အခန်း ၁၄
ယေရှု၏တပည့်ဦးများ
ရက်ပေါင်း ၄၀ တောတွင်နေပြီးမှ မိမိအားနှစ်ခြင်းပေးခဲ့သူယောဟန်ထံ ယေရှုပြန်သွား၏။ ကိုယ်တော်ချဉ်းကပ်စဉ်၊ ယောဟန်ဤသို့ကြွေးကြော်သည်။ “ဤလောက၏အပြစ်ကို ဆောင်သွားသောဘုရားသခင်၏သိုးသငယ်ကို ကြည့်ကြလော့။ ငါမရှိမီရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ကြီးမြတ်သောသူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလို၏။” ယောဟန်သည်ဝမ်းကွဲညီယေရှုထက်အသက်ကြီးသော်လည်း မိမိမတိုင်မီ ကောင်းကင်တွင်နာမ်ဝိညာဉ်အဖြစ် ယေရှုရှိခဲ့ကြောင်း ကောင်းစွာသိသည်။
လွန်ခဲ့သောအပတ်အနည်းငယ်က နှစ်ခြင်းယူရန်ယေရှုရောက်လာချိန်တွင် သူသည်မေရှိယဖြစ်လိမ့်မည်အကြောင်း ယောဟန်အတိအကျမသိပါ။ “အစက ထိုသူကိုငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အားထင်ရှားစေခြင်းငှာ ငါသည်ရေ၌ဗတ္တိဇံကိုပေးလျက်လာ၏” ဟုယောဟန်ဆိုသည်။
ယေရှုအားနှစ်ခြင်းပေးစဉ် ဘာဖြစ်ပျက်ခဲ့ကြောင်း ပရိသတ်အားယောဟန်ဤသို့ဆက်ပြောပြသည်။ “ဝိညာဉ်တော်သည် ကောင်းကင်မှချိုးငှက်ကဲ့သို့ဆင်းသက်၍ ထိုသူ၏အပေါ်၌နားတော်မူသည်ကို ငါမြင်ရပြီ။ အစကထိုသူကိုငါမသိ။ ရေ၌ဗတ္တိဇံကိုပေးစေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူသောသူက ‘အကြင်သူ၏အပေါ်၌ ဝိညာဉ်တော်ဆင်းသက်၍နားတော်မူသည်ကို သင်သည်မြင်လျှင် ထိုသူကား သန့်ရှင်းသောဝိညာဉ်တော်၌ဗတ္တိဇံကိုပေးသောသူပေတည်း’ ဟုမိန့်တော်မူသည်နှင့်အညီ ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်းကို သက်သေခံသည်။”
နောက်တစ်နေ့၊ ယောဟန်သည် မိမိတပည့်နှစ်ဦးနှင့်အတူရပ်လျက်နေသည်။ ယေရှုချဉ်းကပ်စဉ်ယောဟန်ဤသို့ဆို၏။ “ဘုရားသခင်၏သိုးသငယ်ကိုကြည့်ရှုလော့။” နှစ်ခြင်းဆရာယောဟန်၏တပည့်နှစ်ဦး၊ ထိုစကားကိုကြားလျှင် ကိုယ်တော်နောက်သို့လိုက်ကြ၏။ တစ်ဦးမှာအန္ဒြေဖြစ်၍ ကျန်တစ်ဦးမှာ ဤအကြောင်းကိုမှတ်တမ်းတင်သော ယောဟန်ဖြစ်သည်မှာထင်ရှားသည်။ မာရိ၏ညီမရှာလုံ၏သားဖြစ်ခြင်းကြောင့် ဤယောဟန်သည်လည်း ယေရှုနှင့်ဝမ်းကွဲညီအစ်ကိုတော်စပ်သည်။
ယေရှုလှည့်၍ အန္ဒြေနှင့်ယောဟန်လိုက်လာကြောင်းမြင်လျှင် “အဘယ်အလိုရှိသနည်း” ဟုမေး၏။
သူတို့က ‘ရဗ္ဗိ’ “ကိုယ်တော်သည်အဘယ်မှာနေတော်မူသနည်း” ဟုမေးလျှောက်ကြသည်။
ယေရှုက “လာ၍ကြည့်ကြလော့” ဟုမိန့်ဆိုသည်။
အချိန်မှာညနေ ၄ နာရီခန့်ရှိနေပြီဖြစ်သည်။ အန္ဒြေနှင့်ယောဟန်သည်မိုးချုပ်သည့်တိုင် ယေရှုအထံတော်၌နေကြ၏။ ထိုနောက်အန္ဒြေသည် စိတ်လှုပ်ရှားလွန်းသဖြင့် အစ်ကိုဖြစ်သူပေတရုကိုရှာရန် အမြန်ထွက်သွားသည်။ တွေ့လျှင် “ငါတို့သည်မေရှိယကိုတွေ့ကြပြီ” ဟုဆို၍ ပေတရုအားယေရှုထံခေါ်ဆောင်သွားသည်။ ထိုအချိန်၌ပင် ယောဟန်သည်မိမိညီအစ်ကိုယာကုပ်ကိုရှာတွေ့ပြီး ယေရှုထံခေါ်ခဲ့ပေမည်။ သို့တိုင်မိမိရေးသောခရစ်ဝင်ကျမ်း၌ဂုဏ်ဖေါ်ခြင်းမရှိဘဲ ယောဟန်သည်မိမိအကြောင်းမထည့်ခဲ့ပါ။
နောက်နေ့၊ အန္ဒြေနှင့်ပေတရုတို့၏ဇာတိ ဗက်ဇဲဒမြို့သားဖိလိပ္ပုကိုယေရှုတွေ့၍ “ငါ့နောက်သို့လိုက်လော့” ဟုမိန့်ဆိုသည်။
ထိုနောက်ဗာသောလမဲဟူ၍ခေါ်သော နာသနေလကိုဖိလိပ္ပုတွေ့လျှင် ‘မောရှေသည်ပညတ္တိကျမ်း၌လည်းကောင်း၊ ပရောဖက်တို့သည် သူတို့ကျမ်း၌လည်းကောင်း အကြောင်းပြု၍ရေးထားသော၊ နာဇရက်မြို့သားယောသပ်၏သားယေရှုကို ငါတို့တွေ့ကြပြီ’ ဟုဆိုသည်။ နာသနေလက “နာဇရက်မြို့ထဲက ကောင်းသောအရာတစ်စုံတစ်ခုမျှထွက်နိုင်သလော” ဟုဇဝေဇဝါဖြင့် စောဒကတက်သည်။
ဖိလိပ္ပုက “လာ၍ကြည့်လော့” ဟုခေါ်ဖိတ်သည်။ ယေရှုထံရောက်ကြသောအခါ၊ ကိုယ်တော်ကနာသနေလအကြောင်း ဤသို့ဆိုသည်။ “လှည့်စားခြင်းအပြစ်နှင့်ကင်းလွတ်သော ဣသရေလလူစစ်ကိုကြည့်လော့။”
“ကိုယ်တော်သည် အဘယ်သို့အကျွန်ုပ်ကိုသိတော်မူသနည်း” ဟုနာသနေလမေးသည်။
“ဖိလိပ္ပုသည်သင့်ကိုမခေါ်မီ၊ သင်သည်သင်္ဘောသဖန်းပင်အောက်၌ရှိသည်ကိုငါမြင်သည်” ဟုယေရှုဖြေဆိုသည်။
အံ့သြစွာဖြင့်နာသနေလဤသို့ဖြေသည်။ “ရဗ္ဗိ [ဆရာဟူ၍အဓိပ္ပာယ်ရှိ] ကိုယ်တော်သည်ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏။ ဣသရေလလူတို့၏ရှင်ဘုရင်လည်းဖြစ်တော်မူ၏။”
“သင်္ဘောသဖန်းပင်အောက်၌ သင့်ကိုငါမြင်သည်ဟုဆိုသောကြောင့်ယုံသလော” ဟုယေရှုမေးသည်။ “ထိုမျှမက သင်သည်သာ၍ကြီးစွာသောအကြောင်းအရာကိုမြင်လတံ့။ သင်တို့အားငါအမှန်အကန်ဆိုသည်ကား နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ကောင်းကင်တမန်တို့သည် လူသား၏အပေါ်၌ ဆင်းလျက်တက်လျက်ရှိနေသည်ကိုလည်းကောင်း သင်တို့သည်မြင်ရကြလတံ့” ဟုကိုယ်တော်ကတိပြုသည်။
များမကြာမီ ယေရှုသည်မိမိ၏တပည့်သစ်များနှင့်အတူ ယော်ဒန်တောင်ကြားမှထွက်ခွာပြီး၊ ဂါလိလဲသို့ကြွမြန်းတော်မူသည်။ ယောဟန် ၁:၂၉-၅၁။
▪ မည်သူများသည် ယေရှု၏တပည့်ဦးများဖြစ်ကြသနည်း။
▪ ယေရှုထံပေတရုနှင့်ယာကုပ်တို့ အဘယ်သို့ခေါ်ဆောင်ခံရသနည်း။
▪ ယေရှုသည်ဘုရားသခင်၏သားဖြစ်ကြောင်း နာသနေလ အဘယ်အချက်ကြောင့်ယုံကြည်သနည်း။