အခန်း ၁၂၄
လက်သို့အပ်၍ထုတ်သွားကြ၏
ပိလတ်သည် ညှဉ်းဆဲခံရသူယေရှု၏တည်တံ့ခန့်ညားမှုကြောင့် လှုံ့ဆော်ခံရကာ ကိုယ်တော်အားလွှတ်ရန်ထပ်မံကြိုးစားသောအခါ ယဇ်ပုရောဟိတ်အကြီးများ ဒေါသပိုထွက်ကြသည်။ သူတို့၏အကြံဆိုးမပျက်စေလို၍ “လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါ” ဟုအော်ဟစ်ပြန်သည်။
“သင်တို့ကိုယ်တိုင် သူ့ကိုယူ၍လက်ဝါးကပ်တိုင်မှာရိုက်ထားကြ” (သမ္မ) ဟုပိလတ်တုံ့ပြန်သည်။ (သူတို့အစောပိုင်းကအဆိုနှင့်မတူ ဂျူးများသည် ကြီးလေးသောဘာသာရေးပြစ်မှုများကျူးလွန်သူရာဇဝတ်ကောင်များကို သတ်ပိုင်ခွင့်ရှိသည်။) သို့နှင့်ပိလတ်က “ငါသည်သူ၌အပြစ်ကိုမတွေ့” ဟုပဉ္စမအကြိမ်မြောက်ကြေညာသည်။
သူတို့၏နိုင်ငံရေးစွဲချက်များသည် အရာမရောက်ကြောင်းတွေ့ရှိကြသော် လွှတ်တော်ရှေ့ယေရှုအားရုံးတင်ချိန်က ဘာသာရေးစွဲချက်ဖြစ်သောရှုတ်ချမှုကိုပြန်အသုံးပြုပြီး “သူသည်ဘုရားသခင်၏သားတော်ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ်တို့၌ရှိသောဓမ္မသတ်အတိုင်း သေထိုက်ပါသည်” ဟုဆိုကြ၏။
ဤစွဲချက်သည်ပိလတ်အတွက်အသစ်အဆန်းဖြစ်ပြီး သူ့ကိုပိုထိတ်လန့်စေသည်။ သူ၏ဇနီးအိပ်မက်နှင့် ယေရှု၏ထူးခြားသောဥပဓိရုပ်ကထင်ရှားစေသည့်အတိုင်း ယေရှုသည်သာမန်လူမဟုတ်ကြောင်း ယခုပိလတ်သိမြင်လေသည်။ သို့သော် “ဘုရားသားတော်လော။” ယေရှုသည်ဂါလိလဲမှဖြစ်ကြောင်း ပိလတ်သိသည်။ သို့သော်ယခင်ကသူအသက်ရှင်ခဲ့ဖူးသလော။ နန်းတော်ထဲတစ်ဖန်ခေါ်ဆောင်သွားကာ “သင်အဘယ်ကဖြစ်သနည်း” ဟုပိလတ်မေး၏။
ယေရှုမဖြေဘဲနေလေ၏။ အစောပိုင်းက မိမိသည်ဘုရင်ဖြစ်ကြောင်း၊ မိမိ၏နိုင်ငံတော်သည် ဤလောကနှင့်မဆိုင်ကြောင်းပြောခဲ့ပြီး၍ ယခုဆက်ရှင်းပြလျှင်လည်း အကျိုးမရှိချေ။ သို့သော်အဖြေမပေးသောကြောင့် ပိလတ်၏မာနထိပါးခံရပြီး “ငါနှင့်စကားမပြောသလော။ ငါသည်သင့်ကို လက်ဝါးကပ်တိုင်မှာရိုက်ထားပိုင်သည်ကိုလည်းကောင်း၊ လွှတ်ပိုင်သည်ကိုလည်းကောင်း သင်မသိသလော” ဟုဒေါသတကြီးဆိုလိုက်သည်။
“အထက်အရပ်မှအခွင့်ကိုမရလျှင် မင်းကြီးသည်ငါ့ကိုအဘယ်သို့မျှမပြုပိုင်” ဟုယေရှုသည် လေးစားစွာဖြင့်တုံ့ပြန်သည်။ မြေကြီးဆိုင်ရာကိစ္စများကိုခန့်ခွဲရန် လူ့အုပ်စိုးရှင်များအား ဘုရားခွင့်ပြုခြင်းကို ကိုယ်တော်ရည်ညွှန်းနေသည်။ ယေရှုက “ထို့ကြောင့်ငါ့ကိုမင်းကြီးလက်သို့အပ်နှံသောသူသည် သာ၍ကြီးသောအပြစ်ရှိသည်” ဟုထပ်ဆင့်ဆိုသည်။ ယဇ်ပုရောဟိတ်ကယာဖ၊ သူ၏အပေါင်းအပါများနှင့်ယုဒရှကာရုတ်တို့သည် ယေရှုအားမတရားပြုမူသည့်အတွက် ပိလတ်ထက်သာ၍အပြစ်ကြီးလေးပါသည်။
ယေရှုကိုပိုလေးစားသွားပြီး ကိုယ်တော်သည်ဘုရားထံတော်မှဖြစ်မည်ဟုယူမှတ်ကာ ပိလတ်သည်ယေရှုကိုလွှတ်ရန်ကြိုးစားပြန်သည်။ သို့သော်ဂျူးများကပိလတ်အားတားသည်။ သူတို့၏နိုင်ငံရေးစွဲချက်ကိုပြန်တင်ပြီး “ထိုသူကိုလွှတ်လျှင် ကိုယ်တော်သည်ကဲသာဘုရင်၏အဆွေမဟုတ်ပါ။ ရှင်ဘုရင်လုပ်သောသူမည်သည်ကား ကဲသာဘုရင်၏ရန်သူဖြစ်ပါသည်” ဟုစဉ်းလဲစွာခြိမ်းခြောက်သည်။
သူဒုက္ခရောက်နိုင်သော်လည်း ပိလတ်သည်ယေရှုကိုအပြင်သို့တစ်ဖန်ထုတ်၍ “သင်တို့၏ရှင်ဘုရင်ကို ကြည့်ကြလော့” ဟုဆိုပြန်သည်။
“ထိုသူကိုထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ” ဟုပြန်ဖြေကြသည်။
“သင်တို့ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားရမည်လော” ဟုစိတ်အားလျှော့ပြီးပိလတ်မေးသည်။
ဂျူးများသည်ရောမအုပ်ချုပ်မှုအောက်တွင် မခံချိမခံသာဖြစ်ပြီး ၄င်းကိုစက်ဆုပ်ရွံရှာကြသော်လည်း ယဇ်ပုရောဟိတ်အကြီးများကဟန်ဆောင်ကာ “ကဲသာမင်းမှတစ်ပါး ကျွန်ုပ်တို့၌ဘုရင်မရှိ” ဟုပြန်ပြောကြသည်။
မိမိရာထူးနှင့်သိက္ခာအတွက်စိုးရိမ်ကာ ပိလတ်သည်နောက်ဆုံးတွင် ဂျူးများ၏ဆူပူခြိမ်းခြောက်မှုများအောက်အညံ့ခံပြီး ယေရှုကိုအပ်လိုက်သည်။ စစ်သားများသည် ယေရှု၏နီမောင်းသောဝတ်လုံကိုချွတ်၍ ကိုယ်တော်၏ဝတ်ရုံကိုပြန်ဝတ်စေ၏။ တိုင်မှာရိုက်ထားရန်ယေရှုကိုခေါ်ထုတ်သွားစဉ် ကိုယ်တော်အား မိမိနှက်တိုင်ကိုထမ်းစေသည်။
ယခုနိသန်လ ၁၄ ရက်သောကြာနေ့နံနက်ပိုင်းဖြစ်၍ မွန်းတည့်ချိန်နီးပြီ။ ကြာသပတေးနေ့နံနက်စောစောမှစ၍ ယေရှုမအိပ်ရဘဲ ဒုက္ခတစ်ခုပြီးတစ်ခုပြင်းပြစွာခံခဲ့ရသည်။ နှက်တိုင်၏လေးလံမှုကြောင့် ယေရှုအားအင်ကုန်ခန်းသွားရာ ဖြတ်သန်းသွားလာသူ အာဖရိကရှိကုရေနေပြည်သား ရှိမုန်ကိုအနိုင်ပြု၍ နှက်တိုင်ကိုထမ်းစေကြ၏။ သူတို့ဆက်သွားစဉ် ယေရှုကြောင့်ဝမ်းနည်းပြီးငိုကြွေးမြည်တမ်းနေကြသော မိန်းမအချို့အပါအဝင် လူများစွာလိုက်လာသည်။
မိန်းမများဘက်လှည့်၍ ယေရှုက “ယေရုရှလင်မြို့သမီးတို့ ငါ့ကြောင့်မငိုကြွေးကြနှင့်။ မိမိတို့နှင့်မိမိတို့သားများကြောင့်ငိုကြွေးကြလော့။ အကြောင်းမူကား၊ ‘မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓေမယူဘူးသောဝမ်းနှင့် သူငယ်မစို့ဘူးသောသားမြတ်သည် မင်္ဂလာရှိ၏’ ဟုပြောရသောနေ့ရက်ကာလရောက်လိမ့်မည်။ . . . အကြောင်းမူကား၊ စိမ်းသောအပင်ကို ဤသို့ပြုကြလျှင်၊ ခြောက်သောအပင်၌ အဘယ်သို့ဖြစ်လိမ့်မည်နည်း” ဟုမိန့်တော်မူ၏။
ယေရှုသည် ဂျူးလူမျိုးကိုအပင်နှင့်နှိုင်းယှဉ်ခြင်းဖြစ်သည်။ မိမိရောက်ရှိနေခြင်းနှင့်မိမိကိုယုံကြည်သူအကြွင်းအကျန်ရှိနေခြင်းကြောင့် အသက်ငွေ့ငွေ့ရှင်နေသည်။ ထိုလူမျိုးမှယင်းတို့ကိုနှုတ်ယူလျှင် ဝိညာဏအသေပင်၊ ခြောက်သွေ့သောလူမျိုးအဖွဲ့အစည်းသာဖြစ်သွားမည်။ ဘုရားရှင်၏အာဏာသားရောမစစ်တပ်သည် ဂျူးနိုင်ငံကိုပျက်သုဉ်းစေသောအခါ မည်မျှငိုကြွေးမြည်တမ်းကြမည်တကား။ ယောဟန် ၁၉:၆-၁၇၊ ၁၈:၃၁။ လုကာ ၂၃:၂၄-၃၁။ မဿဲ ၂၇:၃၁၊ ၃၂။ မာကု ၁၅:၂၀၊ ၂၁။
▪ သူတို့၏နိုင်ငံရေးစွဲချက်များအရာမရောက်သောအခါ ဘာသာရေးခေါင်းဆောင်များသည် ယေရှုအပေါ်အဘယ်စွဲချက်တင်သနည်း။
▪ ပိလတ်သည် အဘယ်ကြောင့်ပို၍ထိတ်လန့်လာသနည်း။
▪ ယေရှု၌ဖြစ်ပျက်လာသည့်ကိစ္စတွင် မည်သူတို့၌ပို၍အပြစ်ကြီးသနည်း။
▪ နောက်ဆုံးတွင်ယဇ်ပုရောဟိတ်များသည် ပိလတ်အား ယေရှုကိုသတ်မည့်သူများထံအပ်ရန် မည်သို့လုပ်ဆောင်နိုင်သနည်း။
▪ မိမိအတွက်ငိုကြွေးသည့်အမျိုးသမီးများအား ယေရှုဘာပြောသနည်း။ အပင် “စိမ်း” ပြီးနောက် “ခြောက်” သွားသည်ဟုဆိုရာ၌ ကိုယ်တော်ဘာကိုဆိုလိုသနည်း။