-
မာကု ၅:၂၅-၃၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၅ ဆယ့်နှစ်နှစ်လုံး သွေးသွန်နာစွဲနေတဲ့+ အမျိုးသမီးတစ်ယောက်ရှိတယ်။+ ၂၆ သမားတော်လည်း စုံ၊ ရှိသမျှလည်း ကုန်သွားပေမဲ့ သူခံစားနေရတဲ့ ဝေဒနာ မသက်သာတဲ့အပြင် ပိုလို့တောင် ဆိုးလာတယ်။ ၂၇ သူက ယေရှုရဲ့သတင်းကို ကြားတဲ့အခါ လူအုပ်ထဲ တိုးဝင်၊ ယေရှုနောက်ကနေ ကပ်လိုက်လာပြီး ဝတ်လုံကို တို့တယ်။+ ၂၈ “သူ့ဝတ်လုံကို တို့လိုက်ရုံနဲ့ ငါ့ရောဂါ သက်သာသွားမှာပဲ” လို့ စိတ်ထဲမှာ သူတွေးနေခဲ့တာ။+ ၂၉ အဲဒီအခါ ချက်ချင်းဆိုသလို သွေးဆင်းတာ ရပ်သွားပြီး ရောဂါ သက်သာသွားတာကို သူခံစားလိုက်ရတယ်။
၃၀ ယေရှုက သူ့ကိုယ်ကနေ တန်ခိုးထွက်သွားတာကို+ သိသိချင်း ပတ်လည်က လူအုပ်ကို ကြည့်လိုက်ပြီး “ကျွန်တော့်ဝတ်လုံကို ဘယ်သူ တို့တာလဲ” လို့မေးတယ်။+ ၃၁ တပည့်တွေက “လူတွေ ကြိတ်ကြိတ်တိုးနေတာကို မြင်လျက်နဲ့ ‘ဘယ်သူ တို့တာလဲ’ ဆိုပြီး မေးနေတာလား” လို့ပြောကြတယ်။ ၃၂ ဒါပေမဲ့ ယေရှုက ဘယ်သူ တို့မှန်းသိနိုင်ဖို့ ပတ်လည်ကို ကြည့်လိုက်တယ်။ ၃၃ ရောဂါပျောက်သွားမှန်း သိလိုက်တဲ့ အဲဒီအမျိုးသမီးက ကြောက်လို့ တဆတ်ဆတ်တုန်နေတယ်၊ ယေရှုရှေ့မှာ ဒူးထောက်ပြီး အကြောင်းစုံကို အမှန်အတိုင်း ဝန်ခံတယ်။ ၃၄ ယေရှုက “သမီး၊ သမီးရဲ့ယုံကြည်ခြင်းက ပြန်ကျန်းမာစေပြီ။ စိတ်အေးလက်အေးသာ ပြန်ပါတော့။+ ရောဂါနှိပ်စက်တဲ့ဒဏ် ကင်းဝေးပါစေ”+ လို့ပြောလိုက်တယ်။
-
-
မာကု ၆:၅၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅၆ မြို့တွေ၊ ကျေးရွာတွေကို ယေရှုရောက်လာပြီဆိုရင် လူနာတွေကို စျေးအထိ ခေါ်လာကြတယ်။ ယေရှုရဲ့ ဝတ်လုံအမြိတ်ကို တို့ထိခွင့်ပေးဖို့+ အသနားခံကြတယ်။ တို့ထိသူတိုင်းလည်း ကျန်းမာလာတယ်။
-
-
လုကာ ၈:၄၃-၄၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၃ ဆယ့်နှစ်နှစ်လုံး သွေးသွန်နာစွဲနေတဲ့ အမျိုးသမီးတစ်ယောက်လည်း+ လိုက်ပါလာတယ်။ သူ့ရောဂါကို ဘယ်သူမှ မကုပေးနိုင်ဘူး။+ ၄၄ သူက နောက်ကနေ ကပ်လိုက်လာပြီး ယေရှုရဲ့ ဝတ်လုံအမြိတ်ကို+ တို့လိုက်တဲ့အခါ သွေးဆင်းနေတာ ချက်ချင်း ရပ်သွားတယ်။ ၄၅ ယေရှုက “ကျွန်တော့်ကို ဘယ်သူ တို့သလဲ” လို့မေးတော့ မတို့ပါဘူးလို့ ဖြေကြတယ်။ ပေတရုက “ဆရာရယ်၊ လူတွေ ဒီလောက် ကြိတ်ကြိတ်တိုးနေတာ” လို့ပြောတော့၊+ ၄၆ ယေရှုက “တစ်ယောက်ယောက်ကတော့ တို့ပါတယ်။ ကျွန်တော့်ဆီက တန်ခိုးထွက်သွားတာ+ သိလိုက်တယ်” လို့ဖြေတယ်။ ၄၇ အဲဒီအမျိုးသမီးက ပုန်းနေလို့မရမှန်း သိလိုက်တဲ့အခါ တဆတ်ဆတ်တုန်ပြီး ယေရှုရှေ့မှာ လာဒူးထောက်တယ်။ ပြီးတော့ သူဘာလို့ တို့ရတဲ့အကြောင်း၊ တို့လိုက်တာနဲ့ ရောဂါ ပျောက်သွားတဲ့အကြောင်း လူအားလုံးရှေ့မှာ ဖွင့်ပြောတယ်။ ၄၈ ယေရှုက “သမီး၊ သမီးရဲ့ယုံကြည်ခြင်းက ပြန်ကျန်းမာစေပြီ။ စိတ်အေးလက်အေးသာ ပြန်ပါတော့”+ လို့ ပြောလိုက်တယ်။
-