ဟေရှာယ
၁၈ အင်းဆက်ပိုးသံ တဝီဝီမြည်တဲ့ပြည်၊
အီသီယိုးပီးယားမြစ်ဝှမ်းဒေသမှာ တည်ရှိတဲ့ပြည်ဟာ အဖြစ်ဆိုး ကြုံရလိမ့်မယ်။+
၂ အဲဒီပြည်က
“ခြေမြန်တော်တို့၊ သွားကြ။
အရပ်ရှည်ပြီး အသားအရေ ညက်ညောတဲ့ လူမျိုး၊
လူတကာကြောက်ရတဲ့ လူမျိုး၊+
သန်မာပြီး အနိုင်ယူတတ်တဲ့လူမျိုး၊
မြစ်ရေထဲ မျောပါတတ်တဲ့ ပြည်မှာနေထိုင်သူ လူမျိုးဆီ သွားကြ” လို့မှာပြီး
သံတမန်တွေကို ပပိုင်းရပ်ကျူလှေတွေနဲ့ လွှတ်လိုက်တယ်။
၃ ပြည်သူပြည်သားအပေါင်းတို့၊ ကမ္ဘာမြေပေါ် နေထိုင်သူအပေါင်းတို့၊
တောင်တန်းတွေပေါ် အလံလွှင့်ထူထားသလို မင်းတို့မြင်ရလိမ့်မယ်။
တံပိုးမှုတ်သံလို အသံမျိုးကို ကြားရလိမ့်မယ်။
၄ ငါ့ကို ယေဟောဝါ ပြောတယ်–
“ငါတည်ထားတဲ့ နေရာကို* စိတ်အေးလက်အေးနဲ့ ကြည့်နေမယ်။
ဖြာဆင်းလာတဲ့ နေရောင်ခြည်လိုမျိုး၊
ပူပြင်းလှတဲ့ ရိတ်သိမ်းချိန်မှာ ကျလာတဲ့ နှင်းထုလိုမျိုးပေါ့။
၅ အပွင့်တွေကြွေပြီး စပျစ်သီးတွေ မှည့်ဝင်းလာပေမဲ့
ဆွတ်ခူးချိန် မရောက်ခင်မှာပဲ
အညွန့်တွေကို တံစဉ်နဲ့ ဖြတ်ပစ်မယ်။
အနွယ်တွေကိုလည်း ခုတ်ချိုင် ပယ်ရှင်းမယ်။
၆ သူတို့ကို တောင်တန်းပေါ်က လင်းတတွေအတွက်၊
သားရဲတွေအတွက် ပစ်ထားကြလိမ့်မယ်။
နွေရာသီမှာ လင်းတတွေ စားပစ်လိမ့်မယ်။
ရိတ်သိမ်းချိန်မှာ သားရဲတွေ စားပစ်လိမ့်မယ်။
၇ အရပ်ရှည်ပြီး အသားအရေ ညက်ညောတဲ့ လူမျိုး၊
လူတကာကြောက်ရတဲ့ လူမျိုး၊
သန်မာပြီး အနိုင်ယူတတ်တဲ့လူမျိုး၊
မြစ်ရေထဲ မျောပါတတ်တဲ့ပြည်မှာ နေထိုင်တဲ့ လူမျိုးက
အဲဒီအချိန်မှာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဆီ၊
ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့နာမည်နဲ့ မှည့်ခေါ်ထားတဲ့ ဇိအုန်တောင်ဆီ လက်ဆောင်ပဏ္ဏာ ယူလာလိမ့်မယ်။”+