အခန်း ၄၇
မျက်ရည်ကျရခြင်းမှ ပီတိသောမနဿဖြစ်ခြင်းသို့
သွေးသွန်နာစွဲသောမိန်းမ၏ရောဂါပျောက်ကင်းသည်ကို ယာဣရုမြင်၍ ယေရှု၏အံ့ချီးဖွယ်ရာတန်ခိုးများကို သူပိုယုံကြည်လာဖို့ မလွဲပေ။ သေလုဆဲဆဲရှိ မိမိ၏ချစ်မြတ်နိုးသော ၁၂ နှစ်သမီးလေးကိုကူညီပေးရန် ယေရှုအား အစောပိုင်းကယာဣရုတောင်းဆိုထားသည်။ သို့သော် ယာဣရုစိုးရိမ်သည့်အရာဖြစ်ပျက်လေသည်။ ၄င်းအမျိုးသမီးနှင့်ယေရှုစကားပြောဆိုနေစဉ်ပင် လူအချို့ရောက်လာ၍ ယာဣရုအား “ကိုယ်တော်၏သမီးသေပါပြီ။ အဘယ်ကြောင့်ဆရာကိုနှောင့်ယှက်သေးသနည်း” ဟုတိုးတိုးတိတ်တိတ်သတင်းပေးသည်။
ထိုသတင်းသည် မည်မျှဝမ်းနည်းစရာဖြစ်မည်တကား။ စဉ်းစားကြည့်ပါ။ မိမိဒေသရှိ အရိုအသေခံရသော ဤသူသည် သမီးသေဆုံးသည့်သတင်းကိုကြားရပြီး လုံးလုံးစိတ်ညှိုးငယ်လေသည်။ သို့သော် ယေရှုကြားလိုက်သည်။ ထိုအခါ ယာဣရုသို့လှည့်၍ “မကြောက်နှင့်။ ယုံကြည်ခြင်းစိတ်တစ်ခုသာရှိစေလော့” ဟုအားပေးလေသည်။
နှလုံးကြေကွဲဝမ်းနည်းသူနှင့်အတူ သူ့အိမ်သို့ယေရှုလိုက်သွား၏။ ရောက်ကြသောအခါ အကြီးအကျယ်ငိုကြွေးမြည်တမ်းနေသည်ကိုတွေ့လေသည်။ လူအများစုဝေး၍ ဝမ်းနည်းတကြီးဖြစ်နေကြသည်။ အိမ်တွင်းသို့ဝင်ပြီး ယေရှုက “သင်တို့သည် အဘယ်ကြောင့် အုတ်အုတ်သဲသဲပြု၍ ငိုကြွေးကြသနည်း။ သူငယ်သေသည်မဟုတ်အိပ်ပျော်သည်” ဟုမိန့်တော်မူသည်။
သူငယ်မ တကယ်သေဆုံးပြီကို သူတို့သိကြသောကြောင့် ထိုစကားကိုကြားသည်နှင့် ယေရှုကိုပြက်ရယ်ပြုကြသည်။ သို့သော် အိပ်မောကျသူကိုလွယ်ကူစွာနှိုးနိုင်သကဲ့သို့ ဘုရားပေးတန်ခိုးတော်အားဖြင့် လူသေအားနှိုးထစေနိုင်သည်ကိုပြရန် ယေရှုက သူငယ်မအိပ်နေသည်ဟုဆိုခြင်းဖြစ်သည်။
ပေတရု၊ ယောဟန်၊ ယာကုပ်နှင့်သူငယ်မ၏မိဘတို့မှအပ အခြားသူအားလုံးကို အပြင်ထွက်စေသည်။ ထိုနောက်သူငယ်မလျောင်းနေရာသို့ ဤသူငါးဦးကို မိမိနှင့်အတူခေါ်သွားသည်။ သူငယ်မ၏လက်ကိုကိုင်တော်မူလျက် ယေရှုက “တလိသကုမိ” ဟုမိန့်တော်မူခဲ့ရာအနက်ကား “မိန်းမငယ်ထလော့၊ ငါဆို၏” ဟူ၍ဖြစ်သည်။ ထိုခဏချင်းတွင်ပင် မိန်းမငယ်သည်ထ၍ လှမ်းသွားလေသည်။ သို့နှင့် သူမ၏မိဘများ ပီတိသောမနဿကြီးစွာဖြစ်လေသည်။
သူမအား စားစရာပေးရန်ညွှန်ကြားပြီးနောက် ဤအကြောင်းကို အဘယ်သူကိုမျှမပြောရန် ယာဣရုနှင့်သူ၏ဇနီးသည်အား ယေရှုမှာကြားသော်လည်း ထိုသတင်းသည် တစ်ပြည်လုံး၌နှံ့ပြားအောင် ကျော်ကြားလေသည်။ ဤသည်ကား ယေရှုပြုလုပ်ခဲ့သည့် ဒုတိယရှင်ပြန်ထမြောက်ခြင်းဖြစ်ပေသည်။ မဿဲ ၉:၁၈-၂၆။ မာကု ၅:၃၅-၄၃။ လုကာ ၈:၄၁-၅၆။
▪ ယာဣရုသည် အဘယ်သတင်းကိုရရှိသနည်း။ သူ့အား ယေရှုမည်သို့အားပေးသနည်း။
▪ ယာဣရုအိမ်သို့ရောက်သောအခါ အဘယ်အခြေအနေရှိသနည်း။
▪ သေနေသောသူငယ်မသည် အိပ်ပျော်နေရုံသာရှိသည်ဟူ၍ ယေရှုအဘယ်ကြောင့်ဆိုသနည်း။
▪ ဤရှင်ပြန်ထမြောက်ခြင်းကို မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သူငါးဦးကား မည်သူတို့နည်း။