မော်ကွန်းတိုက်မှ
ပေါ်တူဂီမှာ ဦးဆုံး နိုင်ငံတော်သတင်း ရောက်ရှိခဲ့ပုံ
အတ္တလန္တိတ် သမုဒ္ဒရာလှိုင်းတွေက ဥရောပကို သွားနေတဲ့ သင်္ဘောကို အဆက်မပြတ် ရိုက်ခတ်နေတုန်း ခရီးသည် ဂျော့ချ်ယန်းကတော့ ဘရာဇီးမှာ ချန်ရစ်ခဲ့တဲ့ နိုင်ငံတော်လုပ်ငန်းအကြောင်း ပီတိအပြည့်နဲ့ ပြန်တွေးနေမိတယ်။a ဒါပေမဲ့ အခုရထားတဲ့ တာဝန်အသစ်အကြောင်း ဆက်တွေးမိတယ်။ သတင်းကောင်း မဟောရသေးတဲ့ ပေါ်တူဂီနဲ့ စပိန်မှာ လုပ်ငန်းစရမယ်။ အဲဒီကိုရောက်တာနဲ့ ညီအစ်ကို ဂျေ အက်ဖ် ရပ်သဖော့ရဲ့ ကျမ်းစာဟောပြောပွဲတွေကို စီစဉ်ပေးဖို့၊ ဝေစာ ၃၀၀,၀၀၀ လောက် ဝေငှနိုင်ဖို့ မျှော်လင့်ထားတယ်။
ဂျော့ချ်ယန်းဟာ ဟောပြောဖို့ ပင်လယ်ခရီးတွေ သွားခဲ့
လစ်ဘွန်းမြို့ကို ရောက်တဲ့ ၁၉၂၅ မှာ အခြေအနေတွေ ရှုပ်ထွေးနေတာကို ညီအစ်ကိုယန်း တွေ့လိုက်ရတယ်။ ရီပတ်ဘလစ်ကန်တွေရဲ့ ၁၉၁၀ တော်လှန်ရေး ပြီးဆုံးသွားပြီး ဘုရင်စနစ် ဖျက်သိမ်းလိုက်တယ်။ ကက်သလစ်ချာ့ချ်ရဲ့ လွှမ်းမိုးမှုလည်း ကျဆင်းသွားပြီး လူတွေ လွတ်လပ်မှု ပိုရလာတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ မငြိမ်မသက် ဆက်ဖြစ်နေတုန်းပဲ။
ညီအစ်ကို ရပ်သဖော့ရဲ့ ဟောပြောပွဲအတွက် စီစဉ်နေချိန်မှာပဲ အာဏာသိမ်းဖို့ ကြိုးပမ်းမှုတစ်ခုကြောင့် အစိုးရက စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းလိုက်တယ်။ ဒါကြောင့် ဆန့်ကျင်မှုတွေ ကြုံရလိမ့်မယ်ဆိုပြီး ဗြိတိသျှနဲ့ ပင်လယ်ရပ်ခြား ကျမ်းစာအဖွဲ့ရဲ့ အတွင်းရေးမှူးက ညီအစ်ကို ယန်းကို သတိပေးတယ်။ ဒါတောင် ညီအစ်ကိုယန်းက ကာမိုးရှ် အလယ်တန်းကျောင်း အားကစားရုံကို အသုံးပြုဖို့ ခွင့်တောင်းတဲ့အခါ ခွင့်ပြုချက်ရခဲ့တယ်။
ဒါနဲ့ ညီအစ်ကို ရပ်သဖော့ ဟောပြောချက်ပေးမယ့် မေလ ၁၃ ရက် ရောက်လာတယ်။ စိတ်လှုပ်ရှားစရာပဲ။ “ကမ္ဘာပေါ် ထာဝစဉ် အသက်ရှင်နိုင်ပုံ” ဆိုတဲ့ လူထုဟောပြောချက် ခေါင်းစဉ်ကို အဆောက်အအုံတွေမှာ ချိတ်ဆွဲပြီး သတင်းစာကနေလည်း ကြေညာခဲ့တယ်။ ဆန့်ကျင်တဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ အသစ်ရောက်လာတဲ့ “ပရောဖက် အတုတွေ” ကို ရှောင်ဖို့ ဆောင်းပါးတစ်ပုဒ် သူတို့ရဲ့ သတင်းစာထဲ ထည့်လိုက်တယ်။ အားကစားရုံအဝင်မှာလည်း ဆန့်ကျင်သူတွေက ညီအစ်ကို ရပ်သဖော့ရဲ့ ဟောပြောချက်ကို ဝေဖန်တိုက်ခိုက်ထားတဲ့ စာစောင် ထောင်နဲ့ချီ ဝေငှကြတယ်။
ဒါပေမဲ့ အားကစားရုံထဲမှာ လူ ၂,၀၀၀ လောက် စုဝေးခဲ့ကြတယ်။ ကျန်တဲ့ ၂,၀၀၀ လောက်ကတော့ နေရာမဆံ့တော့လို့ ပြန်သွားရတယ်။ တချို့က အားကစားရုံဘေးက ကြိုးလှေကားမှာ တွဲခိုပြီး၊ တချို့က အားကစားတန်းတွေပေါ် တက်ထိုင်ပြီး နားထောင်ကြတယ်။
အားလုံး အဆင်ပြေတာတော့ မဟုတ်ဘူး။ ဆန့်ကျင်သူတွေက အော်ဟစ်ပြီး ထိုင်ခုံတွေကို ရိုက်ချိုးကြတယ်။ ဒါပေမဲ့ ညီအစ်ကို ရပ်သဖော့က စားပွဲပေါ် တည်တည်ငြိမ်ငြိမ် တက်ပြီး အားလုံးကြားနိုင်အောင် ဟောခဲ့တယ်။ ညသန်းခေါင်လောက်မှ ပြီးတယ်။ လူ ၁,၂၀၀ လောက်က ကျမ်းစာစာပေတွေ လိုချင်တဲ့အတွက် နာမည်နဲ့ လိပ်စာတွေ ပေးခဲ့ကြတယ်။ နောက်တစ်နေ့ အူစီကူးလို သတင်းစာမှာ ညီအစ်ကို ရပ်သဖော့ရဲ့ ဟောပြောချက်အကြောင်း ဆောင်းပါးပါလာတယ်။
၁၉၂၅၊ စက်တင်ဘာလမှာ ပေါ်တူဂီဘာသာစကားနဲ့ ကင်းမျှော်စင်ကို ပေါ်တူဂီမှာ စတင်ဖြန့်ဝေတယ်။ (အစောပိုင်းကတည်းက ဘရာဇီးနိုင်ငံမှာ ပေါ်တူဂီဘာသာစကားနဲ့ ထုတ်ဝေနေပြီ။) အဲဒီအချိန်လောက်မှာ ဘရာဇီးနိုင်ငံက ကျမ်းစာကျောင်းသား ဗာဇီလီယို ဖာဂူဆန်ဟာ နိုင်ငံတော်လုပ်ငန်းကို ကူညီပေးနိုင်အောင် ပေါ်တူဂီကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်။ အစောပိုင်းတုန်းက သူဟာ ဘရာဇီးက ကျမ်းစာကျောင်းသားတွေရဲ့ ဌာနခွဲရုံးလေးမှာ ညီအစ်ကိုယန်းနဲ့ တွဲအမှုဆောင်ဖူးတယ်။ မကြာခင်မှာပဲ ဗာဇီလီယိုနဲ့ ဇနီးလစ်ဇီဟာ ညီအစ်ကို ယန်းနဲ့အတူ ပြန်အမှုဆောင်ဖို့ ထွက်လာတယ်။ ညီအစ်ကို ဗာဇီလီယို ရောက်လာတာ အချိန်ကိုက်ပါပဲ။ မကြာခင် ညီအစ်ကိုယန်းဟာ ဆိုဗီယက်ပြည်ထောင်စုအပါအဝင် တခြားဒေသတွေကို သွားဟောရတော့မှာ ဖြစ်လို့ပဲ။
၁၉၂၈၊ လစ်ဇီနဲ့ ဗာဇီလီယိုတို့ရဲ့နေထိုင်ခွင့်ပါမစ်
ပေါ်တူဂီမှာ စစ်တပ် အာဏာသိမ်းပြီး အာဏာရှင်စနစ် စတင်တဲ့အခါ ဆန့်ကျင်မှုတွေ တိုးများလာတယ်။ ညီအစ်ကို ဗာဇီလီယိုကတော့ အဲဒီမှာ သတ္တိရှိရှိ ဆက်နေတယ်။ ကျမ်းစာကျောင်းသားအုပ်စုလေးကို ကာကွယ်ပြီး လုပ်ငန်းတိုးချဲ့တယ်။ သူ့အိမ်မှာ ပုံမှန်အစည်းအဝေးလုပ်နိုင်ဖို့ ခွင့်ပြုချက်တောင်းတဲ့အခါ ၁၉၂၇၊ အောက်တိုဘာလမှာ ခွင့်ပြုချက်ရတယ်။
အာဏာရှင်စနစ်ရဲ့ ပထမနှစ်အတွင်း ပေါ်တူဂီမှာ ကင်းမျှော်စင် နှစ်စဉ်ကြေးယူသူ ၄၅၀ လောက် ရှိခဲ့တယ်။ အဲဒီအပြင် ပေါ်တူဂီအင်ပါယာအတွင်းမှာရှိတဲ့ ကိတ်ဗာဒီ၊ ဂိုအာ၊ မာဒီးရာ၊ မိုဇမ်ဘစ်၊ အရှေ့တိမော၊ အာဇိုး၊ အင်ဂိုလာတို့ဆီ ဝေစာတွေ၊ စာအုပ်ငယ်တွေကတစ်ဆင့် အမှန်တရား ပျံ့နှံ့သွားတယ်။
၁၉၂၉ မှာ လစ်ဘွန်းမြို့ကို ပေါ်တူဂီလူမျိုး ဥယျာဉ်မှူး မန်ဝဲလ် ဒါဆီဗာ ဂျော်ဒါအို ရောက်လာတယ်။ သူ ဘရာဇီးမှာနေတုန်းက ညီအစ်ကိုယန်းရဲ့ ဟောပြောချက်ကို နားထောင်ဖူးတယ်။ အမှန်တရား သိလာပြီးနောက် ဟောပြောခြင်းလုပ်ငန်းမှာ ညီအစ်ကို ဗာဇီလီယိုကို ကူညီပေးချင်တဲ့အတွက် ရှေ့ဆောင်လို့ခေါ်တဲ့ ကော်လ်ပေါ်တာ လုပ်ခဲ့တယ်။ ကျမ်းစာစာပေ ပုံနှိပ်ဖြန့်ချိရေး စနစ်တကျဖြစ်လာလို့ လစ်ဘွန်းအသင်းတော်သစ် တိုးတက်လာတယ်။
၁၉၃၄ မှာ ဗာဇီလီယိုတို့ ဇနီးမောင်နှံ ဘရာဇီးကို ပြန်သွားကြတယ်။ အမှန်တရားမျိုးစေ့ကိုတော့ ကြဲခဲ့ပြီ။ စပိန်ပြည်တွင်းစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြောင့် ကသောင်းကနင်းဖြစ်နေတဲ့ ဥရောပမှာ ပေါ်တူဂီနိုင်ငံက အုပ်စုလေးဟာ ယေဟောဝါအပေါ် သစ္စာစောင့်သိကြတယ်။ အဲဒီအချိန်အတွင်းမှာ သူတို့ရဲ့ အလင်းဟာ မှိန်မှိန်လေးပဲ ရှိနေပြီး ဦးဆုံး ဂိလဒ်ကျောင်းဆင်း သာသနာပြု ဂျွန်ကုတ် ရောက်လာတဲ့ ၁၉၄၇ မှာတော့ ပိုထွန်းတောက်လာတယ်။ နောက်ပိုင်း နိုင်ငံတော်ကြွေးကြော်သူ အရေအတွက် တစ်ရှိန်ထိုး တိုးလာတယ်။ ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုကို အစိုးရပိတ်ပင်တဲ့ ၁၉၆၂ မှာတောင် ဆက်တိုးတက်လာတယ်။ ယေဟောဝါသက်သေတွေကို တရားဝင်ခွင့်ပြုလိုက်တဲ့ ၁၉၇၄၊ ဒီဇင်ဘာမှာ ကြေညာသူ ၁၃,၀၀၀ ကျော် ရှိနေပြီ။
အခု ပေါ်တူဂီမှာ ကြေညာသူ ၅၀,၀၀၀ ကျော်ရှိပြီး အာဇိုး၊ မာဒီးရာ အပါအဝင် ပေါ်တူဂီ စကားပြောကျွန်းတွေမှာ နိုင်ငံတော်သတင်းကောင်းကို ဟောပြောနေကြတယ်။ တချို့ဟာ ၁၉၂၅ တုန်းက ညီအစ်ကို ရပ်သဖော့ရဲ့ သမိုင်းဝင်ဟောပြောပွဲကို တက်ရောက်ခဲ့သူတွေရဲ့ တတိယမျိုးဆက် ဖြစ်တယ်။
‘ခရစ်တော်ယေရှုရဲ့ အစေအပါးအဖြစ် လူမျိုးခြားအားလုံး’ ဆီ သတင်းကောင်းပျံ့နှံ့စေရေးမှာ သတ္တိရှိရှိ ဦးဆောင်ခဲ့ကြတဲ့ အစောပိုင်း သစ္စာရှိညီအစ်ကို/မတွေနဲ့ ယေဟောဝါကို ကျေးဇူးတင်စရာပါပဲ။—ရော. ၁၅:၁၅၊ ၁၆။—ပေါ်တူဂီ မော်ကွန်းတိုက်မှ။
a ၂၀၁၄၊ မေ ၁၅ ရက်ထုတ် ကင်းမျှော်စင် (အင်္ဂလိပ်) စာမျက်နှာ ၃၁-၃၂ ပါ “ရိတ်သိမ်းစရာတွေ အများကြီးရှိ” ဆောင်းပါးကို ကြည့်ပါ။