ဧသတာ
၁ အိန္ဒိယပြည်ကနေ အီသီယိုးပီးယားပြည်အထိ ခရိုင် ၁၂၇ ခုကို အုပ်ချုပ်တဲ့+ အာရွှေရုမင်း* လက်ထက်မှာ၊ ၂ မင်းကြီးဟာ ရှုရှန်နန်းတော်ထဲက+ ရာဇပလ္လင်ပေါ် နန်းထိုင်ပြီး စိုးစံတယ်။ ၃ နန်းစံသုံးနှစ်မှာ မှူးမတ်တွေ၊ မင်းမှုထမ်းတွေအတွက် စားသောက်ပွဲကြီး လုပ်ပေးတယ်။ ပါးရှားဗိုလ်ချုပ်၊+ မီးဒီးယားဗိုလ်ချုပ်၊+ အရာရှိတွေ၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေ ရှေ့တော်မှာ ခစားနေတယ်။ ၄ မင်းကြီးက ခမ်းနားလှတဲ့နိုင်ငံရဲ့ စည်းစိမ်တွေ၊ ဘုန်းတန်ခိုးနဲ့ အရှိန်အဝါ ကြီးမားပုံတွေကို ရက်ပေါင်း ၁၈၀ ပြသတယ်။ ၅ ရက်စေ့သွားတဲ့အခါ ရှုရှန်နန်းတော်ထဲက ရာထူးကြီးငယ်မရွေး အားလုံးအတွက် ခုနစ်ရက်ကြာ စားသောက်ပွဲကြီးကို နန်းတော်ဥယျာဉ်ထဲမှာ တည်ခင်းပေးတယ်။ ၆ ဥယျာဉ်ထဲမှာ ပိတ်ချောထည်၊ အကောင်းစားချည်ထည်၊ အပြာရောင် အထည်တွေနဲ့ လုပ်ထားတဲ့ ကန့်လန့်ကာတွေကို ငွေကွင်းတပ်ထားတဲ့ စကျင်ကျောက်တိုင်တွေမှာ ခရမ်းရောင်ချည်ကြိုးတွေနဲ့ ချည်ထားတယ်။ သလင်းကျောက်၊* စကျင်ကျောက်၊ ကနုကမာနဲ့ အနက်ရောင် စကျင်ကျောက်တွေ ခင်းထားတဲ့ စင်္ကြံပေါ်မှာ ရွှေငွေအတိပြီးတဲ့ ညောင်စောင်းတွေ ရှိတယ်။
၇ စပျစ်ဝိုင်ကို ရွှေခွက်တွေထဲ ထည့်ပြီး တည်ခင်းတယ်။ ခွက်တစ်လုံးနဲ့တစ်လုံး ဆင်တူတယ်ဆိုတာ မရှိဘူး။ မင်းကြီးပဲ တတ်နိုင်တဲ့ တော်ဝင်စပျစ်ဝိုင်တွေကို အလျှံပယ် တည်ခင်းတယ်။ ၈ လူတိုင်း ဆန္ဒရှိသလောက် သောက်ပါစေဆိုပြီး နန်းတွင်းအရာရှိတွေကို မင်းကြီးမှာထားတဲ့အတွက် စပျစ်ဝိုင်သောက်တဲ့အခါ ဘယ်သူ့ကိုမှ အတင်းအကျပ် မပြုရဆိုတဲ့ စည်းမျဉ်းကို လိုက်နာကြတယ်။
၉ မိဖုရားဝါရှတိလည်း+ အာရွှေရုမင်းရဲ့ နန်းတော်မှာ အမျိုးသမီးတွေအတွက် စားသောက်ပွဲ ကျင်းပတယ်။
၁၀ ခုနစ်ရက်မြောက်နေ့ရောက်တော့ မင်းကြီးက စပျစ်ဝိုင်အရှိန်ကြောင့် ရွှင်မြူးလာတဲ့အခါ မဟုမန်၊ ဗိဇသ၊ ဟာဗောန၊+ ဗိဂသ၊ အဗာဂသ၊ ဇေသာ၊ ကာကတ်လို့ခေါ်တဲ့ အပါးတော်မြဲ နန်းတွင်းအရာရှိ ခုနစ်ယောက်ကို ဆင့်ခေါ်လိုက်တယ်။ ၁၁ အင်မတန်ချောမောတဲ့ မိဖုရားဝါရှတိရဲ့အလှကို လူတွေနဲ့ မှူးမတ်တွေရှေ့ ထုတ်ကြွားချင်လို့ မိဖုရားကို ရာဇခေါင်းဆောင်း ဆင်မြန်းစေပြီး ရှေ့တော်ခေါ်ခဲ့ဖို့ မိန့်မှာတယ်။ ၁၂ ဒါပေမဲ့ မိဖုရားဝါရှတိက နန်းတွင်းအရာရှိတွေကတစ်ဆင့် ရောက်လာတဲ့ ဘုရင့်အမိန့်ကို ထပ်တလဲလဲ ငြင်းဆန်ပြီး မလာဘဲနေတယ်။ အဲဒီအခါ မင်းကြီးက အကြီးအကျယ် စိတ်ဆိုးပြီး ဒေါသပေါက်ကွဲသွားတယ်။
၁၃ ဒါနဲ့ မင်းကြီးက ရှေးထုံးရှေးနည်းတွေကို သိနားလည်တဲ့ ပညာရှိတွေကို ခေါ်လိုက်တယ်။ (မင်းကြီးက အမှုကိစ္စတိုင်းမှာ တရားဥပဒေနဲ့ အမှုအခင်းအကြောင်း နှံ့စပ်သူတွေကို တိုင်ပင်လေ့ရှိတယ်။ ၁၄ ကာရှေန၊ ရှေသာ၊ အာဒမာသ၊ တာရှိ၊ မေရက်၊ မာရှေန၊ မမုကန်လို့ခေါ်တဲ့ ပါးရှားနဲ့မီးဒီးယား မှူးမတ်ခုနစ်ယောက်ဟာ+ ဘုရင်ကို အနီးကပ် အကြံပေးရသူတွေ၊ ရှေ့တော်မှာ ခစားခွင့်ရှိသူတွေ၊ နိုင်ငံမှာ ရာထူးအကြီးဆုံး ပုဂ္ဂိုလ်တွေပဲ။) ၁၅ ပြီးတော့ “နန်းတွင်းအရာရှိတွေကတစ်ဆင့် ငါအာရွှေရုမင်း ထုတ်ပြန်တဲ့အမိန့်ကို မနာခံတဲ့ မိဖုရားဝါရှတိကို ဥပဒေနဲ့အညီ ဘယ်လိုစီရင်ရမလဲ” ဆိုပြီးတိုင်ပင်တယ်။
၁၆ အဲဒီအခါ ဘုရင်နဲ့ မှူးမတ်တွေရှေ့မှာ မမုကန်က “မိဖုရားဝါရှတိ ကျူးလွန်တဲ့အမှားက+ မင်းကြီးကိုပဲ ထိခိုက်တာ မဟုတ်ပါဘူး။ မှူးမတ်တွေကိုရော မင်းကြီးအုပ်ချုပ်တဲ့ ခရိုင်အားလုံးက လူတွေကိုပါ ထိခိုက်ပါတယ်။ ၁၇ ဇနီးသည်တွေက မိဖုရားရဲ့လုပ်ရပ်ကို ကြားသိတဲ့အခါ ခင်ပွန်းဖြစ်သူကို မထီလေးစား လုပ်ကြလိမ့်မယ်။ ‘ရှေ့တော်ကိုလာပါလို့ အာရွှေရုမင်း ဆင့်ခေါ်တာတောင် မိဖုရားဝါရှတိ လာလို့လား’ ဆိုပြီး ပြောကြမှာ။ ၁၈ ဒီနေ့ မိဖုရားရဲ့ လုပ်ရပ်ကိုကြားတဲ့ ပါးရှားနဲ့မီးဒီးယား မှူးမတ်ကတော်တွေကလည်း ခင်ပွန်းဖြစ်သူကို အဲဒီလိုပဲ ပြန်ခံပြောကြမယ်။ အဲဒီအခါ မထီလေးစားလုပ်တာတွေ၊ ဒေါသထွက်ရတာတွေ တိုးများလာပါလိမ့်မယ်။ ၁၉ ဒါကြောင့် မင်းကြီး အလိုရှိမယ်ဆိုရင် မိဖုရားဝါရှတိကို ဘယ်တော့မှ ရှေ့တော်မဝင်စေနဲ့ဆိုတဲ့ အမိန့်ထုတ်ပြန်ပြီး မပယ်ဖျက်နိုင်တဲ့ ပါးရှားနဲ့ မီးဒီးယားဥပဒေထဲမှာ ရေးမှတ်ထားပါ။+ ပြီးရင် သူ့ထက်သာတဲ့ အမျိုးသမီးတစ်ယောက်ကို မိဖုရားတင်မြှောက်ပါ။ ၂၀ မင်းကြီးရဲ့အမိန့်ကို ကျယ်ပြောလှတဲ့ နိုင်ငံတစ်ဝန်းလုံးမှာ ကြေညာလိုက်ရင် ဇနီးသည်အားလုံးက ခင်ပွန်းသည်ကို အယုတ်အမြတ်မရွေး လေးစားကြပါလိမ့်မယ်” ဆိုပြီး လျှောက်တင်တယ်။
၂၁ အဲဒီအကြံပြုချက်ကို မင်းကြီးရော မှူးမတ်တွေပါ နှစ်သက်ကြတယ်။ ဒါနဲ့ မင်းကြီးက မမုကန်ပြောတဲ့အတိုင်း လုပ်ဆောင်တယ်။ ၂၂ ပြီးတော့ အိမ်ထောင်မှာ လင်ယောက်ျားဟာ ဦးစီးဖြစ်ရမယ်၊ သူ့ဘာသာစကားကိုပဲ ပြောရမယ်ဆိုပြီး ရေးထားတဲ့ အမိန့်တော်စာကို ထုတ်ပြန်တယ်။ ခရိုင်တစ်ခုစီရဲ့ စာအရေးအသားနဲ့ သူတို့ပြောတဲ့ ဘာသာစကားအတိုင်း ရေးသားပြီး အာရွှေရုအုပ်ချုပ်တဲ့ ခရိုင်အားလုံးဆီ ပို့လိုက်တယ်။+