အခန်း ၅၄
“ကောင်းကင်မှ စစ်မှန်သောမုန့်”
ယမန်နေ့တစ်နေ့လုံး၏ အဖြစ်အပျက်တို့သည် တကယ်ထူးခြားခဲ့သည်။ ထောင်ချီသူတို့ကို ယေရှုအံ့သြစွာကျွေးမွေးပြီး ယေရှုကိုမင်းဖြစ်စေလိုသူများထံမှထွက်ပြေးခဲ့သည်။ ၄င်းညတွင် မုန်တိုင်းထန်သောဂါလိလဲပင်လယ်ရေပေါ်လမ်းလျှောက်ပြ၍ လှိုင်းထန်သောရေပေါ် ပေတရုလမ်းလျှောက်၍ ရေနစ်စပြုရာ ကယ်ဆယ်သည့်ပြင် သင်္ဘောပျက်မည်စိုး၍ ရေလှိုင်းများကိုငြိမ်စေတော်မူခဲ့သည်။
အရှေ့မြောက်ဂါလိလဲတွင် ယေရှု၏အံ့ဖွယ်ကျွေးမွေးခံရသူတို့သည် နောက်နေ့၌ ကပေရနောင်မြို့အနီးတွင် ယေရှုကိုလာရှာတွေ့၍ ‘အဘယ်အချိန်ကဤနေရာသို့ရောက်ခဲ့သနည်း’ ဟုမေးသည်။ အခမဲ့အစာစားလို၍သာ လာကြခြင်းဖြစ်သည်ဟု သူတို့ကို ယေရှုအပြစ်တင်ပြီးနောက် ပျက်စီးသောအစားအစာအတွက်မဟုတ် ထာဝစဉ်တည်သည့်အစာအတွက်ကြိုးစားကြရန် ကိုယ်တော်တိုက်တွန်းသည်။ ထိုအခါသူတို့က ‘အလိုတော်နှင့်ညီသောအကျင့်ကို အဘယ်သို့ကျင့်နိုင်မည်နည်း’ ဟုမေးမြန်းသည်။
ယေရှုက ‘ဘုရားသခင်စေလွှတ်တော်မူသော သူကိုယုံကြည်ခြင်းကား အလိုတော်နှင့်ညီသောအကျင့်’ ဟုဆိုကာ တစ်ခုတည်းသောတန်ဖိုးရှိအလုပ်ကို ဖေါ်ပြသည်။
သို့သော်အံ့ဖွယ်ရာတို့ကို ပြုလုပ်တော်မူလျက်ပင် ယေရှုကိုလူတို့မယုံကြ။ အံ့ဖွယ်အမှုများပြုပြီးနောက်၌ပင် လူတို့က ‘ကိုယ်တော်ကိုယုံကြည်ရန် အဘယ်နိမိတ်လက္ခဏာ ပြမည်နည်း။ ငါတို့ဘိုးဘေးများသည် တော၌မန္နမုန့်ကိုစားခဲ့ကြသည်’ ဟုမေးကြသည်။
နိမိတ်ပြရန်တောင်းဆိုချက်ကို တုံ့ပြန်သည့်အနေနှင့် ယေရှုက ‘မောရှေသည်ကောင်းကင်မုန့်ကိုမပေး။ ခမည်းတော်သည် မှန်သောကောင်းကင်မုန့်ကိုပေးတော်မူ၏။ ထိုမုန့်ကားကောင်းကင်မှဆင်းသက်၍ လောကီသားတို့အား အသက်ကိုပေးသောမုန့်ပေတည်း’ ဟုရှင်းပြသည်။
‘ထိုမုန့်ကိုအစဉ်မပြတ်ပေးတော်မူပါ’ ဟုသူတို့လျှောက်ကြသည်။
ယေရှုကလည်း ‘ငါသည်အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူ၊ ယုံကြည်သောသူသည် နောက်တစ်ဖန်ဆာမွတ်ခြင်းမရှိ။ သင်တို့သည်ငါ့ကိုမြင်လျက်ပင်မယုံကြည်၊ ခမည်းတော်သည်ငါ့အားပေးသမျှသောသူတို့သည် ငါ့ထံသို့လာ၍သူတို့ကိုငါအလျဉ်းမပယ်။ အကြောင်းမူကား၊ ငါသည်ကိုယ်အလိုသို့လိုက်ခြင်းငှာ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်သို့လိုက်ခြင်းငှာဆင်းသက်၏။ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကား ငါ့အားပေးသူတစ်ယောက်မျှ မပျောက်စေဘဲ နောက်ဆုံးနေ့၌ ထမြောက်စေခြင်းငှာ၊ သားတော်ကိုမြင်၍ ယုံကြည်သူရှိသမျှ ထာဝရအသက်ရစေခြင်းငှာဖြစ်၏’ ဟုဆိုသည်။
“ငါသည်ကောင်းကင်မှ ဆင်းသက်သော မုန့်ဖြစ်၏” ဟုယေရှုမိန့်တော်မူသည်ကို ဂျူးတို့ကပြစ်တင်သည်။ ကိုယ်တော်ကို လူထဲကလူဟူ၍သာ ယူမှတ်ပြီး နာဇရက်မြို့သားများနည်းတူ ‘ဤသူသည်ယောသပ်သားယေရှု၊ သူ၏မိဘကို ငါတို့သိလျက်နှင့် ကောင်းကင်မှဆင်းသက်၏ဟု သူအဘယ်သို့ ဆိုရသနည်း’ ဟူ၍ကန့်ကွက်ကြသည်။
ယေရှုကလည်း ‘ငါ့ကိုကဲ့ရဲ့ပြစ်တင်မနေနှင့်။ ငါ့ကိုစေလွှတ်သော ခမည်းတော်သွေးဆောင်မှ ငါ့ထံသင်တို့လာမည်။ လာသူကိုနောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။ အထံတော်ကကြွလာသူမှတစ်ပါး ခမည်းတော်ကိုမည်သူမျှမမြင်စဖူး။ ငါအမှန်ဆိုသည်ကား ငါ့ကိုယုံကြည်သူသည် ထာဝရအသက်ကိုရ၏’ ဟုဆို၏။
ဆက်၍ယေရှုဤသို့ပြောသည်။ ‘ငါသည်အသက်မုန့်ဖြစ်၏။ တော၌မန္နမုန့်ကိုသင်တို့ ဘိုးဘေးများစားလျက်သေကြ၏။ ကောင်းကင်မှ ဆင်းသက်သောမုန့်ကိုစားသောသူသည် သေခြင်းနှင့်ကင်းလွှတ်၏။ ငါသည်ကောင်းကင်မှဆင်းသက်သော အသက်မုန့်ဖြစ်၍ စားသောသူသည် အစဉ်အသက်ရှင်လိမ့်မည်။’ ဘုရားသခင်စေလွှတ်တော်မူသော ယေရှုကို ယုံကြည်သူတို့သည် ထာဝရအသက်အမှန်ရနိုင်ပေမည်။ အဘယ်မန္နသို့မဟုတ် အခြားမုန့်မျှထာဝရအသက်မပေးနိုင်ပါ။
ယေရှုကို ကပေရနောင်အနီး၌ရှာတွေ့၍မကြာမီပင် ကောင်းကင်မုန့်အကြောင်း သူတို့နှင့်ဆွေးနွေးခဲ့ပုံရှိသည်။ သို့သော်ယင်းသို့ဆက်ဆွေးနွေးခဲ့ရာ ကပေရနောင်မြို့ရှိတရားဇရပ်တွင် ယေရှုသွန်သင်ခဲ့ချိန်တစ်ချိန်၌သာ အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ယောဟန် ၆:၂၅-၅၁၊၅၉။ ဆာလံ ၇၈:၂၄။ ဟေရှာယ ၅၄:၁၃။ မဿဲ ၁၃:၅၅-၅၇။
▪ ကောင်းကင်မုန့်အကြောင်း ယေရှုမဆွေးနွေးမီ ဘာဖြစ်ပျက်ခဲ့သနည်း။
▪ ယေရှုတင်ပြခဲ့ရာကို ထောက်ရှု၍ နိမိတ်တောင်းဆိုခြင်းသည် အဘယ်ကြောင့်မလျောက်ပတ်သနည်း။
▪ ကိုယ်တော်သည် မှန်သောကောင်းကင်မုန့်ဖြစ်သည်ဟူ၍ ယေရှုဝန်ခံချက်ကို ဂျူးများအဘယ်ကြောင့် ပြစ်တင်ကဲ့ရဲ့ကြသနည်း။
▪ အဘယ်နေရာတွင် ကောင်းကင်မုန့်အကြောင်း ဆွေးနွေးခဲ့သနည်း။