အခန်း ၆၅
လူအများကိုအသိမပေးဘဲ ယေရုရှလင်မြို့သို့သွားခြင်း
စီအီး ၃၂ ဆောင်းဦးချိန်ဖြစ်၍ သကေနေပွဲခံချိန်နီးလေပြီ။ ယေရှုကိုဂျူးများ သတ်ရန်ကြိုးစားခဲ့သည့် စီအီး ၃၁ ပသခါပွဲအချိန်ကတည်းက ဂါလိလဲနယ်၌သာယေရှုလှုပ်ရှားခဲ့သည်။ ထိုအချိန်ကတည်းက ဂျူးတို့၏ပွဲသုံးကြိမ်အတွက် ယေရုရှလင်မြို့သို့ယေရှုရောက်ပုံရသည်။
ယေရှုညီများက “ဤအရပ်မှထွက်၍ ယုဒပြည်သို့ကြွပါ” ဟုတိုက်တွန်းသည်။ ယေရုရှလင်မြို့သည် ယုဒပြည်၏မြို့တော်ဖြစ်၍ ဘာသာရေးအခြေစိုက်ရာဖြစ်သည်။ ညီတို့က ‘ကျော်ဇောကိတ္တိကို အလိုရှိသောသူသည် မထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှမပြုတတ်’ ဟုတွေးတောကြသည်။
ယာကုပ်၊ ရှိမုန်၊ ယောသပ်နှင့်ယုဒတို့က အစ်ကိုကြီးယေရှုသည် မေရှိယဖြစ်၏ဟုမယုံကြသော်လည်း ပွဲတော်သို့လာသူများအား အံ့ဖွယ်အမှုများကို ပြစေလိုသည်။ သို့ရာတွင်အန္တရာယ်ကို ယေရှုကြိုမြင်သည်။ “လောကီသားအပေါင်းတို့သည် သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမုန်းကြ၏။ အကြောင်းမူကား၊ ငါသည် သူတို့အကျင့်ဆိုးညစ်ကြောင်းကို သက်သေခံ၏။” သို့ဖြစ်၍ “ထိုပွဲသို့သင်တို့သွားကြလော့။ ငါမသွားသေး” ဟုညီများအား ယေရှုပြောသည်။
သကေနေပွဲသည် ခုနစ်ရက်ပွဲတော်ဖြစ်၍ ရှစ်ရက်မြောက်နေ့တွင် အဓိပ္ပာယ်လေးနက်သောအခမ်းအနားများနှင့် နိဂုံးချုပ်၏။ ယင်းပွဲတော်သည် စိုက်ပျိုးရေးနှစ်ပြီးဆုံးပြီဟုသတ်မှတ်ပေးကာ များစွာရွှင်လန်း၊ ကျေးဇူးတော်ချီးမွမ်းရာကာလဖြစ်သည်။ ပွဲတော်ကိုတက်ရန် ခရီးသည်များနှင့်ယေရှုညီများသွားပြီးနောက် ရက်အနည်းငယ်တွင် တပည့်တို့နှင့်အတူ ယေရှုမထင်မရှားကြွတော်မူသည်။ လူများသွားသည့်ယော်ဒန်မြစ်အနီး ခရီးအတိုင်းမဟုတ်ဘဲ ရှမာရိနယ်ကိုဖြတ်သွားကြသည်။
ယေရှုနှင့်အဖွဲ့သည် ရှမာရိရွာတစ်ရွာတွင် တည်းခိုဖို့လိုမည်ဖြစ်ရာ ကြိုတင်ပြင်ဆင်ရန် စေတမန်များကြိုလွှတ်လေသည်။ ကိုယ်တော်သည် ယေရုရှလင်မြို့သို့ဦးတည်နေကြောင်း ရွာသားများသိသော် ယေရှုကိုမကူညီလိုကြပါ။ ထိုအခါယာကုပ်နှင့်ယောဟန်တို့အမျက်ထွက်ကာ “သခင်၊ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျစေ၍ ထိုသူတို့ကိုလောင်စေခြင်းငှာ အလိုရှိတော်မူသလော” ဟူ၍မေးသည်။ ယင်းကို ယေရှုပြစ်တင်ဆုံးမပြီးနောက် အခြားရွာသို့ကြွတော်မူသည်။
လမ်းခရီးစဉ်၌ကျမ်းတတ်တစ်ဦးက “သခင်၊ ကိုယ်တော်ကြွတော်မူရာအရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်” ဟုယေရှုအားပြောသည်။
ယေရှုက “မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ကျင်လည်သောငှက်သည် နားနေရာအရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှမရှိ” ဟုမိန့်တော်မူ၏။ ကိုယ်တော့်တပည့်ဖြစ်လိုလျှင် ဒုက္ခခံရမည်ဟု ယေရှုဆိုလိုနေခြင်းဖြစ်သည်။ ကျမ်းတတ်သည် မာနထောင်လွှားစိတ်ကြောင့် ဤဘဝပုံစံကို လက်မခံနိုင်ပါ။
အခြားသူတစ်ဦးအား ယေရှုက “ငါ့နောက်သို့လိုက်လော့” ဟုမိန့်တော်မူသည်။
“သခင်၊ အကျွန်ုပ်အဘကို ရှေးဦးစွာ သွား၍သင်္ဂြိုဟ်ရသောအခွင့်ကို ပေးတော်မူပါ” ဟုထိုသူဖြေဆိုသည်။
ယေရှုက ‘လူသေတို့သည် မိမိလူသေတို့ကိုသင်္ဂြိုဟ်ပါလေစေ။ သင်မူကားသွား၍ ဘုရားသခင်နိုင်ငံတော်၏အကြောင်းကို ဟောပြောလော့’ ဟုမိန့်တော်မူသည်။ ထိုသူ၏ဖခင် မသေသေးပုံရှိသည်။ ထိုသို့သာဖြစ်ပါက သားဖြစ်သူသည် ဤအရပ်၌ ယေရှုစကားကိုနားထောင်နေမည်မဟုတ်။ ဖခင်သေဆုံးပြီးချိန်ထိ မိမိကိုအခွင့်ပေးရန် သူအချိန်တောင်းနေသည်ကား ထင်ရှားသည်။ ဘုရားသခင်၏နိုင်ငံတော်ကို သူရှေးဦးမထားလိုကြောင်းသိသာသည်။
ခရီးဆက်စဉ် လူတစ်ဦးက “သခင်၊ ကိုယ်တော်နောက်သို့ အကျွန်ုပ်လိုက်ပါမည်။ သို့သော်လည်းအကျွန်ုပ်အိမ်၌ ရှိရစ်သောသူကိုအရင်သွား၍ အခွင့်ပန်ပါရစေ” ဟုယေရှုအားဆိုသည်။
ယေရှုက “ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်၍ကြည့်သောသူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်နှင့်မထိုက်မတန်” ဟုဆိုသည်။ ယေရှုတပည့်ဖြစ်လိုသူသည် နိုင်ငံတော်လုပ်ငန်းကို မျက်ခြည်မပြတ် အာရုံစူးစိုက်နေရမည်။ ရှေ့ရှုမနေသော လယ်ထွန်သူ၏ထွန်ကြောင်းသည် ကောက်ကွေ့သည့်အတိုင်းပင် ဤအစီစဉ်စနစ်ဟောင်းသို့ပြန်လှည့်သူသည် အသက်လမ်းမှလွဲသွားနိုင်သည်။ ယောဟန် ၇:၂-၁၀။ လုကာ ၉:၅၁-၆၂။ မဿဲ ၈:၁၉-၂၂။
▪ ယေရှု၏ညီတော်များကား မည်သူတို့နည်း။ ကိုယ်တော်နှင့်စပ်လျဉ်း၍ သူတို့မည်သို့သဘောထားသနည်း။
▪ ရှမာရိအမျိုးသားများသည် အဘယ်ကြောင့်ဤမျှ ရိုင်းပျကြသနည်း။ ယာကုပ်နှင့်ယောဟန်တို့ အဘယ်အရာပြုလိုကြသနည်း။
▪ လမ်းခရီးတွင် ယေရှုသည်မည်သည့်အပြန်အလှန်စကားသုံးကြိမ် ပြောဆိုသနည်း။ လုပ်ငန်းတော်ကို ကိုယ်ကျိုးစွန့်ဆောင်ရွက်ရန် လိုအပ်ကြောင်း မည်သို့အလေးအနက်ပေါ်လွင်စေသနည်း။