ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တစ်ဖန်မွေးဖွားခံရခြင်း—ကယ်တင်ခြင်းသို့ ပို့ဆောင်ပေးသောလမ်းလော
    ကင်းမျှော်စင်—၂၀၀၉ | ဧပြီ ၁
    • တစ်ဖန်မွေးဖွားခံရခြင်း—ကယ်တင်ခြင်းသို့ ပို့ဆောင်ပေးသောလမ်းလော

      “ခင်ဗျားက တစ်ဖန်မွေးဖွားခြင်းခံရသူလား” ဟူ၍အမေးခံရလျှင် သင်မည်သို့ဖြေဆိုမည်နည်း။ ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသောခရစ်ယာန်များက “ဟုတ်တယ်” ဟုအခိုင်အမာဖြေဆိုပေမည်။ တစ်ဖန်မွေးဖွားခြင်းသည် ခရစ်ယာန်စစ်အားလုံး၏အမှတ်လက္ခဏာဖြစ်ပြီး ကယ်တင်ခြင်းသို့ပို့ဆောင်ပေးသည့် တစ်ခုတည်းသောလမ်းဖြစ်သည်ဟု သူတို့ယုံကြည်သည်။ “တစ်ဖန်မွေးဖွားခြင်းမခံရရင် . . . ခရစ်ယာန်တစ်ဦးမဟုတ်ဘူး” ဟုရေးခဲ့သည့် ကျမ်းပညာရှင် ရောဘတ်စီစပါရော ကဲ့သို့သော ဘာသာရေးခေါင်းဆောင်များ၏ရှုမြင်ချက်ကို သူတို့ထောက်ခံနေခြင်းဖြစ်၏။

      တစ်ဖန်မွေးဖွားခံရခြင်းသည် ကယ်တင်ခြင်းလမ်းပေါ်သို့ ပို့ဆောင်ပေးသည်ဟုယုံကြည်သူများတွင် သင်ပါဝင်သလော။ သို့ဆိုလျှင် ဆွေမျိုးနှင့်မိတ်ဆွေများအား ထိုလမ်းကိုသိရှိ၍ စတင်လျှောက်လှမ်းရန် သင်ကူညီပေးလိုမည်မှာ သေချာသည်။ သို့သော် ထိုသို့လုပ်ဆောင်နိုင်ရန် တစ်ဖန်မွေးဖွားခြင်းခံရသူနှင့် တစ်ဖန်မွေးဖွားခြင်းမခံရသူတို့၏ ကွာခြားချက်ကို သူတို့သိဖို့လိုသည်။ တစ်ဖန်မွေးဖွားခြင်းဟူသည် အဘယ်အရာကိုဆိုလိုကြောင်း သူတို့ကို သင်မည်သို့ရှင်းပြမည်နည်း။

      “တစ်ဖန်မွေးဖွားခြင်း” ဟူသောစကားလုံးသည် ဘုရားသခင်နှင့်ခရစ်တော်ကိုဝတ်ပြုမည်ဟု အလေးအနက်ကတိပြုပြီး ဝတ်ပြုရေးတွင် သေနေသည့်အဖြစ်မှ အသက်ပြန်ရှင်သည့်အဖြစ်သို့ ပြောင်းလဲလာသူတစ်ဦးကို ရည်ညွှန်းကြောင်း လူများစွာယုံကြည်သည်။ တစ်ဖန်မွေးဖွားခြင်းခံရသူဆိုသည်မှာ “အထူးသဖြင့် ဘာသာရေးနှင့်ဆိုင်သော စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်တစ်ခု တွေ့ကြုံပြီးနောက် အသစ်တစ်ဖန်ကိုင်းရှိုင်းယုံကြည်လာသော သို့မဟုတ် အခိုင်အမာသက်ဝင်ယုံကြည်လာသော ခရစ်ယာန်တစ်ဦးဖြစ်၏” ဟုလက်ရှိအဘိဓာန်တစ်အုပ်က အနက်ဖွင့်ဆိုသည်။

      ထိုအနက်ဖွင့်ဆိုချက်ကို ကျမ်းစာက မထောက်ခံကြောင်း သိရလျှင် သင်အံ့အားသင့်မည်လော။ တစ်ဖန်မွေးဖွားခံရခြင်းနှင့်ပတ်သက်၍ ကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်အရာဖြစ်သည်ကို သင်သိလိုသလော။ တစ်ဖန်မွေးဖွားခြင်းဟူသည် အဘယ်အရာကိုဆိုလိုကြောင်း သေချာစွာလေ့လာခြင်းဖြင့် အမှန်အကျိုးကျေးဇူးခံစားရလိမ့်မည်၊ အကြောင်းမှာ ယင်းကိုတိကျမှန်ကန်စွာသိထားခြင်းက သင့်အသက်တာနှင့် အနာဂတ်မျှော်လင့်ချက်များအပေါ် ဩဇာသက်ရောက်နိုင်သောကြောင့်တည်း။

      သမ္မာကျမ်းစာသွန်သင်ရာမှာ အဘယ်နည်း

      “တစ်ဖန်မွေးဖွားခြင်း” ဟူသောစကားလုံးကို ကျမ်းစာထဲမှ ယောဟန် ၃:၁-၁၂ တွင် တွေ့ရှိနိုင်သည်၊ ထိုတွင် ဂျေရုဆလင်မြို့၌ ယေရှုနှင့်ဘာသာရေးခေါင်းဆောင်တစ်ဦး၏ စိတ်ဝင်စားဖွယ်စကားပြောဆိုခန်းကို ဖော်ပြထားသည်။ ပူးတွဲပါလေးထောင့်ကွက်တွင် ထိုကျမ်းမှတ်တမ်းကို ကိုးကားထားကြောင်း သင်တွေ့ရှိရပေမည်။ ယင်းကို သေချာစွာဖတ်ရှုရန် ကျွန်ုပ်တို့ အားပေးပါသည်။

      ထိုမှတ်တမ်းတွင် ယေရှုသည် “တစ်ဖန်မွေးဖွားခြင်း” ၏ကဏ္ဍများစွာကို အလေးပေးပြောဆိုခဲ့သည်။a အမှန်မှာ ယေရှု၏ဆွေးနွေးခန်းက အောက်ပါအရေးကြီးမေးခွန်းငါးခု၏အဖြေကို သိရှိရန် ကူညီပေးသည်–

      ◼ တစ်ဖန်မွေးဖွားခြင်းသည် မည်မျှအရေးကြီးသနည်း။

      ◼ တစ်ဖန်မွေးဖွားခြင်းခံရရန် ကိုယ်တိုင်ဆုံးဖြတ်နိုင်သလော။

      ◼ ယင်း၏ရည်ရွယ်ချက်ကား အဘယ်နည်း။

      ◼ လူတစ်ဦးသည် မည်သည့်နည်းများဖြင့် တစ်ဖန် မွေးဖွားခြင်းခံရသနည်း။

      ◼ ယင်းသည် အဘယ်ဆက်ဆံရေးအပြောင်းအလဲကို ဖြစ်ပေါ်စေသနည်း။

      ထိုမေးခွန်းတစ်ခုစီကို သုံးသပ်ကြည့်ကြစို့။

      [အောက်ခြေမှတ်ချက်]

      a ‘တစ်ဖန်မွေးဖွားခြင်း’ ဟူသောစကားလုံးကို ၁ ပေတရု ၁:၃၊ ၂၃ တွင်လည်း တွေ့ ရှိနိုင်သည်။ ထိုစကားလုံးသည် ဂရိကြိယာယန်နာအိုမှ ဆင်းသက်လာသည်။

      [စာမျက်နှာ ၄ ပါ လေးထောင့်ကွက်နှင့် ရုပ်ပုံ]

      “သင်တို့သည် တစ်ဖန်မွေးဖွားခြင်းကိုခံရမည်”

      “ဂျူးလူမျိုးတွင် လူကြီးတစ်ဦးဖြစ်သော နိကောဒင်ဆိုသူ ဖာရိရှဲတစ်ဦးရှိ၏။ သူသည် ညအခါ ယေရှုထံ လာ၍ ‘ရဗ္ဗိ၊ ကိုယ်တော်သည် ဘုရားသခင်ထံတော်မှ ကြွလာတော်မူသော ဆရာဖြစ်ကြောင်းကို ကျွန်ုပ်တို့သိပါ၏။ အကြောင်းမူကား ဘုရားသခင်ပါရှိတော်မမူလျှင် ကိုယ်တော်ပြသောနိမိတ်လက္ခဏာများကို မည်သူမျှ မပြနိုင်ပါ’ ဟုဆိုသော် ယေရှုက ‘ငါအမှန်အကန်ဆိုသည်ကား၊ မည်သူမဆို တစ်ဖန်မွေးဖွားခြင်းကို မခံလျှင် ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရ’ ဟုဖြေဆိုလေ၏။ နိကောဒင်ကလည်း ‘အသက်ကြီးသောသူသည် မွေးဖွားခြင်းကို မည်သို့ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့ ပြန်ဝင်ပြီးလျှင် ဒုတိယအကြိမ်မွေးဖွားခြင်းကို ခံနိုင်ပါမည်လော’ ဟုလျှောက်၏။ ယေရှုက ‘ငါအမှန်အကန်ဆိုသည်ကား ရေဖြင့်လည်းကောင်း၊ စွမ်းအားတော်ဖြင့်လည်းကောင်း မွေးဖွားခြင်းကိုမခံလျှင် မည်သူမျှ ဘုရားသခင့်နိုင်ငံတော်သို့ မဝင်ရ။ အသွေးအသားအားဖြင့် မွေးဖွားသောအရာသည် အသွေးအသားနှင့်ဆိုင်၏။ ဘုရားသခင်၏စွမ်းအားတော်ဖြင့် မွေးဖွားသောအရာသည် ကောင်းကင်နှင့်ဆိုင်၏။ သင်တို့သည် တစ်ဖန်မွေးဖွားခြင်းကိုခံရမည်ဟု ငါပြောသည့်အတွက် အံ့သြခြင်းမရှိနှင့်။ လေသည် တိုက်လိုရာသို့ တိုက်တတ်၏။ လေ၏အသံကို ကြားရသော်လည်း အဘယ်အရပ်က တိုက်လာသည်၊ အဘယ်အရပ်သို့ တိုက်လိမ့်မည်ကို သင်မသိ။ စွမ်းအားတော်ဖြင့် မွေးဖွားသူတိုင်းသည်လည်း ထိုနည်းတူပင်ဖြစ်၏’ ဟုဖြေကြားတော်မူ၏။ နိကောဒင်ကလည်း ‘ဤအမှုအရာများသည် မည်သို့ဖြစ်နိုင်ပါမည်နည်း’ ဟုမေးလျှောက်ပြန်လျှင် ယေရှု ဤသို့မိန့်တော်မူ၏။ ‘သင်သည် အစ္စရေးလူတို့တွင် ဆရာဖြစ်လျက်ပင် ဤအမှုအရာကို မသိသလော။ ငါအမှန်အကန်ဆိုသည်ကား၊ ငါတို့သည် ကိုယ်သိသောအရာကို ပြောကြ၏။ ကိုယ်မြင်သောအရာကို သက်သေခံကြ၏။ သို့သော်လည်း ငါတို့၏သက်သေခံချက်ကို သင်တို့သည် မခံယူကြ။ မြေကြီးနှင့်ဆိုင်သောအရာများကို ငါပြောသောအခါ သင်တို့မယုံလျှင် ကောင်းကင်နှင့်ဆိုင်သောအရာများကို ငါပြောသောအခါ မည်သို့ယုံကြလိမ့်မည်နည်း။’”—ယောဟန် ၃:၁-၁၂။

  • တစ်ဖန်မွေးဖွားခြင်း—မည်မျှအရေးကြီးသနည်း
    ကင်းမျှော်စင်—၂၀၀၉ | ဧပြီ ၁
    • တစ်ဖန်မွေးဖွားခြင်း—မည်မျှအရေးကြီးသနည်း

      နိကောဒင်နှင့်စကားပြောဆိုစဉ်တစ်လျှောက်လုံးတွင် တစ်ဖန်မွေးဖွားခံရခြင်းသည် အလွန်အရေးကြီးကြောင်း ယေရှုအလေးပေးပြောဆိုခဲ့သည်။ ယင်းကို ကိုယ်တော် မည်သို့ရှင်းလင်းပြောဆိုခဲ့သနည်း။

      နိကောဒင်နှင့်ဆွေးနွေးစဉ် တစ်ဖန်မွေးဖွားခြင်း၏အရေးကြီးမှုကို ယေရှု မည်သို့အလေးပေးပြောဆိုခဲ့ကြောင်း သတိပြုပါ။ “မည်သူမဆို တစ်ဖန်မွေးဖွားခြင်းကို မခံလျှင် ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရ” ဟုကိုယ်တော်မိန့်ဆိုသည်။ (ယောဟန် ၃:၃) “မခံလျှင်” နှင့် “မမြင်ရ” ဟူသောစကားလုံးများသည် တစ်ဖန်မွေးဖွားခြင်း၏ မရှိမဖြစ်လိုအပ်မှုကို ပေါ်လွင်စေ၏။ ဥပမာ၊ “နေမထွက်လျှင် အလင်းရောင်မရနိုင်” ဟူ၍လူတစ်ဦးပြောဆိုပါက အလင်းရနိုင်ရန် နေရောင်သည် မရှိမဖြစ်လိုအပ်ကြောင်း ဆိုလိုနေခြင်းဖြစ်သည်။ အလားတူ၊ ဘုရားသခင်၏နိုင်ငံတော်ကို မြင်ရရန် တစ်ဖန်မွေးဖွားခံရခြင်းသည် မရှိမဖြစ်လိုအပ်ကြောင်း ယေရှုဖော်ပြခဲ့သည်။

      ထိုအကြောင်းနှင့်ပတ်သက်၍ ကြာမြင့်စွာကပင်ရှိခဲ့သော သံသယမှန်သမျှကို ဖယ်ရှားလိုက်သည့်အလား ယေရှုက “သင်တို့သည် တစ်ဖန်မွေးဖွားခြင်းကိုခံရမည်” ဟုဆို၏။ (ယောဟန် ၃:၇) ယေရှု၏စကားအရ ‘ဘုရားသခင့်နိုင်ငံတော်သို့ ဝင်’ နိုင်ရန် တစ်ဖန်မွေးဖွားခံရဖို့ မရှိမဖြစ်လိုအပ်သည်မှာ ရှင်းနေပါသည်။—ယောဟန် ၃:၅။

      ယေရှုသည် တစ်ဖန်မွေးဖွားခြင်းကို အလွန်အရေးကြီးသောကိစ္စအဖြစ် ရှုမြင်သောကြောင့် ခရစ်ယာန်များလည်း ယင်းကို တိကျမှန်ကန်စွာနားလည်ထားမထား သေချာစွာဆန်းစစ်သင့်သည်။ ဥပမာ၊ ခရစ်ယာန်တစ်ဦးသည် တစ်ဖန်မွေးဖွားခြင်းခံရရန် ကိုယ်တိုင် ရွေးချယ်နိုင်သည်ဟု သင်ထင်သလော။

      [စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

      “နေမထွက်လျှင် အလင်းရောင်မရနိုင်”

  • တစ်ဖန်မွေးဖွားခြင်း—ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ရပ်လော
    ကင်းမျှော်စင်—၂၀၀၉ | ဧပြီ ၁
    • တစ်ဖန်မွေးဖွားခြင်း—ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ရပ်လော

      မည်သူသည် တစ်ဖန်မွေးဖွားခြင်းကို ဖြစ်ပေါ်စေသနည်း။ တရားဟောဆရာအချို့သည် ၎င်းတို့၏ပရိသတ်ကို တစ်ဖန်မွေးဖွားခြင်းခံရသော ခရစ်ယာန်များဖြစ်လာရန် တိုက်တွန်းသည့်အခါ “သင်တို့သည် တစ်ဖန်မွေးဖွားခြင်းကိုခံရမည်” ဟူသော ယေရှု၏စကားကို ကိုးကားကြသည်။ (ယောဟန် ၃:၇) အမှန်မှာ၊ ထိုတရားဟောဆရာများသည် “တစ်ဖန်မွေးဖွားခြင်းကိုခံကြ” ဟူ၍အမိန့်ပေးနေခြင်းဖြစ်၏။ ထို့ကြောင့် ယေရှု၏စကားကိုနာခံ၍ တစ်ဖန်မွေးဖွားခြင်းခံရဖို့ လိုအပ်ရာများကိုလုပ်ဆောင်မည်၊ မလုပ်ဆောင်မည်မှာ ယုံကြည်သူတစ်ဦးစီ၏ဆန္ဒသာဖြစ်သည်ဟု သူတို့ဟောပြောနေခြင်းဖြစ်၏။ ယင်းအဆိုအရ တစ်ဖန်မွေးဖွားခြင်းသည် ကိုယ်ပိုင်ရွေးချယ်ရမည့်ကိစ္စဖြစ်သည်။ သို့သော် ထိုရှုမြင်ချက်သည် နိကောဒင်ကို ယေရှုပြောဆိုခဲ့ရာနှင့် ကိုက်ညီပါသလော။

      ယေရှု၏စကားများကို သေချာစွာဖတ်ရှုပါက တစ်ဖန်မွေးဖွားခြင်းခံမည်၊ မခံမည်ဆိုသည်မှာ ကိုယ်ပိုင်ရွေးချယ်ဆုံးဖြတ်ရမည့်ကိစ္စဖြစ်သည်ဟု ကိုယ်တော်သွန်သင်နေခြင်းမဟုတ်ကြောင်း ဖော်ပြသည်။ အဘယ်ကြောင့် ထိုသို့ပြောနိုင်သနည်း။ “တစ်ဖန်မွေးဖွားခြင်းကိုခံရသည်” ဟုပြန်ဆိုသောဂရိစကားလုံးကို “အထက်အရပ်မှမွေးဖွားခြင်းကို ခံသင့်သည်” ဟူ၍လည်း ပြန်ဆိုနိုင်သည်။a ထိုပြန်ဆိုချက်အရ တစ်ဖန်မွေးဖွားခံရခြင်းသည် “အထက်အရပ်မှ၊” တစ်နည်းအားဖြင့် “အဖထံတော်မှ” အရင်းခံသည်။ (ယောဟန် ၁၉:၁၁; ယာကုပ် ၁:၁၇) မှန်ပါသည်၊ ယင်းကို ဘုရားသခင်ဖြစ်ပေါ်စေသည်။—၁ ယောဟန် ၃:၉။

      “အထက်အရပ်မှ” ဟူသော မူရင်းစကားလုံးကို ကျွန်ုပ်တို့စိတ်စွဲမှတ်ထားပါက လူတစ်ဦးသည် မိမိကိုယ်ကို တစ်ဖန်မွေးဖွားစေ၍မရနိုင်ကြောင်း နားလည်ဖို့ မခက်ပေ။ သင်၏ပကတိမွေးဖွားခြင်းကို စဉ်းစားကြည့်ပါ။ သင့်စိတ်ကြိုက်ရွေးချယ်မှုကြောင့် သင်မွေးဖွားလာခဲ့ခြင်းလော။ လုံးဝမဟုတ်ပါ။ သင့်ဖခင်က သင့်ကိုဖြစ်ဖွားစေသောကြောင့် သင်မွေးဖွားလာရခြင်းဖြစ်၏။ အလားတူ၊ ကောင်းကင်ဘုံ၌ရှိသော အဖဘုရားသခင်က ကျွန်ုပ်တို့ကိုဖြစ်ဖွားစေမှသာ ကျွန်ုပ်တို့သည် တစ်ဖန်မွေးဖွားခြင်းခံရနိုင်သည်။ (ယောဟန် ၁:၁၃) ထို့ကြောင့် တမန်တော်ပေတရုက ‘ငါတို့သခင် ယေရှုခရစ်၏ခမည်းတော် ဘုရားသခင်အပေါ် ကောင်းချီးသက်ရောက်ပါစေ။ ကိုယ်တော်သည် . . . ငါတို့အား တစ်ဖန်မွေးဖွားစေတော်မူ၏’ ဟူ၍ မှန်ကန်စွာမိန့်ဆိုခဲ့သည်။—၁ ပေတရု ၁:၃။

      ယင်းသည် အမိန့်ပေးချက်တစ်ရပ်လော

      ‘တစ်ဖန်မွေးဖွားခြင်းခံရရန် မည်သူမျှ ကိုယ်တိုင်မဆုံးဖြတ်နိုင်သည်မှာမှန်လျှင် “သင်တို့သည် တစ်ဖန်မွေးဖွားခြင်းကိုခံရမည်” ဟူ၍ ယေရှု အဘယ်ကြောင့်အမိန့်ပေးသနည်း’ ဟုအချို့စဉ်းစားမိပေမည်။ ထိုသို့ မေးသင့်မေးထိုက်ပါသည်။ ယေရှု၏စကားများသည် အမှန်ပင် အမိန့်ပေးချက်ဖြစ်ပါက ကျွန်ုပ်တို့မတတ်နိုင်ရာကို လုပ်ဆောင်ရန် ကိုယ်တော်မိန့်မှာနေခြင်းဖြစ်ပေမည်။ ယင်းသည် ယုတ္တိမရှိပေ။ သို့ဆိုလျှင် သင်တို့သည် “တစ်ဖန်မွေးဖွားခြင်းကို” ခံရမည်ဟူသောစကားများကို မည်သို့နားလည်သင့်သနည်း။

      မူရင်းဘာသာစကား၏ထိုစကားစုကို သေချာစွာလေ့လာပါက အမိန့်ပေးသံ သို့မဟုတ် အမိန့်ပေးသည့်ပုံစံဖြင့်မဟုတ်ဘဲ ဖော်ပြချက်တစ်ရပ်အဖြစ် ပြန်ဆိုထားကြောင်း သိနိုင်သည်။ တစ်နည်းအားဖြင့် သင်တို့သည် “တစ်ဖန်မွေးဖွားခြင်းကို” ခံရမည်ဟုယေရှုဆိုသောအခါ အမိန့်ပေးနေခြင်းမဟုတ်ဘဲ အကြောင်းအရာတစ်ခုကို ဖော်ပြနေခြင်းဖြစ်သည်။ ယန်း၏စာသားအတိုင်းပြန်ဆိုသော ခေတ်သုံးကျမ်းအရ “သင်တို့သည် အထက်အရပ်မှမွေးဖွားခြင်းခံဖို့လိုသည်” ဟုကိုယ်တော်မိန့်ဆို၏။—ယောဟန် ၃:၇။

      ယင်းသည် အမိန့်ပေးချက်လော သို့မဟုတ် ဖော်ပြချက်လောဆိုသည်ကိုသိနိုင်ရန် ပုံဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ စာသင်ကျောင်းများစွာရှိသော မြို့တစ်မြို့ကို မြင်ယောင်ကြည့်ပါ။ ကျောင်းတစ်ကျောင်းမှာ ထိုမြို့၏ရပ်ဝေးဒေသတွင်နေထိုင်သော တိုင်းရင်းသားတို့၏သားသမီးများအတွက် ဖွင့်လှစ်ထားသည့်ကျောင်းဖြစ်သည်။ တစ်နေ့၊ ထိုတိုင်းရင်းသားမဟုတ်သော လူငယ်တစ်ဦးက “ကျွန်တော် ဆရာ့ကျောင်းမှာ ကျောင်းအပ်ချင်တယ်” ဟုကျောင်းအုပ်ကြီးထံ ခွင့်တောင်းသည်။ ထိုအခါ ကျောင်းအုပ်ကြီးက “မင်း ဒီကျောင်းမှာ ကျောင်းအပ်ချင်ရင် တိုင်းရင်းသားတစ်ယောက်ဖြစ်ရမယ်” ဟုဆိုသည်။ အမှန်မှာ၊ ကျောင်းအုပ်ကြီး၏စကားများသည် အမိန့်ပေးချက်မဟုတ်ပေ။ “တိုင်းရင်းသားဖြစ်ပါ” ဟုထိုကျောင်းသားကို အမိန့်ပေးနေခြင်းမဟုတ်ပါ။ ထိုကျောင်းတွင်တက်ရောက်နိုင်ရန် လိုအပ်ချက်တစ်ရပ်ကို ထိုကျောင်းအုပ်ကြီးဖော်ပြနေခြင်းသာဖြစ်သည်။ အလားတူ၊ “သင်တို့သည် တစ်ဖန်မွေးဖွားခြင်းကိုခံရမည်” ဟုယေရှုဆိုသောအခါ ‘ဘုရားသခင့်နိုင်ငံတော်သို့ ဝင်’ နိုင်ရန် လိုအပ်ချက်တစ်ရပ်ကို ကိုယ်တော်ဖော်ပြနေခြင်းသာဖြစ်၏။

      ဘုရားသခင်၏နိုင်ငံတော်ဟူသောအချက်သည် တစ်ဖန်မွေးဖွားခြင်း၏နောက်ကဏ္ဍတစ်ရပ်နှင့် ဆက်နွှယ်နေသည်။ ယင်းသည် တစ်ဖန်မွေးဖွားခြင်း၏ရည်ရွယ်ချက်ကား အဘယ်နည်းဟူသောမေးခွန်းနှင့် သက်ဆိုင်သည်။ ထိုမေးခွန်း၏အဖြေကိုသိခြင်းသည် တစ်ဖန်မွေးဖွားခြင်း၏အဓိပ္ပာယ်ကို တိကျမှန်ကန်စွာသိရှိစေနိုင်သော သော့ချက်ပေတည်း။

      [အောက်ခြေမှတ်ချက်]

      a ဘာသာပြန်ကျမ်းအများစုသည် ယောဟန် ၃:၃ ကို ထိုသို့ပြန်ဆိုသည်။ ဥပမာ၊ စာသားအတိုင်းပြန်ဆိုထားသောကျမ်းစာတွင် “လူတစ်ဦးသည် အထက်အရပ်မှမွေးဖွားခြင်းကို မခံရလျှင် ဘုရားသခင်၏နိုင်ငံတော်ကို မမြင်နိုင်” ဟုဖော်ပြ၏။

      [စာမျက်နှာ ၆ ပါ ရုပ်ပုံ]

      တစ်ဖန်မွေးဖွားခြင်းနှင့် ပကတိမွေးဖွားခြင်းတွင် အဘယ်ဆင်တူချက်ရှိသနည်း

  • တစ်ဖန်မွေးဖွားခြင်း—ယင်း၏ရည်ရွယ်ချက်ကား အဘယ်နည်း
    ကင်းမျှော်စင်—၂၀၀၉ | ဧပြီ ၁
    • တစ်ဖန်မွေးဖွားခြင်း—ယင်း၏ရည်ရွယ်ချက်ကား အဘယ်နည်း

      လူတစ်ဦးသည် ထာဝရကယ်တင်ခြင်းရရှိရန် တစ်ဖန်မွေးဖွားခြင်းခံဖို့လိုသည်ဟု လူများစွာယုံကြည်ကြသည်။ သို့သော် တစ်ဖန်မွေးဖွားခြင်း၏ရည်ရွယ်ချက်အကြောင်း ယေရှု အဘယ်အရာပြောဆိုခဲ့သည်ကို သတိပြုပါ။ “မည်သူမဆို တစ်ဖန်မွေးဖွားခြင်းကို မခံလျှင် ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရ” ဟုကိုယ်တော်မိန့်ဆို၏။ (ယောဟန် ၃:၃) ထို့ကြောင့် လူတစ်ဦးသည် ကယ်တင်ခြင်းရရန်မဟုတ်ဘဲ ဘုရားသခင်၏နိုင်ငံတော်ထဲဝင်ခွင့်ရရန် တစ်ဖန်မွေးဖွားခြင်းခံဖို့လိုသည်။ ‘ဘုရားသခင်၏နိုင်ငံတော်ထဲဝင်ခြင်းနှင့် ကယ်တင်ခံရခြင်းဟူသော အသုံးအနှုန်းနှစ်ခုသည် ဆုလာဘ်တစ်ခုတည်းကို ရည်ညွှန်းနေသည်မဟုတ်ပေလော’ ဟုအချို့ဆိုပေမည်။ မဟုတ်ပါ။ ကွာခြားချက်ကိုနားလည်နိုင်ရန် “ဘုရားသခင်၏နိုင်ငံတော်” ဟူသောအသုံးအနှုန်းကို ဦးစွာဆန်းစစ်ကြည့်ကြစို့။

      ဘုရားသခင်၏နိုင်ငံတော်သည် အုပ်ချုပ်မှုပုံစံတစ်ခုဖြစ်၏။ ထို့ကြောင့် “ဘုရားသခင်၏နိုင်ငံတော်” ဟူသည် “ဘုရားသခင်၏အုပ်ချုပ်မှု” ကိုဆိုလိုသည်။ “လူသား” ဖြစ်သော ယေရှုခရစ်သည် ဘုရားသခင့်နိုင်ငံတော်၏ဘုရင်ဖြစ်ပြီး ခရစ်တော်နှင့်အတူ တွဲဖက်အုပ်ချုပ်သူများရှိသည်ဟု ကျမ်းစာသွန်သင်သည်။ (ဒံယေလ ၇:၁၊ ၁၃၊ ၁၄; မဿဲ ၂၆:၆၃၊ ၆၄) ထို့ပြင် တမန်တော်ယောဟန်မြင်ရသော အဆင်းအာရုံတစ်ခုအရ ခရစ်တော်နှင့်အတူတွဲဖက်အုပ်စိုးသူများသည် “လူမျိုးနွယ်၊ ဘာသာစကား၊ လူစု၊ လူမျိုးအသီးသီးထဲမှ” ရွေးချယ်ခံရပြီး “ဘုရင်များအဖြစ် မြေကြီးကိုအုပ်စိုးရလိမ့်မည်။” (ဗျာ. ၅:၉၊ ၁၀; ၂၀:၆) ဘုရင်များအဖြစ်အုပ်စိုးမည့် ထိုသူတို့သည် “မြေကြီးပေါ်မှ ဝယ်ယူထားသောသူ” ၁၄၄,၀၀၀ ဖြင့်ဖွဲ့စည်းထားသော “သိုးစုငယ်” ဖြစ်သည်ဟုလည်း ကျမ်းစာတွင်ဖော်ပြထား၏။—လုကာ ၁၂:၃၂; ဗျာ. ၁၄:၁၊ ၃။

      ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်နေရာတွင် တည်ထောင်သနည်း။ “ဘုရားသခင့်နိုင်ငံတော်” ကို “ကောင်းကင်နိုင်ငံတော်” ဟုလည်း ခေါ်ဆိုထားရာ ယေရှုနှင့်ကိုယ်တော်၏တွဲဖက်ဘုရင်များသည် ကောင်းကင်မှအုပ်စိုးမည်ဖြစ်ကြောင်း ဖော်ပြသည်။ (လုကာ ၈:၁၀; မဿဲ ၁၃:၁၁) ထို့ကြောင့် ဘုရားသခင်၏နိုင်ငံတော်သည် ယေရှုခရစ်နှင့် လူသားများထဲမှရွေးချယ်ထားသော တွဲဖက်အုပ်စိုးရှင်များဖြင့်ဖွဲ့စည်းထားသော ကောင်းကင်အစိုးရဖြစ်သည်။

      သို့ဆိုလျှင် လူတစ်ဦးသည် ‘ဘုရားသခင့်နိုင်ငံတော်သို့ ဝင်’ နိုင်ရန် တစ်ဖန်မွေးဖွားခြင်းခံရမည်ဟု ယေရှုပြောသောအခါ ဘာကိုဆိုလိုသနည်း။ ထိုသူသည် ကောင်းကင်တွင် ခရစ်တော်နှင့်အတူအုပ်စိုးနိုင်ရန် တစ်ဖန်မွေးဖွားခြင်းခံရဖို့လိုသည်ဟု ဆိုလိုနေခြင်းဖြစ်သည်။ ရိုးရိုးလေးဆိုရလျှင် တစ်ဖန်မွေးဖွားခံခြင်း၏ရည်ရွယ်ချက်မှာ အရေအတွက်ကန့်သတ်ထားသောလူအုပ်စုတစ်စုကို ကောင်းကင်အုပ်ချုပ်မှုအတွက် ပြင်ဆင်ပေးရန်ဖြစ်သည်။

      တစ်ဖန်မွေးဖွားခြင်းသည် အလွန်အရေးကြီးကြောင်း၊ ယင်းကို ဘုရားသခင်ဖြစ်ပေါ်စေကြောင်း၊ ယင်းသည် လူတစ်စုကို ကောင်းကင်အုပ်ချုပ်မှုအတွက် ပြင်ဆင်ပေးကြောင်း ယခု ကျွန်ုပ်တို့သိရှိခဲ့ပြီဖြစ်၏။ သို့သော် တစ်ဖန်မွေးဖွားခြင်းသည် အမှန်အားဖြင့် မည်သည့်နည်းများဖြင့် ဖြစ်ပေါ်သနည်း။

      [စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]

      တစ်ဖန်မွေးဖွားခံရခြင်း၏ ရည်ရွယ်ချက်မှာ အရေအတွက်ကန့်သတ်ထားသော လူအုပ်စုတစ်စုကို ကောင်းကင်အုပ်ချုပ်မှုအတွက် ပြင်ဆင်ပေးရန်ဖြစ်သည်

      [စာမျက်နှာ ၇ ပါ ရုပ်ပုံ]

      ဘုရားသခင်၏နိုင်ငံတော်ကို ယေရှုခရစ်နှင့် လူသားများထဲမှရွေးချယ်ထားသော တွဲဖက်အုပ်စိုးရှင် များဖြင့်ဖွဲ့စည်းထား

  • တစ်ဖန်မွေးဖွားခြင်း—မည်သည့်နည်းများဖြင့် ဖြစ်ပေါ်သနည်း
    ကင်းမျှော်စင်—၂၀၀၉ | ဧပြီ ၁
    • တစ်ဖန်မွေးဖွားခြင်း—မည်သည့်နည်းများဖြင့် ဖြစ်ပေါ်သနည်း

      ယေရှုသည် နိကောဒင်ကို တစ်ဖန်မွေးဖွားခြင်း၏အရေးကြီးမှု၊ ယင်းကိုဖြစ်ပေါ်စေသူနှင့် ယင်း၏ရည်ရွယ်ချက်အကြောင်း ပြောဆိုခဲ့သည့်အပြင် မည်သည့်နည်းများဖြင့် ဖြစ်ပေါ်သည်ဟူသောအကြောင်းကိုလည်း ပြောဆိုခဲ့သည်။ “ရေဖြင့်လည်းကောင်း၊ စွမ်းအားတော်ဖြင့်လည်းကောင်း မွေးဖွားခြင်းကိုမခံလျှင် မည်သူမျှ ဘုရားသခင့်နိုင်ငံတော်သို့ မဝင်ရ” ဟုယေရှုဆိုခဲ့သည်။ (ယောဟန် ၃:၅) ထို့ကြောင့် တစ်ဖန်မွေးဖွားခြင်းသည် ရေနှင့်စွမ်းအားတော်ဖြင့် ဖြစ်ပေါ်သည်။ သို့ဆိုလျှင် ‘ရေနှင့်စွမ်းအားတော်’ ဟူသောအသုံးအနှုန်းသည် အဘယ်အရာကို ရည်ညွှန်းသနည်း။

      ‘ရေနှင့်စွမ်းအားတော်’ —ယင်းတို့ကား အဘယ်အရာများနည်း

      နိကောဒင်သည် ဂျူးကျမ်းတတ်တစ်ဦးဖြစ်သောကြောင့် ‘ဘုရားသခင်၏စွမ်းအားတော်၊’ တစ်နည်းအားဖြင့် ထူးခြားသောအမှုများပြုရန် လူတို့ကိုလှုံ့ဆော်ပေးနိုင်သည့် ဘုရားသခင်၏ တက်ကြွလှုပ်ရှားသောစွမ်းအားဟူသောစကားလုံးကို ဟေဗြဲကျမ်းစောင်များတွင် မည်သို့အသုံးပြုထားကြောင်း သိရှိမည်မှာ သေချာသည်။ (ကမ္ဘာဦး ၄၁:၃၈; ထွက်မြောက်ရာ ၃၁:၅; ၁ ဓမ္မရာဇဝင် ၁၀:၆) ထို့ကြောင့် “စွမ်းအားတော်” ဟူသောစကားလုံးကို ယေရှုအသုံးပြုသည့်အခါ ယင်းသည် သန့်ရှင်းသောစွမ်းအားတော်၊ ဘုရားသခင်၏ တက်ကြွလှုပ်ရှားသောစွမ်းအားဖြစ်ကြောင်း နိကောဒင်နားလည်ခဲ့ပေမည်။

      ရေနှင့်ပတ်သက်သည့် ယေရှု၏ရည်ညွှန်းချက်ကော မည်သို့နည်း။ ယေရှုနှင့်နိကောဒင်၏စကားပြောဆိုခန်း မတိုင်မီနှင့်ပြီးနောက်တွင် တစ်ဆက်တည်းမှတ်တမ်းတင်ထားသော ဖြစ်ရပ်များကို သုံးသပ်ကြည့်ပါ။ ယင်းတို့က နှစ်ခြင်းဆရာယောဟန်နှင့် ယေရှု၏တပည့်များသည် လူတို့ကို ရေတွင်နှစ်ခြင်းပေးကြောင်း ဖော်ပြသည်။ (ယောဟန် ၁:၁၉၊ ၃၁; ၃:၂၂; ၄:၁-၃) ရေတွင်နှစ်ခြင်းခံသောဓလေ့သည် ဂျေရုဆလင်မြို့တွင် လူသိများသည်။ ထို့ကြောင့် ယေရှုသည် ရေအကြောင်းပြောဆိုသောအခါ သာမန်ရေကိုမဟုတ်ဘဲ ရေတွင်နှစ်ခြင်းခံခြင်းကို ရည်ညွှန်းကြောင်း နိကောဒင်သိမြင်ခဲ့ပေမည်။

      “စွမ်းအားတော်ဖြင့်” နှစ်ခြင်းခံခြင်း

      ‘ရေဖြင့်မွေးဖွားခြင်း’ သည် ရေတွင်နှစ်ခြင်းခံသည်ကို ရည်ညွှန်းလျှင် ‘စွမ်းအားတော်ဖြင့်မွေးဖွားခြင်း’ သည် ဘာကိုဆိုလိုသနည်း။ ရေဖြင့်နှစ်ခြင်းခံခြင်းအပြင် စွမ်းအားတော်ဖြင့်နှစ်ခြင်းခံခြင်းလည်း ရှိမည်ဖြစ်ကြောင်း နိကောဒင်နှင့်ယေရှု၏စကားပြောဆိုခန်းမတိုင်မီတွင် နှစ်ခြင်းဆရာယောဟန် ဤသို့ဆိုသည်– “ငါသည် သင်တို့ကို ရေဖြင့်နှစ်ခြင်းပေး၏။ ထိုသူ[ယေရှု]သည် သင်တို့ကို သန့်ရှင်းသောစွမ်းအားတော်ဖြင့် နှစ်ခြင်းပေးလိမ့်မည်။” (မာကု ၁:၇၊ ၈) ခရစ်ဝင်ကျမ်းရေးသူမာကုသည် စွမ်းအားတော်ဖြင့်နှစ်ခြင်းခံခဲ့သည့် ဦးဆုံးဖြစ်ရပ်ကို ဖော်ပြခဲ့သည်။ သူ ဤသို့ရေးသည်– “ထိုကာလအခါ ယေရှုသည် ဂါလိလဲပြည်၊ နာဇရက်မြို့မှ ဂျော်ဒန်မြစ်သို့ကြွလာ၍ ယောဟန်ထံတွင် နှစ်ခြင်းခံတော်မူ၏။ ကိုယ်တော်သည် ရေမှပေါ်ထသည်နှင့် ကောင်းကင်ပွင့်လျက်၊ စွမ်းအားတော်သည် ချိုးငှက်ကဲ့သို့ မိမိအပေါ် ဆင်းသက်သည်ကို မြင်လေ၏။” (မာကု ၁:၉၊ ၁၀) ယေရှုသည် ဂျော်ဒန်မြစ်ရေထဲ နစ်မြုပ်သွားချိန်တွင် ရေတွင်နှစ်ခြင်းခံခြင်းဖြစ်သည်။ ကိုယ်တော်သည် ကောင်းကင်မှ စွမ်းအားတော်ရရှိချိန်တွင် သန့်ရှင်းသောစွမ်းအားတော်ဖြင့် နှစ်ခြင်းခံခြင်းဖြစ်သည်။

      ယေရှုသည် နှစ်ခြင်းခံပြီး သုံးနှစ်ခန့်ကြာသောအခါ တပည့်များကို “သင်တို့မူကား များမကြာမီ သန့်ရှင်းသောစွမ်းအားတော်ဖြင့် နှစ်ခြင်းခံကြရမည်” ဟုအာမခံခဲ့သည်။ (တမန်တော် ၁:၅) ယင်းသည် မည်သည့်အချိန်တွင် ဖြစ်ပျက်ခဲ့သနည်း။

      အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ယေရှု၏တပည့် ၁၂၀ သည် ဂျေရုဆလင်မြို့ရှိ အိမ်တစ်အိမ်တွင် စုဝေးနေကြသည်။ “လေပြင်းတိုက်သံနှင့်တူသော အသံသည် ကောင်းကင်မှ ရုတ်တရက်ပေါ်လာ၍ ထိုသူတို့ထိုင်နေသော အိမ်တစ်အိမ်လုံး၌ ပြည့်လေ၏။ ထိုအခါ မီးလျှာကဲ့သို့သောအရာများ ထင်ရှားလာပြီး . . . ထိုသူအပေါင်းတို့သည် သန့်ရှင်းသောစွမ်းအားတော်နှင့်ပြည့်” ကြလေ၏။ (တမန်တော် ၂:၁-၄) ထိုနေ့တွင်ပင် ဂျေရုဆလင်မြို့ရှိ အခြားသူများသည် ရေတွင်နှစ်ခြင်းယူရန် တိုက်တွန်းခံရသည်။ တမန်တော်ပေတရုသည် လူအုပ်ကို ဤသို့ဆို၏– “နောင်တရကြလော့။ သင်တို့အပြစ်များ ခွင့်လွှတ်ခံရရန် ယေရှုခရစ်၏နာမ၌ လူတိုင်း နှစ်ခြင်းခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောစွမ်းအားတော်တည်းဟူသော ဆုကျေးဇူးကို ရရှိကြမည်။” သူတို့မည်သို့တုံ့ပြန်ခဲ့သနည်း။ “ထိုစကားကို ဝမ်းသာအားရခံယူသူတို့သည် နှစ်ခြင်းခံကြ၍ ထိုနေ့တွင် လူသုံးထောင်ခန့်တိုးများလာ၏။”—တမန်တော် ၂:၃၈၊ ၄၁။

      ဖြစ်စဉ်နှစ်ခုပါဝင်သောအရာ

      ထိုနှစ်ခြင်းတို့သည် တစ်ဖန်မွေးဖွားခြင်းအကြောင်း အဘယ်အရာဖော်ပြသနည်း။ တစ်ဖန်မွေးဖွားခြင်းခံရခြင်းသည် ဖြစ်စဉ်နှစ်ခုအားဖြင့် ဖြစ်ပေါ်ကြောင်း ဖော်ပြသည်။ ယေရှုသည် ဦးစွာ ရေတွင်နှစ်ခြင်းခံကြောင်း သတိပြုပါ။ ထို့နောက် သန့်ရှင်းသောစွမ်းအားတော် ရရှိခဲ့သည်။ အလားတူ၊ အစောပိုင်းတပည့်များသည် ဦးစွာ ရေတွင်နှစ်ခြင်းခံခဲ့သည် (အချို့ကို နှစ်ခြင်းဆရာယောဟန် နှစ်ခြင်းပေးခဲ့၏)၊ ထို့နောက် သူတို့သည် သန့်ရှင်းသောစွမ်းအားတော်ကို ရရှိခဲ့ကြသည်။ (ယောဟန် ၁:၂၆-၃၆) အလားတူ၊ ဘာသာပြောင်းဝင်လာသူ ၃,၀၀၀ သည် ဦးစွာ ရေတွင်နှစ်ခြင်းခံခဲ့သည်၊ ထို့နောက် သန့်ရှင်းသောစွမ်းအားတော်ကို ရရှိခဲ့ကြသည်။

      အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ဖြစ်ပျက်သော နှစ်ခြင်းတို့ကို စိတ်စွဲမှတ်လျက် ယနေ့ခေတ်တွင် တစ်ဖန်မွေးဖွားခြင်း မည်သို့ဖြစ်ပေါ်မည်ဟု ကျွန်ုပ်တို့မျှော်လင့်သင့်သနည်း။ ယေရှု၏တမန်တော်များနှင့် အစောပိုင်းတပည့်များကြုံခဲ့ရသည့်နည်းတူ ဖြစ်ပေါ်မည်ဟုမျှော်လင့်သင့်သည်။ ဦးစွာ၊ လူတစ်ဦးသည် သူ၏အပြစ်များအတွက် နောင်တယူပြီး မှားယွင်းသောလမ်းစဉ်ကိုစွန့်ကာ ယေဟောဝါကိုဝတ်ပြု၍အမှုဆောင်ရန် သူ့အသက်တာကိုအပ်နှံရသည်၊ ထိုအပ်နှံမှုကို ရေတွင်နှစ်ခြင်းခံခြင်းဖြင့် လူအများရှေ့ တင်ပြရသည်။ ထို့နောက် ဘုရားသခင်သည် ကိုယ်တော့်နိုင်ငံတော်တွင် အုပ်စိုးရှင်တစ်ဦးအဖြစ် အမှုဆောင်ရန် သူ့ကိုရွေးချယ်ပါက သူသည် သန့်ရှင်းသောစွမ်းအားတော်ဖြင့် ဘိသိက်ပေးခံရသည်။ ဖြစ်စဉ်နှစ်ခုတွင် ပထမပိုင်း (ရေတွင်နှစ်ခြင်းခံခြင်း) သည် လူတစ်ဦး အစပြုလုပ်ဆောင်ရမည့်အရာဖြစ်ပြီး ဒုတိယပိုင်း (စွမ်းအားတော်ဖြင့်နှစ်ခြင်းခံခြင်း) ကို ဘုရားသခင် အစပြုလုပ်ဆောင်ပေးသည်။ လူတစ်ဦးသည် ထိုနှစ်ခြင်းနှစ်မျိုးစလုံးကို ခံယူပြီးသောအခါ တစ်ဖန်မွေးဖွားခြင်းခံရပြီဖြစ်၏။

      သို့ဆိုလျှင် ယေရှုသည် နိကောဒင်နှင့်စကားပြောဆိုစဉ် “ရေဖြင့်လည်းကောင်း၊ စွမ်းအားတော်ဖြင့်လည်းကောင်း မွေးဖွားခြင်း” ဟူသောစကားလုံးကို အဘယ်ကြောင့်သုံးနှုန်းခဲ့သနည်း။ ရေဖြင့်လည်းကောင်း၊ စွမ်းအားတော်ဖြင့်လည်းကောင်း နှစ်ခြင်းခံသူတို့သည် မှတ်သားလောက်ဖွယ်အပြောင်းအလဲတစ်ခု ကြုံတွေ့မည်ကို အလေးပေးဖော်ပြရန်ဖြစ်သည်။ တစ်ဖန်မွေးဖွားခြင်း၏ထိုကဏ္ဍကို နောက်ဆောင်းပါးတွင် သုံးသပ်ထားသည်။

      [စာမျက်နှာ ၉ ပါရုပ်ပုံ]

      ယောဟန်သည် နောင်တရသောအစ္စရေးလူမျိုးတို့ကို ရေတွင် နှစ်ခြင်းပေးခဲ့

  • တစ်ဖန်မွေးဖွားခြင်း—ယင်းသည် အဘယ်အရာကို ဖြစ်မြောက်စေသနည်း
    ကင်းမျှော်စင်—၂၀၀၉ | ဧပြီ ၁
    • တစ်ဖန်မွေးဖွားခြင်း—ယင်းသည် အဘယ်အရာကို ဖြစ်မြောက်စေသနည်း

      ယေရှုသည် သန့်ရှင်းသောစွမ်းအားတော်ဖြင့် နှစ်ခြင်းခံခြင်းအကြောင်း ပြောဆိုသည့်အခါ ‘စွမ်းအားတော်ဖြင့်မွေးဖွားခြင်း’ ဟူသောစကားလုံးကို အဘယ်ကြောင့်အသုံးပြုခဲ့သနည်း။ (ယောဟန် ၃:၅) “မွေးဖွားခြင်း” ဟူသောဥပစာစကားသည် “စတင်ခြင်း” ကိုဆိုလိုသည်။ ထို့ကြောင့် “တစ်ဖန်မွေးဖွားခြင်း” ဟူသောအသုံးအနှုန်းသည် “အသစ်စတင်ခြင်း” ကိုရည်ညွှန်းသည်။ “မွေးဖွားခြင်း” နှင့် “တစ်ဖန်မွေးဖွားခြင်း” ဟူသောဥပစာစကားသည် စွမ်းအားတော်ဖြင့်နှစ်ခြင်းခံပြီးသူတို့နှင့် ဘုရားသခင်စပ်ကြား ဆက်ဆံရေးအသစ်စတင်ဖြစ်ပေါ်ခြင်းကို မီးမောင်းထိုးပြသည်။ ထိုဆက်ဆံရေးတွင် ကြီးမားသောအပြောင်းအလဲ မည်သို့ဖြစ်ပေါ်လာသနည်း။

      ကောင်းကင်တွင် အုပ်စိုးရှင်များဖြစ်လာရန် လူသားများကို ဘုရားသခင် မည်သို့ပြင်ဆင်ပေးကြောင်း ရှင်းပြရာတွင် တမန်တော်ပေါလုသည် မိသားစုဘဝမှပုံဥပမာတစ်ခုကို အသုံးပြုခဲ့သည်။ သူ့ခေတ်ရှိခရစ်ယာန်များသည် “သားများအဖြစ်မွေးစားခံရမည်” ဖြစ်သောကြောင့် ဘုရားသခင်သည် သူတို့ကို “သားအဖြစ် ဆက်ဆံ” နိုင်မည်ဖြစ်ကြောင်း သူရေးခဲ့သည်။ (ဂလာတိ ၄:၅; ဟေဗြဲ ၁၂:၇) မွေးစားခြင်းဥပမာက သန့်ရှင်းသောစွမ်းအားတော်ဖြင့် နှစ်ခြင်းခံပြီးသူတစ်ဦး ကြုံတွေ့ရသောပြောင်းလဲမှုကို နားလည်ဖို့ မည်သို့ကူညီပေးကြောင်း သိနိုင်ရန် တိုင်းရင်းသားတို့၏ကျောင်းတွင် ကျောင်းအပ်လိုသောလူငယ်၏ဥပမာကို နောက်တစ်ကြိမ် ထပ်သုံးသပ်ကြည့်ကြစို့။

      မွေးစားခြင်းကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှု

      ဥပမာတွင် ထိုလူငယ်သည် တိုင်းရင်းသားတစ်ဦးမဟုတ်သောကြောင့် ကျောင်းမအပ်နိုင်ပေ။ တစ်နေ့၊ အပြောင်းအလဲကြီးတစ်ခု ဖြစ်ပျက်လာသည်ဟု စိတ်ကူးကြည့်ပါ။ ထိုတိုင်းရင်းသားလူမျိုး မိသားစုတစ်စုမှ ဖခင်တစ်ဦးက သူ့ကို တရားဝင်မွေးစားလိုက်သည်။ ယင်းက ထိုလူငယ်အပေါ် မည်သို့အကျိုးသက်ရောက်သနည်း။ ယခု၊ သူသည် သားအဖြစ်မွေးစားခံရသောကြောင့် ကျောင်းအပ်နိုင်ခွင့်အပါအဝင် အခြားတိုင်းရင်းသားကျောင်းသားများနှင့်တန်းတူ အခွင့်အရေးရရှိနိုင်လေပြီ။ မွေးစားခံရခြင်းသည် သူ့ဘဝကို အကြီးအကျယ်ပြောင်းလဲစေခဲ့ပြီ။

      ထိုဥပမာက တစ်ဖန်မွေးဖွားခံရသူများကြုံတွေ့ရသည့် ပို၍ထူးခြားသောအပြောင်းအလဲကို ဖော်ပြသည်။ ဆင်တူချက်အချို့ကို သုံးသပ်ကြည့်ပါ။ ဥပမာထဲမှ လူငယ်သည် ကျောင်းအပ်နိုင်ရန် တိုင်းရင်းသားတစ်ဦးဖြစ်ရမည်ဟူသော တောင်းဆိုချက်ကိုပြည့်မီမှသာ ကျောင်းတက်ခွင့်ရမည်ဖြစ်၏။ သို့သော် ထိုတောင်းဆိုချက်ကို သူ့ဘာသာသူ ပြည့်မီနိုင်မည်မဟုတ်ပါ။ အလားတူ၊ လူအချို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခွင့်ရရန် “တစ်ဖန်မွေးဖွားခြင်း” ခံရမည်ဟူသော တောင်းဆိုချက်ကိုပြည့်မီမှသာ ဘုရားသခင့်နိုင်ငံတော် သို့မဟုတ် ကောင်းကင်အုပ်ချုပ်မှု၏ ဘုရင်များဖြစ်လာနိုင်သည်။ သို့သော် ထိုတောင်းဆိုချက်ကို သူတို့ဘာသာပြည့်မီနိုင်မည်မဟုတ်ပါ၊ အကြောင်းမှာ တစ်ဖန်မွေးဖွားခြင်းသည် ဘုရားသခင်နှင့်ဆိုင်သောကြောင့်ဖြစ်၏။

      ပုံဥပမာမှ လူငယ်၏အခြေအနေကို အဘယ်အရာက ပြောင်းလဲစေခဲ့သနည်း။ မွေးစားခြင်းနှင့်ပတ်သက်သော တရားဥပဒေဆိုင်ရာလုပ်ဆောင်မှုဖြစ်၏။ ထိုသို့မွေးစားခံရခြင်းက သူ၏မျိုးရိုးကို မပြောင်းလဲသွားစေသည်မှာ မှန်ပါသည်။ သူသည် မွေးစားခံရပြီးနောက်တွင်လည်း ထိုလူငယ်ဖြစ်နေဆဲပင်။ သို့တိုင် မွေးစားခြင်းနှင့်ပတ်သက်သော တရားဥပဒေတောင်းဆိုချက်များပြည့်မီပြီးနောက် သူသည် အနေအထားအသစ်ကို ရရှိခဲ့သည်။ သူသည် အသစ်စတင်မှုကို ခံစားခဲ့ရသည်၊ တစ်နည်းဆိုရလျှင် အသစ်တစ်ဖန်မွေးဖွားခံရပြီ။ သားအဖြစ်အသိအမှတ်ပြုခံရပြီး ယင်းကြောင့် ကျောင်းတက်ခွင့်နှင့် မွေးစားဖခင်၏မိသားစုဝင်ဖြစ်ခွင့်ရခဲ့သည်။

      အလားတူ၊ ယေဟောဝါသည် မစုံလင်သူလူသားအုပ်စုတစ်စုကို မိမိသားသမီးများအဖြစ်မွေးစားရန် တရားရေးလုပ်ထုံးလုပ်နည်းများကို အစပြုလုပ်ဆောင်ခြင်းဖြင့် သူတို့၏အခြေအနေကို ပြောင်းလဲပေးခဲ့သည်။ ထိုအုပ်စုဝင်တစ်ဦးဖြစ်သူ တမန်တော်ပေါလုက ယုံကြည်သူချင်းတို့အား ဤသို့ဆိုသည်– “ဘုရားသခင့်စွမ်းအားတော်သည် ငါတို့ကို . . . သားများအဖြစ်မွေးစားခြင်းကို ခံရစေ၍ ‘အဗ္ဗ၊ အဖ’ ဟုခေါ်စေ၏။ ငါတို့သည် ဘုရားသခင်၏သားသမီး ဖြစ်ကြသည်ဟု စွမ်းအားတော်ကိုယ်တိုင် ငါတို့၏စိတ်နှင့်အတူ သက်သေခံ၏။” (ရောမ ၈:၁၅၊ ၁၆) မှန်ပါသည်၊ မွေးစားခံရခြင်းအားဖြင့် ထိုခရစ်ယာန်များသည် ဘုရားသခင့်မိသားစုဝင် သို့မဟုတ် “ဘုရားသခင်၏သားသမီးများ” ဖြစ်လာသည်။—၁ ယောဟန် ၃:၁; ၂ ကောရိန္သု ၆:၁၈။

      ဘုရားသခင်၏မွေးစားခံရခြင်းသည် မွေးစားခံရသူတို့၏ မစုံလင်သည့်အဖြစ်ကို မပြောင်းလဲစေပါ၊ အကြောင်းမှာ သူတို့သည် မစုံလင်သူများဖြစ်နေဆဲပင်။ (၁ ယောဟန် ၁:၈) မည်သို့ပင်ဖြစ်စေ၊ ပေါလု ထပ်မံရှင်းပြသည့်အတိုင်း မွေးစားခံရရန် တရားဥပဒေတောင်းဆိုချက်များကို ပြည့်မီပြီးနောက် သူတို့သည် အနေအထားအသစ်ကို ရရှိခဲ့ကြသည်။ တစ်ချိန်တည်းတွင် ထိုမွေးစားသားများသည် ကောင်းကင်တွင် ခရစ်တော်နှင့်အတူစိုးစံရမည်ကို ဘုရားသခင်၏စွမ်းအားတော်က သူတို့အား ယုံကြည်စိတ်ချစေသည်။ (၁ ယောဟန် ၃:၂) သန့်ရှင်းသောစွမ်းအားတော်က ဖြစ်ပေါ်စေသည့် မမှားနိုင်သော ထိုယုံကြည်စိတ်ချမှုသည် ဘဝကို ရှုမြင်ချက်အသစ်ဖြင့် ရှုမြင်စေသည်။ (၂ ကောရိန္သု ၁:၂၁၊ ၂၂) မှန်ပါသည်၊ သူတို့သည် အသစ်စတင်ခြင်းဖြစ်သော တစ်ဖန်မွေးဖွားခြင်းခံရသည့်အလား တွေ့ကြုံခဲ့ရသည်။

      ဘုရားသခင်၏မွေးစားသားများနှင့်ပတ်သက်၍ ကျမ်းစာတွင် ဤသို့ဆိုသည်– “သူတို့သည် ဘုရားသခင်နှင့်ခရစ်တော်၏ ယဇ်ပုရောဟိတ်များ ဖြစ်ကြလိမ့်မည်။ ခရစ်တော်နှင့်အတူ ဘုရင်များအဖြစ် အနှစ်တစ်ထောင်အုပ်စိုးရလိမ့်မည်။” (ဗျာ. ၂၀:၆) ဘုရားသခင်၏မွေးစားသားများသည် ခရစ်တော်နှင့်အတူ ဘုရားသခင့်နိုင်ငံတော် သို့မဟုတ် ကောင်းကင်အုပ်ချုပ်မှုတွင် ဘုရင်များဖြစ်လာကြမည်။ “ကောင်းကင်၌သိုထား” သည့် “မပျက်စီးနိုင်သော၊ မညစ်ညူးသော၊ မညှိုးနွမ်းသော အမွေ” ကို ခရစ်ယာန်ချင်းများရရှိမည်ဖြစ်ကြောင်း တမန်တော်ပေတရု ပြောဆိုသည်။ (၁ ပေတရု ၁:၃၊ ၄) အဖိုးထိုက်လှသောအမွေပါတကား။

      သို့သော် ထိုအုပ်ချုပ်မှုသည် မေးခွန်းတစ်ခုပေါ်ပေါက်စေသည်။ တစ်ဖန်မွေးဖွားခံရသူများသည် ကောင်းကင်တွင် ဘုရင်များအဖြစ်အုပ်စိုးမည်ဆိုလျှင် မည်သူတို့ကို အုပ်စိုးမည်နည်း။ ထိုမေးခွန်းကို နောက်ဆောင်းပါးတွင် သုံးသပ်ပါမည်။

      [စာမျက်နှာ ၁၀ ပါရုပ်ပုံ]

      မွေးစားခြင်းအကြောင်း ပေါလု အဘယ်အရာပြောဆိုခဲ့သနည်း

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ