မခံမရပ်နိုင်လောက်တဲ့ ဆုံးရှုံးမှု
နီကိုးလ်ဟာ ကျန်းမာတဲ့ကလေးမလေးတစ်ယောက်ပါ၊ ဒါပေမဲ့ တစ်ညနေမှာ သူခေါင်းကိုက်တယ် လို့ပြောတော့ မိဘတွေက သူ့ကိုဆေးရုံခေါ်သွားတယ်။ နောက်တစ်နေ့ညနေ သူ့ကိုစမ်းသပ်နေစဉ်မှာပဲ နီကိုးလ် နှလုံးထဖောက်လာတယ်။ နောက်ထပ်စမ်းသပ်စစ်ဆေးလိုက်တဲ့အခါ တွေ့ရခဲတဲ့ဘက်တီးရီးယားပိုးတစ်မျိုး သူကူးစက်ခံခဲ့ရပြီး အဆုတ်၊ ကျောက်ကပ်နဲ့ နှလုံးထဲအထိ ပျံ့နှံ့သွားပြီဆိုတာ သိလိုက်ရတယ်။ ၄၈ နာရီအတွင်း နီကိုးလ်ဆုံးသွားရှာတယ်။ သူက သုံးနှစ်ပဲရှိသေးတယ်။
ချစ်ရသူတစ်ဦးသေဆုံးသွားခြင်းက လူတစ်ဦးရင်ဆိုင်ရနိုင်တဲ့ စိတ်အထိခိုက်ရဆုံးအခြေအနေတွေထဲက တစ်ခုဖြစ်တယ်။ ဒီလိုဆုံးရှုံးမှုက မခံရပ်နိုင်လောက်အောင်ဖြစ်တတ်တယ်။ “နီကိုးလ်ကို ကျွန်မ အရမ်းသတိရတယ်။ သူ့ရဲ့အပွေ့အဖက်၊ သူ့ရဲ့ရနံ့နဲ့ သူ့ရဲ့အယုအယလေးတွေကို သတိရတယ်။ ကျွန်မကို နေ့တိုင်း ပန်းပေးခဲ့တာလေးတွေကိုလည်း သတိရတယ်။ နီကိုးလ်က ကျွန်မစိတ်ထဲ အမြဲရှိနေတယ်” လို့ ကလေးမလေးရဲ့မိခင် အစ်စဘဲလ်က ပြောတယ်။
သားသမီး၊ အိမ်ထောင်ဖက်၊ မောင်နှမ၊ မိဘ (သို့) မိတ်ဆွေရင်းချာတစ်ဦးလို ချစ်ရသူတစ်ဦးဦးကို သင်လည်း ဆုံးရှုံးဖူးပါသလား။ ဆုံးရှုံးဖူးတယ်ဆိုရင် သင့်ပူဆွေးသောကကို ဘယ်လိုကိုင်တွယ်ဖြေရှင်းနိုင်မလဲ။