ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • အကြီးအကဲတို့၊ တခြားသူတွေကို လေ့ကျင့်ပေးတာနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားကြသလဲ
    ကင်းမျှော်စင်—၂၀၁၅ | ဧပြီ ၁၅
    • အိမ်မိုးပေါ်မှာ ရှမွေလနဲ့ ရှောလုတို့ အတူစားသောက်နေကြ

      အကြီးအကဲတို့၊ တခြားသူတွေကို လေ့ကျင့်ပေးတာနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားကြသလဲ

      ‘အရာအားလုံးမှာ သတ်မှတ်ထားတဲ့အချိန်ရှိတယ်။’—ဒေ. ၃:၁၊ ကဘ။

      သင် ဘယ်လိုဖြေမလဲ

      • တခြားသူတွေကို လေ့ကျင့်ပေးခြင်းက ဘယ်လောက်အရေးကြီးသလဲ။ ဘာကြောင့်လဲ။

      • တခြားသူတွေကို အကြီးအကဲတွေ လေ့ကျင့်ပေးခြင်းက အသင်းတော်ကို ဘယ်လိုအကျိုးပြုသလဲ။

      • အကြီးအကဲတွေက တခြားသူတွေကို လေ့ကျင့်ပေးရာမှာ ရှမွေလရဲ့ ပုံနမူနာကို ဘယ်လိုတုပနိုင်သလဲ။

      ၁၊ ၂။ အသင်းတော်များစွာမှာ ဘယ်အချက်ကို တိုက်နယ်ကြီးကြပ်မှူးတွေ သတိထားမိသလဲ။

      တိုက်နယ်ကြီးကြပ်မှူးဟာ သူ့လည်ပတ်မှုအတွင်း အကြီးအကဲတွေနဲ့ အစည်းအဝေးလုပ်နေတယ်။ အလုပ်ကြိုးစားတဲ့ ဒီအကြီးအကဲတွေကို သူသိပ်ချစ်တယ်။ သူတို့ထဲကတချို့ဟာ သူ့အဖေအရွယ်လောက်ရှိတယ်။ ဒါပေမဲ့ သူ စိုးရိမ်မိတဲ့ကိစ္စတစ်ခုရှိတယ်။ ဒါနဲ့ အစည်းအဝေးပြီးခါနီးမှာ “ညီအစ်ကိုတို့၊ အသင်းတော်မှာ ထပ်ဆင့်တာဝန်တွေ ထမ်းဆောင်နိုင်အောင် တခြားသူတွေကို လေ့ကျင့်ပေးဖို့ ဘာတွေလုပ်နေသလဲ” လို့ အကြီးအကဲတွေကို မေးလိုက်တယ်။ ပြီးခဲ့တဲ့တစ်ခေါက် တိုက်နယ်အပတ်မှာ တခြားသူတွေကို အချိန်ယူလေ့ကျင့်ပေးဖို့ သူမှာခဲ့တာကို ဒီအကြီးအကဲတွေ မှတ်မိတယ်။ နောက်ဆုံး၊ အကြီးအကဲတစ်ယောက်က “ဘာမှမလုပ်ဖြစ်သလောက်ပဲ” လို့ ပြောတဲ့အခါ တခြားအကြီးအကဲတွေလည်း ခေါင်းညိတ်ထောက်ခံကြတယ်။

      ၂ သင်လည်း အကြီးအကဲတစ်ယောက်ဖြစ်မယ်ဆိုရင် အဲဒီလို ဖြေကောင်းဖြေပါလိမ့်မယ်။ အသင်းတော်ကို ကူညီစောင့်ရှောက်နိုင်အောင် လူကြီးလူငယ် ညီအစ်ကိုတွေကို လေ့ကျင့်ပေးရာမှာ အကြီးအကဲတွေအနေနဲ့ အချိန်ပိုအသုံးပြုဖို့ လိုအပ်နေတယ်ဆိုတာ တိုက်နယ်ကြီးကြပ်မှူးတွေ သတိထားမိတယ်။ ဒါပေမဲ့ အဲဒီလိုလေ့ကျင့်ပေးဖို့ မလွယ်ဘူး။ ဘာကြောင့်လဲ။

      ၃။ (က) တခြားသူတွေကို လေ့ကျင့်ပေးဖို့ အရေးကြီးတယ်ဆိုတာ ကျမ်းစာမှာ ဘယ်လိုဖော်ပြထားသလဲ။ ဒီလေ့ကျင့်မှုကို ကျွန်တော်တို့အားလုံး ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။) (ခ) တခြားသူတွေကို လေ့ကျင့်ပေးဖို့ အကြီးအကဲတချို့အတွက် ဘာကြောင့် ခက်ခဲနိုင်သလဲ။

      ၃ အကြီးအကဲတစ်ယောက်အနေနဲ့ တခြားသူတွေကို အချိန်ယူလေ့ကျင့်ပေးဖို့ အရေးကြီးမှန်း သင်သိပါတယ်။a လက်ရှိအချိန်မှာ အသင်းတော်တွေ ခိုင်ခံ့နေဖို့၊ အနာဂတ်မှာ အသင်းတော်သစ်တွေကို ကူညီပေးဖို့ ညီအစ်ကိုတွေ ပိုလိုအပ်နေမှန်းလည်း သိထားတယ်။ (ဟေရှာယ ၆၀:၂၂ ကိုဖတ်ပါ။) ‘အခြားသူများကို သွန်သင်ပေး’ ရမယ်လို့ ကျမ်းစာမှာ ပြောတယ်။ (၂ တိမောသေ ၂:၂ ကိုဖတ်ပါ။) ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ ခက်ကောင်းခက်ပါလိမ့်မယ်။ မိသားစုရဲ့ လိုအပ်ရာတွေကို ဖြည့်ဆည်းပေးရတာကတစ်ဖက်၊ အလုပ်ကတစ်ဖက်၊ ဒီကြားထဲ အသင်းတော်ရဲ့ လိုအပ်ရာတွေနဲ့ တခြားအရေးကြီးကိစ္စတွေကိုလည်း လုပ်ဆောင်ရသေးတယ်။ လုပ်စရာများလွန်းတဲ့အတွက် တခြားသူတွေကို လေ့ကျင့်ပေးဖို့ အချိန်ယူရမယ်။ ဒီလိုလုပ်ဖို့ ဘာကြောင့်အရေးကြီးတယ်ဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

      လေ့ကျင့်ပေးခြင်းဟာ အရေးကြီးကိစ္စဖြစ်

      ၄။ တစ်ခါတလေ အကြီးအကဲတွေဟာ ညီအစ်ကိုတွေကို လေ့ကျင့်ပေးဖို့ ဘာကြောင့် နှောင့်နှေးနေသလဲ။

      ၄ တခြားသူတွေကို အချိန်ယူလေ့ကျင့်ပေးဖို့ ဘာကြောင့်ခက်ခဲနိုင်သလဲ။ ‘အသင်းတော်ရဲ့ တခြားကိစ္စတွေက ပိုအရေးကြီးတယ်။ ချက်ချင်းလုပ်ရမယ်။ တခြားသူတွေကို ချက်ချင်းမလေ့ကျင့်ပေးလို့လည်း အသင်းတော်ကို ဘာမှကြီးကြီးမားမား မထိခိုက်သွားပါဘူး’ လို့ တချို့ တွေးမိကောင်းတွေးမိလိမ့်မယ်။ အဲဒါ မှန်သလား။ တချို့ကိစ္စတွေကို ချက်ချင်းလုပ်ဆောင်ဖို့ လိုအပ်တာ မှန်ပါတယ်။ ဒါပေမဲ့ ညီအစ်ကိုတွေကို လေ့ကျင့်ပေးဖို့ နှောင့်နှေးနေခြင်းက အသင်းတော်ကို ထိခိုက်စေနိုင်တယ်။

      ၅၊ ၆။ ယာဉ်မောင်းပုံဥပမာကနေ ဘာသင်ယူနိုင်သလဲ။ အဲဒီပုံဥပမာကို အသင်းတော်မှာ လေ့ကျင့်ပေးခြင်းနဲ့ ဘယ်လိုနှိုင်းယှဉ်နိုင်သလဲ။

      ၅ ဥပမာတစ်ခုကို စဉ်းစားကြည့်ပါ။ ကားတစ်စီးကို ပြုပြင်ထိန်းသိမ်းဖို့ဆိုရင် အင်ဂျင်ဝိုင် မှန်မှန်လဲပေးရမယ်။ ဒါပေမဲ့ ယာဉ်မောင်းဟာ အင်ဂျင်ဝိုင်လဲတာထက် လောင်စာဆီဖြည့်ဖို့ ပိုအရေးကြီးတယ်၊ လောင်စာမရှိရင် ကားမောင်းလို့ ရမှာမဟုတ်ဘူးလို့ ထင်မိနိုင်တယ်။ လောလောဆယ်လည်း အလုပ်များနေတော့ နောက်မှပဲ အင်ဂျင်ဝိုင်လဲတော့မယ်လို့ သူစဉ်းစားမိနိုင်တယ်။ အချိန်အတိုင်းအတာတစ်ခုထိတော့ ကားမောင်းလို့ ရနေမယ်။ ဒါပေမဲ့ ဒီအတိုင်းဆက်သွားရင် အန္တရာယ်ရှိတယ်။ လိုအပ်တဲ့အချိန်မှာ အင်ဂျင်ဝိုင်မလဲပေးရင် အနှေးနဲ့အမြန်ဆိုသလို ကားပျက်သွားလိမ့်မယ်။ နောက်ဆုံး ကားကိုပြင်ဖို့ အချိန်နဲ့ငွေ အများကြီးကုန်ရလိမ့်မယ်။ သင်ခန်းစာက ဘာလဲ။

      ၆ အကြီးအကဲတွေဟာ အရေးကြီးကိစ္စတွေကို ချက်ချင်းလုပ်ဆောင်ရမယ်။ အဲဒီလိုမလုပ်ရင် အသင်းတော်ကို ထိခိုက်နိုင်တယ်။ ယာဉ်မောင်းဟာ လောင်စာဆီမှန်မှန်ဖြည့်ဖို့ လိုအပ်သလို အကြီးအကဲတွေလည်း “သာ၍အရေးကြီးသောအရာများကို သေချာစွာသိ” ရမယ်။ (ဖိ. ၁:၁၀) ဒါပေမဲ့ အကြီးအကဲတချို့ဟာ အရေးကြီးကိစ္စတွေနဲ့ပဲ အလုပ်များနေလွန်းလို့ တခြားသူတွေကို လေ့ကျင့်ပေးဖို့ အချိန်မရှိတော့ဘူး။ ဒါဟာ ကားကို အင်ဂျင်ဝိုင်မလဲပေးတာနဲ့တူတယ်။ အကြီးအကဲတွေဟာ ညီအစ်ကိုတွေကို လေ့ကျင့်ပေးဖို့ နှောင့်နှေးနေမယ်ဆိုရင် အနှေးနဲ့အမြန်ဆိုသလို အသင်းတော်မှာ လိုအပ်ရာတွေကို လုပ်ဆောင်ဖို့ လေ့ကျင့်ခံထားရတဲ့ ညီအစ်ကိုတွေ အလုံအလောက် ရှိတော့မှာမဟုတ်ဘူး။

      ၇။ တခြားသူတွေကို အချိန်ယူလေ့ကျင့်ပေးတဲ့ အကြီးအကဲတွေကို ဘယ်လိုရှုမြင်သင့်သလဲ။

      ၇ ဒါကြောင့် တခြားသူတွေကို လေ့ကျင့်ပေးခြင်းဟာ အရေးမကြီးဘူးလို့ ဘယ်တော့မှ မယူဆပါနဲ့။ အသင်းတော်ရဲ့ ရှေ့ရေးကို စိတ်ဝင်စားပြီး တခြားသူတွေကို အချိန်ယူလေ့ကျင့်ပေးနေတဲ့ အကြီးအကဲတွေဟာ ပညာရှိတဲ့ဘဏ္ဍာစိုးတွေဖြစ်ပြီး ညီအစ်ကိုညီအစ်မတွေအတွက် တန်ဖိုးရှိသူတွေဖြစ်တယ်။ (၁ ပေတရု ၄:၁၀ ကိုဖတ်ပါ။) အသင်းတော်ရော ဘယ်လိုအကျိုးခံစားရသလဲ။

      အချိန်ကို ပညာရှိရှိအသုံးပြုခြင်း

      ၈။ (က) အကြီးအကဲတွေအနေနဲ့ ဘယ်အကြောင်းရင်းတွေကြောင့် တခြားသူတွေကို လေ့ကျင့်ပေးသင့်သလဲ။ (ခ) ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်နေတဲ့ အကြီးအကဲတွေရဲ့ အရေးကြီးတာဝန်က ဘာလဲ။ (“အရေးကြီးတာဝန်” ဆိုတဲ့ လေးထောင့်ကွက်ကို ကြည့်ပါ။)

      ၈ တကယ့်ကို အတွေ့အကြုံရှိအကြီးအကဲတွေတောင် အသက်ကြီးလာတဲ့အခါ အသင်းတော်မှာ အခုလုပ်နိုင်သလောက် လုပ်နိုင်တော့မှာမဟုတ်ဘူးဆိုတာကို ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုရမယ်။ (မိ. ၆:၈) ‘မမျှော်လင့်ထားတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကို’ ရုတ်တရက် ကြုံရနိုင်ပြီး အသင်းတော်တာဝန်တွေ ထမ်းဆောင်ဖို့ ခက်ခဲသွားနိုင်တယ်ဆိုတာ အကြီးအကဲတွေ ထည့်စဉ်းစားသင့်တယ်။ (ဒေ. ၉:၁၁၊ ၁၂၊ ကဘ; ယာ. ၄:၁၃၊ ၁၄) အကြီးအကဲတွေဟာ ယေဟောဝါရဲ့ သိုးတွေကို ချစ်မြတ်နိုးပြီး ဂရုစိုက်တဲ့အတွက် နှစ်တွေတစ်လျှောက် ကိုယ်သင်ယူသိရှိခဲ့တာတွေကို လူငယ်ညီအစ်ကိုတွေကို ကြိုးစားသင်ပေးကြတယ်။—ဆာလံ ၇၁:၁၇၊ ၁၈ ကိုဖတ်ပါ။

      ၉။ အနာဂတ်မှာကြုံရမယ့် ဘယ်ဖြစ်ရပ်ကြောင့် တခြားသူတွေကို လေ့ကျင့်ပေးဖို့ အရေးကြီးသလဲ။

      ၉ တခြားသူတွေကို လေ့ကျင့်ပေးနေတဲ့ အကြီးအကဲတွေဟာ သိပ်တန်ဖိုးရှိတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေက အသင်းတော်ကို ခိုင်ခံ့စေတယ်။ သူတို့ရဲ့ လေ့ကျင့်ပေးမှုကြောင့် ညီအစ်ကိုများစွာဟာ အခုရော လာမယ့်ကြီးစွာသောဒုက္ခအတွင်းမှာပါ အသင်းတော် ခိုင်ခံ့စည်းလုံးနေအောင် ကူညီပေးဖို့ အသင့်ဖြစ်နေပါလိမ့်မယ်။ (ယေဇ. ၃၈:၁၀-၁၂; မိ. ၅:၅၊ ၆) ဒါကြောင့် ချစ်ရတဲ့အကြီးအကဲတို့၊ ဒီနေ့ကစပြီး တခြားသူတွေကို လေ့ကျင့်ပေးဖို့ ပုံမှန်အချိန်ယူကြပါ။

      ၁၀။ အကြီးအကဲတွေဟာ တခြားသူကို လေ့ကျင့်ရာမှာ အချိန်ရဖို့ ဘာလုပ်ဆောင်နိုင်သလဲ။

      ၁၀ သင့်ရဲ့ အချိန်ဇယားမှာ လုပ်စရာတွေအပြည့်ပဲဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ သင်ဟာ အသင်းတော်ရဲ့ အရေးကြီးကိစ္စတွေကို လုပ်ဆောင်နေရတယ်။ ဒါကြောင့် အဲဒီအချိန်ထဲက တချို့ကိုဖယ်ပြီး တခြားသူတွေကို လေ့ကျင့်ရာမှာ အသုံးပြုဖို့ လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ (ဒေ. ၃:၁) အဲဒီလိုလုပ်ဆောင်ခြင်းက အချိန်ကို ပညာရှိရှိ အသုံးပြုရာကျပြီး အနာဂတ်မှာ အသင်းတော်ကို အကျိုးပြုပါလိမ့်မယ်။

      လေ့ကျင့်မှုခံယူမယ့်သူရဲ့ စိတ်နှလုံးကို အသင့်ပြင်ပေးပါ

      ၁၁။ (က) နိုင်ငံအသီးသီးက အကြီးအကဲတွေပေးတဲ့ အကြံပြုချက်တွေဟာ ဘယ်အချက်ကို ဖော်ပြသလဲ။ (ခ) သုတ္တံ ၁၅:၂၂ အရ တခြားအကြီးအကဲတွေရဲ့ အကြံပြုချက်တွေကို သုံးသပ်ခြင်းက ဘာကြောင့်အရေးကြီးသလဲ။

      ၁၁ တခြားသူတွေကို လေ့ကျင့်ပေးရာမှာ အောင်မြင်နေတဲ့ အကြီးအကဲတချို့ကို မကြာသေးခင်က မေးမြန်းခဲ့တယ်။b သူတို့ရဲ့ အခြေအနေတွေ မတူပေမဲ့ သူတို့အားလုံး တူညီတဲ့အကြံပြုချက်တွေ ပေးခဲ့တယ်။ အဲဒီအချက်က ဘာကိုဖော်ပြသလဲ။ ကျမ်းစာကို အခြေခံတဲ့လေ့ကျင့်မှုဟာ “အရပ်ရပ်ရှိ အသင်းတော်တိုင်း” မှာရှိတဲ့ လေ့ကျင့်မှုခံယူသူတွေကို အကျိုးပြုတယ်ဆိုတာ ဖော်ပြတယ်။ (၁ ကော. ၄:၁၇) ဒါကြောင့် ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ အဲဒီအကြီးအကဲတွေရဲ့ အကြံပြုချက်တချို့ကို သုံးသပ်ပါမယ်။—သု. ၁၅:၂၂။

      ၁၂။ လေ့ကျင့်ပေးမယ့်သူဟာ ဘာလုပ်ဖို့ လိုအပ်သလဲ။ ဘာကြောင့်လဲ။

      ၁၂ ဦးဆုံး၊ လေ့ကျင့်မှုခံယူမယ့်သူရဲ့ စိတ်နှလုံးကို အသင့်ပြင်ပေးဖို့ လိုအပ်တယ်။ အဲဒီလိုလုပ်ဖို့ ဘာကြောင့်အရေးကြီးသလဲ။ ဥယျာဉ်မှူးတစ်ယောက်ဟာ အပင်မစိုက်ခင် မြေကြီးကို အသင့်ပြင်ပေးဖို့ လိုအပ်သလို လေ့ကျင့်ပေးမယ့်သူကလည်း ဘာမှမသင်ပေးခင် လေ့ကျင့်မှုခံယူမယ့်သူရဲ့ စိတ်နှလုံးကို အသင့်ပြင်ပေးဖို့ လိုအပ်တယ်။ ဘယ်လိုအသင့်ပြင်နိုင်သလဲ။ ပရောဖက်ရှမွေလရဲ့ ပုံနမူနာကို တုပခြင်းအားဖြင့် အသင့်ပြင်ပေးနိုင်တယ်။

      ၁၃–၁၅။ (က) ယေဟောဝါက ရှမွေလကို ဘာလုပ်ဖို့ မိန့်မှာသလဲ။ (ခ)  ရှမွေလက တာဝန်သစ်အတွက် ရှောလုကို ဘယ်လိုအသင့်ပြင်ပေးခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ဂ) ဒီကျမ်းစာမှတ်တမ်းကို ဒီနေ့ခေတ်အကြီးအကဲတွေ ဘာကြောင့် အထူးစိတ်ဝင်စားသင့်သလဲ။

      ၁၃ လွန်ခဲ့တဲ့နှစ်ပေါင်း ၃,၀၀၀ ကျော်တုန်းကဖြစ်တယ်။ ယေဟောဝါက တစ်နေ့မှာ သက်ကြီးပရောဖက် ရှမွေလကို ‘မနက်ဖြန် ဒီအချိန်လောက်မှာ ဗင်ယာမိန်နယ်သားတစ်ယောက်ကို မင်းဆီ ငါလွှတ်လိုက်မယ်။ သူ့ကို ငါ့လူမျိုးအစ္စရေးတွေရဲ့ ခေါင်းဆောင်အဖြစ် ဘိသိက်ပေးရမယ်’ လို့ ပြောတယ်။ (၁ ရာ. ၉:၁၅၊ ၁၆၊ ကဘ) ခေါင်းဆောင်သစ်တစ်ယောက်ကို ယေဟောဝါ ဘိသိက်ပေးခိုင်းတဲ့အတွက် အစ္စရေးလူမျိုးကို သူဦးဆောင်ရတော့မှာ မဟုတ်ဘူးဆိုတာ ရှမွေလ သိတယ်။ ဒါကြောင့် ‘ဒီတာဝန်အသစ်အတွက် အဲဒီလူကို ငါ ဘယ်လိုအသင့်ပြင်ပေးရမလဲ’ လို့ သူတွေးမိတယ်။ ဒါနဲ့ အကြံတစ်ခုရသွားတယ်။

      ၁၄ နောက်တစ်နေ့မှာ ရှောလုကို တွေ့တဲ့အခါ ‘ဒီလူပဲ’ လို့ ယေဟောဝါပြောတယ်။ ရှမွေလလည်း သူ စဉ်းစားထားတဲ့အတိုင်း ချက်ချင်း လုပ်ဆောင်ခဲ့တယ်။ ရှောလုနဲ့ စကားပြောနိုင်ဖို့ အခြေအနေဖန်တီးလိုက်တယ်။ ရှမွေလက ရှောလုနဲ့ သူ့နောက်လိုက်ကို သူနဲ့အတူ စားသောက်ဖို့ ဖိတ်လိုက်တယ်။ အကောင်းဆုံးထိုင်ခုံမှာ ထိုင်ခိုင်းပြီး အကောင်းဆုံးအသားတုံးတွေ ချပေးတယ်။ ပြီးတော့ ‘စားပါ။ ဒီပွဲမှာ မင်းစားဖို့ သူတို့ဖယ်ထားပေးတာ’ လို့ ပြောတယ်။ စားပြီးတဲ့နောက် ရှောလုကို အိမ်ခေါ်သွားတယ်။ လမ်းတစ်လျှောက် သူတို့နှစ်ယောက် ကောင်းကောင်းစကားပြောနိုင်ခဲ့တယ်။ ရှမွေလရဲ့အိမ်ကို ရောက်တဲ့အခါ အိမ်မိုးပေါ်တက်သွားကြတယ်။ ‘အိမ်မိုးပေါ်မှာ ဆက်စကားပြော’ ပြီးနောက် အိပ်ရာဝင်ကြတယ်။ နောက်တစ်နေ့မှာ ရှမွေလက ရှောလုကို ဘိသိက်ပေးလိုက်တယ်။ သူ့ကို နမ်းပြီး နောက်ထပ်ညွှန်ကြားချက်တွေ ပေးတယ်။ ရှောလုလည်း ထွက်သွားတယ်။ ဆက်လုပ်ဆောင်ရမယ့်အရာတွေအတွက် သူအသင့်ဖြစ်နေပါပြီ။—၁ ရာ. ၉:၁၇-၂၇၊ ကဘ; ၁၀:၁။

      ၁၅ လူတစ်ယောက်ကို လူမျိုးခေါင်းဆောင်အဖြစ် ဘိသိက်ပေးတာက အသင်းတော်မှာ ညီအစ်ကိုတစ်ယောက်ကို အကြီးအကဲ ဒါမှမဟုတ် ဓမ္မအမှုထမ်းဖြစ်ဖို့ လေ့ကျင့်ပေးတာနဲ့ သိပ်ကွာတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ရှောလုရဲ့ စိတ်နှလုံးကို ရှမွေလ အသင့်ပြင်ပေးပုံကနေ အရေးကြီးသင်ခန်းစာများစွာကို အကြီးအကဲတွေ သင်ယူနိုင်တယ်။ အဲဒီထဲက နှစ်ခုကို သုံးသပ်ကြည့်ကြစို့။

      လိုလိုလားလားရှိပြီး မိတ်ဆွေကောင်းဖြစ်ပါ

      ၁၆။ (က) အစ္စရေးတွေ ဘုရင်တစ်ပါး တောင်းဆိုတဲ့အခါ ရှမွေလ ဘယ်လိုခံစားခဲ့ရသလဲ။ (ခ) ရှောလုကို ဘိသိက်ပေးဖို့ ယေဟောဝါပြောတဲ့အခါ ရှမွေလ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

      ၁၆ လိုလိုလားလားရှိပါ။ မတွန့်ဆုတ်ပါနဲ့။ အစ္စရေးတွေ လူသားဘုရင်တစ်ပါး လိုချင်နေတယ်ဆိုတာ ရှမွေလသိလိုက်ရချိန်မှာ စိတ်ဓာတ်ကျပြီး အပယ်ခံရတယ်လို့ ခံစားခဲ့ရတယ်။ (၁ ရာ. ၈:၄-၈) ရှမွေလဟာ လူတွေတောင်းဆိုတဲ့အတိုင်း ဘုရင်တစ်ပါး မခန့်အပ်ပေးချင်ဘူး။ ဒါကြောင့် လူတွေ တောင်းဆိုတဲ့အတိုင်း လုပ်ပေးဖို့ သူ့ကို ယေဟောဝါ သုံးကြိမ်တိတိ ပြောခဲ့ရတယ်။ (၁ ရာ. ၈:၇၊ ၉၊ ၂၂) ရှမွေလ အဲဒီလိုခံစားနေရပေမဲ့ သူ့နေရာအစားဝင်မယ့်သူကို မနာလိုမဖြစ်ဘူး၊ ဒေါသမထွက်ဘူး။ ရှောလုကို ဘိသိက်ပေးဖို့ ယေဟောဝါပြောတဲ့အခါ သူ မတွန့်ဆုတ်ခဲ့ဘူး။ အလုပ်သဘောအရ မဟုတ်ဘဲ ယေဟောဝါကို ချစ်လို့ လိုလိုလားလား နာခံခဲ့တယ်။

      အလုပ်များတဲ့အချိန်ဇယားထဲကနေ အချိန်တချို့ကို ဖယ်ထုတ်ပြီး ကိုယ်လေ့ကျင့်ပေးမယ့်သူနဲ့ မိတ်ဆွေဖြစ်အောင် လုပ်ဆောင်ပါ

      ၁၇။ ဒီနေ့ခေတ်မှာ အကြီးအကဲတွေဟာ ရှမွေလကို ဘယ်လိုတုပနေသလဲ။ အဲဒီလိုတုပတဲ့အတွက် ဘာခံစားရသလဲ။

      ၁၇ ရှမွေလကို တုပပြီး တခြားသူတွေကို မေတ္တာပါပါ လေ့ကျင့်ပေးနေတဲ့ အတွေ့အကြုံရှိအကြီးအကဲတွေ ဒီနေ့ခေတ်မှာ အများကြီးရှိတယ်။ (၁ ပေ. ၅:၂) ကြင်နာမှုရှိတဲ့၊ တစ်ကိုယ်ကောင်းစိတ်ကင်းတဲ့ အဲဒီအကြီးအကဲတွေဟာ တခြားသူတွေကို လိုလိုလားလား လေ့ကျင့်ပေးနေတယ်။ ကိုယ့်ရဲ့အခွင့်ထူးတချို့ ဝေမျှပေးလိုက်ရမှာကို မစိုးရိမ်ကြဘူး။ အဲဒီအစား ကိုယ်လေ့ကျင့်ပေးနေသူတွေကို အသင်းတော်ရဲ့ လိုအပ်ရာတွေကို ကူညီလုပ်ဆောင်ပေးမယ့် အဖိုးတန် “လုပ်ဖော်ဆောင်ဖက်” အဖြစ် သဘောထားကြတယ်။ (၂ ကော. ၁:၂၄; ဟေဗြဲ ၁၃:၁၆) ကိုယ်လေ့ကျင့်ပေးလိုက်သူတွေက ယေဟောဝါရဲ့ လူတွေကို အစွမ်းအစရှိသမျှနဲ့ ကူညီပေးနေတာ သူတို့ မြင်ရတဲ့အခါ ပျော်ရွှင်ကြတယ်။—တ. ၂၀:၃၅။

      ၁၈၊ ၁၉။ အကြီးအကဲတစ်ယောက်ဟာ ကိုယ်လေ့ကျင့်ပေးမယ့်သူရဲ့ စိတ်နှလုံးကို ဘယ်လိုအသင့်ပြင်ပေးနိုင်သလဲ။ အဲဒီလိုလုပ်ဖို့ ဘာကြောင့်အရေးကြီးသလဲ။

      ၁၈ လေ့ကျင့်ပေးသူလောက်သာမဟုတ်ဘဲ မိတ်ဆွေဖြစ်အောင်လုပ်ပါ။ ရှမွေလဟာ ရှောလုကို တွေ့ချိန်မှာ သူ့ခေါင်းပေါ်ဆီလောင်းပြီး ချက်ချင်း ဘိသိက်ပေးလိုက်လို့ရတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်လိုက်ရင် ဘုရားသခင့်လူမျိုးကို ဦးဆောင်ဖို့ ဘာမှအသင့်မဖြစ်သေးဘဲ ဘိသိက်ပေးသလို ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ရှမွေလဟာ ရှောလုကို ဘိသိက်မပေးခင် သူ့ရဲ့စိတ်နှလုံးကို အသင့်ပြင်ပေးဖို့ အချိန်ယူခဲ့တယ်။ သူနဲ့ အတူစားသောက်တယ်။ အတူလမ်းလျှောက်တယ်။ အချိန်အတော်ကြာ စကားပြောပြီး အနားတောင်ယူလိုက်သေးတယ်။ ရှမွေလဟာ ဘုရင်သစ်ကို ဘိသိက်ပေးဖို့ သင့်တော်တဲ့အချိန်ကို စောင့်ဆိုင်းခဲ့တယ်။

      အကြီးအကဲတစ်ယောက်နဲ့ ဓမ္မအမှုထမ်း အေးအေးဆေးဆေး စကားပြောနေကြ

      တခြားသူတွေကို စတင် မလေ့ကျင့်ပေးခင် မိတ်ဆွေဖြစ်အောင် လုပ်ဆောင်ပါ (အပိုဒ် ၁၈၊ ၁၉ ကိုကြည့်ပါ)

      ၁၉ ဒီနေ့လည်း အလားတူပဲ။ အကြီးအကဲတစ်ယောက်ဟာ ညီအစ်ကိုတစ်ယောက်ကို စတင်မလေ့ကျင့်ပေးခင် သူနဲ့ မိတ်ဆွေဖြစ်ဖို့ ကြိုးစားသင့်တယ်။ ကိုယ်လေ့ကျင့်ပေးမယ့်သူနဲ့ ခင်ခင်မင်မင်ဖြစ်အောင်လုပ်တဲ့ နည်းတွေဟာ အခြေအနေနဲ့ ယဉ်ကျေးမှုပေါ်မူတည်ပြီး ကွာခြားပါလိမ့်မယ်။ ဒါပေမဲ့ သင် ဘယ်နေရာမှာပဲ နေထိုင်ပါစေ အလုပ်များတဲ့အချိန်ဇယားထဲကနေ အချိန်တချို့ကို ဖယ်ထုတ်ပြီး သူနဲ့မိတ်ဆွေဖြစ်အောင် လုပ်ဆောင်ပါ။ ဒါမှ သူဟာ သင့်အတွက် အရေးကြီးသူဖြစ်မှန်း သူသိလာပါလိမ့်မယ်။ (ရောမ ၁၂:၁၀ ကိုဖတ်ပါ။) သင့်ရဲ့ မေတ္တာပါ ဂရုစိုက်မှုနဲ့ လေ့ကျင့်ပေးမှုကို သူ သိပ်ကျေးဇူးတင်ပါလိမ့်မယ်။

      ၂၀၊ ၂၁။ (က) တခြားသူတွေကို လေ့ကျင့်ပေးရာမှာ ဘယ်လိုနည်းနဲ့ အောင်မြင်နိုင်သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘယ်အကြောင်း ဆွေးနွေးမလဲ။

      ၂၀ တခြားသူတွေကို လေ့ကျင့်ပေးရာမှာ အောင်မြင်ဖို့ဆိုရင် လေ့ကျင့်ပေးရတဲ့အလုပ်ကို မြတ်နိုးရုံသာမက ကိုယ်လေ့ကျင့်ပေးနေသူကိုလည်း ချစ်ရမယ်။ (ယောဟန် ၅:၂၀ နဲ့ နှိုင်းယှဉ်ပါ။) အဲဒီလိုချစ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ သူ့ကို သင်တကယ်ဂရုစိုက်တယ်ဆိုတာ သူ ခံစားရမှသာ လိုလိုလားလား သင်ယူချင်ပါလိမ့်မယ်။ ဒါကြောင့် အကြီးအကဲတို့၊ တခြားသူတွေကို လေ့ကျင့်ပေးဖို့လောက်သာမဟုတ်ဘဲ သူတို့နဲ့ မိတ်ဆွေဖြစ်ဖို့ပါ ကြိုးစားအားထုတ်ပါ။—သု. ၁၇:၁၇; ယော. ၁၅:၁၅။

      ၂၁ လေ့ကျင့်မှုခံယူမယ့်သူရဲ့ စိတ်နှလုံးကို အသင့်ပြင်ပေးပြီးပြီဆိုရင်တော့ စတင် လေ့ကျင့်ပေးလို့ရပါပြီ။ ဒါပေမဲ့ ဘယ်နည်းလမ်းတွေကို အသုံးပြုနိုင်သလဲ။ အဲဒီအကြောင်းကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

      a ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးဟာ အထူးသဖြင့် အကြီးအကဲတွေအတွက် ဖြစ်တယ်။ ဒါပေမဲ့ ဒီအကြောင်းကို လူတိုင်းလည်း စိတ်ဝင်စားသင့်တယ်။ ဘာကြောင့်လဲ။ အသင်းတော်မှာ ပိုလုပ်ဆောင်နိုင်အောင် လေ့ကျင့်မှုလိုအပ်တယ်ဆိုတာ ညီအစ်ကိုအားလုံး သဘောပေါက်စေဖို့ ဒီဆောင်းပါးနှစ်ခုက ကူညီပေးပါလိမ့်မယ်။ လေ့ကျင့်ခံထားရတဲ့ ညီအစ်ကိုများများရှိလေ အသင်းတော်မှာရှိတဲ့လူတိုင်း အကျိုးရရှိလေပါပဲ။

      b အဲဒီအကြီးအကဲတွေဟာ ဩစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လ်ဂျီယံ၊ ဘရာဇီး၊ ပြင်သစ်၊ ပြင်သစ်ဂီယာနာ၊ ဂျပန်၊ ကိုရီးယား၊ မက္ကဆီကို၊ နမီးဘီးယား၊ နိုင်ဂျီးရီးယား၊ ရေယူနီယံ၊ ရုရှား၊ တောင်အာဖရိကနဲ့ အမေရိကန် နိုင်ငံတွေကဖြစ်တယ်။

      အရေးကြီးတာဝန်

      ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်နေတဲ့ ညီအစ်ကိုတွေက ဒေသခံညီအစ်ကိုတွေကို သိုးထိန်းတွေဖြစ်ဖို့ လေ့ကျင့်ပေး

      ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေဟာ ပိုလိုအပ်တဲ့နိုင်ငံမှာရှိတဲ့ အသင်းတော်တွေကို ပြောင်းရွှေ့ပြီး သတင်းကောင်းဟောပြောခြင်းလုပ်ငန်းမှာ ကြိုးစားအားထုတ်နေကြတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံကနေ ထွက်သွားဖို့ လိုအပ်လာတဲ့အခါ ဘာဖြစ်သွားနိုင်သလဲ။ ဒေသများစွာမှာ အသင်းတော်ရဲ့ လိုအပ်ရာတွေကို ဂရုစိုက်ပေးဖို့ လေ့ကျင့်ခံထားရတဲ့ ဒေသခံညီအစ်ကို အလုံအလောက် မရှိတော့တာမျိုး ဖြစ်သွားနိုင်တယ်။ ဒါကြောင့် သင်ဟာ ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်နေတဲ့ အကြီးအကဲတစ်ယောက်ဖြစ်မယ်ဆိုရင် အသင်းတော်ကို ကြည့်ရှုပေးဖို့ ဒေသခံညီအစ်ကိုတွေကို လေ့ကျင့်ပေးရမယ်။ အဲဒါဟာ သင့်ရဲ့ အရေးကြီးတာဝန်ဖြစ်တယ်။

      စကားလုံးတချို့ရဲ့ အဓိပ္ပာယ်

      • လေ့ကျင့်မှုခံယူမယ့်သူရဲ့ စိတ်နှလုံးကို အသင့်ပြင်ပေးခြင်း– လိုလိုလားလား သင်ယူချင်စိတ်ရှိအောင် ကူညီပေးခြင်းကို ဆိုလိုတယ်။ ကိုယ်လေ့ကျင့်ပေးမယ့်သူနဲ့ မိတ်ဆွေဖြစ်အောင် အချိန်ယူခြင်း၊ သူနဲ့ ခင်ခင်မင်မင်ဖြစ်အောင် လုပ်ခြင်း၊ သင့်အတွက် အရေးကြီးသူဖြစ်တယ်လို့ သူခံစားရအောင်လုပ်ခြင်းအားဖြင့် အဲဒီလိုကူညီပေးနိုင်တယ်

  • အရည်အချင်းပြည့်မီလာအောင် တခြားသူတွေကို အကြီးအကဲတွေ လေ့ကျင့်ပေးပုံ
    ကင်းမျှော်စင်—၂၀၁၅ | ဧပြီ ၁၅
    • ဧလိယက ယော်ဒန်မြစ်ကို သူ့ဝတ်ရုံနဲ့ရိုက်ပြီး နှစ်ခြမ်းခွဲလိုက်တာကို ဧလိရှဲ ကြည့်နေ

      အရည်အချင်းပြည့်မီလာအောင် တခြားသူတွေကို အကြီးအကဲတွေ လေ့ကျင့်ပေးပုံ

      “ငါ့ထံမှ ကြားနာရသောအရာများကို သစ္စာရှိအမျိုးသားများအား လွှဲအပ်လော့။”—၂ တိ. ၂:၂။

      သင် ဘယ်လိုဖြေမလဲ

      • ယေဟောဝါကို ချစ်တဲ့မေတ္တာ တိုးများလာအောင် ညီအစ်ကို တစ်ယောက်ကို အကြီးအကဲတစ်ယောက် ဘယ်နည်းတွေနဲ့ ကူညီပေးနိုင်သလဲ။

      • အသင်းတော်မှာ ထပ်ဆင့်တာဝန်တွေထမ်းဆောင်ဖို့ စိတ်ဝင်စားပုံမရတဲ့ ညီအစ်ကိုတစ်ယောက်ကို ဘယ်ကျမ်းချက်တွေက ကူညီပေးနိုင်သလဲ။

      • လေ့ကျင့်မှုခံယူနေသူတွေဟာ ဧလိရှဲကို ဘယ်လိုတုပနိုင်သလဲ။

      ၁။ (က) လေ့ကျင့်မှုနဲ့ပတ်သက်ပြီး ဘယ်အချက်ကို ဘုရားသခင့်ကျေးကျွန်တွေ သိထားသလဲ။ အဲဒီအချက်က ဒီနေ့ခေတ်နဲ့ ဘယ်လိုသက်ဆိုင်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်အကြောင်းဆွေးနွေးမလဲ။

      လေ့ကျင့်မှုကနေ အောင်မြင်မှုရစေတယ်ဆိုတာကို ဘုရားသခင့်ကျေးကျွန်တွေ ရှေးကတည်းက သိတယ်။ ဥပမာ၊ အာဗြံက ‘မိမိအိမ်၌ လေ့ကျင့်ထားသောလူ’ တွေကို ခေါ်ပြီး လောတကို သွားကယ်ခဲ့တယ်။ သူတို့ဟာ လောတကိုဖမ်းသွားသူတွေကို အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်ခဲ့တယ်။ (က. ၁၄:၁၄-၁၆၊ သမ္မာ) ဘုရင်ဒါဝိဒ်ခေတ်မှာ လူတချို့ဟာ ယေဟောဝါကို ချီးမွမ်းတဲ့သီချင်းတွေ သီဆိုဖို့ ‘လေ့ကျင့်’ ခံထားရတယ်။ (၅ ရာ. ၂၅:၇၊ ကဘ) ဒီနေ့ခေတ်မှာ ကျွန်တော်တို့ဟာ စာတန်၊ စာတန့်လောကနဲ့ တိုက်ခိုက်နေရတယ်။ (ဧ. ၆:၁၁-၁၃) ယေဟောဝါရဲ့နာမည်အကြောင်း တခြားသူတွေကို ပြောပြခြင်းအားဖြင့် ကိုယ်တော့်ကို ချီးမွမ်းဖို့ ကြိုးစားအားထုတ်နေကြတယ်။ (ဟေဗြဲ ၁၃:၁၅၊ ၁၆) ဒါကြောင့် ရှေးခေတ်က ဘုရားသခင့်ကျေးကျွန်တွေလိုပဲ အောင်မြင်မှုရချင်တယ်ဆိုရင် ကျွန်တော်တို့ လေ့ကျင့်ခံထားရဖို့ လိုအပ်တယ်။ ယေဟောဝါက အသင်းတော်မှာ တခြားသူတွေကို လေ့ကျင့်ပေးဖို့ အကြီးအကဲတွေကို တာဝန်ပေးထားတယ်။ (၂ တိ. ၂:၂) ယေဟောဝါရဲ့ သိုးတွေကို ဂရုစိုက်စောင့်ရှောက်နိုင်အောင် ညီအစ်ကိုတွေကို လေ့ကျင့်ပေးရာမှာ ဘယ်နည်းလမ်းတွေကို အကြီးအကဲတချို့ အသုံးပြုနေသလဲ။

      ယေဟောဝါကို ချစ်တဲ့မေတ္တာ တိုးများလာအောင် လုပ်ဆောင်ပေးပါ

      ၂။ အကြီးအကဲတစ်ယောက်ဟာ ဘာမှမသင်ပေးခင် ဘာလုပ်ဖို့ လိုအပ်နိုင်သလဲ။ ဘာကြောင့်လဲ။

      ၂ အကြီးအကဲတွေကို ဥယျာဉ်မှူးနဲ့ နှိုင်းယှဉ်နိုင်တယ်။ ဥယျာဉ်မှူးဟာ အပင်မစိုက်ခင် မြေသားကို မြေသြဇာကျွေးဖို့ လိုအပ်တဲ့အခါတွေ ရှိနိုင်တယ်။ ဒါမှ အပင်ရှင်သန်ကြီးထွားနိုင်မယ်။ အဲဒီလိုပဲ အကြီးအကဲတစ်ယောက်ဟာ ကိုယ်လေ့ကျင့်ပေးမယ့်သူကို ဘာမှမသင်ပေးခင် သူနဲ့အတူ ကျမ်းစာမူတချို့ကို ဆွေးနွေးဖို့ လိုအပ်နိုင်တယ်။ အဲဒီကျမ်းစာမူတွေက သင်ယူသိရှိလာတာကို လက်တွေ့ကျင့်သုံးဖို့ အသင့်ဖြစ်နေနိုင်အောင် သူ့ကိုကူညီပေးပါလိမ့်မယ်။—၁ တိ. ၄:၆။

      ၃။ (က) ကိုယ်လေ့ကျင့်ပေးနေသူနဲ့ စကားစမြည်ပြောဆိုချိန်မှာ မာကု ၁၂:၂၉၊ ၃၀ မှာပါတဲ့ ယေရှုရဲ့စကားကို ဘယ်လိုအသုံးပြုနိုင်သလဲ။ (ခ) အကြီးအကဲရဲ့ ဆုတောင်းချက်က သူလေ့ကျင့်ပေးနေသူကို ဘယ်လိုအကျိုးပြုနိုင်သလဲ။

      ၃ ကိုယ်လေ့ကျင့်ပေးနေသူရဲ့ စိတ်နှလုံးနဲ့အတွေးထဲ အမှန်တရား ဘယ်လောက်ထိစိမ့်ဝင်နေသလဲဆိုတာကို သိရှိဖို့ အရေးကြီးတယ်။ အဲဒီလိုသိနိုင်ဖို့ ‘ယေဟောဝါဆီ ဆက်ကပ်အပ်နှံခြင်းက ညီအစ်ကိုရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ’ လို့ သူ့ကိုမေးနိုင်တယ်။ အဲဒီမေးခွန်းက ယေဟောဝါကို ဘယ်လို စိတ်နှလုံးအကြွင်းမဲ့ အမှုဆောင်နိုင်တယ်ဆိုတဲ့အကြောင်း စကားစမြည်ပြောဆိုဖို့ လမ်းဖွင့်ပေးနိုင်တယ်။ (မာကု ၁၂:၂၉၊ ၃၀ ကိုဖတ်ပါ။) သင်ဟာ သူနဲ့အတူ ဆုတောင်းနိုင်တယ်။ လေ့ကျင့်မှုအတွက် သူလိုအပ်နေတဲ့ သန့်ရှင်းသောစွမ်းအားတော် ပေးသနားဖို့ ယေဟောဝါဆီ အသနားခံနိုင်တယ်။ အဲဒီညီအစ်ကိုက သူ့အတွက် ဆုတောင်းပေးတာကို ကြားတဲ့အခါ ပိုကြိုးစားချင်စိတ်ရှိလာပါလိမ့်မယ်။

      ၄။ (က) လေ့ကျင့်မှုခံယူနေသူ တိုးတက်လာအောင် ကူညီပေးနိုင်တဲ့ ကျမ်းစာမှတ်တမ်းတချို့ကို ဖော်ပြပါ။ (ခ) တခြားသူတွေကို လေ့ကျင့်ပေးတဲ့အခါ အကြီးအကဲတွေမှာ ဘယ်ပန်းတိုင်ရှိသင့်သလဲ။

      ၄ ကူညီတတ်တာ၊ ယုံကြည်စိတ်ချရတာ၊ နှိမ့်ချမှုရှိတာ စတဲ့အရည်အသွေးတွေရဲ့ အရေးကြီးမှုကို ဖော်ပြတဲ့ ကျမ်းစာမှတ်တမ်းတချို့ရှိတယ်။ သင်ဟာ စတင်လေ့ကျင့်ပေးချိန်မှာ အဲဒီမှတ်တမ်းတွေကို သူနဲ့ ဆွေးနွေးနိုင်တယ်။ အဲဒီလိုဆွေးနွေးခြင်းက အဲဒီအရည်အသွေးတွေ အရေးကြီးတယ်ဆိုတာ သူသဘောပေါက်လာအောင် ကူညီပေးနိုင်တယ်။ (၃ ရာ. ၁၉:၁၉-၂၁; နေ. ၇:၂; ၁၃:၁၃; တ. ၁၈:၂၄-၂၆) အဲဒီအရည်အသွေးတွေဟာ မြေသြဇာလိုပဲ သူ အလျင်အမြန်တိုးတက်လာဖို့ ကူညီပေးပါလိမ့်မယ်။ ပြင်သစ်နိုင်ငံက အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ဂျီးန်ကလော့ဒ် အခုလိုပြောတယ်– “တခြားသူတွေကို လေ့ကျင့်ပေးတဲ့အခါ ကျွန်တော့်ရဲ့ အဓိကပန်းတိုင်ကတော့ ကျမ်းစာမူတွေကိုအခြေခံပြီး ဆုံးဖြတ်ချက်ချတတ်လာအောင် သူတို့ကို ကူညီပေးဖို့ပဲ။ ကျမ်းစာမှာပါတဲ့ ‘အံ့ဖွယ်ရာတွေကို မြင်နိုင်’ အောင် ကူညီပေးမယ့် ကျမ်းချက်တစ်ချက်ကို သူတို့နဲ့အတူ ဖတ်နိုင်ဖို့ ကျွန်တော်အခွင့်အရေးရှာတယ်။” (ဆာ. ၁၁၉:၁၈) တခြားဘယ်နည်းတွေနဲ့ ကူညီပေးနိုင်သေးသလဲ။

      ချမှတ်နိုင်တဲ့ပန်းတိုင်တွေနဲ့ ချမှတ်သင့်တဲ့အကြောင်းရင်းတွေကို ပြောပြပါ

      ၅။ (က) ကိုယ်လေ့ကျင့်ပေးနေသူနဲ့ ဘုရားရေးရာပန်းတိုင်တွေအကြောင်း ဆွေးနွေးဖို့ ဘာကြောင့် အရေးကြီးသလဲ။ (ခ) အကြီးအကဲတွေဟာ ငယ်ရွယ်သေးသူတွေကိုတောင် ဘာကြောင့် လေ့ကျင့်ပေးသင့်သလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)

      ၅ ဘုရားရေးရာဘက်မှာ ဘာပန်းတိုင်တွေရှိသလဲလို့ လေ့ကျင့်မှုခံယူနေသူကို မေးပါ။ ဘာပန်းတိုင်မှ မရှိဘူးဆိုရင် လက်လှမ်းမီနိုင်တဲ့ပန်းတိုင်တစ်ခု ချမှတ်နိုင်အောင် ကူညီပေးပါ။ သင်ချမှတ်ခဲ့တဲ့ပန်းတိုင်နဲ့ အဲဒီပန်းတိုင်ကို ပြည့်မီတဲ့အခါ ဘယ်လိုခံစားရတယ်ဆိုတဲ့အကြောင်း စိတ်အားထက်သန်စွာ ပြောပြပါ။ အဲဒီနည်းလမ်းဟာ ရိုးရိုးလေးဖြစ်ပေမဲ့ သိပ်ထိရောက်တယ်။ အာဖရိကမှာနေထိုင်တဲ့ ရှေ့ဆောင်နဲ့အကြီးအကဲဖြစ်သူ ညီအစ်ကိုဗစ်တာ အခုလိုပြောတယ်– “ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော့်ပန်းတိုင်တွေနဲ့ ပတ်သက်ပြီး အကြီးအကဲတစ်ယောက် မေးခွန်းတချို့ မေးခဲ့တယ်။ အဲဒီမေးခွန်းတွေက အမှုဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး အလေးအနက် စဉ်းစားဖို့ ကျွန်တော့်ကို ကူညီပေးခဲ့တယ်။” အသက်ငယ်ရွယ်သေးတဲ့၊ ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတဲ့ ညီအစ်ကိုတွေကိုတောင် လေ့ကျင့်ပေးဖို့ အရေးကြီးတယ်လို့ အတွေ့အကြုံရှိအကြီးအကဲတွေ ပြောတယ်။ သူတို့လုပ်ဆောင်နိုင်မယ့် တာဝန်တွေကို အသက်အရွယ်အလိုက် ပေးအပ်နိုင်တယ်။ ညီအစ်ကိုတွေဟာ ငယ်ရွယ်တုန်းမှာ လေ့ကျင့်ခံထားရတယ်ဆိုရင် အာရုံပျံ့လွင့်စရာများတဲ့ အသက်အရွယ်ရောက်လာချိန်မှာ ဘုရားရေးရာပန်းတိုင်တွေကိုပဲ ဆက်အာရုံစိုက်နိုင်ပါလိမ့်မယ်။—ဆာလံ ၇၁:၅၊ ၁၇ ကိုဖတ်ပါ။a

      ဧလိယက ယော်ဒန်မြစ်ကို သူ့ဝတ်ရုံနဲ့ရိုက်ပြီး နှစ်ခြမ်းခွဲလိုက်တာကို ဧလိရှဲ ကြည့်နေ

      ညီအစ်ကိုတစ်ယောက်ကို အလုပ်တာဝန်တစ်ခု ပေးအပ်တဲ့အခါ ဒီအလုပ်ကို လုပ်ဆောင်ဖို့ ဘာကြောင့် လိုအပ်တယ်ဆိုတာ ရှင်းပြပြီး သူ့ရဲ့ကြိုးစားလုပ်ဆောင်မှုကို ချီးမွမ်းပေးပါ (အပိုဒ် ၅-၈ ကိုကြည့်ပါ)

      ၆။ ယေရှုက တခြားသူတွေကို လေ့ကျင့်ရာမှာ ဘယ်အရေးကြီးနည်းလမ်းကို အသုံးပြုခဲ့သလဲ။

      ၆ ကိုယ်လေ့ကျင့်ပေးနေသူမှာ အမှုဆောင်လိုစိတ်ရှိလာအောင် ဘာလုပ်ရမယ်ဆိုတာကို ပြောရုံထက်မက ဘာကြောင့်လုပ်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုပါ ရှင်းပြရမယ်။ ကြီးမြတ်တဲ့ဆရာယေရှုဟာ ဟောပြောပါဆိုတဲ့ မိန့်မှာချက်ကို တမန်တော်တွေကို ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီမိန့်မှာချက်ကို မပေးခင် ဘာကြောင့် နာခံသင့်တယ်ဆိုတဲ့ အကြောင်းရင်းကို အရင်ရှင်းပြတယ်။ “ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အခွင့်အာဏာရှိသမျှကို ငါ့အား အပ်နှင်းထားပြီ။ ထို့ကြောင့် သွား၍ လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေ . . . ကြလော့” လို့ ယေရှုပြောတယ်။ (မ. ၂၈:၁၈၊ ၁၉) ယေရှုရဲ့ လေ့ကျင့်နည်းကို သင် ဘယ်လိုတုပနိုင်သလဲ။

      ၇၊ ၈။ (က) ဒီနေ့ခေတ်မှာ အကြီးအကဲတွေဟာ ယေရှုရဲ့ လေ့ကျင့်နည်းကို ဘယ်လိုတုပနိုင်သလဲ။ (ခ) ကိုယ်လေ့ကျင့်ပေးနေသူကို ချီးမွမ်းပေးဖို့ ဘာကြောင့် အရေးကြီးသလဲ။ (ဂ) တခြားသူတွေကို လေ့ကျင့်ရာမှာ ဘယ်အကြံပြုချက်တွေက အကြီးအကဲတွေကို ကူညီပေးနိုင်သလဲ။ (“တခြားသူတွေကို လေ့ကျင့်ပေးနိုင်ပုံ” လေးထောင့်ကွက်ကို ကြည့်ပါ။)

      ၇ သင်လည်း ညီအစ်ကိုတစ်ယောက်ကို အလုပ်တာဝန်တစ်ခု မပေးအပ်ခင် ဒီတာဝန်ကိုလုပ်ဆောင်ဖို့ ဘာကြောင့် အရေးကြီးတယ်ဆိုတာ ကျမ်းစာသုံးပြီး ရှင်းပြပါ။ ဒီနည်းအားဖြင့် စည်းမျဉ်းစည်းကမ်းတွေကိုသာ မဟုတ်ဘဲ ကျမ်းစာမူတွေကိုပါ ထည့်စဉ်းစားတတ်အောင် သူ့ကို သင်ကြားပေးနိုင်တယ်။ ဥပမာ၊ နိုင်ငံတော်ခန်းမရဲ့ အဝင်လမ်းတစ်လျှောက်ကို ဘေးကင်းသန့်ရှင်းအောင်ထားဖို့ ညီအစ်ကိုတစ်ယောက်ကို သင်တာဝန်ပေးတယ်ဆိုပါစို့။ တိတု ၂:၁၀ ကို ဖတ်ပြနိုင်တယ်။ ပြီးနောက် နိုင်ငံတော်ခန်းမကို ဘေးကင်းသန့်ရှင်းအောင် ထားခြင်းက “ဘုရားသခင်၏ သွန်သင်ခြင်းကို” ဘယ်လို “တန်ဆာဆင်” နိုင်တယ်ဆိုတာ ရှင်းပြပါ။ အဲဒီအပြင် သူ့လုပ်ဆောင်မှုကြောင့် အသင်းတော်မှာရှိတဲ့ အသက်ကြီးသူတွေ ဘယ်လိုအကျိုးရမယ်ဆိုတာ စဉ်းစားကြည့်ဖို့ ပြောနိုင်တယ်။ အဲဒီလိုစကားစမြည်ပြောဆိုပြီး လေ့ကျင့်ပေးခြင်းက စည်းမျဉ်းစည်းကမ်းတွေထက် လူတွေကို ပိုထည့်စဉ်းစားဖို့ သူ့ကို ကူညီပေးပါလိမ့်မယ်။ သူ့လုပ်ဆောင်မှုကနေ ညီအစ်ကိုညီအစ်မတွေ အကျိုးရရှိတာကို သူမြင်တဲ့အခါ ပျော်ရွှင်မှု ခံစားရပါလိမ့်မယ်။

      ၈ သင့်အကြံပြုချက်တွေကို လိုက်နာတဲ့အတွက် သူ့ကို ချီးမွမ်းပေးဖို့လည်း အရေးကြီးတယ်။ ဘာကြောင့်လဲ။ ရေက အပင်ကို ကြီးထွားသန်စွမ်းစေသလို ရိုးရိုးသားသား ချီးမွမ်းပေးခြင်းကလည်း လေ့ကျင့်မှုခံယူသူကို တိုးတက်စေနိုင်တယ်။—မဿဲ ၃:၁၇ နဲ့နှိုင်းယှဉ်ပါ။

      အခက်အခဲနောက်တစ်ခု

      ၉။ (က) ချမ်းသာတဲ့နိုင်ငံတချို့မှာ လူငယ်ညီအစ်ကိုတွေကို လေ့ကျင့်ပေးဖို့ အကြီးအကဲတွေ ဘယ်အခက်အခဲ ကြုံရနိုင်သလဲ။ (ခ) လူငယ်ညီအစ်ကိုတချို့ရဲ့ ဘဝမှာ ဘုရားအမှုဆောင်ခြင်းက ဘာကြောင့် ပထမဦးစားပေး မဖြစ်လာသလဲ။

      ၉ ချမ်းသာတဲ့နိုင်ငံမှာရှိတဲ့ အကြီးအကဲတွေဟာ အခက်အခဲနောက်တစ်ခု ကြုံတွေ့ရနိုင်တယ်။ အသက် ၂၀၊ ၃၀ ဝန်းကျင်ရှိတဲ့ နှစ်ခြင်းခံပြီးသားညီအစ်ကိုတွေကို အသင်းတော်မှာ တာဝန်တွေ ပိုထမ်းဆောင်ဖို့ အားပေးရခက်နေတာ ဖြစ်နိုင်တယ်။ အသင်းတော်မှာ လူငယ်ညီအစ်ကိုတချို့ တာဝန်တွေ ပိုမထမ်းဆောင်ရတဲ့ အကြောင်းရင်းတချို့ကို နိုင်ငံ ၂၀ လောက်က အတွေ့အကြုံရှိအကြီးအကဲတွေ ပြောပြတယ်။ လူငယ်ညီအစ်ကိုတွေကို ငယ်ငယ်ကတည်းက ဘုရားရေးရာပန်းတိုင်တွေ ချမှတ်ဖို့ မိဘတွေ အားမပေးကြဘူးလို့ အဲဒီအကြီးအကဲအများစု ပြောတယ်။ သူတို့က အသင်းတော်မှာ တာဝန်တွေ ပိုထမ်းဆောင်ချင်ပြန်တော့လည်း မိဘတွေက အဆင့်မြင့်ပညာရေး၊ အလုပ်အကိုင် စတဲ့လောကပန်းတိုင်တွေ ချမှတ်ဖို့ပဲ အားပေးတယ်။ ဒါကြောင့် သူတို့ဘဝမှာ ဘုရားအမှုဆောင်ခြင်းက ဘယ်တော့မှ ပထမဦးစားပေး မဖြစ်လာဘူး။—မ. ၁၀:၂၄။

      ၁၀၊ ၁၁။ (က) အကြီးအကဲတစ်ယောက်ဟာ ကိုယ်လေ့ကျင့်ပေးနေသူရဲ့ အတွေးအခေါ်ပြောင်းလဲဖို့ ဘယ်လိုတဖြည်းဖြည်းကူညီပေးနိုင်သလဲ။ (ခ) အကြီးအကဲဟာ ကိုယ်လေ့ကျင့်ပေးနေသူကို လှုံ့ဆော်ပေးဖို့ ဘယ်ကျမ်းချက်တွေကို သုံးနိုင်သလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)

      ၁၀ ညီအစ်ကိုတစ်ယောက်ဟာ အသင်းတော်မှာ တာဝန်တွေ ပိုထမ်းဆောင်ဖို့ စိတ်ဝင်စားပုံမရဘူး ဆိုပါစို့။ အဲဒီလိုအခါမျိုးမှာ သူ့အတွေးအခေါ်ကို ပြောင်းလဲနိုင်ဖို့ဆိုရင် တော်တော်စိတ်ရှည်ရမယ်။ ဒါပေမဲ့ ပြောင်းလဲနိုင်ပါတယ်။ ဥယျာဉ်မှူးတစ်ယောက်ဟာ အပင်ဖြောင့်ဖြောင့်တန်းတန်း ကြီးထွားလာစေဖို့ ပင်စည်ကို တဖြည်းဖြည်းတည့်မတ်ပေးတယ်။ အဲဒီလိုပဲ သင်လည်း အသင်းတော်မှာ တာဝန်တွေ ပိုထမ်းဆောင်ခြင်းနဲ့ပတ်သက်ပြီး သူ့အတွေးအခေါ်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာ သဘောပေါက်လာအောင် တဖြည်းဖြည်း ကူညီပေးနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။

      ၁၁ ကိုယ်လေ့ကျင့်ပေးနေသူနဲ့ မိတ်ဆွေဖြစ်အောင် အချိန်ယူပါ။ သူ့ကို အသင်းတော်မှာ လိုအပ်တယ်ဆိုတာ သိစေပါ။ အဲဒီနောက် ယေဟောဝါဆီ သူ့ရဲ့ဆက်ကပ်အပ်နှံမှုအကြောင်း တွေးတောနိုင်အောင် ကူညီပေးမယ့် ကျမ်းချက်တွေကို အချိန်ရရင်ရသလို သူနဲ့အတူထိုင်ပြီး ဆွေးနွေးပါ။ (ဒေ. ၅:၄; ဟေရှာ. ၆:၈; မ. ၆:၂၄၊ ၃၃; လု. ၉:၅၇-၆၂; ၁ ကော. ၁၅:၅၈; ၂ ကော. ၅:၁၅; ၁၃:၅) အဲဒီအပြင် သူ့စိတ်နှလုံးကိုထိမိစေဖို့ ဒီလိုမေးခွန်းတွေ မေးပါ– ‘ညီအစ်ကို့ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံတုန်းက ဘယ်ကတိပေးခဲ့သလဲ။ ညီအစ်ကိုနှစ်ခြင်းခံချိန်မှာ ယေဟောဝါ ဘယ်လိုခံစားခဲ့ရမယ်လို့ ထင်သလဲ။ (သု. ၂၇:၁၁) စာတန်ကော ဘယ်လိုခံစားခဲ့ရမလဲ။’ (၁ ပေ. ၅:၈) အဲဒီကျမ်းချက်တွေက သိပ်တန်ခိုးပါပြီး ကိုယ်လေ့ကျင့်ပေးသူရဲ့စိတ်နှလုံးကို ကိုင်လှုပ်နိုင်စွမ်းရှိတယ်။—ဟေဗြဲ ၄:၁၂ ကိုဖတ်ပါ။b

      လေ့ကျင့်မှုခံယူသူတို့၊ သစ္စာရှိကြောင်း တင်ပြပါ

      ၁၂၊ ၁၃။ (က) လေ့ကျင့်မှုခံယူသူတစ်ယောက်အနေနဲ့ ဘယ်သဘောထားကို ဧလိရှဲ တင်ပြခဲ့သလဲ။ (ခ) ဧလိရှဲရဲ့ သစ္စာသမာဓိကို ယေဟောဝါ ဘယ်လိုကောင်းချီးပေးခဲ့သလဲ။

      ၁၂ လူငယ်ညီအစ်ကိုတို့၊ သင်တို့ရဲ့အကူအညီကို အသင်းတော်မှာ သိပ်လိုအပ်တယ်။ ယေဟောဝါအတွက် အမှုဆောင်ရာမှာ ဘယ်သဘောထားရှိမယ်ဆိုရင် သင်တို့အောင်မြင်မှုရနိုင်မလဲ။ အဖြေကိုသိနိုင်ဖို့ ရှေးခေတ်က လေ့ကျင့်မှုခံယူခဲ့သူတစ်ယောက်ရဲ့ ဘဝဖြစ်ရပ်တချို့ကို သုံးသပ်ကြည့်ကြစို့။

      ၁၃ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၀၀၀ လောက်မှာ ပရောဖက်ဧလိယက လူငယ်ဧလိရှဲကို သူ့လက်ထောက်အဖြစ် ကူညီပေးဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဧလိရှဲ ချက်ချင်းလက်ခံလိုက်ပြီး ပရောဖက်ရဲ့ဝေယျာဝစ္စတွေကို သစ္စာရှိရှိလုပ်ပေးခဲ့တယ်။ (၄ ရာ. ၃:၁၁) ဧလိယက ဧလိရှဲကို ခြောက်နှစ်လောက် လေ့ကျင့်ပေးတယ်။ အစ္စရေးမှာ ဧလိယရဲ့အမှုဆောင်တာဝန် ပြီးဆုံးတော့မယ်။ ဒီအချိန်မှာ ဧလိယက သူ့နောက် မလိုက်တော့ဖို့ ဧလိရှဲကို ပြောတယ်။ ဒါပေမဲ့ ဧလိရှဲက ‘သခင့်ကို ကျွန်တော် ခွဲမသွားပါဘူး’ လို့ သုံးကြိမ်တိတိပြောတယ်။ အတတ်နိုင်ဆုံး ဆရာ့နားမှာနေဖို့ ဧလိရှဲ စိတ်ပိုင်းဖြတ်ထားတယ်။ ဧလိရှဲရဲ့သစ္စာသမာဓိကို ယေဟောဝါ ကောင်းချီးပေးခဲ့တယ်။ လေပွေအားဖြင့် ဧလိယ ခေါ်ဆောင်ခံရတာကို မြင်တွေ့ခွင့် ပေးခဲ့တယ်။—၄ ရာ. ၂:၁-၁၂၊ ကဘ။

      ၁၄။ (က) လေ့ကျင့်မှုခံယူနေသူတွေဟာ ဧလိရှဲကို ဘယ်လိုတုပနိုင်သလဲ။ (ခ) လေ့ကျင့်မှုခံယူသူဟာ သစ္စာရှိဖို့ ဘာကြောင့် သိပ်အရေးကြီးသလဲ။

      ၁၄ လေ့ကျင့်မှုခံယူသူတစ်ယောက်အနေနဲ့ ဧလိရှဲကို သင်ဘယ်လိုတုပနိုင်သလဲ။ ပါချည်ပါချဲ့ အလုပ်ဖြစ်နေရင်တောင် ကိုယ်ရတဲ့တာဝန်မှန်သမျှကို ချက်ချင်းလက်ခံပါ။ သင့်ကိုလေ့ကျင့်ပေးသူဟာ သင့်မိတ်ဆွေဖြစ်တယ်ဆိုတာ သတိရပါ။ သင့်အတွက် သူလုပ်ဆောင်ပေးနေတာတွေကို တန်ဖိုးထားလေးမြတ်တယ်ဆိုတာ သူ့ကိုပြောပြပါ။ သူ့ဆီကနေ ဆက်သင်ယူချင်စိတ်ရှိတယ်ဆိုတာ ပြသပါ။ အရေးကြီးဆုံးကတော့ သင့်တာဝန်ကို သစ္စာရှိရှိထမ်းဆောင်ပါ။ ဘာကြောင့်လဲ။ သင်ဟာ သစ္စာရှိသူ၊ ယုံကြည်အားထားရသူဖြစ်တယ်ဆိုတာ ဖော်ပြမှသာ ယေဟောဝါက သင့်ကို အသင်းတော်မှာ ထပ်ဆင့်တာဝန်တွေ ပေးချင်နေတယ်ဆိုတာကို အကြီးအကဲတွေ ယုံကြည်စိတ်ချနိုင်မှာဖြစ်တယ်။—ဆာ. ၁၀၁:၆; ၂ တိမောသေ ၂:၂ ကိုဖတ်ပါ။

      အတွေ့အကြုံရှိအကြီးအကဲတွေကို ရိုသေလေးစားပါ

      ၁၅၊ ၁၆။ (က) ဧလိရှဲဟာ ဆရာကို ရိုသေလေးစားကြောင်း ဘယ်နည်းတွေနဲ့ ဖော်ပြခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) တခြားပရောဖက်တွေက ဧလိရှဲကို ဘာကြောင့် ယုံကြည်စိတ်ချလာသလဲ။

      ၁၅ ဧလိရှဲရဲ့မှတ်တမ်းက ဒီနေ့ခေတ်မှာ အတွေ့အကြုံရှိအကြီးအကဲတွေကို ညီအစ်ကိုတွေ ရိုသေလေးစားဖို့ အရေးကြီးတယ်ဆိုတာကိုလည်း ဖော်ပြတယ်။ ဧလိယနဲ့ ဧလိရှဲဟာ ယေရိခေါမြို့မှာရှိတဲ့ ပရောဖက်တစ်စုနဲ့ တွေ့ပြီးနောက် ယော်ဒန်မြစ်နား ရောက်လာတယ်။ အဲဒီနောက် ‘ဧလိယက ပရောဖက်ဝတ်ရုံကို ချွတ်၊ လိပ်လိုက်ပြီးနောက် ရေကိုရိုက်တဲ့အခါ ရေနှစ်ခြမ်းကွဲသွားတယ်။’ နှစ်ယောက်သား ခြောက်သွေ့တဲ့ ယော်ဒန်မြစ်ကြမ်းပြင်ကိုဖြတ်ပြီး ‘စကားတပြောပြောနဲ့ ဆက်လျှောက်လာ’ တယ်။ ဧလိရှဲဟာ သူ့ဆရာပြောသမျှကို ဂရုတစိုက်နားထောင်ပြီး ဆက်သင်ယူနေတုန်းပဲ။ အားလုံးတတ်သွားပြီလို့ ဘယ်တော့မှ မယူဆခဲ့ဘူး။ အဲဒီနောက် လေပွေအားဖြင့် ဧလိယ ခေါ်ဆောင်ခံရတယ်။ ဧလိရှဲလည်း ယော်ဒန်မြစ်နား ပြန်လျှောက်လာတယ်။ ဧလိယရဲ့ဝတ်ရုံနဲ့ ရေကိုရိုက်ပြီး ‘ဧလိယရဲ့ဘုရား ယေဟောဝါ ဘယ်မှာလဲ’ လို့ပြောတဲ့အခါ ရေနှစ်ခြမ်းကွဲသွားတယ်။—၄ ရာ. ၂:၈-၁၄၊ ကဘ။

      ၁၆ ဧလိရှဲရဲ့ ဦးဆုံးအံ့ဖွယ်အမှုဟာ ဧလိယရဲ့ နောက်ဆုံးအံ့ဖွယ်အမှုနဲ့ တစ်ထပ်တည်းတူနေတာ သတိပြုမိပါသလား။ ဒီအချက်က ဘာကို သင်ပေးသလဲ။ အခုအချိန်မှာ ကိုယ်က ဆရာဖြစ်သွားပြီဆိုတော့ ဧလိယလုပ်ခဲ့တာတွေကို ပြောင်းပစ်ရမယ်ဆိုတဲ့ အတွေးမျိုး ဧလိရှဲမှာ မရှိခဲ့ဘူး။ အဲဒီအစား ဧလိယရဲ့ လုပ်ပုံကိုင်ပုံတွေကို အတုခိုးခဲ့တယ်။ ဒီနည်းအားဖြင့် ဧလိယကို ရိုသေလေးစားကြောင်း ဖော်ပြခဲ့တယ်။ ဒီလုပ်ရပ်ကြောင့် တခြားပရောဖက်တွေလည်း ဧလိရှဲကို ယုံကြည်စိတ်ချလာတယ်။ (၄ ရာ. ၂:၁၅) ဧလိရှဲဟာ ပရောဖက်အဖြစ် နှစ်ပေါင်း ၆၀ အမှုဆောင်ခဲ့တယ်။ ဧလိယထက် အံ့ဖွယ်အမှုတွေ ပိုလုပ်ဆောင်နိုင်တဲ့တန်ခိုးကို ယေဟောဝါ ပေးခဲ့တယ်။ ဒီမှတ်တမ်းကနေ ဒီနေ့ခေတ် လေ့ကျင့်မှုခံယူသူတွေ ဘာသင်ယူနိုင်သလဲ။

      ၁၇။ (က) ဒီနေ့ခေတ် လေ့ကျင့်မှုခံယူသူတွေဟာ ဧလိရှဲရဲ့သဘောထားကို ဘယ်လိုတုပနိုင်သလဲ။ (ခ) ယေဟောဝါက အချိန်တန်တဲ့အခါ သစ္စာရှိရှိ လေ့ကျင့်မှုခံယူသူတွေကို ဘယ်လိုအသုံးပြုမလဲ။

      ၁၇ သင်ဟာ အသင်းတော်မှာ ထပ်ဆင့်တာဝန်တွေ ရလာတဲ့အခါ တခြားသူတွေ အရင်ကလုပ်ခဲ့တဲ့ နည်းလမ်းတွေကို လုံးဝပြောင်းလဲပစ်ရမယ်လို့ မယူဆပါနဲ့။ အသင်းတော်ရဲ့ လိုအပ်မှုကြောင့်သာ ဒါမှမဟုတ် ယေဟောဝါရဲ့ အဖွဲ့အစည်းကလာတဲ့ လမ်းညွှန်ချက်ကြောင့်သာ အပြောင်းအလဲတွေ လုပ်ဆောင်ရမယ်ဆိုတာ သတိရပါ။ ကိုယ့်သဘောနဲ့ကိုယ် ပြောင်းလဲချင်သလို ပြောင်းလဲလိုက်တာမျိုး မဖြစ်သင့်ဘူး။ ဧလိရှဲဟာ ဧလိယရဲ့နည်းလမ်းတွေအတိုင်း ဆက်လုပ်ဆောင်ခြင်းအားဖြင့် တခြားပရောဖက်တွေရဲ့ ယုံကြည်စိတ်ချမှုကို ရရှိခဲ့ပြီး ဆရာကို ရိုသေလေးစားကြောင်း ဖော်ပြခဲ့တယ်။ အဲဒီလိုပဲ သင်လည်း သင့်ကိုလေ့ကျင့်ပေးသူတွေ သုံးခဲ့တဲ့ ကျမ်းစာအခြေပြုနည်းလမ်းတွေကို ဆက်အသုံးပြုခြင်းအားဖြင့် ညီအစ်ကိုညီအစ်မတွေရဲ့ ယုံကြည်စိတ်ချမှုကို ရရှိနိုင်ပြီး အတွေ့အကြုံရှိအကြီးအကဲတွေကို ရိုသေလေးစားကြောင်း ဖော်ပြနိုင်တယ်။ (၁ ကောရိန္သု ၄:၁၇ ကိုဖတ်ပါ။) သင်ဟာ အတွေ့အကြုံရလာတာနဲ့အမျှ အမြဲတိုးတက်နေတဲ့ ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ တစ်ပြေးညီလိုက်နိုင်အောင် အသင်းတော်ကို ကူညီပေးဖို့ အပြောင်းအလဲတွေ လုပ်ဆောင်လာနိုင်ပါလိမ့်မယ်။ ယေဟောဝါက ဧလိရှဲကို ကူညီပေးခဲ့သလို သင့်ကိုလည်း အချိန်တန်တဲ့အခါ သင့်ကိုလေ့ကျင့်ပေးသူတွေထက် ပိုကြီးမြတ်တဲ့အလုပ်တွေ လုပ်ဆောင်နိုင်အောင် ကူညီပေးပါလိမ့်မယ်။—ယော. ၁၄:၁၂။

      ၁၈။ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုတွေကို လေ့ကျင့်ပေးဖို့ ဘာကြောင့် အရေးတကြီးလိုအပ်နေသလဲ။

      ၁၈ ဒီဆောင်းပါးနဲ့ ရှေ့ဆောင်းပါးမှာပါတဲ့ အကြံပြုချက်တွေက ညီအစ်ကိုတွေကို အချိန်ယူလေ့ကျင့်ပေးဖို့ အကြီးအကဲတွေကို လှုံ့ဆော်ပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ညီအစ်ကိုတွေလည်း လိုလိုလားလား လေ့ကျင့်မှုခံယူပြီး သင်ယူသိရှိလာတာတွေကို ယေဟောဝါရဲ့ လူမျိုးအကျိုးအတွက် အသုံးပြုနိုင်ပါစေလို့ ဆုတောင်းပါတယ်။ အဲဒီလိုလုပ်ဆောင်ခြင်းက တစ်ကမ္ဘာလုံးမှာရှိတဲ့ အသင်းတော်တွေကို ခိုင်ခံ့စေပါလိမ့်မယ်။ အဲဒီအပြင် လာမယ့်စိတ်လှုပ်ရှားစရာအချိန်အတွင်း သစ္စာရှိနေနိုင်အောင်လည်း ကျွန်တော်တို့ယောက်တိုင်းကို ကူညီပေးပါလိမ့်မယ်။

      a လူငယ်ညီအစ်ကိုတစ်ယောက်ဟာ အသင်းတော်မှာအမှုဆောင်ဖို့ လိုအပ်တဲ့ ရင့်ကျက်မှု၊ နှိမ့်ချမှုနဲ့ တခြားအရည်အသွေးတွေကို တင်ပြနေတယ်ဆိုရင် အသက် ၂၀ မပြည့်သေးရင်တောင် သူ့ကို ဓမ္မအမှုထမ်းအဖြစ် ခန့်အပ်ဖို့ အကြီးအကဲတွေ ထောက်ခံနိုင်တယ်။—၁ တိ. ၃:၈-၁၀၊ ၁၂; ၁၉၉၀၊ ဇူလိုင် ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၄ ကိုကြည့်ပါ။

      b ၂၀၁၂၊ ဧပြီ ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၄-၁၆၊ အပိုဒ် ၈-၁၃ နဲ့ “ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့” စာအုပ်၊ အခန်း ၁၆၊ အပိုဒ် ၁-၃ မှာပါတဲ့ အချက်တွေကို ဆွေးနွေးနိုင်ပါတယ်။

      တခြားသူတွေကို လေ့ကျင့်ပေးနိုင်ပုံ

      တခြားသူတွေကို လေ့ကျင့်ပေးရာမှာ အောင်မြင်နေတဲ့အကြီးအကဲတွေ အခုလိုအကြံပြုတယ်-

      1. ၁။ အပြောအဆိုမှာရော အပြုအမူမှာပါ စံနမူနာကောင်း တင်ပြပါ။

      2. ၂။ တစ်နှစ်အတွင်း ကျမ်းစာတစ်အုပ်လုံးကို ဖတ်ရှုခြင်းအားဖြင့် ယေဟောဝါနဲ့ ဆက်ဆံရေးခိုင်မြဲလာအောင် လုပ်ဆောင်ဖို့ လေ့ကျင့်မှုခံယူနေသူကို အားပေးပါ။

      3. ၃။ အမှုဆောင်လုပ်ငန်းမှာ အတူပါဝင်ပါ။ (မျက်နှာဖုံးရုပ်ပုံကို ကြည့်ပါ။)

      4. ၄။ ညီအစ်ကိုတွေကို အကျိုးပြုတဲ့ လယ်ကွင်းလုပ်ငန်းစုဆုံမှုတွေ ကိုင်တွယ်နိုင်အောင် သင်ကြားပေးပါ။

      5. ၅။ သင် လူထုဟောပြောချက်ပေးတဲ့အခါ သူ့ကို အောက်လိုင်း ပေးထားပါ။ ဒါမှအကြောင်းအရာကို ဘယ်လို အဆင့်ဆင့် တင်ဆက်တယ်ဆိုတာ သူ လိုက်ကြည့်နိုင်မယ်။

      6. ၆။ မိသားစုဝတ်ပြုမှုလုပ်တဲ့အခါ သူနဲ့သူ့မိသားစုကို မကြာခဏ ခေါ်ဖိတ်ပါ။

      7. ၇။ သက်သေခံသိပ်မရှိတဲ့ ဒါမှမဟုတ် လုံးဝမရှိတဲ့ ဒေသတွေမှာ သင်၊ သင့်မိသားစုနဲ့အတူ ဟောပြောဖို့ သူနဲ့သူ့မိသားစုကို ဖိတ်ခေါ်ပါ။c

      c အာဖရိက၊ အမေရိက၊ အာရှ၊ ဩစတြေးလျနဲ့ ဥရောပမှာရှိတဲ့ အကြီးအကဲတွေက ဒီအကြံပြုချက်တွေကို ကြိုးစားလုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ကြတယ်။

      စကားလုံးတချို့ရဲ့ အဓိပ္ပာယ်

      • အတွေ့အကြုံရှိအကြီးအကဲတွေဟာ ဘုရားသခင့်လူမျိုးကို ဂရုစိုက်စောင့်ရှောက်ရာမှာ လိုအပ်တဲ့အရည်အသွေးတွေကို သင်ကြားပေးခြင်းအားဖြင့် ညီအစ်ကိုတွေကို လေ့ကျင့်ပေးတယ်

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ