အခန်း ၁၂၅
နှက်တိုင်ပေါ်မှ ပြင်းပြသည့်ဝေဒနာ
ယေရှုနှင့်အတူဓားပြနှစ်ဦးကိုကွပ်မျက်ရန် ခေါ်ထုတ်သွားကြသည်။ မြို့အနီး ဂေါလဂေါသအမည်ရှိ ဦးခေါင်းခွံအရပ်သို့ရောက်သော် လူအုပ်ရပ်လိုက်သည်။
အချုပ်သားတို့အဝတ်ကိုချွတ်ပြီး ယေရုရှလင်မြို့သူများပြုလုပ်ထားသည့် မုရန်ဆေးစပ်ထားသောစပျစ်ရည်ကိုတိုက်ကြသည်။ နှက်တိုင်တင်ခံရသူတို့၏နာကျင်မှုသက်သာစေသည့် ဤဆေးရည်ကိုရောမတို့ကတိုက်ခွင့်ပြု၏။ သို့သော် ၄င်းကိုယေရှုမြည်းစမ်းကြည့်ပြီး မသောက်ဘဲနေ၏။ အကြောင်းမှာ ယုံကြည်ခြင်းအတွက်အပြင်းထန်ဆုံးစမ်းသပ်ခံရသည့်ဤအချိန်တွင် မိမိ၏စွမ်းရည်သတ္တိရှိသမျှတို့ကို အပြည့်အဝထိန်းထားလို၍ဖြစ်မည်။
ယခုယေရှုအား သစ်တိုင်ပေါ်လဲလျောင်းစေကာ လက်တော်ကိုခေါင်းတော်ဘက်သို့ ဆွဲဆန့်ထားသည်။ ထိုနောက် စစ်သားတို့သည် လက်တော်နှင့်ခြေတော်အတွင်းသို့ သံချောင်းကြီးများကို တစ်ချက်ချင်းရိုက်သွင်းကြရာ အသားနှင့်အရွတ်ထဲစူးဝင်သည့်အခါ နာကျင်မှုဝေဒနာကြောင့် ကိုယ်တော်ထွန့်ထွန့်လူးနေတော်မူသည်။ သစ်တိုင်ကိုထူလိုက်သောအခါ ကိုယ်ခန္ဓာအလေးချိန်က သံချက်ရာတို့ကိုစုတ်ပြဲစေသည့်အတွက် ဝေဒနာမှာ မချိမဆန့်စူးရှနာကျင်လာသည်။ သို့သော်ယေရှုသည် ရောမစစ်သားတို့အား ခြိမ်းခြောက်မည့်အစား “အိုအဘ၊ သူတို့အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကိုမသိကြ” ဟုဆုတောင်းပေးတော်မူ၏။
ပိလတ်က “ယုဒရှင်ဘုရင်နာဇရက်မြို့သားယေရှု” ဟူ၍သစ်တိုင်၌ကမ္ပည်းတပ်ထားစေ၏။ ဤသို့ပြုခြင်းမှာ ယေရှုကိုကြည်ညိုလေးစားသောကြောင့်သာမကဘဲ ယေရှုအား သေဒဏ်စီရင်ရန် သူ့အားမရမကအကျပ်ကိုင်ခဲ့သည့် ယုဒယဇ်ပုရောဟိတ်တို့ကို မုန်းသောကြောင့်လည်းဖြစ်မည်။ ထိုကမ္ပည်းစာကို လူတိုင်းဖတ်နိုင်ရန် ဟေဗြဲ၊ ရုံးသုံးလက်တင်နှင့်အများသုံးဂရိဘာသာစကားသုံးမျိုးဖြင့်ရေးစေသည်။
ဤတိကျပြတ်သားသည့်ကမ္ပည်းက သူတို့၏အောင်ပွဲခံချိန်ကိုနှောင့်ယှက်သဖြင့် ကယာဖနှင့်အန္နတို့အပါအဝင် ယဇ်ပုရောဟိတ်တို့သည် အလွန်စိတ်ပျက်ကြသည်။ ထိုကြောင့်သူတို့က “ ‘ယုဒရှင်ဘုရင်’ ဟုမရေးပါနှင့်။ ‘ငါသည်ယုဒရှင်ဘုရင်ဖြစ်သည်’ ဟုသူဆိုကြောင်းကိုရေးတော်မူပါ” ဟုကန့်ကွက်ကြ၏။ ယဇ်ပုရောဟိတ်တို့၏လက်ကိုင်တုတ်အဖြစ် အသုံးခံလိုက်ရခြင်းကို မကျေမချမ်းဖြစ်နေသောပိလတ်က “ငါရေးပြီးသောအရာကို ငါရေးပြီးပြီ” ဟုမထီမဲ့မြင်သဘောနှင့် အပြတ်ပြောလိုက်သည်။
ယခုယဇ်ပုရောဟိတ်တို့သည် လူအုပ်နှင့်အတူ ကွပ်မျက်ရာနေရာသို့ စုရုံးလာကြပြီး ကမ္ပည်းပါသက်သေခံချက် မမှန်ကြောင်းချေပကြသည်။ အစောပိုင်းက လွှတ်ရုံး၌စစ်ကြောစဉ် ထွက်ဆိုခဲ့သည့် မမှန်သောသက်သေကို ထပ်ပြောကြ၏။ ထိုကြောင့် လမ်းသွားလမ်းလာသူတို့ကလည်း ခေါင်းခါရမ်းလျက် ‘ဗိမာန်တော်ကိုဖျက်၍သုံးရက်အတွင်းပြန်ဆောက်မည့်သူ၊ ကိုယ်ကိုကယ်တင်လော့။ ဘုရားသားမှန်လျှင် ညှဉ်းဆဲရာနှက်တိုင်မှဆင်းလော့’ ဟုဆို၍ ကိုယ်တော်ကိုသရော်ကြသည်မှာ အံ့ဩစရာမဟုတ်ပေ။
ယဇ်ပုရောဟိတ်အကြီးတို့နှင့်သူတို့၏ဘာသာရေးအဆွေများက “ဤသူသည် သူတစ်ပါးတို့ကိုကယ်တင်တတ်၏။ ကိုယ်ကိုမကယ်တင်နိုင်ပါတကား။ ဣသရေလရှင်ဘုရင်မှန်လျှင် ညှဉ်းဆဲရာနှက်တိုင်မှယခုဆင်းပါလေစေ။ ဆင်းလျှင် ငါတို့ယုံကြည်မည်။ သူသည် ဘုရားသခင်ကိုကိုးစားပြီ။ ‘ငါသည် ဘုရားသခင်၏သားဖြစ်၏’ ဟုဆိုပြီ။ သို့ဖြစ်၍ဘုရားသခင်သည် သူ၌အလိုတော်ရှိလျှင် ယခုပင်ကယ်တင်တော်မူပါလေစေ” ဟုပြောင်လှောင်ကြ၏။
စစ်သားတို့လည်း ထိုသဘောမျိုးကူးစက်လာသဖြင့် ရော၍ပြောင်လှောင်ကြသည်။ သူတို့သည် ယေရှုအား ပုံးရည်ကို ခြောက်ကပ်နေသည့်နှုတ်ခမ်းတော်နှင့်မမီတမီ ပြောင်ချော်ချော်နှင့်ကမ်းပေးကြပြီး “သင်သည် ယုဒလူတို့၏ရှင်ဘုရင်မှန်လျှင် ကိုယ်ကိုကယ်တင်လော့” ဟူ၍ပြက်ရယ်ပြုကြ၏။ လက်ယာတော်နှင့်လက်ဝဲတော်၌ နှက်တိုင်တင်ထားသည့်ဓားပြများပင် ကိုယ်တော်ကိုပြက်ရယ်ပြုကြ၏။ စဉ်းစားကြည့်ပါ။ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးသောလူသား၊ အရာခပ်သိမ်းကိုဖန်ဆင်းရာတွင် ယေဟောဝါနှင့်ပူးပေါင်းဆောင်ရွက်တော်မူခဲ့သောအရှင်သည် ဤသို့မတရားပြုမူခြင်းတို့ကို ကြိတ်မှိတ်၍ခံစားတော်မူသည်တကား။
စစ်သားတို့သည် ယေရှု၏ဝတ်ရုံတို့ကိုယူပြီး လေးပိုင်းပိုင်းကာ မဲချ၍ခွဲဝေယူကြ၏။ အတွင်းအင်္ကျီမှာ ချုပ်ရိုးမပါဘဲအရည်အသွေးသာလွန်သဖြင့် စစ်သားတို့က ‘ဤအင်္ကျီကိုမဆုတ်ကြနှင့်၊ မဲချ၍ယူကြကုန်အံ့’ ဟုအချင်းချင်းပြောကြ၏။ သို့ဖြင့် “သူတို့သည် အကျွန်ုပ်အဝတ်ကိုအချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏” ဟူသောကျမ်းချက်ကိုအမှတ်မထင်ပြည့်စုံစေသည်။
အတန်ကြာသော် ဓားပြတစ်ဦးက ယေရှုသည်ရှင်ဘုရင်အမှန်ဖြစ်ရမည်ကို သိမြင်လာ၍ အဖော်ဖြစ်သူအား “သင်သည် ဤသူနည်းတူအပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကိုမကြောက်သလော။ ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက်ခံရသည်ဖြစ်၍ တရားသဖြင့်ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှမပြု” ဟုဆို၏။ ထိုနောက်ယေရှုအား “သခင်၊ နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ” ဟုအသနားခံ၏။
ယေရှုကလည်း “ယနေ့ငါအမှန်ဆိုသည်ကား သင်သည်ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်” ဟုမိန့်တော်မူ၏။ ကောင်းကင်ဘုံတွင်ရှင်ဘုရင်အဖြစ်ယေရှုစိုးစံတော်မူစဉ် အာမဂေဒုန်ကပ်ကျော်သူတို့နှင့်အပေါင်းအဖော်များ ပြုစုပျိုးထောင်ခွင့်ရမည့်ကမ္ဘာ့ပရဒိသုသို့ နောင်တရသောထိုလူဆိုးအား ထမြောက်စေတော်မူသောအခါ ဤကတိတော်ပြည့်စုံလာမည်။ မဿဲ ၂၇:၃၃-၄၄။မာကု ၁၅:၂၂-၃၂။ လုကာ ၂၃:၂၇၊ ၃၂-၄၃။ ယောဟန် ၁၉:၁၇-၂၄။
▪ မုရန်ဆေးစပ်ထားသောစပျစ်ရည်ကို ယေရှုအဘယ်ကြောင့်ငြင်းသနည်း။
▪ ယေရှု၏နှက်တိုင်ပေါ်တွင် အဘယ်ကြောင့်ကမ္ပည်းတပ်သနည်း။ ယင်းက ပိလတ်မင်းနှင့်ယဇ်ပုရောဟိတ်တို့စပ်ကြား နောက်ထပ်အဘယ်အငြင်းပွားမှုဖြစ်ပေါ်စေသနည်း။
▪ နှက်တိုင်ပေါ်တွင် နောက်ထပ်အဘယ်မတော်တရော်ပြုမူခြင်းကို ယေရှုခံရသနည်း။ ထိုသို့ဖြစ်အောင် မည်သူတို့လှုံ့ဆော်ကြောင်းထင်ရှားသနည်း။
▪ ယေရှု၏အဝတ်တော်တို့နှင့်ပတ်သက်၍လုပ်ဆောင်ပုံ၌ ပရောဖက်ပြုချက်မည်သို့ပြည့်စုံသနည်း။
▪ ဓားပြတစ်ယောက် အဘယ်ပြောင်းလဲမှုပြုပြီး သူ၏အသနားခံချက်ကို ယေရှုမည်သို့ဖြည့်စွက်ပေးမည်နည်း။