အခန်း ၈၄
တပည့်ဖြစ်ခြင်းဆိုင်ရာ တာဝန်
ယေရှုသည် ဂျူးလွှတ်တော်အရာရှိဖြစ်ဟန်တူသော ထင်ရှားသည့်ဖာရိရှဲတစ်ဦး၏အိမ်မှ ယေရုရှလင်မြို့သို့ခရီးဆက်သည်။ လူများစွာနောက်တော်လိုက်ကြ၏။ အဘယ်ရည်ရွယ်ချက်ဖြင့် လိုက်ကြသနည်း။ တပည့်စစ်ဖြစ်ခြင်း၌ အဘယ်အရာများပါဝင်သနည်း။
ခရီးသွားနေစဉ် ယေရှုသည်ပရိသတ်ဘက်သို့လှည့်၍ “မည်သူမဆို ငါ့ထံရောက်လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊ မောင်နှမများနှင့်ကိုယ့်အသက်ကိုမမုန်းလျှင် ငါ့တပည့်မဖြစ်နိုင်” ဟုမိန့်ဆိုလေရာ လူအများထိတ်လန့်သွားကြမည်။
ယေရှုဘာကိုဆိုလိုသနည်း။ တပည့်တော်များသည် မိမိတို့၏ဆွေမျိုးကို တကယ်တမ်းမုန်းရန်မဟုတ်ပါ။ ကိုယ်တော်ကိုချစ်သည်ထက် သူတို့ကိုလျော့၍ချစ်ခြင်းဟူသောသဘောဖြင့် သူတို့ကိုမုန်းရန်ဖြစ်သည်။ ယေရှု၏ဘိုးဘေးယာကုပ်သည် လေအာကို “မုန်း” ၍ ရာခေလကိုချစ်ကြောင်းဆိုသည်။ လေအာသည် ညီမဖြစ်သူရာခေလလောက်အချစ်မခံရဟုဆိုလိုသည်။
တပည့်တစ်ဦးသည် ‘ကိုယ်အသက်ကိုပင်’ မုန်းရမည်ဟု ယေရှုမိန့်ဆိုသည်ကိုလည်းသုံးသပ်ကြည့်ပါ။ တပည့်စစ်တစ်ဦးအနေဖြင့် မိမိအသက်ထက်ကိုယ်တော်ကိုပို၍ချစ်ရမည်ဟု ယေရှုရည်ညွှန်းနေခြင်းဖြစ်သည်။ ဤသို့အားဖြင့် မိမိတပည့်ဖြစ်ခြင်းဆိုသည်မှာ ကြီးလေးသောတာဝန်တစ်ရပ်ဖြစ်ကြောင်း ယေရှုအလေးအနက်ပြဆိုနေခြင်းဖြစ်သည်။ သေသေချာချာ စဉ်းစားသုံးသပ်ခြင်းမရှိဘဲပြုအပ်သောအမှုမဟုတ်။
ကိုယ်တော်ဆက်၍တင်ပြသည့်အတိုင်း တပည့်ဖြစ်ခြင်း၌ အခက်အခဲအကြပ်အတည်းနှင့်ညှဉ်းပန်းခြင်းပါဝင်သည်။ “မည်သူမဆို ကိုယ့်ညှဉ်းဆဲရာနှက်တိုင်ကိုထမ်း၍ ငါ့နောက်သို့မလိုက်လျှင် ငါ့တပည့်မဖြစ်နိုင်။” (ကဘ) သို့ဖြင့် တပည့်စစ်တစ်ဦးသည် ယေရှုခံရပ်ခဲ့သောအပြစ်တင်ကဲ့ရဲ့ခြင်းဝန်ထုပ်ထမ်းရန်အသင့်ရှိရမည်။ ထိုဝန်ထုပ်၌ လိုအပ်ပါက ဘုရားသခင့်ရန်သူတို့၏လက်၌အသေခံခြင်းပင်ပါဝင်နိုင်သည်။ မကြာမီယေရှု ထိုသို့ခံရတော့မည်။
ထိုကြောင့် ခရစ်တော်၏တပည့်တစ်ဦးဖြစ်ခြင်းဆိုသည်မှာ နောက်တော်သို့လိုက်နေကြသူများ အသေအချာဆန်းစစ်ရမည့်ကိစ္စဖြစ်သည်။ ဤအချက်ကို ဥပမာတစ်ရပ်ဖြင့်ယေရှုအလေးအနက်ပြောဆိုသည်။ “သင်တို့တွင် တစ်ယောက်သောသူသည် တိုက်ကိုတည်မည်ဟုအကြံရှိလျှင် ထိုတိုက်ပြီးအောင် ငွေလောက်မည်မလောက်မည်ကိုသိခြင်းငှာ ရှေ့ဦးစွာထိုင်၍ကုန်ကျစရိတ်ကိုမချင့်တွက်ဘဲနေမည်လော။ သို့မဟုတ် တိုက်မြစ်ကိုတည်၍ တိုက်ကိုမပြီးနိုင်လျှင် တွေ့မြင်သောသူအပေါင်းတို့က ဤသူသည်တည်စပြု၍အစမသတ်နိုင်ဟု ကဲ့ရဲ့ကြလိမ့်မည်။”
ထိုကြောင့်ယေရှုက တိုက်ဆောက်လိုသူသည် အပြီးအစီးဆောက်နိုင်သောဓနအင်အားရှိမရှိ လုပ်ငန်းမစမီအသေအချာတွက်ချက်သည်နည်းတူ မိမိနောက်လိုက်နေကြသူများအား တပည့်မဖြစ်မီ ဖြစ်လာနိုင်သမျှကိုရင်ဆိုင်မည်ဟု အခိုင်အမာစိတ်ဆုံးဖြတ်ထားသင့်ကြောင်း နားလည်စေသည်။ အခြားဥပမာတစ်ရပ်ဖြင့် အောက်ပါအတိုင်းဆက်၍မိန့်ဆိုသည်။
“တစ်နည်းကား တစ်စုံတစ်ယောက်သောရှင်ဘုရင်သည် စစ်ပြိုင်မည်ဟုအကြံရှိလျှင် လူနှစ်သောင်းနှင့်ချီလာသောရှင်ဘုရင်ကို လူတစ်သောင်းနှင့် ခံနိုင်မည်မခံနိုင်မည်ကိုရှေ့ဦးစွာထိုင်၍ မဆင်ခြင်ဘဲနေမည်လော။ မခံနိုင်သည်မှန်လျှင် အခြားသောရှင်ဘုရင်ဝေးသေးသောအခါ သံတမန်ကိုစေလွှတ်၍ စစ်ငြိမ်းမည်အကြောင်းတောင်းပန်တတ်သည်မဟုတ်လော။”
ထိုနောက် ဥပမာများ၏လိုရင်းချက်ကိုပဓာနပြု၍ ဤသို့ဆိုသည်။ “ထိုနည်းတူ သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကိုမစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။” ဤကား နောက်တော်လိုက်နေသူများသာမက ခရစ်တော်ထံနည်းခံသူတိုင်းပြုသင့်သောအရာဖြစ်သည်။ ယေရှု၏တပည့်ဖြစ်လာလျှင် မိမိတို့၏အသက်အပါဝင် ရှိသမျှကိုစွန့်လွှတ်ရန်အဆင်သင့်ရှိကြရမည်။ ထိုသို့ပြုရန် အသင့်ရှိပါသလော။
“ဆားမူကားကောင်း၏” ဟုယေရှုထပ်ဆင့်ဆိုသည်။ တောင်ပေါ်ဒေသနာတွင် မိမိတပည့်များသည် “ဤမြေကြီး၏ဆားဖြစ်၏” ဟုဆိုခဲ့သည်။ ဆိုလိုသည်မှာ မပုပ်မသိုးအောင်စီမံရာတွင်ဆားကိုအသုံးပြုနိုင်သည့်နည်းတူ တပည့်များသည် လူများကိုပျက်စီးခြင်းမှကာကွယ်ပေးနိုင်သော ဩဇာအာနိသင်ရှိသူတို့ဖြစ်သည်။ “သို့သော် အငန်ကုန်လျှင် အဘယ်အရာဖြင့်ငန်စေကြမည်နည်း။ ထိုဆားသည်မြေအဖို့မကောင်း၊ မြေသြဇာဖို့လည်းမကောင်း။ ပြင်သို့ပစ်လိုက်တတ်ကြ၏။ ကြားနာရန်နားရှိသူကြားနာစေ” ဟုနိဂုံးချုပ်သည်။
ထိုကြောင့် အချိန်အတန်ကြာတပည့်ဖြစ်ပြီးသူများပင် ရှေ့ဆက်သွားမည်ဟူသော သူတို့၏သန္နိဌာန်ကိုပျော့ညံ့မသွားစေသင့်ကြောင်း ယေရှုပြောသည်။ ပျော့ညံ့သွားသည်ရှိသော် အသုံးမဝင်သောအရာ၊ ပြောင်လှောင်စရာ၊ ဘုရားရှေ့တော်၌မသင့်တော်သောသူဖြစ်မည်။ ဘုရားသခင်ကိုရှုတ်ချသူလည်းဖြစ်မည်။ သို့ဖြစ်၍ အငန်ဓာတ်မရှိသည့်မသန့်သောဆားသဖွယ် ပြင်သို့ပစ်ခြင်း၊ ဖျက်ဆီးခြင်း အမှန်ခံရပေမည်။ လုကာ ၁၄:၂၅-၃၅။ ကမ္ဘာဦး ၂၉:၃၀-၃၃။ မဿဲ ၅:၁၃။
▪ မိမိဆွေမျိုးနှင့် မိမိကိုယ်ကို “မုန်း” ရမည်ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။
▪ အဘယ်ဥပမာနှစ်ရပ်ကိုယေရှုပေးသနည်း။ အဘယ်အဓိပ္ပာယ်ရှိသနည်း။
▪ ဆားနှင့်စပ်လျဉ်းသော ယေရှု၏နိဂုံးချုပ်မှတ်ချက်၏ဆိုလိုရင်းကား အဘယ်နည်း။