-
ဂျေရုဆလင်မြို့ ပျက်စီးသွားကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
-
-
သင်ခန်းစာ ၅၈
ဂျေရုဆလင်မြို့ ပျက်စီးသွား
ယုဒလူတွေဟာ ယေဟောဝါကို ခဏခဏစွန့်ပြီး တခြားဘုရားတွေကို ကိုးကွယ်တယ်။ ဒါတောင်မှ ယေဟောဝါက သူတို့ကို နှစ်အတော်ကြာ ဆက်ကူညီပေးတယ်။ သူတို့ကို သတိပေးဖို့ ပရောဖက်တွေ လွှတ်ပေးပေမဲ့ နားမထောင်ကြဘူး။ ပရောဖက်တွေကို လှောင်ပြောင်သရော်ကြတယ်။ သူတို့ ရုပ်တုတွေကိုးကွယ်နေတာကို ယေဟောဝါ ဘယ်လို အရေးယူသလဲ။
ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာဟာ တစ်နိုင်ငံပြီး တစ်နိုင်ငံကို သိမ်းပိုက်နေတယ်။ ဂျေရုဆလင်မြို့ကို ပထမဆုံးအကြိမ် အနိုင်ရတဲ့အခါ ဘုရင်ယေခေါနိ၊ မင်းညီမင်းသား၊ စစ်သား၊ လက်မှုပညာသည်တွေကို ဖမ်းပြီး ဗာဗုလုန်ကို ခေါ်သွားတယ်။ ယေဟောဝါရဲ့ ဗိမာန်တော်ထဲက ဘဏ္ဍာတွေကိုလည်း ယူသွားတယ်။ ဒီနောက် နေဗုခဒ်နေဇာဟာ ဇေဒကိကို မင်းမြှောက်လိုက်တယ်။
အစမှာတော့ ဇေဒကိဟာ နေဗုခဒ်နေဇာစကား နားထောင်တယ်။ ဒါပေမဲ့ အနီးအနားက နိုင်ငံတွေနဲ့ ပရောဖက်အတုအယောင်တွေဟာ ဗာဗုလုန်ဘုရင်ကို ပုန်ကန်ဖို့ လာပြောကြတယ်။ ယေရမိကတော့ ဒီလိုသတိပေးတယ်– ‘မင်းကြီး ပုန်ကန်မယ်ဆိုရင် ယုဒပြည်မှာ ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေး ရှိလိမ့်မယ်။’
ဇေဒကိဟာ ရှစ်နှစ်အုပ်ချုပ်ပြီးနောက် အီဂျစ်မင်းရဲ့ အကူအညီနဲ့ ဗာဗုလုန်ကို ပုန်ကန်တယ်။ အဲဒီအခါ နေဗုခဒ်နေဇာက သူ့စစ်သားတွေကို လွှတ်ပြီး ဂျေရုဆလင်မြို့ကို တိုက်ပါလေရော။ သူတို့က မြို့ကို ဝိုင်းထားတယ်။ ဒီအခါ ယေရမိက ‘မင်းကြီးသာ ဗာဗုလုန်ဘုရင်ကို အညံ့ခံရင် အသက်ချမ်းသာရမယ်။ ဒီမြို့လည်း ပျက်စီးမှာမဟုတ်ဘူး။ အညံ့မခံရင်တော့ ဗာဗုလုန်လူတွေက မြို့ကို မီးရှို့လိမ့်မယ်။ မင်းကြီးကို ဖမ်းသွားလိမ့်မယ် ဆိုပြီး ယေဟောဝါ ပြောတယ်။’ ဇေဒကိက ‘ငါအညံ့မခံဘူး’ လို့ ပြန်ပြောတယ်။
တစ်နှစ်ခွဲကြာတော့ ဗာဗုလုန်စစ်တပ်က ဂျေရုဆလင်မြို့ရိုးကို ချိုးဖောက်ဖျက်ဆီးပြီး မြို့ကို မီးရှို့လိုက်တယ်။ ဗိမာန်တော်ကိုလည်း မီးရှို့ပြီး လူတွေကို သတ်ပစ်တယ်။ လူအတော်များများကို ဖမ်းခေါ်သွားတယ်။
ဇေဒကိက ဂျေရုဆလင်မြို့ကနေ ထွက်ပြေးပေမဲ့ ဗာဗုလုန်လူတွေ လိုက်ဖမ်းတော့ ယေရိခေါမြို့နားမှာ မိသွားပြီး နေဗုခဒ်နေဇာဆီ ခေါ်လာတယ်။ နေဗုခဒ်နေဇာမင်းက ဇေဒကိရဲ့ သားတွေကို သူ့အရှေ့မှာပဲ သတ်ပစ်တယ်။ သူ့မျက်စိကိုဖောက်ပြီး ထောင်ချထားတယ်။ ထောင်ထဲမှာပဲ သူသေသွားတယ်။ ဒါပေမဲ့ ယေဟောဝါက ယုဒလူတွေကို ‘အနှစ် ၇၀ ကုန်တဲ့အခါ ဂျေရုဆလင်မြို့ကို ပြန်လာရမယ်’ ဆိုပြီး ကတိပေးတယ်။
အဖမ်းခံရပြီး ဗာဗုလုန်ကို ဖမ်းဆီးခေါ်သွားခံရတဲ့ လူငယ်တွေ ဘာဖြစ်မလဲ။ ယေဟောဝါကို သူတို့ သစ္စာရှိကြပါ့မလား။
“အနန္တတန်ခိုးရှင် ယေဟောဝါဘုရား၊ ကိုယ်တော်ရဲ့ စီရင်ဆုံးဖြတ်ချက်တွေဟာ မှန်ကန်ဖြောင့်မတ်ပါတယ်။”—ဗျာဒိတ် ၁၆:၇
-
-
ယေဟောဝါစကားကို နားထောင်တဲ့ လူငယ်လေးယောက်ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
-
-
သင်ခန်းစာ ၅၉
ယေဟောဝါစကားကို နားထောင်တဲ့ လူငယ်လေးယောက်
နေဗုခဒ်နေဇာဟာ ဗာဗုလုန်နိုင်ငံကို ယုဒပြည်ကနေ မင်းညီမင်းသားလေးတွေ ခေါ်ဆောင်သွားတဲ့အခါ သူတို့အထဲက အကျန်းမာဆုံး၊ အထက်မြက်ဆုံးတွေကို ရှာရွေးထားဖို့ နန်းတွင်းအရာရှိချုပ် အာရှပေနတ်ကို ပြောတယ်။ အဲဒီလူငယ်လေးတွေကို ဗာဗုလုန်နိုင်ငံမှာ အရေးပါတဲ့ မင်းအရာရှိတွေ ဖြစ်လာဖို့ သုံးနှစ် လေ့ကျင့်ပေးမှာ ဖြစ်တယ်။ ဒီလူငယ်တွေဟာ ဗာဗုလုန် ဘာသာစကားကို ဖတ်တတ်၊ ရေးတတ်၊ ပြောတတ်ကြရမယ်။ ဘုရင့်ပွဲတော်စာကို စားကြရမယ်။ ဒီလူငယ်တွေထဲက လေးယောက်နာမည်က ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိ တို့ဖြစ်တယ်။ အာရှပေနတ်က သူတို့ကို ဗေလတရှာဇာ၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါဆိုတဲ့ ဗာဗုလုန်နာမည်တွေ ပေးတယ်။ ဒီပညာရေးကြောင့် သူတို့ဟာ ယေဟောဝါကို မကိုးကွယ်သူတွေ ဖြစ်သွားမလား။
ဒီလူငယ်တွေက ယေဟောဝါစကား နားထောင်ဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ ဘုရင့်ပွဲတော်စာတွေထဲမှာ ယေဟောဝါပညတ်အရ မသန့်ရှင်းတာတွေပါလို့ မစားသင့်မှန်း သူတို့ သိတယ်။ ဒါကြောင့် အာရှပေနတ်ကို ‘ဘုရင့်ပွဲတော်စာကို ကျွန်တော်တို့ မစားပါရစေနဲ့’ လို့ ပြောတဲ့အခါ အာရှပေနတ်က ‘မင်းတို့မစားလို့ မကျန်းမာ မသန်စွမ်းဖြစ်နေတာကို မင်းကြီးတွေ့ရင် ငါ့ကို သတ်မှာ’ လို့ ပြန်ပြောတယ်။
ဒီအခါ ဒံယေလက အကြံတစ်ခုရတယ်။ အထိန်းတော်ကို ဒီလိုပြောတယ်– ‘ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အသီးအရွက်နဲ့ ရေပဲ ဆယ်ရက်ကျွေးပြီး ဘုရင့်ပွဲတော်စာကိုစားတဲ့ တခြားသူတွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။’ အထိန်းတော်လည်း သဘောတူလိုက်တယ်။
ဆယ်ရက် စမ်းသပ်ပြီးတဲ့အခါ ဒံယေလနဲ့ သူ့သူငယ်ချင်း သုံးယောက်ဟာ တခြားလူငယ်တွေထက် ပိုကျန်းမာနေတယ်။ စကားနားထောင်တဲ့ ဒီလူငယ်တွေကို ယေဟောဝါ သဘောကျတာပေါ့။ ဒံယေလကို စိတ်အာရုံနဲ့ အိပ်မက်အမျိုးမျိုး နားလည်နိုင်စွမ်းကိုတောင် ပေးသေးတယ်။
သင်တန်းကာလ ပြီးသွားတဲ့အခါ အာရှပေနတ်က လူငယ်တွေကို နေဗုခဒ်နေဇာဆီ ခေါ်လာတယ်။ မင်းကြီးက အားလုံးနဲ့ စကားပြောကြည့်တဲ့အခါ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့ဟာ ပိုဉာဏ်ကောင်းနေမှန်း သတိထားမိတယ်။ ဒါနဲ့ နန်းတော်မှာ သူတို့ကို အမှုထမ်းစေတယ်။ အရေးကြီးတဲ့ကိစ္စတွေပေါ်လာရင် ဘုရင်က သူတို့နဲ့ တိုင်ပင်ဆွေးနွေးတယ်။ ယေဟောဝါက သူတို့ကို ဘုရင်ရဲ့ မှော်ဆရာ၊ မျက်လှည့်ဆရာတွေ အားလုံးထက် ဉာဏ်ပညာ ပိုရှိစေတယ်။
ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့ဟာ တခြားနိုင်ငံကို ရောက်နေပေမဲ့ ယေဟောဝါကိုပဲ ကိုးကွယ်ရမယ်ဆိုတာ သူတို့ သိတယ်။ ကလေးတို့ကော၊ မိဘတွေ အနားမှာမရှိရင်တောင် ယေဟောဝါကို အမြဲကိုးကွယ်မလား။
“ငယ်ရွယ်သူဖြစ်နေလို့ဆိုပြီး မင်းကို ဘယ်သူမှ အထင်မသေးပါစေနဲ့။ အဲဒီအစား အပြောအဆို၊ အပြုအမူ၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်းတွေမှာ သစ္စာရှိသူတွေအတွက် စံနမူနာကောင်း ဖြစ်ရမယ်။”—၁ တိမောသေ ၄:၁၂
-