-
ယေဟောဝါရဲ့ မီးလိုတောက်ပတဲ့ စစ်တပ်ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
-
-
သင်ခန်းစာ ၅၂
ယေဟောဝါရဲ့ မီးလိုတောက်ပတဲ့ စစ်တပ်
ဆီးရီးယားဘုရင် ဗင်ဟာဒဒ်ဟာ အစ္စရေးပြည်ကို တစ်ချိန်လုံး တိုက်ခိုက်နေတယ်။ ပရောဖက်ဧလိရှဲဟာ အစ္စရေးဘုရင်ကို အမြဲသတိပေးနေလို့ ရှောင်နိုင်ခဲ့တယ်။ ဒါကြောင့် ဧလိရှဲကို ဖမ်းဆီးဖို့ ဗင်ဟာဒဒ် ဆုံးဖြတ်တယ်။ ဧလိရှဲဟာ ဒေါသန်မြို့မှာ ရှိနေမှန်း သိသွားတော့ သူ့ကိုဖမ်းဖို့ ဆီးရီးယားစစ်တပ်ကို လွှတ်လိုက်တယ်။
ဆီးရီးယားစစ်တပ်ဟာ ညဘက်မှာ ဒေါသန်မြို့ကို ရောက်လာတယ်။ မိုးလင်းတော့ ဧလိရှဲရဲ့နောက်လိုက် အပြင်ထွက်တာနဲ့ တစ်မြို့လုံးကို စစ်တပ်ဝိုင်းရံထားတာ တွေ့လိုက်တယ်။ ဒါနဲ့ ‘အမယ်လေး၊ သခင်ရေ။ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ’ လို့လန့်ပြီးပြောတယ်။ ဧလိရှဲက ‘ငါတို့ဘက်မှာ သူတို့ထက် ပိုများတဲ့သူတွေ ရှိတယ်’ လို့ပြန်ပြောတယ်။ အဲဒီအချိန်မှာ ယေဟောဝါက ဧလိရှဲရဲ့ နောက်လိုက်ကို မြို့ပတ်လည် တောင်တန်းတွေပေါ်မှာ မီးလိုတောက်ပနေတဲ့ မြင်းတွေ၊ စစ်မြင်းရထားတွေကို မြင်စေတယ်။
ဆီးရီးယားစစ်သားတွေ ဧလိရှဲကို ဖမ်းဖို့ကြိုးစားတဲ့အခါ ‘ယေဟောဝါ၊ သူတို့မျက်စိကို ကွယ်စေပါ’ လို့ဆုတောင်းလိုက်လို့ သူတို့မြင်လျက်နဲ့ ဘယ်ရောက်နေမှန်း မသိကြဘူး။ ဧလိရှဲက စစ်သားတွေကို ‘ဒီမြို့ဟာ ခင်ဗျားတို့ရှာနေတဲ့ မြို့မဟုတ်ဘူး။ ကျွန်တော့်နောက် လိုက်ခဲ့။ ခင်ဗျားတို့ရှာနေတဲ့လူဆီ ပို့ပေးမယ်’ လို့ပြောလိုက်တယ်။ ဒါနဲ့ ဧလိရှဲနောက် သူတို့လိုက်သွားတာ အစ္စရေးဘုရင်နေတဲ့ ရှမာရိမြို့ဆီ ရောက်သွားတယ်။
ဆီးရီးယားစစ်သားတွေဟာ ဘယ်ရောက်နေမှန်း သိသွားတဲ့အခါ အစ္စရေးဘုရင်က ‘သူတို့ကို သတ်လိုက်ရမလား’ လို့ ဧလိရှဲကို မေးတယ်။ သူ့ကို သတ်ချင်တဲ့သူတွေဆိုပြီး ဧလိရှဲ ကလဲ့စားချေခဲ့သလား။ အဲဒီလို လုပ်မယ့်အစား ဧလိရှဲက ‘သူတို့ကို မသတ်နဲ့။ ကျွေးမွေးပြီး ပြန်လွှတ်လိုက်ပါ’ လို့ ပြောတယ်။ ဒါနဲ့ ဘုရင်လည်း စားသောက်ပွဲကြီးလုပ်ပေးပြီး ပြန်လွှတ်လိုက်တယ်။
“အလိုတော်နဲ့အညီ ဆုတောင်းမယ်ဆိုရင် ဘုရား နားထောင်မယ်ဆိုတာ စိတ်ချတယ်။” —၁ ယောဟန် ၅:၁၄
-
-
ယောယဒရဲ့ ရဲစွမ်းသတ္တိကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
-
-
သင်ခန်းစာ ၅၃
ယောယဒရဲ့ ရဲစွမ်းသတ္တိ
ယေဇဗေလမှာ အာသလိလို့ခေါ်တဲ့ သမီးတစ်ယောက်ရှိတယ်။ သူလည်း သူ့အမေလိုပဲ ဆိုးတယ်။ အာသလိရဲ့ခင်ပွန်းဟာ ယုဒဘုရင်ဖြစ်တယ်။ ခင်ပွန်းဆုံးသွားတော့ သားက နန်းတက်တယ်။ သားလည်း ဆုံးသွားတဲ့အခါ အာသလိကိုယ်တိုင် ယုဒပြည်ကို အုပ်ချုပ်ခဲ့တယ်။ မြေးအရင်းတွေအပါအဝင် ဘုရင်ဖြစ်လာမယ့် ဘယ်သူ့ကိုမဆို သတ်ပစ်ပြီး မင်းမျိုးဆက်တစ်ခုလုံးကို ဖယ်ရှားဖို့ သူကြိုးစားတယ်။ လူတိုင်းက သူ့ကို ကြောက်ကြတယ်။
ပုရောဟိတ်မင်း ယောယဒနဲ့ ဇနီးဖြစ်သူ ယောရှေဘဟာ အာသလိ လုပ်နေတာ မကောင်းမှန်း သိကြတယ်။ အာသလိရဲ့ မြေးတစ်ယောက်ဖြစ်တဲ့ ယောရှလေးကို ဝှက်ထားကြလို့ သူတို့မှာ အသက်အန္တရာယ်ရှိတယ်။ သူတို့ဟာ ကလေးလေးကို ဗိမာန်တော်မှာ စောင့်ရှောက်ထားတယ်။
ယောရှ ခုနစ်နှစ်အရွယ်မှာ ယောယဒဟာ အကြီးအကဲတွေနဲ့ လေဝိသားတွေအားလုံးကို စုဝေးစေပြီး ‘အိမ်တော်တံခါးတွေကို စောင့်ကြည့်ထား၊ ဘယ်သူမှ မဝင်လာစေနဲ့’ လို့ မှာတယ်။ ပြီးတော့ ယောရှကို ယုဒပြည်ရဲ့ ဘုရင်အဖြစ် ခန့်အပ်ပြီး သရဖူဆောင်းပေးလိုက်တယ်။ ဒီနောက် ယုဒပြည်သားတွေက ‘မင်းကြီး အသက်တော်ရှည်ပါစေ’ လို့ ကောင်းချီးဩဘာ ပေးကြတယ်။
လူအုပ်ရဲ့ အော်သံကို မိဖုရားအာသလိကြားတဲ့အခါ ဗိမာန်တော်ထဲ အတင်းပြေးဝင်လာတယ်။ ဘုရင်အသစ်ကို တွေ့တဲ့အခါ ‘ဒါ ပုန်ကန်မှုပဲ၊ ပုန်ကန်နေကြတာပဲ’ လို့ အော်ဟစ်ပါလေရော။ အကြီးအကဲတွေဟာ မိဖုရားဆိုးကို ဆွဲထုတ်ခေါ်သွားပြီး သတ်ပစ်လိုက်ကြတယ်။ ဒါပေမဲ့ တိုင်းပြည်မှာ သူလုပ်ခဲ့တဲ့ မကောင်းတာတွေကို ဘယ်လိုလုပ်မလဲ။
ယေဟောဝါတစ်ပါးတည်းကိုပဲ ဝတ်ပြုမယ်လို့ ကတိသစ္စာပြုဖို့ တိုင်းသူပြည်သားတွေကို ယောယဒ ကူညီပေးခဲ့တယ်။ ဗာလဘုရားကျောင်းကို ဖြိုဖျက်ပြီး ရုပ်တုတွေကိုလည်း ချိုးဖဲ့ဖျက်ဆီးပစ်လိုက်တယ်။ ပုရောဟိတ်တွေနဲ့ လေဝိသားတွေကို ဗိမာန်တော်မှာ တာဝန်ပေးလိုက်တော့ လူတွေဟာ အိမ်တော်မှာ ပြန်ပြီး ဝတ်ပြုကိုးကွယ်နိုင်ကြတယ်။ အိမ်တော်ကို စောင့်ကြပ်ဖို့ တံခါးစောင့်တွေကို တာဝန်ပေးလိုက်တဲ့အတွက် မသန့်ရှင်းသူတွေ ဝင်လို့မရတော့ဘူး။ အဲဒီနောက် ယောယဒနဲ့ အကြီးအကဲတွေဟာ ယောရှကို နန်းတော်ဆီ ခေါ်လာပြီး ရာဇပလ္လင်ပေါ် ထိုင်ခိုင်းတယ်။ ယုဒပြည်သားတွေလည်း ပျော်ရွှင်ကြတယ်။ အခုတော့ ဆိုးညစ်တဲ့ အာသလိနဲ့ ဗာလဝတ်ပြုမှုကနေ ကင်းလွတ်ပြီး ယေဟောဝါကို ဝတ်ပြုနိုင်ကြပြီ။ ယောယဒ သတ္တိရှိလို့ လူအများကြီးကို ကူညီပေးနိုင်တာ။
“ကိုယ်ခန္ဓာကို သတ်နိုင်ပေမဲ့ အသက်ကို မဖျက်ဆီးနိုင်တဲ့ လူတွေကို မကြောက်ပါနဲ့။ ကိုယ်ခန္ဓာရော အသက်ကိုပါ ဂေဟင်နာ အရပ်မှာ ဖျက်ဆီးနိုင်တဲ့အရှင်ကိုပဲ ကြောက်ကြပါ။”—မဿဲ ၁၀:၂၈
-