ငါ ကားမောင်းသင့်သေးသလား
သက်ကြီးသူတစ်ယောက် ကားမောင်းတာ နှစ်များစွာ ကြာပြီ။ သွားချင်တဲ့နေရာကို သွားချင်တဲ့အချိန် ကိုယ့်ကားလေးနဲ့ကိုယ် သွားနိုင်တာ သိပ်သဘောကျတယ်။ ဒါပေမဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေက စိတ်ပူလို့ ကားမမောင်းပါနဲ့တော့လားလို့ ပြောကြတယ်။ သူတို့ ဘာလို့ စိတ်ပူနေမှန်း သူ နားမလည်နိုင်ဘူး။
သင်ကော အလားတူ အခြေအနေ ကြုံနေရသလား။ ကြုံနေရတယ်ဆိုရင် သင် ကားဆက်မောင်းသင့်မသင့် ဘယ်လို ဆုံးဖြတ်မလဲ။
နိုင်ငံတချို့မှာ အသက်အရွယ်တစ်ခု ကျော်သွားသူတွေဟာ လိုင်စင်သက်တမ်း တိုးချင်ရင် ကားဆက်မောင်းဖို့ ဆရာဝန်ခွင့်ပြုချက် လိုတယ်။ အဲဒီလိုနိုင်ငံတွေမှာ နေတဲ့ ခရစ်ယာန်တွေဟာ ဥပဒေ လိုက်နာကြတယ်။ (ရော. ၁၃:၁) သင့်နိုင်ငံမှာ အဲဒီလိုဥပဒေတွေ မရှိရင်တောင် ဘေးကင်းအောင် မောင်းနှင်နိုင်သေးသလားဆိုတာ အကဲဖြတ်နိုင်တဲ့ နည်းတွေရှိပါတယ်။
ကိုယ့်မောင်းနှင်ပုံကို အကဲဖြတ်ပါ
အောက်ပါမေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ဖို့ သက်ကြီးသူများအတွက် အဖွဲ့အစည်းတစ်ခုက အကြံပြုထားတယ်–
လမ်းညွှန်ဆိုင်းဘုတ်တွေ ရှင်းရှင်းလင်းလင်း မြင်ရသေးသလား ဒါမှမဟုတ် ညဘက် ကောင်းကောင်းမြင်ရသေးသလား။
နောက်ကြည့်မှန် ကြည့်ဖို့၊ ဘေးဘီဝဲယာ ကြည့်ဖို့ ခေါင်းလှည့်နိုင်သေးသလား။
မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်သေးသလား။ ဥပမာ၊ လီဗာကနေ ဘရိတ်ကို ရုတ်တရက် ပြောင်းပြီး နင်းနိုင်သေးသလား။
ကိုယ်ကားမောင်းနှေးလို့ ယာဉ်ကြောတွေ ပိတ်ကုန်သလား။
ဝင်တိုက်မိမလို ဖြစ်သွားတဲ့ အခြေအနေတွေ အခုတလော ကြုံနေရသလား ဒါမှမဟုတ် တစ်ခုခုကို ဝင်တိုက်မိလို့ ကားမှာ ပွန်းရာခြစ်ရာတွေ ရှိနေသလား။
ယာဉ်ထိန်းရဲ တားတာခံရသလား။
ကားမောင်းရင်း အိပ်ငိုက်တတ်သလား။
ကားမောင်းတာကို အနှောင့်အယှက်ဖြစ်စေမယ့် ဆေးတွေ သောက်နေရသလား။
ကိုယ့်ကားမောင်းပုံနဲ့ပတ်သက်ပြီး မိသားစုဝင်တွေ၊ မိတ်ဆွေတွေ စိုးရိမ်မကင်းဖြစ်ကြောင်း ပြောကြသလား။
အထက်ပါအချက် တစ်ချက်နှစ်ချက်နဲ့ ငြိနေရင် သင် အပြောင်းအလဲတချို့ လုပ်ရတော့မယ်။ ဥပမာ၊ ကားမောင်းတာ လျှော့ဖို့၊ အထူးသဖြင့် ညဘက် သိပ်မမောင်းဖို့ ဆုံးဖြတ်နိုင်တယ်။ ကိုယ့်မောင်းနှင်ပုံကို ပုံမှန် ပြန်သုံးသပ်နိုင်တယ်။ ဒါမှမဟုတ် မိသားစုဝင်၊ မိတ်ဆွေတစ်ယောက်ယောက်ကို သုံးသပ်ခိုင်းနိုင်တယ်။ ဘေးကင်းစွာ မောင်းနှင်ရေးသင်တန်းတွေ တက်နိုင်တယ်။ ဒါပေမဲ့ အထက်ပါ အချက်တော်တော်များများနဲ့ ငြိနေရင်တော့ ကားမမောင်းတော့တာ အကောင်းဆုံးပါပဲ။a
ကျမ်းစာမူတွေ လိုက်နာပါ
ကားမောင်းစွမ်းရည် ကျလာတာ ကိုယ့်ဘာသာ သတိထားမိဖို့ ခက်နိုင်တယ်။ ကားမမောင်းရတော့ဘူးဆိုတာ တွေးတောင် မတွေးချင်ဘဲ ဖြစ်နိုင်တယ်။ ကိုယ့်အခြေအနေကို အကဲဖြတ်နိုင်ဖို့၊ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ကူညီပေးမယ့် ကျမ်းစာမူနှစ်ခု သုံးသပ်ကြည့်ရအောင်။
ကျိုးနွံမှုရှိပါ။ (ပညာ. ၁၁:၂) အသက်ကြီးလာတဲ့အခါ အမြင်အာရုံ၊ အကြားအာရုံ ချို့ယွင်းလာတယ်။ ကြွက်သားတွေ အားနည်းလာတယ်။ ဥပမာ၊ သက်ကြီးသူအများစုဟာ အသက်အရွယ်တစ်ခု ရောက်လာတဲ့အခါ ဒဏ်ဖြစ်လွယ်လို့ တချို့အားကစားတွေ မလုပ်ကြတော့ဘူး။ ကားမောင်းတာလည်း အဲဒီလိုပဲ။ ကျိုးနွံမှုရှိသူဟာ ကိုယ့်ဘေးကင်းရေးအတွက် စဉ်းစားပြီး ကားမမောင်းတော့ဖို့ ဆုံးဖြတ်မှာ ဖြစ်တယ်။ (ပညာ. ၂၂:၃) တခြားသူတွေ စိုးရိမ်မကင်းဖြစ်ပြီး ပြောလာတဲ့အခါ လိုလိုလားလား နားထောင်မှာ ဖြစ်တယ်။—၂ ရှမွေလ ၂၁:၁၅-၁၇ နဲ့ နှိုင်းယှဉ်ပါ။
သွေးပြစ်မသင့်ပါစေနဲ့။ (တရား. ၂၂:၈) ကားဆိုတာ အမောင်းမတတ်ရင် လူသေစေနိုင်တဲ့ လက်နက်ပဲ။ ကားမောင်းစွမ်းရည် ကျနေလျက်နဲ့ ဆက်မောင်းနေရင် ကိုယ်တိုင်ရော တခြားသူတွေပါ အသက်အန္တရာယ် ရှိနိုင်တယ်။ ကိုယ့်ကြောင့် မတော်တဆမှု ဖြစ်ပြီး တစ်ယောက်ယောက် သေဆုံးသွားရင် သွေးပြစ်သင့်နိုင်တယ်။
ကားမမောင်းနိုင်တော့လို့ တခြားသူတွေ မလေးစားကြတော့မှာကို မစိုးရိမ်ပါနဲ့။ သင် နှိမ့်ချမှု၊ ကျိုးနွံမှု ရှိတာ၊ တခြားသူတွေရဲ့ ဘေးကင်းရေးကို ထည့်စဉ်းစားပေးတာ ယေဟောဝါ သိပ်နှစ်သက်တယ်။ သင့်ကို ထောက်မပေးမယ်၊ နှစ်သိမ့်ပေးမယ်လို့ ကတိပေးထားတယ်။ (ဟေရှာ. ၄၆:၄) သင့်ကို ဘယ်တော့မှ မစွန့်ပစ်ဘူး။ ဒါကြောင့် လက်တွေ့ကျဉာဏ်ပညာနဲ့ ကျမ်းစာမူတွေ သုံးပြီ ကားဆက်မောင်းသင့်မသင့် ဆုံးဖြတ်နိုင်ဖို့ ယေဟောဝါဆီ ဆုတောင်းပါ။
a ထပ်သိချင်ရင် ၂၀၀၃၊ ဩဂုတ် ၈ နိုးလော့! မှာ ပါတဲ့ “ယာဉ်တိုက်မှုများ—သင် အန္တရာယ်ကင်း၏လော” ဆောင်းပါးကို ကြည့်ပါ။