အခန်း ၁၂၃
“ဤယောက်ျားကိုကြည့်ကြလော့”
ယေရှုပြုမူပုံနှင့်အပြစ်ကင်းစင်မှုကိုစိတ်စွဲငြိသွားပြီး ကိုယ်တော်အားလွှတ်ပေးရန် ပိလတ်သည်အခြားနည်းရှာပြီး “ပသခါပွဲ၌လူတစ်ယောက်ကို သင်တို့အားငါလွှတ်မြဲထုံးစံရှိသည်” ဟုလူအုပ်အားပြောဆိုသည်။
နာမည်ကြီးလူသတ်ဓားပြဗာရဗ္ဗကိုဖမ်းထားရာ ပိလတ်က “သင်တို့သည်အဘယ်သူကိုလွှတ်စေချင်သနည်း။ ဗာရဗ္ဗကိုလွှတ်စေချင်သလော။ ခရစ်ဟုခေါ်ဝေါ်သောယေရှုကိုလွှတ်စေချင်သလော” ဟုမေး၏။
ယဇ်ပုရောဟိတ်များ၏သွေးဆောင်မှုကြောင့် ဗာရဗ္ဗကိုလွှတ်ရန်၊ ယေရှုကိုမူကားသတ်ပစ်ရန် လူတို့တောင်းဆိုကြ၏။ အလျော့မပေးဘဲ ပိလတ်ကထပ်မံ၍ “ဤသူနှစ်ယောက်တို့တွင် သင်တို့သည်အဘယ်သူကိုလွှတ်စေချင်သနည်း” ဟုမေးပြန်သည်။
“ဗာရဗ္ဗ” ဟုအော်ဟစ်ကြ၏။
“သို့ဖြစ်လျှင်ခရစ်ဟုခေါ်ဝေါ်သောယေရှုကို အဘယ်သို့ပြုရမည်နည်း” ဟုစိတ်ပျက်စွာမေးလေ၏။
“ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ။ ရိုက်ထားပါ” ဟုနားပွင့်မတတ်အော်ကြ၏။
အပြစ်မရှိသူကိုသတ်ပစ်ရန်တောင်းဆိုနေကြောင်းသိသောကြောင့် ပိလတ်က “ထိုသူသည်အဘယ်အမှုကိုပြုဘိသနည်း။ သေထိုက်သောအပြစ် တစ်စုံတစ်ခုကိုမျှသူ၌ ငါမတွေ့။ ထို့ကြောင့်သူ့ကိုဆုံးမ၍လွှတ်မည်” ဟုတောင်းပန်၏။
သူကြိုးပမ်းသော်လည်း ဘာသာရေးခေါင်းဆောင်တို့၏လှုံ့ဆော်မှုဖြင့် ဒေါသထန်နေသောလူအုပ်သည် သွေးဆာနေကြ၍ “ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ” ဟုသာဆက်အော်ကြသည်။ ထိုသူတို့တွင် လွန်ခဲ့သည့်ငါးရက်ခန့်ကပင် ယေရှုအားဘုရင်အဖြစ်ယေရုရှလင်မြို့ထဲဝင်ရန် ကြိုဆိုခဲ့သူအချို့ပါဝင်ဖွယ်ရှိသည်။ ယေရှု၏တပည့်များလည်း ထိုတွင်ရှိနေလျှင် လူအုပ်ကြားမထင်မရှားနေကြသည်။
သူ၏တောင်းပန်ချက်များသည် အုံကြွမှုများကိုသာဖြစ်စေကြောင်းတွေ့မြင်သောပိလတ်သည် ရေကိုယူပြီး လူအုပ်ရှေ့တွင်မိမိလက်များကိုဆေးကြော၍ “ဤဖြောင့်မတ်သောသူ၏အသွေးနှင့်ငါသည် ကင်းရှင်း၏။ ဤအမှုကို သင်တို့ကြည့်ကြလော့” ဟုပြောဆိုသည်။ လူတို့က “သူ၏အသွေးသည်ငါတို့ခေါင်းပေါ်၌လည်းကောင်း၊ သားမြေးတို့၏ခေါင်းပေါ်၌လည်းကောင်း တည်ရှိပါစေ” ဟုပြန်ပြောကြ၏။
အမှန်တရားအတိုင်းလုပ်ဆောင်မည့်အစား ပိလတ်သည် လူအုပ်ကျေနပ်စေရန် ဗာရဗ္ဗကိုလွှတ်ပေးသည်။ ယေရှု၏ အဝတ်တော်ကိုချွတ်ကာ ရိုက်နှက်ဒဏ်ပေးစေသည်။ ယင်းသည်သာမန်ရိုက်နှက်ခြင်းမဟုတ်။ ရောမလူမျိုးတို့၏ ရိုက်နှက်ဒဏ်ပေးပုံကို The Journal of the American Medical Association ကဤသို့ဖော်ပြသည်။
“အများအားဖြင့်အသုံးပြုသည်မှာ ကြာပွတ်တို (ရိုက်တုတ်) ဖြစ်သည်။ အရှည်အတိုမညီသောသားရေကြာပွတ်ကြိုးများဖြင့်ကျစ်ထားပြီး ကြိုးများကြားတွင် သံလုံးလေးများနှင့်ချွန်ထက်သောသိုးအရိုးများချည်ထားသည်။ . . . ရောမစစ်သားများသည် ရိုက်ဒဏ်သင့်သောသူ၏ကျောကို တအားဆင့်ကာရိုက်သောအခါ သံလုံးများသည် အတွင်းကြေဖြစ်စေပြီး သားရေကြိုးများနှင့်သိုးအရိုးများသည် အသားနှင့်အသားမျှင်များကိုကြေမွစုတ်ပြတ်စေသည်။ ဆက်လက်ရိုက်စဉ် အရိုးပေါ်ကပ်နေသောကြွက်သားများပင်စုတ်ပြတ်လေရာ သွေးသံရဲရဲနှင့်ဆတ်ဆတ်တုန်နေသောအသားမြောင်းများပေါ်စေသည်။”
ဤသို့ရက်စက်စွာရိုက်နှက်ပြီးနောက် ဘုရင်ခံ၏နန်းတော်တွင်းသို့ယေရှုအားခေါ်ဆောင်သွားကြပြီး စစ်တပ်တစ်တပ်လုံးကိုစုရုံးစေသည်။ စစ်သားများသည် ယေရှုအားဝိုင်းသရော်ကြပြီး ဆူးပင်နှင့်ရက်သောဦးရစ်ကိုခေါင်းတော်၌တင်ကြ၏။ ကျူလုံးတစ်လုံးကိုညာလက်ဖြင့်ကိုင်စေပြီး မင်းများဝတ်ဆင်သောနီမောင်းသည့်ဝတ်လုံကို ဝတ်ဆင်ပေးကြသည်။ ထိုနောက် “ယုဒရှင်ဘုရင်၊ ကိုယ်တော်သည်မင်္ဂလာရှိစေသတည်း” ဟုပြက်ရယ်ပြုကြသည်။ ထိုနောက်တံတွေးနှင့်ထွေးကာ မျက်နှာကိုရိုက်ကြသည်။ လက်မှကျူလုံးကိုယူပြီး ခေါင်းတော်ကိုရိုက်ရာတွင် အရှက်ခွဲရန်ဆောင်းပေးထားသောချွန်ထက်သည့် “ဦးရစ်” နှင့်ဦးရေကိုရှစေကြသည်။
နှိပ်စက်မှုခံရငြား ထူးခြားသောယေရှု၏သိက္ခာနှင့်စွမ်းပကားကို ပိလတ်စိတ်စွဲငြိပြီး ကိုယ်တော်အားလွှတ်ပေးရန်ကြိုးစားပြန်သည်။ “ဤသူ၌အဘယ်အပြစ်ကိုမျှငါမတွေ့ကြောင်းကို သင်တို့သိစေခြင်းငှာ သူ့ကိုသင်တို့ရှိရာသို့ငါထုတ်ပြသည်” ဟုလူအုပ်အားဆို၏။ နှိပ်စက်ခံရသောယေရှု၏အသွင်အပြင်ကိုကြည့်ပြီး ယေရှုအားလူထုသနားသွားမည်ဟု သူထင်မှတ်ပုံရသည်။ ဆူးဦးရစ်နှင့်နီမောင်းသောဝတ်လုံကိုဝတ်ဆင်လျက် မျက်နှာတော်မှသွေးယိုစီးနာကျင်နေသောယေရှုသည် နှလုံးသားကင်းမဲ့သောလူအုပ်ရှေ့ရပ်နေစဉ် ပိလတ်က “ဤယောက်ျားကိုကြည့်ကြလော့” (ကဘ ) ဟုကြွေးကြော်လိုက်သည်။
ဒဏ်ရာဒဏ်ချက်နှင့်ဖြစ်ငြား ဤတွင်ရပ်နေသူသည် သမိုင်းတစ်လျှောက်အထူးခြားဆုံး၊ အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား ပါတကား။ မှန်ပါသည်၊ ယေရှု၏ဂုဏ်အသရေ၊ တည်ကြည်ခန့်ညားမှုကြောင့် ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းကို ပိလတ်ပင်အသိအမှတ်ပြုရကြောင်း သနားစာနာလေးစားမှုပါသော သူ၏စကားများကထင်ရှားစေသည်။ ယောဟန် ၁၈:၃၉–၁၉:၅။ မဿဲ ၂၇:၁၅-၁၇၊ ၂၀-၃၀။ မာကု ၁၅:၆-၁၉။ လုကာ ၂၃:၁၈-၂၅။
▪ ယေရှုလွတ်မြောက်စေရန် ပိလတ်မည်သည့်နည်းဖြင့်ကြိုးစားသနည်း။
▪ မိမိတာဝန်ကင်းလွတ်ရန် ပိလတ်မည်သို့ကြိုးစားသနည်း။
▪ ရိုက်နှက်ဒဏ်ပေးမှုတွင် အဘယ်အရာပါဝင်သနည်း။
▪ ရိုက်နှက်ဒဏ်ပေးခံရပြီးနောက် ယေရှုမည်သို့ပြောင်လှောင်ခံရသနည်း။
▪ ယေရှုလွတ်မြောက်စေရန် ပိလတ်မည်သို့ဆက်လက်ကြိုးစားသနည်း။