-
မာကု ၃:၂၂-၂၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ ဂျေရုဆလင်မြို့ကနေ ဆင်းလာတဲ့ ကျမ်းတတ်တွေကလည်း “သူ့ကို ဗေလဇေဗုလ* ဝင်ပူးနေတာ။ နတ်ဆိုးမင်းရဲ့ အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်နေတာ” လို့ပြောကြတယ်။+ ၂၃ ဒါကြောင့် ယေရှုက သူတို့ကို ခေါ်ပြီး ပုံဥပမာတွေနဲ့ ပြောတယ်– “စာတန်က ဘယ်လိုလုပ်ပြီး စာတန်ကို နှင်ထုတ်နိုင်မလဲ။ ၂၄ နိုင်ငံတစ်ခုမှာ လူတွေ စိတ်ဝမ်းကွဲနေရင် အဲဒီနိုင်ငံ တည်မြဲနိုင်မှာ မဟုတ်ဘူး။+ ၂၅ မိသားစုတစ်ခုဟာ စိတ်ဝမ်းကွဲနေရင် အဲဒီမိသားစု တည်မြဲနိုင်မှာ မဟုတ်ဘူး။ ၂၆ အဲဒီလိုပဲ၊ စာတန်က စာတန်ကို ဆန့်ကျင်ပြီး စိတ်ဝမ်းကွဲနေရင် တည်မြဲနိုင်မှာ မဟုတ်ဘူး။ သူဇာတ်သိမ်းသွားမှာပဲ။ ၂၇ ခွန်အားကြီးသူကို အရင်မချည်နှောင်ဘဲ သူ့အိမ်ထဲဝင်ပြီး ပစ္စည်းဥစ္စာတွေ ခိုးလို့မရနိုင်ဘူး။ သူ့ကိုချည်နှောင်ပြီးမှပဲ အိမ်ထဲ ဝင်လုလို့ရမှာပေါ့။
-
-
လုကာ ၁၁:၁၅-၂၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ ဒါပေမဲ့ တချို့က “ဒီလူဟာ နတ်ဆိုးမင်း ဗေလဇေဗုလ* အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်နေတာ”+ လို့ပြောကြတယ်။ ၁၆ တချို့ကျတော့ ယေရှုကို အကဲစမ်းတဲ့အနေနဲ့ ဘုရားဆီက အံ့ဖွယ်အမှုတစ်ခုလောက် ပြပါလို့ တောင်းဆိုကြတယ်။+ ၁၇ သူတို့ ဘာတွေးနေမှန်းသိလို့+ ယေရှုက “နိုင်ငံတစ်ခုမှာ ပြည်သူတွေ စိတ်ဝမ်းကွဲနေရင် အဲဒီနိုင်ငံ ပျက်စီးမှာပဲ။ မိသားစုတစ်စုမှာ အိမ်သားတွေ စိတ်ဝမ်းကွဲနေရင် အဲဒီမိသားစု ပြိုကွဲမှာပဲ။ ၁၈ အဲဒီလိုပဲ စာတန်ရဲ့နိုင်ငံလည်း စိတ်ဝမ်းကွဲနေရင် ဘယ်လိုလုပ် တည်မြဲမှာလဲ။ ကျွန်တော်က ဗေလဇေဗုလ အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်တယ်လို့ ခင်ဗျားတို့ပြောတယ်။ ၁၉ ဗေလဇေဗုလ အကူအညီနဲ့ နတ်ဆိုးတွေကို ကျွန်တော် နှင်ထုတ်တယ်ဆိုရင် ခင်ဗျားတို့ရဲ့ တပည့်တွေကရော ဘယ်သူ့အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်တာလဲ။ ဒီတော့ ခင်ဗျားတို့မှားနေမှန်း ခင်ဗျားတို့ရဲ့တပည့်တွေ ထောက်ပြနေတာပဲ။ ၂၀ ဘုရားသခင်ရဲ့တန်ခိုးနဲ့*+နတ်ဆိုးတွေကို ကျွန်တော်နှင်ထုတ်တာဆိုရင်တော့ ခင်ဗျားတို့ ဘုရားသခင့် နိုင်ငံတော်နဲ့ လွဲသွားပြီ။+ ၂၁ ခွန်အားကြီးသူက လက်နက်အပြည့်အစုံနဲ့ သူ့အိမ်ကိုစောင့်နေရင် သူ့ပစ္စည်းတွေ လုံလုံခြုံခြုံရှိတယ်။ ၂၂ ဒါပေမဲ့ သူ့ထက်ခွန်အားကြီးသူက သူ့ကို တိုက်ခိုက်အနိုင်ယူပြီး သူအားကိုးတဲ့ လက်နက်တွေကို သိမ်းယူတတ်တယ်။ ရသမျှပစ္စည်းတွေကို ခွဲဝေယူတတ်တယ်။ ၂၃ ကျွန်တော့်ဘက်မှာ မရပ်တည်သူဟာ ကျွန်တော့်ရန်သူပဲ။ ကျွန်တော်နဲ့အတူ မစုသိမ်းသူဟာလည်း ကွဲလွင့်စေသူပဲ။+
-