အခန်း ၁၁၀
ဗိမာန်တော်၌ ဓမ္မအမှုပြီးစီးခြင်း
ဗိမာန်တော်သို့ ယေရှုနောက်ဆုံးအကြိမ်ရောက်ရှိနေသည်။ အမှန်မှာ၊ နောက်သုံးရက်တွင်ကြုံရမည့် စုံစမ်းခြင်းနှင့်သေဒဏ်မှလွဲလျှင် လူများရှေ့ဓမ္မအမှုဆောင်ခြင်းကို ယေရှုအဆုံးသတ်နေသည်။ ယခုမူ ကျမ်းပြုနှင့်ဖာရိရှဲတို့ကို ဆက်၍ဝေဖန်လေသည်။
ထပ်မံ၍၊ သုံးကြိမ်တိုင်တိုင် “ကျမ်းပြုဆရာ၊ ဖာရိရှဲတို့ သင်တို့သည်အမင်္ဂလာရှိ၏” ဟုယေရှုဆိုသည်။ ဦးဆုံးအနေနှင့်သူတို့သည် “ဖလား၊ လင်ပန်းကိုအပြင်၌ ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်းနှင့်ပြည့်လျက်ရှိ” သောကြောင့်အမင်္ဂလာရှိ၏ဟုဆိုသည်။ ထိုကြောင့် “ဖလား၊ လင်ပန်းကိုအတွင်း၌ ရှေ့ဦးစွာဆေးကြောလော့။ သို့ပြုလျှင် အပြင်ကားသန့်ရှင်းလိမ့်မည်” ဟုဆုံးမသည်။
ထိုနောက် ကျမ်းပြုဆရာ၊ ဖါရိရှဲတို့၏အတွင်း၌ ပုပ်ပျက်နေသောအကျင့်တို့ကို ဘုရားတရားကြည်ညိုဟန်ဖြင့် ဖုံးကွယ်ရန်ကြိုးစားသည့်အတွက် အမင်္ဂလာကိုကြေညာသည်။ “သင်တို့သည် အဖြူသုတ်သောသင်္ချိုင်းတွင်းနှင့်တူ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့်ပြည့်လျက်ရှိ၏။”
နောက်ဆုံး သူတို့၏ရက်ရောမှုကို လူများအာရုံစိုက်ရန် ပရောဖက်တို့၏သင်္ချိုင်းဂူများကို ချယ်သခြင်းက သူတို့၏ဟန်ဆောင်မှုကိုထင်ရှားစေသည်။ အမှန်မှာသူတို့သည် “ပရောဖက်တို့ကို သတ်သောအမျိုးအနွယ်” များဖြစ်သည်။ အကယ်စင်စစ် သူတို့၏ဟန်ဆောင်မှုကို ဖော်ထုတ်ဝံ့သူအတွက် အန္တရာယ်ကြီးလှပါတကား။
ဆက်၍ယေရှုက “မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲ (ဂေဟင်္နာ၊ ကဘ) မှ အဘယ်သို့လွတ်နိုင်ကြမည်နည်း” ဟုပြင်းထန်စွာရှုတ်ချသည်။ ဂေဟင်္နာချိုင့်သည် ယေရုရှလင်မြို့၏အမှိုက်ကျင်းဖြစ်သည်။ ထိုကြောင့် ကျမ်းပြုနှင့်ဖာရိရှဲတို့သည် သူတို့၏ဆိုးယုတ်သောအပြုအမူကြောင့် ထာဝရဖျက်ဆီးခြင်းခံရလိမ့်မည်ကို ယေရှုဆိုလိုနေခြင်းဖြစ်၏။
ကိုယ်စားလှယ်အဖြစ် ယေရှုစေလွှတ်သူများနှင့်စပ်လျဉ်း၍ ကိုယ်တော်က “ထိုသူအချို့တို့ကိုကွပ်မျက်၍ လက်ဝါးကပ်တိုင်၌သတ်ကြလိမ့်မည်။ အချို့တို့ကိုတရားဇရပ်၌ရိုက်၍၊ တစ်မြို့မှတစ်မြို့သို့ညှဉ်းဆဲနှင်ထုတ်ကြလိမ့်မည်။ ထိုကြောင့်ဖြောင့်မတ်သောအာဗေလ၏အသွေးမှစ၍ အတွင်းဗိမာန်တော်၏ယဇ်ပလ္လင်၏အကြား၌ သင်တို့သတ်ကြသောဗာရခိ [၂ ရာဇဝင်ချုပ်၌ယောယဒဟုခေါ်သည်] သားဇာခရိ၏အသွေးတိုင်အောင် မြေကြီးပေါ်၌သွန်းပြီးသမျှသောသူတော်ကောင်းတို့၏အသွေးသည် သင်တို့ခေါင်းပေါ်သို့ရောက်လိမ့်မည်။ ငါအမှန်ဆိုသည်ကား၊ ဤအရာများတို့သည် ယခုဖြစ်သောလူများအပေါ်သို့ရောက်ကြလိမ့်မည်” ဟုပြော၏။
ဇာခရိသည် ဣသရေလခေါင်းဆောင်များကိုပြစ်တင်ဆုံးမသဖြင့် “လူများတို့သည် သူ့ကိုမကောင်းသောအကြံနှင့်တိုင်ပင်၍ ရှင်ဘုရင်အမိန့်တော်နှင့်ဗိမာန်တော်အတွင်း၌ ကျောက်ခဲနှင့်ပစ်၍သတ်ကြ၏။” သို့သော်ယေရှုကြိုတင်ဟောသကဲ့သို့ ဖြောင့်မတ်သူတို့၏အသွေးကိုသွန်းခြင်းအပြစ် ဣသရေလလူမျိုးခံရမည်။ နောက် ၃၇ နှစ်အကြာ၊ စီအီး ၇၀ ခုနှစ်တွင်ရောမစစ်တပ်များသည် ယေရုရှလင်မြို့နှင့် တစ်သန်းကျော်ဂျူးများကိုဖျက်ဆီးသည့်အခါ ယင်းသို့ခံခဲ့ရသည်။
ထိုကြောက်လန့်ဖွယ်အခြေအနေကို ယေရှုသုံးသပ်ပြီးစိတ်မကောင်းစွာဖြင့် “ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ . . . ကြက်မသည်မိမိသားငယ်တို့ကို အတောင်အောက်၌စုရုံးသကဲ့သို့ သင်၏သားတို့ကိုစုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာငါအလိုရှိပြီ၊ သင်မူကား အလိုမရှိ။ သင်တို့နေသောအိမ်သည် သင်တို့၌လူဆိတ်ညံလျက်ကျန်ရစ်ရ၏။”
ယေရှုကထပ်ဆင့်၍ “ငါဆိုသည်ကား ‘ထာဝရဘုရား၏အခွင့်နှင့်ကြွလာသောသူသည်မင်္ဂလာရှိစေသော’ ဟုသင်တို့မပြောမီတိုင်အောင် ယခုမှစ၍ သင်တို့သည်ငါ့မျက်နှာကိုမမြင်ရကြ” ဟုမိန့်ဆို၏။ ထိုနေ့ရက်သည် ကောင်းကင်နိုင်ငံတော်တန်ခိုးဖြင့်ခရစ်တော်ရောက်ရှိပြီး ယုံကြည်ခြင်းမျက်စိဖြင့် ကိုယ်တော်အားလူတို့တွေ့မြင်မည့်နေ့ရက်ဖြစ်လိမ့်မည်။
ဗိမာန်တော်ဘဏ္ဍာတိုက်ရှိရာနေရာသို့ ယေရှုယခုရောက်သွား၍ ငွေရတတ်သောသူတို့သည် များစွာလှူဒါန်းကြသည်ကိုမြင်သည်။ ထိုနောက်မုဆိုးမတစ်ဦးလာ၍ တန်ဖိုးအနည်းငယ်သာရှိငွေနှစ်ပြားလှူသည်ကိုတွေ့၏။
တပည့်များကိုခေါ်၍ “ငါအမှန်ဆိုသည်ကား၊ ဘဏ္ဍာတိုက်ထဲသို့သွင်းချသောသူအပေါင်းတို့ထက် ထိုဆင်းရဲသောမုဆိုးမသည်သာ၍ သွင်းချခဲ့ပြီ” ဟုယေရှုပြောသည်။ မည်သို့ဖြစ်နိုင်မည်နည်းဟု သူတို့စဉ်းစားကြသောကြောင့်ယေရှုက “ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသောစည်းစိမ်ထဲကနှုတ်၍သွင်းချကြ၏။ ထိုမိန်းမမူကားအလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာဥစ္စာရှိသမျှကိုသွင်းချလေပြီ” ဟုရှင်းပြပြီးနောက် ဗိမာန်တော်မှနောက်ဆုံးအကြိမ်ယေရှုထွက်ခွာသွားလေသည်။
လှပ၍အံ့သြဖွယ်ကောင်းသောဗိမာန်တော်နှင့်ပတ်သက်ပြီး တပည့်တော်တို့ထဲမှ တစ်ယောက်က “ဆရာ၊ ဤကျောက်နှင့်အဆောင်များ မည်မျှကြီးသည်ကိုကြည့်တော်မူပါ” (သမ )ဟုဆို၏။ မှန်ပါသည်၊ ကျောက်တုံးကြီးများသည် ၃၅ ပေရှည်ပြီး၊ အကျယ် ၁၅ ပေကျော်၊ အမြင့် ၁၀ ပေကျော်သည်ဟုဆို၏။
“ဤကြီးစွာသောတိုက်ဆောင်တို့ကို သင်တို့သည်ယခုမြင်ရ၏။ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်တစ်ခုမျှမတည်မနေရ” ဟုယေရှုပြန်ဖြေလေသည်။
ထိုနောက် ယေရှုနှင့်သူ၏တမန်တော်တို့သည် ကေဒြုန်ချိုင့်ကိုဖြတ်ပြီး၊ သံလွင်တောင်ပေါ်သို့တက်သွားလေသည်။ ဤနေရာမှ သူတို့သည်ကြီးကျယ်ခမ်းနားသောဗိမာန်တော်ကို မြင်တွေ့နိုင်လေသည်။ မဿဲ ၂၃:၂၅-၂၄:၃။ မာကု ၁၂:၄၁-၁၃:၃။ လုကာ ၂၁:၁-၆။ ၂ ရာဇဝင်ချုပ် ၂၄:၂၀-၂၂။
▪ နောက်ဆုံးအကြိမ်ဗိမာန်တော်သို့ လည်ပတ်ချိန်တွင်ယေရှုဘာပြုလုပ်သနည်း။
▪ ကျမ်းတတ်နှင့်ဖာရိရှဲများ သူတို့၏ဟန်ဆောင်မှုကို မည်သို့တင်ပြကြသနည်း။
▪ “ဂေဟင်္နာ၌တရားစီရင်ခြင်း” သည်မည်သို့အဓိပ္ပာယ်ရှိသနည်း။
▪ ငွေရတတ်သူများထက် မုဆိုးမသည် ပို၍လှူဒါန်းသည်ဟု ယေရှုဘာကြောင့်ပြောသနည်း။