ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၄၀
  • စိုးရိမ်ပူပန်စိတ်ကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်မလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိုးရိမ်ပူပန်စိတ်ကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်မလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာက စိုးရိမ်ပူပန်စိတ်ကို ဖြစ်စေသလဲ
  • စိုးရိမ်ပူပန်တာက အမြဲတမ်း မှားသလား
  • လုပ်ဆောင်နိုင်ရာ
  • စိုးရိမ်စရာ ရှိသမျှကို ယေဟောဝါဆီ ပုံအပ်ထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • သင်တို့၏ စိုးရိမ်မှုရှိသမျှတို့ကို ယေဟောဝါ၌ အပ်နှံကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • စိုးရိမ်ပူပန်မှု
    နိုးလော့!—၂၀၁၆
  • အမျိုးသားတွေရဲ့ စိုးရိမ်ပူပန်မှုကို ရင်ဆိုင်ဖြေရှင်းဖို့ ကျမ်းစာ ကူညီပေးနိုင်ပုံ
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၄၀
ဆယ်ကျော်သက်လူငယ်လေးတစ်ယောက် စိုးရိမ်ပူပန်စိတ်နဲ့ ကျောင်းသွား

လူငယ်များအမေး

စိုးရိမ်ပူပန်စိတ်ကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်မလဲ

  • ဘာက စိုးရိမ်ပူပန်စိတ်ကို ဖြစ်စေသလဲ

  • စိုးရိမ်ပူပန်တာက အမြဲတမ်း မှားသလား

  • လုပ်ဆောင်နိုင်ရာ

  • ရွယ်တူချင်းတွေ ပြောဆိုရာ

ဘာက စိုးရိမ်ပူပန်စိတ်ကို ဖြစ်စေသလဲ

တစ်ခါတလေ သင်လည်း ဒီလို ခံစားရပါသလား။

“‘တကယ်လို့များ ငါတို့ ကားမတော်တဆမှုဖြစ်ခဲ့ရင်၊’ ‘တကယ်လို့များ ငါတို့စီးတဲ့လေယာဉ်ပျက်ကျခဲ့ရင်’ ဆိုပြီး ‘တကယ်လို့များ . . .’ ဆိုတဲ့ အတွေးတွေနဲ့ ကျွန်တော် ပူပန်နေလေ့ရှိတယ်။ လူတွေနေရင်းထိုင်ရင်း တွေးပူလေ့မရှိတဲ့ အကြောင်းအရာတွေကို ကျွန်တော်က တွေးပူတတ်တယ်။”​—ချားလ်။

“ဘီးလုံးပေါ်မှာ တစ်ချိန်လုံး ပြေးနေပေမဲ့လည်း တကယ်တမ်း ဘယ်ကိုမှ ခရီးပေါက်တာလဲ မဟုတ်တဲ့ ဟမ်းစတားကြွက်လေးနဲ့ ကျွန်မက သွားတူနေတယ်။ ကျွန်မ တစ်ချိန်လုံး စိတ်ပူပန်နေတတ်တယ်။ အလုပ်ကို အသေအလဲ လုပ်ပေမဲ့လည်း ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ပြီးသွားတာမျိုးမရှိဘူး။”​—အန္န။

“ကျောင်းဆက်တက်နေရသေးတာက တကယ့်အခွင့်ထူးပါလား လို့ ကျွန်တော်ကို လူတွေ ပြောကြတဲ့အခါ ‘ကျောင်းတက်ရတာ ဘယ်လောက်တောင် စိတ်ပင်ပန်းသလဲဆိုတာ သူတို့ နားမလည်ပါဘူး’ လို့ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။”​—ဒံနီယယ်လ်။

“ကျွန်မက အမြဲလိုလို စိတ်ဖိစီးနေတယ်။ နောက်ပိုင်းမှာ ဖြစ်လာမယ့်အရာတွေ၊ နောက်ပိုင်းမှာ လုပ်ရမယ့်အရာတွေအတွက် အမြဲကို စိုးရိမ်ပူပန်နေတတ်တယ်။”​—လော်ရာ။

သိထားသင့်ရာ– ကျွန်တော်တို့ အသက်ရှင်နေရတဲ့အချိန်ကို “ခက်ခဲကျပ်တည်းသောကာလ” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၂ တိမောသေ ၃:၁) အဲဒါကြောင့် စိုးရိမ်ပူပန်စိတ်ကို လူကြီးတွေရော လူငယ်တွေပါ ခံစားရနိုင်တယ်။

စိုးရိမ်ပူပန်တာက အမြဲတမ်း မှားသလား

မမှားပါဘူး။ ကိုယ်ချစ်ရတဲ့သူတွေရဲ့ နှစ်သက်မှုရလိုတဲ့ဆန္ဒကြောင့် ဖြစ်ပေါ်လာတဲ့စိုးရိမ်ပူပန်မှုက သင့်တော်တယ်ဆိုပြီးတော့ ကျမ်းစာမှာ ပြောထားတယ်။​—၁ ကောရိန္သု ၇:၃၂–၃၄; ၂ ကောရိန္သု ၁၁:၂၈။

အဲဒီအပြင် စိုးရိမ်ပူပန်စိတ်က ကောင်းတာလုပ်ဖို့ တွန်းအားကို ဖြစ်စေတယ်။ ဥပမာ၊ နောက်အပတ်ကျရင် ကျောင်းမှာ စာမေးပွဲဖြေရမယ်ဆိုပါစို့။ စိုးရိမ်ပူပန်စိတ်က ဒီတစ်ပတ်မှာ စာကျက်ဖို့ တွန်းအားပေးမှာ ဖြစ်တယ်၊ အဲဒါက အမှတ်ကောင်းကောင်းရဖို့ ကူညီပေးမှာ ဖြစ်တယ်။

သင့်တော်တဲ့ စိုးရိမ်ပူပန်စိတ်က အန္တရာယ်ကြုံရင် အချက်ပေးမှာ ဖြစ်တယ်။ “ကိုယ့်ရဲ့လုပ်ရပ်တွေက လမ်းမှားကို ဦးတည်နေပြီဆိုရင် စိတ်အနှောင့်အယှက် ဖြစ်လာတယ်၊ ကိုယ့်ကိုယ်ကိုယ်သိတဲ့စိတ် ကြည်လင်နေဖို့အတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရတော့မှာဖြစ်တယ်” လို့ ဆယ်ကျော်သက်မိန်းကလေး ဆရီးနာက ပြောတယ်။​—ယာကုပ် ၅:၁၄ ကို နှိုင်းယှဉ်ပါ။

သိထားသင့်ရာ– စိုးရိမ်ပူပန်စိတ်က မှန်တာလုပ်ဖို့ တွန်းအားပေးနေသရွေ့ကတော့ အကျိုးရှိပါတယ်။

ဒါပေမဲ့ စိုးရိမ်ပူပန်စိတ်ကြောင့် အပျက်သဘောဆောင်တဲ့ အတွေးတွေနဲ့ တဝဲလည်လည် ဖြစ်နေတယ်ဆိုရင်ကော။

ဝင်္ကပါထဲမှာ ပိတ်မိနေတဲ့ ဆယ်ကျော်သက် လူငယ်လေးတစ်ယောက်ကို လူကြီးတစ်ယောက်က ထွက်ပေါက်တွေ့အောင် ကူညီပေးနေ

စိုးရိမ်ပူပန်စိတ်ကြောင့် ဝင်္ကပါထဲမှာ ပိတ်မိနေတယ်လို့ ခံစားရနိုင်တယ်၊ အရှိကို အရှိအတိုင်း ရှုမြင်တတ်သူတစ်ယောက်က ထွက်ပေါက်ရှာတွေ့နိုင်အောင် ကူညီပေးနိုင်ပါတယ်

ဥပမာ– “စိတ်ဖိစီးစရာကောင်းတဲ့ အခြေအနေတွေကြောင့် ဖြစ်လာနိုင်တဲ့ အကြောင်းအမျိုးမျိုးကို စဉ်းစားကြည့်မိလိုက်တဲ့အခါတိုင်း စိုးရိမ်ပူပန်စိတ်တွေပေါ်လာတယ်။ အဲဒီအကြောင်းကို တွေးလေလေ စိုးရိမ်စိတ်ပိုများလာလေလေပဲ” လို့ ၁၉ နှစ်အရွယ် ရစ်ချက်က ပြောတယ်။

“စိတ်အေးချမ်းသာစွာနေတတ်သူသည် မိမိ၏ကိုယ်ခန္ဓာကို ကျန်းမာစေ၏” လို့ ကျမ်းစာမှာ ပြောတယ်။ (သုတ္တံ ၁၄:၃၀၊ ခမ) စိုးရိမ်ပူပန်စိတ်ကတော့ ခေါင်းကိုက်ဝေဒနာ၊ မူးဝေခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ နှလုံးတုန် မောပန်းခြင်း စတဲ့ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

စိုးရိမ်ပူပန်စိတ်က ကောင်းကျိုးကို မဖြစ်စေဘဲ ဆိုးကျိုးသာဖြစ်စေတယ်ဆိုရင် ဘာလုပ်နိုင်ပါသလဲ။

လုပ်ဆောင်နိုင်ရာ

  • သင့်တော်တဲ့ စိုးရိမ်ပူပန်စိတ် ဟုတ်မဟုတ် ဆန်းစစ်ပါ။ “ကိုယ်လုပ်ရမယ့် တာဝန်တွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တာနဲ့ အလွန်အမင်း စိုးရိမ်ပူပန်တာ မတူဘူး။ စိုးရိမ်ပူပန်နေတဲ့သူဟာ လှုပ်ရှားနေပေမဲ့ ဘယ်ကိုမှမရွေ့တဲ့ လှုပ်ကုလားထိုင်ပေါ်မှာ ထိုင်နေတာနဲ့တူတယ်။”​—ကက်သရင်း။

    ကျမ်းစာမှာ ပြောတယ်– “သင်တို့တွင် မည်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိ၏ သက်တမ်းကို တစ်တောင်မျှ တိုး၍ ရှည်စေနိုင်သနည်း။”​—မဿဲ ၆:၂၇။

    ဆိုလိုတဲ့အရာ– စိုးရိမ်ပူပန်စိတ်က ဖြေရှင်းနည်းရှာဖို့ တွန်းအားကို မဖြစ်စေဘူးဆိုရင်တော့ စိုးရိမ်ပူပန်စိတ်က ပြဿနာ တိုးစေတာပဲ ရှိမယ် ဒါမှမဟုတ် ဝန်ထုပ် ဖြစ်လာစေလိမ့်မယ်။

  • တစ်ရက်စာအတွက်ပဲ စဉ်းစားပါ။ “ကိုယ်စိုးရိမ်ပူပန်နေတဲ့အရာတွေက မနက်ဖြန်မှာ၊ နောက်တစ်လမှာ၊ နောက်တစ်နှစ်မှာ၊ နောက် ငါးနှစ်မှာ ဆိုရင်ကော အရေးပါတော့ရဲ့လားဆိုတာကို အချိန်ယူ စဉ်းစားပါ။”​—အန်တိုနီ။

    ကျမ်းစာမှာ ပြောတယ်– “နက်ဖြန်နေ့အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့နှင့် သက်ဆိုင်သည့် စိုးရိမ်စရာများကို ထိုနေ့၌ ကြုံတွေ့ဖြေရှင်းရလိမ့်မည်။ ယနေ့ကြုံတွေ့ရသည့် စိုးရိမ်စရာများသည် ယနေ့အတွက် တော်လောက်ပေ၏။”​—မဿဲ ၆:၃၄၊ ခမ။

    ဆိုလိုတဲ့အရာ– တကယ်ဖြစ်လာချင်မှ ဖြစ်လာမယ့်တချို့ ကိစ္စတွေကို ကြိုတွေးပြီး စိုးရိမ်ပူပန်နေတာက အဓိပ္ပာယ် မရှိပါဘူး။

  • ကိုယ်မပြောင်းလဲနိုင်တဲ့အရာတွေကို လက်သင့်ခံနိုင်ဖို့ ကြိုးစားပါ။ “အကောင်းဆုံး ကြိုတင်ပြင်ဆင်နိုင်တဲ့နည်းကတော့ အခြေအနေတွေကို အဆုံးစွန်ထိ မျှော်လင့်ထားခြင်းဖြစ်တယ်၊ ဒါပေမဲ့ တချို့အခြေအနေတွေက ကိုယ်ထိန်းချုပ်နိုင်တဲ့အတိုင်းအတာထက် ကျော်လွန်တယ်ဆိုတာကို အသိအမှတ်ပြုဖို့လိုတယ်။”​—ရောဘတ်။

    ကျမ်းစာမှာ ပြောတယ်– ‘အပြေးသန်သူက အမြဲအနိုင်ရတာမဟုတ်ဘူး။ အသိပညာရှိသူက အမြဲအောင်မြင်တာ မဟုတ်ဘူး။ သူတို့အားလုံးက မမျှော်လင့်ထားတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကို ကြုံရတတ်လို့ပဲ။’​—ဒေသနာ ၉:၁၁၊ ကဘ။

    ဆိုလိုတဲ့အရာ– တစ်ခါတလေမှာ ကြုံရတဲ့အခြေအနေတွေကို မပြောင်းလဲနိုင်ပေမဲ့ အဲဒီအခြေအနေအပေါ် ကိုယ့်ရဲ့ ရှုမြင်ချက်ကိုတော့ ပြောင်းလဲနိုင်ပါတယ်။

  • အခြေအနေတွေကို အရှိကို အရှိအတိုင်းမြင်ပါ။ “အသေးစိတ်အချက်အလက်လေးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေမယ့်အစား အခြေအနေတစ်ခုလုံးကို ခြုံငုံကြည့်မြင်တတ်ဖို့ ကြိုးစားတယ်။ ပြီးတော့ ဘယ်အရာကပိုပြီး အရေးပါသလဲဆိုတာ သိမြင်အောင်ကြိုးစားပြီး ကျွန်မရဲ့ အစွမ်းခွန်အားတွေကို အဲဒီအရာတွေအတွက် အသုံးပြုဖို့ ကြိုးစားတယ်။”​—အလက်စစ်။

    ကျမ်းစာမှာ ပြောတယ်– “သာ၍အရေးကြီးသောအရာများကို သေချာစွာ သိစေ . . . ပါ။”​—ဖိလိပ္ပိ ၁:၁၀။

    ဆိုလိုတဲ့အရာ– စိုးရိမ်သင့်တာကိုပဲ စိုးရိမ်တဲ့သူတွေဟာ စိုးရိမ်မှုလွန်ကဲတာမျိုး မဖြစ်တော့ဘူး။

  • တစ်ယောက်ယောက်ကို ပြောပြပါ။ “ကျွန်မ ခြောက်တန်းတုန်းက စိုးရိမ်ပူပန်စိတ်နဲ့ ကျောင်းကနေ ပြန်လာတတ်တယ်၊ နောက်တစ်နေ့ကျောင်းသွားရမှာ ကြောက်နေတတ်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ အဖေနဲ့အမေက ကျွန်မပြောသမျှကို နားထောင်ပေးတယ်။ သူတို့ကြောင့် ကျွန်မ တကယ့်ကို အားရှိတယ်။ သူတို့ကို ယုံကြည်အားထားနိုင်ပြီး လွတ်လွတ်လပ်လပ် ပြောဆိုလို့ရတယ်။ အဲဒါက နောက်တစ်နေ့ကို ရင်ဆိုင်နိုင်ဖို့ ကျွန်မကို ကူညီပေးတယ်။”​—မာရီလင်။

    ကျမ်းစာမှာ ပြောတယ်– ‘စိုးရိမ်ပူပန်စိတ်က လူကို ဝန်ပိစေတယ်။ ကောင်းတဲ့စကားကတော့ စိတ်အားတက်စေတယ်။’​—သုတ္တံ ၁၂:၂၅၊ ကဘ။

    ဆိုလိုတဲ့အရာ– စိုးရိမ်ပူပန်စိတ်တွေကို လျော့ကျစေမယ့် လက်တွေ့ကျတဲ့ အကြံဉာဏ်တွေကို မိဘ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ဆီကနေ ရနိုင်တယ်။

  • ဆုတောင်းပါ။ “ကိုယ်ပြန်ကြားနိုင်တဲ့အထိ အသံထွက်ပြီး ဆုတောင်းတာက ကျွန်မအတွက် အကူအညီ ဖြစ်စေတယ်။ အဲဒီလို အသံထွက်ဆုတောင်းလိုက်တဲ့အခါ ကျွန်မရဲ့အတွေးထဲမှာ စိုးရိမ်နေတဲ့အရာကို ထုတ်ပြောဖို့ အခွင့်အရေး ရသွားတယ်။ အဲဒီလိုဆုတောင်းတာက ယေဟောဝါဟာ ကျွန်မရဲ့ စိုးရိမ်ပူပန်စိတ်တွေကို ကူညီပေးနိုင်တယ်ဆိုတာကိုလည်း သတိရစေတယ်။”​—လော်ရာ။

    ကျမ်းစာမှာ ပြောတယ်– “ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် စိုးရိမ်စရာရှိသမျှကို ကိုယ်တော့်ထံ ပုံအပ်ထားလော့။”​—၁ ပေတရု ၅:၇။

    ဆိုလိုတဲ့အရာ– ဆုတောင်းခြင်းဆိုတာ စိတ်သက်သာရာရစေတဲ့ စိတ်ကုထုံးတစ်ခု မဟုတ်ဘူး။ ‘ငါဟာ သင့်ရဲ့ ဘုရားသခင် ဖြစ်တဲ့အတွက် မစိုးရိမ်နဲ့။ ငါက သင့်ကို ခိုင်ခံ့စေမယ်။ သင့်ကို ကူညီပေးမယ်’ ဆိုပြီး ကတိပေးထားတဲ့ ယေဟောဝါ ဘုရားသခင်နဲ့ အမှန်တကယ် ဆက်သွယ်နေခြင်း ဖြစ်တယ်။​—ဟေရှာယ ၄၁:၁၀၊ ကဘ။

စိုးရိမ်စိတ်လွန်ကဲတဲ့အခါ

လူငယ်တချို့ဟာ နာတာရှည် စိုးရိမ်ပူပန်မှုဝေဒနာကို ခံစားနေကြရတယ်။ ဥပမာ၊ ဆယ်ကျော်သက်အရွယ် ဂျန်နာက ပြောတယ်– “စိုးရိမ်ပူပန်စိတ်ကြောင့် အမြဲလိုလို ခေါင်းကိုက်နေပြီး အာရုံစိုက်လို့လည်း မရဘူး။ တစ်ခါတလေ နေ့စဉ်ရက်ဆက် အိပ်နေတတ်သလို ဆက်တိုက် အိပ်မရတဲ့ရက်တွေလည်း ရှိတယ်။ အစားမဝင်တဲ့အခါတွေ ရှိသလို အများကြီး စားမိတဲ့အခါတွေလည်း ရှိတယ်။ ပြီးတော့တစ်ချိန်လုံး စိုးရိမ်ပူပန်နေတယ်။ ပြဿနာသေးသေးလေးတွေကို အကြီးကြီးလို့ ခံစားရတယ်။”

စိုးရိမ်ပူပန်စိတ်က ကာလကြာရှည်နေမယ်၊ လွန်ကဲနေမယ်ဆိုရင် ဆရာဝန်ပြကြည့်တာက ပိုကောင်းမယ်။ အဲဒီအတိုင်းပဲ ဂျန်နာ လုပ်ဆောင်ခဲ့တယ်။ “ဆရာဝန်ပြပြီးနောက်မှာတော့ ကိစ္စရပ်တွေကို အရင်ကထက် ပိုပြီး ကောင်းကောင်း ရင်ဆိုင်ဖြေရှင်းတတ်လာတယ်၊ စိုးရိမ်ပူပန်စိတ်ကိုလည်း ထိန်းချုပ်တတ်လာတယ်” လို့ သူပြောပြတယ်။

ရွယ်တူချင်းတွေ ပြောဆိုရာ

ကာရီစာ

“စိုးရိမ်ပူပန်စရာ ကြုံရတဲ့အခါ ယေဟောဝါကို ရင်ထဲက ခံစားချက်တွေပြောပြပြီး ဆုတောင်းတယ်။ ကျွန်မရဲ့ဘဝနဲ့ ကျွန်မရဲ့စိုးရိမ်ပူပန်မှုတွေကို ယေဟောဝါရဲ့လက်ထဲမှာ အပ်နှံထားတယ်၊ အဲဒီလိုလုပ်တာက အကောင်းဆုံးဖြစ်တယ်ဆိုတဲ့အသိကြောင့် ညမှာလည်း ကောင်းကောင်း အိပ်ပျော်တယ်။”​—ကာရီစာ။

ဆမ်မမ်သာ

“‘ငါ အခုလောလောဆယ်မလုပ်နိုင်တဲ့အရာ ဒါမှမဟုတ် နောက်ဘယ်တော့မှလည်း မလုပ်နိုင်တဲ့အရာတစ်ခုအတွက် ဘာကြောင့် စိုးရိမ်ပူပန်နေရမှာလဲ’ ဆိုပြီး ကျွန်မ အမြဲ စဉ်းစားလေ့ရှိတယ်။ မဿဲ ၆:၂၇ မှာပါတဲ့ ယေရှုရဲ့ စကားတွေကိုလည်း တွေးတောဆင်ခြင်တယ်။ အဲဒါက ယေဟောဝါအပေါ် ကိုးစားပြီး ကိုယ်တော်ရဲ့ ဆုံးမစကားတွေကို နားထောင်ဖို့ ကူညီပေးတယ်။”​—ဆမ်မမ်သာ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ