ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb05 စာ. ၂၀၂-၂၅၄
  • အိုက်စလန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိုက်စလန်
  • ၂၀၀၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • အိုက်စလန်နိုင်ငံသို့ သတင်းကောင်းရောက်ရှိ
  • ရိတ်သိမ်းရန် နောက်ထပ်လုပ်သားများ
  • အုတ်မြစ်ချခြင်း
  • ခရစ်ယာန်ဘုန်းတော်ကြီးထံမှ ဆန့်ကျင်မှု
  • စည်းဝေးကြီးများစီစဉ်ခြင်းဆိုင်ရာ စိန်ခေါ်ချက်
  • အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများက ရွှင်လန်းမှုဖြစ်စေ
  • ဝိညာဏ “စားပွဲထိုး” တစ်ဦး လည်ပတ်ခြင်း
  • လူသာရင်ဓမ္မဆရာနှင့်အတူတစ်အိမ်မှတစ်အိမ်
  • ဆီးနှင်းပြိုခြင်းကြောင့် ပိတ်မိသွား
  • ငါးဖမ်းသင်္ဘောပေါ်၌ ဟောပြောခြင်း
  • တယ်လီဖုန်းဖြင့် လေ့လာမှုများ
  • သာသနာပြုအိမ်များနှင့်နိုင်ငံတော်ခန်းမများ လိုအပ်ခြင်း
  • “အကောင်းဆုံး သစ်သားအမျိုးအစား”
  • ဆရာဝန်များ၊ လူထုဆက်သွယ်ရေးနည်းလမ်းနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း
  • လေးရက်နှင့် ခန်းမနှစ်လုံးပြီး
  • ပြပွဲက သက်သေခံချက်ကောင်းတစ်ရပ်ဖြစ်စေ
  • နှစ်များတစ်လျှောက် ဘာသာပြန်ဆိုမှု
  • ဗေသလတိုးချဲ့မှုနှင့် နောက်ထပ်တိုးတက်မှု
၂၀၀၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb05 စာ. ၂၀၂-၂၅၄

အိုက်စလန်

အိုက်စလန်ဟူသောအမည်က ရေခဲ၊ နှင်းနှင့် အက်စကီးမိုးတို့၏ အစ်ဂလူးအိမ်လေးများကို မြင်ယောင်စေမည်။ ကျွန်းတည်နေရာကို မြေပုံ၌ကြည့်သည့်အခါ အလွန်အေးမည်ဟူသောအမြင်ကို ခိုင်မာသွားစေသည်။ အိုက်စလန်မြောက်ဘက်စွန်းတွင် လူအနည်းငယ်နေထိုင်ကြသည်။ ဤကျွန်းနိုင်ငံ၏မြောက်ဘက်စွန်းသည် အာတိတ်စက်ဝိုင်းနှင့် ဆုံလုနီးနီးဖြစ်သည်!

ဧကန်စင်စစ် အိုက်စလန်သည် ရေခဲပြည်ဟူသည့်အမည်နှင့် ယင်း၏တည်နေရာက ထင်မြင်စေသလောက် အေးလွန်းခြင်းမရှိပေ။ အီကွေတာမြောက်ဘက်နားမှအစပြုသည့် ပင်လယ်ရေပူစီးကြောင်းကြောင့် ရာသီဥတုသည် ထင်သလောက် မဆိုးဝါးချေ။ ထိုတွင် အစ်ဂလူးအိမ်လေးများမရှိပါ။ အိုက်စလန်လူ့အဖွဲ့အစည်းသည် အလွန်ခေတ်မီပါသည်၊ ဘူမိအပူစွမ်းအင်ဖြင့် အပူပေးစနစ်တပ်ဆင်ထားသည့် အိမ်ကြီးအိမ်ကောင်းများ၌ နေထိုင်ကြသည်။

အိုက်စလန်သည် သိသိသာသာ ထူးခြားသည့်နိုင်ငံဖြစ်သည်။ ဆောင်းတွင်း၌ နေသည် တစ်နေ့လျှင် နာရီအနည်းငယ်သာ မိုးကုပ်စက်ဝိုင်းပေါ်မှ ပြူထွက်လာသည်။ ညတာရှည်၍ မှောင်မိုက်သည့် ဆောင်းညများကို ရင်သပ်ရှုမောဖွယ် မြောက်ဝင်ရိုးစွန်းအလင်းတန်းများ သို့မဟုတ် မြောက်ဝင်ရိုးစွန်းအနီး ကောင်းကင်၌ညအခါတွေ့မြင်ရသည့် အနီအစိမ်းရောင်တန်းများက အသက်ဝင်စေတတ်သော်လည်း နေမင်းကမူ ခရီးတစ်ထောက်နားရန် စိတ်ကူးပုံမရချေ။ သို့ရာတွင် နွေရာသီတွင် လအတော်များများ မပြတ်ထွန်းလင်းသောနေရောင်ခြည်က ယင်းအတွက် ထိုက်ထိုက်တန်တန် ရင်းစားပြန်ပေးသည်။ နိုင်ငံ၏မြောက်ဘက်အစွန်အဖျား၌ နေသည် ရက်သတ္တပတ်ပေါင်းများစွာကြာအောင် မိုးကုပ်စက်ဝိုင်းပေါ်တွင် တည်ရှိနေသည်။ ထိုတွင် ညသန်းခေါင်၌ နေကို သင် တွေ့နိုင်သည်။

အိုက်စလန်ကို ရေခဲနှင့်မီးတိုင်းပြည်ဟု ခေါ်ထားရာ သင့်လျော်သည့်သရုပ်ဖော်ချက်ပင်ဖြစ်သည်။ နိုင်ငံ၏ဆယ်ပုံတစ်ပုံခန့်ကို ရေခဲပြင်ကြီးများဖုံးလွှမ်းထားသည်။ မီးတောင်များလည်းရှိသည်—⁠အိုက်စလန်သည် မီးတောင်ရပ်ဝန်းဖြစ်ပြီး ဘူမိစွမ်းအင်လှုပ်ရှားထကြွမှုရှိသော နိုင်ငံဖြစ်သည်။ ဒါဇင်နှင့်ချီသောမီးတောင်များ ပေါက်ကွဲခဲ့ပြီး မကြာသေးမီရာစုနှစ်များအတွင်း ပျမ်းမျှအားဖြင့် ငါးနှစ်၊ ခြောက်နှစ်တစ်ကြိမ် ပေါက်ကွဲမှုများဖြစ်ခဲ့သည်။ ရေပူစမ်းလည်း အမြောက်အမြားရှိသည်။

လူနေကျဲလှသည့် ဤနိုင်ငံတွင် သဘာဝအလှအပနှင့် တောရိုင်းတိရစ္ဆာန်များ ပေါများသည်။ သန့်ရှင်းသောလေ၊ စွဲမက်ဖွယ်ရေတံခွန်များ၊ မညီမညာတောင်တန်းများနှင့် ပြန့်ပြူးသောမြက်ခင်းပြင်တို့က ဧည့်သည်များစွာကို ဆွဲဆောင်သည်။ စားကျက်ပြောင်းငှက်များသည် နွေဦးတွင် နွေရာသီစံပျော်ရာ ကမ်းရိုးတန်းချောက်ကမ်းပါးများနှင့် စိမ့်မြေအရပ်များသို့ ပြန်လာကြသည်။ ထိုငှက်များတွင် ကမ္ဘာတစ်ဖက်စွန်း အန္တာတိကတိုက်သို့ နှစ်စဉ်ပြန်လာသည့် အာတိတ်စင်ရော်ပါဝင်သည်။ ပင်လယ်ကြက်တူရွေးများ၊ အိုင်ဒါပင်လယ်ဝမ်းဘဲများနှင့် ပင်လယ်စင်ရော်များကို ချောက်ကမ်းပါးနှင့် ကမ်းရိုးတန်းတွင် တွေ့ရသည်။ သိုးများသည် ကျေးလက်ဒေသတွင် ကျက်စားကြကာ အကောင်သေးပြီး အကြမ်းခံသည့် အိုက်စလန်မြင်းပုများမှာ တောင်တန်းဒေသများ၌ ကျင်လည်ကြသည်။ နွေဦးရာသီတွင် ထောင်နှင့်ချီသောဆာလမန်ငါးများသည် သားပေါက်ရန် မြစ်များနှင့် ရေတံခွန်များကို ကူးခတ်ကျော်ဖြတ်၍ ပြန်လာကြသည်။

အိုက်စလန်နိုင်ငံသား ၂၉၀,၅၇၀ သည် လွန်ခဲ့သောနှစ်ပေါင်း ၁,၁၀၀ ကျော်က ထိုတွင်အခြေချခဲ့သည့် ဗိုက်ကင်းလူမျိုးစုမှ ဆင်းသက်လာသူများဖြစ်သည်။ အခြေချသူအများစုသည် နော်ဝေးမှဖြစ်ပြီး မူဟောင်းနော့်စကား ပြောကြသည်၊ ယင်းမှ အိုက်စလန်ဘာသာစကား ဆင်းသက်လာသည်။ နိုင်ငံ၏တသီးတခြားဖြစ်မှုနှင့်အတူ ခိုင်မာသော စာပေအမွေကြောင့် ဘာသာစကားကို ထိန်းသိမ်းထားနိုင်ကြသည်။ သို့ဖြစ်၍ အများအားဖြင့် ၁၃ ရာစုကရေးသားခဲ့သည့် ရှေးနော်ဝေး စွန့်စားခန်းဝတ္ထုများကို ယနေ့လူတို့ ဖတ်ရှုနိုင်ကြသည်။ အိုက်စလန်နိုင်ငံသားများသည် သူတို့ဘာသာစကားအတွက် ဂုဏ်ယူကြပြီး နိုင်ငံခြားဘာသာစကား ထည့်သွင်းအသုံးပြုခြင်းကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြသည်။

အစောပိုင်း အခြေချနေထိုင်သူအများစုသည် “တိတ္ထိ” များဖြစ်သည်၊ ဆယ်ရာစုနှောင်းပိုင်းတိုင်သော် အိုက်စလန်ကျွန်းသားများကို “ခရစ်ယာန်ဘာသာ” သို့ကူးပြောင်းစေရန် ကြိုးစားခဲ့ကြသည်။ ထိုရာစုမကုန်မီလေးတွင် အထင်ကရ အိုက်စလန်ခေါင်းဆောင်အချို့ ဘာသာပြောင်းခဲ့ကြသည်၊ သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်တွင် အိုက်စလန်ပါလီမန် အထွေထွေလူထုအစည်းအဝေးက တိတ္ထိထိပ်သီးဘာသာရေးခေါင်းဆောင်တစ်ဦးအား ဘာသာနှစ်ခုကြား ဆုံးဖြတ်ရန် တောင်းဆိုခဲ့ကြသည်။ အံ့ဩစရာမှာ ခရစ်ယာန်ယုံကြည်ခြင်းတစ်ခုတည်းကို လိုက်စားသင့်သည်ဟု သူ ဆုံးဖြတ်ခဲ့သည်။ ဆန့်ကျင်မှုသိပ်မရှိဘဲ လက်ခံခဲ့ပုံပေါ်သည်။ သို့သော် သူ၏ညွှန်ကြားချက်က လူတို့သည် တိတ္ထိဘုရားများကို လျှို့ဝှက်စွာကိုးကွယ်၍ တိတ္ထိထုံးတမ်းများကို ဆက်လိုက်စားရန် ခွင့်ပြုသည်။ ပြဋ္ဌာန်းချက်သည် ဘာသာရေးထက် နိုင်ငံရေးအကြောင်းကိစ္စများအပေါ် ပိုအခြေပြုသော်လည်း အိုက်စလန်ကျွန်းသားများ လွတ်လပ်စွာတွေးခေါ်၍ ဘာသာရေးကိစ္စများ၌ လွတ်လပ်မှုရစေရာတွင် အခြေခံအကြောင်းဖြစ်နိုင်သည်။

ယနေ့ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့်သည် နိုင်ငံတော်ဘာသာဖြစ်သော ဧဝံဂေလိ လူသရင်အသင်းသားများဖြစ်ကြသည်။ သမ္မာကျမ်းစာကို အိမ်တိုင်းလိုလိုတွင် တွေ့ရမည်ဖြစ်သော်လည်း ဘုရားသခင့်နှုတ်ကပါဌ်တော်အဖြစ် လူအနည်းငယ်သာ ယုံကြည်လက်ခံကြသည်။

အိုက်စလန်နိုင်ငံသို့ သတင်းကောင်းရောက်ရှိ

၂၀ ရာစုဆန်းစပိုင်းတွင် အိုက်စလန်ကျွန်းသားများသည် မီးတောင်ပေါက်ကွဲသည့်ဘေးဒဏ်များနှင့် ဆိုးရွားသောအအေးဒဏ်များမှ အထိုက်အလျောက်လွတ်မြောက်ရန် ကနေဒါသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ ထိုတွင် အချို့သူတို့ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို စကြားခဲ့ကြသည်။ ထိုသူတို့ထဲမှတစ်ဦးမှာ ဂျော့ဂျ် ဖယိုလ်နာ လင်ဒါလ်ဖြစ်သည်။ ယေဟောဝါဘုရားသခင်ထံ မိမိအသက်တာကို ဆက်ကပ်အပ်နှံပြီး များမကြာမီ ရှေ့ဆောင်တစ်ယောက်ဖြစ်လာသည်။ ညီအစ်ကို လင်ဒါလ်သည် အိုက်စလန်စကားပြောတတ်သည်၊ ထို့ကြောင့် သူ့အသက် ၄၀ အရွယ် ၁၉၂၉ ခုနှစ်တွင် အိုက်စလန်သို့ပြောင်းရန် ဆုံးဖြတ်ခဲ့သည်။ ဇွန်လ ၁ ရက်တွင် ရက်ယာဗစ်မြို့သို့ရောက်ရှိပြီး သူသည် အိုက်စလန်တွင် ပထမဆုံးသော သတင်းကောင်းဟောပြောသူဖြစ်လာခဲ့သည်။

သင်္ဘောဖြင့် ပထမအသုတ်တင်ပို့သည့်စာပေများရောက်ရန် ညီအစ်ကို လင်ဒါလ် သုံးလစောင့်ခဲ့ရသည်၊ ရောက်ရှိလာသည်နှင့် သူသည် တစ်နိုင်ငံလုံးရှိလူတိုင်းကို စတင်သက်သေခံလေတော့သည်။ ၁၉၂၉၊ အောက်တိုဘာလကုန်ခန့်တွင် သူသည် အိုက်စလန်ဘာသာစကားဖြင့် ဘုရားသခင့်စောင်းတော် စာအုပ် ၈၀၀ ကိုဝေငှခဲ့ပြီးဖြစ်သည်။ ထိုအချိန်က သူဤသို့ရေးခဲ့သည်– “ကျွန်တော်ဒီကိုရောက်ချိန်ကစပြီး လူဦးရေအားလုံးပေါင်း ၁၁,၀၀၀ လောက်ရှိမယ့် မြို့အတော်များများမှာ ဟောပြောခဲ့ပြီးပြီ။ အိုက်စလန်လူဦးရေက ၁၀၀,၀၀၀ လောက်၊ ဒါမှမဟုတ် တစ်သိန်းကျော်ကျော်လေးရှိတာကြောင့် လူ ၉၀,၀၀၀ လောက်ကို ဆက်ဟောရဦးမယ်။ ခရီးသွားလာရတာ အရမ်းခက်လို့ ဒီနယ်မြေမှာရှိတဲ့ လူအားလုံးကို တစ်ယောက်တည်းနဲ့ ဟောပြောဖို့ အချိန်အတော်ကြာယူရလိမ့်မယ်။ အိုက်စလန်ဟာ မညီမညာကမ်းရိုးတန်းတွေရှိပြီး တောင်ထူထပ်တဲ့နိုင်ငံဖြစ်တယ်၊ ရထားလမ်းမရှိဘူး၊ ကားလမ်းနည်းနည်းပဲရှိတာကြောင့် အများစုကို စက်လှေနဲ့ပဲ သွားလာရတယ်။”

“အိုက်စလန်” ဟုပုံထွင်းစာတန်းတံဆိပ်ကပ်ထားသည့် အညိုရောင်စက္ကူဖိုင်တွဲမှ လက်ရေးစာအနည်းငယ်တွင် ညည်းညူသည့်စကားရိပ် မတွေ့ရချေ။ ၁၉၂၉ ခုနှစ်ကရေးခဲ့သည့် ထိုစာတွင်ပင် လင်ဒါလ် ဤသို့ဆက်ရေးသည်– “မကြာခင်က ကြုံခဲ့ရတဲ့ အားရှိဖွယ်တွေ့ကြုံမှုကို ပြန်ပြောရလို့ ကျွန်တော် အရမ်းဝမ်းသာတယ်။ အရင်က ဟောပြောခဲ့တဲ့နေရာတချို့ကို ပြန်လည်ပတ်ခွင့်ရခဲ့တယ်။ ပထမအကြိမ်သွားတုန်းက စာအုပ်ယူထားတဲ့သူ အတော်များများနဲ့ တွေ့ရတယ်။ လူတစ်ယောက်က ဒီလိုပြောတယ်– ‘စောင်းတော်စာအုပ်ကို ကျွန်တော်နှစ်ခါဖတ်ပြီးပြီ၊ အခု တတိယအကြိမ်ဖတ်နေတယ်။ သိပ်ကောင်းတဲ့စာအုပ်ပဲ။ လည်ပတ်မှုအတွက် ကျေးဇူးတင်ပါတယ်။’ နောက်တစ်ယောက်က ဒီလိုမှတ်ချက်ချတယ်– ‘ဒါကြောင့် ခင်ဗျားပြန်လာတာကိုး။ ဒီစာအုပ်တွေက အရမ်းကောင်းတယ်။ တရားသူကြီးရပ်သဖော့ဒ်ရဲ့ စာအုပ်အားလုံးကို အိုက်စလန်ဘာသာစကားနဲ့ ဘာလို့မထုတ်တာလဲ။’ အတော်များများကို ဒိန်းမတ်ဘာသာစကားနဲ့ရနိုင်ကြောင်း သူ့ကိုကျွန်တော်ပြောပြတယ်။ သူဆက်ပြောတာက– ‘ခင်ဗျားဆီမှာရှိသမျှ ကျွန်တော့်ကိုပို့ပေးပါ၊ ပါစတာရပ်စယ်လ်ရဲ့ စာအုပ်တွဲတွေကိုလည်းပို့ပေးပါ၊ ဒီဆောင်းတွင်းမှာ လေ့လာဖို့ စာအုပ်အလုံအလောက်ရှိထားရမယ်။’ စာအုပ်တွေကို နှစ်သက်ကြောင်း တခြားသူတွေကလည်း ပြောပြကြတယ်။ နားထောင်လိုစိတ်ရှိသူတွေဆီ သမ္မာတရားသတင်း သယ်ဆောင်ခွင့်ပြုတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်။”

အင်္ဂလန်နိုင်ငံ၏တစ်ဝက်ထက် ပိုမိုကျယ်သည့် အိုက်စလန်ကျွန်းနေလူတိုင်းထံ ရောက်ရန်ဟူသည် လူတစ်ဦးအတွက် အလွန်ကြီးမားသောတာဝန်ဖြစ်သည်။ အိုက်စလန်သည် မြောက်မှတောင်သို့ မိုင် ၂၀၀ ခန့်ကျယ်၍ အရှေ့မှအနောက်သို့ဆိုလျှင် မိုင် ၃၀၀ ခန့်ကျယ်သည်။ ပင်လယ်ရေလက်ကြားများအပါအဝင် ကမ်းခြေဒေသသည် မိုင် ၄,၀၀၀ ခန့်ရှည်လျားသည်။ သို့တိုင် ညီအစ်ကိုလင်ဒါလ်သည် ဆယ်နှစ်အတွင်း တစ်ကျွန်းလုံးကို ရောက်ရှိပြီး သတင်းကောင်းဟောပြော၍ စာအုပ်စာတမ်းများ ဝေငှခဲ့သည်။ ကမ်းခြေတစ်လျှောက် စက်လှေဖြင့် သွားလာခဲ့၍ ကုန်းတွင်းပိုင်းရှိ ခြံများသို့လည်ပတ်ချိန်၌ မြင်းနှစ်ကောင်ကို အသုံးပြုခဲ့သည်၊ တစ်ကောင်ကို သူစီး၍ အခြားတစ်ကောင်ပေါ် စာအုပ်စာတမ်းများနှင့် သူ၏ပစ္စည်းပစ္စယများကို တင်သည်။ ညီအစ်ကို လင်ဒါလ် အိုက်စလန်မှမထွက်ခွာမီ နှစ်အတန်ကြာ အတူအမှုဆောင်ခွင့်ရခဲ့သော ညီအစ်ကိုများ၏ပြောပြချက်အရ သူသည် သစ္စာရှိသည်၊ လေးလေးနက်နက်စဉ်းစားတတ်သူဖြစ်သည်၊ ရှက်တတ်ပြီး ဘာသိဘာသာနေတတ်ကာ စကားနည်းသူဖြစ်သည်။ ခရီးစဉ်အတွက်သုံးသည့် အိုက်စလန်မြင်းပုလေးများအတွက် ကြီးလွန်းနေလောက်အောင် သူသည် အရပ်အမောင်းကောင်း—⁠အရပ်ရှည်—⁠သူဖြစ်သည်။ မြင်းပုလေးများမရှိသည့်အချိန်တွင် သူသည် သူ့စာအုပ်များနှင့် ပစ္စည်းများကို ကိုယ်တိုင်သယ်နိုင်သည်ထိ အားရှိသူဖြစ်သည်။

၁၉၂၉ ခုနှစ်တွင် အိုက်စလန်၌ တာဝန်စတင်ထမ်းဆောင်စဉ်က ယင်းသည် မည်မျှခက်ခဲမည်၊ စကားပြောနိုင်ရန် အစပြုဖို့ စိတ်ရှည်မှုနှင့် ဇွဲမည်မျှလိုအပ်မည်ကို ညီအစ်ကိုလင်ဒါလ် မသိခဲ့ပါ။ ၁၈ နှစ်နီးပါးတိုင် ညီအစ်ကို လင်ဒါလ်သည် အိုက်စလန်ရှိ တစ်ဦးတည်းသောသက်သေခံဖြစ်ခဲ့သည်။ ကြိုးစားလုပ်ဆောင်ခဲ့သော်ငြားလည်း နိုင်ငံတော်ဘက်ရပ်တည်လာသူ တစ်ယောက်မျှ မတွေ့ရချေ။ ၁၉၃၆ ခုနှစ်တွင် သူဤသို့ရေးသည်– “ကျွန်တော် ဒီမှာရှိနေစဉ်အတွင်း စာအုပ်ပေါင်း ၂၆,၀၀၀ နဲ့ ၂၇,၀၀၀ ကြား လူတွေလက်ထဲ ဝေငှခဲ့တယ်။ လူအများ ဖတ်ကြတယ်။ တချို့က သမ္မာတရားကိုဆန့်ကျင်ဖို့ အခိုင်အမာဆုံးဖြတ်ထားပုံရခဲ့တယ်၊ ဒါပေမဲ့ အများစုကတော့ လုံးဝစိတ်မဝင်စားကြဘူး။”

သို့တိုင် သူသယ်ဆောင်သွားသည့်သတင်းကို လေးမြတ်သူတချို့ရှိသည်။ ဥပမာ၊ သက်ကြီးအမျိုးသားတစ်ဦးသည် ဘုရားသခင့်စောင်းတော် စာအုပ်ကို လက်ခံယူခဲ့သည်။ လပေါင်းများစွာကြာပြီးနောက် ညီအစ်ကို လင်ဒါလ် ပြန်လည်ပတ်သည့်အခါ ထိုလူကြီး၏သမီးနှင့် တွေ့သည်၊ သူ့ဖခင်သည် စာအုပ်ကို နှစ်သက်ကြောင်းနှင့် သူမသေမီအချိန်ထိ သေသေချာချာလေ့လာခဲ့ကြောင်း ပြောပြသည်။ သူသေသည့်အခါ စာအုပ်ကို ခေါင်းထဲထည့်ပေးလိုက်ရန်ပင် တိတ္ထိထုံးစံနှင့်အညီ တောင်းဆိုခဲ့သည်၊ ထိုသို့ပြုလုပ်ပေးခဲ့ကြသည်။

ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်း၏ ကျောင်းဆင်းများသည် ၁၉၄၇၊ မတ်လ ၂၅ ရက်နေ့တွင် ရောက်လာသောအခါ ညီအစ်ကိုလင်ဒါလ်၏ အိုက်စလန်တွင် ကြာမြင့်စွာ တစ်ဦးတည်းနေခဲ့ရသည့် အခြေအနေ ပြီးဆုံးသွားသည်။ ကနေဒါနိုင်ငံသို့ ညီအစ်ကိုလင်ဒါလ် ပြန်သွားခဲ့သည့် ၁၉၅၃ ခုနှစ်အထိ ထိုတွင် သူ၏လုပ်ငန်းကို ဆက်ဆောင်ရွက်ခဲ့သည်။ ဆယ့်ခြောက်နှစ်ကြာပြီးနောက်၊ အိုက်စလန်တွင် အထူးရှေ့ဆောင်အဖြစ် အမှုဆောင်နေသည့် ပေါလ် ဟိုင်နာ ပီဒါဆင် သည် ညီအစ်ကိုလင်ဒါလ်နှင့်တွေ့ဆုံ၍ အိုက်စလန်တွင်အမှုဆောင်ခြင်းနှင့်ပတ်သက်သော ကိုယ်တွေ့အချက်အလက်တချို့ရယူရန် ကနေဒါနိုင်ငံ၊ ဝင်နီပက်ခ်မြို့သို့သွားဖို့ ဆုံးဖြတ်ခဲ့သည်၊ အကြောင်းမှာ အိုက်စလန်တွင် ညီအစ်ကိုလင်ဒါလ်နှင့်အတူ အမှုဆောင်ခဲ့သည့် သာသနာပြုများသည် ထိုအချိန်၌ နိုင်ငံမှ ထွက်သွားရသောကြောင့်ဖြစ်သည်။ အမေရိကန်တွင် အားလပ်ချိန်ယူနေစဉ် ညီအစ်ကို ပီဒါဆင်သည် ဘတ်စကားဖြင့် ဝင်နီပက်ခ်သို့သွားခဲ့သည်။ ရောက်သောအခါ ညီအစ်ကိုလင်ဒါလ်သည် ထိုနေ့နံနက်တွင်ပင် သူ၏မြေကြီးအသက်တာ ကုန်ဆုံးသွားကြောင်း သိလိုက်ရသည်။ သူသည် သေသည်တိုင် ယေဟောဝါအပေါ် သစ္စာရှိရှိအမှုဆောင်ခဲ့သည်။

ရိတ်သိမ်းရန် နောက်ထပ်လုပ်သားများ

၁၉၄၇ ခုနှစ်တွင် ဒိန်းမတ်မှ ပထမဆုံးဂိလဒ်သာသနာပြုနှစ်ဦး ရောက်ရှိလာခြင်းနှင့်အတူ သတင်းကောင်းဟောပြောခြင်း ခေတ်သစ် စတင်ခဲ့သည်။ တစ်ဦးမှာ လီအို လော်စန် ဖြစ်သည်။ ၁၉၄၈၊ ဒီဇင်ဘာလတွင် နောက်ထပ်သာသနာပြုနှစ်ဦး ရောက်လာသည်– ဒိန်းမတ်မှ အင်းဗားဒ် ယန်စန် နှင့် အင်္ဂလန်မှ အော်လဗာ မက်ဒေါ်နယ် တို့ဖြစ်သည်။ ရိတ်သိမ်းလုပ်သားသစ်များသည် ညီအစ်ကိုလင်ဒါလ် လုပ်ဆောင်ခဲ့သည့်အလုပ်ကို ဆက်လုပ်ဆောင်ကြပြီး စာပေမြောက်မြားစွာ ဝေငှခဲ့ကြသည်။ ဆောင်းတွင်း၌ ရက်ယာဗစ်မြို့တွင်းနှင့် အနီးတစ်ဝိုက်တွင် လုပ်ဆောင်၍ တိုတောင်းသောနွေရာသီတွင် ကမ်းခြေတစ်လျှောက်ရှိ တောရွာဒေသများတွင် အမှုဆောင်ရန် အာရုံစိုက်ခဲ့ကြသည်။ အင်းဗားဒ် ယန်စန် သည် ဟောပြောခြင်းခရီးစဉ်တစ်ခုကို အထူးမှတ်မိသည်။ သူဤသို့ရေးသည်– “ကျွန်တော် အိုက်စလန်ကိုရောက်ပြီး ပထမဆုံး နွေရာသီမှာ တခြားသာသနာပြုတစ်ဦးနဲ့အတူ ကျေးလက်ခရီးစဉ်တစ်ခုကို လိုက်သွားတယ်။ အများအားဖြင့် ကျွန်တော်တို့ရဲ့ စက်ဘီးတွေ၊ တဲတွေ၊ စွပ်အိပ်ရတဲ့သားမွေးအိတ်တွေ၊ စာပေတွေနဲ့ ရိက္ခာတွေကိုယူပြီး ရွေးချယ်ထားတဲ့ရပ်ကွက်ကို ဘတ်စကား ဒါမှမဟုတ် စက်လှေနဲ့ သွားရမှာဖြစ်တယ်။ ဒါကြောင့် တစ်ညနေမှာ အနောက်ဘက်ကမ်းခြေမှာရှိတဲ့ စတိခ်ရီဟိုလ်မာမြို့ကို ရွက်လွှင့်ခဲ့ကြတယ်၊ နောက်တစ်နေ့ မွန်းလွဲမှာ ရောက်သွားတယ်။ မြို့ထဲကအိမ်အားလုံးကို လည်ပတ်ပြီးနောက်မှာ မိုင် ၆၀ လောက်ဝေးတဲ့ ဘော့ဂါးနက်မြို့ကို စက်ဘီးနဲ့သွားဖို့ ကျွန်တော်တို့စီစဉ်ထားတယ်။ အဲဒီမြို့ကနေ ရက်ယာဗစ်ကို ကူးတို့သင်္ဘောတစ်စီး နေ့စဉ် ပြေးဆွဲပေးတယ်။ ခရီးစဉ်အစပိုင်းမှာ အဆင်ပြေတယ်။ ဇွန်လလယ်လောက်ဖြစ်တော့ နေရောင်ကို ထိတွေ့ခံစားခဲ့ရတယ်။ မြို့ရဲ့အပိုင်းတချို့ကို ဟောပြောခဲ့ပြီးနောက် ပထမညမှာ ကျွန်တော်တို့ဟာ သားမွေးအိတ်ထဲ ဝင်အိပ်ခဲ့တယ်။ သားမွေးအိတ်ထဲဝင်အိပ်ပေမဲ့ တစ်ညလုံး မနွေးနိုင်ဘူး၊ နောက်မနက်မှ အကြောင်းရင်းကိုသိတော့တယ်– ညတုန်းက လေးလက်မထုအထိရှိအောင် နှင်းကျခဲ့တယ်! တစ်ပတ်လောက် သင်္ဘောတွေမသွားတော့တဲ့အတွက် ခရီးစဉ်ကို တိုအောင်မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော်တို့ ဇယားအတိုင်းလိုက်ဖို့ မြို့မှာ အမှုဆောင်ပြီး နောက်တစ်မြို့ကို တောင်ပေါ်လမ်းအတိုင်း စက်ဘီးစီးသွားတယ်၊ လမ်းတစ်လျှောက် စိုက်ပျိုးရေးခြံတွေမှာ အမှုဆောင်ကြတယ်။”

ဘော့ဂါးနက်မြို့သို့ လေးရက်ကြာမှ ရောက်သွားကြသည်၊ မိုးနှင်း၊ မိုးရေနှင့် တစ်နာရီ မိုင် ၇၀ နှုန်းတိုက်သော လေပြင်းများကြား စက်ဘီးစီးသွားရခြင်းဖြစ်သည်။ သို့ရာတွင် ကော်ဖီသောက်ရင်း တစ်ခုခုစားရန် အမြဲပင်ဖိတ်ခေါ်တတ်သည့် လမ်းတစ်လျှောက်ရှိ လယ်သမားများ၏ အထူးဧည့်ဝတ်ကျေပွန်မှုက ဆိုးဝါးသည့်ရာသီဥတုဒဏ်ကို တချို့တစ်ဝက်သက်သာစေသည်။ ညီအစ်ကို ယန်စန်က သူတို့ တစ်နေ့ကို ထမင်း ရှစ်နပ်မှ ဆယ်နပ်အထိစားခဲ့ရသည်ကို အမှတ်ရသည်! သူပြောပြသည်မှာ– “လူတွေရဲ့ ကြင်နာတဲ့ကမ်းလှမ်းချက်ကို ကျွန်တော်တို့လက်မခံရင် သူတို့စိတ်မကောင်းဖြစ်လိမ့်မယ်လို့ ကျွန်တော်ခံစားရတယ်၊ အဲဒါက ယေဟောဝါရဲ့ တည်ထောင်ထားတဲ့နိုင်ငံတော်အကြောင်း သေသေချာချာသက်သေခံဖို့ အခွင့်အရေးရစေခဲ့တယ်။”

အိုက်စလန်တွင် သာသနာပြုလုပ်ငန်း၏ အစောပိုင်းသုံးနှစ်အတွင်း ညီအစ်ကိုများသည် စာပေ ၁၆,၀၀၀ ကျော်ဝေငှခဲ့ကြသည်။ သို့သော် အချိုးအစားအရ ပြန်လည်ပတ်မှုနှင့် သင်အံမှုများ တိုးတက်ခြင်းမရှိ—⁠လူတို့သည် စာပေကို အလွယ်တကူလက်ခံကြသော်လည်း သတင်းတရားကို မတုံ့ပြန်ကြချေ။ ဥပမာ၊ ညီအစ်ကို လော်စန်နှင့် သူ့ဇနီးမစ္စီ—⁠လီအိုနှင့်လက်ထပ်ရန် ၁၉၅၀ ပြည့်နှစ်တွင် ဒိန်းမတ်မှလာသူ—⁠တို့သည် အရှေ့ဘက်ကမ်းခြေသို့ သွားခဲ့ကြသည်၊ ထိုတွင် ဟောဘ်၊ အက်စကီဖယော်သာ၊ နက်စကူးစကာသာနှင့် စသစ်ဖယူသာမြို့တို့တွင် အမှုဆောင်ခဲ့ကြသည်။ ခက်ခက်ခဲခဲသွားရသည့်ခရီးစဉ်အတွင်း စာအုပ်ကြီး ၃၀၀ နှင့် စာအုပ်ငယ်များလည်း ထိုမျှလောက်ဝေငှခဲ့ကြသည်။ ကျမ်းစာသတင်းတရားအကျဉ်းနှင့် ရက်ယာဗစ်မြို့ရှိ သာသနာပြုများ၏လိပ်စာပါသည့် စာအုပ်ကြားညှပ်ကတ်ပြားများကို ပုံနှိပ်ပြီး စာအုပ်တိုင်း၌ ထည့်သွင်းထားသည်။ စာပေလက်ခံသူတိုင်းကို သမ္မာတရားအကြောင်း ပိုမိုသိလိုပါက စာရေးရန်လည်း ဖိတ်ခေါ်ထားသည်—⁠သို့တိုင် တစ်ယောက်မျှမရေးခဲ့ပေ။

၁၉၅၂ ခုနှစ်တွင် မြောက်ဘက်ကမ်းခြေရှိဒေသများကို အာရုံပိုစိုက်သင့်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့် ဇွန်လတွင် အော်လဗာ မက်ဒေါ်နယ်နှင့် ၁၉၄၉ ခုနှစ်တွင် သူနှင့်လက်ထပ်ရန် အင်္ဂလန်မှရောက်လာသည့် သူ့ဇနီး စယ်လီ တို့သည် အာခ်အရေရီတွင် အထူးရှေ့ဆောင်အဖြစ် တာဝန်ကျသည်။ မြို့ပေါ်ရှိ ဗြိတိသျှကောင်စစ်ဝန်မှစေလွှတ်သည့် ပလစ်မောက်ဘရာသာအုပ်စု၏ အပြင်းအထန်ဆန့်ကျင်မှုကို ကြုံတွေ့ကြရသည်။ သူ့တွင် နောက်လိုက်များစွာရှိသည့်ပြင် ဟောပြောချက်ဖြင့်ဖြစ်စေ၊ ဆောင်းပါးများဖြင့်ဖြစ်စေ သက်သေခံများကို သူပုတ်ခတ်ပြောဆိုသည့်အခါ အခြားသူများက နားထောင်ကြသည်။ ရက်ယာဗစ်မြို့တွင် ထိုသို့သောဆန့်ကျင်မှုများကို ရှေ့ဆောင်များကျင့်သားမရသေးသည့်တိုင် တိုက်ခိုက်မှုကို ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့ကြသည်၊ ပုံမှန်အတိုင်း မိမိတို့အလုပ်ကို ဆက်လုပ်ကြပြီး မှားယွင်းသောစွပ်စွဲချက်များကို ဖြေရှင်းရန် အခွင့်အရေးတိုင်းကို အသုံးပြုကြသည်။ သတင်းစာအချို့ကသူတို့၏ ချေပချက်များကို ပုံနှိပ်ထုတ်ဝေခဲ့သည်။

ရှေ့ဆောင်များသည် မြို့ပေါ်တွင်အမှုဆောင်ကြသည့်အပြင် ဝေးလံသည့်ဒေသများသို့လည်း သွား၍ စာပေများဝေငှကြသည်၊ ဧည့်ဝတ်ပြုခြင်းခံရသော်လည်း နိုင်ငံတော်သတင်းကို အမှန်စိတ်ဝင်စားသူကို မတွေ့ရချေ။ ၁၉၅၃၊ ဇူလိုင်လတွင် ညီအစ်ကိုနှင့် ညီအစ်မ မက်ဒေါ်နယ်တို့ ရက်ယာဗစ် သို့ ပြန်ပြောင်းသွားခဲ့ကြသည်၊ သို့သော် အာခ်အရေရီမြို့မှ မထွက်ခွာမီ သမ္မာတရားမျိုးစေ့ စိုက်ပျိုးခဲ့ကြသည်၊ ယင်းသည် နောက်ပိုင်း အပင်ပေါက်လာခဲ့သည်။

အုတ်မြစ်ချခြင်း

၂၇ နှစ်ကြာ စိုက်ပျိုးရေလောင်းပြီးနောက် အိုက်စလန်ရှိညီအစ်ကိုများသည် နောက်ဆုံး၌ လုပ်ဆောင်မှု၏ အသီးအပွင့်ကို စတင်တွေ့မြင်ရသည်။ ၁၉၅၆ ခုနှစ် အစောပိုင်းတွင် လူသစ်ခုနစ်ယောက်သည် နိုင်ငံတော်ဘက်ရပ်တည်ကြပြီး ယေဟောဝါထံ မိမိတို့အသက်တာကို အပ်နှံခဲ့ကြသည်။ ထိုအချိန်ထိ သမ္မာတရားကို စိတ်ဝင်စားမှုပြသူအများစုသည် သမ္မာတရားဘက် မရပ်တည်ကြသေးချေ။ နောက်ပိုင်းတွင် နိုင်ငံမှထွက်ခွာသွားသည့် အင်္ဂလိပ်ညီမ အိုင်ရစ် အိုဘာ့သည် ခြွင်းချက်ဖြစ်သည်။ ယခု လူသစ်ခုနစ်ဦးနှစ်ခြင်းခံပြီး ခိုင်ခံ့သောအုတ်မြစ် ချလိုက်ပြီဖြစ်သည်။ သို့ရာတွင် သမ္မာတရား အခိုင်အမာအမြစ်စွဲသည်ကို တွေ့မြင်ရန် ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့ကြသည့် သာသနာပြုများနှင့် ရှေ့ဆောင်များသည် ၁၉၅၇ ခုနှစ်ခန့်တွင် အိုက်စလန်မှ ထွက်ခွာသွားခဲ့ကြသည်၊ အများစုမှာ ကျန်းမာရေး အခြေအနေကြောင့်ဖြစ်သည်။

သို့ဖြင့် ၁၉၅၇ ခုနှစ်တွင် ယမန်နှစ်က ဒိန်းမတ်မှရောက်လာသည့် အထူးရှေ့ဆောင်ညီမ အက်ဒစ် မာ့ခ်စ်တစ်ဦးတည်းသာ အသင်းတော်ငယ်နှင့် ကျန်ရစ်ခဲ့သည်။ သမ္မာတရား လေ့လာသင်ယူရန်နှင့် ယင်း၌ခိုင်မြဲစေရန် လူသစ်များကို ကူညီပေးခဲ့သူများမပါဘဲ ရုတ်တရက်တည်ထောင်ခဲ့သည့် ဤအုပ်စုကို ကူညီပေးရန် ရိတ်သိမ်းလုပ်သားများ လိုအပ်သည်။ သို့တိုင် မကြာမီ၌ပင် ဒိန်းမတ်၊ ဆွီဒင်နှင့် ဂျာမနီမှ အထူးရှေ့ဆောင်များ ရောက်လာကြသည်။ ထို့ပြင် ကြေညာသူများနှင့် ရှေ့ဆောင်များစွာတို့သည် နိုင်ငံတော်ဟောပြောခြင်း၌ ပါဝင်ရန် အိုက်စလန်သို့ ပြောင်းရွှေ့လာကြသည်။ ထိုအချိန်မှစ၍ ဖြည်းဖြည်းနှင့်မှန်မှန် မပြတ်တိုးတက်လာသည်။

တိုက်နယ်ကြီးကြပ်မှူး ပုံမှန်လည်ပတ်မှုနှင့် နှစ်စဉ်ကျင်းပသော ခရိုင်စည်းဝေးကြီးများအပါအဝင် စိတ်လှုပ်ရှားဖွယ် တိုးတက်ဖြစ်ထွန်းမှုများကိုလည်း ဖြစ်လာစေသည်။ အိုက်စလန်ဘာသာစကားဖြင့် စာပေများ ပို၍လိုအပ်လာသည်။ အိုက်စလန်ဘာသာစကားဖြင့် ပထမဆုံးထုတ်သော ကင်းမျှော်စင်မဂ္ဂဇင်းသည် ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်ထုတ်ဖြစ်သည်။ ယင်းက လုပ်ငန်းအတွက် အဓိကတွန်းအားဖြစ်သည်။ အိုက်စလန်ကျွန်းသားများကို သူတို့၏ဘာသာစကားဖြင့် စာပေများဝေငှနိုင်ခြင်းသည် ညီအစ်ကိုများအတွက် ဝမ်းမြောက်စရာပင်! ထို့ပြင် လစဉ်ရရှိသည့် အလွန်ကောင်းသောဝိညာဉ်အစာမှ အကျိုးရရှိခြင်းက ညီအစ်ကိုများကိုယ်နှိုက်ကို ယုံကြည်ခြင်းခိုင်ခံ့စေသည်! ရက်ယာဗစ်မြို့တွင်ကျင်းပသည့် တိုက်နယ်စည်းဝေးပွဲတစ်ခု၌ ကင်းမျှော်စင်ကို အိုက်စလန်ဘာသာစကားဖြင့် ထုတ်ဝေတော့မည်ဖြစ်ကြောင်းကြေညာချိန်ဝယ် ပုံကြီးချဲ့ထားသော မဂ္ဂဇင်းပုံတူတစ်ခုကို ဟောပြောသူ၏နောက်တွင် ပြသခဲ့ကြသည်။ ယေဟောဝါထံမှ ထိုလက်ဆောင်သစ်အတွက် ညီအစ်ကိုများ လက်ခုပ်သြဘာပေးခဲ့ကြမည်ပင်!

၁၉၅၉၊ အောက်တိုဘာလတွင် ညီအစ်ကို ပီဒါဆင် အိုက်စလန်သို့ရောက်စဉ်က “နိုင်ငံတော်နှင့်ယှဉ်သော ဤသတင်းကောင်း” စာအုပ်ငယ်သည် လယ်ကွင်းတွင်အသုံးပြုနိုင်သည့် အိုက်စလန်စကားဖြင့် တစ်မျိုးတည်းသောစာပေဖြစ်ကာ အိမ်ရှင်များစွာ၌ တစ်အုပ်စီရှိထားကြပြီးဖြစ်ကြောင်း မှတ်မိသည်။ ကြေညာသူများက ဒိန်းမတ်၊ အင်္ဂလိပ်၊ ဂျာမန် သို့မဟုတ် ဆွီဒင်ဘာသာစကားဖြင့် ကင်းမျှော်စင်နှင့် နိုးလော့!ကို ထိုစကားဖြင့်ဖတ်နိုင်သူတို့အား ဝေငှခဲ့ကြသည်။ ထိုစကားတစ်မျိုးမျိုးကို လူအများနားလည်နိုင်ကြသော်လည်း သူတို့၏မိခင်ဘာသာစကားဖြင့် ကင်းမျှော်စင်ကိုဖတ်ရခြင်းက အဓိပ္ပာယ်ပိုပြည့်ဝစေသည်။ အိုက်စလန်ဘာသာစကားဖြင့်ထုတ်သော စာပေများသည် ဟောပြောခြင်းလုပ်ငန်းကို အကြီးအကျယ် အကျိုးပြုခဲ့သည်။ ၄၁ ဦးသော ကြေညာသူနှင့် ရှေ့ဆောင်များသည် ထိုလုပ်ငန်းတော်နှစ်အတွင်း နှစ်စဉ်ကြေး ၈၀၉ ခုရရှိခဲ့ပြီး မဂ္ဂဇင်း ၂၆,၄၇၉ စောင်ဝေငှခဲ့ကြသည်။ ကျမ်းစာသင်အံမှုအရေအတွက် တိုးတက်လာသည်ကိုလည်း ညီအစ်ကိုများတွေ့မြင်ကြရသည်။

၁၉၆၂၊ ဇန်နဝါရီလ ၁ ရက်တွင် ဌာနခွဲရုံးတည်ထောင်ခြင်းသည် နောက်ထပ်သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်။ အိုက်စလန်သည် အမေရိကန်ဌာနခွဲရုံး၏ ကြီးကြပ်မှုအောက်တွင်ရှိခဲ့ပြီး ထိုနှစ်မတိုင်မီက ဒိန်းမတ်ဌာနခွဲ၏အောက်တွင် ရှိခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ယေဟောဝါသက်သေများသည် တရားဝင်အသိအမှတ်ပြုခြင်းခံရပြီး တရားရေးဝန်ကြီးဌာနနှင့် ခရစ်ယာန်အသင်းတော်ကိစ္စရပ်များ၏ မှတ်ပုံတင်ခံရသည်။ ယခု အိုက်စလန်ရှိသက်သေခံများသည် အခြားဘာသာဝင်များကဲ့သို့ ထပ်တူအခွင့်အရေးရှိပြီး ထိမ်းမြားပေးရန်နှင့် အသုဘကိစ္စများကိုဆောင်ရွက်ရန် အခွင့်ရှိကြသည်။

ခရစ်ယာန်ဘုန်းတော်ကြီးထံမှ ဆန့်ကျင်မှု

ဌာနခွဲတည်ထောင်သည့်လတွင် ညီအစ်ကိုများသည် ဓမ္မဆရာထံမှ ဆန့်ကျင်မှုကို ကြုံခဲ့ရသည်။ တစ်မနက်တွင် အမျိုးသားချာ့ချ်၏ ဂိုဏ်းအုပ်က ယေဟောဝါသက်သေများ၏ စကားကိုနားမထောင်ရန်အကြံပြုသော သတိပေးသည့် စာအုပ်ငယ်ထုတ်ဝေကြောင်း အရေးပါသောသတင်းစာ ခေါင်းစီးတွင် ကြေညာခဲ့သည်။ စာအုပ်ငယ်၏ ခေါင်းစဉ်မှာ ဗော်တာ ယီဟိုဗာ—⁠အာ့သ်ဗာရန် (ယေဟောဝါသက်သေများ—⁠သတိပေးချက်) ဟူ၍ဖြစ်သည်။ ထိုအကြောင်းကို တခြားသတင်းစာများကလည်း ရေးသားထုတ်ဝေကြသည်။ ဌာနခွဲရုံး၌ အမှုဆောင်သည့်ညီအစ်ကိုတစ်ဦးနှင့် လူတွေ့မေးမြန်းချက်ကို စံပြနေ့ခင်းသတင်းစာ ဗီဆာ က ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဆောင်းပါး၌ ကျွန်ုပ်တို့၏ ရှုမြင်ချက်ကို ရှင်းပြထားသည်၊ မကြာမီ အခြားစာစောင်များက အကြောင်းအရာကို ကူးယူထုတ်ဝေကြသည်။ ဤသို့ဖြင့် အကြီးအကျယ် သက်သေခံချက်ဖြစ်ခဲ့ပြီး ကျွန်ုပ်တို့လုပ်ငန်းကို အခြားသူများ သိလာကြသည်။ စာရှုသူအချို့က သက်သေခံများကို အားပေးထောက်ခံစာများရေးခဲ့၍ ယင်းကို သတင်းစာများ၌ ပုံနှိပ်ထုတ်ဝေခဲ့သည်။ ကျွန်ုပ်တို့ကို “ချေပချက်” တစ်ရပ်ထုတ်ဝေကာ ဂိုဏ်းအုပ်က တန်ပြန်တိုက်ခိုက်ခဲ့သည်။ သို့သော် အရေးပါဆုံးသတင်းစာ မောဂန်ဗလာသိသ် တွင် ယေဟောဝါသက်သေများက မိမိတို့၏လုပ်ငန်းနှင့် ယုံကြည်ချက်များကို စာမျက်နှာ တစ်မျက်နှာအပြည့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

သတိပေးချက်ပါသည့် စာအုပ်ငယ်ကို တစ်နိုင်ငံလုံးအနှံ့ ဖြန့်ဝေခဲ့ကြသည်။ အကျိုးဆက်မှာ ယေဟောဝါသက်သေများအကြောင်း လူသိရှင်ကြားဖြစ်သွားသည်၊ ကျယ်ပြန့်သည့်ဒေသများတွင် ကျွန်ုပ်တို့လုပ်ငန်းသည် နှစ်ပေါင်းများစွာကြာအောင် ထိခိုက်မှုရှိခဲ့သည်။ အသိပေးကြော်ငြာချက်များကြောင့် စာစောင်တစ်ခုက ဤသို့အစီရင်ခံသည်– “ဂိုဏ်းအုပ်သည် ယေဟောဝါသက်သေများအတွက် ကြော်ငြာမန်နေဂျာဖြစ်လာပြီ။” သက်သေမခံဖူးသေးသည့် နိုင်ငံ၏ ဝေးလံသည့်ဒေသများတွင်ပင် ယေဟောဝါ၏လူမျိုးကို သိလာကြသည်။ ဂိုဏ်းအုပ်၏အကြံပေးချက်ကို လူအချို့လိုက်နာကြသော်လည်း အများစုမှာ သိလိုစိတ်ပြင်းပြကြလာသည်။ သို့သော် မြောက်ပိုင်း အာခ်အရေရီတွင် ရန်မူတိုက်ခိုက်မှုများရှိသည်။ ထိုမြို့တွင် ရှေ့ဆောင်အဖြစ်အမှုဆောင်နေသည့် ဟိုင်းရစ်ခ်နှင့် ကာတာရီးနာ ကာချာ မောင်နှံကို လူငယ်များက ရံဖန်ရံခါ ကျောက်ခဲနှင့်ပစ်ကြသည်။ နှစ်များကြာပြီးနောက် အာခ်အရေရီရှိ တခြားဘာသာရေးဆန့်ကျင်သူတချို့က ဒေသအတွင်း ပြန်လည်ပုံနှိပ်ထားသည့် ဂိုဏ်းအုပ်ထံမှ စာအုပ်ငယ်ကို ပြန်လည်ဖြန့်ဝေခဲ့ကြသည်။ ကျွန်ုပ်တို့၏ ဟောပြောခြင်းလုပ်ငန်းကို ရပ်တန့် သို့မဟုတ် ဟန့်တားနိုင်မည်ဟုယူဆကာ ရက်ယာဗစ်တွင်လည်း ပဲင်တီကော့စတဲလ်အသင်းက ထပ်တူပြုလုပ်ခဲ့ကြသည်။

စည်းဝေးကြီးများစီစဉ်ခြင်းဆိုင်ရာ စိန်ခေါ်ချက်

စည်းဝေးပွဲများနှင့် စည်းဝေးကြီးများသည် အိုက်စလန်ရှိ ဘုရားသခင့်လူမျိုးတော်အတွက် ရွှင်လန်းဖွယ်အကောင်းဆုံးအချိန် ဖြစ်လေ့ရှိသည်။ ကြေညာသူ အနည်းငယ်သာရှိချိန်၌ပင် ညီအစ်ကိုများသည် စည်းဝေးပွဲများ စီစဉ်ရန် ဝန်မလေးခဲ့ကြချေ။ ပထမဆုံးစည်းဝေးပွဲကို ၁၉၅၁၊ ဇူလိုင်လတွင် ကျင်းပခဲ့သည်၊ ကနေဒါမှ ညီအစ်ကို ပါစီ ချာ့ပ်မင်နှင့် ဘရွတ်ကလင်မှ ညီအစ်ကို ကလောစ္စ ဂျင်စင်တို့နှစ်ဦး ထိုနှစ်နွေရာသီ၌ ဥရောပတွင်ကျင်းပမည့် စည်းဝေးပွဲစဉ်များကိုအသွား အိုက်စလန်သို့ လာရောက်ချိန်တွင်ဖြစ်သည်။ ထိုအချိန်က အိုက်စလန်တွင် ကြေညာသူအနည်းငယ်သာရှိသည့်တိုင် စည်းဝေးပွဲ၌ အများဆုံးတက်ရောက်သူ ၅၅ ယောက်ရှိခဲ့သည်။ ခုနစ်နှစ်ကြာပြီးချိန် ၁၉၅၈၊ ဇွန်လတွင် နောက်ထပ်စည်းဝေးပွဲကို ကျင်းပခဲ့သည်၊ ဇုန်ကြီးကြပ်မှူး ဖိလစ် ဟော့ဖ်မန် လည်ပတ်စဉ်အတွင်း၌ဖြစ်ပြီး လူထုဟောပြောပွဲကို ၃၈ ဦးတက်ရောက်နားထောင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ စည်းဝေးပွဲများနှင့် ခရိုင်စည်းဝေးကြီးများကို နှစ်စဉ်ကျင်းပခဲ့သည်။

ဖရီသရိခ် ဂျီစလာစောသည် ၁၉၅၀ ပြည့်လွန်နှစ်များအတွင်း စည်းဝေးကြီးအစီအစဉ်များတွင်ပါဝင်ခဲ့သည့် အနည်းငယ်သောညီအစ်ကိုများမှ တစ်ဦးဖြစ်သည်။ သူဤသို့ပြန်ပြောပြသည်– “ပထမဆုံးစည်းဝေးပွဲတွေတုန်းက အစားအသောက်ဝန်ဆောင်ဌာနမှာ ကြီးကြပ်ရတာကို မှတ်မိသေးတယ်။ အများအားဖြင့် ကျွန်တော်တစ်ယောက်တည်း ချက်ပြုတ်လုပ်ကိုင်ရတဲ့အပြင် ဟောပြောချက်အစီအစဉ်မှာ သုံးလေးကြိမ် နေ့စဉ်ပါရလေ့ရှိတယ်။ ကျွန်တော် စားဖိုဆောင်မှာ ချက်ပြုတ်တဲ့အခါ ရှေ့ဖုံးခါးစည်းကိုဝတ်ထားတယ်။ ဟောပြောချက်ပေးဖို့ ခန်းမထဲ အဆောတလျင်သွားတဲ့အခါ ကုတ်အင်္ကျီပြန်ဝတ်တယ်၊ ဒါပေမဲ့ ကျွန်တော့်ရှေ့ဖုံးခါးစည်းကိုချွတ်ဖို့ ညီအစ်ကိုတွေက ကျွန်တော့်ကို အကြိမ်ကြိမ်သတိပေးခဲ့ရတယ်။ အခုဆိုရင် စည်းဝေးပွဲတွေကို တက်ရောက်သူ ၄၀၀ မှ ၅၀၀ အထိရှိပြီး စည်းဝေးအစီအစဉ်ကိုကိုင်ဖို့ အရည်အချင်းရှိ အကြီးအကဲတွေလည်းရှိနေပြီ။”

ခရိုင်စည်းဝေးကြီးများ၌ စိတ်လှုပ်ရှားဖွယ်၊ မှတ်သားဖွယ်အကောင်းဆုံးမှာ ကျမ်းစာပြဇာတ်များဖြစ်သည်။ သို့သော် အိုက်စလန်တွင် ကြေညာသူအလွန်နည်းသောကြောင့် ပြဇာတ်များကို အသံသက်သက်ဖြင့် တင်ဆက်ကြရသည်။ အသံနှင့်တစ်ချိန်တည်းပြသနိုင်သည့် ဆေးရောင်စုံရုပ်သေများစီစဉ်ပေးခြင်းဖြင့် ပြဇာတ်များကို ရုပ်လုံးဖော်ရန် ဒိန်းမတ်ဌာနခွဲက ကူညီပေးခဲ့သည်။ သို့တိုင် ပြဇာတ်များသည် ပြင်ဆင်မှုအတော်များများပြုရန်လို၏။ ဦးစွာ အိုက်စလန်စကားသို့ ဘာသာပြန်ရသည်။ ထို့နောက် ဒေသခံစကားပြော ညီအစ်ကို၊ ညီအစ်မများနှင့် အသံသွင်းရသည်။ ထို့ပြင် ဂီတသံနှင့် အသံဖန်တီးချက်များကို အင်္ဂလိပ်တိပ်ခွေမှ ကူးထည့်ရသည်။ အချို့သူတို့သည် တင်ဆက်ရမည့် ဇာတ်ကောင်အလိုက် အသံပြောင်း၍ အခန်းအမျိုးမျိုး ပါဝင်ရသည်။ တဖြည်းဖြည်းနှင့် ပြဇာတ်တချို့ကို ဝတ်စုံပြည့်ဖြင့် တင်ဆက်ခဲ့ကြသည်။

ပထမဆုံးအဖြစ် ၁၉၇၀ ပြည့်နှစ် ခရိုင်စည်းဝေးကြီး၌ မိဖုရားဧသတာအကြောင်း ပြဇာတ်ကို တင်ဆက်ခဲ့သည်။ ညီအစ်ကိုများသည် ထိုစီမံကိန်းကို အားတက်သရောဆောင်ရွက်ကြပြီး ဇွဲနှင့် အကြိမ်ကြိမ်ဇာတ်တိုက် ပြင်ဆင်ခဲ့ကြသည်။ ကျမ်းစာခေတ်ကလူများ ဝတ်စားသကဲ့သို့ ဝတ်ဆင်ရခြင်းသည် အတွေ့အကြုံသစ်ဖြစ်ပြီး ညီအစ်ကိုများကို မုတ်ဆိတ်တပ်ရန် ကော်ဖြင့်ကပ်ပေးကြသည်။ စည်းဝေးကြီး၌ ပြဇာတ်တင်ဆက်ရန်ရှိသည်ကို လျှို့ဝှက်ထားခဲ့ကြသည်။ ယင်းက အံ့သြဝမ်းသာဖြစ်စေခဲ့သည်။ အားလုံးနီးပါး တစ်ဦးနှင့်တစ်ဦးသိကျွမ်းပြီး လူတိုင်း စင်မြင့်အနီး၌ နေရာရသည့် လူနည်းစု စည်းဝေးကြီးများ၌ အချို့က မည်သူမည်သည့်အခန်းမှပါသည်ကို ခန့်မှန်းခဲ့ကြသည်။ ပြဇာတ်တစ်ခုကြည့်ပြီးနောက် ညီအစ်မတစ်ဦး ဤသို့ပြောသည်– “စဉ်းစားကြည့်ပါ၊ ပြဇာတ်မှာ ဘုရင်နေဗုခဒ်နေဇာအခန်းက သရုပ်ဆောင်သွားတဲ့ ညီအစ်ကိုတစ်ယောက်တည်းကိုပဲ ကျွန်မ မှတ်မိတယ်!” ညီအစ်ကိုနာမည်ကိုပြောပြီးနောက် လွဲနေကြောင်းသိရ၍ အံ့သြခဲ့ကြသည်။ စည်းဝေးကြီးများနှင့် စည်းဝေးပွဲများ၌ အစီအစဉ်တင်ဆက်ရန် များစွာသောသူတို့၏ ကြိုးစားလုပ်ဆောင်ခဲ့မှုကို ညီအစ်ကိုများ အမှန်ပင်ကျေးဇူးတင်ကြသည်။ မိမိတို့ကိုယ်ပိုင်ဘာသာစကားဖြင့် တင်ဆက်သည့် ပြဇာတ်များ၏ အလွန်ကောင်းသော သင်ခန်းစာများမှ အားလုံးအကျိုးခံစားကြရသည်။

အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများက ရွှင်လန်းမှုဖြစ်စေ

အိုက်စလန်ရှိညီအစ်ကိုများသည် နှစ်များတစ်လျှောက် အခြားနိုင်ငံများတွင်ကျင်းပသည့် စည်းဝေးကြီးများတက်ရောက်ခြင်းကိုလည်း ပျော်မွေ့ခဲ့ကြသည်။ ၁၉၅၈ ခုနှစ် နယူးယောက်တွင်ကျင်းပသည့် မြင့်မြတ်သောအလိုတော် အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကို အိုက်စလန်မှ ကိုယ်စားလှယ်ငါးဦး တက်ရောက်ခွင့်ရခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ဥရောပ၌ကျင်းပသည့် စည်းလုံးသောဝတ်ပြုသူများ စည်းဝေးပွဲများနှင့် ၁၉၆၃ ခုနှစ်တွင်ကျင်းပသည့် “ထာဝရသတင်းကောင်း” စည်းဝေးပွဲများသို့ များစွာသောသူတို့ တက်ရောက်ခဲ့ကြသည်။ အခြားသူများသည် ၁၉၇၃ ခုနှစ်တွင်ကျင်းပသည့် “မြင့်မြတ်သောအောင်ပွဲ” အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲများ၌ နိုင်ငံများစွာမှ ညီအစ်ကိုချင်းများနှင့် ပျော်မွေ့ခဲ့ကြသည်။ ၁၉၆၉၊ ဩဂုတ်လ ၅-၁၀၊ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့၌ ကျင်းပသည့် “မြေကြီးပေါ် ငြိမ်သက်ခြင်း” အပြည်ပြည်ဆိုင်ရာ စည်းဝေးပွဲကို အိုက်စလန်မှ ကြေညာသူတစ်ရာကျော် တက်ရောက်ခဲ့ကြသည်။ ယင်းသည် နိုင်ငံခြားရှိ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို သွားတက်သည့် အိုက်စလန်မှ အကြီးဆုံးအုပ်စုဖြစ်သည်။ ထိုနှစ်နွေရာသီတွင် အိုက်စလန်ရှိ ကြေညာသူ၏ ၈၀ ရာခိုင်နှုန်းသည် စည်းဝေးကြီးတက်ရန် ပြည်ပသို့သွားခဲ့ကြသည်။

အိုက်စလန်မှ များစွာသောသူတို့သည် ၁၉၆၉ ခုနှစ် စည်းဝေးကြီးကိုတက်ရောက်ရန် အစီအစဉ်ရှိသောကြောင့် ဒိန်းမတ်ဌာနခွဲက အိုက်စလန်ညီအစ်ကိုများ အတူထိုင်ရန် နေရာစီစဉ်ပေးသည်။ အစည်းအဝေးမစမီ နံနက်ပိုင်းတွင် အိုက်စလန်မှညီအစ်ကိုများသည် မိမိတို့ဘာသာစကားဖြင့် အစီအစဉ်အကျဉ်းချုပ်ကို ကြားနာခွင့်ရမည့်အပိုင်း၌ စုဝေးခဲ့ကြသည်။

ထိုစည်းဝေးကြီး တက်ရောက်ခဲ့သူများထဲတွင် ဘယော့နီ ယွန်စောအမည်ရှိ လူငယ်တစ်ဦးပါသည်။ သူသည် သာသနာပြုအိမ်နှင့် ဌာနခွဲရုံးအဖြစ် ညီအစ်ကိုများငှားထားသည့် ရက်ယာဗစ်မြို့ရှိ အဆောက်အအုံပိုင်ရှင် ရှေ့နေတစ်ဦး၏သားဖြစ်သည်။ ဘယော့နီသည် သမ္မာတရားအကြောင်း သိပ်မသိချေ၊ ကိုပင်ဟေဂင်သို့ ညီအစ်ကိုများနှင့်အတူ ခရီးသွားခြင်း၏ရည်ရွယ်ချက်မှာ စည်းဝေးကြီးတက်ရန်မဟုတ်ပေ။ မည်သို့ဖြစ်ပျက်ခဲ့သနည်း။

ထိုစဉ်က ဌာနခွဲအမှုထမ်း ချဲလ် ဂျီးလ်နာ့ဒ်သည် ဘယော့နီ၏ဖခင်နှင့် ဆွေးနွေးရန်ကိစ္စတချို့ရှိသည်။ ချဲလ်က ကိုပင်ဟေဂင်၌ကျင်းပမည့် အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲရှိကြောင်းနှင့် သွားတက်ရန်စီစဉ်နေသော ညီအစ်ကိုတစ်စုရှိကြောင်း ပြောပြခဲ့သည်။ ထိုအကြောင်းကိုကြားသောအခါ ရှေ့နေဖြစ်သူက အုပ်စုနှင့်အတူ သူ့သားကြီးလိုက်ရန်ဖြစ်နိုင်မည်လောဟု မေးသည်။ သူ့သားသည် အလယ်တန်းအောင်ပြီးခါစဖြစ်၍ ပြည်ပခရီး သွားစေလိုသည်၊ ထို့ကြောင့် ကိုပင်ဟေဂင်သည် သင့်တော်သောနေရာဖြစ်နိုင်ကြောင်း ညီအစ်ကို ဂျီးလ်နာ့ဒ်အား ပြောပြသည်။ ယင်းသည် စိတ်ကူးကောင်းတစ်ရပ်ဖြစ်သည်ဟု ချဲလ် ယူဆသောကြောင့် စည်းဝေးပွဲသည် မည်သို့သောအရာဖြစ်ကြောင်း ဘယော့နီ တွေ့မြင်လိုမည်ဆိုပါက ကိုပင်ဟေဂင်၌ သူ့အတွက် နေရာထိုင်ခင်းစီစဉ်ပေးမည့်အကြောင်း ရှေ့နေကို ပြောလိုက်သည်။ သဘောကျစွာဖြင့် ရှေ့နေက သားဖြစ်သူအား စည်းဝေးပွဲသွားမည့် ယေဟောဝါသက်သေအုပ်စုနှင့်အတူ လိုက်သွားလိုသဘောဟု မေးခဲ့သည်။ သားဖြစ်သူက ချက်ချင်းသဘောတူခဲ့သည်။

ကိုပင်ဟေဂင်တွင် ဘယော့နီအတွက် တည်းခိုရန်နေရာရှာပေးရန် နေရာချထားရေးဌာနကို ဆက်သွယ်ခဲ့သည်။ ညီအစ်ကိုများသည် သက်သေခံမိသားစု၏အိမ်တွင် သူ့အတွက် နေရာရှာပေးခဲ့သည်။ ယာကော့ဗ်အမည်ရှိ အိုက်စလန်ညီအစ်ကိုနှင့် တစ်ခန်းတည်းအတူနေရမည့် အမေရိကန်ကိုယ်စားလှယ်တစ်ဦးသည် သူ့ စာရင်းသွင်းမှုကို ပယ်ဖျက်လိုက်သောကြောင့် သူ့နေရာတွင် ဘယော့နီ ရသွားခဲ့သည်။ သို့သော် အကြောင်းတချို့ကြောင့် ယာကော့ဗ် ရောက်မလာခဲ့ချေ။ တည်းခိုရန်နေရာသို့ရောက်လာသူမှာ ဘယော့နီတစ်ဦးသာဖြစ်သည်။ အမေရိကန်ညီအစ်ကိုအစား ဘယော့နီလာခြင်းဖြစ်ကြောင်း နေရာချထားရေးဌာနက အိမ်ရှင်မိသားစုကို ပြောမပြခဲ့ခြင်းကြောင့် သူတို့က မိမိတို့ဧည့်သည်မှာ ယာကော့ဗ်ဟုပင် ယူမှတ်ခဲ့ကြသည်။

ခါတိုင်းကဲ့သို့ပင် နေရာအသီးသီးမှ ညီအစ်ကိုများ ဆုံကြသည့်အခါ တွေ့ကြုံမှုများပြောကြသည်။ “ယာကော့ဗ်” ၌ပြောပြစရာမရှိသည်ကို တွေ့ရ၍ ဒိန်းမတ်ညီအစ်ကိုများ အံ့သြခဲ့ကြသည်။ တစ်ဖက်တွင်မူ ဘယော့နီသည် အိမ်ရှင်နှင့် အိမ်ရှင်မတို့က သူ့အား ယာကော့ဗ်ဟုခေါ်နေသောကြောင့် အနည်းငယ်တွေဝေနေသည်။ ယာကော့ဗ်ဟူသည် ကျမ်းစာအမည်ဖြစ်သောကြောင့် ယေဟောဝါသက်သေများအလယ် စကားပြောဆိုရာတွင် ကျမ်းစာအမည်များသုံးခြင်းသည် ထုံးစံဖြစ်မည်ဟု သူထင်ခဲ့သည်။ ဘယော့နီနေသည့် အိမ်မှ ညီအစ်ကိုတစ်ဦးသည် အိုက်စလန်တွင် ရှေ့ဆောင်လုပ်နေသည့် ဒိန်းမတ်ညီအစ်ကိုတစ်ဦးနှင့်ဆုံသောအခါမှ နားလည်မှုလွဲခြင်း ရှင်းသွားခဲ့သည်။ အိုက်စလန်တွင် လုပ်ဆောင်မှုအကြောင်း “ယာကော့ဗ်” ၌ ပြောပြစရာမရှိသောကြောင့် သူသည် သမ္မာတရားရခါစ လူသစ်ဟုတ်မဟုတ် ဒိန်းမတ်ညီအစ်ကိုအား မေးမြန်းခဲ့သည်။ ဒိန်းမတ်ညီအစ်ကိုက ထို “ယာကော့ဗ်” သည် အမှန်တကယ်တွင် ကိုပင်ဟေဂင်သို့ ညီအစ်ကိုများနှင့်အတူ ခရီးထွက်လာသော အိုက်စလန်မှ ကျောင်းသားလေး ဘယော့နီဖြစ်ကြောင်း ရှင်းပြလိုက်သည်။ ဘယော့နီ၏ အိမ်ရှင်များသည် သူ့အား နွေးထွေးစွာဧည့်ဝတ်ပြုကြပြီး ဒိန်းမတ်မြို့တွင်းနေရာအချို့ကို လှည့်လှည်ကြည့်ရှုစဉ် မိမိတို့အိမ်၌ နောက်တစ်ပတ်တည်းရန် ဖိတ်ခေါ်ခဲ့သည်။ ထိုကြင်နာမှုက ဘယော့နီ၏နှလုံးကို ထိမိသွားခဲ့သည်။

အမှန်အားဖြင့်၊ ဘယော့နီ စည်းဝေးပွဲတက်ရောက်ခဲ့သည်။ အစီအစဉ်မှ အကျိုးအပြည့်အဝခံစားရန် သူ၌သမ္မာတရားအသိပညာနောက်ခံ မရှိသည့်တိုင် သူမြင်ရ၊ ကြားရရာများက အလွန်စိတ်စွဲမှတ်စေခဲ့သည်။ အိုက်စလန်သို့ပြန်ရောက်သည်နှင့် သူနှင့် သူ့မိသားစုသည် ကျမ်းစာစ,လေ့လာကြသည်။ ဘယော့နီသည် သမ္မာတရားတွင် ကောင်းစွာတိုးတက်လာပြီး ၁၉၇၁ ခုနှစ်တွင် နှစ်ခြင်းခံခဲ့သည်။ ၁၉၇၉ ခုနှစ်မှစ၍ အိုက်စလန်တွင် ဌာနခွဲကော်မတီဝင်တစ်ဦးအဖြစ် အမှုဆောင်ခဲ့သည်။

စဗန်းဘာ့ ယာကော့ဗ်စောသည် အိုက်စလန် ဌာနခွဲ၌ နှစ်ပေါင်းများစွာ ဘာသာပြန်သူတစ်ဦးဖြစ်ပြီး ယခု ဘာသာပြန်ဌာန၏ ကြီးကြပ်မှူးဖြစ်သည်။ လူငယ်ကြေညာသူအနေနှင့် ၁၉၇၃ ခုနှစ်၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင်ကျင်းပသည့် “မြင့်မြတ်သောအောင်ပွဲ” အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကို သူတက်ရောက်ခဲ့သည်။ သူဤသို့ပြန်ပြောပြသည်– “စည်းဝေးကြီးကျင်းပတဲ့ အားကစားကွင်းထဲ ထောင်နဲ့ချီတဲ့ ညီအစ်ကို၊ ညီအစ်မတွေ မပြတ်ဝင်လာကြတာကိုမြင်ရလို့ ကျွန်တော်အရမ်းစိတ်လှုပ်ရှားခဲ့တာ မှတ်မိသေးတယ်။ လူတိုင်း ရောင်စုံရိုးရာဝတ်စုံတွေဝတ်ထားတဲ့ အာဖရိက,က ညီအစ်ကို ညီအစ်မတွေက ကျွန်တော့်အာရုံကို ဖမ်းစားခဲ့တယ်။ သောင်းနဲ့ချီတဲ့ညီအစ်ကိုတွေနဲ့အတူ အစီအစဉ်နားထောင်ရတာ၊ သီချင်းအတူဆိုရတာ၊ ဆုတောင်းတဲ့အခါ အတူပါဝင်ရတာ၊ အတူတကွစားသောက်ရတာနဲ့ သူတို့အလယ်ရှိနေရတာတွေဟာ မမေ့နိုင်တဲ့အတွေ့အကြုံပါပဲ။”

၁၉၅၈ ခုနှစ်တွင် နှစ်ခြင်းခံသည့် စိုဘာ့ စဗေးစ်ဒိုတာသည် ၁၉၆၁ ခုနှစ်တွင် ကိုပင်ဟေဂင်၌ ကျင်းပသည့် စည်းဝေးကြီးကိုတက်ရန် သူမ၏ကလေး,လေးယောက်နှင့်အတူ ဒိန်းမတ်သို့ သင်္ဘောဖြင့် ခြောက်ရက်ကြာခရီးနှင်ခဲ့သည်။ စိုဘာ့သည် ကရက်ဗလာဗစ်ရှိ သီးခြားအသင်းတော်ငယ်မှဖြစ်သည်။ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတက်ခြင်းက သူ့အား မည်သို့အကျိုးပြုသနည်း။ သူဤသို့ပြောပြသည်– “ညီအစ်ကို ၃၀,၀၀၀ ကျော်ဟာ ဘာသာစကားငါးမျိုးနဲ့ နိုင်ငံတော်သီချင်း အတူတကွဆိုတာကြားရတာ စိတ်လှုပ်ရှားစရာပဲ—⁠အဲဒါက ကျွန်မနှလုံးကို ထိမိခဲ့တယ်။ အရာရာတိုင်းကို စနစ်တကျစီစဉ်ထားတယ်။”

အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများသို့ သွားရောက်ခြင်းသည် အကုန်အကျများသော်လည်း ထိုသို့အကုန်ကျခံသွားရောက်ရကျိုးနပ်သည်ဟု ညီအစ်ကိုများ ခံယူကြသည်။ ယေဟောဝါပြင်ဆင်ပေးသည့် အံ့ဖွယ်ဝိညာဏစားပွဲကို တက်ရောက်ခြင်းနှင့် ထောင်နှင့်ချီသော ယုံကြည်သူခြင်းများအလယ်ရှိရခြင်းသည် ကောင်းချီးတစ်ရပ်ဖြစ်သည်။

ဝိညာဏ “စားပွဲထိုး” တစ်ဦး လည်ပတ်ခြင်း

သာ၍လိုအပ်သောနေရာတွင်အမှုဆောင်ရန် အိုက်စလန်သို့ ပြောင်းရွှေ့လာသူများစွာရှိသည်။ ၎င်းတို့အားလုံးအတွက် ပြောင်းရွှေ့ခြင်းသည် ရှုပ်ထွေးသောအိုက်စလန်စကားကိုသင်ယူရန် အတန်ကြာ အပြင်းအထန်ကြိုးပမ်းမှုတစ်ရပ်ဟု အဓိပ္ပာယ်ပေါက်သည်။ သို့သော် ဘာသာစကား နားလည်လွဲခြင်းသည် တစ်ခါတစ်ရံ မထင်မှတ်ဘဲ ကောင်းကျိုးဖြစ်စေနိုင်သည်။ ဥပမာ၊ တစ်နေ့ ဟိုင်းရစ်ခ် ကာချာ သည် တစ်အိမ်မှတစ်အိမ်အမှုဆောင်စဉ် မိမိကိုယ်ကို ဓမ္မအမှုဆောင် သို့မဟုတ် အမှုထမ်းအဖြစ် မိတ်ဆက်သည်။ အိမ်တစ်အိမ်၌ အမျိုးသမီးငယ်တစ်ဦး တံခါးပေါက်နားလာသည်၊ သူ့ကိုယ်သူ မိတ်ဆက်ပြီးသည်နှင့် သူ့အားအိမ်ထဲဖိတ်ခေါ်လိုက်သည်။ အိုက်စလန်စကားတွင် “အမှုထမ်း” နှင့် “စားပွဲထိုး” နှစ်ခုလုံးအတွက် စကားလုံးတူသောကြောင့် သူမည်သူဖြစ်သည်ကို နားလည်လွဲသွားသည်။ ဒေသခံဟိုတယ်တစ်ခု၌ စားပွဲထိုးဖြစ်သော ခင်ပွန်း၏အလုပ်ဖော်ဟု အမျိုးသမီးကထင်ခဲ့သည်။ ခင်ပွန်းသည်မကြာမီ ပြန်ရောက်တော့မည်ကို သိသောကြောင့် သူနှင့်တွေ့မည့် အလုပ်ဖော်ဟုထင်ရသူကို အိမ်ထဲဖိတ်ခေါ်ထားသင့်သည်ဟု သူယူဆခဲ့သည်။ နားလည်လွဲမှုရှင်းသွားသည့်အခါ အားရပါးရရယ်မောခဲ့ကြသည်။

ခင်ပွန်းသည်ပြန်ရောက်သည့်အခါ ကျွန်ုပ်တို့၏ ဝိညာဏ “စားပွဲထိုး” သည် လူငယ်မောင်နှံအား ကောင်းမွန်သောဝိညာဉ်အစာ တည်ခင်းကျွေးမွေးသည်၊ ယင်းကို သူတို့အလွန်နှစ်သက်ခဲ့ကြသည်။ ဟိုင်းရစ်ခ်ကို ပြန်လာရန်နှင့် လာသည့်အခါ ဇနီးသည်ကိုခေါ်လာရန်ပင် တောင်းဆိုကြသည်။ မကြာမီ ပုံမှန်ကျမ်းစာသင်အံမှုပြုလုပ်ပြီး စိတ်ဝင်စားသူမောင်နှံသည် အခြားသူများကို စတင်သက်သေခံတော့သည်။ ဒေသခံဟိုတယ်၌ အလုပ်လုပ်ချိန်၌ပင် လူငယ်စားပွဲထိုးသည် နားထောင်လိုသူတိုင်းကို ဟောပြောခဲ့သည့်။ နောက်ဆုံး၌ ထိုမောင်နှံစုံသည် နှစ်ခြင်းခံခဲ့ကြသည်။ မိမိတို့ထံ ဝိညာဏ “စားပွဲထိုး” လာရောက်လည်ပတ်ခဲ့မှုနှင့် ဘာသာခြားစကားနှင့် သက်သေခံခြင်းကို မလွဲမရှောင်ပြုခဲ့သောကြောင့် သူတို့ဝမ်းသာခဲ့ကြသည်။

နှစ်များတစ်လျှောက် နိုင်ငံခြားညီအစ်ကိုများ ဘာသာစကားသင်သည့်အခါ နားလည်လွဲမှုများရှိသောကြောင့် ရယ်စရာများစွာရှိသည်။ သာဓကအနေနှင့် စယ်လီ မက်ဒေါ်နယ် အိုက်စလန်သို့ရောက်ပြီးမကြာမီတွင် သူသည် “ကျမ်းစာထဲက စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတချို့ဝေမျှဖို့ အိမ်နီးချင်းတွေဆီ ကျွန်မလည်ပတ်နေပါတယ်” ဟုစကားချီးအဖြစ်ပြောရန် ပြင်ဆင်ခဲ့သည်။ သို့သော် လည်ပတ်သည်အတွက်စကားလုံး (ဟေးမ်စက်ယာ) နှင့် နှိပ်စက်သည်အတွက်စကားလုံး (အော့ဖ်စက်ယာ) ရောသွားပြီး ပြုံးလျက် သူဤသို့ပြောလိုက်သည်– “အိမ်နီးချင်းတွေကို ကျွန်မနှိပ်စက်နေပါတယ်။”

လူသာရင်ဓမ္မဆရာနှင့်အတူတစ်အိမ်မှတစ်အိမ်

ဒိန်းမတ်မှ ဟော်လ်ဂါနှင့် တိုဗာ ဖရီသရစ်ဆင်တို့သည် အိုက်စလန်တွင် အထူးရှေ့ဆောင်များအဖြစ် နှစ်ပေါင်းများစွာ သစ္စာရှိရှိအမှုဆောင်ခဲ့ကြပြီး နယ်လှည့်လုပ်ငန်းတွင် တစ်ခဏအမှုဆောင်ကြသည်။ အိုက်စလန်စကားကို သင်ယူတတ်မြောက်ရန် တိုဗာအတွက် မလွယ်ကူခဲ့သော်လည်း သူ၏ဇွဲနှင့် စိတ်အားထက်သန်မှုကြောင့် လူများစွာကို သမ္မာတရားရစေခဲ့သည်။

တိုက်နယ်လုပ်ငန်းတွင် အမှုဆောင်စဉ်တစ်ခါက ဟော်လ်ဂါသည် လူငယ်ကြေညာသူတစ်ဦးနှင့်အတူ ကျေးရွာငယ်တစ်ခု၌ တစ်အိမ်မှတစ်အိမ် အမှုဆောင်နေကြ၏။ ဒေသခံ လူသာရင်ဓမ္မဆရာသည် သူတို့နှင့်အတူလိုက်သောကြောင့် အံ့သြခဲ့ကြသည်။ မည်သို့ဖြစ်ပျက်လာသနည်း။

သိပ်မကြာသေးမီက ဓမ္မဆရာအိမ်သို့ သူတို့လည်ပတ်ခဲ့ကြသည်။ သူသည် အပြင်ပန်းအားဖြင့် ဖော်ရွေပြီး သူ့ရုံးခန်းတွင်းသို့ ဖိတ်ခေါ်ခဲ့သည်။ သူတို့ပေးသည့် စာအုပ်ကို တစ်ချက်လှန်လှောကြည့်ပြီးနောက် ဓမ္မဆရာက ဤသို့ဆိုသည်၊ “ဒီစာအုပ်တွေမှာ မှားယွင်းတဲ့သွန်သင်ချက်တွေပါတယ်!” ထို့နောက် ရုတ်တရက်မတ်တတ်ရပ်ပြီး သူ၏လက်နှစ်ဖက်စလုံးကိုမြှောက်ကာ သူတို့အပေါ် ဘုရားသခင့်စီရင်ခြင်းသက်ရောက်ရန် ကြေညာခဲ့သည်။ “ငါ့ရဲ့နယ်ပယ်မှာ ဟောပြောတာကို ငါတားမြစ်တယ်!” ဟုအော်ပြောသည်။ သူ့တွင် ဟောပြောခြင်းကိုတားဆီးပိုင်ခွင့်မရှိကြောင်းနှင့် ဟောပြောခြင်းလုပ်ငန်းကို ဆက်လုပ်သွားမည်ဖြစ်ကြောင်း ဟော်လ်ဂါက ဓမ္မဆရာကို ပြောသည်။ ဓမ္မဆရာက “ငါ့နယ်ထဲက လူတွေကိုဆက်ဟောရင် မင်းတို့နဲ့အတူ ငါလိုက်ရမယ်” ဟုပြန်ပြောသည်။ ဝမ်းမြောက်စွာကြိုဆိုကြောင်း ဟော်လ်ဂါ ပြန်ပြော၏။

ဓမ္မဆရာသည် သူ့အိမ်နှင့်အနီးဆုံး အိမ်နှစ်အိမ်သို့ အတူလိုက်ပြီးနောက် တိုဗာနှင့် အခြားညီအစ်မတစ်ဦးနှင့် သူတို့ဆုံကြသည်၊ တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ပါဝင်နေသည့်ဓမ္မဆရာကို တွေ့ရခြင်းကြောင့် သူတို့အံ့သြခဲ့ကြသည်။ ယခု ဓမ္မဆရာသည် ကော်ဖီသောက်ရန် မိမိအိမ်သို့ အားလုံးကို ဖိတ်ခေါ်သည်။ ရင်းရင်းနှီးနှီး စကားစမြည်ပြောဆိုခဲ့ကြသည်။ ဓမ္မဆရာသည် ရုတ်တရက် မမျှော်လင့်ဘဲ ဧည့်ဝတ်ပြုခြင်းက သူနယ်မြေရှိသူတိုင်းကို မဟောပြောရန် တားဆီးဖို့ တစ်နည်းနည်းဖြင့် ဆိုလိုခြင်းဖြစ်သည်ဟု ဟော်လ်ဂါ ယူဆသည်။ ထို့ကြောင့် နောက်တစ်နေ့ သူတို့ပြန်သွားပြီး တစ်ရွာလုံးကို အမှုဆောင်ခဲ့သည်၊ စာပေများစွာဝေငှပြီး နားထောင်သူများစွာနှင့် တွေ့ဆုံကြသည်။

ဆီးနှင်းပြိုခြင်းကြောင့် ပိတ်မိသွား

ကျေးလက်ဒေသတွင်နေထိုင်သူတို့ကို ဟောပြောရာတွင် အမှောင်ကြီးစိုးသည့် ဆောင်းလများအတွင်း ရေခဲနှင့် ဆီးနှင်းတို့ဖုံးနေသည့် တောင်ကြားလမ်းများကို ကားမောင်းသွားရလေ့ရှိသည်။ ချဲလ်နှင့် အီရစ်ဂျီးလ်နာ့ဒ်တို့ ဇနီးမောင်နှံသည် နယ်လှည့်လုပ်ငန်းတွင် ပါဝင်စဉ် ၁၉၇၄၊ ဒီဇင်ဘာလ၌ မြောက်ဘက်ကမ်းခြေရှိ အာခ်အရေရီမြို့သို့ ရောက်ရှိခဲ့သည်။ ထိုတွင်ရှိသော အသင်းတော်၌ တစ်ပတ်နေစဉ်အတွင်း မိုင် ၅၀ ကျော်ဝေးသည့် ဟူးစာဗစ်မြို့သို့ သွားရောက်ခဲ့ကြသည်။ သူတို့နှင့်အတူ ဟော်လ်ဂါနှင့် တိုဗီ ဖရက်ဒရစ်ဆင် မောင်နှံကိုခေါ်သွားကြသည်။ လေးယောက်သား ဟူးစာဗစ်မြို့အတွင်းနှင့် မြို့အနီးတစ်ဝိုက်တွင် ရက်အနည်းငယ်ကြာ အမှုဆောင်ကြပြီး ကျောင်းတစ်ကျောင်း၌ ရုပ်သေတင်ဆက်မှုနှင့်အတူ လူထုဟောပြောချက်ပေး၍ လည်ပတ်မှုကို အဆုံးသတ်ခဲ့ကြသည်။ အစည်းအဝေးစသည်နှင့် ထိုဒေသအတွင်းသို့ အလွန်အေးသော လေ၊ ဆီးနှင်းနှင့် မိုးနှင်းများကိုသယ်ဆောင်လာသည့် မုန်တိုင်းတစ်ခု ဝင်ရောက်လာသည်။ အစည်းအဝေးပြီးနောက် တက်ရောက်လာကြသူများက အိမ်ပြန်ရန် ပစ္စည်းသိမ်းနေစဉ် နှင်းမုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်သွားပြီး တစ်မြို့လုံး မှောင်ကျသွားသည်။ ညီအစ်ကိုများသည် မှောင်မှောင်မဲမဲ၌ ကျောင်းမှထွက်လာခဲ့ကြသော်လည်း မီးမပျက်မီ ရုပ်သေပြသပြီးသွားခြင်းကြောင့် အားလုံးပျော်ရွှင်ကြသည်။

ဂျီးလ်နာ့ဒ် ဇနီးမောင်နှံနှင့် ဖရက်ဒရစ်ဆင် ဇနီးမောင်နှံတို့ အာခ်အရေရီသို့ ကားမောင်းပြန်ရမည်ဖြစ်သည်။ ဒေသခံရဲများ၊ ဘတ်စကားနှင့် ထရပ်ကားမောင်းသူတချို့ကို လမ်းအခြေအနေမေးကြည့်ရာ စောစောထွက်လျှင် ပြဿနာသိပ်မရှိကြောင်း ပြောပြကြသည်။ ထို့ကြောင့် အမြန်ဆုံးထွက်ခွာရန် ဆုံးဖြတ်ကြသည်၊ သို့သော် ဖယောင်းတိုင်မီးသုံး၍ ပစ္စည်းထုပ်ပိုးကြရသောကြောင့် အချိန်ကြန့်ကြာသွားခဲ့၏။ ထို့နောက် ကားအတွက် ဓာတ်ဆီသွားဝယ်သည့်အခါ အစောင့်တစ်ဦးက ဓာတ်ဆီကို လက်ထိုးတံဖြင့်ထည့်ပေးခဲ့သည်။ နောက်ဆုံး ညကိုးနာရီခန့်ရောက်မှ ထွက်ခွာရန်အသင့်ဖြစ်သွားသည်။

ခရီးစဉ်ကိုသရုပ်ဖော်ရန် ချဲလ် က ဤသို့ဆိုသည်– “အစပိုင်းမှာတော့ အားလုံးအဆင်ပြေလို့ပဲ၊ ဒါပေမဲ့ နှင်းတွေအရမ်းကျလာတယ်။ လမ်းကြောင်းကိုသိဖို့ အရမ်းခက်လာတော့ အချက်ပြမီးနဲ့ ရှေ့ကလမ်းပြပေးဖို့ ဟော်လ်ဂါ ကားပေါ်ကဆင်းရတယ်။ အဲဒီနောက် ကျွန်တော်တို့ကား ဆီးနှင်းပုံထဲနှစ်သွားတယ်။ နှင်းပုံထဲကထွက်နိုင်ဖို့ အကြိမ်ကြိမ် ကားကိုတွန်းကြည့်၊ နှင်းကိုဂေါ်ပြားနဲ့ကော်ထုတ်ကြည့်ကြပေမဲ့ နောက်ဆုံး ဆီးနှင်းနံရံကြီးတစ်ခုကြောင့် ကျွန်တော်တို့ ဆက်သွားလို့မရတော့ဘူး။ တောင်ပေါ်က ဆီးနှင်းပြိုကျရာကနေ နှင်းတွေကျလာတာကို နောက်မှ ကျွန်တော်တို့သိလိုက်တယ်။ ပုံမှန်အခြေအနေမျိုးမှာ ဟူးစာဗစ် ကနေ အာခ်အရေရီ ကို နှစ်နာရီပဲမောင်းရပေမဲ့ ခြောက်နာရီကြာ မောင်းပြီးနောက်မှာတောင် ကျွန်တော်တို့ ခရီးတစ်ဝက်ပဲကျိုးသေးတယ်။

“မနက်သုံးနာရီရောက်တော့ ကျွန်တော်တို့ဟာ ရွှဲစိုနေပြီး မောပန်းနေကြတဲ့အပြင် ခိုက်ခိုက်တုန်အောင်ချမ်းနေကြပြီ။ အနီးအနားမှာရှိတဲ့ စိုက်ပျိုးရေးခြံက မီးအလင်းရောင်ကိုတွေ့လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ဝမ်းသာမှုကို မြင်ယောင်ကြည့်ပါ။ အဲဒီကိုသွားပြီး တံခါးခေါက်ဖို့ ရဲဆေးတင်ပေးလိုက်သလိုပဲ။ သိမ်မွေ့ပြီး စာနာတတ်သူဖြစ်တဲ့ ဟောလ်ဂါက အိမ်ရှေ့တံခါးမကို ခေါက်လိုက်တယ်။ ထူးသံမကြားတဲ့အခါ သူက တံခါးကိုဖွင့်ဝင်၊ အပေါ်ထပ်ကို တက်သွားပြီး အိပ်ခန်းတံခါးကို ခပ်တိုးတိုးခေါက်လိုက်တယ်။ လယ်သမားနဲ့ သူ့ဇနီးဟာ အံ့အားသင့်နေကြပေမဲ့ အမှတ်မထင် အေးအေးဆေးဆေးဝင်ရောက်လာကြသူတွေကို လက်ခံခဲ့ကြပါတယ်။ မီးပျက်သွားတဲ့အချိန်မှာ သူတို့အိပ်ရာဝင်ခဲ့ကြတာဖြစ်ပြီး မီးခလုတ်ပိတ်ဖို့မေ့သွားကြောင်း ရှင်းပြတယ်!

“အခု ကျွန်တော်တို့ဟာ အိုက်စလန်ကျွန်းသားတွေရဲ့ ဧည့်ဝတ်ပျူငှာမှုကို ကြည်နူးဖွယ် ကြုံတွေ့ကြရပြီ။ ကျွန်တော်တို့လေးယောက်အိပ်ဖို့ အခန်းနှစ်ခန်းရနိုင်အောင် လယ်သမားနဲ့ သူ့ဇနီးဟာ အိပ်ပျော်နေပြီဖြစ်တဲ့ သူတို့ကလေးတွေကို တခြားအခန်းကို ရွှေ့ပေးကြတယ်၊ ခဏအကြာမှာတော့ မီးဖိုခန်းရဲ့စားပွဲပေါ်မှာ ကော်ဖီပူပူနဲ့ အရသာရှိတဲ့ပေါင်မုန့်ကို တည်ခင်းပေးတယ်။ နောက်နေ့မနက် အဆာခံစားပြီးနောက်မှာ လယ်သမားက နေ့လယ်စာ အတင်းစားသွားခိုင်းတယ်။ သူတို့မိသားစုနဲ့အတူ နေ့လယ်စာစားပြီးနောက် ကျွန်တော်တို့ဟာ အာခ်အရေရီကို ခရီးဆက်ခဲ့ကြတယ်၊ အဲဒီအချိန်လောက်မှာ ဆီးနှင်းရှင်းယာဉ်ကြီးနှစ်စီးက လမ်းတွေကို ရှင်းလင်းပြီးသွားတဲ့အတွက်ပါပဲ။ လယ်သမားနဲ့ သူ့ဇနီးရဲ့ ဧည့်ဝတ်ကျေပွန်မှုက သူတို့ကို ကျမ်းစာအမှန်တရားပြောပြဖို့ အခွင့်အရေး ရရှိစေခဲ့ပါတယ်။”

ငါးဖမ်းသင်္ဘောပေါ်၌ ဟောပြောခြင်း

လွန်ခဲ့သောနှစ်အနည်းငယ်က ချဲလ်ဂျီးလ်နာ့ဒ်သည် လယ်ကွင်းဓမ္မအမှုတွင် လူငယ်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သူ့အမည်မှာ ဖရီသရိခ်ဖြစ်သည်။ မိသားစုတွင် သားကြီးဖြစ်ပြီး ဝိညာဉ်ရေးစိတ်ထားရှိကာ ကျမ်းစာဆွေးနွေးရသည်ကို နှစ်သက်သူဖြစ်သည်။ သူ၌မေးစရာ မေးခွန်းများစွာရှိပြီး ကျမ်းစာအသိပညာ ရယူရာတွင် လွန်စွာစိတ်ဝင်စားမှု တင်ပြသည်။ သို့သော် သူသည် ငါးဖမ်းသင်္ဘောတစ်စီး၏ စက်ဆရာဖြစ်သောကြောင့် သူ့အားပြန်တွေ့ရန်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ချေ။ ပင်လယ်တွင် နေရသည့်အချိန်က ပိုများပြီး ခရီးပြန်မထွက်မီ အိမ်၌ ရက်အနည်းငယ်သာနေရသည်။ သို့တိုင် သင်္ဘော၏အချိန်ဇယားကို မေးမြန်းခြင်း၊ ဖရီသရိခ်၏မိခင်အား သူပြန်လာမည့်အချိန်ကို မေးခြင်းဖြင့် ချဲလ်သည် သူနှင့်တွေ့ဆုံနိုင်ခဲ့သည်၊ တစ်ခါတစ်ရံ ဆိပ်ကမ်း၌ဖြစ်၍ တစ်ခါတစ်ရံ အိမ်၌ဖြစ်သည်။ ဤသို့ဖြင့် ဝိညာဉ်ရေးဘက်တိုးတက်လာရန် ညီအစ်ကိုများက ကူညီပေးခဲ့ကြသည်။

၁၉၈၂ ခုနှစ်ကုန်ခါနီး၌ ဖရီသရိခ်သည် ရက်ယာဗစ်မြို့တွင်ကျင်းပမည့် စည်းဝေးပွဲကိုတက်ရန် ဖိတ်ခေါ်ခံရသည်။ ထိုအချိန်တွင် ယေဟောဝါအပေါ် သူ၏ယုံကြည်ခြင်း စတင်ကြီးထွားလာရာ တက်ရောက်နိုင်ရန် လမ်းဖွင့်ပေးပါမည်အကြောင်း သူဆုတောင်းခဲ့သည်။ မကြာမီ သူ၏သင်္ဘောမှ သင်္ဘောသားတစ်ယောက်သည် ငါးဖမ်းခရီးမှ အားလပ်ခွင့်ရထားရာက မယူတော့ရန် ရုတ်တရက် ဆုံးဖြတ်လိုက်သည်။ ယင်းကြောင့် ဖရီသရိခ်အတွက် အလုပ်မှခွင့်တောင်းပြီး စည်းဝေးပွဲတက်ရောက်ရန် လမ်းပွင့်ခဲ့သည်။ အစီအစဉ်သည် ဖရီသရိခ်ကို အလွန်စွဲမှတ်စေခဲ့ရာ သူသည် ယေဟောဝါအမှုဆောင်လိုကြောင်း စိတ်ချသွားသည်။

ဖရီသရိခ်သည် ဇာတိမြို့သို့ပြန်ရောက်သောအခါ သူနှင့်စေ့စပ်ထားသူအား သူ့ဆုံးဖြတ်ချက်နှင့် ယင်းက သူ့ဘဝအပေါ် အကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်းကို ပြောပြသည်။ သူမအား သူ့ဇနီးဖြစ်စေလိုကြောင်း၊ သို့သော် ယေဟောဝါသက်သေတစ်ယောက်ကို လက်မထပ်လိုပါက စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းနိုင်ကြောင်း ပြောသည်။ နောက်တစ်နေ့မနက်တွင် သာသနာပြု၏ အိမ်တံခါးကို ခေါက်သံကြားရ၏။ အပြင်၌ ဖရီသရိခ်နှင့် သူနှင့်စေ့စပ်ထားသူတို့ ရပ်နေကြသည်။ ဖရီသရိခ်၏ စကားက တိုသော်လည်း ပြတ်သားသည်– “ဟဲလ်ဂါ ကျမ်းစာသင်ချင်တယ်!” ထို့ကြောင့် သာသနာပြုများသည် ဟဲလ်ဂါနှင့် ကျမ်းစာလေ့လာရန် စီစဉ်ကြသည်။ နောက်တစ်နေ့တွင် ဖရီသရိခ်၏ ညီငယ်တစ်ယောက်လည်း ကျမ်းစာသင်ပေးဖို့ တောင်းဆိုသည်။ ထိုအပတ်အတွင်း ဖရီသရိခ်သည် သူ့ညီမအငယ်ဆုံးကို အစည်းအဝေးခေါ်လာပြီး “အန်နာ ကျမ်းစာသင်ချင်တယ်” ဟုပြောသည်။

ဖရီသရိခ်သည် ယေဟောဝါထံ သူ၏ဆက်ကပ်အပ်နှံမှု အထိမ်းအမှတ်ကို ရေနှစ်ခြင်းခံခြင်းဖြင့် တင်ပြလို၏။ သို့သော် ဦးစွာ၊ အသိပညာပိုင်း၌ တိုးတက်ရန်လိုသည်၊ ထို့နောက် နှစ်ခြင်းမေးခွန်းများကို သေချာပြန်ဖတ်ရမည်။ ပြဿနာမှာ သူသည် အချိန်အများစုကို ပင်လယ်၌ သုံးရခြင်းဖြစ်သည်။ ချဲလ်သည် ဖရီသရိခ် အိမ်သို့လည်ပတ်ဖို့ မဖြစ်နိုင်ပါက အလုပ်ခွင်သို့ လည်ပတ်ရမည့်ပုံရှိသည်။ ဖြေရှင်းနည်းကားအဘယ်နည်း။ ဖရီသရိခ်က သင်္ဘောပေါ်တွင် စက်ခန်း၌ မိမိနှင့်အတူ အလုပ်လုပ်ရန် ချဲလ်ကို ငှားလိုက်သည်။ ၁၉၈၃ အစောပိုင်းတွင် ချဲလ်သည် သမ္မာကျမ်းစာနှင့် လေ့လာရန်စာအုပ်အစုံဖြင့် ဆဗာလ်ဘာကာ သင်္ဘောပေါ် ခြေချခဲ့သည်။

“ဆဗာလ်ဘာကာ သင်္ဘောပေါ်မှာ အလုပ်လုပ်ရင်း အမှုဆောင်ရတာ မေ့မရနိုင်တဲ့အတွေ့အကြုံပဲ” ဟုချဲလ်ပြန်ပြောပြသည်။ “တစ်နေ့အလုပ်ချိန်က မနက် ၆:၃၀ ကနေ ညနေ ၆:၃၀ အထိဖြစ်တယ်။ မွန်းတည့်ချိန်မှာ နေ့လယ်စာကျွေးပြီး မနက်ပိုင်းမှာရော နေ့လယ်ပိုင်းမှာပါ ခေတ္တအနားယူ ကော်ဖီသောက်ချိန်ရှိတယ်။ အလုပ်ချိန်နောက်ပိုင်းမှာ ဖရီသရိခ် နဲ့ကျမ်းစာလေ့လာတယ်၊ သင်္ဘောပေါ်က တခြားအဖွဲ့သားတွေကိုပါ သက်သေခံခွင့်အများကြီး ရခဲ့ပါတယ်။ ညဘက်အချိန်ကို ကျမ်းစာအကြောင်းတွေ လေ့လာဆွေးနွေးဖို့ သုံးတယ်။ တစ်ခါတလေ သန်းခေါင်ကျော်မှ အိပ်ရာဝင်ခဲ့ရတယ်။ ကျွန်တော်တို့ နေ့လယ်စာစားချိန်အတွင်း ထမင်းစားခန်းမှာ အချိန်ခဏပဲ သုံးကြတယ်၊ အကြောင်းကတော့ ဖရီသရိခ်ရဲ့အခန်းမှာ နေ့စဉ်ကျမ်းချက် ဆွေးနွေးနိုင်ဖို့ပါပဲ။”

သာသနာပြုတစ်ဦးသည် ယခု သင်္ဘောသားအဖွဲ့ဝင်ဖြစ်နေခြင်းက သင်္ဘောပေါ်ရှိ လူတို့အလယ် အာရုံစိုက်ခံရသည်မှာ အမှန်ပင်။ အစောပိုင်းရက်အနည်းငယ်၌ လူတို့သည် ချဲလ်ဘာလုပ်မည်ကို မသိကြသောကြောင့် သတိထားနေကြ၏။ သို့သော် သင်္ဘောသားတချို့သည် ချဲလ်ပြောပြသည်များကိုနားထောင်ရန် စိတ်ပြင်းပြကြသည်။ သူတို့ထဲမှတစ်ဦးသည် အလွန်စိတ်ဝင်စားမှုတင်ပြကာ နေ့လယ်စာစားချိန်၌ နေ့စဉ်ကျမ်းချက်ဆွေးနွေးကြောင်း သိသွားသည့်အခါ သူလည်းပါဝင်လိုခဲ့သည်။ တစ်နေ့ ထမင်းစားခန်း၌ စကားစမြည်ပြောဆိုရာတွင် ကြာသွားသည့်အခါ သူ စိတ်မရှည်တော့ဘဲ လူအားလုံးရှေ့၌ ချဲလ်နှင့် ဖရီသရိခ်တို့ကို “ကျွန်တော်တို့အခု နေ့စဉ်ကျမ်းချက်သွားဖတ်သင့်ပြီ မဟုတ်လား” ဟုပြောလိုက်သည်။

တစ်ညနေတွင် ချဲလ်နှင့် ဖရီသရိခ်သည် အရက်စွဲခြင်းနှင့်ပတ်သက်သည့် နိုးလော့!မဂ္ဂဇင်းမှ ဆောင်းပါးကိုသုံးသပ်ရန် သင်္ဘောသားများအား ဖရီသရိခ်၏အခန်းသို့ ဖိတ်ခေါ်လိုက်သည်။ အမှတ်ရနေမည့် ဤအစည်းအဝေးကို သင်္ဘောသား ခုနစ်ယောက်လာတက်ပြီး အစည်းအဝေးအကြောင်း သတင်းသည် အခြားသင်္ဘောများမှ သင်္ဘောသားများထံလည်း ရောက်သွားခဲ့သည်။

“ဆဗာလ်ဘာကာသင်္ဘောပေါ်မှာ အမှုလည်းဆောင်ရင်း၊ အလုပ်လည်းလုပ်ရင်း နှစ်ပတ်လောက်ကြာပြီးနောက်မှာ ကျွန်တော်တို့ ဆိပ်ကမ်းကို ပြန်ရောက်လာတယ်” ဟုချဲလ်ပြောပြသည်။ “အဲဒီအချိန်မှာ ဖရီသရိခ်နဲ့ ကျွန်တော် နှစ်ခြင်းမေးခွန်းအားလုံးဖတ်ပြီးသွားပြီ၊ ဒီအပြင် သူ့ကို နောက်ထပ်ကျမ်းစာအကြောင်းအရာ အတော်များများလည်း မေးဖြစ်ခဲ့တယ်၊ သင်္ဘောသားတွေကို သက်သေခံပြီး မဂ္ဂဇင်းတွေနဲ့ စာပေတွေ ဝေငှခဲ့ကြတယ်။” ၁၉၈၃ ခုနှစ်နွေဦးတွင် ဖရီသရိခ် နှစ်ခြင်းခံခဲ့သည်။ ဖရီသရိခ်နှင့်စေ့စပ်ထားသူ ဟဲလ်ဂါ၊ သူ၏မိခင်နှင့် သူ့ညီမတို့လည်း သမ္မာတရားဘက် ရပ်တည်လာကြသည်။

တယ်လီဖုန်းဖြင့် လေ့လာမှုများ

ဤကျွန်းကြီးပေါ်ရှိ ဝေးလံသောဒေသများ၌ နေထိုင်သူတို့ကို သတင်းကောင်းဟောပြောရန်မှာ စိန်ခေါ်ချက်ဖြစ်လေ့ရှိသည်။ စိတ်ဝင်စားသူများထံ သတင်းကောင်းရောက်ရှိပြီး အဆက်အသွယ်ဆက်လုပ်ရန် တယ်လီဖုန်းသည် ထိရောက်သောကိရိယာတစ်ခုဖြစ်သည်။

ဤနည်းဖြင့် သတင်းကောင်းဝေမျှခြင်းမှ လူအများ အကျိုးခံစားခဲ့ရပြီ။ လွန်ခဲ့သောနှစ်အနည်းငယ်က အော့ဒ်နီ ဟဲလ်ဂါဒိုတာအမည်ရှိ အမျိုးသမီးတစ်ဦးသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာနေသည့် သားနှင့် ချွေးမတို့ထံ အလည်သွားခဲ့သည်။ သူတို့သင်ယူသိရှိရာများကို ပြန်ပြောပြကြသည့်အခါ သူလည်း ကျမ်းစာလေ့လာလိုစိတ် ဖြစ်ပေါ်လာသည်။ သို့သော် အော့ဒ်နီသည် အိုက်စလန်၏ အနောက်မြောက်ဘက်ကမ်းခြေရှိ ဝေးလံသောဒေသ၌ နေထိုင်သူဖြစ်သည်၊ အနီးဆုံးအသင်းတော်နှင့်ပင် မိုင် ၂၀၀ ကျော်ဝေးသည်။ ညီအစ်မ ဗက်သ်ရု အိုလက်ဖ်ဒိုတာက တယ်လီဖုန်းဖြင့်လေ့လာမှုပြုရန် ကမ်းလှမ်းသည့်အခါ ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့သည်။ အဖွင့်ဆုတောင်းပြီးသည်နှင့် အော့ဒ်နီသည် စာအုပ်တွင်ဖော်ပြထားသော လေ့လာရန်မေးခွန်းများကို ချက်ချင်းဖြေတော့သည်။ လေ့လာမှုအတွက် စေ့စေ့စပ်စပ်ပြင်ဆင်ရာတွင် အော့ဒ်နီသည် ကိုးကားထားသောကျမ်းချက်များကို ညွှန်းသည်နှင့် ဖတ်နိုင်ရန် ကူးရေးထားသည်။ ထို့ကြောင့် လေ့လာမှုပြုစဉ် ကျမ်းချက်များရှာရန် အချိန်မကုန်တော့ချေ။ တစ်ခါက အော့ဒ်နီသည် ဗက်သ်ရုနေထိုင်ရာဒေသသို့ သွားရောက်လည်ပတ်ချိန်၌ ဗက်သ်ရု၏အိမ်၌ လေ့လာမှုပြုကြသည်။ ယင်းသည် သူတို့နှစ်ဦး မျက်နှာချင်းဆိုင်၍ ပထမဆုံးအကြိမ် လေ့လာမှုပြုခြင်းဖြစ်သောကြောင့် နှစ်ဦးစလုံး ကသိကအောက်ဖြစ်နေကြသည်၊ ထို့ကြောင့် ဗက်သ်ရု က တယ်လီဖုန်းနောက်တစ်လုံးရှိသည့် ကပ်လျက်အခန်းထဲသွား၍ ဖုန်းဖြင့်လေ့လာမည်ဟု နောက်၍ပြောသည်!

သမ္မာတရားကို အော့ဒ်နီ သဘောပေါက်လာသောအခါ ခင်ပွန်းသည် ယောန်ကို စတင်သက်သေခံသည်။ စိတ်ဝင်စားမှုပြသောအခါ သူ့အနေနှင့် ခင်ပွန်းသည်ကို သင်အံမှုပြုခြင်းသည် သင့်တော်မှုရှိမရှိ မသေမချာဖြစ်နေသည်။ သင်အံမှုပြုလုပ်နိုင်ကြောင်း၊ သို့သော် ကျင်းပစဉ် ခေါင်းအုပ်ထားခြင်းက သင့်တော်မည်ဖြစ်ကြောင်း သိလိုက်ရသည်။ ခင်ပွန်းသည်နှင့် သင်အံမှုပြုသည့်ပြင် အိမ်နီးချင်းများကိုလည်း သက်သေခံသည်။ ထို့နောက် သူသည် နှစ်ခြင်းခံလိုကြောင်း ထုတ်ပြောသည်။ အရည်အချင်းပြည့်မပြည့်သိနိုင်ရန် ဗက်သ်ရု က ကျွန်ုပ်တို့၏ဓမ္မအမှုကို ပြီးမြောက်စေရန် ဖွဲ့စည်းထားခြင်းစာအုပ်ပါ မေးခွန်းများကို အကြီးအကဲတစ်ဦးနှင့် တယ်လီဖုန်းဖြင့် လေ့လာရန် စီစဉ်ပေးသည်။ သူသည် ယခုထိ ချာ့ချ်မှ တရားဝင်မနုတ်ထွက်ရသေးသည်မှလွဲ၍ အရည်အချင်းပြည့်မီကြောင်း တွေ့ရသည်။

တစ်ပတ်ခန့်ကြာပြီးနောက် အော့ဒ်နီသည် ဗက်သ်ရုကို ဖုန်းဆက်၍ ချာ့ချ်မှ သူ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ပြောပြသည်။ သူ့ခင်ပွန်းလည်း နုတ်ထွက်လိုက်သည်။ သူသည် ဒေသန္တရအုပ်ချုပ်ရေးကောင်စီ၏ သဘာပတိဖြစ်သောကြောင့် ထိုသို့ပြုခြင်းသည် သူ့အတွက် ကြီးမားသည့်ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်သည်။ မကြာမီ အော့ဒ်နီသည် တိုက်နယ်စည်းဝေးပွဲ၌ နှစ်ခြင်းခံခဲ့သည်။ သက်သေခံအုပ်စုငယ်လေးနှင့် တစ်ကြိမ်သာတွေ့ဆုံခဲ့ဖူးခြင်းကြောင့် ဤစည်းဝေးပွဲသည် သူ့အတွက် အားရဖွယ်အတွေ့အကြုံဖြစ်သည်။ စည်းဝေးပွဲအစီအစဉ်၌ လူတွေ့မေးမြန်းခန်းတွင် သီးခြားဖြစ်နေခြင်းကြောင့် ခက်ခဲမှုရှိမရှိ သူ့အား မေးခဲ့သည်။ ယေဟောဝါသည် အိုက်စလန်ကျွန်း၏ အနောက်မြောက်ဘက်ကမ်းခြေ၌လည်း ရှိသည်ဟု သိထားခြင်းက သူ့အနေနှင့် တစ်ဦးတည်းရှိနေသည်ဟု တစ်ခါမျှ မခံစားရကြောင်း ဖြေဆိုသည်။ ခင်ပွန်းဖြစ်သူ စည်းဝေးပွဲမတက်ရောက်နိုင်သည့်အတွက် ဝမ်းနည်းကြောင်း၊ သို့သော် သူနှစ်ခြင်းခံရန် အသင့်ဖြစ်သည့်အခါ လာတက်မည်ဟု ကတိပေးထားကြောင်းလည်း ဆက်၍ပြောသွားသည်။ သူ ကတိတည်ခဲ့သည်! မကြာမီတွင် အစည်းအဝေးများ မှန်မှန်တက်နိုင်ရန် လူပိုစည်ကားသည့်ဒေသသို့ ပြောင်းရွှေ့ခဲ့ကြသည်။

သာသနာပြုအိမ်များနှင့်နိုင်ငံတော်ခန်းမများ လိုအပ်ခြင်း

၁၉၆၈ ခုနှစ်တွင် ယေဟောဝါသက်သေများ၏ ကမ္ဘာ့ဌာနချုပ်မှ နေသန် အိပ်ချ်. နောရ် အိုက်စလန်သို့ လာရောက်ခဲ့စဉ်က ဌာနခွဲရုံးအတွက်ရော သာသနာပြုများ အဆင်ပြေစွာနေနိုင်ရန်အတွက်ပါ ပို၍သင့်တော်မည့် အဆောက်အအုံတစ်ခုကို ရှာလိုသည့်ဆန္ဒရှိခဲ့သည်။ ယခင်ကတည်းက အိမ်အမျိုးမျိုးကို ငှားရမ်းခဲ့ကြသည်။ ယခု၊ ညီအစ်ကိုများသည် နိုင်ငံတော်ခန်းမ၊ သာသနာပြုအိမ်နှင့် ဌာနခွဲရုံးတို့ ဝင်ဆံ့မည့် အဆောက်အအုံတစ်ခု ဆောက်လုပ်နိုင်သည့် မြေကွက်ကို စတင်ရှာဖွေကြသည်။ ထိုအတောအတွင်း ရက်ယာဗစ်မြို့၊ ဟရက်ဗ်နူဂါတာ ၅ လမ်းရှိ သင့်တော်သောအိမ်တစ်လုံးကို ငှားရမ်းခဲ့၍ ၁၉၆၈၊ အောက်တိုဘာ ၁ ရက်တွင် သာသနာပြုခြောက်ဦး ထိုအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ ထိုအဆောက်အအုံကို အိုက်စလန်ကျွန်းရှိလုပ်ငန်းများအတွက် ဗဟိုဌာနအဖြစ် နောက်ငါးနှစ်အတွင်း အသုံးပြုခဲ့ကြသည်။ နောင်တွင် ညီအစ်ကိုများသည် ရက်ယာဗစ်မြို့၊ စော့အဗီဂါ ၇၁ လမ်း၌ ပို၍အဆင်ပြေသည့်မြေကွက်ကို ရရှိခဲ့သည်။ ၁၉၇၂ ခုနှစ် နွေဦးရာသီတွင် ဌာနခွဲအဆောက်အအုံသစ် ဆောက်လုပ်ရေးကို အစပြုခဲ့သည်။ ယင်းက စက်မှုအတတ်ပညာနှင့် ဆောက်လုပ်ရေးအသိပညာ သိပ်မရှိကြသော ထိုနိုင်ငံရှိ ညီအစ်ကိုလူနည်းစုအတွက် ကြီးမားသည့်စိန်ခေါ်ချက်ဖြစ်သည်။ သူတို့တွင် ဆောက်လုပ်ရေးကန်ထရိုက်တာများ သို့မဟုတ် ပန်းရန်ဆရာများမရှိသောကြောင့် သက်သေခံမဟုတ်သည့် ကန်ထရိုက်တာများကို ငှားဖို့လိုအပ်လာသည်။ ကန်ထရိုက်တာများသည် ပူးပေါင်းလုပ်ဆောင်ရန် တလိုတလားရှိကြောင်း တင်ပြသည့်အပြင် စီမံကိန်း၌ ညီအစ်ကိုများကို သူတို့နှင့်အတူ လုပ်ဆောင်ခွင့်ပြုသည်။ ညီအစ်ကိုများသည် အစားအစာစားသောက် နားခိုရာနေရာအဖြစ် ဆောက်လုပ်ရေးမြေကွက်အနီးရှိ အိမ်ဟောင်းတစ်လုံး၏ တစ်ပိုင်းကို ငှားလိုက်သည်။ ညီအစ်မများသည် မိမိတို့အိမ်၌ အစားအသောက်များကို အလှည့်ကျချက်ပြုတ်၍ လုပ်သားများကိုကျွေးရန် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ယူလာကြသည်။

ဆောက်လုပ်ရေးလုပ်ငန်းသည် ထိုနယ်မြေတွင် သက်သေခံမှုကောင်း ဖြစ်ခဲ့သည်။ ကန်ထရိုက်တာများနှင့် မြို့အာဏာပိုင်များသည် ယေဟောဝါသက်သေများနှင့် ရင်းနှီးကျွမ်းဝင်ရန် အခါကောင်းဖြစ်သည်။ အခြားသူများက လုပ်ငန်းခွင်အနားရောက်လျှင် လုပ်ငန်းပြီးမြောက်မှုများကို ရပ်ကြည့်တတ်ကြသည်။ အတွင်းပိုင်းကို အင်္ဂတေကိုင်ရန်အချိန်ရောက်သည့်အခါ ပန်းရန်ကျွမ်းကျင်သည့် ဒိန်းမတ်မှညီအစ်ကိုတစ်ဦး လာရောက်ကူညီသည်။ ညီအစ်မများလည်း များစွာပါဝင်လုပ်ဆောင်ခဲ့ကြသည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ မြို့မှ ကြီးကြပ်ရေးမှူးတချို့ လာရောက်ကြည့်ရှုသည့်အခါ ညီအစ်မများသည် ကွန်ကရစ်ဖျော်စပ်ရာ၌ အလုပ်လုပ်နေသည်ကို သတိပြုမိကြသည်။ ကြီးကြပ်ရေးမှူးတစ်ဦးက ဤသို့ဆိုသည်– “ကျွန်တော်တို့ချာ့ချ်က အမျိုးသမီးတွေ ဒီနေရာကနေ တစ်ခုခုသင်ယူနိုင်မယ်လို့ ထင်တယ်။ အလှူငွေကောက်ဖို့ အလှူငွေပုံးနဲ့ ပတ်လျှောက်နေတာထက် အလုပ်လုပ်ပြီး ချာ့ချ်တွေတည်ဆောက်တာက ပိုအကျိုးရှိမှာ သေချာပါတယ်။” အဆောက်အအုံကို ၁၉၇၅၊ မေလတွင် ဆက်ကပ်အပ်နှံခဲ့သည်၊ အိုက်စလန်သို့ မီလ်တန် ဂျီ. ဟဲန်ရှယ်လ် လာရောက်၍ အပ်နှံပွဲဟောပြောချက် ပေးခဲ့သည်။ အဆောက်အအုံကို ထိုနိုင်ငံအတွက် အဓိကသာသနာပြုအိမ်အဖြစ်ရော ရက်ယာဗစ်ရှိ အသင်းတော်များအတွက် နိုင်ငံတော်ခန်းမအဖြစ်ပါ နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည်။ ယခု ဌာနခွဲရုံးအဖြစ် အသုံးပြုနေသည်။

၁၉၈၇ ခုနှစ်ခန့်တွင် အာခ်အရေရီမြို့၌ နိုင်ငံတော်ခန်းမနှင့် သာသနာပြုအိမ်အသစ်ကို ဆောက်လုပ်ခဲ့သည်။ ထိုဆောက်လုပ်ရေးစီမံကိန်းအတွက် အိုက်စလန်ရှိညီအစ်ကိုများကိုကူညီရန် ဖင်လန်နှင့် ဆွီဒင်မှ ညီအစ်ကို၊ ညီအစ်မ ၆၀ ကျော် လာရောက်ကြသည့်အခါ ယေဟောဝါ၏လူမျိုးအလယ်တွင် စည်းလုံးမှုနှင့် အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်းရှိကြောင်း ထင်ရှားခဲ့သည်။

“အကောင်းဆုံး သစ်သားအမျိုးအစား”

နှစ်များတစ်လျှောက်တွင် ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့မှ ကိုယ်စားလှယ်များသည် အိုက်စလန်သို့ လာရောက်လည်ပတ်ကြသည်၊ ယင်းလည်ပတ်မှုများသည် ညီအစ်ကိုများအတွက် အားပေးမှုကြီး ဖြစ်လေ့ရှိသည်။ ၁၉၆၈ ခုနှစ်၏ မှတ်မှတ်ရရဖြစ်သောအရာမှာ အစောပိုင်းကဖော်ပြခဲ့သည့် ညီအစ်ကို နောရ်၏လည်ပတ်မှုဖြစ်သည်။ ညီအစ်ကိုများကို စိတ်တက်ကြွဖွယ်ဟောပြောချက်တစ်ခု ပေးခဲ့သည်၊ တွေ့ကြုံမှုများ ပြောပြခဲ့ပြီး အိုက်စလန်တွင် နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်း တိုးတက်မှုများအကြောင်း ဆွေးနွေးခဲ့ကြသည်။

၁၉၇၀ ပြည့်နှစ် မေလတွင် အိုက်စလန်သို့ ညီအစ်ကိုဟဲန်ရှယ်လ် ပထမအကြိမ်လည်ပတ်ခဲ့သည်။ အိပ်ချင်မူးတူးဖြစ်နေသော သာသနာပြုအချို့က ကြိုဆိုခဲ့ကြသည်။ အိပ်ချင်ရသည့်အကြောင်းမှာ ညီအစ်ကို ဟဲန်ရှယ်လ် မနက်အစောကြီး ရောက်ရှိလာခြင်းကြောင့်သာမဟုတ်ဘဲ နာမည်ကြီးမီးတောင် ဟက်ခ်လာသည် ထိုနေ့မတိုင်မီက စတင်ပေါက်ကွဲခဲ့ခြင်းကြောင့် သာသနာပြုများသည် တစ်ညလုံး သတိနှင့်စောင့်ကြည့်ခဲ့ရ၍ဖြစ်သည်!

ညီအစ်ကို ဟဲန်ရှယ်လ်သည် သာသနာပြုများနှင့် အထူးရှေ့ဆောင်များကို အထူးဂရုစိုက်သည်။ အထူးအစည်းအဝေးတစ်ခုသို့ အားလုံးကိုဖိတ်ခေါ်ပြီး စီးပွားရေးကပ်ကြီးအတွင်း သူကိုယ်တိုင်ရှေ့ဆောင်လုပ်ခဲ့ချိန်က တွေ့ကြုံမှုများကို ဝေမျှခဲ့သည်။ ရှေ့ဆောင်များသည် စာပေများကို ကြက်များ၊ ကြက်ဥများ၊ ထောပတ်၊ ဟင်းသီးဟင်းရွက်၊ ဖန်ခွက်တစ်စုံ၊ ခွေးပေါက်လေးတစ်ကောင်နှင့်ပင် လှဲလှယ်ခဲ့ကြပုံကို ပြောပြသည်! ဤနည်းအားဖြင့် ခက်ခဲကျပ်တည်းချိန်အတွင်း လုပ်ငန်းကိုဆက်လုပ်နိုင်ပြီး ရှေ့ဆောင်များတွင် ဘဝ၏လိုအပ်ရာများ ကင်းမဲ့မနေခဲ့ချေ။

အိုက်စလန်သို့လာလည်ပတ်သူများသည် အစားအသောက်တွင် မိမိတို့စားနေကျအစာနှင့် မတူသည်ကို ချက်ချင်းသတိပြုမိကြသည်။ အိုက်စလန်လူမျိုးတို့၏ အထူးဟင်းလျာများတွင်ပါသော စဗစ်သ် သည် သိုးခေါင်းကို ထက်ခြမ်းခွဲ၍ ပြုတ်ထားခြင်းဖြစ်သည်။ သွားများနှင့် မျက်လုံးတစ်လုံးပါသော သိုးခေါင်းတစ်ခြမ်း သင့်ပန်းကန်၌ ရှိနေသည်ကို မြင်ယောင်ကြည့်ပါ! နိုင်ငံခြားသားအများသည် စဗစ်သ် ကို “စေ့စေ့ကြည့်” ရန် အခက်တွေ့ကြသည်။ လတ်ဆတ်သောငါးများကိုမူ အမြဲလိုလို ရနိုင်ပါသည်။ အိုက်စလန်နိုင်ငံ၏ အထူးထုတ်ကုန်တစ်မျိုးမှာ ငါးကို အရိုးထွင်ပြီး အခြောက်လှန်းသည့် ဟာ့သ်ဖစ်ကာ ဖြစ်သည်။ ယင်းကို မချက်ဘဲ စားကြသည်၊ ထောပတ်အနည်းငယ်နှင့်ဆိုလျှင် ပိုအရသာရှိသည်။ ထိုငါးသည် မာသောကြောင့် ပျော့ပျောင်းစေရန် ထုံးစံအတိုင်း ထုပေးရသည်။ ထို့ကြောင့် ထိုငါးနှင့် တည်ခင်းသောအခါ ညီအစ်ကို ဟဲန်ရှယ်လ်၏တုံ့ပြန်ပုံကိုတွေ့မြင်ရန် သာသနာပြုများ အထူးမျှော်လင့်စောင့်စားခဲ့ကြသည်။ သူ မြည်းကြည့်ပြီးနောက် သာသနာပြုများက ဘယ်လိုနေလဲဟုမေးကြည့်သည်။ တစ်ခဏမျှစဉ်းစားပြီးနောက် လိမ္မာပါးနပ်စွာ ပြန်ဖြေသည်မှာ– “ကောင်းပါတယ်၊ ကျွန်တော်စားဖူးသမျှ သစ်သားတွေထဲမှာ အကောင်းဆုံးပဲလို့ ထင်တယ်။”

အုပ်ချုပ်ရေးအဖွဲ့မှ ကိုယ်စားလှယ်များ၏ နောက်ထပ်လည်ပတ်မှုများသည် အမှတ်ရစရာနှင့် အားတက်စရာဖြစ်ခဲ့သည်။ ထိုလည်ပတ်မှုများက အိုက်စလန်ရှိညီအစ်ကိုများသည် အရေအတွက်အနည်းငယ်သာရှိ၍ သီးခြားနေရာတွင် ရှိနေကြသော်လည်း ခရစ်ယာန်မေတ္တာနှောင်ကြိုးဖြင့် စည်းလုံးနေသော အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်း၏ အစိတ်အပိုင်းဝင်ဖြစ်ကြောင်း သူတို့ကို စွဲမှတ်စေခဲ့သည်။

ဆရာဝန်များ၊ လူထုဆက်သွယ်ရေးနည်းလမ်းနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း

ညီအစ်ကိုလေးဦးဖြင့် ဖွဲ့စည်းထားသော ဆေးရုံဆက်သွယ်ရေးကော်မတီ (ဆဆက) သည် ၁၉၉၂ ခုနှစ်တွင် အိုက်စလန်၌ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ လေ့ကျင့်မှုအတွက် ညီအစ်ကိုနှစ်ဦးသည် အင်္ဂလန်၌ကျင်းပသည့် အိပ်ချ်အယ်လ်စီ နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့ပြီး နောက်နှစ်ဦးက ဒိန်းမတ်တွင်ကျင်းပသည့် နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့သည်။ အသစ်ဖွဲ့စည်းသော ဆဆကကို ဖွဲ့စည်းပြီးသောအခါ တက္ကသိုလ်ဆေးရုံကြီးတစ်ခု၏ ဆေးဝန်ထမ်းများနှင့် စည်းဝေးတစ်ခုကျင်းပသည်။ အစည်းအဝေးသို့ ဆရာဝန်များ၊ သူနာပြုများ၊ ရှေ့နေများနှင့် ဆေးရုံအုပ်ချုပ်ရေးမှူးများအပါအဝင် လူပေါင်း တစ်ရာ့သုံးဆယ် တက်ရောက်ခဲ့သည်။ ဆဆက,က ဆေးပညာရှင်များနှင့် ကျင်းပသည့် ပထမဆုံးစည်းဝေးဖြစ်သောကြောင့် ညီအစ်ကိုများ အတော်အတန် စိုးရိမ်ပူပန်နေကြသည်ကို နားလည်နိုင်ပါသည်။ သို့သော် စည်းဝေးပွဲ အထမြောက်ခဲ့သည်၊ ထို့နောက် ဆေးရုံအသီးသီးမှ ဆရာဝန်အနည်းငယ်နှင့် အခြားသောပညာရှင်များနှင့် တွေ့ဆုံရန်စီစဉ်ကြသည်။ ညီအစ်ကိုများသည် အရေးပါသော ခွဲစိတ်ကုဆရာဝန်များနှင့် မေ့ဆေးပညာရှင်များနှင့် ရင်းနှီးသောဆက်ဆံရေးကိုလည်း ခိုင်မြဲစေခဲ့ကြသည်။ ထိုဆက်ဆံရေးက သွေးမဲ့ကုသမှုနှင့်ပတ်သက်သော ပြဿနာများကို တားဆီးပေးသည့်ပြင် ဖြေရှင်းရန် ထောက်ကူပေးသည်။

လူနာအခွင့်အရေးနှင့်ပတ်သက်သည့် ဥပဒေသစ်ကို ၁၉၉၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ လူနာ၏သဘောတူညီချက်မရဘဲ အဘယ်ကုသမှုကိုမျှ မပြုရန်နှင့် သတိမေ့နေသော လူနာ၏ဆန္ဒကို သိထားပါက ယင်းကို လေးစားသင့်ကြောင်း ဥပဒေက ပြဋ္ဌာန်းသည်။ ၁၂ နှစ်အရွယ်ကလေးများနှင့် သက်ကြီးရွယ်အိုတို့သည် ဆေးကုသမှုနှင့်စပ်လျဉ်း၍ အမြဲလို တိုင်ပင်ဆွေးနွေးသင့်ကြောင်းလည်း ဥပဒေ၌ ဖော်ပြထားသည်။ ဆဆက၏ သဘာပတိဖြစ်သူ ဗက်သ်မန်ဒါ အိပ်ချ်. ဗက်သ်မန်ဒဆန် က ဤသို့ဆိုသည်– “ဆရာဝန်တွေဟာ ပူးပေါင်းဆောင်ရွက်ကြလို့ အများအားဖြင့် ပြဿနာ မရှိသလောက်ပါပဲ။ ကြီးကျယ်တဲ့ ခွဲစိတ်မှုတွေတောင် သွေးမပါဘဲ ပြုလုပ်ခဲ့ကြပြီ။”

သွေးမဲ့ဆေးပညာနှင့် ခွဲစိတ်ကုသမှုပညာအကြောင်းပါသည့် ၂၀၀၁၊ နိုဝင်ဘာ ၈ ရက်ထုတ် နိုးလော့!ကို ထုတ်ဝေသောအခါ ဌာနခွဲရုံးက ဤလထုတ်မဂ္ဂဇင်းကို ဖြစ်နိုင်သမျှ လူများများကို ဝေငှရန် အထူးကြိုးစားအားထုတ်ဖို့ ညီအစ်ကိုများအား တိုက်တွန်းခဲ့သည်။ ဌာနခွဲက မဂ္ဂဇင်းဝေငှပုံနှင့် သွေးကိစ္စအပေါ် မေးလာက ဖြေကြားပုံတို့နှင့်စပ်လျဉ်း၍ အကြံပြုချက်များကို ပေးခဲ့သည်။ အစပိုင်း၌ အချို့သည် မဂ္ဂဇင်းတင်ဆက်ဖို့ တွန့်ဆုတ်ခဲ့ကြသော်လည်း အကြောင်းအရာနှင့်ပတ်သက်၍ လူတို့သိလိုကြောင်း မကြာမီ သူတို့တွေ့လာရသည်။ စောင်ရေ ၁၂,၀၀၀ ကျော်ကို လူထုထံ ဝေငှခဲ့သည်။ ထိုပမာဏသည် တိုင်းပြည်ရှိ လူ ၂၂ ယောက်လျှင် ၁ စောင်နှုန်းဖြစ်သည်။ ညီအစ်ကိုတစ်ဦး ဤသို့ဆို၏– “အတော်များများက ကောင်းကောင်းဆွေးနွေးပြောဆိုကြလို့ ကျွန်တော့်အတွက် ရပ်ကွက်တစ်ခုလုံးပြီးဖို့ ခက်နေတယ်။” ညီအစ်မတစ်ဦးက “ကျွန်မဆီက မဂ္ဂဇင်းတွေယူဖို့ လူနှစ်ယောက်ပဲ ငြင်းခဲ့ကြတယ်” ဟုပြောပြသည်။

တစ်နိုင်ငံလုံးကိုလွှင့်သည့် အပတ်စဉ်ရေဒီယိုအစီအစဉ်တစ်ခုမှ အစီအစဉ်မှူး အမျိုးသမီးတစ်ဦးသည် သွေးမဲ့ဆေးပညာနှင့်ပတ်သက်သည့် ထိုမဂ္ဂဇင်းကို ရရှိခဲ့သည်။ သူ၏အစီအစဉ်တင်ဆက်ရာ၌ မဂ္ဂဇင်းရရှိခဲ့ပုံကို ပြောပြပြီး နိုးလော့!တွင်ရှင်းပြထားသည့်အတိုင်း သွေးသွင်းခြင်း၏သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ခဲ့သည်။ သွေးမဲ့ဆေးပညာနှင့်ပတ်သက်၍ ပိုမိုသိရှိလိုသူ မည်သူမဆိုသည် ဤအကြောင်းပါသည့်စာပေကို သက်သေခံများထံမှ တောင်းနိုင်ကြောင်းပြော၍ သူ၏ဆွေးနွေးခန်းကို နိဂုံးချုပ်ခဲ့သည်။

၎င်းနိုးလော့!စာစောင်ဖြင့် အထူးကင်ပိန်းလုပ်ခဲ့ခြင်းက သွေးနှင့်ပတ်သက်၍ အကျိုးသင့်အကြောင်းသင့်ရှိသော ကျွန်ုပ်တို့၏ရပ်တည်မှုကို လူအများ နားလည်လာရန် ထောက်ကူပေးသည်။ ထို့ပြင် ယေဟောဝါသက်သေများသည် မသေလိုကြကြောင်း သိလာကြသည်။ တကယ်တမ်းဆိုရလျှင် သူတို့သည် ဖြစ်နိုင်သ၍ အကောင်းဆုံးဆေးကုသမှုကို ရှာလိုကြသည်။ ရလဒ်အနေနှင့် သွေးနှင့်ပတ်သက်သော ကျွန်ုပ်တို့၏ ရပ်တည်ချက်အပေါ် ယခင်က မဟုတ်မမှန်သတင်းရခဲ့သူအချို့ နိုင်ငံတော်သတင်းကို လက်ခံလာကြသည်။

လေးရက်နှင့် ခန်းမနှစ်လုံးပြီး

အိုက်စလန်မှ ညီအစ်ကိုများအတွက် ၁၉၉၅ လုပ်ငန်းတော်နှစ်၏ အထင်ကရဖြစ်ရပ်တစ်ခုမှာ ဇွန်လအတွင်း နိုင်ငံတော်ခန်းမနှစ်လုံးကို ကရက်ဗလာဗစ် နှင့် စဲလ်ဖော့စ် တို့တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းသည် အိုက်စလန်တွင် အမြန်ဆောက် ဆောက်လုပ်နည်းကိုသုံး၍ တည်ဆောက်ခဲ့သော ပထမဆုံး နိုင်ငံတော်ခန်းမဖြစ်သည်။ ထိုခန်းမနှစ်လုံးဆောက်ရန် လေးရက်သာကြာသည်။ နော်ဝေးမှ ညီအစ်ကိုများ၏ မေတ္တာဖြင့်ကူညီမှုက ထိုလုပ်ငန်းကို ပြီးမြောက်စေခဲ့သည်။ ဆောက်လုပ်ရေးပစ္စည်းအများစုကို နော်ဝေးဌာနခွဲက ပို့ပေးပြီး စီမံကိန်း၌ အကူအညီပေးရန် နော်ဝေးမှ ညီအစ်ကို၊ ညီအစ်မ ၁၂၀ ကျော်လာရောက်ကြသည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌ အများဆုံးကြားရသည့် မှတ်ချက်မှာ “ဒါတကယ့်ကို အံ့ဩစရာပဲ” ဟူ၍ဖြစ်သည်။ အိုက်စလန်ရှိညီအစ်ကိုများသည် နိုင်ငံတော်ခန်းမများ အမြန်ဆောက်လုပ်ခြင်းအကြောင်း ဖတ်ဖူး၊ ကြားဖူးခဲ့ကြသော်လည်း ယခုမူ ကိုယ်တိုင် မြင်တွေ့ကြရပြီဖြစ်သည်။ ရက်အနည်းငယ်အတွင်း အိုက်စလန်၌ နိုင်ငံတော်ခန်းမအရေအတွက်သည် နှစ်ဆတက်သွားသည်ကိုထောက်သော် ယင်းသည် အမှန် အံ့အားသင့်စရာပင်!

နိုင်ငံတော်ခန်းမအသစ်နှစ်လုံး ရရှိကြသည့်အပြင် အိုက်စလန်ရှိညီအစ်ကိုများသည် ခန်းမဆောက်လုပ်ရေးတွင် မိမိတို့၏ငွေကြေးနှင့် အားလပ်ချိန်တို့ကို အသုံးပြုရန် နော်ဝေးမှလာကြသည့် ညီအစ်ကို၊ ညီအစ်မများနှင့် ကောင်းစွာပေါင်းဖော်ခြင်းမှ အားပေးမှုရရှိခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်း၏ သာဓကတစ်ရပ်ပင်! အိုက်စလန်မှညီအစ်ကိုများလည်း ဆောက်လုပ်ရေးစီမံကိန်းများတွင် ပါဝင်ကူညီကြသည်။ ဒေသခံကြေညာသူ ၁၅၀ ကျော် ပါဝင်လုပ်ဆောင်ခဲ့ကြသည်၊ ယင်းသည် တစ်နိုင်ငံလုံးရှိ ကြေညာသူအရေအတွက်၏ တစ်ဝက်ခန့်ဖြစ်သည်။

နိုင်ငံတော်ခန်းမဆောက်လုပ်ရေး စီမံကိန်းများသည် လူထုအတွက် သက်သေခံချက်ကောင်းတစ်ရပ်လည်း ဖြစ်ခဲ့သည်။ တစ်နိုင်ငံလုံးအနှံ့လွှင့်သော ရုပ်မြင်သံကြားဌာနနှစ်ခုက ၎င်းတို့၏ အစီအစဉ်သစ်တွင် အဖြစ်အပျက်ကို အစီရင်ခံခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်နှစ်ခုစလုံးမှ ပုံများကို ပြသခဲ့ကြသည်။ အသံလွှင့်ဌာနအချို့နှင့် သတင်းစာများကလည်း စီမံကိန်းအကြောင်း အစီရင်ခံခဲ့ကြသည်။ စဲလ်ဖော့စ်မြို့ရှိ ဒေသခံချာ့ချ်၏ ဓမ္မဆရာသည် ယေဟောဝါသက်သေများအား အာရုံစိုက်နေသည်ကို မနှစ်မြို့ချေ။ ဒေသခံသတင်းစာ၌ ယေဟောဝါသက်သေများ၏ အန္တရာယ်ရှိသည့် မှားယွင်းသောသွန်သင်ချက်များဟု သူယူမှတ်ရာများကို သတိပေးသည့် ဆောင်းပါးတစ်ခု ရေးသားထုတ်ဝေခဲ့သည်။ သူက ပျော့ညံ့သူများနှင့် စိတ်ထိခိုက်လွယ်သူများသည် အထူးသတိထားသင့်ကြောင်း ဖော်ပြထားသည်။ ရေဒီယိုတွေ့ဆုံမေးမြန်းခန်းတွင် ထပ်တူသတိပေးချက်ကို သူထပ်မံပြောကြားခဲ့သည်။ သို့ရာတွင် ဓမ္မဆရာ၏စကားများသည် သူမျှော်လင့်ထားသလို အရာမထင်ခဲ့ချေ။ ယင်းအစား လူအများစုသည် နိုင်ငံတော်ခန်းမဆောက်လုပ်ရေးအစီအစဉ်ကြောင့် အံ့သြမိန်းမောခဲ့ကြသည်၊ ဟောပြောခြင်းလုပ်ငန်းတွင် ညီအစ်ကိုများ တွေ့ဆုံရသူအများက ဓမ္မဆရာ၏တုံ့ပြန်ပုံကို အံ့သြကြောင်း ပြောပြကြသည်။

ဓမ္မဆရာ၏သတိပေးချက်ကို ထုတ်ဝေပြီး တစ်ပတ်ခန့်တွင် သတင်းစာ၌ ရုပ်ပြောင်တစ်ခု ပုံနှိပ်ခဲ့သည်။ ရုပ်ပြောင်၏ရှေ့ပိုင်းတွင် ချာ့ချ်ကိုတွေ့ရပြီး နောက်ပိုင်း၌ နိုင်ငံတော်ခန်းမရှိသည်။ အဆောက်အအုံနှစ်ခုကြားမှ မြစ်တစ်စင်းစီးဆင်းနေသည်၊ ပြုံးရွှင်သောမျက်နှာ၊ သပ်သပ်ရပ်ရပ်ဝတ်စားထားကာ လက်ဆွဲအိတ်များကိုင်ထားသော ညီအစ်ကိုအချို့သည် နိုင်ငံတော်ခန်းမမှ ချာ့ချ်ဘက်သို့ ထိုးထားသည့် တံတားပေါ်တွင် လမ်းလျှောက်နေသည်။ ချာ့ချ်အပြင်ဘက်တွင် အမျိုးသမီးတစ်ဦးသည် သူ၏ဘီးတပ်ကုလားထိုင်မှ အထိတ်တလန့် ထခုန်သည့်ပုံပါသည်။ ကျောက်ပတ်တီးကိုင်ထားသော လူတစ်ယောက်နှင့် မျက်မမြင်တစ်ယောက်က “ပြေး၊ ပြေး၊ သက်သေခံတွေလာနေပြီ!” ဟုအော်နေသည်။ ဓမ္မဆရာသည် အံ့ဩတကြီးဖြင့် ချာ့ချ် လှေကားထစ်၌ ရပ်နေ၏။ ထိုရုပ်ပြောင်ကို လူများစွာ သဘောကျကြသည်။ ယင်းကို သတင်းစာအယ်ဒီတာအဖွဲ့က ထိုနှစ်၏အကောင်းဆုံး ရုပ်ပြောင်အဖြစ် ရွေးချယ်လိုက်သည်၊ ပုံကြီးချဲ့၍ ရုံးခန်းနံရံ၌ ပြသထားကြသည်။ နှစ်အတန်ကြာ ထိုသို့ တည်ရှိခဲ့သည်။

ပြပွဲက သက်သေခံချက်ကောင်းတစ်ရပ်ဖြစ်စေ

၂၀၀၁ လုပ်ငန်းတော်နှစ်အတွင်း ပြပွဲတစ်ခုကို တင်ဆက်ခဲ့သည်၊ ယင်းက နာဇီနှိပ်စက်မှုအောက် ခံနိုင်ရည်တင်ပြသူများအဖြစ် ဒုတိယကမ္ဘာစစ်မတိုင်မီနှင့် စစ်အတွင်း ယေဟောဝါသက်သေများ တင်ပြခဲ့သည့် ကြားနေရပ်တည်မှုကို အာရုံစိုက်စေသည်။ နေရာသုံးနေရာ၌ ပြုလုပ်ခဲ့သော ပြပွဲသို့ စုစုပေါင်း ၃,၈၉၆ ယောက်တက်ရောက်ခဲ့သည်။ နောက်ဆုံးအပတ်အတွင်း၌ ရက်ယာဗစ်မြို့ရှိ ပြပွဲခန်းမသည် လာရောက်လေ့လာသူ ၇၀၀ ကျော်ဖြင့် ပြည့်ကျပ်၍နေသည်။ ပြပွဲတစ်လျှောက်၌ ယေဟောဝါသက်သေတို့ နာဇီထိုးနှက်မှုကို အခိုင်အမာရပ်တည် အိုက်စလန်ဘာသာစကားဖြင့် ဗီဒီယိုခွေကို ပြပွဲနေရာသုံးခုစလုံးတွင် ပြသထားသည်။ လာရောက်လေ့လာသူများစွာသည် ဗီဒီယိုတစ်ခွေလုံးပြီးသည်အထိ ထိုင်ကြည့်ခဲ့ကြသည်။

ကျွန်ုပ်တို့သမိုင်း၏ ဤအပိုင်းကို ယခင်ကမသိခဲ့ကြသော လေ့လာသူများသည် ချွေးတပ်စခန်း၌ သက်သေခံများ အခိုင်အမာရပ်တည်ပုံကို စွဲမှတ်သွားကြသည်။ ပြပွဲနေရာသို့ အကြိမ်ကြိမ် လာရောက်လေ့လာသူတစ်ဦးဖြစ်သည့် ပါမောက္ခတစ်ဦးက ပြပွဲသည် သူ့အား အလွန်စွဲမှတ်သွားစေသည့်ပြင် ယေဟောဝါသက်သေများအပေါ် သူ့သဘောထားကို ပြောင်းသွားစေကြောင်း ပြောပြသည်။ ချွေးတပ်စခန်းများမှ သက်သေခံများ၏ ခိုင်မာသောယုံကြည်ခြင်းကြောင့် သူမ အထူးလှုံ့ဆော်ခံခဲ့ရသည်။ အခြားအကျဉ်းသားများနှင့်မတူဘဲ သူတို့သည် မိမိတို့ယုံကြည်ချက်ကို ငြင်းပယ်ရုံဖြင့် လွတ်မြောက်မှုရနိုင်ကြသည်။

တစ်နိုင်ငံလုံးလွှင့်သည့် ရုပ်မြင်သံကြားဌာနတစ်ခုအပြင် ဒေသခံ ရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာနများမှလည်း ပြပွဲအကြောင်း အလွန်ကောင်းသောသတင်းကို ထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။ ပြပွဲဖွင့်သောအခါ လူသာရင်ဓမ္မဆရာသည် သူ့ဇနီး၊ သမီးတို့နှင့်အတူ တက်ရောက်ခဲ့သည်။ နောက်ပိုင်းတွင် ညီအစ်ကိုတစ်ဦးက ဓမ္မဆရာအား ဗေသလသို့ အလည်ခေါ်ဖိတ်ရာ လက်ခံခဲ့သည်။ လည်ပတ်ပြီးနောက် ရက်အနည်းငယ်၌ အမျိုးသမီးတစ်ဦးသည် ထိုဓမ္မဆရာထံချဉ်းကပ်၍ ကျမ်းချက်အချို့နှင့်ပတ်သက်၍ မေးခဲ့သည်။ ဓမ္မဆရာက ယေဟောဝါသက်သေများ ဖြေဆိုနိုင်ကြောင်း လုံးဝသိသောကြောင့် ဌာနခွဲရုံးနှင့်ဆက်သွယ်ရန် တိုက်တွန်းခဲ့သည်။ နောက်ပိုင်းတွင် ညီအစ်ကိုတစ်ဦးသည် ထိုဓမ္မဆရာနှင့် ကျမ်းစာသင်အံမှုပြုလုပ်ခဲ့သည်။

နှစ်များတစ်လျှောက် ဘာသာပြန်ဆိုမှု

‘သစ္စာနှင့် သတိပညာရှိကျွန်’ မှ ပြင်ဆင်ပေးသော ဝိညာဉ်အစာအားလုံးကို အိုက်စလန်ဘာသာစကားသို့ ပြန်ဆိုရန်မှာ အိုက်စလန်ရှိ ကြေညာသူလူနည်းစုအတွက် စိန်ခေါ်ချက်ဖြစ်လေ့ရှိသည်။ (မ. ၂၄:၄၄၊ ၄၅) အစောပိုင်းနှစ်များတွင် ဘာသာပြန်ခြင်းလုပ်ငန်းအများစုကို ကနေဒါနိုင်ငံရှိ အိုက်စလန်လူမျိုးသက်သေခံများက လုပ်ကိုင်ကြသည်။ ဘာသာပြန်လုပ်ငန်းကို နောက်ပိုင်းတွင် အိုက်စလန်၌ လုပ်ကိုင်ကြသည်။ ၁၉၄၇ ခုနှစ်တွင် ပထမဆုံးအကြိမ် သာသနာပြုများ ရောက်ရှိပြီးနောက် တစ်အိမ်တည်းအတူနေသည့် သက်ကြီးကဗျာဆရာတစ်ဦးနှင့် ရင်းနှီးသွားသည်။ သူသည် အင်္ဂလိပ်စကားတတ်သောကြောင့် ဘာသာစကားသင်ယူရန် သာသနာပြုများကို ကူညီပေးခဲ့သည်။ ညီအစ်ကိုများအတွက် ဘာသာပြန်လုပ်ငန်းတချို့ လုပ်ပေးမည်ဟုလည်း ပြောလှာသည်၊ ထို့ကြောင့် ညီအစ်ကိုများက “ဘုရားသခင်၏သစ္စာတော်သည် တည်စေသတည်း” စာအုပ်နှင့် လူခပ်သိမ်းတို့၏ဝမ်းမြောက်စရာ စာအုပ်ငယ်တို့ကို ပြန်ဆိုရန် ငှားလိုက်သည်။ ဝမ်းနည်းစရာမှာ သူသည် ခေတ်ဟောင်းစကားလုံးများ၊ အသုံးအနှုန်းများစွာဖြင့် ရှေးဟောင်းကဗျာဆန်ဆန်ပုံစံမျိုး သုံးနှုန်းခဲ့သည်၊ သာသနာပြုအသစ်တစ်ဦးနှင့် ညီအစ်ကို လင်ဒါလ်တို့က ပြန်ဆိုမှုကိုစိစစ်ကာ လက်နှိပ်စက်ဖြင့်ပြန်ရိုက်ခဲ့ကြသော်လည်း ထိုစာအုပ်သည် မျှော်မှန်းထားသည့်အတိုင်း လေ့လာမှုအထောက်အကူပြုစာအုပ်ကောင်း ဘယ်တော့မျှ ဖြစ်မလာခဲ့ပေ။ သို့တိုင် ထိုစာအုပ်ကို ပထမအကြိမ်ပုံနှိပ်ချိန်မှစ၍ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေရပြီး စုစုပေါင်း ၁၄,၅၆၈ အုပ် ပုံနှိပ်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် စာအုပ်ငယ်ပေါင်း ၂၀,၀၀၀ ကျော်ကိုလည်း ပုံနှိပ်ခဲ့သည်။ နောက်ပိုင်း၌ ညီအစ်ကိုများက ဘာသာတရားသည် လူသားတို့အတွက် အဘယ်အရာပြုလုပ်ပေးသနည်း စာအုပ်ကို ပြန်ဆိုရန် ဘာသာပြန်နောက်တစ်ဦးကို ငှားခဲ့ကြသည်။

ထိုနှစ်များအတွင်း ညီအစ်ကိုအုပ်စုငယ်လေးသည် စာအုပ်ငယ်အမြောက်အမြား ဘာသာပြန်ခဲ့ကြသည်။ တစ်အုပ်မှာ ၁၉၅၉ ခုနှစ်ကထုတ်ဝေသည့် “နိုင်ငံတော်နှင့်ယှဉ်သော ဤသတင်းကောင်း” ဖြစ်သည်။ ထိုစာအုပ်ငယ်က ညီအစ်ကိုများကို ကျမ်းစာသင်အံမှုအသစ်များ စတင်ရန် အထောက်အကူပြုခဲ့သည်။ ထိုစာအုပ်ထုတ်ပြီးနောက်၌ အိုက်စလန်ဘာသာစကားဖြင့် ကင်းမျှော်စင် ထုတ်ရန် ခွင့်ပြုချက်ရရှိခဲ့သည်။

နောက်ပိုင်းနှစ်များအတွင်း စာအုပ်ကောင်းများစွာကို ဘာသာပြန်ဆိုခဲ့ကြသည်– ၁၉၆၂ ခုနှစ်တွင် “ထာဝရအသက်ဟူသည်မှာ” ကိုထုတ်ဝေခဲ့သည်; ၁၉၆၆ တွင် ပရဒိသုခဘုံပျောက်ဆုံးသွားခြင်းမှ ပရဒိသုခဘုံပြန်လည်ရရှိသည်အထိ; ၁၉၇၀ ပြည့်နှစ်တွင် ထာဝရအသက်သို့ပို့ဆောင်သော သမ္မာတရား; ၁၉၈၄ တွင် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် နှင့် ၁၉၉၆ တွင် ထာဝရအသက်ရစေသော အသိပညာစာအုပ်တို့ ဖြစ်သည်။ သုံးလတစ်ကြိမ်ထုတ် နိုးလော့!မဂ္ဂဇင်းသည် ၁၉၈၂ ခုနှစ်၌ အိုက်စလန်ဘာသာစကား စာစောင်များစာရင်းတွင် ပါဝင်လာသည်။

နှစ်ပေါင်းများစွာကြာသည့်တိုင် ညီအစ်ကိုများသည် အိုက်စလန်ဘာသာစကားဖြင့် သီချင်းစာအုပ် မရှိခဲ့ကြပေ။ ၁၉၆၀ ပြည့်နှစ်တွင် စည်းဝေးပွဲတစ်ခုအတွက် သီချင်းလေးပုဒ်ကို ဘာသာပြန်ပြီး ဖယောင်းမိတ္တူကူးယူခဲ့ကြသည်။ ထို့နောက် အိုက်စလန်ဘာသာစကားဖြင့် ရွေးချယ်ထားသော သီချင်းအပုဒ် ၃၀ ပါသည့် သီချင်းစာအုပ်ငယ်ကို ၁၉၆၃ နိုဝင်ဘာလတွင်ကျင်းပသည့် ခရိုင်စည်းဝေးကြီး၌ ထုတ်ဝေခဲ့ရာ ညီအစ်ကိုများ ဝမ်းသာကြည်နူးခဲ့ကြသည်။

ထိုအချိန်အထိ အသင်းတော်လိုက် သီချင်းဆိုရာတွင် ဘာသာစကားအမျိုးမျိုး ရောနှောသီဆိုခဲ့ကြသည်။ ၁၉၅၈ ခုနှစ်တွင် ဂျာမနီမှ ဂွန်သာနှင့် ရုသ် ဟူးဘစ်တို့သည် အထူးရှေ့ဆောင်များအဖြစ် အိုက်စလန်သို့ ရောက်ရှိလာသည်။ တိုင်းတစ်ပါးမှညီအစ်ကိုများသည် ဒိန်းမတ်၊ အင်္ဂလိပ်၊ ဖင်လန်၊ ဂျာမန်၊ နော်ဝေး၊ ဆွီဒင်စသည့် မိမိတို့စကားဖြင့် သီချင်းစာအုပ်များကိုသာ ကိုင်ခဲ့ကြပုံကို ရုသ် မှတ်မိနေတုန်းပင်။ အိုက်စလန်နိုင်ငံသားများက မိမိတို့ကျွမ်းကျင်သည့် ဘာသာစကားဖြင့် လိုက်၍ဆိုကြသည်။ “တကယ့် သံစုံအဖွဲ့ပါပဲ” ဟု ရုသ် ပြောပြသည်။ နှစ်များတစ်လျှောက် နိုင်ငံတော်သီချင်းများကို တဖြည်းဖြည်း တိုး၍ဘာသာပြန်ကြသည်၊ နောက်ဆုံး ၁၉၉၉ ခုနှစ်တွင် ၂၂၅ ပုဒ်စလုံးပါသည့် သီချင်းစာအုပ်အပြည့်အစုံကို အိုက်စလန်ဘာသာစကားဖြင့် ရရှိကြသည်။ ယေဟောဝါအားချီးမွမ်းရန် ထိုသို့စီမံပေးမှုအတွက် ညီအစ်ကိုများ မည်မျှကျေးဇူးတင်လိုက်ကြမည်ဖြစ်ခြင်း!

၁၉၉၉ ဩဂုတ်လတွင် ကျင်းပသည့် ခရိုင်စည်းဝေးကြီးသည် အိုက်စလန်နိုင်ငံအတွက် ထူးခြားချက်တစ်ခုဖြစ်ခဲ့သည်။ ဒံယေလ၏ပရောဖက်ပြုချက်ကို ဂရုပြုလော့! စာအုပ်ကို အိုက်စလန်ဘာသာစကားဖြင့် အင်္ဂလိပ်နှင့်တစ်ပြိုင်တည်း ထုတ်ဝေလိုက်သည်။ စည်းဝေးကြီး၌ ဟောပြောသူက အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ထုတ်လိုက်ကြောင်းကြေညာသောအခါ ပရိသတ်အားလုံး လက်ခုပ်တီးကြသည်။ နောက်ပိုင်း၌ အိုက်စလန်ဘာသာစကားဖြင့် ထုတ်ဝေမည်ဟု ညီအစ်ကိုများအား ပြောမည့်အစား စိတ်လှုပ်ရှားနေသည့် ပရိသတ်အား စာအုပ်ကို အိုက်စလန်ဘာသာစကားသို့ ပြန်ဆိုထားပြီးဖြစ်ကြောင်းပြောကာ အိုက်စလန်ဘာသာစကားဖြင့်စာအုပ်ကို တစ်ဆက်တည်းပြသပေးခဲ့သည်! ထိုအချိန်နောက်ပိုင်းတွင် ဟေရှာယပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း ၁ နှင့် ၂ ကိုလည်း အင်္ဂလိပ်နှင့် တစ်ပြိုင်တည်း ထုတ်ဝေခဲ့သည်။

ဗေသလတိုးချဲ့မှုနှင့် နောက်ထပ်တိုးတက်မှု

၁၉၉၈ ခုနှစ်တွင် ဗေသလအဆောက်အဦကို အသစ်ပြုပြင်ခဲ့သည်။ ဗေသလအိမ်သားများနေရန်နှင့် ဘာသာပြန်ဌာနအတွက် ရုံးခန်းနေရာပိုကျယ်သွားစေရန် လမ်းတစ်ဖက်မှ တိုက်ခန်းနှစ်ခန်းကို ဝယ်လိုက်သည်။ ဘာသာပြန်များသည် မကြာသေးမီနှစ်များအတွင်း နယူးယောက်ရှိ ကမ္ဘာ့ဌာနချုပ်မှ ညီအစ်ကိုများ လာရောက်လည်ပတ်ခြင်းမှလည်း အကျိုးရရှိခဲ့ကြသည်။ ယေဟောဝါသက်သေများ တီထွင်ထားပြီး ဘာသာပြန်လုပ်ငန်းအတွက် အထူးပုံစံပြုထားသော ကွန်ပျူတာပရိုဂရမ်များ အသုံးပြုပုံကို ညီအစ်ကိုများက သင်ကြားပေးခဲ့သည်။

မကြာမီက ဌာနချုပ်မှ ကိုယ်စားလှယ်များသည် အင်္ဂလိပ်စာနားလည်မှုတိုးတက်ရေးသင်တန်းကို ဌာနခွဲ၌ ပြုလုပ်ပေးခဲ့သည်။ သင်တန်းက ဘာသာပြန်များ ဘာသာစမပြန်မီ အင်္ဂလိပ်စာသားကို အတွင်းကျကျထိုးထွင်းသိမြင်ရန် ကူညီပေးခဲ့သည်။

ဌာနခွဲရုံးက ဤသို့စာရေးခဲ့သည်– “နှစ်များတစ်လျှောက်ကို ပြန်ပြောင်းကြည့်လျှင် ကနဦးအခြေအနေနှင့် ဘာသာစကားဆိုင်ရာအသိပညာ၌ အကန့်အသတ်ရှိသည့်တိုင် အိုက်စလန်စကားသို့ စတင်ဘာသာပြန်ဖို့ သတ္တိရှိခဲ့ကြသူအချို့ကြောင့် ကျွန်ုပ်တို့ ဝမ်းသာမိတယ်။ အစောပိုင်းနှစ်များက ဘာသာပြန်အရည်အသွေးသည် ယခုခေတ်နှင့်မတူငြား ကျွန်ုပ်တို့သည် ‘အမှုငယ်ပြုသောနေ့ရက်ကို မထီမဲ့မြင်’ မပြုခဲ့ပါ။ (ဇာ. ၄:၁၀) အိုက်စလန်တွင် ယေဟောဝါ၏နာမတော်၊ နိုင်ငံတော်ကို ကြေညာခြင်းနှင့် သမ္မာတရားကို လူများစွာ သင်ယူကြခြင်းကို တွေ့ရသည့်အတွက် ကျွန်ုပ်တို့ ဝမ်းမြောက်ကြသည်။”

ယခုတွင် ဌာနခွဲရုံး၌ အချိန်ပြည့်လုပ်သား ရှစ်ယောက်ရှိသည်။ အခြားသူများသည် ဗေသလသို့ အသွားအပြန်လုပ်၍ အချိန်ပိုင်းကူညီပေးကြသည်။ ဌာနခွဲရှိ နိုင်ငံတော်ခန်းမကို အစားထိုးရန် နိုင်ငံတော်ခန်းမအသစ်တစ်လုံးကို ရက်ယာဗစ်မြို့ရှိ အသင်းတော်အတွက် ဆောက်လုပ်ပေးထားပြီဖြစ်သည်။ ထို့ကြောင့် ဗေသလလုပ်သားများ ပို၍နေနိုင်ရန် ဌာနခွဲအဆောက်အအုံကို ပြန်လည်ပြုပြင်သည့် လုပ်ငန်းစဉ် စနေပြီဖြစ်သည်။

အိုက်စလန်တွင် သတင်းကောင်းဟောပြောရန် ဇွဲ၊ ကိုယ်ကျိုးစွန့်မှုနှင့် မေတ္တာတို့ ရှိဖို့လိုသည်။ လွန်ခဲ့သော ၇၆ နှစ်ကျော်တိုင်တိုင် အိုက်စလန်တွင် ထက်သန်သောသတင်းကောင်းကြေညာသူများ လုပ်ဆောင်ခဲ့ကြသည့် ကြိုးစားအားထုတ်မှုသည် အချည်းနှီးမဟုတ်ဟု အမှန်ဆိုနိုင်သည်။ သစ္စာရှိညီအစ်ကို၊ ညီအစ်မများစွာသည် ရိတ်သိမ်းခြင်းလုပ်ငန်းတွင် ပါဝင်ခဲ့ကြသည်။ နှစ်အတန်ကြာ အမှုဆောင်ရန် အခြားသောတိုင်းပြည်များမှ လူများစွာ ပြောင်းလာခဲ့ကြ၍ သူတို့၏ လုပ်ဆောင်မှုကို အမှတ်ရနေကြပေလိမ့်မည်။ အချို့သည် အိုက်စလန်ကို မိမိတို့၏အမြဲတမ်းနေအိမ် ဖြစ်စေခဲ့ကြသည်။ ထက်သန်သော ဒေသခံအိုက်စလန်လူမျိုး ကြေညာသူများစွာ၏ ဇွဲသည်လည်း ချီးကျူးထိုက်ပေသည်။

ပျမ်းမျှနိုင်ငံတော်ကြေညာသူ အရေအတွက်နည်းပါးသော်လည်း ဤနိုင်ငံ၌ ယေဟောဝါသက်သေများကို ကောင်းစွာသိကြသည်။ ယခု သာသနာပြု ခုနစ်ဦးသည် ကျေးလက်ဒေသများနှင့် ကျွန်းပေါ်ရှိ အသင်းတော်ငယ်များ၌ အမှုဆောင်လျက်ရှိသည်။ လွန်ခဲ့သောလုပ်ငန်းတော်နှစ်က ခရစ်တော်၏သေခြင်း အောက်မေ့ရာပွဲတော်ကို ၅၃၄ ယောက်တက်ရောက်ခဲ့ပြီး အိမ်တွင်းကျမ်းစာသင်အံမှု ၁၈၀ နီးပါးကျင်းပနေကြသည်။

တစ်နေ့နေ့တွင် အိုက်စလန်ရှိညီအစ်ကိုများသည် ဟေရှာယ ၆၀:၂၂ တွင်ဖော်ပြထားသည့် တိုးတက်မှုမျိုး ရကောင်းရကြပေလိမ့်မည်– “သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်။ အားနည်းသောသူတစ်ယောက်သည် အားကြီးသောလူမျိုးဖြစ်ရလိမ့်မည်။ ငါထာဝရဘုရားသည် အချိန်ရောက်လျှင် ထိုအမှုကိုနှိုးဆော်မည်။” ဤအတောအတွင်း အိုက်စလန်ရှိ ယေဟောဝါသက်သေများသည် ဘုရင်ယေရှုခရစ် အပ်နှင်းထားသည့် နိုင်ငံတော်သတင်းကောင်းဟောပြောခြင်း လုပ်ငန်းကို ပြီးမြောက်အောင်ဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ထားကြသည်။ ဘုရားသခင်သည် ကျေးဇူးတင်စွာ လက်ခံတတ်သောသူ၏နှလုံး၌ သမ္မာတရားမျိုးစေ့ကို ကြီးထွားစေမည်ဖြစ်ကြောင်း သူတို့ယုံကြည်ကြသည်။—မ. ၂၄:၁၄; ၁ ကော. ၃:၆၊ ၇; ၂ တိ. ၄:၅။

[စာမျက်နှာ ၂၀၅ ပါ လေးထောင့်ကွက်]

ပထမနာမည်သည် မျိုးရိုးအမည်ဖြစ်သည့်အရပ်

ဒေသန္တရထုံးစံနှင့်အညီ အိုက်စလန်ကျွန်းသားများ၌ မျိုးရိုးအမည် မရှိချေ– တစ်ဦးနှင့်တစ်ဦး ပထမနာမည်ဖြင့် ခေါ်ပြောကြသည်။ ကလေးတစ်ယောက်၏ မျိုးရိုးအမည်ကို ယောက်ျားလေးအတွက် -စန်း နှင့် မိန်းကလေးအတွက် -ဒေါတီရ် ဟူသည့် နောက်ဆက်စကားကို ဖခင်၏ပထမအမည်နှင့်ပေါင်းစပ်၍ သတ်မှတ်ကြသည်။ ဥပမာ၊ ဟာရယ်လ်ဒါ အမည်ရှိသူ၏ သားနှင့် သမီး၌ ဟာရယ်လ်စန်းနှင့် ဟာရယ်လ်ဒေါတီရ် ဟူသောမျိုးရိုးအမည်ရှိမည်။ အမျိုးသမီးတစ်ဦး အိမ်ထောင်ကျသည့်အခါ သူ၏နာမည်ပြောင်းမသွားပါ။ အမည်တူများလှသောကြောင့် တယ်လီဖုန်းစာအုပ်များတွင် လူတစ်ဦး၏အမည်၊ လိပ်စာနှင့် ဖုန်းနံပါတ်သာမက သူ၏အလုပ်အကိုင်ကိုလည်း စာရင်းလုပ်ထားသည်။ မျိုးရိုးစဉ်ဆက်နှင့်ဆိုင်သောမှတ်တမ်းများက လွန်ခဲ့သော အနှစ်တစ်ထောင်ကျော်က အိုက်စလန်ကျွန်းသားများ၏ မျိုးရိုးစဉ်ဆက်ကို ခြေရာခံမိစေနိုင်သည်။

[စာမျက်နှာ ၂၀၈ ပါ လေးထောင့်ကွက်]

အိုက်စလန်နိုင်ငံအကြောင်း အကျဉ်းချုပ်

နယ်မြေ– ဤကျွန်းနိုင်ငံသည် အာတိတ်စက်ဝိုင်းအောက်ဘက်နားလေးဖြစ်သော မြောက်အတ္တလန္တိတ်သမုဒ္ဒရာ၊ ဂရင်းလန်ပင်လယ်နှင့် နော်ဝေးပင်လယ်ကြားတွင် တည်ရှိသည်။ မီးတောင်များ၊ ရေပူစမ်းများနှင့် ရေနွေးငွေ့ထွက်ရေပူစမ်းများ ပေါများသည်။ နယ်မြေ၏ ဆယ်ပုံတစ်ပုံကို ရေခဲပြင်ကြီးများက ဖုံးလွှမ်းထားသည်။

လူမျိုး– အများအားဖြင့် နော်ဝေးမှလာကြသည့် ဗိုက်ကင်းလူမျိုးများမှ ဆင်းသက်လာသူများဖြစ်သော အိုက်စလန်သားများသည် ယေဘုယျအားဖြင့် အလုပ်ကြိုးစားသည်၊ ဆန်းသစ်တီထွင်တတ်ကြပြီး သည်းခံတတ်သူများဖြစ်သည်။ အများစုသည် ကမ်းရိုးတန်းအနီးတစ်ဝိုက်၌ နေထိုင်ကြသည်။

ဘာသာစကား– အိုက်စလန်စကားသည် ရုံးသုံးဘာသာစကားဖြစ်သော်လည်း အိုက်စလန်သားများစွာသည် နိုင်ငံခြားဘာသာစကား နှစ်မျိုး သို့မဟုတ် ထို့ထက်မကတတ်ကြသည်၊ အင်္ဂလိပ်၊ ဂျာမန် သို့မဟုတ် စကင်ဒီနေဗီးယန်းဘာသာစကားတို့ ဖြစ်သည်။

အသက်မွေးမှု– ငါးဖမ်းလုပ်ငန်းသည် အိုက်စလန်စီးပွားရေးတွင် အဓိကကဏ္ဍမှ ပါဝင်သည်။ ငါးဖမ်းသင်္ဘောများသည် ကက်ပလင်ငါး၊ ကော့ငါး၊ ငါးကြီးဆီငါးနှင့် ပင်လယ်ငါးသလောက်တို့ကို ဖမ်းမိသည်၊ အများစုကို တာရှည်ခံအောင်စီမံပြုပြင်၍ နိုင်ငံခြားတင်ပို့ကြသည်။

အစားအစာ– ငါးနှင့် သိုးကို အစားများသည်။ အိုက်စလန်အထူးဟင်းလျာမှာ သိုးခေါင်းပြုတ်ဖြစ်သည်။

ရာသီဥတု– အတ္တလန္တိတ်ရေစီးကြောင်းကြောင့် ပူနွေးပြီး ရာသီဥတုသည် အပူအအေးမျှတသည်။ ဆောင်းရာသီ၌ ညင်သာသည့်တိုင် လေထန်သည်။ နွေရာသီတွင် ရာသီဥတုအေးမြသည်။

[စာမျက်နှာ ၂၁၀ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

စက်တင်ဘာ ၆၊ ၁၉၄၂– “ဤနိုင်ငံတွင် ရှေ့ဆောင်တစ်ယောက်တည်းရှိဆဲဖြစ်သောကြောင့် မှတ်တမ်းတင်စရာ သိပ်မရှိချေ။ အိုက်စလန်လူဦးရေသည် ၁၂၀,၀၀၀ ခန့်ရှိပြီး စိုက်ပျိုးမွေးမြူရေးခြံ ၆,၀၀၀ ခန့်ရှိသည်။ ထိုခြံများသို့ရောက်ရန် တစ်ခုတည်းသောနည်းမှာ ကုန်းနှီးတပ်၊ ဝန်တင်မြင်းပုများဖြင့်သွားခြင်းဖြစ်သည်။ ထိုတွင်ရှိအိမ်များသို့ရောက်ရန် မိုင် ၁၀,၀၀၀ ခန့် သွားရပြီး တောင်များနှင့် တောင်ကျချောင်းများစွာကို ဖြတ်သွားရသည်။ ယခုအချိန်ထိ သတင်းတရားကို စိတ်ဝင်စားသူ သိပ်မရှိချေ။”

အိုက်စလန်တွင် ၁၃ နှစ်ကြာ ရှေ့ဆောင်လုပ်ငန်းတွင်ပါဝင်ခဲ့ပြီးနောက် ဂျော့ဂျ် အက်ဖ်. လင်ဒါလ် ရေးခဲ့သောစကားများဖြစ်သည်။ နောက်ငါးနှစ်အထိ သူသည် အိုက်စလန်တွင် တစ်ဦးတည်းသောကြေညာသူအဖြစ် ရပ်တည်ခဲ့ရသည်။

[စာမျက်နှာ ၂၁၃၊ ၂၁၄ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

သစ္စာရှိရှိအမှုဆောင်ခြင်း မှတ်တမ်း

အိုက်စလန်၌တာဝန်ကျသည့် အစောပိုင်းသာသနာပြုများတွင် ၁၁ ကြိမ်မြောက်ဂိလဒ်ကျောင်းဆင်း အော်လဗာ မက်ဒေါ်နယ် ပါဝင်သည်။ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အင်းဗားဒ် ယန်စန်နှင့်အတူ ရောက်လာခဲ့သည်။ နယူးယောက်မှ ကုန်သင်္ဘောစီး၍ လာခဲ့ခြင်းဖြစ်သည်။ ခရီးစဉ်သည် ၁၄ ရက်ကြာပြီး မြောက်အတ္တလန္တိတ်သမုဒ္ဒရာသည် လှိုင်းလေထန်သည်။ ခရီးစဉ်အတွင်း အချိန်အတော်များများ၌ သူတို့နှစ်ဦး လှိုင်းမူးကြသည်။

၁၉၅၀ ပြည့်နှစ်၊ မတ်လတွင် ညီအစ်ကို မက်ဒေါ်နယ်သည် ဗြိတိန်ဗေသလ၌အမှုဆောင်နေသည့် အင်္ဂလန်မှ စယ်လီ ဝိုင်း နှင့်လက်ထပ်ခဲ့သည်။ မက် ဟု ချစ်စနိုးခေါ်ကြသူနှင့် စယ်လီတို့သည် ထိုအစောပိုင်းနှစ်များတွင် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ကြသည်၊ သူတို့နှင့် ကျမ်းစာလေ့လာခဲ့သူများသည် ယေဟောဝါအား သစ္စာရှိရှိအမှုဆောင်နေကြဆဲဖြစ်သည်။

၁၉၅၇ ခုနှစ်တွင် မက်နှင့် စယ်လီ အင်္ဂလန်သို့ပြန်ခဲ့ကြသည်၊ အိုက်စလန်တွင်ကတည်းက ဖြစ်နေသည့် ကင်ဆာရောဂါဖြင့် စယ်လီ ကွယ်လွန်သွားခဲ့သည်။ စယ်လီဆုံးပြီးနောက် မက်သည် အချိန်ပြည့်အမှုဆောင်ပြန်လုပ်ပြီး မှန်မှန်ရှေ့ဆောင်အဖြစ်၊ ထို့နောက် နယ်လှည့်ကြီးကြပ်မှူးအဖြစ် ၁၃ နှစ်ကြာအမှုဆောင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် အထူးရှေ့ဆောင်ညီအစ်မ ဗလဲရီ ဟော့ဂရီးဇ်နှင့် လက်ထပ်ခဲ့သည်။ မြောက်ပိုင်း စကော့တလန်မှ အင်္ဂလန် တောင်ဘက်ကမ်းရိုးတန်းအလွန်တွင်ရှိ ချန်နယ်လ်အိုင်လန်အထိ ဗြိတိန်နိုင်ငံ၏ တိုယ်နယ်အသီးသီးတွင် အတူတကွ အမှုဆောင်ကြသည်။ မြောက်ဘက်ပိုင်းတွင် နယ်လှည့်အမှုဆောင်၍ စကော့တလန်မြောက်ဘက် ကမ်းရိုးတန်းအလွန်တွင်ရှိ ရှတ်လန်းသို့ရောက်စဉ် မက်က “နောက်တစ်မှတ်တိုင်ကတော့ အိုက်စလန်ပဲ!” ဟုပြောသည်၊ သွားရမည်ဟု သူတို့ တစ်ခါမှတွေးမထားသည့် နေရာဖြစ်သည်။

သို့သော် ၁၉၇၂ ခုနှစ်တွင် မက်နှင့် ဗလဲရီတို့သည် အိုက်စလန်တွင် သာသနာပြုများအဖြစ် တစ်ဖန်တာဝန်ပေးခံရသည်။ မက်သည် ဌာနခွဲအမှုထမ်းအဖြစ်၊ ထို့နောက် ဌာနခွဲကော်မတီညှိနှိုင်းရေးမှူးအဖြစ် အမှုဆောင်ခဲ့သည်။ သူနှင့် ဗလဲရီသည် အိုက်စလန်တွင် ခုနှစ်နှစ်နေပြီးနောက် အိုင်ယာလန်တွင် သာသနာပြုများအဖြစ် ခန့်အပ်ခံရသည်၊ ပထမတွင် ဒပ်ဘလင်၌ဖြစ်ပြီး ထို့နောက် မြောက်ပိုင်းအိုင်ယာလန်တွင်ဖြစ်သည်။ အိုင်ယာလန်တွင် နှစ်ပေါင်း ၂၀ အမှုဆောင်ပြီးနောက် ၁၉၉၉ ဒီဇင်ဘာလတွင် ကင်ဆာရောဂါဖြင့် မက် ကွယ်လွန်သွားသည်၊ နှစ်ပေါင်း ၆၀ အချိန်ပြည့်အမှုဆောင်ခဲ့သည်။ ဗလဲရီသည် မြောက်ပိုင်းအိုင်ယာလန်ရှိ ဘဲလ်ဖတ်မြို့တွင် မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်လျက်ရှိသည်။

[ရုပ်ပုံ]

၁၉၇၀ ပြည့်လွန်နှစ်များက ရက်ယာဗစ်မြို့တွင် ဗလဲရီနှင့် အော်လဗာ မက်ဒေါ်နယ်

[စာမျက်နှာ ၂၁၈ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ရက်ယာဗစ်

“မီးခိုးအူသောပင်လယ်အော်” ဟုအဓိပ္ပာယ်ရသည့် ရက်ယာဗစ်မြို့သည် အိုက်စလန်၏မြို့တော်ဖြစ်သည်၊ ရေပူစမ်းများမှ အငွေ့ထွက်နေသောကြောင့် ပထမဆုံးအခြေချနေထိုင်သူ အင်ဂိုဖာ အာနာစော က ထိုအမည်ကို ပေးခဲ့ခြင်းဖြစ်သည်။ ယခုတွင် ရက်ယာဗစ်မြို့သည် လူဦးရေစုစုပေါင်း ၁၈၀,၀၀၀ ခန့်ရှိသော ပျားပန်းခပ်လှုပ်ရှားနေသည့် ခေတ်မီမြို့တော်ဖြစ်သည်။

[စာမျက်နှာ ၂၂၃၊ ၂၂၄ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အိုက်စလန်ကျွန်းကို မိမိတို့နေရပ်ဖြစ်စေကြသူများ

ပေါလ် ဟိုင်နာ ပီဒါဆင်သည် ဒိန်းမတ်မှဖြစ်သည်။ ၁၉၅၉ ခုနှစ်တွင် အထူးရှေ့ဆောင်အဖြစ် အိုက်စလန်၌ တာဝန်ကျသည်။ ၁၉၆၁ ခုနှစ်တွင် ဥရောပ၌ကျင်းပသော “စည်းလုံးသောဝတ်ပြုသူများ” အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများအနက် နှစ်ခုကို တက်ရောက်ခဲ့ပြီး ထိုတွင် ဗိုင်လက်နှင့်တွေ့သည်။ သူမသည် ထိုစည်းဝေးကြီးများမှ တချို့ကိုတက်ရန် ယူ.အက်စ်.အေ. ကယ်လီဖိုးနီးယားမှ လာသူဖြစ်သည်။

စည်းဝေးကြီးများပြီးနောက် ပေါလ်သည် အိုက်စလန်သို့ပြန်ပြီး ဗိုင်လက်က ကယ်လီဖိုးနီးယားသို့ ပြန်သွားခဲ့သည်။ ငါးလကြာ စာရေးဆက်သွယ်ကြပြီးနောက် ၁၉၆၂၊ ဇန်နဝါရီလတွင် ဗိုင်လက်သည် ပေါလ်နှင့်လက်ထပ်ရန် အိုက်စလန်သို့ လိုက်လာသည်။ ပေါလ်သည် အိုက်စလန်အနောက်မြောက်ပိုင်း လူဦးရေနည်းပါးသောအရပ်တွင် တစ်ဦးတည်းသော သက်သေခံဖြစ်နေသည့်တိုင် ရှေ့ဆောင်လုပ်နေသူဖြစ်သည်။ ဆောင်းလယ်၌ နှစ်လတိုင်အောင် နေမထွက်သည့် မြို့ငယ်လေးတွင် သူတို့နေထိုင်ကြသည်။ ဒေသတွင်းရှိ လူအချို့ထံရောက်ရှိရန် မတ်စောက်၍ ရံဖန်ရံခါ ရေခဲဖုံးသောတောင်ကြားလမ်းများကို ဖြတ်သွားရသည်၊ ဒိန်းမတ်မှ ပေါလ် ယူလာသည့် မော်တော်ဆိုင်ကယ်သည် တစ်ခုတည်းသော သယ်ယူပို့ဆောင်ရေးယာဉ်ဖြစ်သည်။ ဗိုင်လက်သည် နေရောင်ခြည်ရသော ကယ်လီဖိုးနီးယားတွင် မွေးဖွားကြီးပြင်းလာသူဖြစ်သောကြောင့် အိုက်စလန်တွင် သိပ်ကြာကြာနေနိုင်မည်မဟုတ်ဟု ညီအစ်ကိုများက ထင်ထားကြသည်။ သို့သော် သူနေခဲ့သည်၊ ထို့ပြင် ထိုတိုင်းပြည်နှင့် လူများအပေါ်ချစ်သည့်စိတ် တိုးများလာသည်။

ပေါလ်နှင့် ဗိုင်လက်သည် ၁၉၆၅ ခုနှစ်၌ သူတို့သမီး အယ်လီဇဘက် မမွေးမီအထိ အတူရှေ့ဆောင်လုပ်ခဲ့ကြသည်။ ပေါလ်သည် ၁၉၇၅ အထိ ရှေ့ဆောင်လုပ်ငန်းတွင် ဆက်ပါဝင်ခဲ့ပြီး ထိုနှစ်များအတွင်း ဗိုင်လက်က ရံဖန်ရံခါ ရှေ့ဆောင်လုပ်သည်။ ပေါလ်၏ကျန်းမာရေးအခြေအနေကြောင့် ၁၉၇၇ ခုနှစ်တွင် ကယ်လီဖိုးနီးယားသို့ ပြောင်းရန်ဆုံးဖြတ်ခဲ့ကြသည်။ အတန်ကြာသော် သူတို့သည် နိုင်ငံတော်ကြေညာသူများ သာ၍လိုအပ်သောနေရာ၌ အမှုဆောင်ရန် ဆန္ဒပြင်းပြလာသည်။ ရှေ့ဆောင်ပြန်လုပ်ကြပြီး သူတို့သမီး ကျောင်းပြီး၍ အရွယ်ရောက်လာချိန်၌ သာသနာပြုများအဖြစ် အိုက်စလန်သို့ပြန်သွားရန် ခန့်အပ်ခံရသည်။ သာသနာပြုလယ်ကွင်းတွင် အမှုဆောင်ပြီး နယ်လှည့်လုပ်ငန်း၌ နှစ်အနည်းငယ်ပါဝင်ခဲ့ကြသည်။ ၁၉၈၉ ခုနှစ်တွင် ပေါလ်သည် ဌာနခွဲကော်မတီဝင်တစ်ဦးအဖြစ် အမှုဆောင်ရန် ဖိတ်ခေါ်ခံရသည်။ ထို့နောက် အိုက်စလန်၌ ဗေသလအိမ်ကို တရားဝင်ဖွင့်လှစ်သည့် ၁၉၉၁ ခုနှစ်တွင် ပေါလ်နှင့် ဗိုင်လက်သည် ပထမဆုံး ဗေသလမိသားစုဝင်ဖြစ်လာကြသည်။ သူတို့သည် အိုက်စလန်တွင် အမှုဆောင်နေဆဲဖြစ်သည်။

[စာမျက်နှာ ၂၂၈၊ ၂၂၉ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ဧည့်ဝတ်ကျေပွန်မှုကြောင့် လူသိများ

ဖရီသရိခ် ဂျီစလာစောနှင့် သူ့ဇနီး အေဒါတို့သည် ၁၉၅၆ ခုနှစ်တွင် နှစ်ခြင်းခံခဲ့သည့် ခုနစ်ဦးထဲတွင် ပါဝင်ကြသည်။ ဖရီသရိခ်နှင့် အေဒါသည် အော်လဗာနှင့် စယ်လီ မက်ဒေါ်နယ်ထံမှ သမ္မာတရားသင်ယူသိရှိခဲ့ကြသည်။ ရှည်လျားသည့်ဆောင်းကာလအတွင်း အထည်ချုပ်အဖွဲ့တွင် အေဒါပါဝင်ခဲ့စဉ်က ကျမ်းစာသင်အံမှုကို ဖရီသရိခ်နှင့် စတင်ကျင်းပခဲ့သည်။ နွေဦး၌ အထည်ချုပ်အဖွဲ့ နားသောအခါ အေဒါသည် သင်အံမှုပြုစဉ် မီးဖိုချောင်၌ ထိုင်နေတတ်သည်။ သို့နှင့် သူသည် ကျမ်းစာဆွေးနွေးမှုများကို စူးစမ်းလိုစိတ်ကြောင့် သင်အံမှုပြုစဉ် သင်သားအနေနှင့်မဟုတ်ဘဲ ထိုင်၍ရမရမေးမြန်းခဲ့သည်။ သို့ရာတွင် မကြာမီ သင်အံမှုတွင် သူအပြည့်အဝပါဝင်ခဲ့သည်။

နောက်ပိုင်းတွင် သူတို့အိမ်၌ အင်္ဂလိပ် ကင်းမျှော်စင်သင်တန်းကို ပုံမှန်ကျင်းပခဲ့သည်။ သာသနာပြုအိမ်၌ကျင်းပသော အစည်းအဝေးများကို စတင်တက်ရောက်ကြသည်။ “သာသနာပြုတွေနေတဲ့ ထပ်ခိုးက အခန်းကျဉ်းလေးမှာ အစည်းအဝေးတွေကျင်းပခဲ့တာ မှတ်မိသေးတယ်။ ထိုင်ခုံ ၁၂ လုံးအတွက်ပဲ နေရာရှိပေမဲ့ တစ်ခါတလေ ပုံမှန်ထက်လူများတဲ့အခါ ကပ်လျက်အခန်းကျဉ်းကိုသုံးဖို့ တံခါးကို ဖွင့်လိုက်တယ်။ အခုနဲ့တော့ ကွာမှကွာပဲ—⁠အခုဆိုရင် ရက်ယာဗစ်မြို့က နိုင်ငံတော်ခန်းမကို အသင်းတော်သုံးခုက အသုံးပြုနေကြပြီး သုံးခုစလုံး လူအပြည့်ပဲ!” ဟုဖရီသရိခ်ပြောပြသည်။

ဖရီသရိခ်နှင့် အေဒါတို့သည် ဧည့်ဝတ်ကျေပွန်မှုကြောင့် လူသိများသည်။ ကလေးခြောက်ယောက်ကို ကျွေးမွေးရသော်ငြား ညီအစ်ကိုများအတွက် သူတို့အိမ်တံခါးကို အမြဲဖွင့်ထားသည်။ အသင်းတော်၏ အစောပိုင်းနှစ်များအတွင်း တိုင်းတစ်ပါးမှ အိုက်စလန်သို့ရောက်လာသူများသည် ကိုယ်ပိုင်အိမ်ရှာမတွေ့မချင်း ဖရီသရိခ်နှင့် အေဒါတို့အိမ်တွင် စိတ်ကြိုက်နေထိုင်ခွင့်ရခဲ့ကြသည်။

[စာမျက်နှာ ၂၃၂ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အိုက်စလန်စကားဖြင့် သမ္မာကျမ်းစာ

အိုက်စလန်စကားဖြင့် အစောဆုံး ကျမ်းစာဘာသာပြန်ဆိုမှုကို စတယော့ ဟုခေါ်သည့် ၁၄ ရာစုစာပေတွင် တွေ့ရသည်၊ ယင်းတွင် ဟေဗြဲကျမ်းစောင်၏အပိုင်းများကို ဘာသာပြန်ခြင်းနှင့် စကားပြေပြန်ခြင်းပါရှိသည်။ အိုက်စလန်စကားဖြင့် ပထမဆုံး လုံးချင်း “ဓမ္မသစ်ကျမ်း” ကို ၁၅၄၀ ပြည့်နှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဟိုလာဂိုဏ်းအုပ်၏သား အော်ဒါ ဂေါ့စကားလ်စောသည် ဘာသာပြန်သူဖြစ်သည်။ သူသည် နော်ဝေးတွင် မူသစ်ပြုပြင်ယုံကြည်ခြင်းကို လက်ခံခဲ့ပြီး ဂျာမနီတွင် မာတင် လူသာနှင့် အဆက်အသွယ်ရခဲ့သည်။ သမိုင်းအရ အော်ဒါအိုက်စလန်သို့ပြန်ရောက်ပြီးနောက် နွားတင်းကုပ်တစ်ခု၌ ဘာသာပြန်အလုပ်ကို အလွန်ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့သည်၊ သူ၏ကက်သလစ်အလုပ်ရှင် စကားလ်ဟော့ဂိုဏ်းအုပ်ကို အနှောင့်အယှက် မပေးလိုသောကြောင့်ဖြစ်သည်။ အော်ဒါသည် ကျမ်းစာကို လက်တင် ဗားလ်ဂိတ်မှ ဘာသာပြန်ဆိုပြီး ပုံနှိပ်ရန်အတွက် လက်ရေးစာမူများကို ဒိန်းမတ်သို့ ကိုယ်တိုင်ယူသွားသည်။ ၁၅၈၄ ခုနှစ်တွင် ဂိုဏ်းအုပ် ဗက်သ်ဘရန်ဒါ သောလာခ်စောသည် အိုက်စလန်စကားဖြင့် ပထမဆုံး လုံးချင်းကျမ်းစာကိုပုံနှိပ်ရန် အမိန့်ထုတ်ခဲ့သည်။ မူရင်း ဟေဗြဲနှင့် ဂရိကျမ်းမှ ပထမဆုံးသော လုံးချင်းကျမ်းစာဘာသာပြန်ဆိုချက်ကို ၁၉၀၈ ခုနှစ်တွင်ပုံနှိပ်ခဲ့ပြီး ၁၉၁၂ ခုနှစ်တွင် ပြင်ဆင်တည်းဖြတ်၍ ထုတ်ဝေခဲ့သည်။

[ရုပ်ပုံ]

အိုက်စလန်စကားဖြင့် ပထမဆုံးသော လုံးချင်းကျမ်းစာ “ဗက်သ်ဘရန်စဘစ်ဘလီယာ”

[စာမျက်နှာ ၂၁၆၊ ၂၁၇ ပါ ဇယား]

အိုက်စလန်—သက္ကရာဇ်စဉ်ဇယား

၁၉၂၉– နိုင်ငံ၏ ပထမဆုံးကြေညာသူဖြစ်သော ဂျော့ဂျ် အက်ဖ်. လင်ဒါလ် ရောက်ရှိလာသည်။

၁၉၄၀

၁၉၄၇– ပထမဆုံးဂိလဒ်သာသနာပြုများ ရောက်ရှိလာသည်။

၁၉၅၀– အသင်းတော်ငယ်လေး ဖွဲ့စည်းတည်ထောင်သည်။

၁၉၆၀

၁၉၆၀– အိုက်စလန်ဘာသာစကားဖြင့် ပထမဆုံးကင်းမျှော်စင် ထုတ်ဝေသည်။

၁၉၆၂– ရက်ယာဗစ်မြို့တွင် ဌာနခွဲရုံး တည်ထောင်သည်။

၁၉၇၅– တိုးချဲ့ဌာနခွဲရုံးသစ် လက်စသတ်ပြီး အပ်နှံသည်။

၁၉၈၀

၁၉၉၂– ဆေးရုံဆက်သွယ်ရေးကော်မတီ ဖွဲ့စည်းသည်။

၁၉၉၅– ဇွန်လအတွင်း နိုင်ငံတော်ခန်းမနှစ်လုံးကို လေးရက်တည်းနှင့် ဆောက်လုပ်ကြသည်။

၂၀၀၀

၂၀၀၄– ၂၈၄ ဦးသောကြေညာသူများသည် အိုက်စလန်တွင် တက်ကြွစွာအမှုဆောင်လျက်ရှိသည်။

(စာစောင်တွင်ကြည့်ပါ)

ကြေညာသူစုစုပေါင်း

ရှေ့ဆောင်စုစုပေါင်း

၃၀၀

၂၀၀

၁၀၀

၁၉၄၀ ၁၉၆၀ ၁၉၈၀ ၂၀၀၀

[စာမျက်နှာ ၂၀၉ ပါ မြေပုံ]

(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

အိုက်စလန်

ဟူးစာဗစ်

ဟော်လာ

အာခ်အရေရီ

စသစ်ဖယူသာ

နက်စကူးစကာသာ

အက်စကီဖယော်သာ

စတိခ်ရီဟိုလ်မာ

ဘော့ဂါးနက်

ဟောဘ်

ရက်ယာဗစ်

စကာလ်ဟော့လ်တ်

ကရက်ဗလာဗစ်

စဲလ်ဖော့စ်

[စာမျက်နှာ ၂၀၂ ပါ ရုပ်ပုံအပြည့်အစုံ]

[စာမျက်နှာ ၂၀၇ ပါ ရုပ်ပုံ]

ညာဘက်– ၁၉၄၇ ခုနှစ်က ဂျော့ဂျ် အက်ဖ်. လင်ဒါလ်

[စာမျက်နှာ ၂၀၇ ပါ ရုပ်ပုံ]

အောက်ဘက်– ၁၉၃၀ ပြည့်လွန်နှစ်များအစောပိုင်းက အိုက်စလန်မြင်းပုလေးနှင့်အတူ ညီအစ်ကို လင်ဒါလ်

[စာမျက်နှာ ၂၁၂ ပါ ရုပ်ပုံ]

အိုက်စလန်မှ ရှေးဦးသာသနာပြုအချို့ ဘယ်မှညာသို့– အင်းဗားဒ် ယန်စန်၊ အော်လဗာ မက်ဒေါ်နယ်နှင့် လီအို လော်စန်

[စာမျက်နှာ ၂၂၀ ပါ ရုပ်ပုံ]

ဤအဆောက်အအုံကို ၁၉၆၂ ခုနှစ်မှ ၁၉၆၈ ခုနှစ်ထိ ဌာနခွဲရုံးအဖြစ်အသုံးပြုခဲ့ကြ

[စာမျက်နှာ ၂၂၇ ပါ ရုပ်ပုံ]

၁၉၆၉ ခုနှစ်၊ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့၌ကျင်းပသည့် “မြေကြီးပေါ် ငြိမ်သက်ခြင်း” အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကို အိုက်စလန် မှ ကြေညာသူတစ်ရာကျော် တက်ရောက်ခဲ့ကြ

[စာမျက်နှာ ၂၃၅ ပါ ရုပ်ပုံ]

အာခ်အရေရီမြို့၌ အီရစ် နှင့် ချဲလ် ဂျီးလ်နာ့ဒ်၊ ၁၉၉၃ ဇန်နဝါရီ

[စာမျက်နှာ ၂၃၈ ပါ ရုပ်ပုံ]

ညာဘက်– “ဆဗာလ်ဘာကာ” သင်္ဘော

[စာမျက်နှာ ၂၃၈ ပါ ရုပ်ပုံ]

အောက်– ဖရီသရိခ်နှင့် ချဲလ်

[စာမျက်နှာ ၂၄၁ ပါ ရုပ်ပုံ]

ညာဘက်– အော့ဒ်နီ ဟဲလ်ဂါဒိုတာ

[စာမျက်နှာ ၂၄၁ ပါ ရုပ်ပုံ]

အောက်– ဗက်သ်ရု အိုလက်ဖ်ဒိုတာ

[စာမျက်နှာ ၂၄၃ ပါ ရုပ်ပုံ]

ညာဘက်– အာခ်အရေရီရှိ နိုင်ငံတော်ခန်းမနှင့် သာသနာပြုအိမ်

[စာမျက်နှာ ၂၄၃ ပါ ရုပ်ပုံ]

အောက်– ဌာနခွဲရှေ့တွင် ဘယော့နီ ယွန်စော

[စာမျက်နှာ ၂၄၉ ပါ ရုပ်ပုံ]

အထက်– ၁၉၉၅ ခုနှစ်၊ စဲလ်ဖော့စ်တွင် နိုင်ငံတော်ခန်းမဆောက်လုပ်ခြင်း

[စာမျက်နှာ ၂၄၉ ပါ ရုပ်ပုံ]

ညာဘက်– ပြီးစီးသွားသည့် အဆောက်အအုံ

[စာမျက်နှာ ၂၅၃ ပါ ရုပ်ပုံ]

အိုက်စလန် ဗေသလမိသားစု

[စာမျက်နှာ ၂၅၄ ပါ ရုပ်ပုံ]

ဌာနခွဲကော်မတီ၊ ဘယ်ဘက်မှ ညာဘက်သို့– ဘယော့နီ ယွန်စော၊ ဗက်သ်မန်ဒါ အိပ်ချ်. ဗက်သ်မန်ဒဆန်၊ ပေါလ် အိပ်ချ်. ပီဒါဆင်နှင့် ဘာ့သ်အိုရ် အဲန်. ဘာ့သ်အိုဆင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ