ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
ဇူလိုင် ၅-၁၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တရားဟောရာ ၁၁–၁၂
“ယေဟောဝါ အလိုရှိတဲ့ ဝတ်ပြုကိုးကွယ်နည်း”
it-2 ၁၀၀၇ ပိုဒ်. ၄
စိုးလ်
ကိုယ်စွမ်းရှိသမျှ ဝတ်ပြုခြင်း။ “ကိုယ်စွမ်းရှိသမျှ” ဆိုတာ လူတစ်ယောက် တတ်နိုင်သမျှ အရာအားလုံးကို ဆိုလိုတယ်။ ကျမ်းချက်တချို့မှာ ဘုရားသခင်ကို “စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ” နဲ့ ရှာဖွေဖို့၊ ချစ်ဖို့ တိုက်တွန်းထားတယ်။ (တရ ၄:၂၉။ ၁၁:၁၃၊ ၁၈) တရားဟောရာ ၆:၅ မှာ “ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှ ချစ်ပါ” လို့ ဆိုထားတယ်။ ကိုယ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှအပြင် “ဉာဏ်စွမ်းရှိသမျှ” နဲ့လည်း ဝတ်ပြုဖို့ လိုတယ်လို့ ယေရှု ပြောတယ်။ (မာ ၁၂:၃၀။ လု ၁၀:၂၇) စိုးလ်မှာ အဲဒီအရာတွေ အားလုံး ပါတဲ့အတွက် ဘာကြောင့် သီးသန့် ခွဲထုတ်ပြောသလဲလို့ သိချင်မှာပဲ။ ဒီလို ဥပမာ ပြနိုင်တယ်– လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် (စိုးလ်) ကို ကျွန်အဖြစ် ရောင်းလိုက်ရင် သူ့ကို သခင် ပိုင်ဆိုင်သွားတယ်။ ဒါပေမဲ့ သခင့်အလုပ်ကို စိတ်စွမ်းရှိသမျှနဲ့ လုပ်ချင်မှ လုပ်ပါလိမ့်မယ်။ သခင်ရဲ့ အလုပ်ကို ခွန်အားအပြည့်၊ ဉာဏ်စွမ်းအပြည့် မသုံးဘဲ ဝတ်ကျေတမ်းကျေ လုပ်နေတာ ဖြစ်နိုင်တယ်။ (ဧ ၆:၅။ ကော ၃:၂၂ တို့နဲ့ နှိုင်းယှဉ်ပါ။) ဒါကြောင့် စိတ်စွမ်း၊ ဉာဏ်စွမ်း၊ ကိုယ်စွမ်းဆိုပြီး တစ်ခုစီ ခွဲထုတ်ဖော်ပြရတာက ကျွန်တော်တို့မှာ ရှိသမျှအရာ အားလုံးကို ယေဟောဝါ ပိုင်ဆိုင်ကြောင်း၊ အသက်ပေးပြီး ဝယ်ယူထားတဲ့ သားတော်ရဲ့ ပိုင်ဆိုင်ရာ ဖြစ်ကြောင်း သတိရစေဖို့ ဖြစ်တယ်။ “ကိုယ်စွမ်းရှိသမျှ” နဲ့ ယေဟောဝါကို ဝတ်ပြုတယ်ဆိုတာ လူတစ်ယောက်မှာ ရှိတဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်း အားလုံး၊ လုပ်ဆောင်မှု၊ စွမ်းရည်၊ စိတ်ဆန္ဒအပြည့်နဲ့ ဝတ်ပြုခြင်းကို ဆိုလိုတယ်။—မ ၅:၂၈-၃၀။ လု ၂၁:၃၄-၃၆။ ဧ ၆:၆-၉။ ဖိ ၃:၁၉။ ကော ၃:၂၃၊ ၂၄ တို့နဲ့ နှိုင်းယှဉ်ပါ။
it-1 ၈၄ ပိုဒ်. ၃
ပူဇော်ရာပလ္လင်
ခါနန်လူမျိုးတွေရဲ့ ယဇ်ပလ္လင်တွေ၊ ကိုးကွယ်ရာ ကျောက်တိုင်တွေ၊ ကိုးကွယ်ရာ သစ်တိုင်တွေကို ခုတ်လှဲဖျက်ဆီးရမယ်လို့ အစ္စရေးတွေကို ညွှန်ကြားထားတယ်။ (ထွ ၃၄:၁၃။ တရ ၇:၅၊ ၆။ ၁၂:၁-၃) ခါနန်လူမျိုးတွေကို အတုမယူရဘူး။ သူတို့လို သားသမီးတွေကို မီးရှို့ မပူဇော်ရဘူး။ (တရ ၁၂:၃၀၊ ၃၁။ ၁၆:၂၁) ယဇ်ပလ္လင် အများကြီး တည်ဆောက်မယ့်အစား စစ်မှန်တဲ့ တစ်ဆူတည်းသော ဘုရားကို ဝတ်ပြုဖို့ ဘုရား ရွေးချယ်ထားတဲ့ နေရာမှာ ပူဇော်ရာပလ္လင် တစ်ခုတည်းကိုပဲ တည်ဆောက်ဖို့ အစ္စရေးတွေကို မိန့်မှာထားတယ်။ (တရ ၁၂:၂-၆၊ ၁၃၊ ၁၄၊ ၂၇။ ဗာဗုလုန် ဘုရားမ အက်ရှတာ တစ်ပါးအတွက်တောင် ယဇ်ပလ္လင် ၁၈၀ ရှိတယ်။) ဂျော်ဒန်မြစ်ကို ဖြတ်ကူးပြီးနောက် ကျောက်ရိုင်းတုံးတွေနဲ့ ပူဇော်ရာပလ္လင် တည်ဖို့ ညွှန်ကြားခဲ့တာက ပထမဆုံးပဲ (တရ ၂၇:၄-၈)။ အဲဒါကို ဧဗလတောင်ပေါ်မှာ ယောရှု တည်ဆောက်ခဲ့တယ်။ (ယရ ၈:၃၀-၃၂) ပြည်တော်ကို သိမ်းပိုက်ခွဲဝေပြီးနောက် ရုဗင်အနွယ်၊ ဂဒ်အနွယ်နဲ့ မနာရှေအနွယ် တစ်ဝက်က ခမ်းနားတဲ့ ပူဇော်ရာ ပလ္လင်ကြီးတစ်ခုကို ဂျော်ဒန်မြစ်နားမှာ တည်ကြတယ်။ အဲဒါကြောင့် ကျန်တဲ့ အနွယ်တွေနဲ့ ပြဿနာ တက်ကြတယ်။ ဒါပေမဲ့ အဲဒီ ပူဇော်ရာပလ္လင်ဟာ အယူဖောက်ပြန်တဲ့ အမှတ်အသား မဟုတ်ဘဲ ယေဟောဝါဟာ စစ်မှန်တဲ့ ဘုရားသခင် ဖြစ်ကြောင်း အောက်မေ့ဖို့ရာ တည်ဆောက်ကြမှန်း သိသွားကြတယ်။—ယရ ၂၂:၁၀-၃၄။
ဘုရားရေးရာ ရတနာ
it-1 ၉၂၅-၉၂၆
ဂေရဇိမ်တောင်
ယောရှုဟာ အာအိမြို့ကို သိမ်းပိုက်ပြီးနောက် မောရှေ မှာကြားခဲ့တဲ့အတိုင်း အစ္စရေး မျိုးနွယ်တွေကို ဂေရဇိမ်တောင်နဲ့ ဧဗလတောင်ပေါ်မှာ စုဝေးခိုင်းတယ်။ ယေဟောဝါစကား နားထောင်ရင် ခံစားရမယ့် ကောင်းချီးတွေနဲ့ နားမထောင်ရင် ကြုံတွေ့ရမယ့် ကျိန်စာတွေအကြောင်း ဖတ်ပြတာကို သူတို့ ကြားခဲ့ကြတယ်။ ရှိမောင်၊ လေဝိ၊ ယုဒ၊ အိသခါ၊ ယောသပ်၊ ဗင်ယာမိန်အနွယ်တွေက ဂေရဇိမ်တောင်ရှေ့မှာ ရပ်နေရတယ်။ လေဝိအနွယ်နဲ့ ပဋိညာဉ်သေတ္တာက တောင်ကြားမှာ နေရာယူတယ်။ ကျန်တဲ့ အနွယ် ခြောက်နွယ်က ဧဗလတောင်ရှေ့မှာ ရပ်နေရတယ်။ (တရ ၁၁:၂၉၊ ၃၀။ ၂၇:၁၁-၁၃။ ယရ ၈:၂၈-၃၅) ဂေရဇိမ်တောင်ရှေ့မှာ ရပ်နေတဲ့ မျိုးနွယ်တွေက ကောင်းချီးအကြောင်း ဖတ်တဲ့အခါ တုံ့ပြန်ကြရပြီး ဧဗလတောင်ရှေ့မှာ ရပ်နေတဲ့ ကျန်တဲ့ မျိုးနွယ်တွေက ကျိန်စာတွေ ဖတ်တဲ့အခါ တုံ့ပြန်ကြရပုံရတယ်။ ဂေရဇိမ်တောင်က သာယာလှပပြီး မြေဩဇာကောင်းတဲ့အတွက် ကောင်းချီးအကြောင်း ဖတ်ပြတာကို တုံ့ပြန်ရတာ ဖြစ်ပြီး၊ ဧဗလတောင်က ကျောက်ပေါ၊ လွင်တီးခေါင် ဖြစ်နေလို့ ကျိန်စာတွေ ဖတ်ပြတာကို တုံ့ပြန်ရတာ ဖြစ်တယ်လို့ ဆိုကြပေမဲ့ ကျမ်းစာကတော့ အဲဒီလို မဖော်ပြထားဘူး။ “မိန်းမ၊ ကလေး၊ ပြည်မှာ နေထိုင်တဲ့ တိုင်းတစ်ပါးသား အပါအဝင် အစ္စရေး တစ်မျိုးလုံးရှေ့မှာ” ပညတ်တရားကို အသံကျယ်ကျယ်နဲ့ ဖတ်ပြတယ်။ (ယရ ၈:၃၅) ဖတ်ပြတာကို တောင်နှစ်လုံးပေါ်မှာ ရပ်နေတဲ့ လူအုပ် ကြားနိုင်တယ်။ အဲဒီနေရာက ပဲ့တင်သံကို ကောင်းကောင်း ကြားရတာကြောင့် ဖြစ်နိုင်တယ်။
ဇူလိုင် ၁၂–၁၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တရားဟောရာ ၁၃–၁၅
“ဆင်းရဲသားတွေကို ယေဟောဝါ ထောက်ထားစာနာကြောင်း ပညတ်တရား ဖော်ပြပုံ”
it-2 ၁၁၁၀ ပိုဒ်. ၃
ဆယ်ဖို့တစ်ဖို့
လေဝိအနွယ် ပုရောဟိတ်တွေကို ထောက်ပံ့ပေးတဲ့ ဆယ်ဖို့တစ်ဖို့အပြင် နောက်ထပ် ဆယ်ဖို့တစ်ဖို့ကို နှစ်တိုင်း ဖယ်ထားကြပုံ ရတယ်။ အဲဒါကို လေဝိသားတွေနဲ့အတူ စားသုံးကြတယ်။ ပွဲတော်တွေမှာ အစ္စရေး မိသားစုတွေ အတူတကွ စုဝေးကြတဲ့အခါ အဲဒီဆယ်ဖို့တစ်ဖို့ကို တပျော်တပါး သုံးဆောင်ကြတယ်။ ဂျေရုဆလင်ကနေ ခရီးဝေးလွန်းတဲ့အတွက် အဲဒီဆယ်ဖို့တစ်ဖို့ကို မသယ်သွားနိုင်ဘူးဆိုရင် ရောင်းပြီး ငွေကို ယူသွားလို့ ရတယ်။ သန့်ရှင်းသော ပွဲတော် ကျင်းပရာ ဂျေရုဆလင်မြို့ကို ရောက်တဲ့အခါ အဲဒီငွေနဲ့ အိမ်သူအိမ်သားတွေ လိုအပ်ရာ ဝယ်ပြီး စားသောက်၊ ရွှင်လန်းရမယ်။ (တရ ၁၂:၄-၇၊ ၁၁၊ ၁၇၊ ၁၈။ ၁၄:၂၂-၂၇) သုံးနှစ်စေ့တိုင်း အဲဒီနှစ်မှာ ထွက်သမျှထဲက ဆယ်ဖို့တစ်ဖို့ အားလုံးကို ပွဲတော် အခါသမယအတွက် မသုံးဘဲ ကိုယ့်မြို့မှာ နေထိုင်တဲ့ လေဝိအနွယ်၊ တိုင်းတစ်ပါးသားတွေ၊ မိဘမဲ့ ကလေးတွေ၊ မုဆိုးမတွေကို ပေးရတယ်။—တရ ၁၄:၂၈၊ ၂၉။ ၂၆:၁၂။
it-2 ၈၃၃
ဥပုသ်နှစ်
ဥပုသ်နှစ်ကို “လွတ်ငြိမ်းရာနှစ်” လို့ ခေါ်တယ်။ (တရ ၁၅:၉။ ၃၁:၁၀) အဲဒီနှစ်မှာ အပြည့်အဝ အနားယူရတယ်၊ လွတ်ငြိမ်းခွင့် ပေးရတယ်။ မြေကို မစိုက်ပျိုးဘဲ အလွတ်ထားရတယ်။ (ထွ ၂၃:၁၁) အကြွေးတွေကိုလည်း လျှော်ပစ်ရတယ်။ အဲဒါက “ယေဟောဝါရှေ့ လွတ်ငြိမ်းခွင့်ပေး” တာ ဖြစ်ပြီး ဘုရားကို ဂုဏ်တင်တာ ဖြစ်တယ်။ တချို့က အဲဒါကို တလွဲ ယူမှတ်ကြတယ်။ အဲဒီနှစ်မှာ လယ်သမားတွေဟာ ဝင်ငွေ မရှိတဲ့အတွက် ကြွေးရှင်က ဟီဘရူး အမျိုးသားချင်းရဲ့ အကြွေးတွေကို လျှော်ပစ်လိုက်တာ မဟုတ်ဘဲ အကြွေးမတောင်းတာ၊ တိုင်းတစ်ပါးသားကိုတော့ အကြွေးတောင်းတာကို ဆိုလိုတယ်လို့ အနက်ဖွင့်သူတချို့ ပြောကြတယ်။ (တရ ၁၅:၁-၃) ရဗ္ဗိဆရာတချို့ကျတော့ လျှော်ပစ်တဲ့ အကြွေးတွေဆိုတာ ဆင်းရဲတဲ့ ညီအစ်ကိုကို ကူညီဖို့ ပေးထားတဲ့ အကြွေးတွေကို ဆိုလိုတာ၊ စီးပွားရေး လုပ်ဖို့ ချေးထားတဲ့ အကြွေးတွေနဲ့ မဆိုင်ဘူးလို့ ပြောကြတယ်။ ကြွေးရှင်က တရားရုံး သွားပြီး သစ္စာဆိုခြင်းအားဖြင့် အကြွေး မဆုံးရှုံးစေတဲ့ ဥပဒေတစ်ခုကို ပထမရာစု ဂျူးဘာသာရေးဆရာ ဟေလဲက ထုတ်ပြန်ခဲ့တယ်။—The Pentateuch and Haftorahs, edited by J. Hertz, London, 1972, pp. 811, 812.
it-2 ၉၇၈ ပိုဒ်. ၆
ကျွန်
ကျွန်နဲ့ သခင် ဆက်ဆံရေးနဲ့ပတ်သက်တဲ့ ပညတ်များ။ အစ္စရေးတွေအလယ်မှာ ဟီဘရူးကျွန်ရဲ့ အခြေအနေနဲ့ တိုင်းတစ်ပါးသားကျွန်၊ ကိုယ့်ပြည်မှာ အခြေချနေထိုင်တဲ့ တစ်ပါးအမျိုးသား ကျွန်တွေရဲ့ အခြေအနေက မတူဘူး။ ဟီဘရူးလူမျိုး မဟုတ်တဲ့ ကျွန်တွေကို အဖေကနေ သားအထိ လက်ဆင့်ကမ်း ပိုင်ဆိုင်နိုင်တယ်။ (ဝ ၂၅:၄၄-၄၆) ဟီဘရူးကျွန်ကိုကျတော့ ခုနစ်နှစ်မြောက်ဖြစ်စေ၊ နှစ် ၅၀ မြောက်ဖြစ်စေ၊ ဘယ်နှစ်ပဲ အရင်လာပါစေ အဲဒီနှစ်ကျရင် အဖိုးအခ မတောင်းဘဲ လွှတ်ပေးရတယ်။ ဟီဘရူးကျွန်တစ်ဦး ကျွန်ခံတဲ့ ကာလအတွင်း သူ့ကို စာရင်းငှားအဖြစ် ဆက်ဆံရမယ်။ (ထွ ၂၁:၂။ ဝ ၂၅:၁၀။ တရ ၁၅:၁၂) တိုင်းတစ်ပါးသား ဒါမှမဟုတ် လာရောက်အခြေချသူ တစ်ဦးဆီမှာ ဟီဘရူးတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ကျွန်အဖြစ် ရောင်းလိုက်တယ်ဆိုရင် သူကိုယ်တိုင်ဖြစ်စေ၊ ဝယ်ပိုင်ခွင့်ရှိသူကဖြစ်စေ အချိန်မရွေး ပြန်ဝယ်နိုင်တယ်။ ပြန်ဝယ်ယူတဲ့ ငွေကို နှစ် ၅၀ ပြည့်ဖို့ ဒါမှမဟုတ် ခုနစ်နှစ်မြောက် ပြည့်ဖို့ ဘယ်နှနှစ် လိုသလဲ ဆိုတဲ့အပေါ် မူတည်ပြီး တွက်ချက်ပေးရမယ်။ (ဝ ၂၅:၄၇-၅၂။ တရ ၁၅:၁၂) ဟီဘရူးကျွန်ကို လွှတ်ပေးတဲ့အခါ သခင်က ဘဝ ပြန်စနိုင်ဖို့ သူ့ကို အထောက်အပံ့ ပေးလိုက်ရတယ်။ (တရ ၁၅:၁၃-၁၅) ကျွန်က အိမ်ထောင်သည် ဖြစ်ရင် ဇနီးနဲ့အတူ လွှတ်ပေးရမယ်။ ဒါပေမဲ့ သခင်က ကျွန်ကို အိမ်ထောင်ချပေးလို့ (ခုနစ်နှစ်မြောက်မှာ လွတ်ငြိမ်းခွင့် မရှိတဲ့ တိုင်းတစ်ပါး အမျိုးသမီးတစ်ယောက်နဲ့ ဖြစ်နိုင်) သားသမီး ရခဲ့ရင်တော့ အဲဒီသားမယားတွေကို သခင် ပိုင်တယ်။ ဒါပေမဲ့ ဟီဘရူးကျွန်က သခင်နဲ့ ဆက်နေဖို့ ဆုံးဖြတ်မယ်ဆိုရင် သူ့နားရွက်ကို စူးနဲ့ ဖောက်ရမယ်။ သူဟာ တစ်သက်လုံး ကျွန်ခံရမယ်။—ထွ ၂၁:၂-၆။ တရ ၁၅:၁၆၊ ၁၇။
ဘုရားရေးရာ ရတနာ
စာရှုသူများထံမှ မေးခွန်းလွှာ
“ဆိတ်သားငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ” ဟူသော ထွက်မြောက်ရာ ၂၃:၁၉ ပါ တားမြစ်ချက်မှ အဘယ်အရာ သင်ယူနိုင်သနည်း။
သမ္မာကျမ်းစာတွင် သုံးကြိမ် ဖော်ပြထားသည့် မောရှေပညတ်ဆိုင်ရာ ဤမိန့်မှာချက်သည် ဘယ်အရာ သင့်တော် မတော်နှင့်စပ်လျဉ်းသည့် ယေဟောဝါ၏ အမြင်၊ ကိုယ်တော်၏ စာနာမှုနှင့် သနားကြင်နာမှုတို့ကို ကျွန်ုပ်တို့အား နားလည်သဘောပေါက်စေနိုင်ပါသည်။ ထို့ပြင် မှောက်မှားသော ဝတ်ပြုရေးကို ကိုယ်တော် စက်ဆုပ်ရွံရှာကြောင်း အလေးပေး ဖော်ပြ၏။—ထွက်မြောက်ရာ ၃၄:၂၆; တရားဟောရာ ၁၄:၂၁။
ဆိတ်သားငယ် သို့မဟုတ် အခြားတိရစ္ဆာန်ကို ၎င်း၏ အမိ နို့ရည်နှင့် ချက်ပြုတ်ခြင်းက သဘာဝတရားနှင့် ဆိုင်သော ယေဟောဝါ၏ အစီအစဉ်ကို ဆန့်ကျင်ရာ ရောက်ပေမည်။ ဘုရားသခင်သည် မိခင်၏ နို့ရည်ဖြင့် သားငယ်ကို အာဟာရ ဖြစ်စေကာ ကြီးထွားစေတော်မူ၏။ ကျမ်းပညာရှင်တစ်ဦး၏ အပြောအရဆိုလျှင် သားငယ်ကို ၎င်း၏ အမိနို့ရည်နှင့် ချက်ပြုတ်ခြင်းသည် “ဘုရားသခင် တည်ထောင်၍ အထွတ်အမြတ်ထားတော်မူသည့် မိဘနှင့် သားသမီးစပ်ကြား ချစ်ခင်ရင်းနှီးမှုကို မခန့်လေးစား” ပြုရာရောက်ပေမည်။
ထို့ပြင် တချို့က သားငယ်ကို အမိနို့ရည်နှင့် ချက်ပြုတ်ခြင်းသည် အယူမှားသူတို့၏ မိုးခေါ်နည်း ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။ ယင်းအဆို မှန်ကန်ပါက အိမ်နီးချင်းနိုင်ငံများ၏ မိုက်မဲပြီး အကြင်နာမဲ့သည့် ဘာသာရေး ထုံးတမ်းများမှ ဣသရေလလူမျိုးကို ကာကွယ်ပေးသည့်အနေနှင့် ထိုသို့ တားမြစ်ခဲ့ခြင်း ဖြစ်ပေမည်။ မောရှေပညတ်သည် ဣသရေလလူမျိုးအား အိမ်နီးချင်း နိုင်ငံများ၏ ဘာသာဓလေ့ကို မလိုက်လျှောက်ရန်လည်း အတိအကျ တားမြစ်ထား၏။—ဝတ်ပြုရာ ၂၀:၂၃။
အဆုံးတွင်မူ ယင်းပညတ်တရားက ယေဟောဝါ၏ သနားကြင်နာမှုကို ဖော်ပြကြောင်း တွေ့ရှိရသည်။ အမှန်တွင် မောရှေပညတ်၌ တိရစ္ဆာန်များကို မညှဉ်းဆဲရဟူသော ပုံစံတူ မိန့်မှာချက် အတော်များများ ပါရှိကာ သဘာဝတရားနှင့် ဆန့်ကျင်၍ လုပ်ဆောင်ခြင်းမှ ကာကွယ်ပေးသည်။ ဥပမာ၊ မောရှေပညတ်တွင် မိခင်နှင့်အတူ အနည်းဆုံး ခုနစ်ရက် မပြည့်သေးသော တိရစ္ဆာန်ကို ယဇ်ပူဇော်ခြင်း မပြုရန်၊ တစ်နေ့ချင်းတွင် သားအမိ နှစ်ကောင်စလုံးကို မသတ်ရန်၊ ငှက်သိုက်မှ ငှက်မနှင့်တကွ ဥများ သို့မဟုတ် သားငယ်များကို မယူရန် ဟူသည့် မိန့်မှာချက်များ ပါရှိသည်။—ဝတ်ပြုရာ ၂၂:၂၇၊ ၂၈; တရားဟောရာ ၂၂:၆၊ ၇။
ပညတ်တရားသည် မိန့်မှာချက်များနှင့် တားမြစ်ချက်များ စုပေါင်းထားရာမျှသာ မဟုတ်သည်မှာ ရှင်းနေပါသည်။ ပညတ်တရား၏ အကျိုးကျေးဇူး များစွာအနက် တစ်ခုမှာ ယင်း၏ မူများသည် ကျွန်ုပ်တို့၏ ကိုယ်ကျင့်တရား ဆိုင်ရာ သိစိတ်ကို မြှင့်တင်ပေးပြီး ယင်းက ယေဟောဝါ၏ အံ့ဖွယ် အရည်အသွေးတော်များကို အမှန်ထင်ဟပ်စေသည်။—ဆာလံ ၁၉:၇-၁၁။
ဇူလိုင် ၁၉–၂၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တရားဟောရာ ၁၆–၁၈
“ဖြောင့်မတ်စွာ တရားစီရင်ဖို့အတွက် ကျမ်းစာအခြေခံမူများ”
it-1 ၃၄၃ ပိုဒ်. ၅
မျက်စိကွယ်ခြင်း
အကျင့်ပျက်ခြစားမှုကြောင့် တရားစီရင်မှုပိုင်းမှာ တရားမျှတမှု မရှိခြင်းကို မျက်စိကွယ်ခြင်းနဲ့ တင်စားဖော်ပြကြတယ်။ လာဘ်စားခြင်း၊ တံစိုးလက်ဆောင် လက်ခံခြင်းနဲ့ တစ်ဖက်သတ် အစွဲတွေက တရားသူကြီးတွေကို တရားစီရင်ရေးအပိုင်းမှာ မျက်စိကွယ်စေနိုင်ပြီး မျက်နှာမလိုက်တမ်း တရားစီရင်ရာမှာ အတားအဆီး ဖြစ်စေနိုင်တယ်လို့ ပညတ်ကျမ်းမှာ သတိပေးထားတယ်။ “တံစိုးလက်ဆောင်ဟာ အမှားအမှန် ခွဲခြားနိုင်သူတွေကိုတောင် အသိဉာဏ် ကွယ်စေတယ်။” (ထွ ၂၃:၈) “တံစိုးလက်ဆောင်ဟာ ပညာရှိသူကို အသိဉာဏ် ကွယ်စေတယ်။” (တရ ၁၆:၁၉) တရားသူကြီးတစ်ဦးဟာ ဖြောင့်မတ်ပြီး ပိုင်းခြားသိမြင်မှု ရှိရင်တောင် အမှုနဲ့ပတ်သက်နေသူတွေဆီက တံစိုးလက်ဆောင် ယူထားမယ်ဆိုရင် သတိထားမိသည်ဖြစ်စေ၊ သတိမထားမိသည်ဖြစ်စေ သူ့အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်တယ်။ တံစိုးလက်ဆောင်ကြောင့်သာမက စိတ်ခံစားချက်ကြောင့်ပါ မျက်စိကွယ်နေခြင်းမျိုးကို ဘုရားသခင့်ပညတ်မှာ ဒီလို သုံးသပ်ဖော်ပြထားတယ်– “ဆင်းရဲသားမို့လို့ဆိုပြီး မျက်နှာသာ မပေးမိစေနဲ့။ ချမ်းသာလို့ဆိုပြီး မျက်နှာမလိုက်နဲ့။” (ဝ ၁၉:၁၅) ဒါကြောင့် တရားသူကြီးဟာ ကိုယ့်ရဲ့ စိတ်ခံစားချက်ကြောင့်ဖြစ်စေ၊ လူအုပ်ရဲ့ ဖိအားကြောင့်ဖြစ်စေ လူတစ်ဦး ချမ်းသာတာကို ထောက်ပြီး စီရင်ချက် ချတာမျိုး မလုပ်ရဘူး။—ထွ ၂၃:၂၊ ၃။
it-2 ၅၁၁ ပိုဒ်. ၇
နံပါတ်၊ ဂဏန်းခြေ
နှစ်။ နံပါတ် ၂ ကို ဥပဒေနဲ့ ဆိုင်တဲ့ ကိစ္စမှာ မကြာခဏ တွေ့ရတယ်။ သက်သေနှစ်ဦးရဲ့ ထွက်ဆိုချက်က သက်သေခံချက်ကို ပိုခိုင်လုံစေတယ်။ တရားသူကြီးတွေရှေ့ အမှုကို အတည်ပြုဖို့ သက်သေ နှစ်ဦး၊ သုံးဦး လိုတယ်။ ဒီမူကို ခရစ်ယာန် အသင်းတော်မှာလည်း လိုက်နာကြတယ်။ (တရ ၁၇:၆။ ၁၉:၁၅။ မ ၁၈:၁၆။ ၂က ၁၃:၁။ ၁တိ ၅:၁၉။ ဟီ ၁၀:၂၈) ဘုရားသခင်က သားတော်ကို ကယ်တင်ရှင်အဖြစ် စေလွှတ်တာနဲ့ပတ်သက်ပြီး အဲဒီမူကို ကျင့်သုံးတယ်။ ယေရှု ဒီလို ပြောခဲ့တယ်– “ခင်ဗျားတို့ရဲ့ ပညတ်ကျမ်းမှာလည်း ‘လူနှစ်ဦး သက်သေထွက်ဆိုရင် မှန်တယ်’ ဆိုပြီး ရေးထားတာပဲ။ ကျွန်တော်က ကိုယ့်အကြောင်းကိုယ် သက်သေခံသလို ကျွန်တော့်ကို စေလွှတ်တဲ့ အဖကလည်း ကျွန်တော့်အကြောင်း သက်သေခံတယ်။”—ယဟ ၈:၁၇၊ ၁၈။
it-2 ၆၈၅ ပိုဒ်. ၆
ပုရောဟိတ်
ပုရောဟိတ်တွေက ဘုရားသခင့် ပညတ်ကို ရှင်းပြကြရတယ်။ တရားစီရင်ရေး ကိစ္စတွေမှာလည်း အဓိကနေရာကနေ တာဝန်ထမ်းဆောင်ကြတယ်။ ပုရောဟိတ်တွေကို ခန့်အပ်ထားတဲ့ မြို့တွေမှာ တရားသူကြီးတွေကို ကူညီကြရတယ်။ ဒေသခံ တရားရေးအဖွဲ့ မဆုံးဖြတ်နိုင်တဲ့ ခက်ခဲတဲ့ အမှုတွေကို ကိုင်တွယ်တဲ့အခါ ပူးပေါင်းဆောင်ရွက်ကြတယ်။ (တရ ၁၇:၈၊ ၉) တရားခံ မပေါ်တဲ့ လူသတ်မှုကို ပုရောဟိတ်တွေက မြို့အကြီးအကဲတွေနဲ့အတူ တွဲပြီး စီရင်ဆုံးဖြတ်ကြတယ်။ မြို့အပြစ်ကင်းအောင် လုပ်ထုံးလုပ်နည်းတွေအတိုင်း ကိုင်တွယ်ဖို့ ဖြစ်တယ်။ (တရ ၂၁:၁၊ ၂၊ ၅) သဝန်တိုတဲ့ ယောက်ျားက မိန်းမကို ဖောက်ပြန်တယ်လို့ စွပ်စွဲပြီး ပုရောဟိတ်ဆီ ခေါ်လာတယ်ဆိုရင် အမျိုးသမီးမှာ အပြစ်ရှိမရှိ ယေဟောဝါ သိကြောင်း ဖော်ပြတဲ့ လုပ်ထုံးလုပ်နည်းတွေကို ပုရောဟိတ်က လုပ်ဆောင်ပေးရတယ်။ (တလ ၅:၁၁-၃၁) ပုရောဟိတ်တွေ၊ တရားသူကြီးတွေရဲ့ စီရင်ချက်ကို လေးစားရမယ်။ သူတို့ရဲ့ စကားကို နားမထောင်ဘဲ အတင့်ရဲပြီး လုပ်နေတဲ့သူကို သေဒဏ်ပေးရမယ်။—တလ ၁၅:၃၀။ တရ ၁၇:၁၀-၁၃။
ဘုရားရေးရာ ရတနာ
it-1 ၇၈၇
နှင်ထုတ်ခြင်း
ပညတ်တရားအရ နှင်ထုတ်ခြင်း ပြစ်ဒဏ်ကိုပေးဖို့ အနည်းဆုံး သက်သေနှစ်ဦးရဲ့ ထွက်ဆိုချက် လိုတယ်။ (တရ ၁၉:၁၅) အဲဒီ သက်သေထွက်ဆိုသူတွေက အပြစ်ရှိသူကို အရင်ဆုံး ကျောက်ခဲနဲ့ ပေါက်ရတယ်။ (တရ ၁၇:၇) ဒါက ဘုရားရဲ့ ပညတ်ကို လိုက်နာဖို့၊ အစ္စရေးလူမျိုး တစ်မျိုးလုံး သန့်ရှင်းနေဖို့ဆိုတဲ့ အရေးကိစ္စမှာ စိတ်ထက်သန်မှန်း ဖော်ပြတယ်။ မှားမှားယွင်းယွင်း၊ ပေါ့ပေါ့ဆဆ၊ အလျင်စလို သက်သေ မထွက်ဆိုဖို့လည်း ဟန့်တားပေးတယ်။
it-1 ၅၁၉ ပိုဒ်. ၄
တရားရုံး၊ ဥပဒေရေးရာ
ခရစ်ယာန် အသင်းတော်။ ခရစ်ယာန် အသင်းတော်မှာ တရားရုံး မရှိပေမဲ့ တရားမဲ့စွာ ပြုကျင့်တဲ့ အသင်းသားတွေကို ဆုံးမလို့ ရတယ်၊ အသင်းတော်ကနေတောင် နှင်ထုတ်လို့ ရတယ်။ ဒါကြောင့် တမန်တော် ပေါလုက ကြီးကြပ်ဖို့ တာဝန်ရထားသူတွေကို အသင်းတော်ထဲက လူတွေကို စီရင်ဖို့ ပြောခဲ့တယ်။ (၁က ၅:၁၂၊ ၁၃) တမန်တော် ပေါလုနဲ့ ပေတရုက အသင်းတော်တွေနဲ့ ကြီးကြပ်မှူးတွေကို ရေးတဲ့ စာထဲမှာ အသင်းသားတွေရဲ့ ဘုရားနဲ့ ဆက်ဆံရေး အခြေအနေကို အနီးကပ် စောင့်ကြည့်ပေးဖို့၊ ခြေလှမ်းမှားနေသူကို ကူညီဖို့၊ သတိပေးဖို့ ပြောခဲ့တယ်။ (၂တိ ၄:၂။ ၁ပ ၅:၁၊ ၂။ ဂ ၆:၁ နဲ့ နှိုင်းယှဉ်ပါ။) ဂိုဏ်းခွဲသူတွေကို အသင်းတော်က အရေးမယူခင် တစ်ကြိမ်၊ နှစ်ကြိမ် သတိပေးရမယ်။ (တိ ၃:၁၀၊ ၁၁) ဒါပေမဲ့ အကြိမ်ကြိမ် အပြစ်လုပ်တဲ့သူကိုတော့ အသင်းတော်ကနေ နှင်ထုတ်ရမယ်။ ဒီလို ဆုံးမပဲ့ပြင်မှုက အသင်းတော်ဟာ အပြစ်လမ်းစဉ်ကို သည်းမခံဘူးဆိုတာ ပြစ်မှားသူကို သိစေတယ်။ (၁တိ ၁:၂၀) ဒီလိုကိစ္စကို အတူတကွ ကြားနာပြီး စီရင်ဖို့ အသင်းတော်ထဲက တာဝန်ရှိသူတွေကို ပေါလု ညွှန်ကြားခဲ့တယ်။ (၁က ၅:၁-၅။ ၆:၁-၅) သက်သေ နှစ်ယောက် သုံးယောက် ရှိမှ၊ ကြိုတင် တရားမစီရင်ဘဲ၊ ဘက်မလိုက်ဘဲ အထောက်အထားတွေကို စစ်ဆေးပြီးမှ စွပ်စွဲချက် မှန်ကန်တယ်ဆိုတာကို လက်ခံရမယ်။—၁တိ ၅:၁၉၊ ၂၁။
ဇူလိုင် ၂၆-ဩဂုတ် ၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တရားဟောရာ ၁၉–၂၁
“လူ့အသက်ကို ယေဟောဝါ တန်ဖိုးထား”
ယေဟောဝါရဲ့ တရားမျှတမှုနဲ့ ကရုဏာတော်ကို တုပပါ
၄ ခိုလှုံရာမြို့ ခြောက်မြို့ဟာ သွားရလာရ လွယ်ကူတယ်။ ဂျော်ဒန်မြစ် တစ်ဖက်စီမှာ မြို့တွေကို ညီညီမျှမျှ ထားရှိဖို့ အစ္စရေးတွေကို ယေဟောဝါ မိန့်မှာတယ်။ ဘာကြောင့်လဲ။ ဒါမှ ဝရမ်းပြေးမှန်သမျှ လျင်မြန်၊ လွယ်ကူစွာ ခိုလှုံနိုင်မယ်။ (တော. ၃၅:၁၁-၁၄) ခိုလှုံရာမြို့ကို သွားတဲ့ လမ်းတွေကို ကောင်းကောင်း ပြုပြင်ထိန်းသိမ်းထားတယ်။ (တရား. ၁၉:၃) ဂျူးထုံးစံအရ ဝရမ်းပြေးတွေကို ခိုလှုံရာမြို့တွေဆီ လမ်းညွှန်ပေးတဲ့ လမ်းပြတိုင်တွေ စိုက်ထူထားတယ်။ ခိုလှုံရာမြို့တွေ စီစဉ်ထားတဲ့အတွက် မတော်တဆ လူသတ်မိသူဟာ မှားယွင်းတဲ့ ဝတ်ပြုရေးဘက် သွေးဆောင်ခံရနိုင်တဲ့ တိုင်းတစ်ပါးကို ထွက်ပြေးစရာ မလိုတော့ဘူး။
ယေဟောဝါရဲ့ တရားမျှတမှုနဲ့ ကရုဏာတော်ကို တုပပါ
၉ ခိုလှုံရာမြို့တွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူသတ်မိတဲ့ အပြစ်ကနေ အစ္စရေးတွေကို ကာကွယ်ပေးဖို့ပါ။ (တရား. ၁၉:၁၀) ယေဟောဝါက အသက်ကို မြတ်နိုးတယ်။ “အပြစ်မဲ့သူကို သတ်တဲ့ လက်” ကို မုန်းတယ်။ (ပညာ. ၆:၁၆၊ ၁၇) ဘုရားသခင်ဟာ တရားမျှတ၊ သန့်ရှင်းမြင့်မြတ်လို့ မတော်တဆ လူသတ်မှုကိုတောင် လျစ်လျူမရှုနိုင်ဘူး။ မတော်တဆ လူသတ်မိသူဟာ ကရုဏာပြခံရတာ မှန်ပေမဲ့ အကြီးအကဲတွေကို အကျိုးအကြောင်း ပြောပြရမယ်။ မတော်တဆ ပြစ်မှုအဖြစ် အကြီးအကဲတွေ စီရင်မှသာ ပုရောဟိတ်မင်း သေဆုံးချိန်အထိ ခိုလှုံရာမြို့မှာ ဆက်နေရမယ်။ အဲဒီမှာ တစ်သက်လုံး နေထိုင်ကောင်း နေထိုင်သွားရမယ်။ ဒီလိုကြီးမားတဲ့ အကျိုးဆက်တွေကြောင့် လူ့အသက်ရဲ့ မြင့်မြတ်မှုကို အစ္စရေးတွေ စိတ်စွဲမှတ်ကြတယ်။ အသက်ပေးရှင်ကို ဂုဏ်တင်ဖို့ လူလူချင်းကို အသက်အန္တရာယ် ကျရောက်စေနိုင်တဲ့ ဘယ်လုပ်ရပ်မျိုးကိုမဆို ရှောင်ဖို့ လိုတယ်။
it-1 ၃၄၄
သွေး
လူဟာ ဘုရားပေး အသက်မှာ ပျော်မွေ့နိုင်တယ်။ လူ့အသက်ကို သတ်တဲ့သူဟာ ဘုရားရှေ့ ဖြေရှင်းချက် ပေးရတယ်။ အဲဒီအချက်ကို “မင်းညီရဲ့ သွေးက မြေကြီးထဲကနေ ငါ့ကို အော်ဟစ်နေပြီ” လို့ ကာအိနကို ဘုရား ပြောတဲ့ စကားမှာ ထင်ရှားတယ်။ (က ၄:၁၀) ညီအစ်ကိုကို မုန်းလို့ သူ့ကို သေစေချင်မယ်၊ သူ့အကြောင်း သွားပုပ်လေလွင့် ပြောမယ်၊ မဟုတ်မမှန် သက်သေထွက်ဆိုမယ်ဆိုရင် အသက်အန္တရာယ် ရှိအောင် လုပ်ရာရောက်တဲ့အတွက် ဒီလိုလုပ်တဲ့သူကို ပြစ်ဒဏ်ပေးရမယ်။—ဝ ၁၉:၁၆။ တရ ၁၉:၁၈-၂၁။ ၁ယ ၃:၁၅။
ဘုရားရေးရာ ရတနာ
it-1 ၅၁၈ ပိုဒ်. ၁
တရားရုံး၊ ဥပဒေရေးရာ
မြို့တံခါးတွေမှာ တရားစီရင်ကြတယ်။ (တရ ၁၆:၁၈။ ၂၁:၁၉။ ၂၂:၁၅၊ ၂၄။ ၂၅:၇။ ရု ၄:၁) “တံခါး” လို့ ပြောတဲ့အခါ မြို့တံခါး အတွင်းဘက်မှာ ရှိတဲ့ လူထုရင်ပြင်ကို ဆိုလိုတယ်။ ပြဋ္ဌာန်းချက်တွေ ကြေညာလေ့ရှိတဲ့ ဒီလူထုရင်ပြင်မှာ စုဝေးနေသူတွေကို ပညတ်ကျမ်း ဖတ်ပြကြတယ်။ (နေ ၈:၁-၃) မြို့တံခါးကနေ တစ်နေကုန် လူတွေ ဝင်ထွက်နေတဲ့အတွက် မြေကွက်ရောင်းတဲ့ ကိစ္စလိုမျိုး တရားရေးကိစ္စတွေအတွက် သက်သေတွေကို အလွယ်တကူ ရနိုင်တယ်။ မြို့တံခါးမှာ တရားစီရင်တာဟာ လူသိရှင်ကြား ဖြစ်တဲ့အတွက် တရားသူကြီးတွေက မိမိတို့ရဲ့ ဆုံးဖြတ်ချက်တွေ တရားမျှတမှု ရှိဖို့ သတိထားကြမယ်။ မြို့တံခါးနားမှာ တရားသူကြီးတွေ သက်သောင့်သက်သာ ထိုင်ပြီး တရားစီရင်ဖို့နေရာ ရှိပုံရတယ်။ (ယဘ ၂၉:၇) ရှမွေလဟာ နေထိုင်တဲ့ ရာမမြို့အပြင် ဗေသလမြို့၊ ဂိလဂါလမြို့၊ မိဇပါမြို့တွေဆီ သွားရောက်ပြီး “အစ္စရေးတွေရဲ့ အမှုအခင်းတွေကို စီရင်ဆုံးဖြတ်ပေးတယ်။”—၁ရှ ၇:၁၆၊ ၁၇။
ဩဂုတ် ၂–၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တရားဟောရာ ၂၂–၂၃
“တိရစ္ဆာန်တွေကို ယေဟောဝါ ထောက်ထားစာနာကြောင်း ပညတ်တရား ဖော်ပြပုံ”
it-1 ၃၇၅-၃၇၆
ဝန်ထုပ်
ရှေးခေတ်က ဝန်စည်စလည်တွေကို တိရစ္ဆာန်တွေနဲ့ သယ်လေ့ရှိတယ်။ ကိုယ့်ကို မုန်းတဲ့သူရဲ့ မြည်းဟာ ဝန်ပိလို့ လဲနေတာကို တွေ့ရင် ထွက်မသွားဘဲ “တိရစ္ဆာန်ရဲ့ ဝန်တွေကို ဖယ်ရှားပေးရမယ်” လို့ အစ္စရေးတွေကို မိန့်မှာထားတယ်။ (ထွ ၂၃:၅) တိရစ္ဆာန် သယ်နိုင်တဲ့ ဝန်ကို တစ်စီးစာ၊ “နှစ်စီးစာ” လို့ ခေါ်လေ့ရှိတယ်။—၂ဘု ၅:၁၇။
it-1 ၆၂၁ ပိုဒ်. ၁
တရားဟောရာကျမ်း
တရားဟောရာကျမ်းထဲမှာ တိရစ္ဆာန်တွေကို ထောက်ထားစာနာဖို့ ဖော်ပြထားတယ်။ ငှက်သိုက်ကို တွေ့တဲ့အခါ သားပေါက်တွေနဲ့အတူ ငှက်မကို မယူရဘူးလို့ အစ္စရေးတွေကို တားမြစ်ထားတယ်။ သားပေါက်တွေကို ကာကွယ်တတ်တဲ့ ငှက်မတွေကို မထိခိုက်စေဖို့ ဖြစ်တယ်။ သားပေါက်တွေကို ယူနိုင်ပေမဲ့ ငှက်မကိုတော့ လွှတ်ပေးရတယ်။ ဒါမှ နောက်ထပ် ငှက်ကလေးတွေ ပေါက်ပွားနိုင်မယ်။ (တရ ၂၂:၆၊ ၇) အားနည်းတဲ့ တိရစ္ဆာန်ကို ညှာတာတဲ့အနေနဲ့ နွားနဲ့ မြည်းကို တွဲပြီး လယ်မထွန်ရဘူး။ (တရ ၂၂:၁၀) စပါးနယ်နေတဲ့အခါ နွားကို ပါးချုပ် မတပ်ရဘူး။ ဘာကြောင့်လဲဆိုတော့ စပါးနယ်နေတဲ့ နွားက ခွန်အားသုံးရတဲ့အတွက် ဆာနေချိန်မှာ မစားရရင် နွားကို ညှဉ်းဆဲရာရောက်တယ်။—တရ ၂၅:၄။
“မညီသောထမ်းပိုးကို မထမ်းကြနှင့်”
ဤတွင် သင် တွေ့မြင်ရသည့်အတိုင်း ကုလားအုတ်နှင့် နွား အတူ ယှဉ်တွဲ၍ ထယ်ထိုးနေသည်မှာ အလွန် အကြည့်ရဆိုးသည်။ ၎င်းတို့ကို ချိတ်ဆက်ထားသော ထမ်းပိုးသည်—အရွယ်အစားနှင့် ခွန်အား တူညီသော တိရစ္ဆာန်နှစ်ကောင်အတွက် ဖြစ်ရာ—တိရစ္ဆာန် နှစ်ကောင်စလုံးကို ထိခိုက်နစ်နာစေသည်။ ထိုသို့သော ဝန်တင်တိရစ္ဆာန်များ၏ အကျိုးကို ထောက်၍ ဘုရားသခင်က “နွားနှင့် မြည်းကို ဖက်၍ လယ်မထွန်ရ” ဟု ဣသရေလအမျိုးကို မိန့်မှာခဲ့ခြင်း ဖြစ်သည်။ (တရားဟောရာ ၂၂:၁၀) အဆိုပါမူသည် နွားနှင့် ကုလားအုတ်နှင့်လည်း သက်ဆိုင်ပေမည်။
ပုံမှန်အားဖြင့် လယ်သမားတစ်ဦးသည် သူ၏ တိရစ္ဆာန်များကို ထိုသို့ အခက်တွေ့စေမည် မဟုတ်ပါ။ သို့သော် နွားထီး နှစ်ကောင် မရှိပါက ရှိသည့် တိရစ္ဆာန် နှစ်ကောင်ကို ဖက်စပ်၍ သူ ထမ်းပိုးတင်ပေမည်။ ပုံတွင် ပါသော ၁၉ ရာစုမှ လယ်သမားသည် ထိုသို့ ပြုလုပ်ခဲ့ပုံရသည်။ ၎င်းတို့၏ အရွယ်အစားနှင့် အလေးချိန် မတူသောကြောင့် ခွန်အားနည်းသော တိရစ္ဆာန်သည် အမီလိုက်ဖို့ ရုန်းကန်လှုပ်ရှားရပြီး အားကြီးသော တိရစ္ဆာန်မှာလည်း ဝန်ပိုဆွဲရပေမည်။
ဘုရားရေးရာ ရတနာ
it-1 ၆၀၀
အကြွေး၊ ကြွေးရှင်
အကြွေးဆိုတာ ဆပ်ရမယ့်အရာ၊ ပြန်ပေးရမယ့်အရာ တစ်ခုခုကို ဆိုလိုတယ်။ ရှေးအစ္စရေးအချိန်မှာတော့ အကြွေးဆိုတာ အဓိကအားဖြင့် ငွေရေးကြေးရေး ပြဿနာကြောင့် ချေးငှားရတာ ဖြစ်တယ်။ အစ္စရေး တစ်ယောက်ဟာ အကြွေးယူမိတယ်ဆိုရင် ကြွေးရှင်ရဲ့ ကျွန် ဖြစ်သွားတယ်။ (ပ ၂၂:၇) ဒါကြောင့် ဘုရားရဲ့ လူမျိုးဟာ ရက်ရောရမယ်၊ ဆင်းရဲတဲ့ အစ္စရေးတွေကို ကိုယ်ကျိုးမငဲ့၊ အတိုးမယူဘဲ ချေးငှားရမယ်လို့ မိန့်မှာထားတယ်။ (ထွ ၂၂:၂၅။ တရ ၁၅:၇၊ ၈။ ဆ ၃၇:၂၆။ ၁၁၂:၅) တိုင်းတစ်ပါးသားတွေဆီကနေတော့ အတိုးယူလို့ ရတယ်။ (တရ ၂၃:၂၀) ဂျူးလူမျိုး ကျမ်းစာအနက်ဖွင့်သူတွေကတော့ အဲဒါက ဆင်းရဲသားတွေနဲ့ မသက်ဆိုင်ဘဲ စီးပွားရေးအတွက် ချေးငှားတာနဲ့ပဲ သက်ဆိုင်တယ်လို့ ဆိုတယ်။ များသောအားဖြင့် တိုင်းတစ်ပါးသားတွေဟာ အစ္စရေးပြည်မှာ ယာယီသာ နေထိုင်ကြတဲ့ ကုန်သည်တွေ ဖြစ်တယ်။ သူတို့တွေက ငွေတိုးချေးစားတဲ့သူတွေ ဖြစ်တော့ အတိုးပေးနိုင်ကြတယ်။
ဩဂုတ် ၉-၁၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တရားဟောရာ ၂၄–၂၆
“အမျိုးသမီးတွေကို ယေဟောဝါ ထောက်ထားစာနာကြောင်း ပညတ်တရား ဖော်ပြပုံ”
it-2 ၁၁၉၆ ပိုဒ်. ၄
အမျိုးသမီး
လက်ထပ်ထားတာ တစ်နှစ်ပဲ ရှိသေးတဲ့ အမျိုးသားကို စစ်မှုထမ်းခြင်းကနေ တာဝန် ကင်းလွတ်ခွင့် ပေးတယ်။ အဲဒါကြောင့် သူတို့ ကလေးမွေးဖို့ အခွင့်အရေး ရတယ်။ တကယ်လို့ ယောက်ျားက တိုက်ပွဲမှာ သေဆုံးသွားရင်တောင် ဇနီးအတွက် နှစ်သိမ့်မှု ဖြစ်စေတယ်။—တရ ၂၀:၇။ ၂၄:၅။
it-1 ၉၆၃ ပိုဒ်. ၂
ကောက်သင်း ကောက်ခြင်း
ဆင်းရဲသားတွေအတွက် သိပ်ကောင်းတဲ့ ဒီအစီအစဉ်က ရက်ရောဖို့၊ တစ်ကိုယ်ကောင်းမဆန်ဖို့၊ ယေဟောဝါရဲ့ ကောင်းချီးကို မျှော်ကိုးဖို့၊ မပျင်းရိဖို့ အားပေးမှု ဖြစ်စေတယ်။ ဒါဝိဒ်ရဲ့ ဒီစကားတွေကိုလည်း ပြန်အမှတ်ရစေတယ်– “ဖြောင့်မတ်သူ စွန့်ပစ်ခံရတာ၊ သူ့သားသမီးတွေ တောင်းစားနေရတာကို လူငယ်ဘဝကနေ အခု အသက်ကြီးချိန်အထိ ငါတစ်ခါမှ မတွေ့ဖူးဘူး။” (ဆ ၃၇:၂၅) ပညတ်တရားရဲ့ အစီအစဉ်ကနေ အကျိုးရယူတဲ့ ဆင်းရဲသားတွေဟာ အလုပ်ကြိုးစားတဲ့အတွက် ငတ်မှာ မဟုတ်ဘူး၊ သားသမီးတွေလည်း တောင်းစားဖို့ မလိုဘူး။
သင် သိပါသလား
ရှေးခေတ်က အစ္စရေး အမျိုးသားတစ်ဦးဟာ သားမရှိဘဲ သေဆုံးသွားခဲ့ရင် သူ့ရဲ့ အစ်ကို ဒါမှမဟုတ် ညီ ဒါမှမဟုတ် ဆွေမျိုးသားချင်း တစ်ဦးဦးက ကွယ်လွန်သူရဲ့ မျိုးဆက်မပြတ်စေဖို့ ကျန်ရစ်သူ မုဆိုးမကို လက်ထပ်ယူရပါတယ်။ (ကမ္ဘာဦး ၃၈:၈) အဲဒီထုံးစံကို နောက်ပိုင်းမှာ မောရှေကို ဘုရားသခင် ပေးခဲ့တဲ့ ပညတ်တွေထဲ ထည့်လိုက်တယ်။ (တရားဟောရာ ၂၅:၅၊ ၆) ကွယ်လွန်သူမှာ သက်ရှိထင်ရှား ညီအစ်ကို အရင်းတစ်ယောက်မှ မရှိဘူးဆိုရင် သူ့ရဲ့ ဆွေမျိုးသားချင်း တစ်ဦးက အဲဒီတာဝန်ကို ယူရတယ်ဆိုပြီး ရုသဝတ္ထုမှာ ဖော်ပြထားတဲ့ ဗောဇရဲ့ အဖြစ်အပျက်ကနေ သိနိုင်တယ်။—ရုသ ၁:၃၊ ၄; ၂:၁၉၊ ၂၀; ၄:၁-၆။
ယေရှုခေတ်မှာလည်း အဲဒီထုံးစံကို ကျင့်သုံးနေကြတယ်ဆိုတာ မာကု ၁၂:၂၀-၂၂ မှာ ဖော်ပြထားတဲ့ ဇဒ္ဒုကဲတွေရဲ့ စကားက ဖော်ပြတယ်။ အဲဒီထုံးစံက မိသားစု အမည်ကို ထိန်းသိမ်းပေးရုံတင်မကဘဲ မိသားစုပိုင် ပစ္စည်းတွေကို ထိန်းသိမ်းပေးရတဲ့အပြင် ကျန်ရစ်သူ မုဆိုးမရဲ့ အရေးကိစ္စတွေကိုပါ ဆောင်ရွက်ပေးရတယ်လို့ ပထမရာစု ဂျူးသမိုင်းပညာရှင် ဖလေးဗီးယပ်စ် ဂျိုစီဖပ်စ်က ဆိုတယ်။ အဲဒီခေတ်တုန်းက ဇနီးမယားတစ်ယောက်ဟာ ခင်ပွန်းရဲ့ ပစ္စည်းဥစ္စာတွေကို အမွေဆက်ခံပိုင်ခွင့် မရှိဘူး။ ဒါပေမဲ့ ဆွေမျိုးသားချင်း တစ်ဦးဦးက မုဆိုးမကို လက်ထပ်ယူပြီး မွေးလာတဲ့ ကလေးက ကွယ်လွန်သူရဲ့ ပစ္စည်းဥစ္စာတွေကို အမွေဆက်ခံခွင့် ရှိပါတယ်။
ဘုရားရေးရာ ရတနာ
it-1 ၆၄၀ ပိုဒ်. ၅
ကွာရှင်းခြင်း
ကွာရှင်းစာချုပ်။ မောရှေပညတ်မှာ ပါတဲ့ ကွာရှင်းနိုင်တယ်ဆိုတဲ့ အချက်ကို နောက်ပိုင်းမှာ အလွဲသုံးစားလုပ်ခဲ့ကြတာနဲ့ပဲ အစ္စရေး အမျိုးသားတစ်ယောက်က ဇနီးကို အလွယ်တကူ ကွာရှင်းလို့ ရတယ်လို့ မယူဆသင့်ဘူး။ ကွာရှင်းနိုင်ဖို့ဆိုရင် လုပ်ရမယ့် အဆင့်တွေ ရှိတယ်။ “ကွာရှင်းစာချုပ်” ရေးပေးဖို့ လိုတယ်။ ကွာရှင်းတဲ့ ခင်ပွန်းက စာချုပ်ကို ဇနီးလက်ထဲ ထည့်ပေးပြီး “အိမ်ကနေ ထွက်သွားခိုင်းရမယ်။” (တရ ၂၄:၁) အဲဒီ လုပ်ထုံးလုပ်နည်းနဲ့ပတ်သက်ပြီး ကျမ်းစာမှာ အသေးစိတ် မဖော်ပြထားပေမဲ့ တာဝန်ရှိတဲ့ လူကြီးတွေက ပြန်ပေါင်းကြဖို့ အရင် ညှိနှိုင်းပေးမှာ ဖြစ်တယ်။ ကွာရှင်းစာချုပ်နဲ့ တရားဝင် ကွာရှင်းနိုင်တဲ့ အကြောင်းတွေအတွက် ပြင်ဆင်နေချိန်မှာ ကွာရှင်းချင်တဲ့ ယောက်ျားက ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ဖို့ အခွင့်အရေး ရပါလိမ့်မယ်။ ကွာရှင်းဖို့ အခြေခံ အကြောင်းရင်း ရှိရမယ်၊ လုပ်ထုံးလုပ်နည်းအတိုင်းလည်း လိုက်ရမှာ ဖြစ်တဲ့အတွက် အလျင်စလို မကွာရှင်းဖြစ်တော့ဘူး။ အဲဒါက ဇနီးသည်ရဲ့ အခွင့်အရေးနဲ့ အကျိုးကို ကာကွယ်ရာလည်း ရောက်တယ်။ “ကွာရှင်းစာချုပ်” မှာ ထည့်သွင်းရမယ့် အချက်အလက်တွေကိုတော့ ကျမ်းစာမှာ မဖော်ပြထားဘူး။
ဩဂုတ် ၁၆-၂၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တရားဟောရာ ၂၇–၂၈
“အလျှံပယ် ခံစားရမယ့် ကောင်းချီးတွေ”
ဘုရားသခင့် စွမ်းအားတော် ဦးဆောင်မှုကို ခံယူတဲ့ ဘုရင်မှတစ်ဆင့် ကောင်းချီးများ ခံစားပါ
၁၈ နားထောင်ခြင်းမှာ သမ္မာကျမ်းစာနဲ့ အဖွဲ့အစည်းထုတ် စာပေတွေမှာ ပြောထားတဲ့ အချက်တွေကို လေးလေးနက်နက် သုံးသပ်ဆင်ခြင်ခြင်း ပါဝင်တယ်။ (မ. ၂၄:၄၅) ဘုရားသခင်နဲ့ ကိုယ်တော့်သားတော်ရဲ့ စကားကို နာခံခြင်းလည်း ပါဝင်တယ်။ ယေရှု ဒီလိုပြောခဲ့တယ်– “‘သခင်၊ သခင်’ ဟု ငါ့ကို ခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရမည် မဟုတ်။ ကောင်းကင်ဘုံရှိ ငါ့ခမည်းတော်၏ အလိုတော်ကို ဆောင်သောသူသာ ဝင်ရလိမ့်မည်။” (မဿဲ ၇:၂၁) ဒါ့အပြင် ဘုရားသခင့်စကား နားထောင်ခြင်းမှာ “လူ့အသွင်ဆုများ” ဖြစ်တဲ့ ခန့်အပ်ခံ အကြီးအကဲများနဲ့ ဘုရားသခင် ဖွဲ့စည်းထားတဲ့ ခရစ်ယာန် အသင်းတော်ကို တလိုတလား နာခံခြင်း ပါဝင်တယ်။—ဧ. ၄:၈။
ယေဟောဝါ၏ ကောင်းချီးမင်္ဂလာ သင့်နောက် လိုက်မီမည်လော
၂ တရားဟောရာ ၂၈:၂ ၌ ‘နားထောင်လျက်နေ’ ဟု ပြန်ဆိုထားသော ဟေဗြဲကြိယာမှာ ဆက်တိုက် ဆောင်ရွက်ချက်ကို ဆိုလိုသည်။ ယေဟောဝါ၏ လူတို့သည် အခါအားလျော်စွာသာ နားထောင်ကြရမည် မဟုတ်; ဘဝလမ်းစဉ်အဖြစ် သူတို့ ဆက်နားထောင်သွားရမည် ဖြစ်သည်။ သို့မှသာ သူတို့နောက် ဘုရားသခင့် ကောင်းချီးများ လိုက်မီလိမ့်မည်။ “လိုက်မီ” ဟု ဘာသာပြန်ဆိုထားသော ဟေဗြဲကြိယာမှာ အမဲလိုက်ရာတွင် အသုံးပြုသည့် အသုံးအနှုန်းနှင့် ဆက်စပ်ပြီး များသောအားဖြင့် “လိုက်မီရန်” သို့မဟုတ် “လှမ်းယူရန်” အဓိပ္ပာယ်ရှိသည်။
ယေဟောဝါ၏ ကောင်းချီးကို စိတ်ထက်သန်စွာ ရှာဖွေပါ
၄ အစ္စရေးလူမျိုးဟာ ဘယ်လို စိတ်သဘောထားနဲ့ နာခံမှု တင်ပြခဲ့ကြသလဲ။ “ဝမ်းမြောက်ရွှင်လန်းသောစိတ်” နဲ့ ကိုယ်တော့်အမှုကို မဆောင်ဘူးဆိုရင် ကိုယ်တော် မနှစ်သက်ဘူးလို့ ဘုရားသခင့် ပညတ်တရားမှာ ဖော်ပြထားတယ်။ (တရားဟောရာ ၂၈:၄၅-၄၇ ကိုဖတ်ပါ။) တိရစ္ဆာန်တွေနဲ့ နတ်ဆိုးတွေတောင် တင်ပြနိုင်တဲ့ တာဝန်အရ နာခံခြင်းမျိုးနဲ့ ယေဟောဝါကို နာခံဖို့ မသင့်တော်ဘူး။ (မာ. ၁:၂၇; ယာ. ၃:၃) စစ်မှန်တဲ့ နာခံမှုက ဘုရားသခင်ကို ချစ်ကြောင်း တင်ပြခြင်း ဖြစ်တယ်။ စစ်မှန်တဲ့ နာခံမှု တင်ပြသူဟာ ရွှင်လန်းမှုလည်း ခံစားရတယ်၊ အကြောင်းကတော့ ယေဟောဝါရဲ့ ပညတ်တွေဟာ ဝန်ထုပ်ဝန်ပိုး မဟုတ်ဘဲ ကိုယ်တော့်ကို “စိတ်ထက်သန်စွာ ရှာဖွေသူကို ဆုချသောအရှင် ဖြစ်ကြောင်း” ယုံကြည်တဲ့အတွက် ဖြစ်တယ်။—ဟေဗြဲ ၁၁:၆; ၁ ယော. ၅:၃။
ဘုရားရေးရာ ရတနာ
it-1 ၃၆၀
နယ်နိမိတ် မှတ်တိုင်
ယေဟောဝါရဲ့ ပညတ်မှာ နယ်နိမိတ် မှတ်တိုင်တွေ ရွှေ့ပြောင်းတာကို တားမြစ်ထားတယ်။ (တရ ၁၉:၁၄။ ပ ၂၂:၂၈ ကိုလည်း ကြည့်ပါ။) “အိမ်နီးချင်းရဲ့ နယ်နိမိတ်မှတ်တိုင်” ကို ရွှေ့တဲ့သူ ကျိန်စာသင့်ပါစေ လို့တောင် ပြောထားတယ်။ (တရ ၂၇:၁၇) မြေပိုင်ရှင်တွေဟာ သီးပွင့်ဖြစ်ထွန်းတဲ့ သူတို့မြေကို မှီခိုအားထားနေရတာကြောင့် နယ်နိမိတ်မှတ်တိုင် ရွှေ့ပြောင်းလိုက်တာဟာ သူ့အသက်မွေးလုပ်ငန်းကို ဖျက်ဆီးလိုက်တာပဲ။ ရှေးအချိန်တုန်းက အဲဒီလိုလုပ်တာကို ခိုးတာနဲ့ အတူတူပဲလို့ ရှုမြင်ကြတယ်။ (ယဘ ၂၄:၂) ဒီလိုမတရားမှုမျိုးကို ဂရုမစိုက် လုပ်နေကြသူတွေ ရှိတယ်။ ဟောရှေခေတ်က ယုဒ မင်းညီမင်းသားတွေကို နယ်နိမိတ်မှတ်တိုင် ရွှေ့တဲ့သူတွေနဲ့ ခိုင်းနှိုင်းထားတယ်။—ဟော ၅:၁၀။
ဩဂုတ် ၂၃–၂၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တရားဟောရာ ၂၉–၃၀
“ယေဟောဝါကို ဝတ်ပြုဖို့ မခက်ခဲလွန်း”
ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့ကို ရွေးချယ်ခွင့်ပေး
ကျွန်ုပ်တို့ကို ဘုရားသခင် အဘယ်အရာ တောင်းဆိုတော်မူသည်ကို သိရှိရန်၊ ထိုအတိုင်း လုပ်ဆောင်ရန် ခက်ခဲပါသလော။ မောရှေ ဤသို့ဖော်ပြသည်– “ယနေ့ ငါမှာထားသော ဤပညတ်တရားတော်သည် သင် မတတ်နိုင်အောင် ခက်ခဲသည် မဟုတ်။ ဝေးသည်လည်း မဟုတ်။” (အခန်းငယ် ၁၁) ယေဟောဝါ ဘုရားသခင်သည် မတတ်နိုင်ရာကို တောင်းဆိုတော်မမူချေ။ ကိုယ်တော် တောင်းဆိုတော်မူရာများသည် အကျိုးသင့်အကြောင်းသင့်ရှိပြီး လက်လှမ်းမီနိုင်ရာများ ဖြစ်သည်။ ထို့ပြင် ကိုယ်တော် တောင်းဆိုတော်မူရာများကို သိမြင်နားလည်နိုင်သည်။ ကျွန်ုပ်တို့ကို ဘုရားသခင် အဘယ်အရာ တောင်းဆိုတော်မူသည်ကို သင်ယူသိရှိရန် “ကောင်းကင်သို့” တက်သွားစရာ မလိုသကဲ့သို့ “ပင်လယ်တစ်ဖက်” သို့လည်း ကူးသွားစရာ မလိုချေ။ (အခန်းငယ် ၁၂၊ ၁၃) အကြောင်းမှာ ကျွန်ုပ်တို့ မည်သို့ အသက်ရှင်နေထိုင်ရမည်ကို သမ္မာကျမ်းစာတွင် အထင်အရှား ဖော်ပြထား၍ ဖြစ်သည်။—မိက္ခာ ၆:၈။
ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့ကို ရွေးချယ်ခွင့်ပေး
“ယေဟောဝါကို ကျွန်မ သစ္စာဖောက်မိသွားမလားဆိုတဲ့ စိုးရိမ်စိတ်တွေ မကြာခဏ ဝင်လာတတ်တယ်” ဟု ခရစ်ယာန် အမျိုးသမီးတစ်ဦးက ဆိုသည်။ ငယ်ရွယ်စဉ်က ကြုံတွေ့ခဲ့ရသည့် စိတ်ဆင်းရဲစရာများကြောင့် အောင်မြင်နိုင်မည် မဟုတ်ဟု သူ ခံစားရသည်။ ထိုသို့ ဖြစ်နိုင်စရာအကြောင်း ရှိသလော။ ကျွန်ုပ်တို့လည်း ထိုအမျိုးသမီးကဲ့သို့ စိုးရိမ်စိတ် ဝင်သင့်သလော။ မဝင်သင့်ပါ။ ယေဟောဝါ ဘုရားသခင်သည် ကျွန်ုပ်တို့ကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထားရာ မည်သို့ အသက်ရှင် နေထိုင်ကြမည်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ ကိုယ်တိုင် ရွေးချယ်နိုင်ကြသည်။ သို့သော် ယေဟောဝါ ဘုရားသခင်သည် ကျွန်ုပ်တို့အား မှန်မှန်ကန်ကန် ရွေးချယ်စေလိုပြီး ယင်းကို မည်သို့ ပြုလုပ်နိုင်ကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထား၏။ တရားဟောရာ အခန်းကြီး ၃၀ [သမ္မာ] တွင် တွေ့ရသော မောရှေ၏ စကားများကို သုံးသပ်ကြည့်ပါ။
ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့ကို ရွေးချယ်ခွင့်ပေး
ကျွန်ုပ်တို့ ရွေးချယ်သော လမ်းစဉ်သည် ယေဟောဝါ ဘုရားသခင်အတွက် အရေးကြီးပါသလော။ အရေးကြီးပါသည်။ ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် မောရှေက ‘အသက်ကို ရွေးယူလော့’ ဟုဆိုသည်။ (အခန်းငယ် ၁၉) သို့သော် အသက်ကို ကျွန်ုပ်တို့ မည်သို့ ရွေးယူနိုင်သနည်း။ ‘သင်၏ ဘုရားသခင် ယေဟောဝါကို ချစ်ခြင်း၊ စကားတော်ကို နားထောင်ခြင်း၊ ကိုယ်တော်၌ ဆည်းကပ်မှီဝဲခြင်းအားဖြင့်’ ဖြစ်ကြောင်း မောရှေ ရှင်းပြသည်။ (အခန်းငယ် ၂၀) ကျွန်ုပ်တို့သည် ယေဟောဝါ ဘုရားသခင်ကို ချစ်မြတ်နိုးလာပါက ကိုယ်တော်၏ စကားတော်ကို နာခံမှုရှိရှိ နားထောင်လိုကြပြီး အဘယ်အရာကိုပင် တွေ့ကြုံရပါစေ ကိုယ်တော်၌ သစ္စာရှိရှိ ဆည်းကပ်မှီဝဲလိုကြမည်။ ဤနည်းဖြင့် အသက်လမ်းစဉ်ကို ကျွန်ုပ်တို့ ရွေးချယ်ကြသည်၊ ယင်းလမ်းစဉ်သည် ယခုအချိန်၌ပင် အကောင်းဆုံး အသက်လမ်းစဉ် ဖြစ်ပြီး မကြာမီ ရောက်လာတော့မည့် ဘုရားသခင့် ကမ္ဘာသစ်တွင် ထာ၀စဉ် အသက်ရှင်မည်ဟူသော မျှော်လင့်ချက် ရှိသည်။—၂ ပေတရု ၃:၁၁-၁၃; ၁ ယောဟန် ၅:၃။
ဘုရားရေးရာ ရတနာ
it-1 ၆၆၅ ပိုဒ်. ၃
နား
ယေဟောဝါဟာ ကျေးကျွန်တွေက တစ်ဆင့် ခေါင်းမာတဲ့၊ နာခံမှုမရှိတဲ့၊ “နားကို အရေဖျား မဖြတ်ထား” တဲ့ အစ္စရေးတွေအကြောင်း ပြောခဲ့တယ်။ (ယေ ၆:၁၀။ တ ၇:၅၁) မကြားနိုင်အောင် နားကို တစ်ခုခုနဲ့ ပိတ်ဆို့ထားသလိုပဲ။ အဲဒီနားတွေကို ယေဟောဝါက မဖွင့်ပေးဘူး။ ဒါပေမဲ့ ဘုရားကို ရှာတဲ့သူတွေကိုတော့ နားလည်၊ နာခံတတ်တဲ့ နားကို ပေးတယ်။ မနာခံတတ်တဲ့သူတွေရဲ့ နားကိုတော့ ထိုင်းစေတယ်။ (တရ ၂၉:၄။ ရ ၁၁:၈) ခရစ်ယာန်လို့ အခေါ်ခံသူတချို့က ဘုရားရဲ့ တရားစကားကို နားမထောင်ချင်လို့ အမှန်တရားကနေ ဖောက်ပြန်သွားမယ်၊ သူတို့ ကြားချင်တာကို ဟောတဲ့ ဆရာတွေ ပြောတာကိုပဲ နားထောင်မယ့်အချိန် ရောက်လာလိမ့်မယ်လို့ တမန်တော် ပေါလု ကြိုပြောခဲ့တယ်။ (၂တိ ၄:၃၊ ၄။ ၁တိ ၄:၁) သတင်းဆိုးတွေကို ကြားရလို့ တုန်လှုပ်ချောက်ချားမယ့် နားတွေလည်း ရှိမယ်လို့ ပြောထားတယ်။—၁ရှ ၃:၁၁။ ၂ဘု ၂၁:၁၂။ ယေ ၁၉:၃။
ဩဂုတ် ၃၀–စက်တင်ဘာ ၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တရားဟောရာ ၃၁–၃၂
မောရှေ ရေးတဲ့ သီချင်းမှာ ပါတဲ့ တင်စားချက်တွေကနေ ဘာသင်ယူနိုင်သလဲ
“နာမတော်ကို ကြောက်ရွံ့တတ်ဖို့ စိတ်ကို စုစည်းပေးပါ”
၈ အစ္စရေးတွေ ကတိထားရာပြည်ထဲ မဝင်ခင်လေးမှာ မောရှေကို ယေဟောဝါ သီချင်းတစ်ပုဒ် သင်ပေးတယ်။ (တရား. ၃၁:၁၉) မောရှေက အစ္စရေးတွေကို အဲဒီသီချင်း ပြန်သင်ပေးရမယ်။ (တရားဟောရာ ၃၂:၂၊ ၃ ကိုဖတ်ပါ။) အခန်းငယ် ၂၊ ၃ ကို ဖတ်တဲ့အခါ ယေဟောဝါက မိမိနာမည်ကို ဖုံးကွယ်မထားချင်ကြောင်း၊ မိမိနာမည်ကို လူတွေ အသံထွက်ခေါ်ရမှာ ကြောက်နေတာမျိုး မဖြစ်စေချင်ကြောင်း ထင်ရှားတယ်။ လူတိုင်းကို မိမိနာမည် သိစေချင်တယ်။ ယေဟောဝါအကြောင်း၊ ဘုန်းကြီးတဲ့ နာမတော်အကြောင်း မောရှေ သင်ပေးတာကို အစ္စရေးတွေ ကြားရတာ တကယ့်အခွင့်ထူးပါပဲ။ မောရှေ သွန်သင်ပေးတာတွေက အပင်တွေပေါ် ရွာသွန်းတဲ့ မိုးစက်မိုးပေါက်တွေလိုပဲ အစ္စရေးတွေကို လန်းဆန်းအားရှိစေတယ်။ ကျွန်တော်တို့လည်း လူတွေကို လန်းဆန်းအားရှိစေတဲ့နည်းနဲ့ ဘယ်လို သွန်သင်နိုင်သလဲ။
၉ တစ်အိမ်တက်ဆင်း လုပ်ငန်းမှာ ဖြစ်စေ၊ အများရှေ့ သက်သေခံခြင်းမှာ ဖြစ်စေ ဘုရားရဲ့ နာမည် ယေဟောဝါ ဆိုတာကို ကျမ်းစာထဲကနေ ဖတ်ပြသင့်တယ်။ ယေဟောဝါကို ဂုဏ်တင်တဲ့ စာပေ၊ ဗီဒီယို၊ ဝက်ဘ်ဆိုက်ပေါ်က အကြောင်းအရာတွေကို ပြနိုင်တယ်။ အလုပ်မှာ၊ ကျောင်းမှာ၊ ခရီးသွားတဲ့အခါ ကျွန်တော်တို့ ချစ်ရတဲ့ ဘုရားသခင်အကြောင်း၊ ဘယ်လို ဘုရားမျိုး ဖြစ်ကြောင်း အခွင့်အရေးရှာ ဟောပြောသင့်တယ်။ လူနဲ့ ကမ္ဘာမြေအတွက် ယေဟောဝါရဲ့ မေတ္တာပါ ရည်ရွယ်ချက်အကြောင်း တခြားသူတွေကို ပြောပြတဲ့အခါ သူတို့အတွက် အသစ်အဆန်း ဖြစ်နေပုံရမယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လောက် ချစ်မှန်း ဦးဆုံးအကြိမ် ကြားဖူးတာ ဖြစ်နိုင်တယ်။ ဘုရားနဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း တခြားသူတွေကို ပြောပြတာက နာမတော် သန့်ရှင်းမြင့်မြတ်စေရေးမှာ ကူညီပေးရာ ရောက်သလို ယေဟောဝါနဲ့ပတ်သက်ပြီး သွန်သင်ခံထားရတဲ့ အလိမ်အညာတွေကို ဖော်ထုတ်ရှင်းလင်းပေးရာလည်း ရောက်တယ်။ ကျမ်းစာ သွန်သင်ချက်တွေက လူတွေကို လန်းဆန်းအားရှိစေနိုင်တယ်။—ဟေရှာ. ၆၅:၁၃၊ ၁၄။
သမ္မာကျမ်းစာမှ ဥပစာစကားများ—ယင်းတို့ကို သင် သဘောပေါက်ပါသလော
ကျမ်းစာတွင် ယေဟောဝါကို သက်မဲ့ အရာဝတ္ထုများနှင့်လည်း ခိုင်းနှိုင်းထားသည်။ ကိုယ်တော်ကို “ဣသရေလအမျိုး၏ ကျောက်၊” “မြို့ရိုး” အဖြစ် ဖော်ပြသည်။ (၂ ဓမ္မရာဇဝင် ၂၃:၃; ဆာလံ ၁၈:၂; တရားဟောရာ ၃၂:၄) ဆင်တူချက်ကား အဘယ်နည်း။ ကျောက်ဆောင်ကြီးသည် မယိမ်းမယိုင် ခိုင်ခံ့မြဲမြံသည့်နည်းတူ ယေဟောဝါ ဘုရားသခင်သည် ကျောက်ဆောင်ပမာ မယိမ်းယိုင်ဘဲ လုံခြုံမှု အမြဲ ပေးနိုင်သောအရှင် ဖြစ်သည်။
သင့်သားသမီးများကို လေ့ကျင့်ရာတွင် ယေဟောဝါအား တုပလော့
၇ ဣသရေလတို့နှင့် ဆက်ဆံရာ၌ ယေဟောဝါ ဖော်ပြသော မေတ္တာတော်ကို သုံးသပ်ကြည့်ပါ။ တည်ထောင်ခါစ ဣသရေလလူမျိုးကို ယေဟောဝါ၏ ချစ်ခြင်းအကြောင်း မောရှေ သရုပ်ဖော်ရန် ထိရောက်သော ပုံဥပမာတစ်ရပ်ကို အသုံးပြုခဲ့သည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ရွှေလင်းတသည် အသိုက်ကို မွှေလျက်၊ သားငယ်တို့အပေါ်မှာ လှုပ်ရှားလျက်၊ အတောင်တို့ကို ဖြန့်လျက်၊ သားငယ်တို့ကို ယူ၍ မိမိအတောင်တို့ဖြင့် ဆောင်သကဲ့သို့၊ ထာဝရဘုရား တစ်ပါးတည်းသာလျှင် ယာကုပ်ကို ဆောင်သွားတော်မူ၏။” (တရားဟောရာ ၃၂:၉၊၁၁၊ ၁၂) သားငယ်တို့ကို ပျံတတ်ရန် သင်ပေးရာတွင် မိခင်လင်းယုန်ငှက်သည် သူ၏ တောင်ပံများကို တဖျပ်ဖျပ်ခပ်၍ ‘သူ၏ အသိုက်ကို မွှေလျက်’ သားငယ်များကို ပျံသန်းရန် တိုက်တွန်းသည်။ မြင့်မားသော ကျောက်ဆောင်၌ တည်လေ့ရှိသော အသိုက်ထဲမှ ငှက်ငယ်ကလေးသည် နောက်ဆုံးတွင် ဒိုင်ဗင် ထိုးချလိုက်သောအခါ မိခင်သည် အဆိုပါသားငယ် “အပေါ်မှာလှုပ်ရှား” နေလေ၏။ အပျံသင်စ ငှက်ငယ်သည် မြေပေါ်ကျမည့်ဟန် ရှိသည့်အခါ မိခင်သည် ၎င်း၏အောက်မှ ထိုးဆင်းပျံဝဲလျက် “မိမိအတောင်တို့ဖြင့်” ငှက်ငယ်ကလေးကို ချီဆောင်လေသည်။ အလားတူပင် ယေဟောဝါသည် မိမိ၏ ဖွားခါစ ဣသရေလလူမျိုးကို မေတ္တာပါစွာ ဂရုစိုက်ခဲ့သည်။ မောရှေပညတ်ကို သူတို့အား ကိုယ်တော် ပေးခဲ့သည်။ (ဆာလံ ၇၈:၅-၇) ထို့နောက် ဘုရားသခင်သည် အဆိုပါလူမျိုးကို ဂရုတစိုက် မျက်လုံးဖြင့် ကြည့်ရှုစောင့်မတော်မူပြီး မိမိလူမျိုး အခက်အခဲ ကြုံသောအခါ ကယ်မရန် အသင့်ရှိတော်မူ၏။
ဘုရားရေးရာ ရတနာ
တရားဟောရာကျမ်းမှ ပေါ်လွင်ချက်များ
၃၁:၁၂။ အသင်းတော် အစည်းအဝေးများတွင် လူငယ်များသည် လူကြီးများနှင့်အတူ ထိုင်၍ ကြိုးစားနားထောင်၊ သင်ယူသင့်သည်။