ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၅ စာ. ၃-၇
  • သဘာဝဘေး ကျရောက်တဲ့အခါ—အသက်ချမ်းသာရာ ရနိုင်တဲ့နည်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သဘာဝဘေး ကျရောက်တဲ့အခါ—အသက်ချမ်းသာရာ ရနိုင်တဲ့နည်းများ
  • နိုးလော့!—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မတိုင်ခင်​—ကြိုတင်ပြင်ဆင်ပါ
  • အတောအတွင်း​—ချက်ချင်း လုပ်ဆောင်ပါ
  • ပြီးတဲ့နောက်​—ဘေးကင်းအောင် နေထိုင်ပါ
  • ဘုရားသခင်ကြောင့်လော
    နိုးလော့!—၂၀၀၇
  • သဘာဝဘေးဒဏ်အတွက်ကြိုတင်ပြင်ဆင်ပြီးပြီလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ကြိုတင်ပြင်ဆင်ထားသလား
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • သဘာဝကပ်ဘေးတွေကို ရင်ဆိုင်ဖြေရှင်းနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၅ စာ. ၃-၇
မီးငြိမ်းနေတဲ့ မီးသတ်သမားတွေ

မျက်နှာဖုံးအကြောင်းအရာ

သဘာဝဘေး ကျရောက်တဲ့အခါ​—အသက်ချမ်းသာရာ ရနိုင်တဲ့နည်းများ

“ကျယ်လောင်တဲ့ ပေါက်ကွဲသံကြောင့် ကျွန်တော် ကြမ်းပြင်ပေါ် ပစ်လဲသွားတယ်။ လေဝင်လေထွက်ပေါက်ကနေ မီးခိုးတွေ ဝင်လာပြီး အထပ်အမြင့်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ရုံးခန်း မီးလောင်တော့တယ်။” —ဂျော်ရှဝါ။

ငလျင် . . . မုန်တိုင်း . . . အကြမ်းဖက်တိုက်ခိုက်မှု . . . ကျောင်းတွင်း ပစ်ခတ်မှု။ အဲဒီစကားလုံးတွေကို သတင်းခေါင်းစဉ်တွေမှာ တွေ့ရလေ့ရှိတယ်။ တကယ်တော့ သဘာဝဘေးအကြောင်း ဖတ်ရတာနဲ့ ကြုံရတာဟာ မတူဘူး၊ တစ်ကဏ္ဍစီပဲ။ အသက်ရှင်လွတ်မြောက်နိုင်ဖို့ သဘာဝဘေး မတိုင်ခင်၊ အတောအတွင်း၊ ပြီးတဲ့နောက် ဘာလုပ်နိုင်သလဲ။

မတိုင်ခင်​—ကြိုတင်ပြင်ဆင်ပါ

သဘာဝဘေးနဲ့လွတ်ကင်းနိုင်သူ တစ်ယောက်မှ မရှိဘူး။ အသက်ရှင်လွတ်မြောက်ဖို့ ကြိုတင်ပြင်ဆင်မှု မရှိမဖြစ် လိုအပ်တယ်။ ဘာတွေ ကြိုတင်ပြင်ဆင်နိုင်သလဲ။

  • စိတ်ပိုင်းအရ ပြင်ဆင်ပါ။ သဘာဝဘေးတွေ ဖြစ်တတ်တယ်၊ သင်ကော သင်ချစ်ရသူတွေပါ ကြုံရနိုင်တယ်ဆိုတာ သိထားပါ။ သဘာဝဘေး ကြုံရပြီးနောက်မှ ကြိုတင်ပြင်ဆင်ရင်တော့ အခါနှောင်းသွားပြီ။

  • သင့်ဒေသမှာ ဖြစ်နိုင်တဲ့ သဘာဝဘေးတွေအကြောင်း လေ့လာထားပါ။ ခိုလှုံနိုင်တဲ့ ကယ်ဆယ်ရေးစခန်း ဘယ်မှာရှိမှန်း လေ့လာထားပါ။ သင့်နေအိမ် တည်ဆောက်ပုံနဲ့ တည်နေရာ ကြံ့ခိုင်မှုရှိမရှိ စစ်ဆေးပါ။ မီးလောင်လွယ်တဲ့ပစ္စည်းတွေကို ဖယ်ရှားပါ။ မီးခိုးအာရုံခံကိရိယာတွေ တပ်ဆင်ပြီး မကြာမကြာ ဘက်ထရီ လဲပေးပါ၊ အနည်းဆုံး တစ်နှစ်တစ်ခါ လဲပေးပါ။

  • အရေးပေါ်သုံးပစ္စည်းတွေ ကြိုတင်စုဆောင်းထားပါ။ လျှပ်စစ်၊ ရေ၊ ဖုန်းလိုင်းနဲ့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားနိုင်တယ်။ ကားရှိမယ်ဆိုရင် ဆီတိုင်ကီထဲမှာ အနည်းဆုံး တစ်ဝက် ဖြည့်ထားပါ။ သင့်အိမ်မှာ အရေးပေါ်သုံးပစ္စည်းတွေ ထည့်ထားတဲ့အိတ်နဲ့ အစာရေစာကို အသင့်ဆောင်ထားပါ။—“လိုအပ်ရာတွေ အသင့်ရှိနေပြီလား” လေးထောင့်ကွက်ကို ကြည့်ပါ။

    အရေးပေါ်သုံး ပစ္စည်းတွေ ကြိုတင်စုဆောင်းနေတဲ့ မိသားစု

    အသက်ရှင်လွတ်မြောက်ဖို့ ကြိုတင်ပြင်ဆင်မှု မရှိမဖြစ် လိုတယ်

  • ဖုန်းနံပါတ်တွေ စုထားပါ။ ရပ်နီးရပ်ဝေးက မိတ်ဆွေတွေရဲ့ ဖုန်းနံပါတ်ကို စုထားပါ။

  • ထွက်ပြေးမယ့်လမ်းကြောင်းကို သတ်မှတ်ပြီး အစမ်းလေ့ကျင့်ပါ။ သင့်အဆောက်အအုံမှာရှိတဲ့ အနီးဆုံး ထွက်ပေါက်ကို သိထားပါ။ သင့်ကလေးတွေရဲ့ ကျောင်းမှာ အရေးပေါ်အတွက် ပြင်ဆင်ထားတဲ့ အစီအစဉ်ကိုလည်း သိထားပါ။ မိသားစုဆုံရပ်ကို အနီးမှာ တစ်ခု၊ တခြားရပ်ကွက်မှာ တစ်ခု ကြိုတင်သတ်မှတ်ထားပါ။ ကျောင်း ဒါမှမဟုတ် စာကြည့်တိုက် ဖြစ်နိုင်တယ်။ အဲဒီဆုံရပ်တွေကို သွားတတ်အောင် မိသားစုလိုက် ကြိုလေ့ကျင့်ထားဖို့ အာဏာပိုင်တွေ အကြံပေးတယ်။

  • သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေအပါအဝင် တခြားသူတွေကို ကူညီပေးဖို့ စီစဉ်ထားပါ။

အတောအတွင်း​—ချက်ချင်း လုပ်ဆောင်ပါ

“မီးလောင်တဲ့အခါ အများစုက ထိတ်ထိတ်ပျာပျာ မဖြစ်ဘဲ နှေးတုံ့နှေးတုံ့ လုပ်နေကြတယ်။ ကွန်ပျူတာ ပိတ်တဲ့သူနဲ့၊ ရေဖြည့်တဲ့သူနဲ့။ တစ်ယောက်ကဆို ‘စောင့်ကြည့်လိုက်ပါဦး’ လို့တောင် ပြောတယ်” ဆိုပြီး အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဂျော်ရှဝါ ပြောတယ်။ လူတွေ နှေးတုံ့နှေးတုံ့ ဖြစ်နေကြပေမဲ့ ဂျော်ရှဝါက “အခုချက်ချင်း ပြေးမှဖြစ်မယ်” လို့ အော်ပြောတယ်။ ဒါနဲ့ အလုပ်ဖော်တွေလည်း သူနဲ့အတူ အောက်ထပ်ကို ပြေးဆင်းကြတယ်။ “ခလုတ်တိုက်လဲတဲ့သူကို ထူပေးပြီး ဆက်ပြေးကြ။ တို့အားလုံး လွတ်ကိုလွတ်ရမယ်” လို့ သူအော်ပြောတယ်။

  • မီးလောင်တဲ့အခါ။ ကြမ်းပြင်နဲ့ ခပ်နီးနီး နေပြီး အနီးဆုံးထွက်ပေါက်ဆီ အမြန်ဆုံး သွားပါ။ မီးခိုးကြောင့် ဘာမှမမြင်ရတော့ဘဲ မီးခိုးမွှန်ပြီး သေနိုင်တယ်။ ပစ္စည်းတွေကို ပြန်ယူဖို့ မကြိုးစားပါနဲ့။ လုံးဝ အချိန်မဆွဲပါနဲ့။ စက္ကန့်ပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်သလို အသက်ရှင်လွတ်မြောက်နိုင်လို့ပဲ။

  • ငလျင်လှုပ်တဲ့အခါ။ ခိုင်ခံ့တဲ့ ပရိဘောဂအောက် ဝင်နေပါ ဒါမှမဟုတ် အိမ်ရဲ့ အတွင်းနံရံထောင့်နားမှာ နေပါ။ နောက်ဆက်တွဲငလျင်တွေ လှုပ်နိုင်လို့ အိမ်ပြင်ထွက်ပြီး အိမ်နဲ့ဝေးရာကို အမြန်ဆုံး ပြေးပါ။ ကယ်ဆယ်ရေးအဖွဲ့တွေ ကြန့်ကြာနိုင်တဲ့အတွက် တခြားသူတွေကို တတ်နိုင်သမျှ ကူညီပါ။

  • ဆူနာမီဖြစ်တဲ့အခါ။ ကမ်းခြေကနေ လှိုင်းလုံးကြီးတွေ ရုတ်တရက် တက်လာရင် ကုန်းမြင့်ပိုင်းဆီ ချက်ချင်း ပြေးပါ။ လှိုင်းလုံးကြီးတွေ ဆက်တက်လာနိုင်လို့ပဲ။

  • လေဆင်နှာမောင်း ဒါမှမဟုတ် လေမုန်တိုင်း တိုက်တဲ့အခါ။ ကယ်ဆယ်ရေးစခန်းဆီ ချက်ချင်း ပြေးပါ။

  • ရေကြီးတဲ့အခါ။ ရေမြုပ်နေတဲ့ အဆောက်အအုံကနေ ထွက်သွားပါ။ ရေတောထဲ လျှောက်တာ၊ ကားမောင်းတာ မလုပ်ပါနဲ့။ ရေညစ်ပတ်ပြီး အမှိုက်သရိုက်၊ တွင်း၊ မြေအောက်မီးကြိုး စတဲ့ မမြင်နိုင်တဲ့အန္တရာယ်တွေ ရှိနိုင်လို့ပဲ။

  • သင်သိပါသလား။ နှစ်ပေလောက် နက်ပြီး အရှိန်နဲ့စီးနေတဲ့ ရေဟာ ကားတစ်စီးကို တိုက်ချသွားနိုင်တယ်။ အရှိန်နဲ့ ရေစီးနေချိန်မှာ ကားမောင်းဖို့ ကြိုးစားတဲ့သူတွေဟာ သေတာ များတယ်။

  • နေရာရွှေ့ပြောင်းဖို့ အာဏာပိုင်တွေ ပြောလာရင် ချက်ချင်း လိုက်နာပါ။ သင့်ကို သက်စွန့်ဆံဖျား လိုက်ရှာတာမျိုး မဖြစ်အောင် သင် ဘယ်မှာရှိနေမှန်း မိတ်ဆွေတွေကို အသိပေးထားပါ။

    ရေဒီယိုနားထောင်နေတဲ့ မိသားစု

    နေရာရွှေ့ပြောင်းဖို့ အာဏာပိုင်တွေ ပြောလာရင် ချက်ချင်း လိုက်နာပါ

  • သင်သိပါသလား။ ဖုန်းဆက်တာထက် ဖုန်းနဲ့စာပို့တာ ပိုစိတ်ချရတယ်။

  • အိမ် ဒါမှမဟုတ် ကယ်ဆယ်ရေးစခန်းမှာပဲ နေဖို့ အာဏာပိုင်တွေ ပြောလာရင် လိုက်နာပါ။ ဓာတု၊ ဇီဝနဲ့ နျူကလီးယား ပေါက်ကွဲမှု ဒါမှမဟုတ် တိုက်ခိုက်မှု ဖြစ်ခဲ့ရင် အိမ်ထဲမှာပဲ နေပါ။ လေဝင်ပေါက်၊ တံခါး၊ ပြတင်းပေါက် အားလုံးကို ပိတ်ထားပါ။ နျူကလီးယားပေါက်ကွဲမှု ဖြစ်ခဲ့ရင် ဓာတ်ရောင်ခြည်သင့်မှု နည်းနိုင်သမျှ နည်းအောင် နေအိမ်ရဲ့အောက်ဆုံးထပ်ကို သွားပါ။ တီဗီသတင်း၊ ရေဒီယိုသတင်း နားထောင်ပါ။ အန္တရာယ်ကင်းပြီလို့ အာဏာပိုင်တွေ ကြေညာချိန်အထိ အိမ်ထဲမှာပဲ နေပါ။

ပြီးတဲ့နောက်​—ဘေးကင်းအောင် နေထိုင်ပါ

ရောဂါနဲ့ အန္တရာယ်ကို ရှောင်နိုင်ဖို့ အောက်ပါအကြံပြုချက်တွေကို လိုက်နာပါ။

  • ကယ်ဆယ်ရေးစခန်းမှာ နေမယ့်အစား ဖြစ်နိုင်ရင် အသိမိတ်ဆွေတွေနဲ့ နေပါ။

  • ကိုယ့်နေရာကို သန့်သန့်ရှင်းရှင်း ထားပါ။

  • အမှိုက်ရှင်းတဲ့အခါ အကာအကွယ်ပစ္စည်းတွေ သုံးပါ။ ဖြစ်နိုင်ရင် လက်အိတ်၊ အကြမ်းခံ ဖိနပ်၊ လုပ်ငန်းခွင်သုံး ဦးထုပ်၊ နှာခေါင်းစည်းတွေကို သုံးပါ။ လျှပ်စစ်ကြိုးတွေ၊ မီးကြွင်းမီးကျန်တွေကို သတိထားပါ။

  • ဖြစ်နိုင်ရင် ပုံမှန်လုပ်နေကျအလုပ်တွေကို ဆက်လုပ်သွားပါ။ သားသမီးတွေရှေ့မှာ စိတ်ချောက်ချားနေတာ၊ မျှော်လင့်ချက်မဲ့နေတာမျိုး မဖြစ်ပါစေနဲ့။ အိမ်စာ ကူလုပ်ပေးပါ၊ အတူ ကစားပါ၊ မိသားစုလိုက် ဝတ်ပြုပါ။ အနိဋ္ဌာရုံသတင်းတွေကိုပဲ အာရုံမစိုက်ပါနဲ့။ သင့်ရဲ့ သောကနဲ့ ဒေါသတွေကို မိသားစုဝင်တွေအပေါ် မပုံချလိုက်ပါနဲ့။ အကူအညီကို လက်ခံပါ၊ သူတစ်ပါးကိုလည်း ကူညီပေးပါ။

    သဘာဝဘေးပြီးနောက် ပုံမှန်လုပ်နေကျအလုပ်တွေကို ဆက်လုပ်နေတဲ့ မိသားစု

    သဘာဝဘေးပြီးတဲ့နောက် ဖြစ်နိုင်ရင် ပုံမှန်လုပ်နေကျအလုပ်တွေကို ဆက်လုပ်သွားပါ

  • သဘာဝဘေးကြောင့် ဆုံးရှုံးမှု အများကြီးရှိနိုင်တယ်ဆိုတာ သိထားပါ။ အစိုးရနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အဓိကတာဝန်ဟာ အသက်ကယ်ဖို့ပဲ။ ဆုံးရှုံးသမျှ ပြန်ရအောင် လုပ်ပေးဖို့ မဟုတ်ဘူး။ ဆက်အသက်ရှင်ဖို့ လိုအပ်တာက သန့်ရှင်းတဲ့ အစာရေစာ၊ အဝတ်အစား၊ နေစရာတွေပါပဲ။—၁ တိမောသေ ၆:၇၊ ၈။

  • စိတ်ဒဏ်ရာရနိုင်တယ်ဆိုတာ သိမှတ်ပြီး အကူအညီ ရယူပါ။ သဘာဝဘေးကြောင့် ထိတ်လန့်သွားပြီး နောက်ပိုင်းကျမှ စိတ်ဒဏ်ရာ ပေါ်လာလေ့ရှိတယ်။ လက္ခဏာတွေကတော့ စိုးရိမ်တာ၊ စိတ်ကျတာ၊ စိတ်အပြောင်းအလဲမြန်တာ၊ မစဉ်းစားနိုင်၊ အလုပ်မလုပ်နိုင်၊ မအိပ်နိုင်တာတွေပဲ။ ကူညီတတ်တဲ့ မိတ်ဆွေတွေဆီ ရင်ဖွင့်ပါ။

အလုပ်ခွင် မီးလောင်တဲ့အခါ ဂျော်ရှဝါ လွတ်မြောက်သွားပေမဲ့ အလုပ်ဖော်အများစုကတော့ မီးထဲပါသွားတယ်။ ခရစ်ယာန်အကြီးအကဲတွေနဲ့ စိတ်ကျန်းမာရေးပညာရှင်တွေရဲ့ အကူအညီကို သူလက်ခံခဲ့တယ်။ “ကျွန်တော် ခုလို စိတ်ထိခိုက်နေတာဟာ သဘာဝပါပဲ၊ မကြာခင် ကောင်းသွားမှာပါဆိုပြီး သူတို့ အားပေးတယ်။ ခြောက်လကြာပြီးနောက် အိပ်မက်ဆိုးတွေ သိပ်မမက်တော့ဘူး။ တခြားလက္ခဏာတွေကတော့ ရှိနေတုန်းပါပဲ” လို့ သူပြောတယ်။

သဘာဝဘေးတွေဟာ ကျွန်တော်တို့ရဲ့ တရားမျှတမှုလိုလားစိတ်ကို လာထိခိုက်တယ်။ ဒါကြောင့် တချို့က ဘုရားကို အပြစ်တင်တယ်။ ဂျော်ရှဝါလိုပဲ လူအများစုဟာ အပြစ်မကင်းဘူးလို့ ခံစားရကြတယ်။ “တခြားသူတွေကို ကယ်နိုင်ခဲ့ရင် ကောင်းမှာပဲလို့ တွေးနေမိတယ်။ ဘုရားသခင်က တစ်ကမ္ဘာလုံးမှာ တရားမျှတမှု ရှိလာအောင် လုပ်ပေးတော့မယ်၊ မတော်မတရားမှုတွေကို ပြုပြင်တည့်မတ်ပေးတော့မယ်ဆိုတာ ကျွန်တော် ယုံတဲ့အတွက် နှစ်သိမ့်မှုရခဲ့တယ်။ ဒီအတောအတွင်း အသက်ရှင်ခွင့် ရလို့ ကျေးဇူးတင်တယ်၊ အသက်ဆက်ရှင်နိုင်အောင် တတ်နိုင်သရွေ့ ကြိုးစားမယ်” လို့ ဂျော်ရှဝါ ပြောတယ်။—ဗျာဒိတ် ၂၁:၄၊ ၅။a

a အနာဂတ်နဲ့ပတ်သက်တဲ့ ဘုရားရဲ့ကတိအကြောင်း၊ ဆိုးသွမ်းမှုတွေကို ဘုရား ဘာကြောင့် ခွင့်ပြုထားတဲ့အကြောင်း ပိုသိချင်ရင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်မှာ ကြည့်ပါ။ www.pr418.com/mya မှာလည်း ကြည့်ပါ။

လိုအပ်ရာတွေ အသင့်ရှိနေပြီလား

အရေးပေါ်သုံး ပစ္စည်းတွေ

သဘာဝဘေးစီမံခန့်ခွဲမှု အဖွဲ့အစည်းတွေက အရေးပေါ်သုံးပစ္စည်းတွေ စုဆောင်းထားဖို့၊ နှစ်စဉ် လိုအပ်သလို ထပ်ဖြည့်ဖို့ တိုက်တွန်းတယ်။ ကိုယ့်ဒေသနဲ့ အခြေအနေပေါ် မူတည်ပြီး လိုအပ်ရာအမျိုးမျိုး ရှိနိုင်တယ်။ ဒါကြောင့် ကိုယ့်ဒေသနဲ့ကိုက်ညီတာတွေကို သိနိုင်ဖို့ ကိုယ့်ဒေသရဲ့ သဘာဝဘေးစီမံခန့်ခွဲမှု အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပါ။

လူတစ်ယောက်အတွက် အနည်းဆုံး ရေသုံးဂါလံ၊ အသင့်စားသုံးနိုင်တဲ့ ကြာရှည်ခံ အစားအစာ သုံးရက်စာ ဆောင်ထားသင့်တယ်။

မိသားစုတချို့က “အရေးပေါ်အိတ်” ဆောင်ထားကြတယ်။ အဲဒီအိတ်ထဲမှာ ပါဝင်တာတွေကတော့–b

  • စောင်၊ အနွေးထည်၊ အကြမ်းခံ ဖိနပ်များ

  • ဓာတ်မီး၊ ဓာတ်ခဲထည့်ထားတဲ့ ရေဒီယို ဒါမှမဟုတ် လက်လှည့်ရေဒီယို၊ ဓာတ်ခဲအပိုများ

  • ရှေးဦးသူနာပြုအိတ်၊ အချက်ပြဝီစီ

  • ပန်းကန်ခွက်ယောက်၊ ပုလင်းဖောက်တံ၊ အိတ်ဆောင် ကိရိယာအစုံ၊ ရေစိုခံ မီးခြစ်

  • နှာခေါင်းစည်း၊ ရေစိုခံတိပ်၊ မိုးကာ

  • သွားတိုက်တံ၊ ဆပ်ပြာ၊ တဘက်၊ အိမ်သာသုံးစက္ကူ

  • ကလေးအသုံးအဆောင်၊ အသက်ကြီးသူနဲ့ မသန်စွမ်းသူတွေအတွက် အသုံးအဆောင်များ

  • လိုအပ်တဲ့ ဆေး၊ ဆေးညွှန်း၊ အရေးကြီးစာရွက်စာတမ်း ထည့်ထားတဲ့ ရေလုံတဲ့ဗူး။

  • အရေးပေါ် ဆက်သွယ်ရမယ့်သူတွေရဲ့ စာရင်း၊ ဆုံရပ်၊ ရပ်ကွက်မြေပုံ

  • ငွေထုတ်ကတ်နဲ့ ငွေသား

  • အိမ်သော့၊ ကားသော့ အပိုများ

  • ကလေးတွေရဲ့ စာရွက်၊ ခဲတံ၊ စာအုပ်၊ ကစားစရာများ

  • ကျမ်းစာ

b အဲဒီပစ္စည်းတွေဟာ သင့်ဒေသအတွက် ကိုက်ညီချင်မှ ကိုက်ညီမယ်။ ဒီစာရင်းမှာမပါတဲ့ ပစ္စည်းတွေကိုလည်း ထည့်ထားနိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ