-
သွန်သင်ချက်အမှား ၁- ဝိညာဉ်မသေနိုင်ကင်းမျှော်စင်—၂၀၀၉ | နိုဝင်ဘာ ၁
-
-
သွန်သင်ချက်အမှား ၁- ဝိညာဉ်မသေနိုင်
ထိုသွန်သင်ချက်အမှား၏ ဇာစ်မြစ်ကား အဘယ်နည်း။
“အစောပိုင်း ခရစ်ယာန် အတွေးအခေါ် ပညာရှင်များသည် ဝိညာဉ်မသေနိုင်ဟူသော ဂရိအတွေးအခေါ်ကို လက်ခံခဲ့ကြသည်၊ ဘုရားသခင်သည် ဝိညာဉ်ကို ဖန်ဆင်း၍ သန္ဓေတည်စဉ် ကိုယ်ခန္ဓာထဲ ထည့်သွင်းပေးခဲ့သည်ဟု သူတို့ ယူဆခဲ့ကြသည်။”—ဗြိတဲန်နီကာ စွယ်စုံကျမ်းသစ် (၁၉၈၈)၊ အတွဲ ၁၁၊ စာမျက်နှာ ၂၅။
သမ္မာကျမ်းစာ၏အဆိုကား အဘယ်နည်း။
“ပြစ်မှားသော ဝိညာဉ် [ဟေဗြဲ၊ နီးဖက်ရှ်] သည် အသက် သေရမည်။”—ယေဇကျေလ ၁၈:၄။
ပထမဆုံးလူသားကို ဖန်ဆင်းခြင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာတွင် ဤသို့ဆိုထားသည်– “ထာ၀ရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီ၀အသက်ကို မှုတ်တော်မူလျှင် လူသည် အသက်ရှင်သော သတ္တဝါ [ဟေဗြဲ၊ နီးဖက်ရှ်] ဖြစ်လေ၏။”—ကမ္ဘာဦး ၂:၇။
“ဝိညာဉ်” ဟုပြန်ဆိုထားသော ဟေဗြဲစကားလုံး နီးဖက်ရှ်သည် ‘အသက်ရှူသောသတ္တဝါ’ ဟူသောအဓိပ္ပာယ် ရှိ၏။ ဘုရားသခင်သည် ပထမဆုံးလူသား အာဒံကို ဖန်ဆင်းခဲ့ချိန်တွင် သူ၏ခန္ဓာကိုယ်ထဲသို့ မသေနိုင်သောဝိညာဉ်ကို မဟုတ်ဘဲ အသက်ရှူခြင်းအားဖြင့် ဆက်ရှင်သန်နေမည့် အသက်စွမ်းအားကို ထည့်သွင်းပေးတော်မူခဲ့သည်။ ထို့ကြောင့် သမ္မာကျမ်းစာတွင် ဖော်ပြထားသော “ဝိညာဉ်” ဟူသည် အသက်ရှင်နေသော သတ္တဝါကို ဆိုလိုသည်။ ဘုရားသခင်ပေးထားသော အသက်စွမ်းအား မရှိတော့လျှင် ထိုသတ္တဝါ သို့မဟုတ် ဝိညာဉ်သည် သေလေ၏။—ကမ္ဘာဦး ၃:၁၉။ ယေဇကျေလ ၁၈:၂၀။
ဝိညာဉ်မသေနိုင်ဟူသော အယူဝါဒကြောင့် မေးခွန်းများစွာ ပေါ်ထွက်ခဲ့ပြီ– လူသေလွန်ပြီးနောက် ဝိညာဉ်သည် မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။ လူဆိုးများ၏ဝိညာဉ် မည်သို့ ဖြစ်သွားသနည်း။ အမည်ခံခရစ်ယာန်များသည် ဝိညာဉ်မသေနိုင်ဟူသော ထိုသွန်သင်ချက်အမှားကို လက်ခံခဲ့ခြင်းကြောင့် ထပ်ဆင့်အမှားတစ်ခုဖြစ်သော မီးငရဲသွန်သင်ချက်ကို လက်ခံခဲ့ရလေပြီ။
ဤကျမ်းချက်များကို နှိုင်းယှဉ်ကြည့်ပါ– ဒေ. ၃:၁၉။ မဿဲ ၁၀:၂၈၊ သမ္မာကျမ်း။ တမန်တော် ၃:၂၃၊ သမ္မာကျမ်း။
အမှန်တရား-
လူတစ်ဦး သေဆုံးသွားသောအခါ ထိုသူ မတည်ရှိတော့
-
-
သွန်သင်ချက်အမှား ၂– လူဆိုးများ ငရဲတွင် ညှဉ်းဆဲခံရကင်းမျှော်စင်—၂၀၀၉ | နိုဝင်ဘာ ၁
-
-
သွန်သင်ချက်အမှား ၂– လူဆိုးများ ငရဲတွင် ညှဉ်းဆဲခံရ
ထိုသွန်သင်ချက်အမှား၏ ဇာစ်မြစ်ကား အဘယ်နည်း။
“ရှေးခေတ် ဂရိအတွေးအခေါ်ပညာရှင်များအနက် ပလေတိုသည် အစဉ်အဆက် လက်ခံယုံကြည်လာသော ငရဲအယူဝါဒ၏ ဩဇာလွှမ်းမိုးမှု အခံရဆုံး ပုဂ္ဂိုလ်ဖြစ်၏။”—ဂျော့ဂျ် မိန်ဝါး ရေးသားသည့် ငရဲ၏သမိုင်း (Histoire des enfers) စာအုပ်၊ စာမျက်နှာ ၅၀။
“အေဒီဒုတိယရာစု အလယ်ပိုင်းတွင် ခရစ်ယာန်များသည် ဂရိအတွေးအခေါ်ပညာနှင့် အနည်းငယ် ထိတွေ့မှု ရှိလာသောအခါ ဂရိအတွေးအခေါ် ပညာရှင်များကဲ့သို့ပင် မိမိတို့လည်း ငရဲအယူဝါဒကို ယုံကြည်ကြောင်း ဖော်ပြဖို့လိုသည်ဟု ယူမှတ်လာလေသည်။ . . . သူတို့အနှစ်သက်ဆုံး အတွေးအခေါ်မှာ ပလေတို အယူဝါဒ ဖြစ်သည်။”—ဗြိတဲန်နီကာ စွယ်စုံကျမ်းသစ် (၁၉၈၈)၊ အတွဲ ၂၅၊ စာမျက်နှာ ၈၉၀။
“ငရဲသည် ထာ၀စဉ် တည်ရှိကြောင်း ချာ့ချ်က အခိုင်အမာ သွန်သင်၏။ သေဒဏ်ခံထိုက်သော အပြစ်ကြောင့် သေဆုံးသွားကြသူတို့၏ ဝိညာဉ်များသည် ငရဲသို့ ချက်ချင်း ရောက်သွားပြီး ‘ထာ၀ရမီး’ ဖြင့် အပြစ်ပေးခံရသည်။ ငရဲတွင်ပေးသော အကြီးဆုံးအပြစ်ဒဏ်မှာ ဘုရားသခင်နှင့် ထာ၀စဉ် ကင်းကွာခြင်း ဖြစ်သည်။”—၁၉၉၄ ခုနှစ်ထုတ်၊ ကက်သလစ်ချာ့ချ်၏ အမေးအဖြေ စာအုပ်၊ စာမျက်နှာ ၂၇၀။
သမ္မာကျမ်းစာ၏အဆိုကား အဘယ်နည်း။
“အသက်ရှင်သောသူတို့သည် မိမိတို့သေရမည်ကို သိ၏။ သေသောသူမူကား အဘယ်အရာကိုမျှ မသိ။ . . . အကြောင်းမူကား သင် ယခုသွား၍ ရောက်ရလတ္တံ့သော အရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။”—ဒေ. ၉:၅၊ ၁၀။
လူသေတို့၏ အခြေအနေနှင့်ပတ်သက်၍ အထက်ပါကျမ်းချက်တွင် မည်သို့ ဖော်ပြထားသနည်း။ လူသေတို့သည် မိမိတို့၏အပြစ် ပြေစေရန် မရဏာနိုင်ငံတွင် ညှဉ်းဆဲခံရပါသလော။ မခံရပါ၊ အကြောင်းမှာ သူတို့သည် “အဘယ်အရာကိုမျှ မသိ” ကြချေ။ ယင်းကြောင့်ပင် ဘိုးဘေးယောဘသည် ဝေဒနာပြင်းထန်စွာ ခံစားနေရစဉ် ဘုရားသခင်အား “အကျွန်ုပ်ကို မရဏာနိုင်ငံတွင် ဖုံးကွယ်တော်မူပါ” ဟု အနူးအညွတ် တောင်းပန်ခဲ့သည်။ (ယောဘ ၁၄:၁၃၊ သမ္မာ) မရဏာနိုင်ငံသည် ထာ၀စဉ် ညှဉ်းဆဲခံရသည့် နေရာတစ်ခု ဖြစ်သည်ဟုဆိုလျှင် ယောဘ၏ မေတ္တာရပ်ခံချက်သည် အဘယ်အဓိပ္ပာယ် ရှိပါတော့မည်နည်း။ ထို့ကြောင့် မရဏာနိုင်ငံဟူသည် လူသားတို့၏ လုပ်ဆောင်မှုမှန်သမျှ ချုပ်ငြိမ်းရာ သင်္ချိုင်းသာဖြစ်ကြောင်း သမ္မာကျမ်းစာက ဆိုလိုနေခြင်း ဖြစ်သည်။
ထိုရှင်းပြချက်က ကျိုးကြောင်းဆီလျော်ပြီး သမ္မာကျမ်းစာနှင့် ကိုက်ညီသည် မဟုတ်လော။ လူတစ်ဦးကို ငရဲတွင် ထာဝစဉ် ညှဉ်းဆဲခြင်းသည် မေတ္တာရှင်ဘုရားသခင်အတွက် အလွန့်အလွန် ဆိုးရွားသော လုပ်ရပ်မဟုတ်လော။ (၁ ယောဟန် ၄:၈) မီးငရဲသွန်သင်ချက်သည် မှား၏ဟုဆိုလျှင် ကောင်းကင်အသက်တာကိုကော မည်သို့ ဆိုမည်နည်း။
ဤကျမ်းချက်များကို နှိုင်းယှဉ်ကြည့်ပါ– ဆာလံ ၁၄၆:၃၊ ၄။ တမန်တော် ၂:၂၅-၂၇၊ သမ္မာကျမ်း။ ရောမ ၆:၇၊ ၂၃၊ သမ္မာကျမ်း
အမှန်တရား–
ဘုရားသခင်သည် လူတို့ကို ငရဲတွင် အပြစ်ဒဏ်မပေး
-
-
သွန်သင်ချက်အမှား ၃– လူကောင်းအားလုံး ကောင်းကင် သွားကြကင်းမျှော်စင်—၂၀၀၉ | နိုဝင်ဘာ ၁
-
-
သွန်သင်ချက်အမှား ၃– လူကောင်းအားလုံး ကောင်းကင် သွားကြ
ထိုသွန်သင်ချက်အမှား၏ ဇာစ်မြစ်ကား အဘယ်နည်း။
ယေရှု၏တမန်တော်များ သေဆုံးပြီးနောက် အေဒီ ဒုတိယရာစု အစပိုင်းသို့ရောက်သော် အစောပိုင်းချာ့ချ်ခေါင်းဆောင်များ ထင်ပေါ်ကျော်ကြားလာကြသည်။ သူတို့၏ သွန်သင်ချက်များနှင့်စပ်လျဉ်း၍ ကက်သလစ်စွယ်စုံကျမ်းသစ် (၂၀၀၃)၊ အတွဲ ၆၊ စာမျက်နှာ ၆၈၇ တွင် ဤသို့ဖော်ပြထားသည်- “ထိုအချိန်က ခေတ်စားသောသွန်သင်ချက်မှာ ခန္ဓာကိုယ်မှထွက်သွားသော ဝိညာဉ်သည် အပြစ်မှန်သမျှအတွက် ငရဲတွင် သန့်စင်ခံရပြီးနောက် ချက်ချင်းပင် ကောင်းကင်ဘုံတွင် စံစားရသည်ဟူ၍ ဖြစ်၏။”
သမ္မာကျမ်းစာ၏အဆိုကား အဘယ်နည်း။
“စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုသူတို့သည် ဤမြေကြီးကို အမွေခံရကြလတ္တံ့။”—မဿဲ ၅:၅၊ သမ္မာ။
ယေရှုသည် တပည့်များအတွက် “နေစရာအရပ်ကို” ကောင်းကင်တွင် “ပြင်ဆင်” ပေးမည်ဟု ကတိပြုသော်လည်း ဖြောင့်မတ်သူတိုင်း ကောင်းကင်ကို ရောက်မည်ဟု မဖော်ပြခဲ့ချေ။ (ယောဟန် ၃:၁၃။ ၁၄:၂၊ ၃၊ သမ္မာကျမ်း) ဘုရားသခင့်အလိုတော်သည် “ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေသော” ဟုကိုယ်တော် ဆုတောင်းခဲ့သည် မဟုတ်လော။ (မဿဲ ၆:၉၊ ၁၀၊ ခမ) ထို့ကြောင့် ဖြောင့်မတ်သူတို့သည် ဆုလာဘ်နှစ်ခုအနက် တစ်ခုကို ရရှိကြမည်။ လူနည်းစုသည် ခရစ်တော်နှင့်အတူ ကောင်းကင်တွင် အုပ်ချုပ်ကြမည်ဖြစ်သော်လည်း အများစုကမူ မြေကြီးပေါ်တွင် ထာ၀စဉ် နေထိုင်သွားကြမည် ဖြစ်သည်။—ဗျာ. ၅:၁၀။
အချိန်ကုန်လွန်လာသည်နှင့်အမျှ အစောပိုင်းချာ့ချ်သည် မြေကြီးပေါ်တွင် ၎င်းနှင့်သက်ဆိုင်သည့် အခန်းကဏ္ဍအပေါ် အမြင်ပြောင်းသွားသည်။ ရလဒ်ကား အဘယ်နည်း။ “ချာ့ချ်သည် ၎င်းတို့မျှော်လင့်ထားသော ဘုရားသခင့်နိုင်ငံတော်နေရာကို တဖြည်းဖြည်း အစားဝင်ယူလိုက်ကြသည်” ဟု ဗြိတဲန်နီကာစွယ်စုံကျမ်းသစ်တွင် ဖော်ပြထားသည်။ “လောကနှင့်မစပ်ဆိုင်” ကြရန် နောက်လိုက်များအား ယေရှု အတိအလင်း မိန့်ဆိုခဲ့သည်ကို လျစ်လျူရှုကာ ချာ့ချ်သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်လာခြင်းဖြင့် ၎င်း၏အာဏာကို တည်စေခဲ့သည်။ (ယောဟန် ၁၅:၁၉။ ၁၇:၁၄-၁၆။ ၁၈:၃၆၊ သမ္မာကျမ်း) ရောမဧကရာဇ်မင်း ကွန်စတင်တိုင်း၏ ဩဇာလွှမ်းမိုးမှုကြောင့် ချာ့ချ်သည် ၎င်း၏ယုံကြည်ချက်တချို့နှင့်ပတ်သက်၍ အလျှော့ပေးခဲ့ကြသည်၊ ယင်းတို့အနက် တစ်ခုမှာ ဘုရားသခင်၏ သဘောသဘာ၀နှင့် ပတ်သက်နေသည်။
ဤကျမ်းချက်များကို နှိုင်းယှဉ်ကြည့်ပါ– ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉။ ယောဟန် ၁၇:၃၊ သမ္မာကျမ်း။ ၂ တိမောသေ ၂:၁၁၊ ၁၂၊ သမ္မာကျမ်း
အမှန်တရား–
လူကောင်းအများစုသည် ကောင်းကင်တွင် မဟုတ်ဘဲ မြေကြီးပေါ်တွင် ထာ၀စဉ် နေထိုင်ကြမည်
-
-
သွန်သင်ချက်အမှား ၄– ဘုရားသခင်သည် သုံးပါးပေါင်းတစ်ဆူဖြစ်ကင်းမျှော်စင်—၂၀၀၉ | နိုဝင်ဘာ ၁
-
-
သွန်သင်ချက်အမှား ၄– ဘုရားသခင်သည် သုံးပါးပေါင်းတစ်ဆူဖြစ်
ထိုသွန်သင်ချက်အမှား၏ ဇာစ်မြစ်ကား အဘယ်နည်း။
“နောက်ဆုံးလေ့လာတွေ့ရှိချက်များအရ သုံးပါးပေါင်းတစ်ဆူ တရားသေအယူဝါဒသည် ၄ ရာစုနှောင်းပိုင်းမှ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ယူဆနိုင်သည်။ မှန်ပါသည်၊ . . . ‘ပုဂ္ဂိုလ်သုံးပါး ဘုရားသခင်တစ်ဆူ’ အယူဝါဒသည် ၄ ရာစုမကုန်မီအချိန်ထိ အတည်မဖြစ်သေးသည့်အပြင် ယင်းသည် ခရစ်ယာန်အသက်တာနှင့် ယုံကြည်ချက်တွင် အပြည့်အ၀ အံဝင်ခွင်ကျ မဖြစ်ခဲ့ချေ။”—ကက်သလစ် စွယ်စုံကျမ်းသစ် (၁၉၆၇)၊ အတွဲ ၁၄၊ စာမျက်နှာ ၂၉၉။
“[အေဒီ] ၃၂၅၊ မေ ၂၀ ရက်နေ့တွင် နိုင်စီယာကောင်စီ အစည်းအဝေးကို ကျင်းပခဲ့သည်။ ကွန်စတင်တိုင်းကိုယ်တိုင် ဦးစီးကာ ဆွေးနွေးပွဲများတွင် ပါဝင်ညွှန်ကြားပြီး ‘ခမည်းတော်နှင့် တစ်ဇာတိတည်းဖြစ်သည်’ ဟူသော ကောင်စီထုတ်ဆင့်သည့် အယူဝါဒတွင်ပါသော ဘုရားသခင်နှင့် ခရစ်တော်၏ တော်စပ်ပုံကို . . . အဆိုတင်သွင်းခဲ့သည်။ . . . ဧကရာဇ်၏ သြဇာအရှိန်အဝါကြောင့် ဂိုဏ်းအုပ်နှစ်ဦးမှအပ အားလုံးလက်မှတ်ရေးထိုးခဲ့သော်လည်း အများစုမှာ မိမိတို့၏ယုံကြည်ချက်ကို ဆန့်ကျင်၍ ရေးထိုးခဲ့ကြသည်။”—ဗြိတဲန်နီကာစွယ်စုံကျမ်း (၁၉၇၀)၊ အတွဲ ၆၊ စာမျက်နှာ ၃၈၆။
သမ္မာကျမ်းစာ၏အဆိုကား အဘယ်နည်း။
“သူ [သတေဖန်] သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သဖြင့် ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ ဘုန်းတော်ကိုလည်းကောင်း၊ ဘုရားသခင်၏လက်ယာတော်ဘက်၌ ယေရှုရပ်နေသည်ကိုလည်းကောင်း မြင်လျှင် ‘ကြည့်ပါ။ ကောင်းကင်ဖွင့်လှစ်သည်ကိုလည်းကောင်း၊ လူသားသည် ဘုရားသခင်၏ လက်ယာတော်ဘက်၌ ရပ်နေသည်ကိုလည်းကောင်း ငါမြင်သည်’ ဟုဆို၏။”—တမန်တော် ၇:၅၅၊ ၅၆၊ သမ္မာကျမ်း။
ထိုအဆင်းအာရုံက အဘယ်အရာ ဖော်ပြသနည်း။ သတေဖန်သည် ဘုရားသခင်၏ ဝိညာဉ်တော်တည်းဟူသော စွမ်းအားတော်နှင့်ပြည့်သဖြင့် “ဘုရားသခင်၏ လက်ယာတော်ဘက်၌” ယေရှု ရပ်နေသည်ကို မြင်လေသည်။ ထို့ကြောင့် ယေရှုသည် ရှင်ပြန်ထမြောက်ကာ ကောင်းကင်သို့ တက်ကြွပြီးနောက် ဘုရားသခင် ဖြစ်သွားခြင်းမဟုတ်ကြောင်း ရှင်းနေပါသည်၊ ယင်းအစား ဝိညာဉ်ပုဂ္ဂိုလ်တစ်ပါး ဖြစ်သွားခြင်းသာဖြစ်သည်။ ထို့ပြင် ဘုရားသခင်၏ဘေးတွင် တတိယပုဂ္ဂိုလ်ရှိနေသည်ဟု ထိုမှတ်တမ်းတွင် မဆိုထားချေ။ ဒိုမေနီကန် ခရစ်ယာန်ဘုန်းကြီး မာရီအေမယ် ဘွာမာသည် သုံးပါးတစ်ဆူ တရားသေအယူဝါဒကို ထောက်ခံသော ကျမ်းချက်များကို ကြိုးစားရှာဖွေခဲ့သော်လည်း “ပုဂ္ဂိုလ်သုံးပါးပေါင်းကာ ဘုရားသခင် တစ်ဆူတည်းဖြစ်၏ဟူသော ဖော်ပြချက်ကို . . . ဓမ္မသစ်ကျမ်းတွင် မည်သည့်နေရာ၌မျှ မတွေ့ရချေ” ဟု သူ၏စာအုပ်တွင် ဆိုသည်။—At the Dawn of Christianity—The Birth of Dogmas.
ကွန်စတင်တိုင်းသည် လေးရာစုရှိ ခရစ်ယာန်ဘာသာအတွင်း သဘောထားကွဲလွဲမှုကို အဆုံးသတ်ရန် ထိုတရားသေအယူဝါဒကို ထောက်ခံခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယေရှုကို ဖွားမြင်ခဲ့သောမိခင် မာရိသည် “ဘုရားသခင့်မယ်တော်” လော ဟူသည့် သွန်သင်ချက်နောက်တစ်ခု ပေါ်ပေါက်လာပြန်သည်။
ဤကျမ်းချက်များကို နှိုင်းယှဉ်ကြည့်ပါ– မဿဲ ၂၆:၃၉၊ သမ္မာကျမ်း။ ယောဟန် ၁၄:၂၈၊ သမ္မာကျမ်း။ ၁ ကောရိန္သု ၁၅:၂၇၊ ၂၈၊ သမ္မာကျမ်း။ ကောလောသဲ ၁:၁၅၊ ၁၆၊ သမ္မာကျမ်း
အမှန်တရား-
သုံးပါးပေါင်းတစ်ဆူ တရားသေအယူဝါဒသည် လေးရာစုနှောင်းပိုင်းမှ ပေါ်ပေါက် လာခြင်းဖြစ်
-