၁၈:၂၃ နှိုင်းယှဉ်။) ခရစ်တော်၏ဦးစီးမှုအောက်တွင် အကြီးအကဲများသည် တရားမျှတရေးအတွက် အမှုထမ်းကြ၏။ ထိုသို့ပြုရာတွင် “လေလုံ၍ မိုးသက်မုန်တိုင်းကွယ်ရာအရပ်” ကဲ့သို့ဖြစ်ခြင်းလည်းပါဝင်သည်။ (ဟေရှာယ ၃၂:၁၊ ၂) ထို့ကြောင့် သူတို့သည် မျက်နှာမလိုက်၊ အကျိုးသင့်အကြောင်းသင့်သဘောရှိကြောင်းကို တင်ပြကြရမည်ဖြစ်သည်။—တရားဟောရာ ၁:၁၆၊ ၁၇။
ဖြောင့်မတ်ခြင်းတရား၌ မျိုးစေ့ကြဲခြင်း
ဘုရားသခင်၏ဖြောင့်မတ်သောကမ္ဘာသစ်ကို စောင့်မျှော်နေစဉ် ကိုယ်တော်၏မျက်နှာသာတော်ကိုခံစားရရန် ကျွန်ုပ်တို့သည် “ဖြောင့်မတ်ခြင်း . . . ကိုရှာ” ကြရမည်။ (ဇေဖနိ ၂:၃; ၂ ပေတရု ၃:၁၃) ဤအကြံအစည်ကို ဟောရှေ ၁၀:၁၂ (ကဘ) တွင် လှပတင့်တယ်စွာဖော်ပြထားသည့် ဤစကားမှရရှိ၏– “ကိုယ့်အဖို့ ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲ၍ ကရုဏာတော်အသီးအနှံကို ရိတ်ကြလော့။ ယေဟောဝါသည် ကြွလာ၍ သင်တို့အား ဖြောင့်မတ်ခြင်းတရား၌ သွန်သင်တော်မမူမီတိုင်အောင် ကိုယ်တော်ကိုရှာရသောအချိန်ရှိသည်ကာလ မလုပ်သေးသောလယ်ကို ထွန်ကြလော့။”
ကိုယ်နှင့်စပ်ဆိုင်သူကို မေတ္တာပြခဲ့သော ရှမာရိလူပုံဥပမာတွင် ယေရှုဖော်ပြခဲ့သည့်အတိုင်း ကျွန်ုပ်တို့၏ နေ့စဉ်ဘဝအသက်တာတွင် “ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲ” ခွင့်မြောက်မြားစွာရှိသည်။ ‘ကရုဏာတော်အသီးအနှံကို ကျွန်ုပ်တို့ရိတ်နိုင်ကြ’ ရန် ယေဟောဝါကိုယ်တော်တိုင် သေချာစေတော်မူလိမ့်မည်။ “တရားလမ်း” ပေါ်တွင် ကျွန်ုပ်တို့အစဉ်အမြဲ ဆက်လျှောက်နေမည်ဆိုလျှင် ဘုရားသခင်၏နိုင်ငံတော်အစိုးရအောက်တွင် ဖြောင့်မတ်ခြင်းတရား၌ သွန်သင်တော်မူခြင်းကို ဆက်လက်ခံယူရပါလိမ့်မည်။ (ဟေရှာယ ၄၀:၁၄) အတန်ကြာလေသော် ယေဟောဝါသည် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို မြတ်နိုးတော်မူသောအရှင်ဖြစ်တော်မူကြောင်းကို ပို၍သဘောပေါက်နားလည်လာမည်မှာ အမှန်တကယ်ပင်ဖြစ်ပေသည်။—ဆာလံ ၃၃:၄၊ ၅။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ကိုယ်နှင့်စပ်ဆိုင်သောသူကို မေတ္တာပြသူ ရှမာရိလူသည် ယေဟောဝါ၏တရားမျှတခြင်းကို တင်စားဖော်ပြခဲ့
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ကျိုးဆဲကျူနှင့်တူသော ဒုက္ခရောက်နေသူများကို ယေရှုသနားတော်မူခဲ့