မဿဲ
၂၈ ဥပုသ်နေ့အကုန် သီတင်းပတ်ရဲ့ ပထမနေ့ မိုးလင်းခါစမှာ မာရိနဲ့ မာဂဒလမာရိက သင်္ချိုင်းဂူကို သွားကြည့်တယ်။+
၂ အဲဒီအချိန်မှာ အကြီးအကျယ် ငလျင်လှုပ်တယ်။ ယေဟောဝါရဲ့* ကောင်းကင်တမန်က ကောင်းကင်ကနေ ဆင်းလာတယ်။ ဂူဝမှာ ပိတ်နေတဲ့ ကျောက်တုံးကြီးကို လှိမ့်ဖယ်ပြီး အဲဒီကျောက်တုံးပေါ်မှာ ထိုင်နေတယ်။+ ၃ သူ့ပုံစံက လျှပ်စီးလက်သလို တောက်ပနေတယ်။ အဝတ်ဟာ နှင်းလို ဖြူဖွေးနေတယ်။+ ၄ အစောင့်စစ်သည်တွေ ကြောက်ဒူးတုန်ပြီး ကြက်သေသေနေကြတယ်။
၅ ကောင်းကင်တမန်က အမျိုးသမီးတွေကို “မကြောက်ပါနဲ့။ သစ်တိုင်ပေါ်မှာ ကွပ်မျက်ခံရတဲ့ ယေရှုကို ခင်ဗျားတို့ ရှာနေမှန်း ကျွန်တော်သိတယ်။+ ၆ သူ ဒီနေရာမှာ မရှိဘူး။ သူပြောခဲ့တဲ့အတိုင်းပဲ အသက်ပြန်ရှင်လာပြီ။+ အလောင်းထားတဲ့နေရာကို လာကြည့်ပါ။ ၇ ‘သူ သေရာကနေ အသက်ပြန်ရှင်လာပြီ။ ဂါလိလဲနယ်ကို အရင်သွားနှင့်ပြီ။+ အဲဒီမှာ သူ့ကို တွေ့ရလိမ့်မယ်’ ဆိုပြီး တပည့်တွေကို အမြန်သွားပြောလိုက်။ ဒီအကြောင်းပြောဖို့ ကျွန်တော်လာခဲ့တာ” လို့ပြောတယ်။+
၈ အမျိုးသမီးတွေက သင်္ချိုင်းဂူကနေ အမြန်ထွက်သွားတယ်။ သူတို့ကြောက်နေပေမဲ့ တပည့်တွေကို ပြောပြဖို့ ဝမ်းသာအားရ ပြေးသွားတယ်။+ ၉ သူတို့ကို တွေ့တဲ့အခါ ယေရှုက “မင်္ဂလာပါ” လို့နှုတ်ဆက်တယ်။ သူတို့လည်း ယေရှုအနားကိုသွား၊ ခြေထောက်ကိုဖက်ပြီး ဦးညွှတ်ကြတယ်။ ၁၀ ယေရှုက “မကြောက်ပါနဲ့။ ဂါလိလဲနယ်ကိုသွားဖို့ ကျွန်တော့်ညီအစ်ကိုတွေကို ပြောလိုက်ပါ။ အဲဒီမှာ ကျွန်တော့်ကို တွေ့ရလိမ့်မယ်” လို့ပြောတယ်။
၁၁ အဲဒီအမျိုးသမီးတွေ သွားနေတုန်း အစောင့်စစ်သည်တချို့က+ မြို့ထဲဝင်ပြီး ပုရောဟိတ်ကြီးတွေကို ဖြစ်ကြောင်းကုန်စင်ပြောပြတယ်။ ၁၂ ပုရောဟိတ်ကြီးတွေက အကြီးအကဲတွေနဲ့ တိုင်ပင်တယ်။ အဲဒီနောက် စစ်သည်တွေကို ငွေတွေပုံပေးပြီး၊ ၁၃ “‘ညမှာ ကျွန်တော်တို့ အိပ်ပျော်နေတုန်း သူ့တပည့်တွေ အလောင်းကိုလာခိုးသွားတယ်’+ လို့ပြောကြ။ ၁၄ ဒီသတင်း ဘုရင်ခံနားထဲ ပေါက်ကြားသွားရင် မင်းတို့ အမှုမပတ်အောင် ကျုပ်တို့ ကြည့်ပြောပေးမယ်” လို့မှာတယ်။ ၁၅ စစ်သည်တွေလည်း ငွေကိုယူပြီး မှာထားတဲ့အတိုင်း ပြောကြတယ်။ ဂျူးတွေအလယ်မှာ အဲဒီသတင်းပျံ့သွားတာ ဒီနေ့အထိပဲ။
၁၆ တပည့် ၁၁ ယောက်ကတော့ ယေရှု ချိန်းထားတဲ့အတိုင်း ဂါလိလဲနယ်မှာရှိတဲ့+ တောင်ပေါ်ကို သွားကြတယ်။+ ၁၇ ယေရှုကိုတွေ့တဲ့အခါ တပည့်တွေ ဦးညွှတ်ကြတယ်။ တချို့ကတော့ သံသယဝင်နေတယ်။ ၁၈ ယေရှုက တပည့်တွေအနား သွားပြီး “ကောင်းကင်မှာရော မြေကြီးမှာပါ အခွင့်အာဏာရှိသမျှကို ကျွန်တော့်ကို ပေးထားပြီ။+ ၁၉ ဒါကြောင့် လူမျိုးတကာဆီ+ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ အဖဘုရားရဲ့နာမည်၊ သားတော်ရဲ့နာမည်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့နာမည်နဲ့ နှစ်ခြင်းပေးကြပါ။+ ၂၀ ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ။+ လောကစနစ်နိဂုံးပိုင်း*+ အထိ ခင်ဗျားတို့နဲ့အတူ ကျွန်တော် အမြဲရှိနေမယ်” လို့ပြောတယ်။