“အထက်ကာလအချိန်ကို အောက်မေ့ကြလော့” အဘယ်ကြောင့်နည်း
“အထက်ကာလအချိန်ကို အောက်မေ့ကြလော့။” စီ.အီး. ၆၁ ခန့်ကရေးသားခဲ့သော တမန်တော်ပေါလု၏ ဤ [ဆုံးမ] စကားသည် ယုဒနယ်ရှိဟေဗြဲခရစ်ယာန်များအတွက်ဖြစ်သည်။ (ဟေဗြဲ ၁၀:၃၃) အဘယ်ကြောင့် ဤသို့ပြောခဲ့ရသနည်း။ ပထမရာစုတွင် ယေဟောဝါအားကိုးကွယ်ကြသူများသည် အထက်ကာလအချိန်ကို အဘယ်ကြောင့်မမေ့ဖို့လိုသနည်း။ ကျွန်ုပ်တို့သည် ယနေ့ဆင်တူယိုးမှားသတိပေးချက်တစ်ခုကို နာခံခြင်းအားဖြင့် အကျိုးခံစားနိုင်မည်လော။
ရာစုနှစ်တစ်လျှောက်တွင် ကျမ်းရေးသူများသည် အထက်ကာလအချိန်ကို အမှုမထားခြင်း သို့မဟုတ် ဂရုမစိုက်ခြင်းမပြုရန် ကြိမ်ဖန်များစွာ သတိပေးခဲ့သည်။ ရှေးကာလနှင့် အဖြစ်အပျက်များကို စွဲမှတ်ထားပြီး ဆင်ခြင်သုံးသပ်ရကြမည်ဖြစ်သည်။ ယေဟောဝါကိုယ်တော်တိုင်ပင် ဤသို့မိန့်တော်မူခဲ့သည်– “ရှေးကာလ၌ဖြစ်ဖူးသောအမှုအရာတို့ကို အောက်မေ့ကြလော့။ ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားမရှိ။” (ဟေရှာယ ၄၆:၉) ဤသြဝါဒကိုလိုက်နာနိုင်ရန် အရေးပါသောအကြောင်းသုံးခုကို စစ်ဆေးကြည့်ကြစို့။
စေ့ဆော်မှုနှင့် အားပေးတိုက်တွန်းမှု
ဦးဆုံး၊ ယင်းသည် စေ့ဆော်မှုနှင့် အားပေးတိုက်တွန်းမှု အကြီးအကျယ်ပေးနိုင်သည်။ ဟေဗြဲအသင်းတော်ထံ ပေါလုစာရေးခဲ့စဉ်က ဂျူးများ၏အတိုက်အခံပြုမှုကြောင့် ယုံကြည်ခြင်းစမ်းသပ်မှုကို နေ့စဉ်ခံနေရသော ခရစ်ယာန်ချင်းတို့အား ရေးသားနေခြင်းဖြစ်သည်။ သူတို့၌ခံနိုင်ရည်တိုးများလာစေရန် လိုအပ်နေကြောင်းကို အသိအမှတ်ပြုကာ ပေါလုဤသို့ဆိုသည်– “သင်တို့သည် အလင်းသို့ရောက်ပြီးသည်နောက် . . . ကြီးစွာသောဆင်းရဲဒုက္ခဝေဒနာများကို တိုက်လှန်ခြင်းနှင့်တွေ့ ကြုံသော အထက်ကာလအချိန်ကို အောက်မေ့ကြလော့။” (ဟေဗြဲ ၁၀:၃၂၊ ၃၃) [ဝိညာဉ်ရေး] တိုက်လှန်မှုတွင် သစ္စာရှိကြောင်းတင်ပြခဲ့သည့်အချိန်အခါများကို ပြန်သတိရခြင်းဖြင့် သူတို့သည်ပြိုင်ပွဲအဆုံးတိုင်ပြေးနိုင်ရန် လိုအပ်သောသတ္တိကိုရရှိမည်ဖြစ်သည်။ ထိုနည်းတူစွာ ပရောဖက်ဟေရှာယကလည်း ဤသို့ရေးသားခဲ့သည်– “သင်တို့သည် သတ္တိရှိရန် ဤအမှုကိုအောက်မေ့ကြလော့။” (ဟေရှာယ ၄၆:၈၊ ကဘ) ယေရှုခရစ်သည် ဤနှစ်လိုဖွယ်အကျိုးသက်ရောက်မှုကို စွဲမှတ်တော်မူကာ ဧဖက်အသင်းတော်အား ဤသို့မိန့်တော်မူ၏– “ထိုကြောင့်၊ သင်သည်မရွေ့လျော့မီ အရင်နေရာအရပ် [ရှေးဦးစွာကရှိသောချစ်ခြင်းမေတ္တာ] ကိုအောက်မေ့လော့။ နောင်တရလော့။ ရှေ့ဦးစွာသောအကျင့်ကိုကျင့်လော့။”—ဗျာဒိတ် ၂:၄၊ ၅။
“ရှေးကာလကိုအောက်မေ့လော့။ လွန်လေပြီးသောနှစ်ပေါင်းများကိုဆင်ခြင်လော့” ဟူသောသြဝါဒစကားသည် ဣသရေလလူမျိုးအား ယေဟောဝါအပေါ် ရဲရင့်စွာသစ္စာရှိကြရန် မောရှေ၏သြဝါဒစကားများတွင် ထပ်ခါတလဲပါရှိခဲ့သည်။ (တရားဟောရာ ၃၂:၇) တရားဟောရာ ၇:၁၈၊ ၁၉ တွင်မှတ်တမ်းတင်ထားသည့် သူ၏စကားကို သတိပြုပါ– “သူတို့ [ခါနာန်လူမျိုး] ကိုမကြောက်ရ။ သင်၏ဘုရားသခင်ထာဝရဘုရားသည် ဖာရောဘုရင်နှင့် အဲဂုတ္တုပြည်တစ်ပြည်လုံး၌ ပြုတော်မူသောအမှုကို . . . စေ့စေ့အောက်မေ့ရမည်။” မိမိလူမျိုးတော်အတွက် ယေဟောဝါပြုတော်မူသော ကယ်တင်ခြင်းလုပ်ရပ်များကို အောက်မေ့ခြင်းသည် ဘုရားသခင်၏ပညတ်တော်များကို သူတို့အဆက်မပြတ်လိုက်နာရန် ဆွဲဆောင်မှုတစ်ခုဖြစ်ရမည်တည်း။—တရားဟောရာ ၅:၁၅; ၁၅:၁၅။
ဝမ်းနည်းစရာမှာ ဣသရေလလူမျိုးသည် မေ့လျော့ခြင်းအပြစ်ကို မကြာခဏပြုခဲ့ကြသည်။ သို့ဖြစ်၍ အဘယ်ရလဒ်ပေါ်လာသနည်း။ “ဘုရားသခင်ကို အဖန်ဖန်စုံစမ်း၍ ဣသရေလအမျိုး၌ သန့်ရှင်းတော်မူသောဘုရားကို ဆန့်ကျင်ဘက်ပြုကြပါသည်တကား။ တန်ခိုးတော်ကိုလည်းကောင်း၊ ဒုက္ခထဲက ကယ်လွှတ်တော်မူသောနေ့ရက်ကာလကိုလည်းကောင်း မအောက်မေ့ကြ။” (ဆာလံ ၇၈:၄၁၊ ၄၂) နောက်ဆုံးတွင် ယေဟောဝါ၏အမိန့်တော်များကို သူတို့မေ့လျော့ကြခြင်းကြောင့် ကိုယ်တော်၏စွန့်ပယ်ခြင်းကို ခံခဲ့ကြရသည်။—မဿဲ ၂၁:၄၂၊ ၄၃။
“ထာဝရဘုရား၏အမှုတော်တို့ကို အောက်မေ့ပါမည်။ ရှေးကာလ၌ ကိုယ်တော်ပြုဖူးသောအံ့သြဖွယ်တို့ကို အောက်မေ့ပါမည်။ ပြုတော်မူသမျှတို့ကိုဆင်ခြင်၍ စီရင်တော်မူသောအရာတို့ကို မြွက်ဆိုပါမည်” ဟုရေးသားခဲ့သောဆာလံဆရာသည် ပုံသက်သေကောင်း တင်ပြခဲ့ပြီ။ (ဆာလံ ၇၇:၁၁၊ ၁၂) အထက်ကာလအချိန်က သစ္စာရှိမှုနှင့် ယေဟောဝါ၏မေတ္တာရှိသောလုပ်ရပ်များကို ဤသို့အောက်မေ့ခြင်းက ကျွန်ုပ်တို့လိုအပ်သောစေ့ဆော်မှု၊ အားပေးတိုက်တွန်းမှုနှင့် ကျေးဇူးတင်လေးစားမှု ရှိစေမည်။ ထို့ပြင် “အထက်ကာလအချိန်ကို အောက်မေ့ကြခြင်း” ဖြင့်မောပန်းခြင်းပျောက်လွင့်ပြီး ကျွန်ုပ်တို့အတတ်နိုင်ဆုံးအမှုဆောင်ရန်နှင့် သစ္စာရှိသောခံနိုင်ရည်ကိုတင်ပြရန် စေ့ဆော်တွန်းအားပေးနိုင်ပါသည်။
အတိတ်ကအမှားများမှ သင်ခန်းစာရယူခြင်း
ဒုတိယ၊ မမေ့လျော့ခြင်းဖြင့် အတိတ်ကအမှားများနှင့် ယင်းတို့၏အကျိုးဆက်များမှ သင်ခန်းစာယူနိုင်ပါသည်။ ၎င်းကိုစွဲမှတ်ထားကာ ဣသရေလလူမျိုးကို မောရှေဤသို့ဆုံးမခဲ့သည်– “သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကို အမျက်တော်ထွက်စေခြင်းငှာ၊ တော၌ပြုမိသည်ကိုမမေ့နှင့်၊ အောက်မေ့လော။ သင်သည် အဲဂုတ္တုပြည်ထဲက ထွက်သောနေ့မှစ၍ ဤအရပ်သို့ရောက်သည်တိုင်အောင် ထာဝရဘုရားကိုပုန်ကန်ပြီ။” (တရားဟောရာ ၉:၇) ဣသရေလလူမျိုးသည် နာခံမှုမရှိခဲ့သောကြောင့် မောရှေတင်ပြသည့်အတိုင်း ‘သူတို့၏ဘုရားသခင်ယေဟောဝါသည် . . . အနှစ်လေးဆယ်ပတ်လုံး တော၌သွားလာစေတော်မူ’ ခဲ့သည်။ ယင်းကိုသူတို့အောက်မေ့ရန် အဘယ်ကြောင့်တိုက်တွန်းခံရသနည်း။ သူတို့ကိုနှိမ့်ချမှုရှိစေကာ သူတို့၏ပုန်ကန်သောလမ်းစဉ်ကို ပြုပြင်ပြီး “ဘုရားသခင် ထာဝရဘုရားစီရင်တော်မူသောလမ်းသို့လိုက်၍၊ ကိုယ်တော်ကိုကြောက်ရွံ့သဖြင့် ပညတ်တော်တို့ကိုစောင့်ရှောက်” စေရန်ဖြစ်သည်။ (တရားဟောရာ ၈:၂-၆) အတိတ်ကအမှားများကို ပြန်မပြုလုပ်ခြင်းအားဖြင့် သင်ခန်းစာယူဖို့ဖြစ်သည်။
စာရေးဆရာတစ်ဦးက “အဆင်အခြင်ရှိသူသည် ကိုယ်ပိုင်အတွေ့အကြုံမှ အကျိုးခံစားရသည်၊ ပညာရှိမူကား သူတစ်ပါးအတွေ့အကြုံမှ အကျိုးခံစားရသည်” ဟုဆိုသည်။ မိမိတို့၏အတိတ်ကအမှားများကိုဆင်ခြင်၍ အကျိုးခံစားကြရန် ဣသရေလလူမျိုးကို မောရှေမှာကြားခဲ့သော်လည်း တမန်တော်ပေါလုသည် အခြားသူများ—ပထမရာစုခရစ်ယာန်အသင်းတော်နှင့် တစ်ဆက်တည်း ကျွန်ုပ်တို့—ကိုထိုသမိုင်းမှတ်တမ်းမှပင် သင်ခန်းစာယူရန်သြဝါဒပေးခဲ့သည်။ သူက “ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေဖြစ်အံ့သောငှာ ထိုသူတို့ [ဣသရေလလူမျိုး] ၌ရောက်ကြ၏။ ကပ်ကာလအဆုံးတွင်ဖြစ်သောငါတို့ကို ဆုံးမစရာဖို့ ကျမ်းစာ၌ရေးထားလျက်ရှိသတည်း” ဟုရေးခဲ့သည်။ (၁ ကောရိန္သု ၁၀:၁၁) ယေရှုခရစ်တော်သည် ရှေးကျမ်းစာအဖြစ်အပျက်မှ အခြားအကြောင်းတစ်ခုကိုစွဲမှတ်ကာ “လောတ၏မယားကိုအောက်မေ့ကြလော့” ဟုမိန့်တော်မူစဉ်တွင် ၎င်းမှလည်း သင်ခန်းစာယူကြဖို့ အလိုရှိတော်မူသည်။ (လုကာ ၁၇:၃၂; ကမ္ဘာဦး ၁၉:၁-၂၆) အင်္ဂလိပ်ကဗျာဆရာနှင့် အတွေးအခေါ်ပညာရှင် ဆဲမျူအယ်လ် တေလာ ကိုလ်ရစ်ချ်က “လူတို့သာ သမိုင်းမှသင်ယူတတ်မည်ဆိုလျှင် သင်ခန်းစာများစွာရရှိမည်ပါတကား!” ဟူ၍ရေးသားခဲ့ဖူးသည်။
ကျိုးနွံခြင်းနှင့် ကျေးဇူးတင်တတ်ခြင်း
တတိယ၊ သတိရမှတ်မိခြင်းက ဘုရားသခင်နှစ်သက်တော်မူသည့် ကျိုးနွံခြင်းနှင့် ကျေးဇူးတင်တတ်ခြင်းသဘောများကို မွေးမြူပေးသည်။ ကျွန်ုပ်တို့၏ ကမ္ဘာချီ [ဝိညာဉ်ရေး] ပရဒိသုရှုထောင့်အသီးသီး၌ ရွှင်လန်းအားရနေကြစဉ် ၎င်းသည် အရည်အချင်းအချို့အပေါ်အခြေခံကြောင်း မမေ့လျော့ကြစို့နှင့်။ ၎င်းတို့တွင် သစ္စာစောင့်ခြင်း၊ ချစ်ခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း၊ ဒုက္ခဆင်းရဲရင်ဆိုင်ရစဉ် ရဲရင့်ခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ စိတ်ရှည်ခြင်းနှင့် ယုံကြည်ခြင်းအစရှိသော အရည်အချင်းများပါဝင်သည်။ ၎င်းတို့ကို လွန်ခဲ့သောဆယ်စုနှစ်များက နိုင်ငံအသီးသီးတွင် လုပ်ငန်းတော်ကိုစတင်ဆောင်ရွက်ခဲ့သည့် ခရစ်ယာန်ညီအစ်ကိုညီအစ်မများ တင်ပြခဲ့ကြသည်။ မက္ကဆီကိုနိုင်ငံရှိဘုရားသခင့်လူမျိုး၏ မျက်မှောက်ခေတ်သမိုင်းမှတ်တမ်းကိုနိဂုံးချုပ်ရာတွင် ယေဟောဝါသက်သေများ၏ ၁၉၉၅ နှစ်ချုပ်စာအုပ်က ဤသို့ဆိုသည်– “မက္ကဆီကိုနိုင်ငံတွင် လုပ်ငန်းစတင်ခဲ့သူများရင်ဆိုင်ခဲ့ရသော စမ်းသပ်မှုများသည် ယေဟောဝါသက်သေများနှင့် ပေါင်းသင်းခါစရှိသူများအတွက် အံ့ဩစရာဖြစ်ပေမည်။ ဤသူတို့သည် ဝိညာဏအစာပေါများသည့်၊ ဘုရားကြောက်ရွံ့သောအပေါင်းအသင်း ထောင်ပေါင်းများစွာရှိသည့်၊ ဘုရားသခင့်လုပ်ငန်းတော်ကို စည်းစနစ်ကျနစွာဆောင်ရွက်သည့် ဝိညာဏပရဒိသုနှင့်အကျွမ်းဝင်နေကြသည်။”
ထိုအစောပိုင်း ရှေ့ဆောင်ရှေ့ရွက်ပြုသူများသည် များသောအားဖြင့် တစ်ယောက်တည်း၊ သို့မဟုတ် သီးခြားအုပ်စုငယ်ကလေးတို့တွင် အမှုဆောင်ခဲ့ကြသည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကို ကြွေးကြော်ကြရာတွင် သူတို့သည်အထီးကျန်စိတ်၊ ချို့ငဲ့မှုနှင့် သမာဓိစောင့်သိခြင်းဆိုင်ရာ ပြင်းထန်သော အခြားစမ်းသပ်မှုများကို ခံခဲ့ကြရသည်။ အထက်ကာလက ကျေးကျွန်မြောက်မြားစွာတို့သည် သေခြင်းဖြင့် ကမ္ဘာ့ဇာတ်ခုံမှထွက်ခွာခဲ့ပြီဖြစ်သော်လည်း သူတို့သစ္စာရှိစွာထမ်းဆောင်ခဲ့သောအမှုကို ယေဟောဝါမေ့လျော့တော်မမူကြောင်းသိရှိရခြင်းသည် အလွန်အားရစရာပါတကား! တမန်တော်ပေါလုက “သင်တို့ . . . လုပ်ကျွေးခြင်းအမှုကိုလည်းကောင်း၊ . . . နာမတော်ကိုထောက်၍ပြသောမေတ္တာကိုလည်းကောင်း၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကိုပြုတော်မူသည်မဟုတ်” ဟုရေးသားကာ ယင်းကိုစိတ်ချစေသည်။ (ဟေဗြဲ ၆:၁၀) ယေဟောဝါသည် အမြတ်တနိုးသတိရတော်မူလျှင် ကျွန်ုပ်တို့လည်း ကျေးဇူးတင်စိတ်နှင့် ထိုနည်းထပ်တူမပြုသင့်ပေလော။
သမ္မာတရားကိုသိကျွမ်းခါစဖြစ်သူများသည် ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများ စာအုပ်မှ ဤသမိုင်းဝင်အကြောင်းကို သိရှိနိုင်ကြပါသည်။a ထို့ပြင် ကျွန်ုပ်တို့သည် ကြာမြင့်စွာအမှုထမ်းခဲ့သော သက်ကြီးရွယ်အိုညီအစ်ကိုညီအစ်မများရှိသည့် မိသားစုဝင် သို့မဟုတ် ခရစ်ယာန်အသင်းတော်ဝင် ဖြစ်ရသောအခွင့်ရှိထားကြလျှင် “ရှေးကာလကိုအောက်မေ့လော့။ လွန်လေပြီးသောနှစ်ပေါင်းများကိုဆင်ခြင်လော့။ သင့်အဘကိုမေးမြန်းလျှင် သူသည်ဖော်ပြလိမ့်မည်။ အသက်ကြီးသောသူတို့ကိုမေးမြန်းလျှင် သူတို့သည် ပြောဆိုကြလိမ့်မည်” ဟုတရားဟောရာ ၃၂:၇ ပါစကားအတိုင်းပြုလုပ်ရန် တိုက်တွန်းခံရကြသည်။
မှန်ပါသည်၊ အထက်ကာလက ဘုရားရေးရာဆက်ကပ်အပ်နှံခြင်းလုပ်ရပ်များကို ပြန်သတိရခြင်းအားဖြင့် ကျွန်ုပ်တို့၏ခရစ်ယာန်လုပ်ငန်းတော်တွင် ခံနိုင်ရည်ရှိရှိ ရွှင်လန်းအားရစွာ ဆက်လက်ပါဝင်သွားရန် တိုက်တွန်းခံရသည်။ ထို့ပြင်ကျွန်ုပ်တို့သည် သမိုင်းမှသင်ခန်းစာယူစရာ များစွာရှိသည်။ ၎င်းနောက် ဘုရားသခင်ကောင်းချီးပေးထားသော ကျွန်ုပ်တို့၏ဝိညာဏပရဒိသုကိုတွေးတောဆင်ခြင်ခြင်းဖြင့် တင့်တယ်သောအရည်အချင်းများဖြစ်သည့် ကျိုးနွံခြင်းနှင့် ကျေးဇူးတင်တတ်ခြင်းအရည်အချင်းများကို တိုးပွားစေပါလိမ့်မည်။ အမှန်တကယ်ပင် “အထက်ကာလအချိန်ကို အောက်မေ့ကြလော့။”
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ နယူးယောက်မှထုတ်ဝေသည်။