လေ့လာရန် ဆောင်းပါး ၂၄
ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိ
“အို ယေဟောဝါ၊ ကိုယ်တော်ဟာ ကောင်းမြတ်တယ်၊ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်။ ဆုတောင်းသူ အားလုံးအပေါ် ခိုင်မြဲတဲ့ မေတ္တာတော် ကြီးမားလှပါတယ်။”—ဆာ. ၈၆:၅။
သီချင်း ၄၂ ဘုရားသခင့် ကျေးကျွန်ရဲ့ ဆုတောင်းစကား
အကြိုသုံးသပ်ချက်a
၁။ ဒေသနာ ၇:၂၀ မှာ ဘယ်အမှန်တရားအကြောင်း ဘုရင် ရှောလမုန် ပြောသလဲ။
“ကောင်းတာတွေ အမြဲ လုပ်ပြီး အပြစ်မလုပ်ဖူးတဲ့ ဖြောင့်မတ်သူဆိုတာ ကမ္ဘာပေါ်မှာ မရှိဘူး” လို့ ဘုရင် ရှောလမုန် ပြောတယ်။ (ဒေ. ၇:၂၀) သိပ်မှန်ပါတယ်။ ကျွန်တော်တို့အားလုံး အပြစ်သားတွေ ဖြစ်တယ်။ (၁ ယော. ၁:၈) ဒါကြောင့် ဘုရားဆီကရော အချင်းချင်းဆီကပါ ခွင့်လွှတ်မှု လိုအပ်တယ်။
၂။ မိတ်ဆွေတစ်ယောက် ခွင့်လွှတ်လိုက်တဲ့အခါ ဘယ်လို ခံစားရသလဲ။
၂ မိတ်ဆွေတစ်ယောက်ကို စိတ်ဆိုးအောင် လုပ်မိတဲ့ အချိန်ကို သင် မှတ်မိမှာပါ။ ပြဿနာ ပြေလည်ချင်လို့၊ သူနဲ့ ပြန်အဆင်ပြေချင်လို့ စိတ်ရင်းမှန်နဲ့ တောင်းပန်တယ်။ မိတ်ဆွေ လိုလိုလားလား ခွင့်လွှတ်လိုက်တဲ့အခါ သင် ဘယ်လို ခံစားရသလဲ။ သိပ်ကို စိတ်သက်သာပြီး ပျော်ရွှင်သွားမှာပဲ။
၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၃ ယေဟောဝါနဲ့ ကျွန်တော်တို့ မိတ်ဆွေ ဖြစ်ချင်ပေမဲ့ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ဘုရား စိတ်ထိခိုက်အောင် ပြောမိ၊ လုပ်မိကြတယ်။ ဒါပေမဲ့ ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိကြောင်း ဘာကြောင့် စိတ်ချနိုင်သလဲ။ ယေဟောဝါရဲ့ ခွင့်လွှတ်မှုဟာ ကျွန်တော်တို့ရဲ့ ခွင့်လွှတ်မှုနဲ့ ဘယ်လို ကွာခြားသလဲ။ ဘုရားခွင့်လွှတ်မှုကို ဘယ်သူတွေ ရနိုင်သလဲ။
ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိ
၄။ ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိကြောင်း ဘာကြောင့် စိတ်ချနိုင်သလဲ။
၄ ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်လို့ ကျမ်းစာမှာ ကတိပေးထားတယ်။ ‘ယေဟောဝါဟာ ကရုဏာရှိပြီး သနားစာနာတတ်တဲ့ဘုရား၊ ယေဟောဝါဟာ အမျက်ထွက်နှေးပြီး ခိုင်မြဲတဲ့ မေတ္တာနဲ့ သစ္စာတရား ကြီးမားတဲ့ဘုရား၊ လူထောင်ပေါင်းများစွာကို ခိုင်မြဲတဲ့ မေတ္တာပြတဲ့ဘုရား၊ အမှားတွေ၊ ကျူးလွန်မှုတွေ၊ အပြစ်တွေကို ခွင့်လွှတ်တဲ့ ဘုရားပဲ’ လို့ ဆိုင်းနိုင်းတောင်မှာ ကောင်းကင်တမန်ကတစ်ဆင့် မိမိအကြောင်း မောရှေကို ယေဟောဝါ ဖော်ပြတယ်။ (ထွ. ၃၄:၆၊ ၇) ယေဟောဝါဟာ တကယ်ပဲ ကြင်နာတယ်။ ကရုဏာ ရှိတယ်။ အပြစ်လုပ်သူတွေ နောင်တရတဲ့အခါ ခွင့်လွှတ်ဖို့ အမြဲ အသင့်ရှိတယ်။—နေ. ၉:၁၇။ ဆာ. ၈၆:၁၅။
ဘယ်လို ဘဝအခြေအနေတွေကြောင့် ကျွန်တော်တို့ အခုလို လူစားမျိုး ဖြစ်နေတယ်ဆိုတာ ယေဟောဝါ ကောင်းကောင်း သိတယ် (စာပိုဒ် ၅ ကို ကြည့်ပါ)
၅။ ဆာလံ ၁၀၃:၁၃၊ ၁၄ အရ လူတွေအကြောင်း ကောင်းကောင်း သိထားတာက ဘာလုပ်ဖို့ ဘုရားကို လှုံ့ဆော်ပေးသလဲ။
၅ ယေဟောဝါဟာ ဖန်ဆင်းရှင် ဖြစ်လို့ ကျွန်တော်တို့အကြောင်း ကောင်းကောင်း သိတယ်။ တစ်ယောက်စီအကြောင်း ခရေစေ့တွင်းကျ သိတယ်။ (ဆာ. ၁၃၉:၁၅-၁၇) ဒါကြောင့် မိဘတွေဆီက အမွေရထားတဲ့ မစုံလင်မှုအားလုံးကို နားလည်တယ်။ ဘယ်လို ဘဝအခြေအနေတွေကြောင့် ကျွန်တော်တို့ အခုလို လူစားမျိုး ဖြစ်နေတယ်ဆိုတာလည်း ကောင်းကောင်း သိတယ်။ အဲဒီလို သိထားတာက ဘာလုပ်ဖို့ ယေဟောဝါကို လှုံ့ဆော်ပေးသလဲ။ ကျွန်တော်တို့ကို ကရုဏာနဲ့ ဆက်ဆံဖို့ လှုံ့ဆော်ပေးတယ်။—ဆာ. ၇၈:၃၉။ ဆာလံ ၁၀၃:၁၃၊ ၁၄ ကို ဖတ်ပါ။
၆။ ခွင့်လွှတ်ချင်စိတ် ပြင်းပြကြောင်း ယေဟောဝါ ဘယ်လို သက်သေပြသလဲ။
၆ ခွင့်လွှတ်ချင်စိတ် ပြင်းပြတယ်ဆိုတာ ယေဟောဝါ သက်သေပြတယ်။ ပထမလူသား အာဒံကြောင့် အပြစ်နဲ့ သေခြင်း ကျိန်စာအောက် ကျွန်တော်တို့ ရောက်နေတယ်ဆိုတာ ဘုရား သိတယ်။ (ရော. ၅:၁၂) ကိုယ်တိုင်ဖြစ်စေ၊ တခြားတစ်ယောက်ကိုဖြစ်စေ အဲဒီကျိန်စာကနေ လွတ်အောင် ကျွန်တော်တို့ ဘယ်လိုမှ မလုပ်နိုင်ဘူး။ (ဆာ. ၄၉:၇-၉) ဒါပေမဲ့ မေတ္တာရှင် ဘုရားသခင်က သနားစာနာမှု ရှိတဲ့အတွက် လွတ်မြောက်ရာလမ်း ပြင်ဆင်ပေးတယ်။ ဘယ်လိုနည်းနဲ့လဲ။ ကျွန်တော်တို့အတွက် အသေခံဖို့ တစ်ဦးတည်းသော သားကို စေလွှတ်ပေးတယ်လို့ ယောဟန် ၃:၁၆ မှာ ဖော်ပြတယ်။ (မ. ၂၀:၂၈။ ရော. ၅:၁၉) မိမိကို ယုံကြည်သက်ဝင်သူ မှန်သမျှ လွတ်မြောက်စေဖို့ ယေရှု အသေခံခဲ့တယ်။ (ဟီ. ၂:၉) သားတော် ဝေဒနာ ပြင်းထန်စွာ ခံစားပြီး အရှက်တကွဲ သေဆုံးတာကို ယေဟောဝါ မြင်တဲ့အခါ ဘယ်လောက် စိတ်နာကျင်မယ်ဆိုတာ စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ကိုသာ ယေဟောဝါ ခွင့်မလွှတ်ချင်ရင် သားတော် သေဆုံးဖို့အထိ ခွင့်ပြုမှာ မဟုတ်ဘူး။
၇။ ယေဟောဝါ ခွင့်လွှတ်ခဲ့တဲ့ ကျမ်းစာပုံနမူနာတချို့အကြောင်း ပြောပြပါ။
၇ ကျမ်းစာမှာ ယေဟောဝါ ခွင့်လွှတ်ခဲ့သူတွေအကြောင်း ပုံနမူနာ အများကြီး ရှိတယ်။ (ဧ. ၄:၃၂) တစ်ယောက်ကတော့ ဘုရင် မနာရှေပါ။ မနာရှေဟာ ယေဟောဝါကို အကြီးအကျယ် ပြစ်မှားတယ်။ မှားယွင်းတဲ့ ဝတ်ပြုရေးမှာ ဦးဆောင်တယ်။ ကိုယ့်သားတွေကိုတောင် မှားယွင်းတဲ့ ဘုရားတွေအတွက် ပူဇော်တယ်။ ယေဟောဝါရဲ့ မြင့်မြတ်တဲ့ ဗိမာန်တော်ထဲ မှားယွင်းတဲ့ ဘုရားရုပ်တု ထားတဲ့အထိတောင် ပြစ်မှားခဲ့တယ်။ “ယေဟောဝါရှေ့မှာ မကောင်းတာတွေ အများကြီး လုပ်ပြီး အမျက်ထွက်စေတယ်” လို့ ကျမ်းစာ ပြောတယ်။ (၂ ရာ. ၃၃:၂-၇) ဒါပေမဲ့ စိတ်ရင်းမှန်နဲ့ နောင်တရတဲ့အခါ သူ့ကို ယေဟောဝါ အကြွင်းမဲ့ ခွင့်လွှတ်ပေးတယ်။ ဘုရင်အဖြစ်တောင် ပြန်နန်းထိုင်စေတယ်။ (၂ ရာ. ၃၃:၁၂၊ ၁၃) ဘုရင် ဒါဝိဒ်အကြောင်းလည်း စဉ်းစားကြည့်ပါ။ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ လူသတ်မှု အပါအဝင် ကြီးလေးတဲ့ အပြစ်တွေ ကျူးလွန်ခဲ့တယ်။ ဒါပေမဲ့ စိတ်ရင်းမှန်နဲ့ နောင်တရပြီး အပြစ် ဝန်ခံတဲ့အခါ ယေဟောဝါ ခွင့်လွှတ်ပေးတယ်။ (၂ ရှ. ၁၂:၉၊ ၁၀၊ ၁၃၊ ၁၄) မှန်ပါတယ်။ ယေဟောဝါ ခွင့်လွှတ်ချင်စိတ် ပြင်းပြတယ်ဆိုတာ ကျွန်တော်တို့ စိတ်ချနိုင်တယ်။ အခု၊ ဘုရားရဲ့ ခွင့်လွှတ်နိုင်စွမ်းနဲ့ လူသားတွေရဲ့ ခွင့်လွှတ်နိုင်စွမ်း သိပ်ကွာခြားတယ်ဆိုတာ သိရပါမယ်။
ယေဟောဝါရဲ့ ခွင့်လွှတ်နိုင်စွမ်း ထူးခြား
၈။ တရားသူကြီးအဖြစ် ယေဟောဝါရဲ့ အနေအထားဟာ ခွင့်လွှတ်နိုင်စွမ်းအပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။
၈ ယေဟောဝါဟာ “မြေတစ်ပြင်လုံးရဲ့ တရားသူကြီး” ဖြစ်တယ်။ (က. ၁၈:၂၅) တရားသူကြီးကောင်းတစ်ယောက်ဟာ ဥပဒေ ကျွမ်းကျင်ဖို့ လိုတယ်။ ယေဟောဝါဟာ တရားသူကြီး ဖြစ်ရုံသာမက ပညတ်ပြဋ္ဌာန်းရှင် ဖြစ်တဲ့အတွက် အဲဒီလို ကျွမ်းကျင်တယ်။ (ဟေရှာ. ၃၃:၂၂) ဘယ်ဟာ မှားတယ်၊ မှန်တယ်ဆိုတာ ယေဟောဝါလောက် ဘယ်သူမှ မသိဘူး။ တရားသူကြီးကောင်းမှာ ဘာလိုအပ်သေးသလဲ။ စီရင်ချက် မချခင် အမှုတစ်ခုမှာ ပါဝင်ပတ်သက်နေတဲ့ အချက်အလက်အားလုံးကို သိထားဖို့ လိုတယ်။ ဒါကြောင့် အချက်အလက်အားလုံးကို သိတဲ့ ယေဟောဝါဟာ အရည်အချင်း အပြည့်မီဆုံး တရားသူကြီးပါပဲ။
၉။ လူတစ်ယောက်ကို ခွင့်လွှတ်မလွှတ် ဆုံးဖြတ်ဖို့ ဘယ်အချက်အလက်တွေ ဘုရား သိထားသလဲ။
၉ လူသား တရားသူကြီးတွေနဲ့ မတူဘဲ ယေဟောဝါဟာ ဘယ်ကိစ္စမဆို အချက်အလက်အားလုံးကို အမြဲ သိတယ်။ (က. ၁၈:၂၀၊ ၂၁။ ဆာ. ၉၀:၈) လူတွေလို ကြားတာ၊ မြင်တာလောက်နဲ့ပဲ ဆုံးဖြတ်တာ မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ မျိုးရိုးဗီဇ၊ ကြီးပြင်းလာပုံ နောက်ခံ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ စိတ်ပိုင်း အခြေအနေတွေက သူ့လုပ်ရပ်အပေါ် ဘယ်လို ဩဇာသက်ရောက်ကြောင်း ဘုရား ကောင်းကောင်း နားလည်တယ်။ စိတ်နှလုံးထဲ ဘာရှိတယ်ဆိုတာလည်း သိတယ်။ လူတစ်ယောက်စီရဲ့ စိတ်ရင်း၊ ရည်ရွယ်ချက်၊ အလိုဆန္ဒတွေကို ကောင်းကောင်း သိတယ်။ ဘုရား မသိအောင် ဘာမှ ဖုံးကွယ်ထားလို့ မရဘူး။ (ဟီ. ၄:၁၃) ဒါကြောင့် လူတစ်ယောက်ကို ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ သူ့အခြေအနေကို ကောင်းကောင်း နားလည်လို့ ဖြစ်တယ်။
ယေဟောဝါဟာ တရားမျှတတယ်။ မျက်နှာ မလိုက်ဘူး။ ဘုရားကို လာဘ်ထိုးလို့ မရဘူး (စာပိုဒ် ၁၀ ကို ကြည့်ပါ)
၁၀။ ယေဟောဝါရဲ့ စီရင်ချက်တွေ အမြဲ တရားမျှတတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ (တရားဟောရာ ၃၂:၄)
၁၀ ယေဟောဝါရဲ့ စီရင်ချက်တွေဟာ အမြဲ တရားမျှတတယ်။ ဘုရား လုံးဝ မျက်နှာမလိုက်ဘူး။ ဘုရားခွင့်လွှတ်မှုဟာ လူတစ်ယောက်ရဲ့ ပုံပန်း၊ ကြွယ်ဝချမ်းသာမှု၊ ထင်ပေါ်ကျော်ကြားမှု၊ စွမ်းရည်တွေအပေါ် မမူတည်ဘူး။ (၁ ရှ. ၁၆:၇။ ယာ. ၂:၁-၄) ဘယ်သူမှ ယေဟောဝါကို ဖိအားပေးလို့၊ လာဘ်ထိုးလို့ မရဘူး။ (၂ ရာ. ၁၉:၇) ဘုရားရဲ့ ဆုံးဖြတ်ချက်တွေဟာ စိတ်ခံစားချက်ပေါ် မမူတည်ဘူး။ (ထွ. ၃၄:၇) ကျွန်တော်တို့အကြောင်း၊ ကျွန်တော်တို့ အခြေအနေအကြောင်း အတွင်းကျကျ သိတဲ့အတွက် အကောင်းဆုံး တရားသူကြီး ဖြစ်တာ သေချာတယ်။—တရားဟောရာ ၃၂:၄ ကို ဖတ်ပါ။
၁၁။ ယေဟောဝါရဲ့ ခွင့်လွှတ်မှုဟာ လူသားတွေရဲ့ ခွင့်လွှတ်မှုနဲ့ ဘယ်လို ကွာခြားသလဲ။
၁၁ ဟီဘရူးကျမ်းစောင်တွေကို ရေးသားသူတွေဟာ ယေဟောဝါရဲ့ ခွင့်လွှတ်မှု ထူးခြားကြောင်း အသိအမှတ်ပြုကြတယ်။ သူတို့ အသုံးပြုတဲ့ ဟီဘရူး စကားလုံးတစ်လုံးနဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ်မှာ ဒီလိုရေးတယ်– “ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ဖော်ပြဖို့ပဲ အဲဒီစကားလုံးကို ကျမ်းရေးသူတွေ သုံးကြတယ်။ လူသားတွေရဲ့ အကန့်အသတ် ရှိတဲ့ ခွင့်လွှတ်မှုအကြောင်း ဖော်ပြဖို့တော့ အဲဒီစကားလုံးကို ဘယ်တော့မှ မသုံးဘူး။” ယေဟောဝါတစ်ပါးတည်းသာ အပြစ်လုပ်သူတွေ နောင်တရတဲ့အခါ အကြွင်းမဲ့ ခွင့်လွှတ်နိုင်စွမ်း ရှိတယ်။ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကြောင့် ဘာရလဒ်တွေ ရသလဲ။
၁၂-၁၃။ (က) ယေဟောဝါ ခွင့်လွှတ်တဲ့အခါ လူတစ်ယောက် ဘာတွေ ခံစားရသလဲ။ (ခ) ယေဟောဝါရဲ့ ခွင့်လွှတ်မှုကနေ ရတဲ့ အကျိုးကျေးဇူးတွေ ဘယ်လောက် ကြာရှည်ခံသလဲ။
၁၂ ကျွန်တော်တို့ကို ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ လက်ခံမယ်ဆိုရင် စိတ်ငြိမ်သက်မှု၊ ကြည်လင်တဲ့ သိစိတ် အပါအဝင် “လန်းဆန်းစေတဲ့ အချိန်ကာလ” ကို ခံစားရမယ်။ အဲဒီလို ခွင့်လွှတ်မှုဟာ လူတွေဆီက မဟုတ်ဘဲ “ယေဟောဝါဘုရားဆီက” လာတာ။ (တ. ၃:၁၉) ယေဟောဝါ ခွင့်လွှတ်တဲ့အခါ တစ်ခါမှ အပြစ် မလုပ်ဖူးတဲ့ ပုံစံမျိုး ယူမှတ်ခံရမှာ ဖြစ်ပြီး ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ပြန်ရမယ်။
၁၃ ကျွန်တော်တို့ကို ယေဟောဝါ ခွင့်လွှတ်လိုက်ပြီဆိုတာနဲ့ အဲဒီအပြစ်ကို ဘယ်တော့မှ ပြန်အစမဖော်ဘူး။ အပြစ်မပေးဘူး။ (ဟေရှာ. ၄၃:၂၅။ ယေ. ၃၁:၃၄) “နေထွက်ရာအရပ်နဲ့ နေဝင်ရာအရပ် အလှမ်းဝေးသလို” အပြစ်တွေကို ကျွန်တော်တို့နဲ့ အလှမ်းဝေးစေတယ်။b (ဆာ. ၁၀၃:၁၂) ယေဟောဝါရဲ့ ခွင့်လွှတ်မှု ဘယ်လောက် ကြီးမားကြောင်း စဉ်းစားလိုက်တိုင်း ကျေးဇူးတင်လေးမြတ်စိတ် တဖွားဖွား ပေါ်လာတယ်။ (ဆာ. ၁၃၀:၄) ဒါပေမဲ့ အဲဒီလို ခွင့်လွှတ်မှုကို ဘယ်သူတွေ ရနိုင်သလဲ။
ဘယ်သူတွေကို ယေဟောဝါ ခွင့်လွှတ်မလဲ
၁၄။ ခွင့်လွှတ် မလွှတ်ဆိုတဲ့ ယေဟောဝါရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဘာသိရသလဲ။
၁၄ ခွင့်လွှတ် မလွှတ်ဆိုတဲ့ ယေဟောဝါရဲ့ ဆုံးဖြတ်ချက်ဟာ အပြစ် ဘယ်လောက် ကြီးတယ်၊ သေးတယ်ဆိုတဲ့အပေါ် မမူတည်ဘူး။ ဖန်ဆင်းရှင်၊ ပညတ်ပြဋ္ဌာန်းရှင်၊ တရားသူကြီးအဖြစ် သိထားတဲ့ အသိပညာကို သုံးပြီး ခွင့်လွှတ် မလွှတ် ဆုံးဖြတ်တယ်။ ဘယ်အချက်တွေကို ယေဟောဝါ ထည့်စဉ်းစားသလဲ။
၁၅။ လုကာ ၁၂:၄၇၊ ၄၈ အရ ယေဟောဝါ ထည့်စဉ်းစားတဲ့ အချက်တစ်ချက်က ဘာလဲ။
၁၅ ယေဟောဝါ ထည့်စဉ်းစားတဲ့ အချက်တစ်ချက်က ကိုယ့်လုပ်ရပ် မှားတယ်ဆိုတာ အပြစ်လုပ်သူ သိမသိ ဆိုတာပဲ။ လုကာ ၁၂:၄၇၊ ၄၈ မှာ အဲဒီအချက်ကို ယေရှု ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ (ဖတ်ပါ။) ယေဟောဝါ မကြိုက်မှန်း သိသိကြီးနဲ့ သေသေချာချာ အကွက်ချ စီစဉ်ပြီး မကောင်းတာ လုပ်သူဟာ ကြီးလေးတဲ့ အပြစ် ကျူးလွန်တာ ဖြစ်လို့ သူ့ကို ခွင့်မလွှတ်ဖို့ ယေဟောဝါ ဆုံးဖြတ်နိုင်တယ်။ (မာ. ၃:၂၉။ ယော. ၉:၄၁) ဒါပေမဲ့ မှားမှန်း သိလျက်နဲ့ အမှား လုပ်မိတဲ့အခါတွေ ရှိတယ်။ အဲဒီလိုအခါမျိုးမှာကော ဘုရား ခွင့်လွှတ်ပါ့မလား။ ခွင့်လွှတ်ပါတယ်။ ယေဟောဝါ ထည့်စဉ်းစားတဲ့ နောက်တစ်ချက် ရှိလို့ပဲ။
စိတ်ရင်းမှန်နဲ့ နောင်တရရင် ယေဟောဝါ ခွင့်လွှတ်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင် (စာပိုဒ် ၁၆-၁၇ ကို ကြည့်ပါ)
၁၆။ နောင်တရတယ်ဆိုတာ ဘာလဲ။ ယေဟောဝါရဲ့ ခွင့်လွှတ်မှု ရချင်တယ်ဆိုရင် နောင်တရဖို့ ဘာကြောင့် လိုအပ်သလဲ။
၁၆ ယေဟောဝါ ထည့်စဉ်းစားတဲ့ နောက်တစ်ချက်ကတော့ အပြစ်လုပ်သူ စိတ်ရင်းမှန်နဲ့ နောင်တရမရ ဆိုတာပဲ။ နောင်တရတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ “စိတ်၊ သဘောထား၊ ရည်ရွယ်ချက် ပြောင်းလဲတာ” ကို ဆိုလိုတယ်။ မကောင်းတာ လုပ်မိလို့၊ လုပ်သင့်တာ မလုပ်မိလို့ အကြီးအကျယ် နောင်တရပြီး စိတ်မကောင်း ဖြစ်တဲ့ သဘော ပါဝင်တယ်။ နောင်တရသူဟာ လုပ်မိတဲ့ အပြစ်အတွက်သာမက အဲဒီအပြစ် လုပ်မိရလောက်အောင် ဘုရားနဲ့ ဆက်ဆံရေး မကောင်းခဲ့တဲ့အတွက် ယူကျုံးမရ ဖြစ်တယ်။ ဘုရင် မနာရှေရော ဒါဝိဒ်ပါ ကြီးလေးတဲ့ အပြစ်တွေ ကျူးလွန်ခဲ့ပေမဲ့ စိတ်ရင်းမှန်နဲ့ နောင်တရတဲ့အခါ ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ သတိရပါ။ (၁ ဘု. ၁၄:၈) မှန်ပါတယ်။ နောင်တရတဲ့ အထောက်အထား ရှိမှ ယေဟောဝါ ခွင့်လွှတ်တယ်။ ဒါပေမဲ့ လုပ်မိတဲ့ အပြစ်အတွက် စိတ်မကောင်း ဖြစ်ရုံနဲ့ မလုံလောက်ဘူး။ လုပ်ရပ် ပါရမယ်။c အဲဒါ ယေဟောဝါ ထည့်စဉ်းစားတဲ့ နောက်တစ်ချက်ပဲ။
၁၇။ ပြောင်းလဲတယ်ဆိုတာ ဘာလဲ။ အရင်က အပြစ်တွေ ပြန်မလုပ်မိဖို့ဆိုရင် ပြောင်းလဲဖို့ ဘာကြောင့် လိုသလဲ။ (ဟေရှာယ ၅၅:၇)
၁၇ ယေဟောဝါ ထည့်စဉ်းစားတဲ့ နောက်တစ်ချက်ကတော့ ပြောင်းလဲခြင်း ဆိုတာပဲ။ ပြောင်းလဲခြင်းဆိုတာ “ပြန်လှည့်” လာတာ၊ တစ်နည်းအားဖြင့် မကောင်းတဲ့ လမ်းစဉ်ကို စွန့်ပြီး ယေဟောဝါရဲ့ လမ်းစဉ်အတိုင်း လိုက်တာကို ဆိုလိုတယ်။ (ဟေရှာယ ၅၅:၇ ကို ဖတ်ပါ။) ယေဟောဝါ စဉ်းစားသလို စဉ်းစားတတ်ဖို့ စိတ်သဘောကို ပြောင်းလဲရမယ်။ (ရော. ၁၂:၂။ ဧ. ၄:၂၃) မကောင်းတဲ့ အတွေးအခေါ်၊ လုပ်ရပ်တွေကို စွန့်ဖို့ စိတ်ပိုင်းဖြတ်ရမယ်။ (ကော. ၃:၇-၁၀) ဒါပေမဲ့ ကျွန်တော်တို့ကို ခွင့်လွှတ်ဖို့၊ အပြစ်တွေ သန့်စင်ပေးဖို့ ယေဟောဝါ ဆုံးဖြတ်ရတဲ့ အဓိက အကြောင်းရင်းကတော့ ခရစ်တော်ရဲ့ ပူဇော်သက္ကာကို ကျွန်တော်တို့ ယုံကြည်လို့ပါပဲ။ ဘဝလမ်းစဉ် ပြောင်းဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားနေတာကို ယေဟောဝါ မြင်တဲ့အခါ အဲဒီပူဇော်သက္ကာကို အခြေခံပြီး ခွင့်လွှတ်ပေးတယ်။—၁ ယော. ၁:၇။
ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ယုံကြည်စိတ်ချပါ
၁၈။ ယေဟောဝါရဲ့ ခွင့်လွှတ်မှုနဲ့ပတ်သက်ပြီး ဘာသိခဲ့ရပြီလဲ။
၁၈ လေ့လာခဲ့တဲ့ အချက်တချို့ကို အတိုချုပ် ပြန်သုံးသပ်ကြည့်ရအောင်။ ယေဟောဝါဟာ စကြဝဠာမှာ အကြီးမားဆုံး အတိုင်းအတာနဲ့ ခွင့်လွှတ်နိုင်သူ ဖြစ်တယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ ပထမ၊ ခွင့်လွှတ်ဖို့ အမြဲ အသင့်ရှိတယ်။ ဒုတိယ၊ ကျွန်တော်တို့အကြောင်း ခရေစေ့တွင်းကျ သိတယ်။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ကောင်းကောင်း သိတယ်။ တကယ် နောင်တရမရ အကောင်းဆုံး ပိုင်းဖြတ်နိုင်တယ်။ တတိယ၊ ယေဟောဝါ ခွင့်လွှတ်တဲ့အခါ သင်ပုန်းပေါ်က စာတွေကို ဖျက်ပစ်လိုက်သလို လုံးဝ ဖျက်ပစ်လိုက်တာ၊ တစ်ခါမှ အပြစ် မလုပ်ဖူးသလိုမျိုး သတ်မှတ်လိုက်တာ ဖြစ်တယ်။ ဒါကြောင့် ကြည်လင်တဲ့ သိစိတ်နဲ့ ဘုရား မျက်နှာသာ ကျွန်တော်တို့ ပြန်ရတယ်။
၁၉။ ကျွန်တော်တို့ မစုံလင်ပေမဲ့၊ အပြစ်တွေ ဆက်လုပ်မိဦးမှာ ဖြစ်ပေမဲ့ ဘာကြောင့် ပျော်ရွှင်နိုင်သလဲ။
၁၉ ကျွန်တော်တို့ မစုံလင်သေးသရွေ့ အပြစ်တွေ ဆက်လုပ်မိနေဦးမှာပဲ။ ဒါပေမဲ့ ထိုးထွင်းအမြင် စာအုပ် (အင်္ဂလိပ်)၊ အတွဲ ၂၊ စာမျက်နှာ ၇၇၁ မှာ ပါတဲ့ စကားတွေကနေ နှစ်သိမ့်မှု ရနိုင်တယ်– “ယေဟောဝါဟာ သနားစာနာတယ်။ ကျေးကျွန်တွေရဲ့ အားနည်းချက်တွေကို သိတယ်။ ဒါကြောင့် ကျွန်တော်တို့ မစုံလင်လို့၊ အမှားတွေ လုပ်မိလို့ဆိုပြီး တစ်ချိန်လုံး ပူဆွေးသောက ရောက်နေဖို့ မလိုဘူး။ (ဆ ၁၀၃:၈-၁၄။ ၁၃၀:၃) ဘုရားနည်းလမ်းအတိုင်း အသက်ရှင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေမယ်ဆိုရင် ပျော်ရွှင်နိုင်ပါတယ်။ (ဖိ ၄:၄-၆။ ၁ယ ၃:၁၉-၂၂)” တကယ့်ကို အားရှိစရာပါပဲ။
၂၀။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၂၀ လုပ်မိတဲ့ အမှားတွေအတွက် တကယ် နောင်တရတယ်ဆိုရင် ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိနေမှန်း သိရလို့ ကျေးဇူးတင်စရာပါပဲ။ ဒါပေမဲ့ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ကျွန်တော်တို့ ဘယ်လို တုပနိုင်သလဲ။ ကျွန်တော်တို့ရဲ့ ခွင့်လွှတ်မှုဟာ ယေဟောဝါရဲ့ ခွင့်လွှတ်မှုနဲ့ ဘယ်လို ဆင်တူသလဲ။ ဘယ်လို ကွာခြားသလဲ။ အဲဒါကို နားလည်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ အဲဒီမေးခွန်းတွေကို နောက်ဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
သီချင်း ၄၅ ကျွန်တော့်နှလုံးအကြံအစည်
a အပြစ်လုပ်သူတွေ နောင်တရတဲ့အခါ ယေဟောဝါ လိုလိုလားလား ခွင့်လွှတ်တယ်လို့ ကျမ်းစာမှာ ကတိပေးထားတယ်။ ဒါပေမဲ့ ဘုရားခွင့်လွှတ်မှု မရထိုက်ဘူးလို့ တစ်ခါတလေ ကျွန်တော်တို့ ခံစားမိနိုင်တယ်။ လုပ်မိတဲ့ အပြစ်အတွက် တကယ် နောင်တရတယ် ဆိုရင် ခွင့်လွှတ်ဖို့ ဘုရားသခင် အမြဲ အသင့်ရှိတယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
b ယေဟောဝါထံ ချဉ်းကပ်လော့ စာအုပ်၊ အခန်း ၂၆၊ စာပိုဒ် ၉ ကို ကြည့်ပါ။
c စကားလုံး ရှင်းလင်းချက်– “နောင်တရတယ်” ဆိုတာ အရင် ဘဝလမ်းစဉ်၊ မကောင်းတဲ့ လုပ်ရပ်၊ မလုပ်မိခဲ့တာတွေအတွက် အကြီးအကျယ် နောင်တရပြီး စိတ်သဘော ပြောင်းလဲတာကို ဆိုလိုတယ်။ စိတ်ရင်းမှန်နဲ့ နောင်တရသူဟာ ဘဝလမ်းစဉ်နဲ့ လုပ်ရပ်ကို ပြောင်းလဲတယ်။