‘သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏’
‘ယေဟောဝါဘုရားမိန့်တော်မူသည်ကား “သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။”’—ဟေရှာ. ၄၃:၁၀။
၁၊ ၂။ (က) သက်သေဆိုတာ ဘာအဓိပ္ပာယ်လဲ၊ ကမ္ဘာ့သတင်းမီဒီယာတွေဟာ လူတွေကို ဘယ်အကြောင်းတွေ မပြောပြသလဲ။ (ခ) ကမ္ဘာ့သတင်းမီဒီယာတွေကို ယေဟောဝါ ဘာကြောင့် အားမကိုးသလဲ။
သက်သေဆိုတာ ဘာအဓိပ္ပာယ်လဲ။ အဘိဓာန်တစ်အုပ်မှာ သက်သေဆိုတာ “အဖြစ်အပျက်တစ်ခုကို မြင်တွေ့ပြီး ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောပြတဲ့သူ” လို့ ဖော်ပြထားတယ်။ တောင်အာဖရိကမှာ နှစ်ပေါင်း ၁၆၀ ကျော်ထုတ်ဝေခဲ့တဲ့ သတင်းစာတစ်စောင်ရဲ့နာမည်က သက်သေလို့ခေါ်တယ်။ အဲဒါက သင့်လျော်တဲ့နာမည်တစ်ခုဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သတင်းစာရဲ့ ရည်ရွယ်ချက်က အဖြစ်အပျက်တွေကို မှန်မှန်ကန်ကန် ဖော်ပြဖို့ပဲ။ အဲဒီသတင်းစာကို စတင်တည်ထောင်တဲ့ အယ်ဒီတာက “အမှန်တရား၊ တကယ့်အမှန်တရားကိုပဲ ဖော်ပြမယ်၊ အမှန်တရားကလွဲလို့ ဘာကိုမှ ဖော်ပြမှာမဟုတ်ဘူး” လို့ ကတိပေးခဲ့တယ်။
၂ ဝမ်းနည်းစရာက ကမ္ဘာ့သတင်းမီဒီယာတွေဟာ အဖြစ်အပျက်တွေကို အမှန်အတိုင်း မဖော်ပြပေးဘူး။ ဘုရားသခင်အကြောင်း၊ ကိုယ်တော် လုပ်ဆောင်ခဲ့တာတွေအကြောင်း အမှန်အတိုင်း မဖော်ပြတာသေချာတယ်။ ဒါပေမဲ့ စကြဝဠာရဲ့ အနန္တတန်ခိုးရှင် ယေဟောဝါဟာ ကမ္ဘာ့သတင်းမီဒီယာတွေကို အားမကိုးဘူး။ ဘုရားသခင်က ပရောဖက်ယေဇကျေလကတစ်ဆင့် ‘ငါဟာ ယေဟောဝါဖြစ်တယ်ဆိုတာ လူမျိုးတွေသိရလိမ့်မယ်’ လို့ပြောခဲ့တယ်။ (ယေဇ. ၃၉:၇၊ ကဘ) ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါအကြောင်းပြောပြနေတဲ့ သက်သေ ရှစ်သန်းနီးပါးရှိတယ်။ ဒီသက်သေအုပ်စုက ဘုရားသခင် အရင်တုန်းက လုပ်ပေးခဲ့တာတွေ၊ အခုလက်ရှိ လုပ်နေတာတွေနဲ့ပတ်သက်ပြီး တခြားသူတွေကို ပြောပြနေတယ်။ အနာဂတ်မှာ ကိုယ်တော် လုပ်ဆောင်ပေးမယ်လို့ ကတိပေးထားတဲ့ အံ့ဩစရာတွေကိုလည်း ကြေညာနေကြတယ်။ ဟေရှာယ ၄၃:၁၀ မှာ ‘ယေဟောဝါဘုရား မိန့်တော်မူသည်ကား “သင်တို့သည် ငါ၏သက်သေ၊ ငါရွေးကောက်သောကျွန်” ဖြစ်ကြ၏’ လို့ဖတ်ရတယ်။ ကျွန်ုပ်တို့ရဲ့အသက်တာမှာ ဟောပြောခြင်းလုပ်ငန်းကို အရေးကြီးဆုံးအလုပ်လို့ သဘောထားတာက ကျွန်ုပ်တို့ဟာ ယေဟောဝါသက်သေ စစ်စစ်ဖြစ်တယ်ဆိုတာ သက်သေပြနေတာပဲ။
၃၊ ၄။ (က) ကျမ်းစာကျောင်းသားတွေဟာ ဘယ်အချိန်မှာ ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို စအသုံးပြုခဲ့ကြသလဲ။ အဲဒီနာမည်အသစ်နဲ့ပတ်သက်ပြီး သူတို့ ဘယ်လိုခံစားခဲ့ရသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) အခု ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။
၃ ယေဟောဝါဟာ “ထာဝရဘုရင်” ဖြစ်လို့ ကိုယ်တော့်နာမည်လည်း ထာဝစဉ်တည်ရှိပါလိမ့်မယ်။ ယေဟောဝါကိုယ်တိုင်က ‘ဒီနာမည်ဟာ ထာဝစဉ် ငါ့နာမည်ပဲ။ လူမျိုးအဆက်ဆက် ငါ့ကို ဒီနာမည်နဲ့ သိရကြလိမ့်မယ်’ လို့ပြောခဲ့တယ်။ (၁ တိ. ၁:၁၇; ထွ. ၃:၁၅၊ ကဘ; ဒေသနာ ၂:၁၆ နဲ့နှိုင်းယှဉ်ပါ။) ယေဟောဝါရဲ့နာမည်နဲ့ အခေါ်ခံရတာက အထူးမြတ်ဆုံးအခွင့်အရေးပဲ။ ၁၉၃၁ ခုနှစ်မှာ ကျမ်းစာကျောင်းသားတွေဟာ ယေဟောဝါသက်သေဆိုတဲ့နာမည်ကို စတင်အသုံးပြုရတဲ့အခါ အရမ်းပျော်ရွှင်ခဲ့ကြတယ်။ ဒီအပြောင်းအလဲအတွက် ကျေးဇူးတင်တယ်လို့ လူများစွာက စာရေးခဲ့ကြတယ်။ ကနေဒါနိုင်ငံမှာရှိတဲ့ အသင်းတော်တစ်ခုက နာမည်အသစ်ဟာ ယေဟောဝါကိုချီးမွမ်းမှုဖြစ်စေတဲ့ အသက်တာလမ်းစဉ်နဲ့ အသက်ရှင်နေထိုင်မယ်ဆိုတဲ့ သူတို့ရဲ့စိတ်ပိုင်းဖြတ်ချက်ကို ပိုခိုင်မာစေတယ်လို့ ရေးခဲ့တယ်။
၄ ယေဟောဝါသက်သေလို့ အခေါ်ခံရတာကို သင်ဂုဏ်ယူတယ်ဆိုတာ ဘယ်လို ဖော်ပြနိုင်သလဲ။ ဟေရှာယကျမ်းမှာ ဖတ်ရတဲ့အတိုင်း ယေဟောဝါက ကျွန်ုပ်တို့ကို ဘာကြောင့် မိမိရဲ့သက်သေလို့ ခေါ်သလဲဆိုတာကို သင်ရှင်းပြနိုင်သလား။
ရှေးအချိန်က ဘုရားသခင့်သက်သေများ
၅၊ ၆။ (က) အစ္စရေးမိဘတွေဟာ ယေဟောဝါအကြောင်း ဘယ်လို သက်သေခံခဲ့ကြသလဲ။ (ခ) အစ္စရေးမိဘတွေဟာ နောက်ထပ်ဘယ်အရာကိုလည်း လုပ်ဆောင်ခဲ့ကြသလဲ၊ ယနေ့အချိန်မှာရှိတဲ့ မိဘတွေလည်း ဘာကြောင့် အဲဒီလိုလုပ်ဖို့လိုသလဲ။
၅ ယေဟောဝါဟာ အစ္စရေးလူမျိုးကို မိမိရဲ့သက်သေအဖြစ် ရွေးချယ်ခဲ့တယ်။ အစ္စရေးလူတစ်ယောက်စီဟာ ယေဟောဝါအကြောင်း သက်သေခံဖို့ တာဝန်ရှိတယ်။ (ဟေရှာ. ၄၃:၁၀) ဥပမာ၊ မိဘတွေဟာ သူတို့ရဲ့သားသမီးတွေကို ဘုရားသခင် အရင်ကလုပ်ခဲ့တာတွေအကြောင်း သင်ပေးခြင်းအားဖြင့် သက်သေခံကြတယ်။ သားသမီးတွေကို ပသခါပွဲအကြောင်း သင်ပေးဖို့ မိဘတွေကို ယေဟောဝါ မိန့်မှာခဲ့တယ်။ ကိုယ်တော် ဒီလိုပြောခဲ့တယ်– ‘သားမြေးတွေက “ဒီပွဲတော်ကို ဘာလို့လုပ်တာလဲ” လို့မေးလာရင်၊ “ယေဟောဝါဘုရားအတွက် ပသခါယဇ်ပူဇော်ဖို့ လုပ်တာပါ။ အီဂျစ်တွေကို ဒဏ်ခတ်တုန်းက အီဂျစ်ပြည်မှာရှိတဲ့ အစ္စရေးတွေရဲ့အိမ်ကို ကျော်သွားပြီး ငါတို့အိမ်သားတွေကို ကိုယ်တော်ကယ်နုတ်ခဲ့တယ်” လို့ပြောပြရမယ်။’ (ထွ. ၁၂:၂၆၊ ၂၇၊ ကဘ) အစ္စရေးလူတွေ တောကန္တာရထဲသွားပြီး ယေဟောဝါကိုဝတ်ပြုဖို့ ဖာရောမင်းက ခွင့်မပြုခဲ့ဘူးလို့ မိဘတွေ ရှင်းပြခဲ့ကြတယ်။ ဖာရောမင်းက ‘ယေဟောဝါက ဘယ်သူမို့လို့ သူ့စကားနားထောင်ပြီး အစ္စရေးတွေကို လွှတ်ပေးရမှာလဲ’ လို့ပြောခဲ့တယ်။ (ထွ. ၅:၂၊ ကဘ) ဖာရောမင်းရဲ့မေးခွန်းကို ယေဟောဝါ အဖြေပေးခဲ့ပုံနဲ့ ကိုယ်တော်ဟာ အနန္တတန်ခိုးရှင်ဖြစ်ကြောင်း ဖော်ပြခဲ့ပုံတွေကို မိဘတွေက သားသမီးတွေကို ပြောပြခဲ့တယ်။ ယေဟောဝါက အီဂျစ်ပြည်အပေါ် ကပ်ဘေးဆယ်ခု ကျရောက်စေပြီး ပင်လယ်နီမှာ အီဂျစ်စစ်တပ်လက်ထဲကနေ အစ္စရေးလူတွေကို ကယ်တင်ခဲ့တယ်။ ယေဟောဝါဟာ ဘုရားမှန်ဖြစ်တယ်၊ ကတိပေးထားတဲ့အတိုင်း အမြဲလုပ်ဆောင်တယ်ဆိုတာကို အစ္စရေးလူတွေ မြင်တွေ့ခဲ့ရတယ်။
ယေဟောဝါဟာ ဘုရားမှန်ဖြစ်တယ်၊ ကတိပေးထားတဲ့အတိုင်း အမြဲလုပ်ဆောင်တယ်ဆိုတာကို အစ္စရေးလူတွေ မြင်တွေ့ခဲ့ရတယ်
၆ ယေဟောဝါရဲ့သက်သေဖြစ်ရတာက ဂုဏ်ယူစရာဖြစ်တယ်လို့ အစ္စရေးလူတွေ ခံစားခဲ့ရတယ်။ သူတို့တွေက သူတို့ရဲ့သားသမီးတွေကိုသာမက အိမ်မှာနေတဲ့ကျွန်တွေကိုလည်း ယေဟောဝါ လုပ်ဆောင်ပေးခဲ့တဲ့ အံ့ဖွယ်အမှုတွေအကြောင်း ပြောပြကြတယ်။ အစ္စရေးလူတွေဟာ မိမိတို့ရဲ့အမူအကျင့်တွေ သန့်ရှင်းရမယ်ဆိုတာလည်း သိခဲ့ကြတယ်။ ယေဟောဝါက ‘မင်းတို့ရဲ့ဘုရားသခင် ငါယေဟောဝါက သန့်ရှင်းမြင့်မြတ်တဲ့အတွက် မင်းတို့လည်း သန့်ရှင်းနေရမယ်’ လို့ပြောခဲ့တယ်။ အစ္စရေးမိဘတွေဟာ သူတို့ရဲ့သားသမီးတွေ သန့်ရှင်းဖို့၊ ဆိုလိုတာက ယေဟောဝါရဲ့စံနှုန်းနဲ့အညီ အသက်ရှင်ဖို့ သွန်သင်လေ့ကျင့်ပေးခဲ့ရတယ်။ (ဝတ်. ၁၉:၂၊ ကဘ; တရား. ၆:၆၊၇) ယနေ့အချိန်မှာရှိတဲ့မိဘတွေလည်း အဲဒီအတိုင်းလုပ်ရမယ်။ သူတို့က သားသမီးတွေကို ဘုရားသခင့်မြင့်မြတ်တဲ့နာမည်ကို ဂုဏ်တင်တဲ့နည်းနဲ့ အသက်ရှင်ဖို့ သွန်သင်လေ့ကျင့်ပေးရမယ်။—သုတ္တံ ၁:၈ နဲ့ ဧဖက် ၆:၄ တို့ကိုဖတ်ပါ။
သားသမီးတွေကို ယေဟောဝါအကြောင်း သင်ပေးတာက ကိုယ်တော့်နာမည်ကို ဂုဏ်တင်နေတာဖြစ်တယ် (အပိုဒ် ၅၊ ၆ ကိုကြည့်ပါ)
၇။ (က) အစ္စရေးလူတွေ ယေဟောဝါစကား နားထောင်တဲ့အခါ ပတ်ဝန်းကျင်နိုင်ငံကလူတွေ ဘာတွေ့ခဲ့ရသလဲ။ (ခ) ယေဟောဝါကို ကိုယ်စားပြုသူတွေအားလုံးမှာ ဘာတာဝန်ရှိသလဲ။
၇ အစ္စရေးလူတွေ ဘုရားသခင့်စကားနားထောင်တဲ့အခါ ကိုယ်တော် သူတို့ကို ကောင်းချီးပေးခဲ့တယ်။ အကျိုးကတော့ ယေဟောဝါဟာ မိမိရဲ့လူတွေကို ကာကွယ်တယ်ဆိုတာ ပတ်ဝန်းကျင်နိုင်ငံက လူတွေ မြင်တွေ့ခဲ့ရတယ်။ (တရား. ၂၈:၁၀) ဒါပေမဲ့ ဝမ်းနည်းစရာက အစ္စရေးလူတွေရဲ့သမိုင်းကို ကြည့်လိုက်တဲ့အခါ သစ္စာမဲ့တာက ပိုများနေတယ်။ သူတို့တွေဟာ ခါနာန်ဘုရားတွေကို ကိုးကွယ်ခဲ့ကြတယ်။ အစ္စရေးလူတွေဟာ အဲဒီဘုရားတွေလိုပဲ ရက်စက်ကြမ်းကြုတ်လာကြတယ်။ သူတို့ရဲ့သားသမီးတွေကို မီးနဲ့ပူဇော်တယ်။ ဆင်းရဲသားတွေကို မညှာမတာဆက်ဆံတယ်။ သူတို့ရဲ့မကောင်းတဲ့လုပ်ရပ်တွေက ကျွန်ုပ်တို့ကို အရေးကြီးတဲ့သင်ခန်းစာတစ်ခု သင်ပေးတယ်။ ကျွန်ုပ်တို့ဟာ ယေဟောဝါကို တုပဖို့လိုတယ်။ အသန့်ရှင်းဆုံးအရှင်ကို ကိုယ်စားပြုသူတွေဖြစ်လို့ သန့်ရှင်းဖို့လိုတယ်။
‘ကြည့်ပါ၊ အသစ်အဆန်းတစ်ခုကို ငါလုပ်ဆောင်နေတယ်’
၈။ ယေဟောဝါက ဟေရှာယကို ဘာတာဝန်ပေးခဲ့သလဲ၊ ဟေရှာယ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။
၈ ယေဟောဝါဟာ အစ္စရေးတွေရဲ့မြို့တော် ဂျေရုဆလင်ကို ဖျက်ဆီးမယ်၊ မိမိရဲ့လူမျိုးကို သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခွင့်ပြုမယ်လို့ ဟေရှာယကတစ်ဆင့် သတိပေးခဲ့တယ်။ ဒါ့အပြင် ကိုယ်တော်က ‘အသစ်အဆန်းတစ်ခု’ လုပ်မယ်၊ အံ့ဩစရာကောင်းတဲ့နည်းနဲ့ မိမိရဲ့လူတွေကို သုံ့ပန်းဘဝကနေ လွတ်မြောက်စေမယ်လို့လည်း ကြိုပြောခဲ့တယ်။ (ဟေရှာ. ၄၃:၁၉၊ ကဘ) အစ္စရေးလူတွေ နောင်တရမှာမဟုတ်ဘူးဆိုတာ ယေဟောဝါသိတယ်၊ ဒါပေမဲ့ သူတို့ကို ဆက်သတိပေးဖို့ ဟေရှာယကို ပြောခဲ့တယ်။ ဟေရှာယကျမ်းရဲ့ ပထမအခန်းကြီးခြောက်ခုမှာ ဂျေရုဆလင်မြို့ပျက်စီးမယ့်အကြောင်း သတိပေးချက်တွေ အများကြီးပါတယ်။ လူတွေက ယေဟောဝါကို ဘယ်အချိန်အထိ ဆက်ပုန်ကန်နေမယ်ဆိုတာကို ဟေရှာယ သိချင်ခဲ့တယ်။ ‘မြို့တွေပျက်စီးပြီး မြို့သူမြို့သားတွေ မရှိ၊ အိမ်တွေမှာ လူမရှိ၊ ပြည်လည်း ပျက်စီးပြီး လူသူကင်းမဲ့သွားချိန်အထိ’ လို့ ဘုရားသခင် အဖြေပေးခဲ့တယ်။—ဟေရှာယ ၆:၈–၁၁ ကိုဖတ်ပါ။
၉။ (က) ဂျေရုဆလင်မြို့နဲ့ပတ်သက်ပြီး ဟေရှာယ ကြိုပြောခဲ့တာတွေ ဘယ်လို ပြည့်စုံခဲ့သလဲ။ (ခ) အခုအချိန်မှာ ကျွန်ုပ်တို့ဟာ ဘယ်သတိပေးချက်ကို အလေးအနက်ထားဖို့ လိုသလဲ။
၉ ဟေရှာယက အစ္စရေးလူတွေကို ရောက်လာတော့မယ့် ပျက်စီးခြင်းအကြောင်း ၄၅ နှစ်ထက်မက ကြိုသတိပေးခဲ့တယ်။ ဟေရှာယဟာ ဘီစီ ၇၇၈၊ ဩဇိမင်းအုပ်ချုပ်တဲ့ နောက်ဆုံးနှစ်ကစပြီး ဘီစီ ၇၃၂၊ ဘုရင်ဟေဇကိ အုပ်ချုပ်ချိန်အထိ ပရောဖက်ပြု ဟောပြောခဲ့တယ်။ အဲဒီနောက်မှာ ယေဟောဝါဟာ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရတဲ့ ဘီစီ ၆၀၇ အထိ မိမိရဲ့လူမျိုးကို ဆက်သတိပေးခဲ့တယ်။ ဒါကြောင့် အစ္စရေးလူတွေဟာ ရှေ့မှာဖြစ်ပျက်မယ့်အရာတွေအကြောင်း နှစ်ပေါင်းများစွာ ကြိုသတိပေးခံခဲ့ရတယ်။ အခုအချိန်မှာလည်း ယေဟောဝါဟာ မိမိရဲ့လူတွေကိုသုံးပြီး အနာဂတ်မှာဖြစ်ပျက်မယ့်အရာတွေကို တခြားသူတွေသိအောင် သတိပေးနေတယ်။ မကြာခင်မှာ စာတန်က ကမ္ဘာမြေကြီးကို အုပ်ချုပ်တော့မှာမဟုတ်ဘူး၊ အဲဒီအစား ခရစ်တော်က အုပ်ချုပ်မယ်လို့ ကင်းမျှော်စင်က နှစ်ပေါင်းများစွာ လူတွေကို ပြောပြနေတယ်။—ဗျာ. ၂၀:၁-၃၊ ၆။
၁၀၊ ၁၁။ ဗာဗုလုန်မှာရှိတဲ့ အစ္စရေးလူတွေဟာ ဟေရှာယရဲ့ ဘယ်ပရောဖက်ပြုချက် ပြည့်စုံတာကို မြင်တွေ့ခဲ့ရသလဲ။
၁၀ ဂျေရုဆလင်မြို့ ပျက်စီးခြင်းဘေးကနေ ဂျူးတချို့ အသက်ရှင်လွတ်မြောက်ခဲ့တယ်။ သူတို့ဟာ ဗာဗုလုန်လူတွေဆီမှာ အညံ့ခံပါဆိုတဲ့ ယေဟောဝါရဲ့ညွှန်ကြားချက်ကို လိုက်နာပြီး ဗာဗုလုန်နိုင်ငံကို သုံ့ပန်းအဖြစ် လိုက်ပါသွားခဲ့ကြတယ်။ (ယေ. ၂၇:၁၁၊ ၁၂) အနှစ်ခုနစ်ဆယ်ကြာပြီးနောက်မှာ အစ္စရေးသုံ့ပန်းတချို့ဟာ ဟေရှာယရဲ့ဒီပရောဖက်ပြုချက် ပြည့်စုံတာကို သက်သေအဖြစ် မြင်တွေ့ခဲ့ကြရတယ်– ‘သင်တို့ကိုပြန်ဝယ်ယူတဲ့အရှင်၊ အစ္စရေးတို့ရဲ့သန့်ရှင်းတဲ့အရှင် ယေဟောဝါ ဒီလိုပြောတယ်– “ငါက သင်တို့အတွက် သူတို့ကို ဗာဗုလုန်ကိုစေလွှတ်ပြီး ဂိတ်တံခါးတွေရဲ့ ကန့်လန့်အားလုံးကို ဖြုတ်ချမယ်။”’—ဟေရှာ. ၄၃:၁၄၊ ကဘ။
၁၁ ယေဟောဝါဟာ အဲဒီပရောဖက်ပြုချက်ကို အံ့ဖွယ်နည်းနဲ့ ပြည့်စုံစေခဲ့တယ်။ ဘီစီ ၅၃၉၊ အောက်တိုဘာ ညတစ်ညမှာ ဗာဗုလုန်ဘုရင်နဲ့ မှူးမတ်တွေဟာ သူတို့ရဲ့ဘုရားတွေအတွက် ပွဲလုပ်နေကြတယ်။ သူတို့ဟာ ယေဟောဝါရဲ့ဗိမာန်တော်ကနေ သိမ်းယူခဲ့တဲ့ ခွက်ဖလားတွေနဲ့တောင် ဝိုင်သောက်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီညမှာပဲ ဘုရင်ကုရုနဲ့ သူ့ရဲ့စစ်တပ်က ဗာဗုလုန်ကို ဝင်ရောက်သိမ်းပိုက်ခဲ့တယ်။ သူတို့က မြို့ကိုသိမ်းယူပြီး ဗာဗုလုန်အင်ပါယာအပေါ် အောင်ပွဲဆင်ခဲ့တယ်။ ဘီစီ ၅၃၈ ဒါမှမဟုတ် ၅၃၇ လောက်မှာ ကုရုဟာ ဂျူးတွေ ဂျေရုဆလင်မြို့ကို ပြန်ဖို့နဲ့ ဘုရားသခင့်ဗိမာန်တော်ကို ပြန်တည်ဆောက်ဖို့ အမိန့်ပေးခဲ့တယ်။ သူတို့ရဲ့အပြန်ခရီးမှာ ယေဟောဝါ သူတို့ကို ကာကွယ်ပေးခဲ့တယ်။ အဲဒီအဖြစ်အပျက်တွေအားလုံးက ဟေရှာယပရောဖက်ပြုခဲ့တဲ့အတိုင်း ပြည့်စုံခဲ့တယ်။ ဂျေရုဆလင်မြို့မှာ ဗိမာန်တော် ဆောက်လုပ်ပြီးစီးသွားတာကို ဘုရားသခင့်လူတွေ မြင်တွေ့တဲ့အခါ ယေဟောဝါဟာ ဘုရားမှန်ဖြစ်တယ်၊ အမြဲပဲ ကတိပေးတဲ့အတိုင်း လုပ်ဆောင်တယ်ဆိုတာကို သက်သေအဖြစ် မြင်တွေ့ခဲ့ကြရတယ်။ ဘုရားသခင်က ဂျေရုဆလင်ကိုပြန်လာတဲ့ ဂျူးတွေကို ‘ငါ့ကိုချီးမွမ်းနိုင်ဖို့ ငါပုံသွင်းခဲ့သူတွေ’ လို့ခေါ်ခဲ့တယ်။—ဟေရှာ. ၄၃:၂၁၊ ကဘ; ဟေရှာ. ၄၄:၂၆-၂၈။
၁၂၊ ၁၃။ (က) အစ္စရေးလူတွေ ဗိမာန်တော်ဆောက်ဖို့ ပြန်လာတဲ့အခါ ဘယ်သူတွေ ပူးပေါင်းခဲ့ကြသလဲ။ (ခ) “အခြားသိုး” တွေ အခုချိန်မှာ ဘာလုပ်ရမလဲ၊ သူတို့ ဘာကိုမျှော်လင့်နိုင်သလဲ။
၁၂ အစ္စရေးလူတွေဟာ ဗိမာန်တော်ဆောက်ဖို့ ပြန်လာတဲ့အခါ တိုင်းတစ်ပါးသားများစွာလည်း သူတို့နဲ့အတူ ပူးပေါင်းပြီး ယေဟောဝါကို ဝတ်ပြုခဲ့တယ်။ နောက်ပိုင်းမှာ နောက်ထပ်တိုင်းတစ်ပါးသားတွေလည်း ပူးပေါင်းခဲ့ကြတယ်။ (ဧဇ. ၂:၅၈၊ ၆၄၊ ၆၅; ဧသ. ၈:၁၇) အခုချိန်မှာလည်း “အခြားသိုး” ထဲက “လူအုပ်ကြီး” ဟာ “ဘုရားသခင့်အစ္စရေးလူမျိုး” ဖြစ်တဲ့ ဘိသိက်ခံခရစ်ယာန်တွေနဲ့ ပူးပေါင်းပြီး ယေဟောဝါကို ဝတ်ပြုနေကြတယ်။ (ဂလ. ၆:၁၆; ဗျာ. ၇:၉၊ ၁၀; ယော. ၁၀:၁၆) ဘိသိက်ခံရော အခြားသိုးပါ ယေဟောဝါသက်သေလို့ အခေါ်ခံရတဲ့ အခွင့်ထူးကို ရရှိထားကြပါတယ်။
ကျွန်ုပ်တို့ ဆက်သန့်ရှင်းနေတာက ယေဟောဝါကို ကိုယ်စားပြုဖို့ ကိုယ်တော်ခွင့်ပြုတဲ့အတွက် ကျေးဇူးတင်တယ်ဆိုတာ ဖော်ပြရာရောက်တယ်
၁၃ ကမ္ဘာသစ်မှာ လူအုပ်ကြီးဟာ အံ့ဩစရာကောင်းတဲ့ အခွင့်အရေးတစ်ခု ရရှိပါမယ်။ စာတန့်လောကရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ယေဟောဝါသက်သေဖြစ်ရတာ ဘယ်လိုမျိုးလဲဆိုတာကို သူတို့က ရှင်ပြန်ထမြောက်လာသူတွေကို ပြောပြကြမှာဖြစ်တယ်။ အနာဂတ်မှာ ဒီအခွင့်အရေးရဖို့ ကျွန်ုပ်တို့ ဆက်သန့်ရှင်းနေရမယ်။ ကျွန်ုပ်တို့က ယေဟောဝါရဲ့စံနှုန်းတွေနဲ့အညီ အသက်ရှင်နေထိုင်ဖို့ ကြိုးစားနေပေမဲ့ နေ့တိုင်း အမှားတွေ လုပ်မိကြတယ်။ ဒါကြောင့် နေ့တိုင်း ယေဟောဝါရဲ့ခွင့်လွှတ်မှုကို တောင်းခံဖို့လိုတယ်။ ကျွန်ုပ်တို့ ဆက်သန့်ရှင်းနေတာက ယေဟောဝါကို ကိုယ်စားပြုဖို့ ကိုယ်တော်ခွင့်ပြုတဲ့အတွက် ကျေးဇူးတင်တယ်ဆိုတာ ဖော်ပြရာရောက်တယ်။—၁ ယောဟန် ၁:၈၊ ၉ ကိုဖတ်ပါ။
ဘုရားသခင့်နာမည်ရဲ့အဓိပ္ပာယ်
၁၄။ ယေဟောဝါရဲ့နာမည်က ဘာအဓိပ္ပာယ်ရှိသလဲ။
၁၄ ယေဟောဝါသက်သေဖြစ်ခွင့်ရတာက ဘယ်လောက် ဂုဏ်ယူစရာဖြစ်တယ်ဆိုတာကို ပိုနားလည်ဖို့အတွက် ကိုယ်တော့်နာမည်ရဲ့အဓိပ္ပာယ်ကို သိဖို့လိုတယ်။ ယေဟောဝါရဲ့နာမည်က “ဖြစ်လာစေသည်” လို့ ဘာသာပြန်နိုင်ပြီး လုပ်ဆောင်မှုကိုလည်း ဖော်ပြနိုင်တဲ့ ဟေဗြဲစကားလုံးကနေ ဆင်းသက်လာတာဖြစ်တယ်။ ဒါကြောင့် ဘုရားသခင့်နာမည်က “ကိုယ်တော်ဖြစ်လာစေသည်” ဆိုတဲ့အဓိပ္ပာယ်ရှိတယ်။ ယေဟောဝါရဲ့နာမည်က ကိုယ်တော်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ ကျွန်ုပ်တို့ကို နားလည်စေတယ်။ ကိုယ်တော်က အရာအားလုံးကို ဖန်ဆင်းတဲ့သူဖြစ်တယ်။ ဒါ့အပြင် ယေဟောဝါက တစ်ခုခုလုပ်မယ်လို့ ပြောလိုက်ရင် စာတန်အပါအဝင် ဘယ်သူမှ ကိုယ်တော့်ကို မတားဆီးနိုင်ဘူး။
၁၅။ မောရှေကို ယေဟောဝါ ပြောခဲ့တဲ့စကားကနေ ကိုယ်တော့်နာမည်အကြောင်း ဘာသိနိုင်သလဲ။ (“ယေဟောဝါ—အဓိပ္ပာယ်လေးနက်တဲ့ နာမည်” ဆိုတဲ့လေးထောင့်ကွက်ကိုကြည့်ပါ။)
၁၅ ယေဟောဝါက မောရှေကို မိမိနာမည်ရဲ့အဓိပ္ပာယ်အကြောင်း ရှင်းပြခဲ့တယ်။ ယေဟောဝါက အစ္စရေးလူတွေကို အီဂျစ်ပြည်ကနေ ကယ်လွှတ်ဖို့ မောရှေကိုစေလွှတ်တဲ့အခါ ဒီလိုပြောခဲ့တယ်– ‘“ငါဖြစ်ချင်တာမှန်သမျှ ငါဖြစ်လာမယ်” ဆိုတာ ငါ့နာမည်ပဲ။ “ငါဖြစ်လာမယ်လို့ နာမည်ရှိတဲ့အရှင်က စေလွှတ်လိုက်တယ်” ဆိုပြီး အစ္စရေးတွေကို ပြောရမယ်။’ (ထွ. ၃:၁၄၊ ကဘ) ဒါကြောင့် ယေဟောဝါဟာ မိမိရဲ့ရည်ရွယ်ချက် ပြည့်စုံဖို့ လိုအပ်တဲ့အရာမှန်သမျှ ဖြစ်လာမယ်။ ယေဟောဝါဟာ အစ္စရေးလူတွေအတွက် ကယ်လွှတ်ပေးသူ၊ ကာကွယ်ပေးသူ၊ လမ်းညွှန်ပေးသူ၊ လိုအပ်ရာမှန်သမျှ ပြင်ဆင်ပေးသူ ဖြစ်ခဲ့တယ်။
ကျေးဇူးတင်ကြောင်း ဖော်ပြနိုင်ပုံ
၁၆၊ ၁၇။ (က) ဘုရားသခင့်နာမည်နဲ့အခေါ်ခံရလို့ ကျေးဇူးတင်တယ်ဆိုတာ ဘယ်လို ဖော်ပြနိုင်သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။
၁၆ အခုချိန်မှာလည်း ယေဟောဝါဟာ ပြောင်းလဲမသွားဘူး။ မိမိရဲ့လူတွေကို ဂရုစိုက်ဖို့အတွက် လိုအပ်တာမှန်သမျှကို ကိုယ်တော်ဖြစ်လာစေမယ်ဆိုတာ ကိုယ်တော့်နာမည်က သတိရစေတယ်။ ဥပမာ၊ ကျွန်ုပ်တို့ နေ့စဉ်အသက်ရှင်ဖို့နဲ့ ယုံကြည်ခြင်းခိုင်ခံ့နေဖို့ လိုအပ်တာမှန်သမျှကို ကိုယ်တော် ပေးတယ်။ ယေဟောဝါရဲ့နာမည်က ကိုယ်တော်နဲ့ပတ်သက်ပြီး နောက်ထပ် တစ်ခု သင်ပေးသေးတယ်။ အဲဒါက ဘာလဲ။ ယေဟောဝါဟာ မိမိရဲ့ရည်ရွယ်ချက်ပြည့်စုံဖို့အတွက် မိမိဖန်ဆင်းထားတာတွေကို လိုအပ်သလို အသုံးပြုနိုင်တယ်။ ဥပမာ၊ ကိုယ်တော်ဟာ သူ့အလုပ်ကိုလုပ်ဖို့ သူ့ရဲ့သက်သေတွေကို အသုံးပြုနေတယ်။ အဲဒီအချက်ကိုသိရတာက ကျွန်ုပ်တို့ခံယူထားတဲ့ ကိုယ်တော့်နာမည်နဲ့အညီ အသက်ရှင်နေထိုင်ဖို့ လှုံ့ဆော်ခံရသင့်ပါတယ်။ နော်ဝေနိုင်ငံမှာနေတဲ့ ကိုရာဟာ အနှစ် ၇၀ တိုင်တိုင် ယေဟောဝါရဲ့ ထက်သန်တဲ့သက်သေဖြစ်ခဲ့တယ်။ သူဒီလိုပြောတယ်– “ထာဝရဘုရင်ဖြစ်တဲ့ ယေဟောဝါရဲ့အမှုတော်မှာ ပါဝင်ခွင့်ရတာ၊ ကိုယ်တော့်သန့်ရှင်းတဲ့နာမည်ကို ခံယူထားတဲ့ လူမျိုးအဝင် ဖြစ်ခွင့်ရတာက တကယ်ဂုဏ်ရှိတယ်လို့ ခံစားရတယ်။ ကျမ်းစာအမှန်တရားအကြောင်း ရှင်းပြရတာ၊ လူတွေ အမှန်တရားကို နားလည်ရလို့ ပျော်ရွှင်ပြီး မျက်လုံးတွေ တောက်ပလာတာကို မြင်တွေ့ရတာက အခွင့်ထူးတစ်ခုပဲ။ ဥပမာ၊ ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးပူဇော်သကာက ဘယ်လိုလုပ်ဆောင်ပေးတယ်၊ ဒီရွေးနုတ်ဖိုးကြောင့် ငြိမ်သက်ပြီးဖြောင့်မတ်တဲ့ ကမ္ဘာသစ်မှာ ဘယ်လို ထာဝစဉ်အသက်ရှင်နိုင်တယ်ဆိုတာ တခြားသူတွေကို သင်ပေးရတာက ကျွန်တော့်ကို တကယ်ပျော်ရွှင်စေတယ်။”
ယေဟောဝါဟာ မိမိရဲ့ရည်ရွယ်ချက်ပြည့်စုံဖို့အတွက် မိမိဖန်ဆင်းထားတာတွေကို လိုအပ်သလို အသုံးပြုနိုင်တယ်
၁၇ တချို့ဒေသတွေမှာ ယေဟောဝါအကြောင်း သိချင်သူတွေကိုတွေ့ရဖို့ ပိုခက်လာတယ်။ ဒါပေမဲ့ ကိုရာလိုပဲ ယေဟောဝါရဲ့နာမည်အကြောင်း သိချင်တဲ့သူ အနည်းဆုံးတစ်ယောက်ကို တွေ့တယ်ဆိုရင် ကျွန်ုပ်တို့ ဝမ်းသာကြတယ်။ ကျွန်ုပ်တို့ဟာ ယေဟောဝါရဲ့သက်သေ ဘယ်လိုဖြစ်နိုင်သလဲ၊ တစ်ချိန်တည်းမှာ ယေရှုရဲ့သက်သေ ဘယ်လိုဖြစ်နိုင်သလဲ ဆိုတာကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါလိမ့်မယ်။