ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • nwt ယောဘ ၁:၁-၄၂:၁၇
  • ယောဘ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယောဘ
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ယောဘ

ယောဘ

၁ ဥဇပြည်မှာ ယောဘ*+ လို့ခေါ်တဲ့ လူတစ်ယောက်ရှိတယ်။ သူဟာ ရိုးဖြောင့်သူ၊ သမာဓိရှိသူ၊+ ဘုရားသခင်ကို ကြောက်ရွံ့သူ၊ မကောင်းမှုကို ရှောင်တဲ့သူ ဖြစ်တယ်။+ ၂ သူ့မှာ သားခုနစ်ယောက်၊ သမီးသုံးယောက် ရှိတယ်။ ၃ သိုး ၇,၀၀၀၊ ကုလားအုတ် ၃,၀၀၀၊ နွား ၁,၀၀၀၊ မြည်း ၅၀၀ နဲ့ အစေခံအမြောက်အမြား ရှိတယ်။ အရှေ့ပြည်သားတွေထဲမှာ အချမ်းသာဆုံးပဲ။

၄ သူ့သားတွေက နေ့တစ်နေ့သတ်မှတ်ပြီး ကိုယ့်အိမ်မှာ စားသောက်ပွဲကို အလှည့်ကျ လုပ်လေ့ရှိတယ်။ နှမသုံးယောက်ကိုလည်း အတူစားသောက်ဖို့  ဖိတ်ခေါ်တတ်တယ်။ ၅ စားသောက်ပွဲတွေ  လုပ်ပြီးသွားတဲ့အခါ ယောဘက ကိုယ်ကို သန့်စင်စေကြပါဆိုပြီး သူတို့ကို မှာလေ့ရှိတယ်။ “ငါ့သားသမီးတွေ အပြစ်လုပ်ပြီး စိတ်ထဲကနေ ဘုရားသခင်ကို ကျိန်ဆဲမိမှာပဲ” လို့တွေးမိတယ်။ ဒါကြောင့် မနက်စောစောထပြီး သူတို့အားလုံးအတွက် မီးရှို့ရာပူဇော်သက္ကာတွေ ဆက်သတယ်။+ အဲဒီလို သူအမြဲလုပ်လေ့ရှိတယ်။+

၆ ဘုရားသခင်ရဲ့သားတွေ*+ ယေဟောဝါရှေ့  အခစားဝင်ရတဲ့နေ့+ ရောက်လာတော့ စာတန်လည်း+ သူတို့နဲ့အတူ ဝင်လာတယ်။+

၇ ယေဟောဝါက  “ဘယ်ကလာတာလဲ”  လို့မေးတဲ့အခါ  စာတန်က “ကမ္ဘာအနှံ့ လှည့်လည်ပြီး လာခဲ့တာ”+ လို့ ယေဟောဝါကို ဖြေတယ်။ ၈ ဒါနဲ့ ယေဟောဝါက “ငါ့ကျွန် ယောဘကို သတိထားမိသလား။ ကမ္ဘာပေါ်မှာ သူ့လိုလူ တစ်ယောက်မှ မရှိဘူး။ ရိုးဖြောင့်သူ၊ သမာဓိရှိသူ၊+ ဘုရားသခင်ကို ကြောက်ရွံ့သူ၊ မကောင်းမှုကို ရှောင်တဲ့သူပဲ” လို့ပြောတယ်။ ၉ အဲဒီအခါ စာတန်က ယေဟောဝါကို “ယောဘက ဘာအကျိုးမှမရဘဲ ဘုရားသခင်ကို ကြောက်ပါ့မလား။+ ၁၀ ခင်ဗျားက သူ့ကိုရော သူ့အိမ်နဲ့ ပိုင်ဆိုင်သမျှကိုပါ ကာကွယ်ပေးထားတာကိုး။+ သူလုပ်သမျှကို ကောင်းချီးပေးပြီး+ ခြံမွေးတိရစ္ဆာန်တွေကိုလည်း ပွားများစေတာကိုး။ ၁၁ ဒါပေမဲ့၊ အခု လက်ကိုဆန့်ပြီး သူပိုင်ဆိုင်သမျှကို ဖျက်ဆီးကြည့်ပါလား၊ ခင်ဗျားကို ရှေ့မှာတင် ကျိန်းသေကျိန်ဆဲလိမ့်မယ်”   လို့ပြန်ပြောတယ်။ ၁၂ ဒါနဲ့ ယေဟောဝါက “ကောင်းပြီ။ သူပိုင်ဆိုင်သမျှ မင်းလက်ထဲမှာရှိတယ်။ လူကိုတော့ မထိနဲ့” လို့ပြောတယ်။ စာတန်လည်း ယေဟောဝါရှေ့ကနေ ထွက်သွားတယ်။+

၁၃ တစ်နေ့ ယောဘရဲ့သားသမီးတွေက အစ်ကိုကြီးအိမ်မှာ အစာစားပြီး စပျစ်ဝိုင် သောက်နေကြတယ်။+ ၁၄ အဲဒီအချိန်မှာ ယောဘဆီ လူတစ်ယောက် ရောက်လာပြီး “လယ်ထွန်နေတဲ့ နွားတွေ၊ အနားမှာ ကျက်စားနေတဲ့ မြည်းတွေကို၊ ၁၅ သေဘလူတွေ တိုက်ခိုက်လုယူသွားတယ်။ ကျွန်တွေကိုလည်း သတ်ပစ်တယ်။ ကျွန်တော် တစ်ယောက်တည်း လွတ်လာလို့ သခင့်ကို လာသတင်းပို့တာပါ” လို့ပြောတယ်။

၁၆ အဲဒီလိုပြောနေတုန်း နောက်တစ်ယောက် ရောက်လာပြီး “ကောင်းကင်ကနေ ကျလာတဲ့ ဘုရားသခင်ရဲ့မီး* ထိမှန်ပြီး သိုးတွေနဲ့ ကျွန်တွေကို လောင်ကျွမ်းသွားတယ်။  ကျွန်တော်တစ်ယောက်တည်း လွတ်လာလို့ သခင့်ကို လာသတင်းပို့တာပါ” လို့ပြောတယ်။

၁၇ အဲဒီလိုပြောနေတုန်း နောက်တစ်ယောက် ရောက်လာပြီး “ခါလဒဲလူတွေက+ အဖွဲ့သုံးဖွဲ့ ခွဲပြီး ကုလားအုတ်တွေကို တိုက်ခိုက်လုယူသွားတယ်။ ကျွန်တွေကိုလည်း သတ်ပစ်တယ်။ ကျွန်တော်တစ်ယောက်တည်း လွတ်လာလို့ သခင့်ကို လာသတင်းပို့တာပါ” လို့ပြောတယ်။

၁၈ အဲဒီလိုပြောနေတုန်း နောက်တစ်ယောက် ရောက်လာပြီး “သခင့်သားသမီးတွေက အစ်ကိုကြီးအိမ်မှာ အစာစားပြီး စပျစ်ဝိုင် သောက်နေချိန်မှာ၊ ၁၉ တောကန္တာရကနေ ရုတ်တရက် တိုက်ခတ်လာတဲ့ လေပြင်းကြီးက အိမ်ရဲ့ လေးဖက်လေးတန်ကို တိုက်တဲ့အတွက် သူတို့အပေါ် အိမ်ပြိုကျပြီး သေကုန်ပြီ။ ကျွန်တော်တစ်ယောက်တည်း လွတ်လာလို့ သခင့်ကို လာသတင်းပို့တာပါ” လို့ပြောတယ်။

၂၀ ဒါနဲ့ ယောဘက ထပြီး အဝတ်ကို ဆွဲဆုတ်တယ်။ ဆံပင်ကိုလည်း ရိတ်တယ်။ ပြီးတော့ မြေပေါ်မှာ ပျပ်ဝပ်ပြီး၊

၂၁ “ငါဟာ အမေ့ဗိုက်ထဲကနေ ဘာမှမပါဘဲ ထွက်လာတယ်။

ဘာမှမပါဘဲ ပြန် သွားတော့မယ်။+

ယေဟောဝါ ပေးသနားတယ်။+ ယေဟောဝါပဲ ပြန် ရုပ်သိမ်းတယ်။

ယေဟောဝါရဲ့နာမည်ကို အမြဲချီးမွမ်းကြပါစေ” လို့ပြောတယ်။

၂၂ ဒါတွေအားလုံး ကြုံရပေမဲ့ ယောဘက အပြစ်မလုပ်ဘူး။ ဘုရားသခင် မှားတယ်လို့လည်း မစွပ်စွဲဘူး။

၂ အဲဒီနောက် ဘုရားသခင်ရဲ့သားတွေ*+ ယေဟောဝါရှေ့ အခစားဝင်ရတဲ့နေ့ ရောက်လာတယ်။+ စာတန်လည်း သူတို့နဲ့အတူ ယေဟောဝါရှေ့ကို ဝင်လာတယ်။+

၂ ယေဟောဝါက  “ဘယ်ကလာတာလဲ” လို့ မေးတဲ့အခါ စာတန်က “ကမ္ဘာအနှံ့ လှည့်လည်ပြီး လာခဲ့တာ”+ လို့ ယေဟောဝါကို ဖြေတယ်။ ၃ ဒါနဲ့ ယေဟောဝါက “ငါ့ကျွန်ယောဘကို သတိထားမိသလား။ ကမ္ဘာပေါ်မှာ သူ့လို လူတစ်ယောက်မှ မရှိဘူး။ ရိုးဖြောင့်သူ၊ သမာဓိရှိသူ၊+ ဘုရားသခင်ကို ကြောက်ရွံ့သူ၊ မကောင်းမှုကို ရှောင်တဲ့သူ ဖြစ်တယ်။ သူ့ကို အကြောင်းမရှိဘဲ ဒုက္ခပေးဖို့ မင်းတိုက်တွန်းပေမဲ့+ သူကတော့ သမာဓိခိုင်မြဲနေတုန်းပဲ”+ လို့ပြောတယ်။ ၄ ဒါပေမဲ့ စာတန်က ယေဟောဝါကို  “အသက်အတွက် အသက်ဆိုသလိုပေါ့။*  လူတွေဟာ အသက်ဆက်ရှင်ဖို့ ကိုယ်ပိုင်ဆိုင်သမျှကို ပေးမှာပဲ။ ၅ အခု လက်ကိုဆန့်ပြီး သူ့အရိုးနဲ့အသားကို ထိခိုက်ကြည့်ပါလား။ ခင်ဗျားကို ရှေ့မှာတင် ကျိန်းသေ ကျိန်ဆဲလိမ့်မယ်”+ လို့ပြောတယ်။

၆ အဲဒီအခါ   ယေဟောဝါက “ကောင်းပြီ။ သူဟာ မင်းလက်ထဲမှာ ရှိတယ်။ သူ့အသက်ကိုတော့ မထိနဲ့” လို့ပြောတယ်။ ၇ စာတန်လည်း ယေဟောဝါရှေ့ကနေ  ထွက်သွားပြီး ယောဘကို ဆိုးဝါးတဲ့ အနာစိမ်းတွေ+ ခြေဆုံး ခေါင်းဆုံး   ပေါက်စေတယ်။ ၈ ယောဘခမျာ ကုတ်ခြစ်ဖို့ အိုးခြမ်းပဲ့ကို ယူပြီး ပြာထဲမှာ ထိုင်နေရတယ်။+

၉ နောက်တော့ သူ့ဇနီးက “ရှင်သမာဓိ ခိုင်မြဲနေတုန်းပဲလား။ ဘုရားသခင်ကို  ကျိန်ဆဲပြီး  သေလိုက်ပါတော့” လို့ပြောတယ်။ ၁၀ ယောဘက “အသိတရား မရှိတဲ့ မိန်းမလို မင်းပြောနေပါလား။ ဘုရားသခင်ဆီကနေ ကောင်းတာကိုပဲ ငါတို့လက်ခံပြီး မကောင်းတာကိုတော့ လက်မခံဘဲနေရမှာလား”+ လို့ ပြန်ပြောတယ်။ ဒါတွေအားလုံးကြုံရပေမဲ့ ယောဘက နှုတ်နဲ့တောင် မပြစ်မှားဘူး။+

၁၁ ယောဘရဲ့  မိတ်ဆွေသုံးယောက်ဖြစ်တဲ့  တေမန်အမျိုးသား ဧလိဖတ်၊+ ရှုအာအမျိုးသား+ ဗိလဒဒ်၊+ နေမတ်အမျိုးသား ဇောဖာတို့က+ ယောဘကြုံရတဲ့ အဖြစ်ဆိုးတွေကို ကြားတဲ့အခါ နေရပ်အသီးသီးကနေ ထွက်လာတယ်။ သူတို့အတူဆုံပြီး ယောဘကို စာနာတဲ့စကား၊ နှစ်သိမ့်စကားတွေပြောဖို့ ရောက်လာကြတယ်။ ၁၂ ယောဘကို အဝေးကနေ လှမ်းမြင်ပေမဲ့ သူတို့ မမှတ်မိဘူး။ ယောဘမှန်းလည်းသိရော အကြီးအကျယ် ငိုကြတယ်။ အဝတ်ကို ဆွဲဆုတ်ပြီး မြေမှုန့်တွေကို  ခေါင်းပေါ်  ပစ်တင်ကြတယ်။+ ၁၃ ယောဘနဲ့အတူ ခုနစ်ရက်ပတ်လုံး မြေပေါ်မှာ ထိုင်ကြတယ်။ ယောဘ အကြီးအကျယ် ဝေဒနာခံစားနေတာကို မြင်ရတဲ့အတွက်  စကားတစ်ခွန်းမှ မပြောကြဘူး။+

၃ အဲဒီနောက် ယောဘက နှုတ်ဆိတ်မနေနိုင်တော့ဘဲသူမွေးတဲ့နေ့ကို ကျိန်ဆဲပြီး၊+ ၂ ဒီလိုပြောတယ်–

 ၃ “ငါမွေးတဲ့နေ့ ပျက်စီးပါစေ။+

‘သားယောက်ျားလေး ကိုယ်ဝန်ရှိနေပြီ’ လို့ပြောတဲ့ညလည်း ပျက်စီးပါစေ။

 ၄ အဲဒီနေ့ မှောင်မိုက်ပါစေ။

ဘုရားသခင် ဂရုမစိုက်ပါစေနဲ့။

အလင်း မထွန်းလင်းပါစေနဲ့။

 ၅ အဲဒီနေ့ကို အမှောင်ထုကြီး လွှမ်းမိုးပါစေ။

မိုးတိမ်တိုက်ကြီး ဖုံးလွှမ်းပါစေ။

မှောင်မိုက် ခြောက်လှန့်ပါစေ။

 ၆ အဲဒီညကို အမှောင်ထု သိမ်းယူသွားပါစေ။+

နှစ်တစ်နှစ်ရဲ့ နေ့ရက်တွေနဲ့အတူ ဝမ်းမြောက်ခွင့် မရပါစေနဲ့၊

လတွေကို ရေတွက်တဲ့အခါ မပါပါစေနဲ့။

 ၇ အဲဒီည အသက်မဲ့ပါစေ။

ပျော်ရွှင်မြူးထူးသံ ကင်းမဲ့ပါစေ။

 ၈ နေ့ရက်ကို ကျိန်ဆဲတတ်သူတွေ၊ လဝိသန်ကို*+ နှိုးနိုင်သူတွေ

အဲဒီညကို ကျိန်ဆဲပါစေ။

 ၉ အဲဒီညရဲ့ မိုးသောက်ကြယ်တွေ မှောင်မိုက်ပါစေ။

အလင်းကို စောင့်မျှော်ပေမဲ့ အချည်းနှီးဖြစ်ပါစေ။

အရုဏ်ဦး အလင်းတန်းတွေကို မမြင်ရပါစေနဲ့။

၁၀ အဲဒီညက ငါ့အမေရဲ့ဝမ်းကို မပိတ်ထားခဲ့ဘူး။+

ဒုက္ခတွေကို ငါမမြင်အောင် မဝှက်ထားပေးဘူး။

၁၁ ငါက မွေးဖွားချိန်မှာ ဘာလို့ မသေသွားတာလဲ။

အမေ့ဝမ်းထဲက ထွက်လာချိန်မှာ ဘာလို့ မသေသွားတာလဲ။+

၁၂ ငါ့ကို ဘာလို့ ပေါင်ပေါ် သိပ်ရတာလဲ။

ဘာလို့ နို့တိုက်ရတာလဲ။

၁၃ အဲဒီလိုသာ မလုပ်ခဲ့ရင် အခုဆို ငါ အေးအေးဆေးဆေး လဲလျောင်းနေလောက်ပြီ။+

အိပ်စက်အနားယူနေလောက်ပြီ။+

၁၄ အခုပျက်စီးနေတဲ့ နေရာတွေကို* တည်ဆောက်ခဲ့သူတွေ၊

ကမ္ဘာပေါ်က ဘုရင်တွေ၊ မှူးမတ်တွေနဲ့အတူ၊

၁၅ ရွှေတွေပိုင်ဆိုင်ပြီး ကိုယ့်အိမ်ကို ငွေတွေနဲ့ဖြည့်ထားတဲ့

မင်းညီမင်းသားတွေနဲ့အတူ အိပ်စက် အနားယူနေလောက်ပြီ။

၁၆ ငါဟာ ပျက်ကျသွားတဲ့ သန္ဓေသားလို၊

အလင်းကို မမြင်လိုက်ရတဲ့ ကလေးတွေလို ဘာလို့ မဖြစ်ခဲ့တာလဲ။

၁၇ သင်္ချိုင်းမှာဆို လူဆိုးတွေတောင် သောကငြိမ်းအေးရတယ်။

မောပန်းသူတွေ အနားယူရတယ်။+

၁၈ အကျဉ်းသားတွေလည်း စိတ်အေးလက်အေး နေရတယ်။

ခိုင်းစေသူတွေရဲ့ အသံကို မကြားရဘူး။

၁၉ အဲဒီမှာ အယုတ်အမြတ်မရွေး အားလုံးတန်းတူပဲ။+

ကျွန်လည်း သခင့်လက်က လွတ်မြောက်သွားတာပဲ။

၂၀ ဘုရားသခင်က ဒုက္ခရောက်နေသူကို ဘာလို့ အလင်းပေးရတာလဲ။

စိတ်ညစ်နေသူတွေကို ဘာလို့ အသက်ရှင်ခွင့်ပေးရတာလဲ။+

၂၁ သေခြင်းကို တောင့်တနေလျက်နဲ့ ဘာလို့ မသေကြတာလဲ။+

သူတို့က သေခြင်းကို ရတနာသိုက်ထက် ပိုပြီးရှာနေကြတာ။

၂၂ သင်္ချိုင်းကိုသာ ရှာတွေ့ခဲ့ရင်

သူတို့ အကြီးအကျယ် ပျော်သွားမှာ။

၂၃ ဘုရားသခင်က လမ်းပျောက်နေသူကို ကာဆီးထားပြီး

ဘာလို့ အလင်းပေးရတာလဲ။+

၂၄ ငါ့မှာတော့ အစာမစားနိုင်ဘဲ သက်ပြင်းပဲ ချနေရတယ်။+

ငါ့ငိုကြွေးခြင်းတွေ+ ရေလို စီးဆင်းနေတယ်။

၂၅ ငါထိတ်လန့်တဲ့အရာ ငါ့ဆီ ရောက်လာပြီ။

ငါကြောက်တဲ့အရာကို ကြုံနေရပြီ။

၂၆ ငါ့မှာ မငြိမ်းချမ်းနိုင်ဘူး။ မအေးချမ်းနိုင်ဘူး။

စိတ်အေးလက်အေးလည်း မနေရဘူး။

ဒုက္ခတွေ တစ်ခုပြီးတစ်ခု ကြုံနေရတယ်။”

၄ တေမန်အမျိုးသား ဧလိဖတ်+ ပြန်ပြောတာက–

 ၂ “အခုအချိန်မှာ တစ်ယောက်ယောက် စကားလာပြောရင် ခင်ဗျား စိတ်တိုမှာလား။

ဒါပေမဲ့ ဘယ်သူက မပြောဘဲ နေနိုင်မှာလဲ။

 ၃ မှန်ပါတယ်။ ခင်ဗျားဟာ လူအများကြီးကို တည့်မတ်ပေးခဲ့တယ်။

အားနည်းသူတွေကို အားပေးခဲ့တယ်။

 ၄ တိုက်မိလဲသူတွေကို အားပေးစကားပြောပြီး ပြန်ထူ ပေးခဲ့တယ်။

ဒူးမခိုင်သူတွေကို ခိုင်ခံ့စေခဲ့တယ်။

 ၅ ဒါပေမဲ့ အခု ကိုယ်တိုင်ကြုံရတော့ မခံနိုင်အောင် ဖြစ်နေပြီပေါ့။

ကိုယ့်ကိုထိခိုက်လာတော့ တုန်လှုပ်ချောက်ချားနေပြီပေါ့။

 ၆ ဘုရားသခင်ကို ကြည်ညိုတဲ့စိတ်က ခင်ဗျားကို ယုံကြည်စိတ်ချမှု မပေးဘူးလား။

သမာဓိလမ်းစဉ်ကကော+ ခင်ဗျားကို မျှော်လင့်ချက် မပေးဘူးလား။

 ၇ တစ်ဆိတ်လောက် စဉ်းစားကြည့်။ ဘယ်သူက အပြစ်မရှိဘဲ ပျက်စီးဖူးလို့လဲ။

ရိုးဖြောင့်သူဟာ ဘယ်တုန်းက ဖျက်ဆီးခံရဖူးလို့လဲ။

 ၈ ကျုပ်မြင်ဖူးသလောက်တော့ ဘေးဖြစ်စေတဲ့အရာကို ထွန်ယက်သူတွေ၊*

ပြဿနာမျိုးစေ့ကို ကြဲသူတွေဟာ အဲဒီအတိုင်း ပြန်ရိတ်သိမ်းရတာပဲ။

 ၉ ဘုရားသခင် ရှူထုတ်လိုက်တဲ့ လေကြောင့် သူတို့ ပျက်စီးသွားတယ်။

အမျက်တော်လေကြောင့် ဇာတ်သိမ်းသွားတယ်။

၁၀ ခြင်္သေ့ ဟိန်းဟောက်တယ်။ ခြင်္သေ့ပျို မာန်ဖီတယ်။

ဒါပေမဲ့ ခွန်အားကြီးတဲ့ ခြင်္သေ့တွေရဲ့ သွားတောင် ကျိုးတတ်တာပဲ။

၁၁ ခြင်္သေ့က သားကောင်မရှိလို့ သေသွားတယ်။

ခြင်္သေ့ပေါက်တွေလည်း တကွဲတပြား ဖြစ်ကုန်တယ်။

၁၂ ကျုပ်ဆီ စကားသံတစ်ခု တိုးတိုးလေး ရောက်လာတယ်။

သဲ့သဲ့လေးပြောတဲ့အသံကို ကြားလိုက်ရတယ်။

၁၃ လူတွေ အိပ်မောကျနေတဲ့ ညအချိန်မှာ မြင်ရတဲ့ စိတ်အာရုံတွေကြောင့်

ကျုပ် စိတ်မငြိမ်မသက် ဖြစ်သွားတယ်။

၁၄ ကျုပ် အကြီးအကျယ် တုန်လှုပ်နေတယ်။

ကြောက်စိတ်တွေ အရိုးထဲထိ စိမ့်ဝင်သွားတယ်။

၁၅ ဝိညာဉ်တစ်ကောင် ရှေ့ကနေ ဖြတ်သွားတော့

ကြက်သီးထသွားတာပဲ။

၁၆ အဲဒီဝိညာဉ်က မလှုပ်မယှက် ရပ်နေတယ်။

ဘယ်သူဘယ်ဝါမှန်း ကျုပ် မသိဘူး။

သူ့အရိပ်ကတော့ ရှေ့တည့်တည့်မှာ ရှိနေတယ်။

အဲဒီအချိန်မှာ တိတ်ဆိတ်သွားတယ်။ ပြီးတဲ့နောက် အသံတစ်သံ ကြားလိုက်ရတယ်–

၁၇ ‘သေမျိုးဖြစ်တဲ့လူက ဘုရားထက် ပိုဖြောင့်မတ်နိုင်ပါ့မလား။

လူက ကိုယ့်ဖန်ဆင်းရှင်ထက် ပိုသန့်စင်နိုင်ပါ့မလား’ တဲ့။

၁၈ ကြည့်လေ။ ဘုရားက မိမိရဲ့ကျွန်တွေကို မယုံဘူး။

ကောင်းကင်တမန်တွေကိုတောင် အပြစ်ရှာသေးတာ။

၁၉ ရွှံ့အိမ်မှာ နေတဲ့သူ၊

မြေမှုန့်နဲ့ ဖွဲ့စည်းထားသူ၊+

ပိုးဖလံလို ပျက်စီးလွယ်သူတွေဆိုရင်တော့ ပြောမနေနဲ့တော့။

၂၀ သူတို့က တစ်နေ့ချင်းမှာပဲ စိစိညက်ညက် ကြေသွားတယ်။

ဘယ်သူမှ မသိလိုက်ဘဲ ထာဝစဉ် ပျက်စီးသွားရတယ်။

၂၁ ကြိုးတွေ ဆွဲဖြုတ်ခံရတဲ့ တဲလိုပဲ။

ဉာဏ်ပညာမရှိဘဲ သေဆုံးသွားရတယ်။

၅ “ခင်ဗျား ခေါ်ကြည့်လိုက်ပါလား။ ဘယ်သူ ထူးမှာလဲ။

သန့်ရှင်းသူတွေထဲက ဘယ်သူ့ဆီ အကူအညီတောင်းမှာလဲ။

 ၂ နာကြည်းစိတ်က မိုက်မဲသူကို သတ်လိမ့်မယ်။

မနာလိုစိတ်က ရိုးအတဲ့သူကို သေစေလိမ့်မယ်။

 ၃ မိုက်မဲသူတွေ အခြေတကျဖြစ်နေတာကို ကျုပ်မြင်ခဲ့ဖူးတယ်။

ဒါပေမဲ့ သူနေထိုင်တဲ့နေရာက ရုတ်တရက် ကျိန်ဆဲခံလိုက်ရတယ်။

 ၄ သူ့သားတွေက ဘေးကင်းလုံခြုံမှု မရှိဘူး။

မြို့တံခါးမှာ ဖိနှိပ်ခံရတဲ့အခါ+ ကယ်မယ့်သူ တစ်ယောက်မှ မရှိဘူး။

 ၅ သူတို့ ရိတ်သိမ်းထားတာတွေ ဆူးပင်ကြားထဲ ရှိနေရင်တောင် ဆာလောင်နေသူ ယူစားပစ်တယ်။

သူတို့ ပိုင်ဆိုင်တာတွေလည်း အသိမ်းခံလိုက်ရတယ်။

 ၆ ဘေးဖြစ်စေတဲ့အရာတွေဟာ မြေမှုန့်ထဲကနေ ထွက်လာတာမှ မဟုတ်တာ။

ပြဿနာကလည်း မြေကြီးထဲကနေ ပေါက်လာတာမှ မဟုတ်တာ။

 ၇ မီးပွားဆိုတာ အပေါ်ကိုလွင့်တက်သလို

လူဆိုတာလည်း မွေးလာရင် ဒုက္ခကြုံရမှာပဲ။

 ၈ ကျုပ်သာဆိုရင် ဘုရားကို အကူအညီတောင်းပြီး

ကိုယ့်အမှုကို ဘုရားဆီပဲ အပ်လိုက်မှာ။

 ၉ ဘုရားသခင်ဟာ ကြီးမြတ်တဲ့အရာတွေ၊ စိစစ်လို့ မကုန်နိုင်တဲ့အရာတွေ၊

ရေတွက်လို့ မကုန်နိုင်တဲ့ အံ့ဖွယ်ရာတွေကို လုပ်ဆောင်တဲ့အရှင်၊

၁၀ မြေပေါ်  မိုးရွာစေတဲ့အရှင်၊

လယ်ပြင်တွေပေါ် ရေသွန်းလောင်းတဲ့အရှင်၊

၁၁ နိမ့်ကျသူကို ချီးမြှောက်တဲ့ အရှင်၊

ညှိုးငယ်နေသူကို ထူမပြီး ကယ်တင်တဲ့ အရှင်ပဲ။

၁၂ ဘုရားက ဉာဏ်များသူရဲ့အကြံကို ပျက်ပြားစေတယ်။

ဒါကြောင့် သူလုပ်သမျှ မအောင်မြင်ဘူး။

၁၃ ပညာရှိသူကို သူ့ပရိယာယ်နဲ့ပဲ ပြန်ကျော့မိစေတယ်။+

ဒါကြောင့် လူလည်တွေရဲ့အကြံ ပျက်စီးသွားတယ်။

၁၄ နေ့ဘက်မှာ အမှောင်က သူတို့ကို လွှမ်းခြုံထားတယ်။

မွန်းတည့်ချိန်မှာလည်း ညဘက်မှာလို စမ်းတဝါးဝါး သွားလာရတယ်။

၁၅ ဘုရားက ဆင်းရဲသားကို ဓားသွားလိုထက်တဲ့ စကားတွေရဲ့ ရန်ကနေ၊

သန်မာသူရဲ့လက်ကနေ ကယ်တင်တယ်။

၁၆ ဒါကြောင့် ခိုကိုးရာမဲ့သူဟာ မျှော်လင့်ချက် ရှိလာတယ်။

မဖြောင့်မတ်သူကတော့ နှုတ်ဆိတ်နေရတယ်။

၁၇ ဘုရားသခင်ရဲ့ပဲ့ပြင်မှု ခံရသူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။

ဒါကြောင့် အနန္တတန်ခိုးရှင် ဆုံးမတာကို မငြင်းပယ်ပါနဲ့။

၁၈ ဘုရားက နာကျင်အောင်လုပ်ပေမဲ့ ဒဏ်ရာကို ပြန်စည်းပေးတယ်။

အပိုင်းပိုင်းချိုးပေမဲ့ ကိုယ်တိုင်ပြန်ကုပေးတယ်။

၁၉ ခင်ဗျား ဘေးဆိုးခြောက်ခု ကြုံရရင်တောင် ဘုရားကယ်တင်မယ်။

ခုနစ်ခုမြောက် ဘေးဆိုးကလည်း ခင်ဗျားကို အန္တရာယ်ပေးနိုင်မှာ မဟုတ်ဘူး။

၂၀ ငတ်မွတ်ခေါင်းပါးချိန်မှာ သေဘေးကနေ၊

စစ်ဖြစ်ချိန်မှာ ဓားဘေးကနေ ဘုရားကယ်လိမ့်မယ်။

၂၁ ပုတ်ခတ်ပြောဆိုတဲ့ စကားတွေရဲ့ ရန်ကနေ ခင်ဗျားကို ကာကွယ်ပေးလိမ့်မယ်။+

ဖျက်ဆီးခြင်းဘေး ရောက်လာရင်လည်း ကြောက်စရာ မလိုဘူး။

၂၂ ပျက်စီးခြင်းဘေးနဲ့ အငတ်ဘေးကြုံတဲ့အခါ ခင်ဗျား ရယ်မောနေရလိမ့်မယ်။

သားရဲတွေကို ကြောက်ရမှာ မဟုတ်ဘူး။

၂၃ လယ်ထဲက ကျောက်တုံးတွေ ခင်ဗျားကို ဒုက္ခပေးမှာ မဟုတ်ဘူး။

သားရဲတွေနဲ့လည်း သင့်မြတ်နေလိမ့်မယ်။

၂၄ ခင်ဗျားက တဲထဲမှာ ငြိမ်သက်မှု ခံစားရလိမ့်မယ်။

စားကျက်ကို သွားကြည့်တဲ့အခါ ပျက်စီးပျောက်ရှတာ တစ်ခုမှ တွေ့မှာမဟုတ်ဘူး။

၂၅ သားသမီးတွေ အများကြီးရလိမ့်မယ်။

သားစဉ်မြေးဆက်တွေလည်း မြက်ပင်တွေလို များပြားလိမ့်မယ်။

၂၆ ရင့်မှည့်နေချိန်မှာ ရိတ်သိမ်းခံလိုက်ရတဲ့ ကောက်လှိုင်းစည်းတွေလို

ခင်ဗျားဟာ သေဆုံးချိန်မှာတောင် သန်တုန်းမြန်တုန်း ဖြစ်နေလိမ့်မယ်။

၂၇ ဒါတွေဟာ ကျုပ်တို့ လေ့လာသိရှိထားတဲ့ အချက်တွေပဲ။

နားထောင်ပြီး လက်ခံလိုက်ပါ။”

၆ ယောဘ အခုလိုပြန်ပြောတယ်–

 ၂ “ကျုပ်ရဲ့သောကတွေကို+ ချိန်ကြည့်လို့ရရင် သိပ်ကောင်းမှာပဲ။

ကြုံရတဲ့ ဘေးဆိုးတွေကိုလည်း ချိန်ခွင်ထဲ ထည့်ချိန်လို့ရရင် သိပ်ကောင်းမှာပဲ။

 ၃ ပင်လယ်သဲပွင့်တွေထက်တောင် ပိုလေးဦးမယ်။

ဒါကြောင့် ကျုပ် မဆင်မခြင် ပြောလိုက်မိတာ။+

 ၄ အနန္တတန်ခိုးရှင်က မြားနဲ့ခွင်းလို့

မြားဆိပ်တွေကို ကျုပ် သောက်သုံးနေရတယ်။+

ဘုရားသခင်ဆီက ကြောက်မက်ဖွယ်ရာတွေဟာ ကျုပ်ကိုတိုက်ခိုက်ဖို့ တန်းစီစောင့်နေတယ်။

 ၅ မြည်းရိုင်းက+ မြက်တွေရှိနေလျက်နဲ့ ဟီပါ့မလား။

နွားကရော အစာရှိနေလျက်နဲ့ အော်ပါ့မလား။

 ၆ အရသာ မရှိတဲ့အစာကို ဆားမပါဘဲ စားမလား။

ကွမ်းကတိုးပင်ရဲ့* အရည်ကရော အရသာရှိလို့လား။

 ၇ ပုပ်သိုးနေတဲ့အစာနဲ့ တူလို့

အဲဒါတွေကို ထိတောင် မထိချင်ဘူး။

 ၈ ကျုပ် တောင်းဆိုတာတွေ ရရင်၊

ကျုပ်ဆန္ဒကို ဘုရားဖြည့်ဆည်းပေးရင် သိပ်ကောင်းမှာပဲ။

 ၉ ကျုပ်ကို ခြေမွှလိုက်ရင်၊

လက်တော်ကိုဆန့်ပြီး ကွပ်မျက်လိုက်ရင် သိပ်ကောင်းမှာပဲ။+

၁၀ အဲဒီလိုဖြစ်ရင်တောင် ကျုပ် စိတ်သက်သာရာ ရဦးမယ်။

တဆစ်ဆစ် နာကျင်နေတဲ့ကြားက ဝမ်းသာအားရ ထခုန်ဦးမယ်။

သန့်ရှင်းတဲ့အရှင်ရဲ့ စကားတွေကို ကျုပ် မပစ်ပယ်ခဲ့ပါဘူး။+

၁၁ ကျုပ်မှာ ဆက်စောင့်နေဖို့ ခွန်အား မရှိတော့ဘူး။+

ဆက်အသက်ရှင်နေလို့ကော အကျိုးထူးမှာ မို့လို့လား။

၁၂ ကျုပ်ရဲ့ခွန်အားက ကျောက်ဆောင်လို ခိုင်မာလို့လား။

ကျုပ်ရဲ့အသားက ကြေးနီနဲ့ လုပ်ထားလို့လား။

၁၃ ကျုပ် ဘာများ တတ်နိုင်ဦးမှာလဲ။

ထောက်မပေးမယ့်သူမှ မရှိတော့တာ။

၁၄ လူလူချင်းကို ခိုင်မြဲတဲ့မေတ္တာ မပြသူဟာ+

အနန္တတန်ခိုးရှင်ကို မကြောက်တဲ့သူပဲ။+

၁၅ ကျုပ်ရဲ့ ညီအစ်ကိုတွေက ဆောင်းရာသီ စမ်းချောင်းတွေလို လှည့်စားတတ်တယ်။+

ခန်းခြောက်သွားတဲ့ ဆောင်းရာသီ စမ်းချောင်းတွေလိုပဲ။

၁၆ ရေခဲတွေ၊ နှင်းခဲတွေ

အရည်ပျော်သွားလို့ နောက်ကျိနေတဲ့ ချောင်းတွေလိုပဲ။

၁၇ နွေလည်းရောက်ရော ရေမရှိတော့ဘဲ ပျောက်ကွယ်သွားတယ်။

ပူပြင်းလာတဲ့အခါ ခန်းခြောက်သွားတယ်။

၁၈ ကွေ့ကောက်စီးဆင်းပြီး

ကန္တာရမှာ လမ်းစပျောက်သွားတော့တယ်။

၁၉ အဲဒီချောင်းတွေကို တေမပြည်ရဲ့ ကုလားအုတ်ယာဉ်တန်းတွေ+ လိုက်ရှာကြတယ်။

သေဘပြည်ရဲ့ ခရီးသည်တွေလည်း+ မျှော်ကြတယ်။

၂၀ ရေရှိမှာပဲလို့ ယုံကြည်ပြီး ရောက်လာပေမဲ့

အရှက်တကွဲဖြစ်ပြီး စိတ်ပျက်ကြရတယ်။

၂၁ ခင်ဗျားတို့လည်း အဲဒီချောင်းတွေလိုပဲ။+

ကျုပ်ခံနေရတဲ့ ကြောက်စရာဘေးဆိုးကို မြင်ပြီး ကြောက်လန့်သွားကြတယ်။+

၂၂ ခင်ဗျားတို့ဆီကနေ ကျုပ် တစ်ခုခု တောင်းဖူးလို့လား။

ခင်ဗျားတို့ရဲ့ စည်းစိမ်ထဲကနေ လက်ဆောင်ပေးပါလို့ တောင်းဆိုဖူးလို့လား။

၂၃ ရန်သူလက်ကနေ ကယ်ပါဦး၊

ဖိနှိပ်သူတွေလက်ကနေ ကယ်ပါဦးဆိုပြီး အသနားခံဖူးလို့လား။

၂၄ ကျုပ်ကို သွန်သင်ပေးပါ။ နှုတ်ဆိတ်နေပါ့မယ်။+

ကျုပ် ဘာမှားနေလဲဆိုတာ နားလည်အောင် ရှင်းပြကြပါ။

၂၅ မှန်တဲ့စကားဆိုရင်တော့ နာစရာ မဟုတ်ပါဘူး။+

ဒါပေမဲ့ ခင်ဗျားတို့ဆုံးမတာ ကျုပ်အတွက် ဘာအကျိုးများရှိလို့လဲ။+

၂၆ ကြံရာမရဖြစ်နေတဲ့ ကျုပ်ရဲ့စကားတွေ၊+ လေထဲလွင့်သွားမယ့် စကားတွေကို

အပြစ်တင်ဖို့ ခင်ဗျားတို့ ကြံစည်နေတာလား။

၂၇ ခင်ဗျားတို့ဟာ မိဘမဲ့ကလေးကို မဲချယူမယ့်သူတွေပဲ။+

မိတ်ဆွေကိုတောင် ရောင်းစားမယ့်သူတွေပဲ။+

၂၈ အခု ကျုပ်ကို ကြည့်ကြစမ်းပါ။

ခင်ဗျားတို့ကို လိမ်မပြောပါဘူး။

၂၉ ပြန်စဉ်းစားကြည့်ပါဦး။ ကျုပ်ကို တလွဲမထင်ကြပါနဲ့။

ပြန်စဉ်းစားကြည့်ပါ။ ကျုပ် ဖြောင့်မတ်ပါသေးတယ်။

၃၀ ကျုပ် မတရား ပြောပါ့မလား။

တစ်ခုခုတော့ မှားနေပြီဆိုတာ ကျုပ် မသိဘဲနေပါ့မလား။

၇ “ကမ္ဘာပေါ်က သေမျိုးဖြစ်တဲ့လူသားတွေရဲ့ ဘဝဟာ ခက်ခဲ ပင်ပန်းလိုက်တာ။

သူအသက်ရှင်ရတဲ့ နေ့ရက်တွေဟာ စာရင်းငှားတစ်ယောက်ရဲ့ နေ့ရက်တွေလိုပါပဲ။+

 ၂ ကျွန်တစ်ယောက်လို အရိပ်ကို တောင့်တနေရတယ်။

စာရင်းငှားတစ်ယောက်လို လုပ်ခကို မျှော်နေရတယ်။+

 ၃ ကျုပ်ပိုင်ဆိုင်လိုက်ရတာက အကျိုးမရှိတဲ့ လတွေပါပဲ။

ကျုပ်ရလိုက်တာက ဒုက္ခညတွေပါပဲ။+

 ၄ ‘ဘယ်အချိန်ကျမှ နိုးထရမှာလဲ’ လို့ ညည်းတွားပြီး အိပ်နေရတယ်။+

ညတာရှည်လွန်းလို့ မိုးသောက်ချိန်အထိ လူးလှိမ့်နေရတယ်။

 ၅ ကျုပ်ရဲ့ကိုယ်ပေါ်မှာ လောက်တွေ တွယ်ပြီး ရွှံ့ခဲတွေ ကပ်နေတယ်။+

အရေပြားပေါ်မှာလည်း ပြည်တွေ ယိုစီးပြီး အနာဖေးတွေ ဗရပွနဲ့။+

 ၆ ကျုပ်ရဲ့နေ့ရက်တွေဟာ ကုန်မြန်လိုက်တာ။ ရက်ကန်းသမရဲ့ လွန်းထက်တောင် မြန်သေးတယ်။+

ဘာမျှော်လင့်ချက်မှ မရှိဘဲ ကုန်ဆုံးသွားတယ်။+

 ၇ အို ဘုရားသခင်၊ ကျွန်တော့်အသက်ဟာ လေလိုပဲ၊+

ပျော်ရွှင်မှုကို ကျွန်တော် မြင်ရတော့မှာ မဟုတ်ဘူးဆိုတာ သတိရပေးပါဦး။

 ၈ အခု ကျွန်တော့်ကိုမြင်ရပေမယ့် နောက်ဆို မြင်ရတော့မှာ မဟုတ်ဘူး။

ကျွန်တော့်ကို ရှာတဲ့အခါ တွေ့တော့မှာ မဟုတ်ဘူး။+

 ၉ လွင့်မျောပျောက်ကွယ်သွားတဲ့ တိမ်တွေလိုပဲ

သင်္ချိုင်းထဲ ဆင်းသွားသူကလည်း ပြန်မလာတော့ဘူး။+

၁၀ သူ့အိမ်ကို ပြန်မလာတော့ဘူး။

သူ့နေရပ်မှာရှိတဲ့ လူတွေကလည်း သူ့ကို မေ့သွားကြလိမ့်မယ်။+

၁၁ ဒါကြောင့် ကျွန်တော် နှုတ်ဆိတ်မနေတော့ဘူး။

စိတ်ပျက်ပျက်နဲ့ ပြောတော့မယ်။

ခါးသီးနာကြည်းစိတ်နဲ့ ညည်းလိုက်တော့မယ်။+

၁၂ ကျွန်တော့်ကို စောင့်ကြပ်ထားရအောင် ကျွန်တော်ဟာ ပင်လယ်ကြီး မို့လို့လား။

ပင်လယ်သတ္တဝါကြီး မို့လို့လား။

၁၃ ‘အိပ်ရာထဲမှာနေရင် သက်သာသွားမှာပါ၊

အိပ်ရာပေါ်လှဲလိုက်ရင် သောကကင်းဝေးသွားမှာပါ’ လို့ပြောနေတုန်းမှာပဲ၊

၁၄ ကိုယ်တော်က ကျွန်တော့်ကို အိပ်မက်ဆိုးတွေနဲ့ ခြောက်လှန့်ပြီး

စိတ်အာရုံတွေနဲ့ ထိတ်လန့်စေတယ်။

၁၅ ဒါကြောင့် ကျွန်တော် အသက်ရှူကျပ်ပြီးတော့သာ သေလိုက်ချင်တယ်။

ဒီခန္ဓာကိုယ်နဲ့ အသက်ရှင်နေရတာထက် သေသာသေလိုက်ချင်တော့တယ်။+

၁၆ အသက်ရှင်ရတာကို ရွံမုန်းလှပြီ။+ ဆက်အသက် မရှင်ချင်တော့ဘူး။

ကျွန်တော့်နေ့ရက်တွေဟာ ပင့်သက်တစ်ရှိုက်စာပဲ ဖြစ်နေလို့ ကျွန်တော့်ကို ပစ်ထားလိုက်ပါတော့။+

၁၇ သေမျိုးဖြစ်တဲ့လူက ဘယ်သူမို့လို့ ကိုယ်တော် ဂရုစိုက်နေရတာလဲ။

ဘယ်သူမို့လို့ အာရုံစိုက်နေရတာလဲ။+

၁၈ သူ့ကို ဘာလို့ မနက်တိုင်း စစ်ဆေးနေတာလဲ။

ဘာလို့ တစ်ချိန်လုံး စမ်းသပ်နေတာလဲ။+

၁၉ ကျွန်တော့်ကို အကြည့် မလွှဲနိုင်ဘူးလား။

တံတွေးမျိုချိန် တစ်ခဏလေးတောင် အလွတ်မပေးနိုင်ဘူးလား။+

၂၀ ကျွန်တော် အပြစ်လုပ်ခဲ့ရင်တောင် လူသားတွေကို စောင့်ကြည့်တဲ့အရှင် ကိုယ်တော့်ကို ထိခိုက်မှာ မို့လို့လား။+

ကျွန်တော့်ကို ဘာလို့ ပစ်မှတ်ထားရတာလဲ။

ကျွန်တော်ဟာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေလို့လား။

၂၁ ကျွန်တော့်အပြစ်ကို ဘာလို့ မဖြေလွှတ်တာလဲ။

ကျွန်တော့်အမှားကို ဘာလို့ ခွင့်မလွှတ်တာလဲ။

မကြာခင် မြေမှုန့်ထဲမှာ ကျွန်တော် အိပ်ရတော့မယ်။+

ကိုယ်တော်ရှာရင်တောင် တွေ့တော့မှာ မဟုတ်ဘူး။”

၈ ရှုအာအမျိုးသား+ ဗိလဒဒ်+ ပြန်ပြောတာက–

 ၂ “ခင်ဗျား ဘယ်အချိန်အထိ ဒီလိုမျိုးပြောနေမှာလဲ။+

မိုးတစ်လုံး လေတစ်လုံး ပြောနေလိုက်တာ။

 ၃ ဘုရားက အမှန်တရားကို ကပြောင်းကပြန် လုပ်ပါ့မလား။

အနန္တတန်ခိုးရှင်က ဖြောင့်မတ်ခြင်းတရားကို ကပြောင်းကပြန် လုပ်ပါ့မလား။

 ၄ ခင်ဗျားရဲ့သားတွေက ဘုရားကိုပြစ်မှားခဲ့ရင်

သူတို့ရဲ့ ပုန်ကန်မှုအတွက် ကိုယ်တော် ဒဏ်ခတ်မှာပဲ။

 ၅ ခင်ဗျားသာ ဘုရားကို မျှော်ကိုးပြီး+

အနန္တတန်ခိုးရှင်ဆီမှာ မျက်နှာသာရဖို့ အသနားခံမယ်ဆိုရင်၊

 ၆ ခင်ဗျားသာ တကယ်ပဲ ဖြူစင်ရိုးသားမယ်ဆိုရင်+

ခင်ဗျားကို ဘုရားဂရုစိုက်ပြီး

နေရာမှန်မှာ ပြန်ထားပေးမှာပဲ။

 ၇ အစပိုင်းမှာ နိမ့်ကျပေမဲ့

နောက်ပိုင်းမှာ တိုးတက်ကြီးပွားမှာပဲ။+

 ၈ ရှေးတုန်းက လူမျိုးဆက်တွေကို မေးကြည့်လိုက်ပါ။

သူတို့ဘိုးဘေးတွေ တွေ့ရှိခဲ့တာတွေကို အာရုံစိုက်ကြည့်ပါ။+

 ၉ ကျုပ်တို့က မနေ့တစ်နေ့ကမှ လူဖြစ်လာလို့ ဘာမှမသိပါဘူး။

ကမ္ဘာမြေပေါ်မှာ ကျုပ်တို့ရဲ့ နေ့ရက်တွေဟာ အရိပ်လိုပဲ။

၁၀ ဘိုးဘေးတွေ ခင်ဗျားကို သွန်သင်ပေးလိမ့်မယ်။

သူတို့သိတာတွေကို ပြောပြလိမ့်မယ်။

၁၁ ပပိုင်းရပ်ကျူပင်ဟာ ရွှံ့နွံမရှိတဲ့နေရာမှာ ကြီးထွားပါ့မလား။

ကျူပင်ကကော ရေမရှိဘဲ ကြီးထွားပါ့မလား။

၁၂ ဖူးပွင့်နေတုန်းမှာပဲ

တခြားအပင်တွေထက် အရင်ခြောက်သွေ့သွားလိမ့်မယ်။

၁၃ ဘုရားကို မေ့တဲ့သူတွေလည်း အဲဒီလိုပဲ ဖြစ်သွားမယ်။

ဘုရားတရားမဲ့သူရဲ့ မျှော်လင့်ချက်ဟာ ပျက်စီးသွားမယ်။

၁၄ သူအားထားတဲ့အရာဟာ အချည်းနှီးပဲ။

သူအားကိုးတဲ့အရာကလည်း ပင့်ကူအိမ်လိုပဲ ပျက်စီးလွယ်တယ်။

၁၅ အဲဒီအိမ်ကိုမှီပေမဲ့ အိမ်က ခံနိုင်မှာ မဟုတ်ဘူး။

အားပြုပြီးကိုင်ပေမဲ့ ခိုင်မြဲမှာ မဟုတ်ဘူး။

၁၆ သူဟာ နေရောင်အောက်မှာ စိမ်းစိုနေတဲ့အပင်ပဲ။

တစ်ခြံလုံး အညွန့်တွေ ဖြာထွက်ပြီး၊+

၁၇ ကျောက်ပုံတွေကြားမှာ အမြစ်တွေ ရစ်တွယ်နေတယ်။

ကျောက်ပုံကြားမှာ အမြစ်စွဲစရာနေရာကို သူလိုက်ရှာတယ်။

၁၈ ဒါပေမဲ့ ဆွဲနုတ်ခံလိုက်ရတဲ့အခါ

သူအမြစ်စွဲခဲ့တဲ့နေရာက ‘မင်းကို ငါမသိပါလား’ လို့ ပြောလိမ့်မယ်။+

၁၉ ဒီလိုနဲ့ သူ ပျောက်ကွယ်သွားလိမ့်မယ်။+

သူ့နေရာမှာ တခြားအပင်တွေ ပေါက်လာလိမ့်မယ်။

၂၀ သေချာတာကတော့ သမာဓိစောင့်သိသူတွေကို ဘုရားပစ်ပယ်မှာ မဟုတ်ဘူး။

လူယုတ်မာတွေကိုလည်း ထောက်မမှာ မဟုတ်ဘူး။

၂၁ ဘုရားက ခင်ဗျားကို ရယ်မောစေမယ်။

ရွှင်လန်းတဲ့စိတ်နဲ့ သီချင်းဆိုစေမယ်။

၂၂ ခင်ဗျားကို မုန်းတဲ့သူတွေ အရှက်ကွဲရလိမ့်မယ်။

လူဆိုးတွေရဲ့တဲလည်း ရှိတော့မှာ မဟုတ်ဘူး။”

၉ ယောဘလည်း ပြန်ပြောတယ်–

 ၂ “ခင်ဗျားတို့ပြောတာ မှန်တယ်ဆိုတာ ကျုပ်သိပါတယ်။

ဒါပေမဲ့ ဘုရားနဲ့သာ အမှုဖြစ်ရင် သေမျိုးဖြစ်တဲ့လူက ဘယ်လိုလုပ်ပြီး မှန်နိုင်မှာလဲ။+

 ၃ ဘုရားနဲ့ ပြိုင်ပြီး ငြင်းစတမ်းဆိုရင်+

မေးခွန်းတစ်ထောင်မှာ တစ်ခုတောင် ဖြေနိုင်မှာ မဟုတ်ဘူး။

 ၄ ဘုရားက ဉာဏ်ပညာရှိပြီး တန်ခိုးကြီးတယ်။+

ဘုရားကို အာခံတာတောင် ဘာမှ မထိခိုက်တဲ့သူဆိုတာ ရှိလို့လား။+

 ၅ ဘုရားသခင်က ဘယ်သူမှ မသိလိုက်ဘဲ တောင်တွေကို ရွှေ့ပစ်တယ်။

တောင်တွေကို ဒေါသနဲ့ မှောက်လှန်ပစ်တယ်။

 ၆ ကမ္ဘာကြီးကို လှုပ်ခါပစ်တဲ့အတွက်

ကမ္ဘာမြေရဲ့တိုင်တွေ သိမ့်သိမ့်တုန်သွားတယ်။+

 ၇ အလင်းမပေးနဲ့လို့ နေကို မှာထားတယ်။

ကြယ်တွေရဲ့ အလင်းရောင်ကိုလည်း ပိတ်ထားတယ်။+

 ၈ မိုးကောင်းကင်ကို ပြန့်ကားစေတယ်။+

လှိုင်းလုံးကြီးတွေပေါ် နင်းလျှောက်သွားတယ်။+

 ၉ အာရှကြယ်စု၊* ခသိလကြယ်စု၊*

ခိမကြယ်စု၊*+ တောင်မျက်နှာကြယ်စုတွေကို ဖန်ဆင်းတယ်။

၁၀ ကြီးမြတ်တဲ့အရာတွေ၊ စိစစ်လို့ မကုန်နိုင်တဲ့အရာတွေ၊+

ရေတွက်လို့ မကုန်နိုင်တဲ့ အံ့ဖွယ်ရာတွေကို လုပ်ဆောင်တယ်။+

၁၁ အနားကနေ ဘုရားဖြတ်သွားပေမဲ့ ကျုပ် မမြင်လိုက်ဘူး။

ဖြတ်ကျော်သွားပေမဲ့ ကျုပ် မသိလိုက်ဘူး။

၁၂ ဘုရားက တစ်ခုခုကို ဆတ်ခနဲယူလိုက်တဲ့အခါ ဘယ်သူ ဆီးတားနိုင်မလဲ။

‘ဒါဘာလုပ်တာလဲ’ လို့ ဘယ်သူ ပြောနိုင်မလဲ။+

၁၃ ဘုရားက ဒေါသကိုထိန်းမှာ မဟုတ်ဘူး။+

ရာခပ်ကို*+ ကူညီသူတွေတောင် ဦးညွှတ်ရလိမ့်မယ်။

၁၄ ဒါကြောင့် ဘုရားနဲ့ ငြင်းခုံပြောဆိုရတော့မယ်ဆိုရင်

စကားလုံးတွေကို ကျုပ် အသေအချာ ရွေးရတော့မှာပေါ့။

၁၅ ဒီတော့ ကိုယ်မှန်နေရင်တောင် ဘာမှ ပြန်မပြောတော့ဘူး။+

ကရုဏာပြပါလို့ တရားသူကြီးကို* အသနားခံရုံပဲ ရှိတော့တယ်။

၁၆ ကျုပ်ခေါ်ရင် ဘုရား ထူးမှာလား။

ကျုပ်ပြောတာကို နားထောင်မယ် မထင်ပါဘူး။

၁၇ ကျုပ်ကို မုန်တိုင်းနဲ့ ခြေမွှခဲ့ပြီပဲ။

အကြောင်းမရှိဘဲ ဒဏ်ရာတွေအများကြီး ပေးခဲ့ပြီပဲ။+

၁၈ အသက်ရှူခွင့်လေးတောင် မပေးဘဲ

ခါးသီးမှုတွေနဲ့ ပြည့်နှက်စေခဲ့ပြီပဲ။

၁၉ တန်ခိုးနဲ့ပတ်သက်လာရင် ဘုရားဟာ တန်ခိုးအကြီးဆုံးပဲ။+

တရားမျှတမှုနဲ့ပတ်သက်လာရင် ‘ဘယ်သူက ငါ့ကိုဆင့်ခေါ်ပြီး ဖြေရှင်းချက် ပေးခိုင်းမလဲ’ လို့ ဘုရားပြောတယ်။

၂၀ ကျုပ်မှန်နေရင်တောင် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်တော့မယ်။

ကျုပ် သမာဓိစောင့်သိနေရင်တောင် အပြစ်ရှိသူလို့ ဘုရား သတ်မှတ်မှာပဲ။

၂၁ သမာဓိစောင့်သိနေပေမဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတော့ဘူး။

ဒီလိုဘဝမျိုးကို မလိုချင်ပါဘူး။

၂၂ ပြောရမယ်ဆိုရင် အတူတူပါပဲ။

ဒါကြောင့် ‘အပြစ်မဲ့သူကိုရော လူဆိုးကိုပါ ဘုရားဖျက်ဆီးတယ်’ လို့ ကျုပ်ပြောနေတာပေါ့။

၂၃ ရုတ်တရက် ရေကြီးလို့ လူတွေ သေကျေပျက်စီးပြီး

အပြစ်မဲ့သူလည်း သေဆုံးသွားတဲ့အခါ ဘုရား ပြုံးရယ်နေလိမ့်မယ်။

၂၄ မြေကြီးကို လူဆိုးလက်ထဲ အပ်ပြီး+

အမှန်တရားကို မမြင်နိုင်အောင် တရားသူကြီးတွေရဲ့ မျက်လုံးကို ဖုံးကွယ်ပစ်တယ်။

ဒါတွေကို ဘုရားမှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။

၂၅ ကျုပ်ရဲ့နေ့ရက်တွေဟာ ခြေမြန်တော်တွေထက်တောင် ပိုမြန်တယ်။+

ဘာကောင်းကျိုးမှ မရလိုက်ဘဲ တစ်ရက်ပြီးတစ်ရက် ကုန်သွားတယ်။

၂၆ နေ့ရက်တွေဟာ ကျူရိုးလှေလို၊

သားကောင်ကို ထိုးသုတ်တဲ့ လင်းယုန်လို မြန်လိုက်တာ။

၂၇ ‘ဝေဒနာတွေကို မေ့ထားပြီး

ပြုံးပြုံးလေးပဲ နေတော့မယ်’ လို့ပြောပေမဲ့၊

၂၈ ခံစားရတဲ့ နာကျင်မှုတွေကြောင့် ကြောက်နေတုန်းပဲ။+

ကျုပ်ကို အပြစ်ရှိသူလို့ ကိုယ်တော်ယူမှတ်မယ်ဆိုတာ သိနေပါတယ်။

၂၉ အပြစ်ရှိသူလို့ ယူမှတ်နေမှတော့

ဘာလို့ ကြိုးစားနေရမှာလဲ၊ အလကားဖြစ်သွားမှာပဲလေ။+

၃၀ ကိုယ့်ကိုယ်ကိုယ် နှင်းရေနဲ့ ဆေးကြောပြီး

လက်ကို ပြာရည်နဲ့ သန့်စင်ရင်တောင်၊+

၃၁ ကိုယ်တော်က တွင်းထဲ ပြန်နှစ်လိမ့်မယ်။

ကိုယ့်အဝတ်ကတောင် ကိုယ့်ကိုရွံရှာလိမ့်မယ်။

၃၂ ဘုရားကို ပြန်ချေပရအောင်၊

တရားရုံးကို အတူသွားရအောင် ဘုရားက ကျုပ်လို လူမှမဟုတ်တာ။+

၃၃ ဘုရားနဲ့ကျုပ် စပ်ကြားမှာ ဆုံးဖြတ်ပေးမယ့်သူ၊

တရားသူကြီး လုပ်ပေးမယ့်သူ တစ်ယောက်မှ မရှိဘူး။

၃၄ ကျုပ်ကို ကြိမ်ဒဏ် မပေးဘူးဆိုရင်၊

ကြောက်စရာတွေနဲ့ မခြောက်လှန့်ဘူးဆိုရင်၊+

၃၅ ကြောက်စရာအကြောင်း မရှိတော့တဲ့အတွက်

မကြောက်ရွံ့ဘဲ ဘုရားကို ပြောတော့မယ်။

၁၀ “အသက်ရှင်ရတာကို ကျုပ် ရွံမုန်းလှပြီ။+

မကျေနပ်ချက်တွေကို ဖွင့်ချလိုက်တော့မယ်။

ခါးသီးနာကြည်းစိတ်နဲ့ ပြောတော့မယ်။

 ၂ ဘုရားသခင်ကို ပြောမယ်– ‘ကျွန်တော့်ကို အပြစ်ရှိသူလို့ မသတ်မှတ်ပါနဲ့။

ကျွန်တော့်ကို ဘာလို့ အမှုလုပ်ရတာလဲဆိုတာ ပြောပြပါ။

 ၃ လူဆိုးရဲ့ အကြံဉာဏ်ကို လက်ခံတာ၊

ဖန်ဆင်းထားတဲ့လက်ရာကို ဖိနှိပ်တာ၊ အထင်အမြင်သေးတာက+

ကိုယ်တော့်ကို အကျိုးပေးလို့လား။

 ၄ လူတွေရဲ့ မျက်စိမျိုး ကိုယ်တော့်မှာ ရှိသလား။

သေမျိုးဖြစ်တဲ့လူတွေ မြင်သလို ကိုယ်တော်မြင်သလား။

 ၅ ကိုယ်တော့်နေ့ရက်တွေဟာ လူတွေရဲ့ နေ့ရက်တွေလိုပဲလား။

ကိုယ်တော့်နှစ်တွေဟာ လူတွေရဲ့ နှစ်တွေလိုပဲလား။+

 ၆ ဒါကြောင့် ကျွန်တော့်အမှားကို ရှာနေတာလား။

ကျွန်တော့်အပြစ်ကို လိုက်ကြည့်နေတာလား။+

 ၇ ကျွန်တော် အပြစ်မရှိမှန်း ကိုယ်တော် သိပါတယ်။+

ဒါပေမဲ့ ကိုယ်တော့်လက်ကနေ ကျွန်တော့်ကို ဘယ်သူမှ မကယ်နိုင်ဘူး။+

 ၈ ကျွန်တော့်ကို ကိုယ်တော်ပဲ ပုံသွင်းပြုလုပ်ခဲ့တာလေ။+

အခုတော့ ပြန်ဖျက်ဆီးနေပါလား။

 ၉ ကျွန်တော့်ကို ရွှံ့စေးနဲ့လုပ်ထားတယ်ဆိုတာ သတိရပါဦး။+

အခုတော့ မြေမှုန့်ထဲ ပြန်သွားခိုင်းနေပါလား။+

၁၀ ကိုယ်တော်က ကျွန်တော့်ကို နွားနို့လို လောင်းပြီး

ဒိန်ခဲလို ခဲစေခဲ့တယ်။

၁၁ ကျွန်တော့်ကိုယ်ခန္ဓာကို အရေပြားတွေ၊ အသားတွေနဲ့ ဖုံးလွှမ်းပေးပြီး

အရိုးတွေ၊ အရွတ်တွေနဲ့ ဖွဲ့စည်းပေးခဲ့တယ်။+

၁၂ ကျွန်တော့်ကို အသက်ပေးခဲ့တယ်။ ခိုင်မြဲတဲ့မေတ္တာ ပြခဲ့တယ်။

ကျွန်တော့်အသက်စွမ်းအားကို ကာကွယ်စောင့်ရှောက်ခဲ့တယ်။+

၁၃ ဒါပေမဲ့ ကျွန်တော့်ကို ဒုက္ခပေးဖို့ တိတ်တဆိတ် ကြံစည်တယ်။

ဒီဒုက္ခတွေ ကိုယ်တော့်ဆီက လာမှန်း ကျွန်တော် သိပါတယ်။

၁၄ ကျွန်တော် အပြစ်လုပ်တဲ့အခါ ကိုယ်တော် စောင့်ကြည့်နေတယ်။+

အမှားတွေကို ခွင့်မလွှတ်ဘူး။

၁၅ ကျွန်တော် အပြစ်ရှိရင်လည်း အဖြစ်ဆိုးလွန်းပါတယ်။

အပြစ်မရှိပြန်တော့လည်း သိက္ခာကျပြီး ဒုက္ခရောက်နေလို့+

ခေါင်းမော့နိုင်မှာ မဟုတ်ပါဘူး။+

၁၆ ခေါင်းမော့မိရင် ကိုယ်တော်က ခြင်္သေ့ပျိုလို လိုက်ဖမ်းဦးမယ်။+

ကျွန်တော့်ကို ဒဏ်ပေးဖို့ တန်ခိုးပြဦးမယ်။

၁၇ ကိုယ်တော်က သက်သေတွေ တစ်ယောက်ပြီးတစ်ယောက် ခေါ်လာတယ်။

အမျက်ထွက်တဲ့အတွက်

ကျွန်တော့်မှာ ဒုက္ခတစ်ခုပြီးတစ်ခု ကြုံနေရတယ်။

၁၈ ကျွန်တော့်ကို အမေ့ဝမ်းထဲကနေ ဘာလို့ ထုတ်ခဲ့တာလဲ။+

တကယ်ဆို ဘယ်သူမှမမြင်ခင် သေခဲ့ရမှာ။

၁၉ အဲဒါမှ ကျွန်တော်ဟာ တစ်ခါမှ မရှိခဲ့ဖူးသူလို ဖြစ်သွားမှာ။

အမေ့ဝမ်းထဲကနေ သင်္ချိုင်းကို တန်းရောက်သွားမှာ။’

၂၀ ကျုပ်ရဲ့နေ့ရက်တွေ သိပ်မကျန်တော့ပါဘူး။+ ဒါကြောင့် ဘုရားက ကျုပ်ကို ပစ်ထားလိုက်ပါစေ။

ကျုပ်မသွားခင် စိတ်သက်သာရာရအောင် အကြည့်လွှဲပေးပါစေ။+

၂၁ ကျုပ် သွားပြီးရင် ပြန်မလာတော့ဘူး။+

ပိန်းပိတ်အောင် မှောင်တဲ့ပြည်၊+

၂၂ အမှောင်ထု ကြီးစိုးတဲ့ပြည်၊

မှောင်မိုက်ပြီး ပရမ်းပတာ ဖြစ်နေတဲ့ပြည်ကို သွားရမှာ။

အဲဒီမှာ အလင်းကတောင် အမှောင်လိုဖြစ်နေတာ။”

၁၁ နေမတ်အမျိုးသား ဇောဖာ+ ပြန်ပြောတာက–

 ၂ “ဒီစကားတွေအတွက် အဖြေမရှိဘဲ နေမလား။

စကားအများကြီး ပြောတိုင်း မှန်နိုင်မှာလား။

 ၃ ခင်ဗျားရဲ့ အဓိပ္ပာယ်မဲ့ စကားတွေကြောင့် လူတွေ နှုတ်ဆိတ်သွားမှာလား။

လှောင်ပြောင်တဲ့ စကားတွေကို အပြစ်တင်တဲ့သူ မရှိဘဲနေမှာလား။+

 ၄ ‘ကျုပ်ရဲ့သွန်သင်ချက်တွေဟာ အမှန်တွေပါ။+

ဘုရားရှေ့မှာ ကျုပ် သန့်ရှင်းတယ်’ လို့ ခင်ဗျားပြောခဲ့တယ်။+

 ၅ ဒါပေမဲ့ ဘုရားပဲ နှုတ်ကိုဖွင့်ပြီး

ခင်ဗျားကို ပြောပါစေ။+

 ၆ လက်တွေ့ကျ ဉာဏ်ပညာမှာ အသွင်အပြင် အမျိုးမျိုးရှိတဲ့အတွက်

ဉာဏ်ပညာရဲ့ လျှို့ဝှက်ချက်တွေအကြောင်း ဘုရား ပြောပြလိမ့်မယ်။

အမှားတချို့ကို ဘုရားသခင် တမင်မေ့ထားပေးမှန်း ခင်ဗျားသိလာမယ်။

 ၇ ဘုရားရဲ့ နက်နဲတဲ့ဉာဏ်ပညာအကြောင်း ခင်ဗျား ထုတ်ဖော်နိုင်သလား။

အနန္တတန်ခိုးရှင်အကြောင်းကို အကုန်အစင် ထုတ်ဖော်နိုင်သလား။

 ၈ ဉာဏ်ပညာဟာ မိုးကောင်းကင်ထက် ပိုမြင့်တဲ့အတွက် ခင်ဗျား ဘယ်လိုလုပ် ရယူနိုင်မှာလဲ။

သင်္ချိုင်းထက် ပိုနက်ရှိုင်းတဲ့အတွက် ဘယ်လိုလုပ် သိနိုင်မှာလဲ။

 ၉ ဉာဏ်ပညာဟာ ကမ္ဘာမြေထက် ကျယ်ဝန်းတယ်။

ပင်လယ်ထက် ကျယ်ပြန့်တယ်။

၁၀ ဘုရားက ဖြတ်သွားပြီး တစ်ယောက်ယောက်ကို

တရားရုံးဆီ ဆွဲခေါ်သွားရင် ဘယ်သူ တားနိုင်မှာလဲ။

၁၁ လှည့်စားတတ်သူတွေကို ဘုရားသိတယ်။

ဆိုးညစ်တဲ့အရာကို မြင်တဲ့အခါ အရေးမစိုက်ဘဲ နေမှာလား။

၁၂ မြည်းရိုင်းက လူကို မွေးထုတ်တဲ့အခါကျမှ

ဦးနှောက်မရှိသူလည်း သိနားလည်မှု ရှိလာလိမ့်မယ်။

၁၃ ခင်ဗျားသာ စိတ်ကိုပြင်ဆင်ပြီး

ဘုရားဆီ လက်ဖြန့်အသနားခံမယ်ဆိုရင်၊

၁၄ ကိုယ်လုပ်နေတဲ့ မကောင်းမှုတွေကို စွန့်ပစ်ပြီး

ကိုယ့်တဲမှာ မဖြောင့်မတ်တာ ဘာတစ်ခုကိုမှ လက်မခံဘူးဆိုရင်၊

၁၅ အပြစ်ပြောစရာမရှိဘဲ ခေါင်းမော့နိုင်မှာ။

ဘာကိုမှ မကြောက်ဘဲ ရပ်တည်နိုင်မှာ။

၁၆ အဲဒီအခါ ကိုယ့်ဒုက္ခကို မေ့သွားမယ်။

စီးဆင်းသွားတဲ့ရေလိုပဲ ယူမှတ်လိမ့်မယ်။

၁၇ ခင်ဗျားဘဝဟာ မွန်းတည့်ချိန်ထက် တောက်ပမယ်။

ဘဝမိုးမှောင်ကျချိန်မှာတောင် မနက်ခင်းလို ဖြစ်မယ်။

၁၈ မျှော်လင့်ချက်ရှိတဲ့အတွက် ယုံကြည်စိတ်ချမှု ရှိနေမယ်။

ပတ်လည်ကို ကြည့်ပြီးတဲ့နောက် စိတ်ချလက်ချ အိပ်စက်နိုင်မယ်။

၁၉ ခြောက်လှန့်သူ တစ်ယောက်မှမရှိတဲ့အတွက် အေးအေးဆေးဆေး လဲလျောင်းရလိမ့်မယ်။

လူတွေက ခင်ဗျားရဲ့ မျက်နှာသာရဖို့ ကြိုးစားကြလိမ့်မယ်။

၂၀ လူဆိုးတွေကတော့ မျက်စိမှုန်လာမယ်။

ပြေးစရာမြေ ရှိမှာမဟုတ်ဘူး။

သူတို့ရဲ့ တစ်ခုတည်းသောမျှော်လင့်ချက်ဟာ သေခြင်းပဲ။”+

၁၂ ယောဘ ပြန်ပြောတာက–

၂ “သိပ်ဟုတ်တာပေါ့။ ခင်ဗျားတို့ပဲ သိတယ်၊ တတ်တယ်။

ခင်ဗျားတို့ သေတဲ့အခါ ဉာဏ်ပညာလည်း လိုက်သေမှာပဲ။

 ၃ ကျုပ်လည်း သိတာပေါ့။

ခင်ဗျားတို့ထက် မညံ့ပါဘူး။

ဒါတွေကို မသိတဲ့လူ ရှိလို့လား။

 ၄ ဘုရားသခင်ဆီက အဖြေရဖို့ အကူအညီတောင်းမိလို့+

ကျုပ်ကို မိတ်ဆွေတွေ လှောင်ကြတယ်။+

ဖြောင့်မတ်ပြီး အပြစ်ကင်းတဲ့သူဟာ လှောင်ပြောင်စရာ ဖြစ်ရတာပဲ။

 ၅ အပူအပင်ကင်းသူက ဘေးဆိုးကို မမှုဘူး။

ခြေမခိုင်သူတွေပဲ ဘေးဆိုးကြုံရတယ်လို့ ထင်တတ်တယ်။

 ၆ ဓားပြတွေရဲ့တဲက အေးချမ်းနေတယ်။+

ဘုရားသခင်ကို အမျက်ထွက်အောင် လုပ်သူတွေက

ရုပ်တုပိုင်ဆိုင်ထားသူတွေလို ဘေးကင်းလုံခြုံနေတယ်။+

 ၇ ဒါပေမဲ့ တိရစ္ဆာန်တွေကို မေးကြည့်လိုက်ပါ။ သူတို့ သွန်သင်ပေးလိမ့်မယ်။

မိုးကောင်းကင်ငှက်တွေကို မေးကြည့်ပါ။ သူတို့ ပြောပြလိမ့်မယ်။

 ၈ ဒါမှမဟုတ် ကမ္ဘာမြေအကြောင်း စဉ်းစားကြည့်လိုက်ပါ။* ခင်ဗျားတို့ကို သွန်သင်ပေးလိမ့်မယ်။

ပင်လယ်ငါးတွေလည်း ခင်ဗျားတို့ကို ပြောပြလိမ့်မယ်။

 ၉ သူတို့ကို ယေဟောဝါ ဖန်ဆင်းထားတယ်ဆိုတာ

သူတို့ မသိဘဲနေပါ့မလား။

၁၀ သက်ရှိတိုင်းရဲ့ အသက်နဲ့ လူတိုင်းရဲ့ အသက်စွမ်းအားဟာ

ဘုရားလက်ထဲမှာ ရှိတယ်။+

၁၁ လျှာက အစာကို မြည်းတတ်သလို

နားကလည်း စကားတွေကို စစ်ဆေးတတ်တယ် မဟုတ်လား။+

၁၂ အသက်ကြီးသူဆီမှာ ဉာဏ်ပညာရှိပြီး+

အသက်ရှည်သူဆီမှာ သိနားလည်မှုရှိတယ် မဟုတ်လား။

၁၃ ဘုရားဆီမှာ ဉာဏ်ပညာနဲ့ အစွမ်းခွန်အားရှိတယ်။+

အကြံဉာဏ်နဲ့ သိနားလည်မှုလည်း ရှိတယ်။+

၁၄ ဘုရားဖြိုဖျက်ထားတာကို ပြန်တည်ဆောက်လို့ မရနိုင်ဘူး။+

ဘုရားပိတ်ထားတာကို ဘယ်သူမှ ပြန်မဖွင့်နိုင်ဘူး။

၁၅ ဘုရားက ရေကို မလွှတ်ပေးတဲ့အခါ မြေကြီး ခြောက်သွေ့သွားတယ်။+

ပြန်လွှတ်ပေးတဲ့အခါ ရေလွှမ်းမိုးသွားတယ်။+

၁၆ ဘုရားဆီမှာ ခွန်အားနဲ့ လက်တွေ့ကျဉာဏ်ပညာ ရှိတယ်။+

လမ်းလွဲသူရော လမ်းလွဲအောင်လုပ်တဲ့သူပါ ဘုရားလက်ထဲမှာ ရှိတယ်။

၁၇ ဘုရားက မှူးမတ်တွေကို ခြေဗလာနဲ့ သွားလာစေတယ်။

တရားသူကြီးတွေကို ရူးသွပ်စေတယ်။+

၁၈ ဘုရင်တွေ ချည်ထားတဲ့ကြိုးကို ဖြေပေးတယ်။+

ဘုရင်တွေကို ခါးစည်းနဲ့ ချည်နှောင်တယ်။

၁၉ ပုရောဟိတ်တွေကို ခြေဗလာနဲ့ လျှောက်စေတယ်။+

တန်ခိုးအာဏာ  တည်မြဲသူတွေကို  ကျရှုံးစေတယ်။+

၂၀ ဘုရားက ယုံကြည်ရတဲ့ အတိုင်ပင်ခံတွေကို နှုတ်ဆိတ်စေတယ်။

အသက်ကြီးသူတွေရဲ့ အသိတရားကို နုတ်ယူပစ်တယ်။

၂၁ ဂုဏ်အသရေရှိသူတွေကို အရှက်ခွဲတယ်။+

အားကြီးသူတွေကို အားလျော့စေတယ်။

၂၂ မှောင်မိုက်မှာရှိတဲ့ နက်နဲရာတွေကို ဖော်ထုတ်တယ်။+

အမှောင်ထုကို အလင်းထဲ ခေါ်ထုတ်လာတယ်။

၂၃ ဘုရားက လူမျိုးတွေကို အင်အားကြီးမားစေပြီးနောက် ဖျက်ဆီးပစ်တယ်။

တိုးများစေပြီးနောက် သုံ့ပန်းဘဝ ရောက်စေတယ်။

၂၄ ခေါင်းဆောင်တွေရဲ့ သိနားလည်မှုကို နုတ်ယူတယ်။

လမ်းမရှိတဲ့ ကန္တာရမှာ လှည့်လည်သွားလာစေတယ်။+

၂၅ သူတို့က အလင်းမရှိတဲ့မှောင်မိုက်မှာ စမ်းတဝါးဝါး သွားလာနေရတယ်။+

အရက်မူးနေသူလို ဒယိမ်းဒယိုင် ဖြစ်စေတယ်။+

၁၃ “ဒါတွေအားလုံးကို ကျုပ် မျက်စိနဲ့ တပ်အပ်မြင်ပြီ။

နားနဲ့ ဆတ်ဆတ်ကြားပြီး နားလည်ပြီ။

 ၂ ခင်ဗျားတို့လောက်တော့ ကျုပ်လည်း သိပါတယ်။

ခင်ဗျားတို့ထက် မညံ့ပါဘူး။

 ၃ ကျုပ်ကတော့ အနန္တတန်ခိုးရှင်နဲ့ပဲ စကားပြောချင်တယ်။

ကိုယ့်အမှုကို ဘုရားသခင်ဆီပဲ တင်ပြချင်တယ်။+

 ၄ ခင်ဗျားတို့က မဟုတ်တာတွေပြောပြီး ကျုပ်ကို သိက္ခာချနေကြတယ်။

ခင်ဗျားတို့အားလုံး သုံးစားလို့မရတဲ့ သမားတော်တွေပဲ။+

 ၅ တိတ်တိတ်နေကြ။

ဒါမှ ခင်ဗျားတို့ကို ပညာရှိတယ်လို့ ထင်ကြမှာ။+

 ၆ ကျုပ်ရဲ့ချေပချက်ကို နားထောင်ကြဦး။

ကျုပ်ရဲ့လျှောက်လဲချက်ကို အာရုံစိုက်ကြဦး။

 ၇ ခင်ဗျားတို့က ဘုရားသခင် ဘက်မှာ   နေပြီး မတရား ပြောမလို့လား။

လှည့်စားပြောဆိုမလို့လား။

 ၈ ဘုရားဘက်မှာ နေကြမလို့လား။

စစ်မှန်တဲ့ဘုရားသခင်ဘက်မှာနေပြီး လျှောက်လဲပေးမလို့လား။

 ၉ ဘုရားသာ စစ်ဆေးရင် ခင်ဗျားတို့အတွက် ကောင်းနိုင်ပါ့မလား။+

သေမျိုးဖြစ်တဲ့လူကို လှည့်စားသလို ဘုရားကို လှည့်စားမလို့လား။

၁၀ ခင်ဗျားတို့ မသိမသာ မျက်နှာလိုက်နေရင်

ကောင်းကောင်း ဆုံးမခံရလိမ့်မယ်။+

၁၁ ဘုရားရဲ့ ဂုဏ်အရှိန်အဝါကို မလန့်ကြဘူးလား။

ဘုရားကို မကြောက်ကြဘူးလား။

၁၂ ခင်ဗျားတို့ရဲ့ ပညာအလိမ္မာစကားတွေဟာ ပြာလိုပဲ တန်ဖိုးမရှိဘူး။

ချေပချက်တွေကလည်း ရွှံ့စေးဒိုင်းလွှားလိုပဲ မခိုင်မာဘူး။

၁၃ တိတ်တိတ်နေကြပါ။ ကျုပ် ပြောပါရစေ။

ပြီးမှ ဖြစ်ချင်တာ ဖြစ်ပါစေတော့။

၁၄ ကျုပ် ဘာလို့ အသက်အန္တရာယ် ကြုံနေရတာလဲ။

ဘာလို့ အသက်ကို ရင်းရမှာလဲ။

၁၅ ဘုရားသတ်လို့ သေရမယ်ဆိုရင်လည်း ကျုပ် စောင့်မျှော်နေဦးမယ်။+

ကျုပ်ရဲ့အမှုကို ရှေ့တော်မှာ ခုခံပြောဆိုမယ်။

၁၆ တရားမဲ့သူတစ်ယောက်မှ ရှေ့တော်ကို မဝင်လာနိုင်ဘူး ဆိုတော့+

ကျုပ်ကို ဘုရားကယ်မှာပါ။+

၁၇ ကျုပ်စကားကို အသေအချာ နားထောင်ကြပါ။

ကျုပ်ရဲ့ထွက်ဆိုချက်ကို အာရုံစိုက်ကြပါ။

၁၈ အခု ကျုပ်ရဲ့အမှုကို တင်ပြဖို့ အသင့်ဖြစ်နေပြီ။

ကိုယ်မှန်တာ ကိုယ်သိတယ်။

၁၉ ကျုပ်နဲ့ ဘယ်သူတရားဆိုင်မလဲ။

ကျုပ် နှုတ်ဆိတ်ပြီးသာနေရရင် သေရချည်ရဲ့။*

၂၀ အို ဘုရားသခင်၊ ကျွန်တော် တောင်းဆိုချင်တဲ့ ဒီအချက်နှစ်ချက်ကို လိုက်လျောပေးရင်

ကိုယ်တော့်ကို ရှောင်ဖယ်မနေတော့ပါဘူး။

၂၁ ကျွန်တော့်အပေါ် တင်ထားတဲ့ လေးလံတဲ့လက်ကို ဖယ်ပေးပါ။

ကိုယ်တော့်ကို ကြောက်တဲ့စိတ်နဲ့ ချောက်ချားပြီး မနေပါရစေနဲ့။+

၂၂ ကျွန်တော့်ကို ခေါ်ပါ။ ပြန်ထူးပါ့မယ်။

ကျွန်တော်ပြောရင်လည်း တုံ့ပြန်ပေးပါ။

၂၃ ကျွန်တော် ဘာအမှားတွေ၊ ဘာအပြစ်တွေ လုပ်ခဲ့လို့လဲ။

ကျွန်တော့်ပြစ်မှားမှုနဲ့ အပြစ်တွေကို ဖော်ထုတ်လိုက်ပါ။

၂၄ ကျွန်တော့်ကို ဘာလို့ မျက်နှာလွှဲပြီး+

ရန်သူလို သဘောထားရတာလဲ။+

၂၅ လေနှင်ရာလွင့်တဲ့ သစ်ရွက်ကို ခြောက်လှန့်မလို့လား။

ရိုးပြတ်ခြောက်ကို လိုက်ဖမ်းမလို့လား။

၂၆ ကျွန်တော်နဲ့ပတ်သက်တဲ့ ပြင်းထန်တဲ့ စွပ်စွဲချက်တွေကို ကိုယ်တော် ရေးမှတ်ထားတယ်။

ငယ်ငယ်တုန်းက ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် ဖြေရှင်းချက်ပေးခိုင်းတယ်။

၂၇ ကျွန်တော့်ကို ထိတ်တုံးခတ်ထားတယ်။

ကျွန်တော်သွားတဲ့လမ်းတွေကို နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးတယ်။

တကောက်ကောက် ခြေရာခံလိုက်တယ်။

၂၈ ဒါကြောင့် ကျွန်တော်ဟာ* ပုပ်ဆွေးနေတဲ့အရာလို၊

ပိုးစားနေတဲ့ အဝတ်လို ပျက်စီးသွားတာပေါ့။

၁၄ “လူ့ဘဝဟာ တိုတောင်းတယ်။+

ဒုက္ခတွေ ပြည့်နှက်နေတယ်။+

 ၂ လူဟာ ပန်းလိုပွင့်ပြီး ညှိုးနွမ်းသွားတယ်။*+

အရိပ်လိုကွယ်ပျောက်သွားတယ်။+

 ၃ ကိုယ်တော်က သူ့ကို မျက်စိဒေါက်ထောက် ကြည့်တယ်။

တရားစီရင်ဖို့ ဆင့်ခေါ်တယ်။+

 ၄ မသန့်ရှင်းသူက သန့်ရှင်းသူကို မွေးထုတ်နိုင်ပါ့မလား။+

မဖြစ်နိုင်ဘူး။

 ၅ လူ့သက်တမ်းဟာ သတ်မှတ်ပြီးသားပဲ။

သူနေရမယ့် လတွေဟာ ဘုရားလက်ထဲမှာပဲ ရှိတယ်။

မကျော်လွန်ရအောင် ကန့်သတ်ထားတယ်။+

 ၆ စာရင်းငှားတစ်ယောက်လို တစ်နေ့တာအကုန်မှာ အနားယူနိုင်အောင်

သူ့ဆီကနေ အကြည့်ကိုလွှဲပေးပါ။+

 ၇ သစ်ပင်မှာတောင် မျှော်လင့်ချက် ရှိသေးတာပဲ။

ခုတ်လှဲလိုက်ရင် အတက်တွေ ပြန်ပေါက်ပြီး

အခက်တွေ ပြန်ထွက်လာလိမ့်မယ်။

 ၈ အမြစ်တွေ မြေအောက်မှာ ဆွေးပြီး

သစ်ငုတ်ကလည်း မြေပေါ်မှာ သေနေပေမဲ့

 ၉ ရေနံ့လေး ရတဲ့အခါ အတက်ထွက်ပြီး

အပင်ပေါက်လေးလို အခက်အလက်တွေ ထွက်လာလိမ့်မယ်။

၁၀ လူကတော့ သေသွားရင် ဘာမှ မစွမ်းဆောင်နိုင်တော့ဘူး။

သေဆုံးသွားရင် ဘယ်မှာမှ မရှိတော့ဘူး။+

၁၁ ရေအိုင် တိမ်ကောသွားသလို၊

မြစ်ချောင်း ခန်းခြောက်သွားသလို

၁၂ လူကလည်း သေသွားပြီးနောက် ပြန်မထတော့ဘူး။+

မိုးကောင်းကင် တည်ရှိနေသရွေ့ ပြန်နိုးထလာမှာ မဟုတ်ဘူး။

အိပ်ပျော်ရာကနေ နှိုးလို့ရမှာ မဟုတ်ဘူး။+

၁၃ ကိုယ်တော်က ကျွန်တော့်ကို သင်္ချိုင်း* မှာ ဝှက်ထားပေးရင်၊+

အမျက်မပြေမချင်း ဖုံးကွယ်ပေးထားရင်၊

ကျွန်တော့်အတွက် အချိန်သတ်မှတ်ပြီး သတိရပေးရင် သိပ်ကောင်းမှာပဲ။+

၁၄ လူဟာ သေဆုံးသွားရင် အသက်ပြန်ရှင်နိုင်ဦးမလား။+

ကျွန်တော်က လွတ်မြောက်မယ့်အချိန် မရောက်မချင်း

မဖြစ်မနေ ကြုံရမယ့်နေ့တွေ တစ်လျှောက်လုံး စောင့်ဆိုင်းနေပါ့မယ်။+

၁၅ ကိုယ်တော် ခေါ်တဲ့အခါ ပြန်ထူးပါ့မယ်။+

ကိုယ်တော်ဟာ ဖန်ဆင်းထားတဲ့လက်ရာကို ပြန်မြင်ချင်စိတ် ပြင်းပြနေလိမ့်မယ်။

၁၆ အခုတော့ ကိုယ်တော်က ကျွန်တော့်ခြေလှမ်းတိုင်းကို ရေတွက်နေတယ်။

အပြစ်ကိုပဲ လိုက်ကြည့်နေတယ်။

၁၇ ကျွန်တော့်ပြစ်မှားမှုတွေကို အိတ်ထဲထည့်ပြီး ချိပ်ပိတ်ထားတယ်။

အမှားတွေကိုလည်း ကော်နဲ့ ချိပ်ပိတ်ထားတယ်။

၁၈ တောင်တန်း ပြိုကျပြီး တစ်စစီဖြစ်သွားသလို၊

ကျောက်ဆောင် နေရာရွေ့သွားသလို၊

၁၉ ကျောက်တွေကို ရေတိုက်စားသလို၊

စီးဆင်းတဲ့ရေက မြေကို တိုက်စားသလို

ကိုယ်တော်က သေမျိုးဖြစ်တဲ့လူရဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးပစ်တယ်။

၂၀ သူ့ကို အနိုင်ယူပြီး ဖျက်ဆီးလိုက်တယ်။+

သူ့ရုပ်သွင်ကို ပြောင်းပစ်ပြီး အဝေးကို နှင်လွှတ်တယ်။

၂၁ သားတွေဂုဏ်ပြုခံရတာကို သူ မသိဘူး။

သူတို့အနှိမ်ခံရတာကိုလည်း မသိဘူး။+

၂၂ ဒါပေမဲ့ သွေးသားခန္ဓာ ရှိနေတုန်းမှာတော့ နာကျင်နေရတယ်။

အသက်ရှင်နေတုန်းမှာတော့ ညည်းတွားနေရတယ်။”

၁၅ တေမန်အမျိုးသား ဧလိဖတ်+ ပြန်ပြောတာက–

 ၂ “ဉာဏ်ပညာရှိသူက အဓိပ္ပာယ်မဲ့တဲ့စကားတွေ ပြောပါ့မလား။

ကိုယ့်ဝမ်းကို အရှေ့လေတွေနဲ့ ဖြည့်ထားပါ့မလား။

 ၃ အဲဒီလိုစကားနဲ့ ဆုံးမနေတာ ဘာမှအသုံးမဝင်ဘူး။

ပြောနေရုံနဲ့ ဘာမှ အကျိုးမထူးဘူး။

 ၄ ခင်ဗျားကြောင့် ဘုရားကို ကြောက်စိတ်တွေ လျော့ကုန်ပြီ။

ဘုရားအကြောင်း တွေးတောချင်စိတ်တွေ ပျောက်ကုန်ပြီ။

 ၅ ခင်ဗျားရဲ့အမှားက ခင်ဗျားဘာပြောရမယ်ဆိုတာ ညွှန်ကြားနေတယ်။

ခင်ဗျားက စဉ်းလဲတဲ့စကားတွေ ပြောတယ်။

 ၆ ခင်ဗျားကို အပြစ်တင်တာ ကျုပ် မဟုတ်ဘူး။ ခင်ဗျားပဲ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာ။

ကိုယ့်အမှားကို ကိုယ်တိုင် သက်သေထွက်ဆိုနေတာ။+

 ၇ ခင်ဗျားက ဦးဆုံးမွေးဖွားလာတဲ့ လူလား။

တောင်ကုန်းတွေ မပေါ်ပေါက်ခင် မွေးဖွားလာတာလား။

 ၈ ဘုရားပြောတဲ့ အတွင်းရေးတွေကို ကြားနာခွင့်ရထားလို့လား။

ခင်ဗျားတစ်ယောက်တည်းပဲ ဉာဏ်ပညာရှိတာလား။

 ၉ ခင်ဗျားပဲ သိပြီး ကျုပ်တို့မသိတာ ရှိလို့လား။+

ခင်ဗျားပဲ နားလည်ပြီး ကျုပ်တို့နားမလည်တာ ရှိလို့လား။

၁၀ ကျုပ်တို့ထဲမှာ ဆံဖြူနေသူတွေ၊

ခင်ဗျားအဖေထက် အသက်ကြီးသူတွေ ရှိတယ်။+

၁၁ ခင်ဗျားကို ဘုရားနှစ်သိမ့်ပေးတာ၊

ညင်ညင်သာသာ ပြောတာတွေ မလုံလောက်သေးဘူးလား။

၁၂ ခင်ဗျား ဘာလို့ စိတ်ကြီးဝင်နေတာလဲ။

မျက်လုံးတွေက ဘာလို့ ဒေါသမီး ဝင်းဝင်းတောက်နေတာလဲ။

၁၃ ခင်ဗျားက ဘုရားသခင်ကို စိတ်ဆိုးလို့

ဒီလိုစကားမျိုး ပြောတာ။

၁၄ သေမျိုးဖြစ်တဲ့လူဟာ ဘယ်လိုလုပ် စင်ကြယ်နိုင်မှာလဲ။

မိန်းမမွေးတဲ့လူဟာ ဘယ်လိုလုပ် ဖြောင့်မတ်နိုင်မှာလဲ။+

၁၅ ကြည့်လေ။ ဘုရားက သန့်ရှင်းသူတွေကိုတောင် မယုံဘူး။

မိုးကောင်းကင်တောင် ရှေ့တော်မှာ မစင်ကြယ်ဘူး။+

၁၆ ရွံစရာကောင်းပြီး အကျင့်ပျက်သူ၊+

မဖြောင့်မတ်မှုကို ရေသောက်သလို သောက်သုံးနေသူဆိုရင်တော့ ပြောမနေနဲ့တော့။

၁၇ ကျုပ်ပြောမယ်။ နားထောင်ပါ။

မြင်ဖူးသမျှ ကျုပ်ပြောပြမယ်။

၁၈ ဉာဏ်ပညာရှိသူတွေကို ဘိုးဘေးတွေ မထိမ်ဝှက်ဘဲ ပြောခဲ့တဲ့အရာတွေ+

ကျုပ်ပြောပြမယ်။

၁၉ ဘိုးဘေးတွေက ပြည်ကို ရခဲ့တယ်။

အဲဒီပြည်ထဲ ဘယ်သူစိမ်းမှ မဖြတ်သွားဘူး။

၂၀ လူဆိုးဟာ တစ်သက်လုံး ဒုက္ခကြုံရတယ်။

အာဏာရှင်ဟာ သက်တမ်းတစ်လျှောက်လုံး ဒုက္ခခံရတယ်။

၂၁ ကြောက်လန့်စရာအသံတွေ ကြားရတယ်။+

အေးချမ်းငြိမ်သက်ချိန်မှာ ဓားပြတိုက်ခံရတယ်။

၂၂ အမှောင်ထဲကနေ လွတ်မယ်လို့ သူ မထင်ဘူး။+

သူ့ကို ဓားဘေး စောင့်ကြိုနေတယ်။

၂၃ သူက စားစရာ ဘယ်မှာလဲဆိုပြီး လိုက်ရှာနေရတယ်။

အမှောင်နေ့ဟာ လက်တစ်ကမ်းမှာပဲဆိုတာ ကောင်းကောင်းသိနေတယ်။

၂၄ စိတ်ဆင်းရဲမှုနဲ့ ပူပင်သောကဟာ သူ့ကို ခြောက်လှန့်နေတယ်။

တိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေတဲ့ ဘုရင်လို သူ့ကို အနိုင်ယူလိုက်တယ်။

၂၅ သူက ဘုရားကို လက်သီးလက်မောင်း တန်းပြတဲ့အတွက်၊

အနန္တတန်ခိုးရှင်ကို အာခံဖို့ကြိုးစားတဲ့အတွက်၊

၂၆ ဒိုင်းလွှားကြီးကို ကိုင်ပြီး

ဘုရားကိုတိုက်ခိုက်ဖို့ ခေါင်းမာမာနဲ့ ပြေးလာတဲ့အတွက်၊

၂၇ သူ့မျက်နှာက အဆီတွေနဲ့ မို့အစ်နေသလို

ခါးကလည်း အဆီတွေနဲ့ တုတ်ခိုင်နေတဲ့အတွက်၊

၂၈ ဖျက်ဆီးခံရမယ့် မြို့တွေ၊

လူမနေတော့ဘဲ

ကျောက်ပုံဖြစ်ရမယ့် အိမ်တွေမှာ နေထိုင်ရတယ်။

၂၉ သူ ချမ်းသာလာမှာ မဟုတ်ဘူး။ စည်းစိမ်တိုးလာမှာ မဟုတ်ဘူး။

သူ့ပစ္စည်းဥစ္စာတွေ ပွားများလာမှာ မဟုတ်ဘူး။

၃၀ အမှောင်ထဲကနေ လွတ်မှာမဟုတ်ဘူး။

သူ့အခက်အလက်ဟာ မီးလျှံကြောင့် ခြောက်သွေ့ သွားလိမ့်မယ်။

ဘုရားရှူထုတ်တဲ့ လေကြောင့် သူသေဆုံးသွားလိမ့်မယ်။+

၃၁ တကယ်ဆို သူ လမ်းမလွဲသင့်ဘူး။ အကျိုးမရှိတဲ့အရာကို မကိုးစားသင့်ဘူး။

အကျိုးမရှိတာကို ပြန်ရမှာမို့လို့ပဲ။

၃၂ သူ့အချိန်မရောက်ခင် အဲဒီအတိုင်း ဖြစ်လိမ့်မယ်။

သူ့အကိုင်းအခက်တွေလည်း ဘယ်တော့မှ စိမ်းလန်းမှာ မဟုတ်ဘူး။+

၃၃ သူဟာ မမှည့်ခင် အသီးကြွေသွားတဲ့ စပျစ်ပင်လို၊

အပွင့်ကြွေသွားတဲ့ သံလွင်ပင်လို ဖြစ်လိမ့်မယ်။

၃၄ ဘုရားတရားမဲ့တဲ့ လူစုဟာ ဖြစ်ထွန်းမှာ မဟုတ်ဘူး။+

လာဘ်စားသူတွေရဲ့တဲဟာ မီးလောင်သွားလိမ့်မယ်။

၃၅ သူတို့က ဒုက္ခကို ကိုယ်ဝန်ဆောင်ပြီး ဒုစရိုက်ကို မွေးဖွားတယ်။

လှည့်စားမှုကို မွေးထုတ်တယ်။”

၁၆ ယောဘ ပြန်ပြောတာက–

၂ “ဒီလိုအကြောင်းတွေကို အရင်က အများကြီး ကြားဖူးသားပဲ။

ခင်ဗျားတို့က ကျုပ်ကို နှစ်သိမ့်ပေးမယ့်အစား နှိပ်စက်နေကြတာပဲ။+

 ၃ အဓိပ္ပာယ်မဲ့စကားတွေ ပြောလို့ပြီးဦးမှာလား။

ဘာလို့ ဒီလိုပြောနေကြတာလဲ။

 ၄ ကျုပ်လည်း ခင်ဗျားတို့လောက်တော့ ပြောတတ်ပါတယ်။

ခင်ဗျားတို့သာ ကျုပ်နေရာမှာဆိုရင်

ကျုပ်လည်း ခင်ဗျားတို့မကောင်းကြောင်းကို စီကာပတ်ကုံးပြောပြီး

ခေါင်းတခါခါ လုပ်တတ်သားပဲ။+

 ၅ ဒါပေမဲ့ အဲဒီအစား အားပေးစကား၊ နှစ်သိမ့်စကား ပြောပြီး

ခင်ဗျားတို့ကို စိတ်သက်သာရာ ရစေမှာပါ။+

 ၆ ကျုပ်ပြောတော့ကော ဝေဒနာ သက်သာသွားတာမှ မဟုတ်တာ။+

မပြောဘဲနေတော့လည်း နာကျင်နေတုန်းပဲ။

 ၇ အခုတော့ ဘုရားက ကျုပ်ကို မောပန်းစေပြီ။+

အိမ်သားအားလုံးကို ဆုံးပါးစေပြီ။

 ၈ ကျုပ်ကို ဘုရားဖမ်းထားတာ အများအမြင်ပဲ။

ကျုပ်ပိန်ချုံးနေတာ သက်သေပဲ။

 ၉ ဘုရားက ကျုပ်ကို ဒေါသတကြီး အပိုင်းပိုင်း ဆွဲဖဲ့နေတယ်။+

အမုန်းရန်ငြိုးတွေ သိုထားပြီး အံကြိတ်နေတယ်။

ရန်သူက ကျုပ်ကို စိန်းစိန်းကြီး ကြည့်နေတယ်။+

၁၀ လူတွေက ကျုပ်ကိုဝါးမျိုဖို့ ပါးစပ်ဟထားကြတယ်။+

အထင်သေးတဲ့စိတ်နဲ့ ပါးရိုက်ကြတယ်။

ရန်မူဖို့ အုပ်စုလိုက် ဝိုင်းအုံလာကြတယ်။+

၁၁ ဘုရားသခင်က ကျုပ်ကို လူငယ်တွေလက်ထဲ အပ်တယ်။

လူဆိုးတွေလက်ထဲ ထိုးအပ်လိုက်တယ်။+

၁၂ ဒုက္ခကင်းဝေးနေတဲ့အခါ ဘုရားက ကျုပ်ကို တစ်စစီ ခြေမွှတယ်။+

လည်ကုပ်ကနေ ကိုင်ပြီး နင်းခြေတယ်။

ကျုပ်ကို ပစ်မှတ်ထားတယ်။

၁၃ ဘုရားရဲ့လေးသမားတွေ ကျုပ်ကို ဝိုင်းထားတယ်။+

မညှာတာဘဲ ကျုပ်ရဲ့ကျောက်ကပ်ကို မြားနဲ့ခွင်းတယ်။+

သည်းခြေကိုလည်း မြေပေါ်သွန်ပစ်တယ်။

၁၄ ကျုပ်ရင်ဘတ်ကို အကြိမ်ကြိမ် ထိုးဖောက်တယ်။

စစ်သူရဲလို တစ်ဟုန်ထိုး ပြေးဝင်လာတယ်။

၁၅ ကျုပ်ဟာ အထည်ကြမ်း* ဝတ်ထားရတယ်။+

ဂုဏ်သိက္ခာ* ကို မြေမှာ မြှုပ်ထားရတယ်။+

၁၆ ငိုရလွန်းလို့ မျက်နှာ နီရဲနေပြီ။+

မျက်ကွင်းတွေလည်း ညိုမည်းနေပြီ။

၁၇ တကယ်တော့ အကြမ်းဖက်မှုတစ်ခုမှ ကျုပ်မလုပ်ခဲ့ဘူး။

စိတ်ရင်းမှန်နဲ့ပဲ ဆုတောင်းခဲ့တယ်။

၁၈ မြေကြီး၊ ကျုပ်ရဲ့သွေးကို မဖုံးထားပါနဲ့။+

ကျုပ်ရဲ့ငိုကြွေးသံလည်း မရပ်စဲပါစေနဲ့။

၁၉ အခု၊ ကျုပ်ရဲ့သက်သေက ကောင်းကင်မှာ ရှိတယ်။

ကျုပ်ဘက်ကနေ သက်သေထွက်ဆိုပေးမယ့်သူက ဟိုးအမြင့်မှာ ရှိတယ်။

၂၀ မျက်ရည်ကျပြီး ဘုရားသခင်ဆီ အသနားခံတဲ့အတွက်*+

ကျုပ်ကို မိတ်ဆွေတွေ လှောင်ပြောင်ကြတယ်။+

၂၁ လူနှစ်ယောက်စပ်ကြားမှာ ဆုံးဖြတ်ပေးမယ့်သူ ရှိသလို

ဘုရားသခင်နဲ့လူ စပ်ကြားမှာလည်း ဆုံးဖြတ်ပေးမယ့်သူရှိပါစေ။+

၂၂ ကျုပ်နေရမယ့်နှစ်တွေ သိပ်မကျန်တော့ပါဘူး။

ပြန်လှည့်လို့မရတဲ့ လမ်းကို သွားရတော့မယ်။+

၁၇ “အသက်စွမ်းအား ကုန်ခန်းနေပြီ။ ကျုပ်ရဲ့နေ့ရက်တွေ ကုန်ဆုံးပြီ။

သင်္ချိုင်းက ကျုပ်ကို စောင့်နေတယ်။+

 ၂ လှောင်ပြောင်သူတွေ ဝိုင်းရံနေတယ်။+

ပုန်ကန်တဲ့လုပ်ရပ်တွေကို ကြည့်ပဲကြည့်နေရတယ်။

 ၃ အို ဘုရားသခင်၊ ကျုပ်ရဲ့အာမခံပစ္စည်းကို လက်ခံပြီး သိမ်းထားပေးပါ။

အာမခံပေးပြီး လက်ဆွဲနှုတ်ဆက်မယ့်သူဆိုလို့ ကိုယ်တော်ကလွဲရင် ဘယ်သူမှ မရှိပါဘူး။+

 ၄ ကိုယ်တော်က သူတို့ကို ဆင်ခြင်တုံတရား ကင်းမဲ့စေတယ်။+

သူတို့ကို မချီးမြှောက်တော့ဘူး။

 ၅ အဲဒီလိုလူက မိတ်ဆွေတွေကို ပစ္စည်းဥစ္စာတွေ ဝေပေးတယ်။

သားသမီးတွေကတော့ ဆာလောင်လွန်းလို့ မျက်လုံးတွေ ဝေဝါးနေတယ်။

 ၆ ဘုရားက ကျုပ်ကို နှာခေါင်းရှုံ့စရာဖြစ်အောင် လုပ်လို့+

ကျုပ်မျက်နှာကို လူတွေ တံတွေးနဲ့ထွေးကြတယ်။+

 ၇ သောကတွေကြောင့် ကျုပ်မျက်လုံးတွေ မှုန်ဝါးနေပြီ။+

ခြေလက်တွေလည်း ပိန်လှီနေပြီ။

 ၈ ကျုပ်ရဲ့အဖြစ်ကို ကြည့်ပြီး ရိုးဖြောင့်သူတွေ အံ့သြနေတယ်။

ဘုရားတရားမဲ့သူတွေကြောင့် အပြစ်ကင်းသူလည်း စိတ်အနှောင့်အယှက် ဖြစ်နေရတယ်။

 ၉ ဖြောင့်မတ်သူက သူ့လမ်းစဉ်မှာ လျှောက်မြဲလျှောက်နေတယ်။+

အပြစ်ကင်းသူကလည်း ခွန်အားတိုးပွားနေတယ်။+

၁၀ ခင်ဗျားတို့အားလုံး ကျုပ်နဲ့ ဆက်ငြင်းခုံလို့ရပါတယ်။

ဒါပေမဲ့ ခင်ဗျားတို့ထဲမှာ ဉာဏ်ပညာရှိသူ တစ်ယောက်မှ မပါဘူး။+

၁၁ ကျုပ်ရဲ့နေ့ရက်တွေ ကုန်ဆုံးပြီ။+

အကြံအစည်တွေ၊ အလိုဆန္ဒတွေ ပျက်စီးပြီ။+

၁၂ ခင်ဗျားတို့က ညကို နေ့ဖြစ်အောင် လုပ်ကြတယ်။

‘လင်းတော့မယ်’ လို့ ပြောပေမဲ့ မှောင်နေတုန်းပဲ။

၁၃ ဆက်သာစောင့်နေရရင် သင်္ချိုင်းဟာ ကျုပ်ရဲ့အိမ် ဖြစ်လာလိမ့်မယ်။+

အမှောင်ထဲမှာပဲ အိပ်ရာခင်းရတော့မယ်။+

၁၄ သင်္ချိုင်းတွင်းကို+ ‘အဖေ၊’

လောက်ကောင်တွေကို ‘အမေ၊ နှမလေး’ လို့ ကျုပ်ခေါ်မယ်။

၁၅ ကျုပ်မျှော်လင့်ချက်တွေ ဘယ်မှာလဲ။+

ကျုပ်မျှော်လင့်ချက်ကို ဘယ်သူမြင်နိုင်မှာလဲ။

၁၆ ကျုပ်တို့အားလုံး မြေမှုန့်ထဲ ဆင်းသက်တဲ့အခါ+

မျှော်လင့်ချက်ကလည်း သင်္ချိုင်းတံခါးအထိ ဆင်းရလိမ့်မယ်။”

၁၈ ရှုအာအမျိုးသား  ဗိလဒဒ်+ ပြန်ပြောတာက–

 ၂ “ခင်ဗျားပြောလို့ မပြီးနိုင်သေးဘူးလား။

နားလည်မှုလေး ရှိစမ်းပါ။ ကျုပ်တို့လည်း ပြောဦးမှာပေါ့။

 ၃ ကျုပ်တို့ကို တိရစ္ဆာန်တွေလို့ ဘာကြောင့် ထင်နေရတာလဲ။+

ငတုံးတွေ* လို့ ဘာကြောင့် သဘောထားရတာလဲ။

 ၄ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ဒေါသတကြီးနဲ့ အပိုင်းပိုင်း ဆွဲဖဲ့နေရင်တောင်

ခင်ဗျားအတွက်နဲ့ ကမ္ဘာကြီးဟာ လူသူဆိတ်သုဉ်းသွားမတဲ့လား။

ကျောက်ဆောင် နေရာရွေ့သွားမတဲ့လား။

 ၅ လူဆိုးရဲ့အလင်း ငြိမ်းသွားလိမ့်မယ်။

သူ့မီးလျှံကလည်း တောက်ပမှာ မဟုတ်ဘူး။+

 ၆ သူ့တဲထဲက အလင်းဟာ အမှောင်ကျသွားလိမ့်မယ်။

သူ့မီးခွက်လည်း ငြိမ်းသွားလိမ့်မယ်။

 ၇ သူက အားမာန်အပြည့်နဲ့ ခြေလှမ်းကျဲကျဲ လှမ်းနိုင်တော့မှာ မဟုတ်ဘူး။

သူ့အကြံအစည်နဲ့သူ လဲကျသွားလိမ့်မယ်။+

 ၈ သူ့ခြေထောက်ဟာ ပိုက်ကွန်ထဲ တိုးဝင်လိမ့်မယ်။

ညွှတ်ကွင်းထဲ သူငြိနေလိမ့်မယ်။

 ၉ သူ့ဖနောင့် ထောင်ချောက်မိသွားမယ်။

ကျော့ကွင်းထဲ သူမိနေမယ်။+

၁၀ သူ့ကိုထောင်ဖမ်းမယ့် ကြိုးကွင်းကို  မြေပေါ်မှာ ဝှက်ထားလိမ့်မယ်။

သူသွားမယ့်လမ်းမှာ ထောင်ချောက် ဆင်ထားလိမ့်မယ်။

၁၁ ကြောက်လန့်စရာတွေ သူ့ကို အဘက်ဘက်ကနေ ခြောက်လှန့်ပြီး+

တကောက်ကောက် လိုက်နေလိမ့်မယ်။

၁၂ ခွန်အားတွေ ဆုတ်ယုတ်လာပြီး

ဘေးဒုက္ခတွေကြောင့်+ ဒယိမ်းဒယိုင် ဖြစ်နေလိမ့်မယ်။

၁၃ သူ့အသားတွေ တစ်တိတိ စားကုန်လိမ့်မယ်။

ရောဂါဆိုးက ခြေလက်တွေကို ဝါးမျိုပစ်လိမ့်မယ်။

၁၄ လုံခြုံတဲ့ သူ့တဲထဲကနေ ဆွဲထုတ်ပြီး+

ဘေးဒဏ်တို့ရဲ့မင်းဆီ ခေါ်သွားကြလိမ့်မယ်။

၁၅ သူ့တဲထဲမှာ သူစိမ်းတွေ နေလိမ့်မယ်။

သူ့အိမ်ကို ကန့်တွေ ကြဲချလိမ့်မယ်။+

၁၆ သူ့အမြစ်တွေ ခြောက်သွေ့သွားမယ်။

သူ့အကိုင်းအခက်တွေ ညှိုးနွမ်းသွားမယ်။

၁၇ ကမ္ဘာပေါ်မှာ သူနဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေ ကျန်ရစ်တော့မှာ မဟုတ်ဘူး။

လမ်းပေါ်မှာလည်း သူ့နာမည်ကိုသိတဲ့သူ ရှိမှာမဟုတ်ဘူး။

၁၈ အလင်းထဲကနေ အမှောင်ထဲကို မောင်းထုတ်ခံရမယ်။

ကမ္ဘာပေါ်ကနေ နှင်ထုတ်ခံရမယ်။

၁၉ သူ့အမျိုးထဲမှာ သားသမီးတွေ၊ သားစဉ်မြေးဆက်တွေ ရှိမှာမဟုတ်ဘူး။

သူနေထိုင်တဲ့နေရာမှာလည်း အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။

၂၀ သူပျက်စီးတဲ့နေ့မှာ အနောက်အရပ်ကလူတွေ ချောက်ချားသွားမယ်။

အရှေ့အရပ်ကလူတွေလည်း တုန်လှုပ်သွားမယ်။

၂၁ အမှားလုပ်သူနေထိုင်တဲ့ တဲတွေ၊

ဘုရားသခင်ကို မသိတဲ့သူရဲ့ နေရာဟာ အဲဒီလိုပဲ ဖြစ်သွားမယ်။”

၁၉ ယောဘ ပြန်ပြောတာက–

၂ “ခင်ဗျားတို့ ကျုပ်ကို ဘယ်အချိန်ထိ စိတ်အနှောင့်အယှက် ပေးနေမှာလဲ။+

ဘယ်အချိန်ထိ စကားနဲ့ ချိုးဖဲ့နေမှာလဲ။+

 ၃ ကျုပ်ကို ပြစ်တင်ဆုံးမတာ ဆယ်ကြိမ်ရှိနေပြီ။

အရှက်မရှိ မညှာမတာ ဆက်ဆံကြပြီ။+

 ၄ ကျုပ် အမှားလုပ်ခဲ့တယ်ဆိုရင်တောင်

ကျုပ်နဲ့ပဲ ဆိုင်တယ်။

 ၅ ကျုပ် ကဲ့ရဲ့ခံထိုက်လို့ ခံရတာဆိုပြီး

ကိုယ့်ကိုယ်ကိုယ် ပိုချီးမြှောက်နေကြမယ်ဆိုရင်၊

 ၆ ကျုပ်ကိုလမ်းလွဲစေသူဟာ ဘုရားသခင်ပဲဆိုတာ သိထားကြပါ။

ဘုရားက ကျုပ်ကို ပိုက်ကွန်နဲ့ဖမ်းတယ်။

 ၇ ‘ရက်စက်လိုက်တာ’ လို့အော်ပေမဲ့လည်း နားထောင်ပေးမယ့်သူ မရှိဘူး။+

အော်ဟစ်အကူအညီတောင်းပေမဲ့လည်း တရားမျှတမှုဆိုတာ မရှိဘူး။+

 ၈ ဘုရားက လမ်းကို ကျောက်တံတိုင်းနဲ့ ကာဆီးထားလို့ ကျုပ် ဖြတ်မသွားနိုင်ဘူး။

လမ်းတွေကို အမှောင်ချထားတယ်။+

 ၉ ကျုပ်ရဲ့ဂုဏ်ကျက်သရေကို ရုပ်သိမ်းလိုက်ပြီ။

ခေါင်းပေါ်က သရဖူကို ဖယ်ရှားလိုက်ပြီ။

၁၀ ကျုပ် ပျက်စီးသွားတဲ့အထိ အဘက်ဘက်ကနေ ဖြိုချတယ်။

ကျုပ်ရဲ့မျှော်လင့်ချက်ကို သစ်ပင်လို ဆွဲနုတ်ပစ်တယ်။

၁၁ ကျုပ်ကို ဒေါသမီးတောက်လောင်ပြီး

ရန်သူလို သဘောထားတယ်။+

၁၂ ဘုရားရဲ့စစ်တပ်က ချီတက်လာပြီး ကျုပ်ကို ဝိုင်းထားတယ်။

တဲပတ်လည်မှာ စခန်းချထားတယ်။

၁၃ ဘုရားက ညီရင်းအစ်ကိုတွေကို ကျုပ်နဲ့ဝေးရာဆီ မောင်းထုတ်လိုက်ပြီ။

အသိမိတ်ဆွေတွေ ရှောင်ဖယ်သွားကြပြီ။+

၁၄ ဆွေမျိုးရင်းချာတွေ ကျုပ်ကို ထားရစ်ခဲ့ပြီ။

အသိအကျွမ်းတွေကလည်း မေ့ကုန်ပြီ။+

၁၅ အိမ်မှာလာတည်းဖူးတဲ့ ဧည့်သည်တွေ၊+ အစေခံမိန်းကလေးတွေက ကျုပ်ကို သူစိမ်းတစ်ရံလို သဘောထားကြတယ်။

သူတို့အမြင်မှာ ကျုပ်ဟာ တိုင်းတစ်ပါးသားပဲ။

၁၆ ကျွန်ကို ခေါ်တော့လည်း သူပြန်မထူးဘူး။

အသနားခံ တောင်းပန်နေရတယ်။

၁၇ ကျုပ်မိန်းမကတောင် ကျုပ်အာငွေ့ကို ရွံသတဲ့။+

ညီရင်းအစ်ကိုတွေအတွက် ကျုပ်ဟာ ပုပ်စော်နံနေပါပြီ။

၁၈ ကလေးတွေလည်း ကျုပ်ကို မလေးစားကြတော့ဘူး။

မတ်တတ်ရပ်တဲ့အခါ သရော်ကြတယ်။

၁၉ မိတ်ဆွေရင်းချာတွေက ကျုပ်ကို နှာခေါင်းရှုံ့ ကြပြီ။+

ချစ်ရသူတွေလည်း ခြေစုံကန်သွားကြပြီ။+

၂၀ ကျုပ်မှာ အရိုးပေါ်အရေတင် ဖြစ်နေတယ်။+

သေဘေးကနေ သီသီကလေး လွတ်လာတယ်။*

၂၁ သူငယ်ချင်းတို့ရေ၊ သနားကြပါ။ သနားကြပါဦး။

ကျုပ်ကို ဘုရားသခင် ရိုက်နေပြီ။+

၂၂ ဘုရားသခင်နှိပ်စက်နေသလို ခင်ဗျားတို့ ကျုပ်ကို ဘာလို့ နှိပ်စက်နေကြတာလဲ။+

ဘာလို့ မနားတမ်း ထိုးနှက်နေကြတာလဲ။+

၂၃ ကျုပ်ရဲ့စကားတွေကို ရေးမှတ်ထားစေချင်လိုက်တာ။

စာစောင်ထဲမှာ ကမ္ပည်းထိုးထားစေချင်လိုက်တာ။

၂၄ ထာဝစဉ် တည်မြဲအောင် သံကညစ်နဲ့ ကျောက်ထက်အက္ခရာတင်ပြီး

ခဲရည်လောင်းထားရင် သိပ်ကောင်းမှာပဲ။

၂၅ ကျုပ်ကိုရွေးနုတ်မယ့်သူ+ အသက်ရှင်နေမှန်း ကျုပ် ကောင်းကောင်းသိတယ်။

နောက်ပိုင်းမှာ သူက ကမ္ဘာမြေမှာ ပေါ်ထွန်းလာလိမ့်မယ်။

၂၆ ကျုပ်ရဲ့အသားအရေတွေ ပျက်စီးသွားရင်တောင်

အသက်ရှင်နေတုန်းမှာပဲ ဘုရားသခင်ကို မြင်ရလိမ့်မယ်။

၂၇ ဘုရားကို ကိုယ်တိုင်မြင်ရမယ်။

ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်ရမယ်။+

ကျုပ် ရင်ကွဲနာကျနေပြီ။

၂၈ ပြဿနာအရင်းခံဟာ ကျုပ်ပဲ ဆိုတဲ့ပုံစံမျိုးနဲ့

‘သူ့ကို ငါတို့နှိပ်စက်နေလို့လား’ ဆိုပြီး ခင်ဗျားတို့ ပြောနေကြတယ်။+

၂၉ ဓားဘေးကို ကြောက်ကြစမ်းပါ။+

ဓားဆိုတာ အမှားလုပ်သူကို ဒဏ်ပေးတတ်တယ်။

တရားသူကြီးရှိတယ်ဆိုတာ ခင်ဗျားတို့ သိထားသင့်တယ်။”+

၂၀ နေမတ်အမျိုးသား ဇောဖာ+ ပြန်ပြောတာက–

 ၂ “ကျုပ် စိတ်မငြိမ်မသက်ဖြစ်ပြီး

ရင်ထဲမှာ ဗလောင်ဆူနေလို့ ပြန်ပြောတော့မယ်။

 ၃ ကျုပ်ကို စော်ကားတဲ့ ဆုံးမစကားတွေကို ကြားနေရတယ်။

ကျုပ်လည်း သိထားတာတွေရှိလို့ ပြောရတော့မယ်။

 ၄ ခင်ဗျား သိမှာပါ။

ကမ္ဘာပေါ်မှာ လူရယ်လို့ စဖြစ်လာချိန်ကတည်းက+

 ၅ လူဆိုးဟာ ကြာကြာ မပျော်နိုင်ပါဘူး။

ဘုရားတရားမဲ့သူက ပျော်ရလည်း ခဏပါပဲ။+

 ၆ သူ့ရဲ့ကြီးမြတ်မှုက မိုးထိအောင် ရောက်ပြီး

ခေါင်းက မိုးတိမ်ကို မီနေရင်တောင်၊

 ၇ မစင်လို ထာဝစဉ် ပျက်စီးသွားလိမ့်မယ်။

မြင်နေကျလူတွေကလည်း ‘သူဘယ်ရောက်သွားပါလိမ့်’ လို့မေးလိမ့်မယ်။

 ၈ သူက အိပ်မက်လို လွင့်ပြယ်သွားမယ်။ ရှာလို့ မတွေ့တော့ဘူး။

ညအိပ်မက်လို ပျောက်လွင့်သွားမယ်။

 ၉ တွေ့ခဲ့ဖူးသူတွေက သူ့ကို ထပ်တွေ့ရတော့မှာ မဟုတ်ဘူး။

နေရင်းအရပ်မှာလည်း သူ့ကို ထပ်မြင်ရတော့မှာ မဟုတ်ဘူး။+

၁၀ သူ့သားသမီးတွေက ဆင်းရဲသားတွေရဲ့ မျက်နှာသာရဖို့ ကြိုးစားလိမ့်မယ်။

သိမ်းယူထားတဲ့ စည်းစိမ်တွေကို သူကိုယ်တိုင် ပြန်ပေးရလိမ့်မယ်။+

၁၁ သူ့အရိုးအဆစ်တွေ သန်စွမ်းနေပေမဲ့

အဲဒီသန်စွမ်းမှုနဲ့အတူ မြေမှုန့်ထဲ လဲလျောင်းရလိမ့်မယ်။

၁၂ မကောင်းမှုကို ခံတွင်းတွေ့ပြီး

ငုံထားမယ်ဆိုရင်၊

၁၃ မထွေးထုတ်ဘဲ

ဆက်အရသာခံနေမယ်ဆိုရင်၊

၁၄ အစာက ဗိုက်ထဲမှာ အချဉ်ပေါက်ပြီး

မြွေဟောက်အဆိပ်လို ဖြစ်သွားလိမ့်မယ်။

၁၅ မျိုချထားတဲ့ စည်းစိမ်တွေကို ပြန်အန်ထုတ်ရလိမ့်မယ်။

ဘုရားက အဲဒါတွေကို သူ့ဗိုက်ထဲကနေ ထုတ်ပစ်လိမ့်မယ်။

၁၆ မြွေဟောက်အဆိပ်ကို သူစုပ်ရလိမ့်မယ်။

မြွေပွေးအစွယ်က သူ့ကို သတ်လိမ့်မယ်။

၁၇ စမ်းချောင်းတွေ၊ ပျားရည်နဲ့ ထောပတ်စီးတဲ့ ချောင်းတွေကို

သူမြင်ရတော့မှာ မဟုတ်ဘူး။

၁၈ ပစ္စည်းဥစ္စာတွေကို မသုံးစွဲလိုက်ရဘဲ ပြန်ပေးရမယ်။

ကုန်သွယ်လို့ရတဲ့ စည်းစိမ်တွေကို စံစားရမှာ မဟုတ်ဘူး။+

၁၉ သူက ဆင်းရဲသားတွေကို နင်းခြေပြီး ပစ်ထားခဲ့တယ်။

ကိုယ်မဆောက်တဲ့ အိမ်ကိုလည်း လုယူခဲ့တယ်။

၂၀ ဒါကြောင့် သူငြိမ်သက်မှုခံစားရမှာ မဟုတ်ဘူး။

စည်းစိမ်ကလည်း သူလွတ်မြောက်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး။

၂၁ သူဝါးမျိုစရာ ဘာမှကျန်မှာ မဟုတ်ဘူး။

သူ့ရဲ့ချမ်းသာကြွယ်ဝမှုဟာ တည်မြဲမှာ မဟုတ်ဘူး။

၂၂ သူဟာ ကျိကျိတက် ချမ်းသာနေချိန်မှာ စိုးရိမ်ပူပန်နေရလိမ့်မယ်။

အကြောင်းမလှမှုတွေ စုပြုံရောက်လာလိမ့်မယ်။

၂၃ သူ ဗိုက်ဖြည့်နေချိန်မှာ

ဘုရားသခင်က ဒေါသမီးတွေ လွှတ်လိမ့်မယ်။

ဗိုက်ထဲကို ဒေါသမိုးတွေ လောင်းချမယ်။

၂၄ သံလက်နက်တွေကို ရှောင်ပြေးနေချိန်မှာ

ကြေးနီမြားတွေ သူ့ကို ထုတ်ချင်းခွင်းလိမ့်မယ်။

၂၅ ကျောမှာ စိုက်နေတဲ့မြား၊

သည်းခြေမှာ စိုက်နေတဲ့ လက်နက်ကို ဆွဲနုတ်လိမ့်မယ်။

သူ ကြောက်လန့်သွားလိမ့်မယ်။+

၂၆ အမှောင်ထုက သူ့ဘဏ္ဍာတွေကို စောင့်နေမယ်။

ဘယ်သူမှ မီးထိုးယပ်ခတ် မလုပ်တဲ့မီးက သူ့ကို ဝါးမျိုမယ်။

တဲထဲမှာ အသက်ရှင်ကျန်ရစ်သူတွေကို ဘေးဆိုး စောင့်နေမယ်။

၂၇ မိုးကောင်းကင်က သူ့အမှားကို ဖော်ထုတ်မယ်။

ကမ္ဘာမြေက သူ့ကို ဆန့်ကျင်မယ်။

၂၈ ရေလွှမ်းမိုးဘေးက သူ့အိမ်ကို တိုက်ချသွားမယ်။

အမျက်တော်ထွက်တဲ့နေ့မှာ ရေတွေ ဒလဟောစီးနေမယ်။

၂၉ ဒါတွေဟာ ဘုရားသခင်ဆီကနေ လူဆိုးရတဲ့ဝေစုပဲ။

သူ့အတွက် ဘုရားသတ်မှတ်ထားတဲ့ အမွေပဲ။”

၂၁ ယောဘ ပြန်ပြောတာက–

၂ “ကျုပ်ပြောတာကို အသေအချာ နားထောင်ကြပါ။

ဒါဆို နှစ်သိမ့်ပေးရာ ရောက်လိမ့်မယ်။

 ၃ ကျုပ်ပြောနေတုန်း သည်းခံပေးကြပါ။

ပြီးမှ လှောင်ချင်လည်း လှောင်ကြပေါ့။+

 ၄ ကျုပ်က လူကို ညည်းပြနေတာမှ မဟုတ်တာ။

အဲဒီလိုသာဆိုရင်တော့ ကျုပ် စိတ်ရှည်နိုင်မှာ မဟုတ်ဘူး။

 ၅ ကျုပ်ကို တအံ့တသြ စိုက်ကြည့်ပြီး

ပါးစပ်ကို လက်နဲ့ ပိတ်ထားကြပါ။

 ၆ ကြုံခဲ့ရတာတွေကို ပြန်တွေးမိတိုင်း ထိတ်လန့်လွန်းလို့

ကျုပ် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေတယ်။

 ၇ လူဆိုးတွေ ဘာလို့ အသက်ရှည်နေကြတာလဲ။+

ဘာလို့ အသက်ကြီးတဲ့အထိ နေရပြီး ချမ်းသာနေကြတာလဲ။+

 ၈ သူတို့မျက်စိအောက်မှာပဲ သားသမီးတွေ ကြီးပြင်းလာတယ်။

သားစဉ်မြေးဆက်တွေကိုလည်း မြင်ရတယ်။

 ၉ သူတို့အိုးအိမ်တွေ အေးချမ်းလုံခြုံပြီး ဘာကြောက်စရာမှ မရှိဘူး။+

ဘုရားသခင်ကလည်း သူတို့ကို ကြိမ်ဒဏ်မပေးဘူး။

၁၀ သူတို့ရဲ့ နွားထီးတွေ မျိုးပွားကြတယ်။

နွားမတွေလည်း ဇီးမလျှောဘဲ သားပေါက်ကြတယ်။

၁၁ ကလေးတွေက သိုးအုပ်လို အပြင်မှာ ပြေးလွှားနေကြတယ်။

သားသမီးတွေ ခုန်ပေါက်နေကြတယ်။

၁၂ ချူတပ်ဗုံနဲ့ စောင်းတွေ တီးပြီး သီချင်းဆိုကြတယ်။

ပလွေသံကို နားဆင်ကြတယ်။+

၁၃ ကျေနပ်စရာကောင်းတဲ့ဘဝနဲ့ အသက်ရှင်ပြီးနောက်

သင်္ချိုင်းကို အေးအေးသက်သာ ရောက်သွားကြတယ်။

၁၄ ဒါပေမဲ့ သူတို့က စစ်မှန်တဲ့ဘုရားသခင်ကို ‘နေပါစေ၊

ဘုရားရဲ့လမ်းစဉ်တွေအကြောင်း မသိချင်ပါဘူး။+

၁၅ အနန္တတန်ခိုးရှင်ဆိုတာ ဘယ်သူမို့လို့ ဝတ်ပြုရမှာလဲ။+

ဘုရားနဲ့သိကျွမ်းလို့ရော ဘာအကျိုးရမှာမို့လို့လဲ’ လို့ပြောကြတယ်။+

၁၆ ဒါပေမဲ့ သူတို့စည်းစိမ်ကို သူတို့  မထိန်းထားနိုင်မှန်း ကျုပ်သိတယ်။+

လူဆိုးတွေရဲ့အတွေးမျိုး ကျုပ်မှာ လုံးဝမရှိဘူး။+

၁၇ လူဆိုးတွေရဲ့မီးခွက် ဘယ်နှစ်ခါများ ငြိမ်းဖူးလို့လဲ။+

ဘေးဒုက္ခတွေကို ဘယ်နှစ်ခါများ ကြုံဖူးလို့လဲ။

ဘုရားသခင်က သူတို့ကို  ဘယ်နှစ်ခါများ ဒေါသနဲ့ ဖျက်ဆီးဖူးလို့လဲ။

၁၈ သူတို့ဟာ လေနှင်ရာလွင့်တဲ့ ကောက်ရိုးလို၊

လေပြင်းနှင်ရာ လွင့်သွားတဲ့ စပါးခွံလို ဖြစ်ဖူးလို့လား။

၁၉ ဘုရားသခင်က လူတစ်ယောက်ရဲ့ အပြစ်အတွက် သူ့သားကို ဒဏ်ခတ်မှာပါ။

ဒါပေမဲ့ အသိတရားရစေဖို့ သူ့ကိုလည်း ပြန်ဆပ်ပေးပါစေ။+

၂၀ သူက သူ့ရဲ့ပျက်စီးခြင်းကို ကိုယ်တိုင်မြင်ရပါစေ။

အနန္တတန်ခိုးရှင်ရဲ့ အမျက်ကို သောက်သုံးရပါစေ။+

၂၁ သူနေရမယ့်လတွေ ကုန်ဆုံးသွားပြီး+

သူသေဆုံးပြီးနောက် သားမြေးတွေအတွက် စိုးရိမ်ပူပန်နိုင်ပါဦးမလား။

၂၂ ကြီးမြတ်သူတွေကို တရားစီရင်တဲ့အခါ+

ဘုရားသခင်ကို အသိပညာပေးနိုင်သူ ရှိသလား။+

၂၃ လူတစ်ယောက်က အပူအပင်ကင်းပြီး စိတ်အေးလက်အေး ဖြစ်နေတုန်း၊+

သန်စွမ်းနေတုန်း၊+

၂၄ ပေါင်တွေ တုတ်ခိုင်ပြီး

အရိုးတွေ သန်မာနေတုန်းမှာပဲ သေဆုံးရတယ်။

၂၅ နောက်တစ်ယောက်ကျတော့ ကောင်းတာတွေကို တစ်ခါမှ မမြည်းစမ်းလိုက်ရဘဲ

အကြီးအကျယ် သောကရောက်ပြီး သေဆုံးရတယ်။

၂၆ ဒါပေမဲ့ နှစ်ယောက်စလုံး မြေမှုန့်ထဲမှာ လဲလျောင်းရလိမ့်မယ်။+

တစ်ကိုယ်လုံး လောက်တွေ တွယ်နေလိမ့်မယ်။+

၂၇ ခင်ဗျားတို့ ဘာတွေတွေးနေမှန်း၊

ကျုပ်ကို ဒုက္ခပေးဖို့ ဘာတွေကြံစည်နေမှန်း ကျုပ် သိတာပေါ့။+

၂၈ ‘အရေးပါ အရာရောက်သူရဲ့အိမ်က ဘယ်မှာရှိတော့လို့လဲ။

လူဆိုးနေခဲ့တဲ့တဲကရော ဘယ်မှာရှိတော့လို့လဲ’ ဆိုပြီး ခင်ဗျားတို့ ပြောကြတယ်။+

၂၉ ခရီးသည်တွေကို မမေးဖူးဘူးလား။

သူတို့ရဲ့တွေ့ရှိချက်တွေကို အသေအချာ မလေ့လာဖူးဘူးလား။

၃၀ လူယုတ်မာဟာ ဘေးဒုက္ခကျရောက်တဲ့နေ့မှာ လွတ်မြောက်သွားတယ်တဲ့။

ဒုက္ခရောက်တဲ့နေ့မှာ ကယ်တင်ခံရတယ်တဲ့။

၃၁ နည်းလမ်းတော်ကို အပြစ်တင်မယ့်သူ၊

သူလုပ်ခဲ့တာတွေအတွက် ပြန်ဆပ်ပေးမယ့်သူ ရှိလို့လား။

၃၂ သူ့ကို သင်္ချိုင်းဆီ ပို့ဆောင်ပေးပြီး

အုတ်ဂူကိုလည်း စောင့်ကြပ်ပေးကြတယ်။

၃၃ မြေစိုင်မြေခဲတွေဟာ သူ့အတွက် ချိုမြိန်နေလိမ့်မယ်။+

အရင်သွားနှင့်တဲ့ မရေတွက်နိုင်တဲ့သူတွေလို

လူအားလုံးလည်း သူ့နောက် လိုက်သွားရမှာပဲ။+

၃၄ ဒီတော့ ကျုပ်ကို ဘာလို့ အဓိပ္ပာယ်မရှိတဲ့စကားနဲ့ နှစ်သိမ့်နေတာလဲ။+

ခင်ဗျားတို့စကားတွေဟာ အလိမ်အညာတွေချည်းပဲ။”

၂၂ တေမန်အမျိုးသား ဧလိဖတ်+ ပြန်ပြောတာက–

 ၂ “လူက ဘုရားသခင်အတွက် အသုံးဝင်လို့လား။

ထိုးထွင်းဉာဏ်ရှိသူကရော ဘုရားကို အကျိုးပြုလို့လား။+

 ၃ ခင်ဗျားဖြောင့်မတ်တာကို အနန္တတန်ခိုးရှင် အရေးစိုက်ပါ့မလား။

သမာဓိလမ်းစဉ်အတိုင်း ခင်ဗျားလိုက်လျှောက်လို့ကော ဘုရားက ဘာအကျိုးရလို့လဲ။+

 ၄ ခင်ဗျားသာ တကယ်ကြည်ညိုတယ်ဆိုရင်

ဘုရားက ဒဏ်ပေးပြီး တရားစီရင်ပါ့မလား။

 ၅ ကမ်းကုန်အောင် ဆိုးညစ်လို့၊

အမှားတွေ များလွန်းလို့ အခုလိုခံနေရတာ မဟုတ်လား။+

 ၆ ခင်ဗျားက ညီအစ်ကိုတွေရဲ့ အပေါင်ပစ္စည်းကို မတရားသိမ်းတယ်။

မရှိဆင်းရဲသားတွေရဲ့ အဝတ်ကိုတောင် ချွတ်ယူတယ်။+

 ၇ မောပန်းနေသူကို ရေမတိုက်ဘူး။

ဆာလောင်နေသူကို စားစရာမပေးဘူး။+

 ၈ ခင်ဗျားလို သြဇာအာဏာရှိသူတွေကတော့ မြေယာတွေ ပိုင်ဆိုင်တယ်။+

အခွင့်ထူးခံတွေ အဲဒီမှာ နေထိုင်တယ်။

 ၉ ခင်ဗျားက မုဆိုးမတွေကို လက်ဗလာနဲ့ နှင်လွှတ်တယ်။

မိဘမဲ့ကလေးတွေရဲ့ လက်ရုံးကို ချိုးပစ်တယ်။

၁၀ ဒါကြောင့် ပတ်လည်မှာ ထောင်ချောက်တွေ ဝိုင်းနေတာ။+

ကြောက်စရာတွေ ရုတ်တရက်ပေါ်လာပြီး ခင်ဗျားကို ခြောက်လှန့်နေတာ။

၁၁ ဘာကိုမှ မမြင်နိုင်လောက်အောင် မှောင်မိုက်နေတာ။

ခင်ဗျားကို ရေတွေ လွှမ်းမိုးနေတာ။

၁၂ ဘုရားသခင်က အမြင့်ဆုံးကောင်းကင်မှာ ရှိတယ်မဟုတ်လား။

ကြယ်တွေ ဟိုးအမြင့်မှာရှိနေတာကို ကြည့်လိုက်စမ်းပါ။

၁၃ ဒါတောင် ခင်ဗျားက ‘ဘုရားသခင် ဘာသိမှာတုံး။

အမှောင်ထုကြီးကို ထိုးဖောက်ပြီး တရားစီရင်နိုင်လို့လား။

၁၄ တိမ်တိုက်ကြီး ကာဆီးထားလို့ ဘုရား မမြင်ဘူး။

ဘုရားက ကောင်းကင်အမိုးခုံးပေါ်မှာပဲ သွားလာနေတာ’ လို့ ပြောသေးတယ်။

၁၅ လူဆိုးတွေ လျှောက်ခဲ့တဲ့

လမ်းဟောင်းကို ခင်ဗျားလိုက်မလို့လား။

၁၆ သူတို့ဟာ အချိန်မတန်ခင် ဖယ်ရှားခံလိုက်ရတာ။

သူတို့ရဲ့အုတ်မြစ် ရေထုကြီးနဲ့ မျောပါသွားတာ။+

၁၇ စစ်မှန်တဲ့ဘုရားသခင်ကို ‘လာမနှောင့်ယှက်ပါနဲ့၊’

‘အနန္တတန်ခိုးရှင်က ကျုပ်တို့ကို ဘာလုပ်နိုင်မှာလဲ’ ဆိုပြီး သူတို့ပြောကြတယ်။

၁၈ ဒါပေမဲ့ ဘုရားကပဲ သူတို့အိမ်ကို ကောင်းတဲ့အရာတွေ ဖြည့်ပေးတယ်။

(အဲဒီလို ဆိုးညစ်တဲ့အတွေးမျိုး ကျုပ် လုံးဝမတွေးဘူး။)

၁၉ သူတို့ပျက်စီးတာကို မြင်ပြီး ဖြောင့်မတ်သူတွေ ဝမ်းမြောက်လိမ့်မယ်။

အပြစ်ကင်းသူတွေက လှောင်ပြောင်ပြီး၊

၂၀ ‘ငါတို့ရန်ဘက်တွေ ဖျက်ဆီးခံရပြီ။

ကျန်တာတွေကိုလည်း မီးလောင်ကုန်မှာ’ လို့ ပြောလိမ့်မယ်။

၂၁ ဘုရားကို သိကျွမ်းအောင် လုပ်ပါ။ ဒါဆို ဘုရားနဲ့ သင့်မြတ်နေလိမ့်မယ်။

ခင်ဗျားဆီ ကောင်းတဲ့အရာတွေ ရောက်လာလိမ့်မယ်။

၂၂ နှုတ်တော်ထွက်ပညတ်တွေကို လက်ခံပါ။

မိန့်မှာချက်တွေကို နှလုံးသွင်းပါ။+

၂၃ အနန္တတန်ခိုးရှင်ဆီ ပြန်လှည့်လာပါ။ ခင်ဗျားကို ပြန်ထူထောင်ပေးလိမ့်မယ်။+

မဖြောင့်မတ်မှုတွေကို ကိုယ့်တဲကနေ ဖယ်ရှားမယ်ဆိုရင်၊

၂၄ ရွှေတုံးကို မြေပေါ် လွင့်ပစ်ပြီး

သြဖိရရွှေကို+ ကျောက်ပေါတဲ့ လျှိုမြောင်ထဲ ပစ်ချမယ်ဆိုရင်၊

၂၅ အနန္တတန်ခိုးရှင်ဟာ ခင်ဗျားရဲ့ရွှေတုံး၊

ခင်ဗျားရဲ့ငွေစင် ဖြစ်လာမယ်။

၂၆ အဲဒီအခါ အနန္တတန်ခိုးရှင်ကြောင့် ခင်ဗျား ကြည်နူးရလိမ့်မယ်။

ဘုရားသခင်ကို မော်ဖူးနိုင်လိမ့်မယ်။

၂၇ ခင်ဗျား အသနားခံတဲ့အခါ ဘုရားနားထောင်မယ်။

သစ္စာကတိပြုထားတဲ့အတိုင်း ခင်ဗျား လုပ်ဆောင်နိုင်မယ်။

၂၈ ကြံတိုင်းအောင်လိမ့်မယ်။

ခင်ဗျားသွားမယ့်လမ်းမှာ အလင်းထွန်းလင်းနေမယ်။

၂၉ မောက်မောက်မာမာ ပြောဆိုရင် အရှက်ခွဲခံရလိမ့်မယ်။

နှိမ့်ချသူကိုတော့ ဘုရား ကယ်တင်မယ်။

၃၀ အပြစ်မဲ့သူကို ဘုရား ကယ်မှာဖြစ်လို့

ခင်ဗျားသာ အပြစ်ကင်းမယ်ဆိုရင် ကျိန်းသေ ကယ်တင်ခံရမှာပါ။”

၂၃ ယောဘ ပြန်ပြောတာက–

၂ “ဒီနေ့လည်း ကျုပ်ရဲ့မကျေနပ်ချက်တွေကို မလျှော့တမ်း ပြောဦးမှာပဲ။+

သက်ပြင်းချရလွန်းလို့ အားအင်ကုန်ခန်းနေပြီ။

 ၃ ဘုရားသခင်ကို ဘယ်မှာတွေ့နိုင်မယ်ဆိုတာ သိချင်လိုက်တာ။+

သိများသိခဲ့ရင် ဘုရားစံမြန်းတဲ့နေရာကို သွားမှာပဲ။+

 ၄ ကျုပ်ရဲ့အမှုကို တင်ပြမယ်။

ထုချေမယ့်စကားတွေကို အသင့်ပြင်ထားမယ်။

 ၅ အဲဒီအခါ ဘုရား ဘယ်လိုတုံ့ပြန်မယ်ဆိုတာ သိလာမယ်။

ဘုရားပြောမယ့် စကားတွေကို မှတ်ထားမယ်။

 ၆ ဘုရားက မဟာတန်ခိုးကိုသုံးပြီး ကျုပ်နဲ့ ပြိုင်ငြင်းပါ့မလား။

ဘယ်ငြင်းပါ့မလဲ။ ကျုပ်ပြောတာကို နားထောင်ပေးမှာ သေချာတယ်။+

 ၇ ရိုးဖြောင့်သူရဲ့အမှုကို ဘုရားရှေ့မှာ ဖြေရှင်းလို့ရတယ်။

တရားသူကြီးက ကျုပ်ကို ကွင်းလုံးကျွတ် လွှတ်ပေးလိမ့်မယ်။

 ၈ ကျုပ်က အရှေ့ဘက်ကို သွားတဲ့အခါ အဲဒီမှာ ဘုရား မရှိဘူး။

နောက်ပြန်လှည့်တော့လည်း မတွေ့ဘူး။

 ၉ ဘယ်ဘက်မှာ ဘုရား အလုပ်လုပ်နေတဲ့အခါ သွားရှာတော့လည်း မတွေ့ဘူး။

ညာဘက်ကို ဘုရားလှည့်သွားပေမဲ့ ကျုပ် မမြင်ပြန်ဘူး။

၁၀ ဒါပေမဲ့ ဘုရားကတော့ ကျုပ်သွားတဲ့လမ်းကို သိတယ်။+

ဘုရားစစ်ဆေးပြီးတဲ့နောက် ကျုပ်ဟာ ရွှေစင်လို ဖြစ်လာမယ်။+

၁၁ ဘုရားရဲ့ခြေရာတွေကို ကျုပ် ထက်ကြပ်မကွာ လိုက်တယ်။

လမ်းမလွဲဘဲ လိုက်တယ်။+

၁၂ နှုတ်တော်ထွက် ပညတ်ချက်ကနေ မသွေဖည်ပါဘူး။

မိန့်မှာချက်တွေကို တောင်းဆိုထားတာထက် တန်ဖိုးထားပြီး+ လိုက်နာပါတယ်။

၁၃ ဘုရားစိတ်ပိုင်းဖြတ်ပြီးရင် ဘယ်သူတားနိုင်မလဲ။+

လုပ်ချင်ပြီဆိုရင် ဖြစ်အောင်လုပ်မှာပဲ။+

၁၄ ကျုပ်နဲ့ပတ်သက်ပြီး စိတ်ပိုင်းဖြတ်ထားတဲ့အတိုင်း ဘုရားလုပ်ဆောင်လိမ့်မယ်။

အဲဒီလိုလုပ်ဆောင်စရာတွေ အများကြီး ကျန်သေးတယ်။

၁၅ ဘုရားကြောင့် ကျုပ် စိတ်ပူနေရတယ်။

ဘုရားအကြောင်း စဉ်းစားမိရင် ပိုပြီးကြောက်လာတယ်။

၁၆ ဘုရားသခင်က ကျုပ်ကို သတ္တိနည်းစေတယ်။

အနန္တတန်ခိုးရှင်က ကျုပ်ကို ကြောက်လန့်စေတယ်။

၁၇ ဒါပေမဲ့ မှောင်မိုက်နေလို့၊

မျက်နှာကို အမှောင်ထုဖုံးလွှမ်းနေလို့ ကျုပ်နှုတ်ဆိတ်သွားမှာတော့ မဟုတ်ဘူး။

၂၄ “အနန္တတန်ခိုးရှင်က ဘာလို့ အချိန်မသတ်မှတ်ထားတာလဲ။+

ဘုရားကိုသိကျွမ်းသူတွေက တရားစီရင်မယ့်နေ့ကို ဘာလို့မသိမြင်ကြတာလဲ။

 ၂ လူတွေက နယ်နိမိတ်မှတ်တိုင်တွေကို ရွှေ့တယ်။+

သိုးစုတွေကို ခိုးပြီး ကိုယ့်စားကျက်ဆီ ခေါ်သွားတယ်။

 ၃ မိဘမဲ့ကလေးရဲ့မြည်းကို မောင်းထုတ်တယ်။

မုဆိုးမရဲ့နွားကို အပေါင်ပစ္စည်းအဖြစ် သိမ်းတယ်။+

 ၄ ဆင်းရဲသားတွေကို လမ်းပေါ်ကနေ တွန်းချတယ်။

ခိုကိုးရာမဲ့သူတွေ ပုန်းရှောင်နေရတယ်။+

 ၅ ဆင်းရဲသားတွေက မြည်းရိုင်းတွေလို+ တောထဲမှာ စားစရာ လိုက်ရှာရတယ်။

သားသမီးတွေအတွက် ကန္တာရမှာ အစာရှာရတယ်။

 ၆ သူတစ်ပါးလယ်ကွက်မှာ တိရစ္ဆာန်အစာကို ရိတ်ရတယ်။

လူဆိုးရဲ့စပျစ်ခြံမှာ ကောက်သင်းကောက်ရတယ်။

 ၇ ညရောက်တော့ အဝတ်မပါ၊

ခြုံစရာမရှိဘဲ ချမ်းချမ်းစီးစီး အိပ်ရတယ်။+

 ၈ တောင်ပေါ်မိုးကြောင့် ရွှဲရွှဲစိုပြီး

နားခိုစရာမရှိတဲ့အတွက် ကျောက်ဆောင်တွေကြားမှာပဲ ခိုကပ်နေရတယ်။

 ၉ ဖတဆိုးလေးဟာ အမိရင်ခွင်ထဲကနေ ဆွဲထုတ်ခံရတယ်။+

ဆင်းရဲသားရဲ့အဝတ်ဟာ အပေါင်ပစ္စည်းအဖြစ် အသိမ်းခံရတယ်။+

၁၀ ဒါကြောင့် သူတို့ခမျာ အဝတ်မပါဘဲ သွားလာနေရတယ်။

ကောက်လှိုင်းစည်းတွေကို ဗိုက်ဆာဆာနဲ့ သယ်နေရတယ်။

၁၁ နေပူကျဲကျဲမှာ လှေကားထစ်စိုက်ခင်းတွေထဲ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတယ်။*

စပျစ်သီးနယ်ရာကျင်းတွေမှာ နင်းနေရပေမဲ့ ရေငတ်နေတယ်။+

၁၂ သေခါနီးလူတွေ မြို့ထဲမှာ ညည်းတွားနေတယ်။

သေလောက်တဲ့ဒဏ်ရာ ရထားသူတွေကလည်း အကူအညီတောင်းနေတယ်။+

ဒါပေမဲ့ ဘုရားသခင် လုံးဝ အရေးမလုပ်ဘူး။*

၁၃ တချို့က အလင်းကို မကြိုက်ဘူး။+

အလင်းရဲ့လမ်းတွေကို အသိအမှတ်မပြုဘူး။

အလင်းရဲ့လမ်းတွေအတိုင်း မလိုက်ဘူး။

၁၄ လူသတ်သမားက အရုဏ်တက်ချိန်မှာ ထပြီး

ခိုကိုးရာမဲ့သူနဲ့ ဆင်းရဲသားတွေကို သတ်ပစ်တယ်။+

ညဘက်မှာတော့ ခိုးဝှက်တယ်။

၁၅ အိမ်ထောင်ရေးဖောက်ပြန်သူက နေဝင်ချိန်ကို စောင့်နေတတ်တယ်။+

‘ဘယ်သူမှ မမြင်ပါဘူး’ ဆိုပြီး+

မျက်နှာကို ဖုံးတတ်တယ်။

၁၆ သူခိုးတွေက ညဘက်မှာ အိမ်တွေကို ဖောက်ထွင်းပြီး

နေ့ဘက်မှာတော့ အိမ်တွင်း အောင်းနေတတ်တယ်။

အလင်းကို ရှောင်ကြတယ်။+

၁၇ သူတို့အတွက် နံနက်အလင်းဟာ မှောင်မိုက်လိုပဲ။

မှောင်မိုက်မှာဖြစ်တတ်တဲ့ ကြောက်စရာတွေကိုတော့ သူတို့ အကျွမ်းတဝင်ဖြစ်နေတယ်။

၁၈ ဒါပေမဲ့ သူတို့က ရေထဲမှာ တစ်ဟုန်ထိုး မျောပါသွားလိမ့်မယ်။

သူတို့မြေယာတွေ ကျိန်စာသင့်လိမ့်မယ်။+

စပျစ်ခြံတွေဆီ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး။

၁၉ မိုးခေါင်ပြီး နေပူတဲ့အခါ နှင်းရေတွေ ခန်းခြောက်သွားသလို

သင်္ချိုင်းကလည်း အပြစ်လုပ်တဲ့သူကို ဆွဲခေါ်သွားလိမ့်မယ်။+

၂၀ အပြစ်လုပ်သူကို မွေးမိခင်ကတောင် မေ့သွားမယ်။ လောက်တွေ သူ့ကို မြိန်ရေရှက်ရေ စားလိမ့်မယ်။

ဘယ်သူမှ သတိမရတော့ဘူး။+

မဖြောင့်မတ်သူဟာ အခုတ်ခံလိုက်ရတဲ့ သစ်ပင်လို ဖြစ်သွားမယ်။

၂၁ သူက မြုံနေတဲ့မိန်းမကို အနိုင်ကျင့်တတ်တယ်။

မုဆိုးမကို နှိပ်စက်တတ်တယ်။

၂၂ ဘုရားသခင်က ခွန်အားကိုသုံးပြီး သြဇာအာဏာရှိသူတွေကို ပယ်ရှင်းပစ်မယ်။

သူတို့က တိုးတက်ကြီးပွားလာရင်တောင် အသက်အတွက် ဘာအာမခံချက်မှ မရှိဘူး။

၂၃ သူတို့ လုံခြုံနေတာ၊ ယုံကြည်စိတ်ချမှုရှိနေတာကို ဘုရားသခင် ခွင့်ပြုထားတယ်။+

သူတို့လုပ်သမျှကိုတော့ စောင့်ကြည့်နေတယ်။+

၂၄ သူတို့က ခဏတာ ချီးမြှောက်ခံရပေမဲ့ ကွယ်ပျောက်သွားမှာပဲ။+

ဆွဲချခံရပြီး+ အများတကာလို သေဆုံးသွားမှာပဲ။

ကောက်နှံလို ရိတ်ဖြတ်ခံရမှာပဲ။

၂၅ အခု ကျုပ် လူလိမ်ပါလို့ ဘယ်သူ သက်သေပြနိုင်မလဲ။

ကျုပ်စကား မှားတယ်လို့ ဘယ်သူ ထောက်ပြနိုင်မလဲ။”

၂၅ ရှုအာအမျိုးသား ဗိလဒဒ်+ ပြန်ပြောတာက–

 ၂ “ဘုရားက တန်ခိုးအာဏာရှိပြီး ကြောက်စရာကောင်းလောက်အောင် ခွန်အားကြီးတယ်။

ကောင်းကင်မှာ ငြိမ်သက်ခြင်း ရှိစေတယ်။

 ၃ ဘုရားရဲ့ တပ်မဟာကို ရေတွက်နိုင်သလား။

ဘုရားပေးတဲ့ အလင်းကို မရတဲ့သူ ရှိသလား။

 ၄ ဒါကြောင့် သေမျိုးဖြစ်တဲ့လူဟာ ဘယ်လိုလုပ်ပြီး ဘုရားသခင်ရှေ့မှာ ဖြောင့်မတ်နိုင်မှာလဲ။+

မိန်းမမွေးတဲ့လူဟာ ဘယ်လိုလုပ်ပြီး အပြစ်ကင်းနိုင်မှာလဲ။+

 ၅ ဘုရားရှေ့မှာ လမင်းတောင် ထိန်ထိန်လင်းတာ မဟုတ်ဘူး။

ကြယ်တွေလည်း စင်ကြယ်တာ မဟုတ်ဘူး။

 ၆ လောက်ကောင်ဖြစ်တဲ့ သေမျိုးလူသား၊

တီကောင်ဖြစ်တဲ့ လူသားဆိုရင် ပြောမနေနဲ့တော့။”

၂၆ ယောဘ ပြန်ပြောတာက–

၂ “ခင်ဗျားတို့က ခွန်အားမရှိသူကို အခုလို ကူညီကြတယ်ပေါ့။

အားမရှိတဲ့လက်ကို အခုလို အားပေးကြတယ်ပေါ့။+

 ၃ ဉာဏ်ပညာမရှိသူကို ခင်ဗျားတို့ပေးတဲ့ အကြံဉာဏ်က ကောင်းလိုက်တာ။+

လက်တွေ့ကျ ဉာဏ်ပညာရှိမှန်း ပြနေကြတာပေါ့။

 ၄ ခင်ဗျားတို့ ဘယ်သူ့ကို ပြောနေတာလဲ။

ဒီလိုပြောဖို့ ဘယ်သူ သင်ပေးတာလဲ။

 ၅ အစွမ်းမရှိတော့တဲ့ လူသေတွေ တုန်လှုပ်နေတယ်။

ပင်လယ်နဲ့ ပင်လယ်သတ္တဝါတွေထက်တောင် နိမ့်ကျသွားတယ်။

 ၆ ဘုရားသခင်ရှေ့မှာ သင်္ချိုင်းကိုတောင် ဖုံးကွယ်ထားလို့ မရဘူး။+

ဖျက်ဆီးခြင်းအရပ်ကလည်း အဖုံးအကာ မရှိဘူး။

 ၇ ဘုရားက မြောက်ဘက်မိုးကောင်းကင်ကို လဟာပြင်ဘက် ပြန့်ကားစေတယ်။+

ကမ္ဘာမြေကို ဘာနဲ့မှမချိတ်ဆွဲဘဲ ဆိုင်းထားတယ်။

 ၈ ရေရဲ့အလေးချိန်ကြောင့် တိမ်တွေ ပေါက်ထွက်မသွားအောင်

တိမ်စိုင်တွေထဲ ရေကို ပတ်ရစ်သိမ်းဆည်းတယ်။+

 ၉ ရာဇပလ္လင်ကို မမြင်နိုင်အောင်

တိမ်တိုက်တွေ ဖြန့်ပြီး ကွယ်ထားတယ်။+

၁၀ ရေမျက်နှာပြင်ပေါ်မှာ မိုးကုပ်စက်ဝိုင်းကို သတ်မှတ်တယ်။+

အလင်းနဲ့အမှောင်ကို ပိုင်းခြားတယ်။

၁၁ မိုးကောင်းကင်ရဲ့တိုင်တွေ လှုပ်ခါတယ်။

ဘုရား ဆုံးမလိုက်တဲ့အခါ မှင်တက်သွားတယ်။

၁၂ ပင်လယ်ကို တန်ခိုးတော်နဲ့ မွှေနှောက်တယ်။+

ပင်လယ်သတ္တဝါကြီးကို ဉာဏ်ပညာနဲ့ အပိုင်းပိုင်းဖြတ်တယ်။+

၁၃ ကောင်းကင်ကို ရှူထုတ်လိုက်တဲ့လေနဲ့ သန့်စင်စေတယ်။

လျှောခနဲပြေးတဲ့ မြွေကို လက်တော်နဲ့ အဆုံးစီရင်တယ်။

၁၄ ဒါတွေဟာ ဘုရားရဲ့ လုပ်ဆောင်မှုတွေထဲမှာ အရိပ်အမြွက်ပဲ ရှိသေးတယ်။+

ဘုရားရဲ့အသံကို သဲ့သဲ့လေးကြားရရုံပဲ ရှိသေးတယ်။

ဒီတော့ ဘုရားဖြစ်ပေါ်စေတဲ့ မိုးခြိမ်းသံအကြောင်းကို ဘယ်သူနားလည်နိုင်မှာလဲ။”+

၂၇ ယောဘ ဆက်ပြောတာက–

 ၂ “ကျုပ်ကို တရားသဖြင့် မစီရင်တဲ့ဘုရား၊ အသက်ရှင်နေတဲ့ဘုရားကို တိုင်တည်ပြီး ပြောမယ်။+

ကျုပ်ကို စိတ်နာကြည်းစေတဲ့ဘုရား၊ အသက်ရှင်နေတဲ့ အနန္တတန်ခိုးရှင်ကို တိုင်တည်ပြီး ပြောမယ်။+

 ၃ ကျုပ် အသက်ရှူနေသရွေ့၊

နှာခေါင်းထဲမှာ ဘုရားပေး အသက်စွမ်းအား ရှိနေသရွေ့၊+

 ၄ ကျုပ်ရဲ့နှုတ်ကနေ မဖြောင့်မတ်တဲ့စကား မထွက်စေရဘူး။

ကျုပ်ရဲ့လျှာက လှည့်စားတဲ့စကားကို မပြောဘူး။

 ၅ ခင်ဗျားတို့ကို ဖြောင့်မတ်တယ်လို့ ပြောဖို့ဆိုတာ ဝေလာဝေးပဲ။

သေတဲ့အထိ ကျုပ်ရဲ့သမာဓိကို မစွန့်ဘူး။+

 ၆ ဖြောင့်မတ်ခြင်းတရားကို ကိုယ်နဲ့မကွာ ထိန်းသိမ်းထားမယ်။+

ကျုပ်အသက်ရှင်နေသရွေ့ ကိုယ့်စိတ်က ကိုယ့်ကိုအပြစ်မတင်ဘူး။

 ၇ ရန်သူက လူဆိုးလို၊

ကျုပ်ကိုတိုက်ခိုက်တဲ့သူက မဖြောင့်မတ်သူလို ဖြစ်သွားပါစေ။

 ၈ ဘုရားတရားမဲ့သူ ဖျက်ဆီးခံရတဲ့အခါ၊

သူ့အသက်ကို ဘုရားသခင် နုတ်ယူလိုက်တဲ့အခါ သူ့မှာ ဘာမျှော်လင့်ချက် ရှိဦးမှာလဲ။+

 ၉ ဒုက္ခရောက်တဲ့အခါ

သူအော်ဟစ်တာကို ဘုရား နားထောင်ပါ့မလား။+

၁၀ အနန္တတန်ခိုးရှင်ကြောင့် သူ ကြည်နူးနိုင်ပါ့မလား။

ဘုရားသခင်ကို တစ်ချိန်လုံး ဆုတောင်းနေပါ့မလား။

၁၁ ဘုရားသခင်ရဲ့ တန်ခိုးတော်* အကြောင်း ကျုပ်သင်ပေးမယ်။

အနန္တတန်ခိုးရှင်အကြောင်း မထိမ်ဝှက်ဘဲ ပြောပြမယ်။

၁၂ ခင်ဗျားတို့သာ စိတ်အာရုံတွေ မြင်ရတယ်ဆိုရင်

ခင်ဗျားတို့ရဲ့စကားတွေ ဘာလို့ အဓိပ္ပာယ်မရှိ ဖြစ်နေရတာလဲ။

၁၃ ဘုရားဆီကနေ လူဆိုးတွေရတဲ့ ဝေစု၊+

အနန္တတန်ခိုးရှင်ဆီကနေ အာဏာရှင်တွေရတဲ့ အမွေကတော့–

၁၄ သူ့သားတွေ များလာခဲ့ရင် ဓားစာဖြစ်သွားမယ်။+

သူ့သားစဉ်မြေးဆက်တွေလည်း ဝဝလင်လင် စားရမှာမဟုတ်ဘူး။

၁၅ အသက်ရှင်ကျန်ရစ်သူတွေက ကပ်ရောဂါကြောင့် သေလိမ့်မယ်။

ကျန်ရစ်သူမုဆိုးမတွေက သူတို့အတွက် ငိုမှာမဟုတ်ဘူး။

၁၆ လူဆိုးက ငွေကို မြေမှုန့်လို ပုံထားရင်တောင်၊

ဝတ်ကောင်းစားလှတွေ များလွန်းလို့ ရွှံ့လို ပုံနေရင်တောင်၊

၁၇ သူသိမ်းထားတဲ့ အဲဒီအဝတ်တွေကို

ဖြောင့်မတ်သူက ဝတ်ဆင်လိမ့်မယ်။+

သူ့ငွေတွေကို အပြစ်ကင်းသူက ခွဲဝေယူလိမ့်မယ်။

၁၈ သူဆောက်တဲ့အိမ်က ပိုးအိမ်လို၊

ကင်းသမားဆောက်တဲ့ ကင်းတဲလို+ ပျက်စီးလွယ်လိမ့်မယ်။

၁၉ သူက လူချမ်းသာအဖြစ်နဲ့ အိပ်ရာဝင်ပေမဲ့ ဘာကိုမှ စုဆောင်းမိမှာ မဟုတ်ဘူး။

မျက်လုံးပွင့်လာတဲ့အခါ ဘာမှရှိတော့မှာ မဟုတ်ဘူး။

၂၀ ကြောက်စရာတွေက သူ့ကို ရေလို လွှမ်းမိုးလိမ့်မယ်။

ညဘက်မှာ လေပြင်းမုန်တိုင်းက ဆွဲခေါ်သွားလိမ့်မယ်။+

၂၁ အရှေ့လေနဲ့ လွင့်ပါသွားတဲ့အတွက် သူရှိတော့မှာ မဟုတ်ဘူး။

လေက သူ့ကို နေရာကနေ တိုက်ချပစ်လိမ့်မယ်။+

၂၂ လေအရှိန်ကနေ လွတ်အောင် အသည်းအသန် ထွက်ပြေးပေမယ့်+

သူ့ကို မသနားဘဲ တိုက်ချပစ်လိမ့်မယ်။+

၂၃ လူတွေ လက်ခုပ်လက်ဝါးတီးပြီး

သရော်တဲ့အနေနဲ့ လေချွန်ကြလိမ့်မယ်။+

၂၈ “ငွေကို တူးဖော်တဲ့နေရာ ရှိတယ်။

သန့်စင်ဖို့လိုတဲ့ ရွှေကို တူးဖော်တဲ့နေရာလည်း ရှိတယ်။+

 ၂ သံကို မြေကြီးထဲက ထုတ်ယူတယ်။

ကျောက်ထဲကနေ ကြေးနီထွက်တယ်။+

 ၃ လူက အမှောင်ထုကို ခွင်းပြီး

မှောင်မည်းနေတဲ့ နေရာမှာ

သတ္တုရိုင်းကို ထောင့်စေ့အောင် ရှာတယ်။

 ၄ လူတွေမနေတဲ့နေရာ၊ လူတွေမရောက်တဲ့နေရာ၊

လူသူမသိတဲ့နေရာမှာ သတ္တုတွင်းကို တူးတယ်။

လူတချို့က တွင်းထဲကို ကြိုးနဲ့လျှောဆင်းတယ်။ ကြိုးကို တွဲလဲခိုပြီး အလုပ်လုပ်တယ်။

 ၅ မြေပေါ်မှာ စားစရာတွေ ပေါက်နေပေမဲ့

မြေအောက်မှာတော့ မီးလောင်သလို ဗြောင်းဆန်နေတယ်။*

 ၆ အဲဒီမှာ နီလာကျောက်တွေ ရှိတယ်။

မြေမှုန့်ထဲမှာ ရွှေတွေရှိတယ်။

 ၇ အဲဒီလမ်းကို ဘယ်သားရဲငှက်မှ မသိဘူး။

စွန်နက်လည်း မမြင်ဘူး။

 ၈ ကြမ်းကြုတ်တဲ့ သားရဲတွေ မနင်းဖူးဘူး။

ခြင်္သေ့ပျိုလည်း မသွားဖူးဘူး။

 ၉ လူက မီးခတ်ကျောက်ဆောင်ကို လက်နဲ့ ဖောက်ထွင်းတယ်။

တောင်တွေကို အရင်းကနေ မှောက်လှန်ပစ်တယ်။

၁၀ ကျောက်ဆောင်ထဲက ရေမြောင်းတွေကို ပိတ်လိုက်တယ်။+

တန်ဖိုးရှိရာမှန်သမျှကို မတွေ့တွေ့အောင် ရှာတယ်။

၁၁ ရေစိမ့်ထွက်တဲ့နေရာတွေကို ပိတ်ဆို့ပြီး

တိမ်မြုပ်နေတဲ့အရာတွေကို အလင်းထဲ ဖော်ထုတ်တယ်။

၁၂ ဒါပေမဲ့ ဉာဏ်ပညာကို ဘယ်မှာတွေ့နိုင်မလဲ။+

သိနားလည်မှုရဲ့ ဇာစ်မြစ်က ဘယ်မှာလဲ။+

၁၃ ဉာဏ်ပညာရဲ့တန်ဖိုးကို ဘယ်သူမှ မသိဘူး။+

သက်ရှိလောကမှာ ဘယ်လိုမှ ရှာမတွေ့နိုင်ဘူး။

၁၄ ‘ငါ့ဆီမှာ မရှိဘူး’ လို့ နက်ရှိုင်းတဲ့ရေထုက ပြောတယ်။

‘ငါနဲ့အတူ မရှိဘူး’ လို့ ပင်လယ်ကလည်း ပြောတယ်။+

၁၅ ဉာဏ်ပညာကို ရွှေစင်နဲ့ ဝယ်လို့မရနိုင်ဘူး။

ငွေနဲ့ချိန်ပြီး လဲယူလို့ မရနိုင်ဘူး။+

၁၆ သြဖိရရွှေ၊+ ရှားပါးတဲ့မဟူရာကျောက်၊

နီလာကျောက်တွေ ပေးပြီး ဝယ်လို့မရနိုင်ဘူး။

၁၇ ရွှေတွေ၊ ဖန်တွေ မယှဉ်နိုင်ဘူး။

ရွှေစင်ဖလားနဲ့လဲလို့ မရနိုင်ဘူး။+

၁၈ သန္တာကျောက်နဲ့ သလင်းကျောက်ဆိုရင်တော့ ဝေးပါလေရော။+

ဉာဏ်ပညာပြည့်နေတဲ့ အိတ်ဟာ ပုလဲပြည့်နေတဲ့ အိတ်ထက် တန်ဖိုးကြီးတယ်။

၁၉ ကုရှပြည်* ထွက် ဥဿဖရားက မယှဉ်နိုင်ဘူး။+

ရွှေစင်နဲ့တောင် ဝယ်လို့မရနိုင်ဘူး။

၂၀ ဒါဆိုရင် ဉာဏ်ပညာက ဘယ်ကနေ လာသလဲ။

သိနားလည်မှုရဲ့ ဇာစ်မြစ်က ဘယ်မှာလဲ။+

၂၁ သက်ရှိတွေ မမြင်နိုင်ဘူး။+

မိုးကောင်းကင်ငှက်တွေ မတွေ့နိုင်ဘူး။

၂၂ ဖျက်ဆီးခြင်းနဲ့ သေခြင်းက

‘သူ့သတင်းကို ကြားဖူးရုံလေးပါပဲ’ လို့ ပြောကြတယ်။

၂၃ ဘုရားသခင်ပဲ ဉာဏ်ပညာ ရှာတွေ့နိုင်မယ့်လမ်းကို နားလည်တယ်။

ဉာဏ်ပညာရဲ့ တည်နေရာကို သိတယ်။+

၂၄ ဘုရားက မြေတစ်ခွင်လုံးကို ကြည့်နေတယ်။

ကောင်းကင်အောက်မှာ ရှိသမျှကို မြင်တယ်။+

၂၅ လေကို အစွမ်းခွန်အား ပေးပြီး+

ရေကို သူ့အတိုင်းအတာနဲ့သူ ပိုင်းခြားပေးတဲ့အခါ၊+

၂၆ မိုးရေအတွက် စည်းမျဉ်းသတ်မှတ်ပြီး+

မိုးကြိုးမုန်တိုင်းအတွက် လမ်းခင်းပေးတဲ့အခါ+

၂၇ ဘုရားက ဉာဏ်ပညာကို တွေ့မြင်ပြီး အဲဒီအကြောင်းကို ရှင်းပြတယ်။

ဉာဏ်ပညာကို ဖြစ်ပေါ်စေပြီး စမ်းသပ်တယ်။

၂၈ အဲဒီနောက် ‘ယေဟောဝါကို ကြောက်ရွံ့တာဟာ ဉာဏ်ပညာပဲ။+

မကောင်းမှုကို ရှောင်တာဟာ သိနားလည်မှုပဲ’+ လို့

လူကို ပြောတယ်။”

၂၉ ယောဘ ဆက်ပြောတာက–

 ၂ “ကုန်လွန်သွားတဲ့ လတွေ၊

ဘုရားသခင် ကြည့်ရှုစောင့်ရှောက်ခဲ့တဲ့ နေ့တွေကို ပြန်လိုချင်လိုက်တာ။

 ၃ အဲဒီအချိန်တုန်းက ဘုရားက ကျုပ်ရဲ့ခေါင်းပေါ်မှာ မီးခွက် ထွန်းပေးတဲ့အတွက်

မှောင်မိုက်ထဲမှာ အလင်းနဲ့ လျှောက်ခဲ့ရတယ်။+

 ၄ အဲဒီတုန်းက ကျုပ်ဟာ အရွယ်ကောင်းလေးပါ။

ကျုပ်တဲမှာ ဘုရားသခင်နဲ့ ရင်းနှီးကျွမ်းဝင်ခွင့်ရခဲ့တယ်။+

 ၅ ကျုပ်နဲ့အတူ အနန္တတန်ခိုးရှင် ရှိခဲ့တယ်။

သားသမီးတွေလည်း ခြံရံနေတယ်။

 ၆ ကျုပ်ခြေချတဲ့နေရာမှာ ထောပတ်တွေ လျှံကျနေပြီး

ကျောက်ဆောင်တွေက ဆီတွေ စီးဆင်းပေးခဲ့တယ်။+

 ၇ မြို့တံခါးကို သွားပြီး+

လူထုရင်ပြင်မှာ ထိုင်ခဲ့တယ်။+

 ၈ လူငယ်တွေက ကျုပ်ကိုတွေ့တာနဲ့ လမ်းဖယ်ပေးကြတယ်။

အသက်ကြီးသူတွေတောင် ထရပ်ကြတယ်။+

 ၉ ခေါင်းဆောင်တွေဆို စကားဆက်မပြောတော့ဘဲ

ပါးစပ်ကို လက်နဲ့ပိတ်ထားကြတယ်။

၁၀ အရေးပါအရာရောက်သူတွေလည်း နှုတ်ဆိတ်နေကြတယ်။

သူတို့လျှာဟာ အာခေါင်မှာ ကပ်နေတယ်။

၁၁ ကျုပ်အကြောင်းကို ကြားသူတိုင်း အကောင်းပြောကြတယ်။

ကျုပ်ကို မြင်သူတိုင်းလည်း ကျုပ်ဘက်ကနေ ထောက်ခံကြတယ်။

၁၂ အော်ဟစ်အကူအညီတောင်းနေတဲ့ ဆင်းရဲသားတွေ၊+

ဖတဆိုးတွေ၊ ခိုကိုးရာမဲ့နေသူတွေကို ကျုပ်ကယ်ခဲ့တယ်။+

၁၃ ဒုက္ခနွံထဲ နစ်နေသူက ကျုပ်ကို ကောင်းချီးပေးတယ်။+

မုဆိုးမတွေကို ကျုပ်ရွှင်လန်းစေခဲ့တယ်။+

၁၄ ကျုပ်က ဖြောင့်မတ်ခြင်းကို ဝတ်ဆင်တယ်။

တရားမျှတခြင်းဟာ ကျုပ်ရဲ့ဝတ်ရုံလို၊ ခေါင်းပေါင်းလိုပါပဲ။

၁၅ ကျုပ်ဟာ မျက်မမြင်အတွက် မျက်စိ၊

ခြေမသန်သူအတွက် ခြေထောက် ဖြစ်ခဲ့တယ်။

၁၆ ဆင်းရဲသားတွေအတွက် ဖခင်သဖွယ် ဖြစ်ခဲ့တယ်။+

သူစိမ်းတွေရဲ့ အမှုအခင်းတွေကိုလည်း စုံစမ်းစစ်ဆေးပေးခဲ့တယ်။+

၁၇ အမှားကျူးလွန်သူရဲ့ မေးရိုးကို ရိုက်ချိုးပြီး+

သူဝါးမျိုနေတဲ့ သားကောင်ကို ဆွဲထုတ်ပေးခဲ့တယ်။

၁၈ ‘ကျုပ်ဟာ ကိုယ့်အသိုက်အမြုံမှာပဲ သေဆုံးရလိမ့်မယ်။+

ကျုပ်ရဲ့နေ့ရက်တွေ သဲပွင့်တွေလို များပြားလိမ့်မယ်။

၁၉ ကျုပ်ရဲ့အမြစ်တွေ ရေထဲမှာ ဖြာထွက်ပြီး

သစ်ကိုင်းတွေလည်း တစ်ညလုံး နှင်းတွေ စိုနေလိမ့်မယ်။

၂၀ ကျုပ်ရဲ့ဂုဏ်ကျက်သရေ ဘယ်တော့မှ မညှိုးနွမ်းဘူး။

လက်ထဲက လေးဟာ တရစပ် ပစ်ခတ်နေရလိမ့်မယ်’ လို့ ကျုပ်ပြောခဲ့ဖူးတယ်။

၂၁ ကျုပ်ပြောမယ့်စကားကို လူတွေ မျှော်လင့်ကြတယ်။

ကျုပ်ရဲ့အကြံဉာဏ်ကို တိတ်တိတ်နေပြီး စောင့်မျှော်ကြတယ်။+

၂၂ ကျုပ်ပြောပြီးတဲ့နောက် သူတို့ ဘာမှထပ်မပြောတော့ဘူး။

ကျုပ်ရဲ့စကားတွေ သူတို့နားထဲ ညင်ညင်သာသာ ရောက်သွားတယ်။

၂၃ မိုးကိုမျှော်သလို ကျုပ်ကို မျှော်ကြတယ်။

နွေဦးမိုးကို သောက်သုံးသလို ကျုပ်ရဲ့စကားတွေကို သောက်သုံးကြတယ်။+

၂၄ ကျုပ်ပြုံးပြတဲ့အခါ မယုံနိုင်အောင် ဖြစ်ကုန်တယ်။

ကျုပ်ရဲ့မျက်နှာအလင်းက သူတို့ကို စိတ်အေးစေတယ်။*

၂၅ ကျုပ်က ခေါင်းဆောင်အနေနဲ့ သူတို့ကို လမ်းညွှန်ပေးခဲ့တယ်။

စစ်သည်တွေ ခြံရံထားတဲ့ ဘုရင်လို၊+

ငိုကြွေးသူတွေကို နှစ်သိမ့်ပေးတဲ့သူလို ဖြစ်ခဲ့တယ်။+

၃၀ “အခုတော့ ကျုပ်ရဲ့သိုးထိန်းခွေးတွေကို ကြည့်ပေးဖို့တောင် မတန်တဲ့လူတွေရဲ့ သားတွေ၊

ကျုပ်ထက် အသက်ငယ်သူတွေက

ကျုပ်ကို လှောင်ရယ်ကြတယ်။+

 ၂ သူတို့ခွန်အားကို ကျုပ်အတွက် သုံးကြလို့လား။

သူတို့ အားအင်ကုန်ခန်းသွားပြီပဲ။

 ၃ ဆင်းရဲငတ်ပြတ်လို့ နွမ်းလျနေတယ်။

ပျက်စီးပြီး လူသူကင်းမဲ့နေတဲ့မြေ၊

ခြောက်သွေ့နေတဲ့မြေကို ဝါးစားနေရတယ်။

 ၄ ချုံပင်တွေရဲ့ ငန်ကျိကျိ အရွက်တွေကို ခူးစားရတယ်။

တံမြက်စည်းပင်ရဲ့ အမြစ်ကို စားရတယ်။

 ၅ ရပ်ရွာထဲကနေ မောင်းထုတ်ခံရတယ်။+

သူခိုးကို အော်ဟစ်မောင်းထုတ်သလို သူတို့ကို မောင်းထုတ်ကြတယ်။

 ၆ လျှိုမြောင်တွေ၊ လိုဏ်ခေါင်းတွေ၊

ကျောက်ဆောင်တွေထဲမှာ သူတို့နေရတယ်။

 ၇ ချုံတွေထဲမှာ အော်ငိုနေရပြီး

ဖက်ယားပင်တွေကြားမှာ ပြွတ်သိပ်နေထိုင်ရတယ်။

 ၈ အသိတရားမရှိသူရဲ့ သားတွေ၊ လူယုတ်မာရဲ့ သားတွေအဖြစ်

နေရင်းပြည်ကနေ မောင်းထုတ်ခံရတယ်။

 ၉ အခုတော့ သူတို့က ကျုပ်ရဲ့အကြောင်းကို သီချင်းဖွဲ့ဆိုပြီး လှောင်ပြောင်ကြပြီ။+

ကျုပ်ဟာ နှာခေါင်းရှုံ့စရာ ဖြစ်နေပြီ။+

၁၀ ကျုပ်ကို ရွံလို့ ဝေးဝေးရှောင်ကြတယ်။+

မျက်နှာကို တံတွေးနဲ့ထွေးဖို့ ဝန်မလေးကြဘူး။+

၁၁ ဘုရားသခင်က ကျုပ်ကို မခုခံနိုင်အောင်လုပ်ပြီး မာန်ချိုး လိုက်တဲ့အတွက်

သူတို့ ဇက်ကုန်လွှတ်ပြီး ရောက်လာတယ်။

၁၂ ကျုပ်ရဲ့ညာဘက်မှာ လူဆိုးတစ်အုပ်လို ထကြွကြတယ်။

ကျုပ်ကို ထွက်ပြေးခိုင်းပေမဲ့

အတားအဆီးတွေကို လမ်းပေါ်ချပြီး ကျုပ်ပျက်စီးသွားအောင် လုပ်ကြတယ်။

၁၃ ကျုပ်ရဲ့လမ်းတွေကို ဖြိုဖျက်ပြီး

ဘေးဒုက္ခကို တိုးများစေတယ်။+

သူတို့ကိုတားမယ့်သူ* တစ်ယောက်မှ မရှိဘူး။

၁၄ မြို့ရိုးကို ထိုးဖောက်ပြီး ဝင်လာသလို ကျုပ်ဆီ ရောက်လာကြတယ်။

အပျက်အစီးတွေကြားကနေ တစ်ဟုန်ထိုး ပြေးလာကြတယ်။

၁၅ ကျုပ်ကို ကြောက်မက်ဖွယ်ရာတွေ လွှမ်းမိုးထားတယ်။

ကျုပ်ရဲ့ဂုဏ်သိက္ခာဟာ လေလို လွင့်ပါသွားတယ်။

ကယ်တင်ခြင်းဟာ တိမ်လို ပျောက်ကွယ်သွားတယ်။

၁၆ ကျုပ် သေလုနီးပါး ဖြစ်နေပြီ။+

ဒုက္ခနေ့တွေကိုပဲ+ ကြုံနေရတယ်။

၁၇ ညဘက်မှာ အရိုးတွေ ကိုက်ခဲပြီး+

တဆစ်ဆစ် နာကျင်နေတယ်။+

၁၈ ကျုပ်ရဲ့အဝတ်ဟာ အရှိန်နဲ့ဆောင့်ဆွဲခံရလို့ ပုံပျက်ပန်းပျက် ဖြစ်နေတယ်။*

ကျပ်နေတဲ့ အင်္ကျီလည်ပင်းပေါက်လို မွန်းကျပ်စေတယ်။

၁၉ ဘုရားသခင်က ရွှံ့ထဲပစ်ထားလိုက်တော့

ကျုပ်မှာ မြေမှုန့်နဲ့ ပြာမှုန့် ဖြစ်နေပြီ။

၂၀ ကျုပ်အော်ဟစ်အကူအညီတောင်းပေမဲ့ ကိုယ်တော် ပြန်မထူးဘူး။+

မတ်တတ်ရပ်ပြပေမဲ့ ဒီအတိုင်းပဲ ကြည့်နေတယ်။

၂၁ ကျုပ်ကို ရက်ရက်စက်စက် ကျောခိုင်းလိုက်ပြီ။+

အားကြီးတဲ့လက်ရုံးနဲ့ တိုက်ခိုက်ပြီ။

၂၂ ကျုပ်ကို ကောက်ကိုင်ပြီး လေထဲလွှင့်ပစ်တယ်။

မုန်တိုင်းထဲ ပစ်ပေါက်တယ်။*

၂၃ ကျုပ်ကို သေခြင်းဆီ၊

အသက်ရှင်သူတိုင်း စုဝေးရမယ့်အိမ်ဆီ ပို့မယ်ဆိုတာ သိပါတယ်။

၂၄ ဒါပေမဲ့ သောကရောက်နေသူက ဒုက္ခရောက်လို့ အကူအညီတောင်းတဲ့အခါ

ဘယ်သူမှ အလဲထိုးမှာ မဟုတ်ပါဘူး။+

၂၅ ကျုပ်က အခက်ကြုံနေရသူတွေအတွက် ငိုကြွေးခဲ့ဖူးတယ် မဟုတ်လား။

ဆင်းရဲသားတွေအတွက် ပူဆွေးခဲ့ဖူးတယ် မဟုတ်လား။+

၂၆ အကောင်းကို မျှော်လင့်ပေမဲ့ အဆိုးပဲ ရောက်လာတယ်။

အလင်းကို စောင့်မျှော်ပေမဲ့ အမှောင်ပဲ ရောက်လာတယ်။

၂၇ ရင်ထဲမှာ ဗလောင်ဆူနေတယ်။

ဒုက္ခနေ့တွေပဲ ရင်ဆိုင်နေရတယ်။

၂၈ နေရောင်မရှိလို့ အမှောင်ထဲမှာပဲ သွားလာနေရတယ်။+

လူအုပ်အလယ်မှာ ထရပ်ပြီး အကူအညီတောင်းနေရတယ်။

၂၉ ခွေးအတွေနဲ့ ညီအစ်ကိုတော်ပြီး

ငှက်ကုလားအုတ်မတွေနဲ့ မိတ်ဆွေဖြစ်နေရတယ်။+

၃၀ ကျုပ်အရေပြားဟာ ညိုမည်းပြီး ကွာကျလာတယ်။+

အရိုးတွေလည်း ပူပြီး လောင်မြိုက်နေတယ်။*

၃၁ စောင်းက ညည်းတွားဖို့အတွက်၊

ပလွေကလည်း ငိုကြွေးဖို့အတွက်ပဲ ဖြစ်လာရပြီ။

၃၁ “ကျုပ်က တခြားမိန်းမကို တပ်မက်တဲ့စိတ်နဲ့ မကြည့်ဘူးလို့+

ကိုယ့်မျက်စိနဲ့ ကတိသစ္စာပြုထားပြီးပြီ။+

 ၂ အဲဒီလိုသာကြည့်ခဲ့ရင် ကောင်းကင်မှာရှိတဲ့ ဘုရားသခင်ဆီကနေ ဝေစုရပါဦးမလား။

အမြင့်မှာရှိတဲ့ အနန္တတန်ခိုးရှင်ဆီကနေ အမွေရပါဦးမလား။

 ၃ အမှားကျူးလွန်သူကို ဘေးဒုက္ခတွေ စောင့်ကြိုနေတယ် မဟုတ်လား။

ဒုက္ခရောက်စေသူက ဘေးဆိုးတွေ ကြုံရတယ် မဟုတ်လား။+

 ၄ ဘုရားက ကျုပ်ရဲ့လမ်းစဉ်တွေကို မြင်တယ် မဟုတ်လား။+

ခြေလှမ်းတိုင်းကို ရေတွက်နေတယ် မဟုတ်လား။

 ၅ မမှန်တဲ့လမ်းစဉ်မှာ ကျုပ်လျှောက်ဖူးလို့လား။

လှည့်စားဖို့ အပြေးအလွှား သွားဖူးလို့လား။+

 ၆ ဘုရားသခင်က ကျုပ်ကို မှန်တဲ့ချိန်ခွင်ထဲမှာ ချိန်တွယ်ကြည့်ပါစေ။+

အဲဒါဆိုရင် ကျုပ်ရဲ့သမာဓိကို သိလာပါလိမ့်မယ်။+

 ၇ ကျုပ်ခြေလှမ်းတွေက လမ်းမှန် ကနေ လွဲသွားခဲ့ရင်၊+

စိတ်နှလုံးက မျက်စိရဲ့အလိုဆန္ဒနောက်ကို လိုက်ပါသွားခဲ့ရင်၊+

လက်တွေ စွန်းထင်းသွားခဲ့ရင်၊

 ၈ ကျုပ် မျိုးကြဲတာကို သူများ စားသွားပါစေ။+

ကျုပ်စိုက်တဲ့အပင်ဟာ အမြစ်ပါမကျန် နုတ်ပစ်ခံရပါစေ။

 ၉ မိန်းမတစ်ယောက်ရဲ့ သွေးဆောင်မှုနောက် စိတ်ပါသွားပြီး+

အိမ်နီးချင်းရဲ့တံခါးဝမှာ ချောင်းမြောင်းနေခဲ့မိရင်၊+

၁၀ ကျုပ်ရဲ့ဇနီးက တခြားယောက်ျားအတွက် ကောက်နှံကြိတ်ပေးရပါစေ။

သူ့ကို တခြားယောက်ျားတွေ စော်ကားပါစေ။+

၁၁ ဘာကြောင့်လဲဆိုတော့ ဒါဟာ အရှက်မရှိတဲ့လုပ်ရပ်၊

တရားသူကြီးတွေပေးတဲ့ ပြစ်ဒဏ်ကို ခံထိုက်တဲ့လုပ်ရပ်ဖြစ်လို့ပဲ။+

၁၂ ကျုပ်ရဲ့ပစ္စည်းဥစ္စာရှိသမျှကို

အစအနမကျန်အောင် ဝါးမျိုဖျက်ဆီးပစ်မယ့် မီးပဲ။+

၁၃ ကျွန်တွေက ကျုပ်ကို မကျေမနပ်ဖြစ်ပြီး လာပြောတဲ့အခါ

ကျုပ် တရားသဖြင့် မစီရင်ပေးခဲ့ဘူးဆိုရင်၊

၁၄ ဘုရားသခင်နဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုလုပ်မလဲ။

ဖြေရှင်းချက်တောင်းတဲ့အခါ ဘယ်လိုပြောရမလဲ။+

၁၅ အမေ့ဝမ်းထဲမှာ ကျုပ်ကိုဖန်ဆင်းတဲ့အရှင်ဟာ သူတို့ကိုလည်း ဖန်ဆင်းခဲ့တယ် မဟုတ်လား။+

ကျုပ်တို့ကို မမွေးခင်ကတည်းက ပုံသွင်းတာလည်း အဲဒီအရှင်ပဲ မဟုတ်လား။+

၁၆ ကျုပ်က ဆင်းရဲသားကို လိုချင်တာမပေးခဲ့ရင်၊+

မုဆိုးမကို မျက်စိမျက်နှာ ညှိုးငယ်သွားအောင် လုပ်ခဲ့ရင်၊+

၁၇ ကိုယ်စားမယ့်အစာကို မိဘမဲ့တွေနဲ့ မဝေမျှဘဲ

တစ်ယောက်တည်း စားပစ်ခဲ့ရင်၊+

၁၈ (ကျုပ်ဟာ ငယ်ငယ်ကတည်းက မိဘမဲ့ကလေးကို ဖခင်သဖွယ် ပြုစုစောင့်ရှောက်ခဲ့တယ်။

ကလေးဘဝကတည်းက မုဆိုးမကို လမ်းပြပေးခဲ့တယ်။)

၁၉ ဝတ်စရာမရှိလို့ အေးခဲပြီး သေရတော့မယ့်သူ၊

ခြုံစရာမရှိတဲ့ ဆင်းရဲသားကို တွေ့တဲ့အခါ၊+

၂၀ သိုးမွေးထည်နဲ့ နွေးသွားအောင် မလုပ်ပေးမိလို့

ကျုပ်ကို သူဆုမွန်ကောင်း မတောင်းပေးခဲ့ရင်၊+

၂၁ မြို့တံခါးနားမှာ ကျုပ်ရဲ့အကူအညီ လိုနေတဲ့ မိဘမဲ့ကလေးကို+

ခြိမ်းခြောက်တဲ့အနေနဲ့ လက်သီးဆုပ်ပြခဲ့ရင်၊+

၂၂ ကျုပ်လက်မောင်းဟာ ပခုံးကနေ ပြုတ်ထွက်ပါစေ။

တံတောင်ဆစ်ကနေကျိုးပါစေ။

၂၃ ဘုရားသခင်ဆီက ဘေးဒုက္ခကို ကျုပ်ကြောက်တယ်။

ဂုဏ်အရှိန်အဝါကြောင့် ရှေ့တော်မှာ ကျုပ် မရပ်တည်နိုင်ဘူး။

၂၄ ရွှေကို ကျုပ်အားကိုးခဲ့ရင်၊

ရွှေစင်ကို ‘အာမခံချက်ပဲ’ လို့ပြောခဲ့ရင်၊+

၂၅ စုဆောင်းထားတဲ့ ပစ္စည်းဥစ္စာတွေ များလာပြီး+

စည်းစိမ်ချမ်းသာကို သာယာ ခဲ့ရင်၊+

၂၆ တောက်ပတဲ့ နေမင်းကိုဖြစ်စေ၊

ခံ့ခံ့ညားညား ရွေ့လျားနေတဲ့ လမင်းကိုဖြစ်စေ တွေ့တဲ့အခါ၊+

၂၇ စိတ်နှလုံး လမ်းလွဲသွားပြီး

အဲဒါတွေကို ဝတ်ပြုတဲ့အနေနဲ့ ကိုယ့်လက်ကို နမ်းခဲ့ရင်၊+

၂၈ ကောင်းကင်မှာရှိတဲ့ စစ်မှန်တဲ့ဘုရားသခင်ကို ငြင်းပယ်ရာရောက်တယ်။

ဒါဟာ တရားသူကြီးတွေပေးတဲ့ ပြစ်ဒဏ်ကို ခံထိုက်တဲ့အမှားပဲ။

၂၉ ရန်သူပျက်စီးတဲ့အခါ ကျုပ်ဝမ်းသာဖူးလို့လား။+

သူဒုက္ခရောက်တဲ့အခါ အားရဖူးလို့လား။

၃၀ သူ့အသက်ကို ရင်းပြီး သစ္စာဆိုခိုင်းတဲ့ အပြစ်မျိုး

ကျုပ် တစ်ခါမှ မလုပ်ခဲ့ဘူး။+

၃၁ ‘သူကျွေးတဲ့အခါ ဝဝလင်လင် မစားရတဲ့သူ ရှိလို့လား’ ဆိုပြီး

ကျုပ်တဲမှာနေတဲ့ လူတွေ ပြောကြတယ်။+

၃၂ ဘယ်သူစိမ်းမှ အပြင်မှာ ညမအိပ်ခဲ့ရဘူး။+

ခရီးသွားဧည့်သည်တွေအတွက် တံခါးကို ဖွင့်ထားတယ်။

၃၃ ကျုပ်က တခြားလူတွေလို ကိုယ့်အပြစ်ကို ဖုံးကွယ်ဖူးသလား။+

ကိုယ့်အမှားကို လူမမြင်အောင်* ဝှက်ထားဖူးသလား။

၃၄ အများတကာ ဘယ်လိုတုံ့ပြန်မလဲဆိုပြီး တွေးပူခဲ့ဖူးလို့လား။

တခြားမိသားစုတွေ အထင်သေးမှာ ကြောက်လို့

နှုတ်ဆိတ်နေပြီး အိမ်တွင်းပုန်းခဲ့ဖူးလို့လား။

၃၅ ကျုပ်ပြောတာကို နားထောင်ပေးမယ့်သူရှိရင် သိပ်ကောင်းမှာပဲ။+

ပြောခဲ့တာတွေအတွက် ကျုပ်နာမည်ကို လက်မှတ်ထိုး ပါ့မယ်။

အနန္တတန်ခိုးရှင် ပြန်ဖြေပါစေ။+

စွပ်စွဲသူကလည်း စွဲချက်တွေကို ရေးမှတ်ထားရင် သိပ်ကောင်းမှာပဲ။

၃၆ အဲဒီစွဲချက်တွေကို ကျုပ်ထမ်းထားပြီး

ခေါင်းပေါ်မှာ သရဖူလို ဆောင်းထားမယ်။

၃၇ ကျုပ်ရဲ့ခြေလှမ်းတိုင်းအတွက် ဘုရားကို အစီရင်ခံမယ်။

မင်းညီမင်းသားတစ်ပါးလို ယုံကြည်မှုအပြည့်နဲ့ ဘုရားအနား  သွားမယ်။

၃၈ မြေက ကျုပ်ကို အပြစ်တင်အော်ဟစ်ပြီး

ထယ်ကြောင်းတွေက ငိုကြွေးခဲ့ရင်၊

၃၉ မြေထွက်သီးနှံတွေကို ငွေမပေးဘဲ စားသုံးခဲ့ရင်၊+

မြေပိုင်ရှင်တွေကို စိတ်ဆင်းရဲအောင်လုပ်ခဲ့ရင်၊+

၄၀ ဂျုံပင်အစား ဆူးပင်၊

မုယောပင်အစား နံစော်တဲ့ပေါင်းပင်တွေ ပေါက်ပါစေ။”

ယောဘရဲ့စကား ပြီးဆုံးပြီ။

၃၂ ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ ယောဘ ယုံကြည်နေတဲ့အတွက် မိတ်ဆွေသုံးယောက် ဘာမှ ဆက်မပြောတော့ဘူး။+ ၂ ဒါပေမဲ့ ဗုဇအနွယ်၊+ ရာမအိမ်ထောင်စုဝင် ဗာရခေလရဲ့သား ဧလိဟုကတော့ တအားဒေါသထွက်တယ်။ ဘုရားသခင်ထက် ပိုဖြောင့်မှန်တယ်ဆိုတာပြဖို့ ယောဘ ကြိုးစားနေတဲ့အတွက် ဧလိဟု သိပ်စိတ်ဆိုးတယ်။+ ၃ ယောဘရဲ့မိတ်ဆွေ သုံးယောက်ကိုလည်း သိပ်စိတ်ဆိုးတယ်။ ယောဘကို သူတို့ ဘာမှ ပြန်မပြောနိုင်တဲ့အပြင်  ဘုရားသခင် ဆိုးညစ်တယ်ဆိုပြီး အပြစ်တင်ကြလို့ပဲ။+ ၄ ဧလိဟုဟာ အားလုံးထဲမှာ အသက်အငယ်ဆုံးဖြစ်နေလို့ ယောဘ ပြောပြီးသွားတဲ့အထိ စောင့်နေတယ်။+ ၅ သူတို့သုံးယောက် ပြန်ပြောစရာ တစ်ခွန်းမှ မရှိတာကို တွေ့တော့ ဧလိဟု ပိုပြီးဒေါသထွက်လာတယ်။ ၆ ဒါကြောင့် ဗုဇအနွယ်၊ ဗာရခေလရဲ့သား ဧလိဟုပြောတာက–

“ခင်ဗျားတို့က အသက်ကြီးပြီး+

ကျွန်တော်က အသက်ငယ်တဲ့အတွက်

လေးစားတဲ့အနေနဲ့ နှုတ်ဆိတ်နေတာပါ။+

ကိုယ်သိတာကို ပြောဖို့ မဝံ့မရဲဖြစ်နေတာပါ။

 ၇ ‘အသက်ကြီးသူတွေ ပြောပါစေ။

နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သူတွေက ဉာဏ်ပညာအကြောင်းကို ပြောပါစေ’ လို့ ကျွန်တော်တွေးမိတယ်။

 ၈ တကယ်တော့ လူတွေကို သိနားလည်မှုရှိစေတာက ဘုရားပေးတဲ့ စွမ်းအား၊

အနန္တတန်ခိုးရှင်ရဲ့ ထွက်သက်ဝင်သက်ပဲ။+

 ၉ အသက်ကြီးတိုင်းလည်း ပညာရှိတာ မဟုတ်ဘူး။

အသက်ကြီးသူတွေပဲ မှန်တာကို နားလည်တာ မဟုတ်ဘူး။+

၁၀ ဒါကြောင့် ‘သိသလောက် ပြောပါ့မယ်။

နားထောင်ပေးကြပါ’ လို့ ကျွန်တော်ပြောနေတာ။

၁၁ ခင်ဗျားတို့ပြောနေတုန်း ကျွန်တော် နားထောင်ခဲ့တယ်။+

ပြန်ပြောမယ့်စကားတွေကို ခင်ဗျားတို့ စဉ်းစားနေတုန်း+

ကျွန်တော် စောင့်ခဲ့တယ်။

၁၂ ကျွန်တော် အသေအချာ နားထောင်ကြည့်လိုက်တော့

ယောဘမှားတယ်လို့ ခင်ဗျားတို့ သက်သေမပြနိုင်ခဲ့ဘူး။

သူ့စကားကို မချေပနိုင်ခဲ့ဘူး။

၁၃ ဒါကြောင့် ‘ကျုပ်တို့ ဉာဏ်ပညာကို တွေ့ပြီ။

ယောဘကို ဆုံးမနေတာ လူမဟုတ်ဘူး။ ဘုရားသခင်ပဲ’ ဆိုပြီး မပြောကြပါနဲ့။

၁၄ ယောဘက ကျွန်တော့်ကို တိုက်ရိုက်ပြောနေတာ မဟုတ်လို့

ကျွန်တော်လည်း ခင်ဗျားတို့လို သူ့ကို ပြန်ချေပမှာ မဟုတ်ဘူး။

၁၅ ခင်ဗျားတို့က ကြောက်လန့်ပြီး ဘာမှပြန်မပြောကြတော့ဘူး။

ပြောစရာစကားလည်း မရှိတော့ဘူး။

၁၆ ကျွန်တော်စောင့်နေပေမဲ့ ခင်ဗျားတို့က ဘာမှဆက်မပြောတော့ဘဲ

မလှုပ်မယှက်နဲ့ နှုတ်ဆိတ်နေကြတယ်။

၁၇ ဒါကြောင့် ကျွန်တော် ပြောတော့မယ်။

ကိုယ်သိတာကို ပြောတော့မယ်။

၁၈ ကျွန်တော့်မှာ ပြောစရာတွေ အများကြီးပဲ။

စွမ်းအားတော်က လှုံ့ဆော်နေတယ်။

၁၉ ရင်ထဲမှာ ချုပ်တည်းထားရလွန်းလို့ အလုံပိတ်ထားတဲ့ စပျစ်ဝိုင်လို၊

ကွဲထွက်တော့မယ့် ဝိုင်သားရေဘူးအသစ်လို ဖြစ်နေပြီ။+

၂၀ ဒါကြောင့် စိတ်သက်သာရာရဖို့ ပြောပါရစေ။

နှုတ်ကိုဖွင့်ပြီး ပြောပါရစေ။

၂၁ ကျွန်တော် မျက်နှာမလိုက်ဘဲ ပြောမှာပါ။+

မြှောက်ပင့်ပြီး မပြောပါဘူး။

၂၂ ဘယ်လိုမြှောက်ပင့်ရမှန်းလည်း မသိပါဘူး။

တကယ်လို့ မြှောက်ပင့်မိခဲ့ရင် ဖန်ဆင်းရှင်က ကျွန်တော့်ကို ချက်ချင်း ဒဏ်ခတ်လိမ့်မယ်။

၃၃ “ယောဘ၊ အခု ကျွန်တော်ပြောတာကို တစ်ဆိတ်လောက် နားထောင်ပါ။

ကျွန်တော်ပြောသမျှကို နားထောင်ပေးပါ။

 ၂ ကျွန်တော် နှုတ်ဆိတ်မနေတော့ဘဲ

ပြောတော့မယ်။

 ၃ ရိုးဖြောင့်တဲ့စိတ်နဲ့ ပြောပါ့မယ်။+

သိထားသလောက် စိတ်ရင်းမှန်နဲ့ ပြောပါ့မယ်။

 ၄ ဘုရားသခင်ရဲ့ စွမ်းအားတော်က ကျွန်တော့်ကို ဖန်ဆင်းတယ်။+

အနန္တတန်ခိုးရှင်ရဲ့ ထွက်သက်ဝင်သက်က အသက်ရှင်စေတယ်။+

 ၅ ခင်ဗျား ပြောနိုင်ရင် ပြန်ပြောပါ။

ကျွန်တော့်ကို ချေပဖို့ အသင့်ပြင်ထားပါ။

 ၆ ကျွန်တော်နဲ့ ခင်ဗျားဟာ စစ်မှန်တဲ့ဘုရားသခင်ရှေ့မှာ အတူတူပါပဲ။

ကျွန်တော့်ကိုလည်း ရွှံ့မြေနဲ့ပဲ ပုံသွင်းထားတာပါ။+

 ၇ ဒါကြောင့် ကျွန်တော့်ကို ကြောက်စရာ မလိုပါဘူး။

ကျွန်တော့်စကားတွေက ခင်ဗျား စိတ်ထိခိုက်လောက်တဲ့အထိ မဖြစ်စေရပါဘူး။

 ၈ ဒါပေမဲ့ ခင်ဗျားပြောခဲ့တဲ့ စကားတွေဟာ

ကျွန်တော့်နားထဲကနေ အခုထိ မထွက်သေးဘူး။

 ၉ ‘ကျုပ်ဟာ စင်ကြယ်တယ်၊ အပြစ်မရှိဘူး။+

သန့်ရှင်းပြီး အမှားကင်းတယ်။+

၁၀ ဘုရားသခင်ကသာ ကျုပ်ကို အကြောင်းမရှိ အကြောင်းရှာပြီး တိုက်ခိုက်နေတာ။

ရန်သူလို သဘောထားနေတာ။+

၁၁ ကျုပ်ခြေကို ထိတ်တုံးခတ်ပြီး

ကျုပ်သွားတဲ့လမ်းတွေကို စစ်ဆေးနေတာ’+ လို့ ခင်ဗျားပြောခဲ့တယ်။

၁၂ အဲဒီလိုပြောတာ မမှန်ဘူး။ ဒါကြောင့် ကျွန်တော်ပြောမယ်–

ဘုရားသခင်ဟာ သေမျိုးဖြစ်တဲ့လူထက် အဆပေါင်းများစွာ ပိုကြီးမြတ်ပါတယ်။+

၁၃ ခင်ဗျားက ဘုရားကို ဘာလို့ မကျေမနပ်ဖြစ်နေရတာလဲ။+

ခင်ဗျားပြောသမျှကို ပြန်မဖြေလို့လား။+

၁၄ ဘုရားသခင်က တစ်ကြိမ် ပြောတယ်။ နှစ်ကြိမ် ထပ်ပြောတယ်။

ဒါပေမဲ့ ဘယ်သူမှ အရေးမစိုက်ဘူး။

၁၅ လူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်၊

အိပ်ရာပေါ် အိပ်မောကျနေတဲ့ ညအချိန်မှာ

အိပ်မက်တွေ၊ စိတ်အာရုံတွေကတစ်ဆင့် ပြောတယ်။+

၁၆ လူတွေရဲ့နားကို ဖွင့်ပေးတယ်။+

ညွှန်ကြားချက်ကို စိတ်ထဲ စွဲမှတ်စေတယ်။

၁၇ အဲဒီလိုလုပ်တာဟာ လူတွေ အမှားမလုပ်မိအောင်၊+

မာနကြီးမလာအောင် ကာကွယ်ပေးဖို့ပဲ။+

၁၈ ဘုရားသခင်က လူကို သင်္ချိုင်းတွင်းထဲ မရောက်စေဘဲ၊+

ဓားဘေးနဲ့မသေစေဘဲ အသက်ချမ်းသာပေးတယ်။

၁၉ အိပ်ရာပေါ်မှာ နာကျင်တဲ့ ဝေဒနာနဲ့၊

အရိုးတွေ တဆစ်ဆစ် ကိုက်ခဲတဲ့ဝေဒနာနဲ့ ဆုံးမတယ်။

၂၀ ဒါကြောင့် လူဟာ စားစရာကို ရွံလာတယ်။

စားကောင်းသောက်ဖွယ်တွေကိုတောင် မစားချင်တော့ဘူး။+

၂၁ အသားတွေ ကြုံလှီသွားပြီး

အရိုးတွေ ပြိုင်းပြိုင်းထလာတယ်။

၂၂ သူ့အသက်ဟာ သင်္ချိုင်းတွင်းနဲ့ နီးလာပြီ။

အသက်အန္တရာယ်ပေးမယ့်သူတွေလက်ထဲ ရောက်လုပြီ။

၂၃ လူကို ဖြောင့်မှန်မှုအကြောင်း ပြောပြဖို့

စေတမန်* တစ်ယောက်သာ ရှိရင်၊

လူတစ်ထောင်မှာ ရှေ့နေလိုက်ပေးမယ့်သူ တစ်ယောက်သာရှိရင်၊

၂၄ ဘုရားသခင်က လူကိုမျက်နှာသာပေးပြီး

‘သူ့ကို လွှတ်ပေးလိုက်ပါ။ သင်္ချိုင်းတွင်းထဲ မဆင်းစေနဲ့။+

ရွေးဖိုးကို ငါတွေ့ပြီ။+

၂၅ သူက လူငယ်ဘဝတုန်းကထက် အသားအရေ စိုပြည်လာပါစေ။+

လူငယ့်အားမာန်နဲ့ပြည့်တဲ့ နေ့ရက်တွေကို ပြန်ရပါစေ’ လို့ပြောတယ်။+

၂၆ သူအသနားခံတဲ့အခါ+ ဘုရားသခင် လက်ခံလိမ့်မယ်။

ရွှင်လန်းစွာ ဟစ်ကြွေးရင်း မျက်နှာတော်ကို ဖူးမြင်ခွင့်ရလိမ့်မယ်။

ဘုရားက သေမျိုးဖြစ်တဲ့လူကို ရှေ့တော်မှာ ဖြောင့်မတ်တဲ့ အနေအထား ပြန်ရစေမယ်။

၂၇ အဲဒီလူက ‘ကျုပ် အပြစ်လုပ်ခဲ့တယ်။+

မှန်တဲ့အရာကို တလွဲဖြစ်အောင် လုပ်ခဲ့တယ်။

ဒါပေမဲ့ ထိုက်သင့်တဲ့ပြစ်ဒဏ် မခံခဲ့ရဘူး။*

၂၈ ဘုရားက ကျုပ်အသက်ကို သင်္ချိုင်းတွင်းထဲကနေ ရွေးနုတ်ခဲ့တယ်။+

ဒါကြောင့် အလင်းကို ကျုပ် မြင်နေရတာ’ လို့ တခြားသူတွေကို ပြောလိမ့်မယ်။

၂၉ ဘုရားက ဒါတွေကို

လူတစ်ယောက်အတွက် နှစ်ကြိမ်မက သုံးကြိမ်တောင် လုပ်ဆောင်တယ်။

၃၀ အဲဒီလိုလုပ်တာက သူ့ကို သင်္ချိုင်းတွင်းထဲကနေ ပြန်ခေါ်လာပြီး

အသက်ရောင်ခြည် ထွန်းလင်းပေးဖို့ပဲ။+

၃၁ ယောဘ၊ တိတ်တိတ်နေပြီး ကျွန်တော်ပြောတာကို အာရုံစိုက်နားထောင်ပါ။

ကျွန်တော် ဆက်ပြောပါ့မယ်။

၃၂ ပြောစရာရှိရင်တော့ ပြန်ပြောပါ။

ခင်ဗျားမှန်တယ်ဆိုတာ ကျွန်တော် သက်သေပြချင်ပါတယ်။ ဒါကြောင့် ပြောသာပြောပါ။

၃၃ ဘာမှပြောစရာမရှိရင်တော့ တိတ်တိတ်နေပြီး နားထောင်ပေးပါ။

ဉာဏ်ပညာအကြောင်း ကျွန်တော် သင်ပေးမယ်။”

၃၄ ဧလိဟု ဆက်ပြောတာက–

 ၂ “ပညာရှိတို့၊ ကျွန်တော်ပြောတာကို နားထောင်ပါ။

အသိအမြင်ကြွယ်သူတို့၊ နားထောင်ကြပါ။

 ၃ လျှာက အစာကို မြည်းတတ်သလို

နားကလည်း စကားတွေကို စစ်ဆေးတတ်တယ်။

 ၄ ဒါကြောင့် ဘယ်အရာမှန်တယ်ဆိုတာ ကိုယ်တိုင်အကဲဖြတ်ပါ။

ဘယ်အရာကောင်းတယ်ဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ပါ။

 ၅ ယောဘက ‘ကျုပ် ဖြောင့်မှန်လျက်သားနဲ့+

ဘုရားသခင်က မျှမျှတတ မစီရင်ပေးဘူး။+

 ၆ ကျုပ်က ကိုယ်ခံထိုက်တဲ့ စီရင်ချက်နဲ့ပတ်သက်ပြီး လိမ်ပြောပါ့မလား။

ဘာအပြစ်မှမလုပ်ဘဲနဲ့ ဒဏ်ရာဟာ ကုမရနိုင်အောင် ဖြစ်နေတယ်’+ လို့ပြောတယ်။

 ၇ ယောဘလိုလူ ရှိသေးလား။

သူက လှောင်ပြောင်မှုကို ရေလို သောက်နေရတာ။

 ၈ သူက အမှားလုပ်သူတွေနဲ့ ပေါင်းဖော်တယ်။

လူဆိုးတွေနဲ့ ပေါင်းသင်းတယ်။+

 ၉ ‘ဘုရားနှစ်သက်မှုရဖို့ ကြိုးစားရင်လည်း

ဘာမှမထူးပါဘူး’ လို့ သူပြောတယ်။+

၁၀ သိနားလည်မှုရှိသူတို့၊ နားထောင်ကြပါ။

စစ်မှန်တဲ့ဘုရားသခင်က ဆိုးညစ်တာကို ဘယ်တော့မှ မလုပ်ဘူး။+

အနန္တတန်ခိုးရှင်က မကောင်းတာကို လုံးဝမလုပ်ဘူး။+

၁၁ ဘုရားက လူကို သူ့လုပ်ရပ်အတိုင်း ဆုချလိမ့်မယ်။+

သူ့လမ်းစဉ်အတိုင်း အကျိုးဆက်ကို ပြန်ခံစေမယ်။

၁၂ စိတ်ချပါ၊ ဘုရားက ဆိုးညစ်တာကို မလုပ်ဘူး။+

အနန္တတန်ခိုးရှင်က အမှန်တရားကို ကပြောင်းကပြန်ဖြစ်အောင် မလုပ်ဘူး။+

၁၃ ကမ္ဘာမြေကို ဘုရားလက်ထဲ ဘယ်သူအပ်သလဲ။

လောကကို အုပ်ချုပ်ဖို့ ဘုရားကို ဘယ်သူခန့်သလဲ။

၁၄ ဘုရားကသာ လူတွေကို စူးစိုက်ကြည့်လိုက်ရင်၊

အသက်စွမ်းအားနဲ့ ထွက်သက်ဝင်သက်ကို ရုပ်သိမ်းလိုက်ရင်၊+

၁၅ လူသားအားလုံး သေကျေပြီး

မြေမှုန့်ကို ပြန်သွားရလိမ့်မယ်။+

၁၆ ဒါကြောင့် ခင်ဗျားတို့ သိနားလည်မှုရှိရင် အာရုံစိုက်နားထောင်ပါ။

ကျွန်တော်ပြောတာကို ဂရုတစိုက် နားထောင်ပါ။

၁၇ တရားမျှတမှုကို မုန်းတဲ့သူက အုပ်ချုပ်နိုင်ပါ့မလား။

ဖြောင့်မတ်ပြီး သြဇာအာဏာရှိသူကို အပြစ်တင်လို့ရပါ့မလား။

၁၈ ဘုရင်ကို ‘အသုံးမကျတဲ့လူ’ လို့ ပြောလို့ရပါ့မလား။

ဂုဏ်အသရေရှိသူတွေကို ‘လူဆိုးတွေ’ လို့ ပြောလို့ရပါ့မလား။+

၁၉ ဘုရားက မင်းညီမင်းသားတွေဆိုပြီး မျက်နှာလိုက်တာ မဟုတ်ဘူး။

သူဌေးတွေကို ဆင်းရဲသားတွေထက် မျက်နှာသာပိုပေးတာ မဟုတ်ဘူး။+

လူအားလုံးဟာ ဘုရားရဲ့လက်ရာတွေပဲ။+

၂၀ သူတို့က သန်းခေါင်ယံမှာ+ ရုတ်တရက် သေဆုံးတတ်တယ်။+

အကြီးအကျယ် တုန်လှုပ်ပြီး ကွယ်လွန်သွားတတ်တယ်။

သြဇာအာဏာရှိသူတွေတောင် ဖယ်ရှားခံရတတ်တယ်။ လူ့လက်ချက်နဲ့တော့ မဟုတ်ဘူး။+

၂၁ ဘုရားက လူသွားတဲ့လမ်းတွေကို ကြည့်နေတာ။+

ခြေလှမ်းတိုင်းကို မြင်နေတာ။

၂၂ အမှားလုပ်တဲ့သူတွေ ပုန်းနိုင်လောက်အောင် မှောင်တဲ့

အမှောင်ထုဆိုတာ မရှိဘူး။+

၂၃ ဘုရားက ဘယ်သူ့ကိုမဆို ရှေ့တော်သွင်းပြီး တရားစီရင်ဖို့

အချိန်သတ်မှတ်ထားစရာ မလိုဘူး။

၂၄ သြဇာအာဏာရှိသူတွေကို စစ်ဆေးစရာမလိုဘဲ ဖယ်ရှားတယ်။

သူတို့နေရာမှာ တခြားသူတွေကို ခန့်အပ်တယ်။+

၂၅ သူတို့ ဘာတွေလုပ်နေမှန်း ဘုရားသိတယ်။+

ညအချိန်မှာ ဖျက်ဆီးလိုက်တဲ့အတွက် သူတို့ပျက်စီးသွားတယ်။+

၂၆ သူတို့ရဲ့ဆိုးညစ်မှုကြောင့်

လူမြင်ကွင်းမှာ ဒဏ်ခတ်တယ်။+

၂၇ သူတို့က ဘုရားရဲ့နောက်ကို ဆက်မလိုက်ဘဲ လမ်းလွဲသွားတယ်။+

ဘုရားရဲ့လမ်းစဉ်တွေကို လုံးဝ အရေးမစိုက်ဘူး။+

၂၈ သူတို့ဒုက္ခပေးလို့ ဆင်းရဲသားတွေက ဘုရားဆီ အကူအညီတောင်းကြတယ်။

ခိုကိုးရာမဲ့သူတွေရဲ့ အော်ဟစ်သံကို ဘုရားကြားတယ်။+

၂၉ ဘုရားသာ နှုတ်ဆိတ်နေရင် ဘယ်သူအပြစ်တင်နိုင်မှာလဲ။

မျက်နှာတော်ကို ကွယ်လိုက်ရင် ဘယ်သူမြင်နိုင်တော့မှာလဲ။

လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူတစ်ယောက်ကိုဖြစ်စေ မျက်နှာတော်ကို ကွယ်လိုက်ရင် ရလဒ်ဟာ အတူတူပဲ။

၃၀ ဒါကြောင့် ဘုရားတရားမဲ့သူ မအုပ်စိုးနိုင်တော့ဘူး။+

လူတွေကို ထောင်ချောက် မဆင်နိုင်တော့ဘူး။

၃၁ တစ်ယောက်ယောက်က

‘ကျွန်တော် ဘာအပြစ်မှမလုပ်ဘဲနဲ့ ဒဏ်ပေးခံရတယ်။+

၃၂ ကိုယ့်အမှားကိုယ် မသိတာမျိုးဆိုရင် သင်ပေးပါ။

မကောင်းတာလုပ်ခဲ့မိတယ်ဆိုရင် နောင်မလုပ်တော့ပါဘူး’ လို့ ဘုရားကို ပြောပါ့မလား။

၃၃ ဘုရားက ခင်ဗျားထင်သလို ဆုချမှာလား။ စီရင်တော်မူချက်ကို ခင်ဗျားမှ လက်မခံတာ။

လက်မခံဖို့ ဆုံးဖြတ်လိုက်တာ ကျွန်တော်မဟုတ်ဘူး။ ခင်ဗျားပဲ။

အဲဒီတော့ ခင်ဗျားသိထားတာကို ပြောပြပါ။

၃၄ သိနားလည်မှုရှိသူတွေ၊

ကျွန်တော်ပြောတာကိုကြားတဲ့ ပညာရှိတွေက

၃၅ ‘ယောဘက ဘာမှမသိဘဲ ပြောနေတာ။+

ထိုးထွင်းဉာဏ်မရှိဘဲ ပြောနေတာ’ လို့ ကျွန်တော့်ကို ပြောကြတယ်။

၃၆ ယောဘက လူဆိုးတွေလို ပြန်ပြောတဲ့အတွက်

အတိုင်းအတာတစ်ခုအထိ စမ်းသပ်ခံရပါစေ။

၃၇ သူက အပြစ်အပေါ် ပုန်ကန်မှုကို ထပ်ဆင့်တယ်။+

ကျွန်တော်တို့ကို လက်ခုပ်တီးပြီး လှောင်တယ်။

စစ်မှန်တဲ့ဘုရားသခင်ကိုလည်း အကြီးအကျယ် ဆန့်ကျင်ပြောဆိုတယ်။”+

၃၅ ဧလိဟု ဆက်ပြောတာက–

 ၂ “ခင်ဗျားက ‘ဘုရားသခင်ထက် ကျုပ် ပိုဖြောင့်မတ်တယ်’ လို့ ပြောရလောက်တဲ့အထိ

ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယုံကြည်နေသလား။+

 ၃ ‘ကျုပ်ဖြောင့်မတ်နေလို့ကော ဘုရားက ဘာအကျိုးရလို့လဲ။

အပြစ်မလုပ်ဘဲနေရင်ကော ကျုပ် ပိုကောင်းစားမှာမို့လို့လား’+ ဆိုပြီး ခင်ဗျားပြောခဲ့တယ်။

 ၄ ခင်ဗျားနဲ့ ခင်ဗျားမိတ်ဆွေတွေကို+

ကျွန်တော် ပြောမယ်။

 ၅ အထက်မှာရှိနေတဲ့ ကောင်းကင်နဲ့ မိုးတိမ်တွေကို

မော့ကြည့်ပြီး လေ့လာပါ။+

 ၆ ခင်ဗျား အပြစ်လုပ်လို့ကော ဘုရားကို ဘာထိခိုက်မှာမို့လို့လဲ။+

ပြစ်မှားမှုတွေ များလာရင်ကော ဘုရားကို ဘာလုပ်နိုင်မှာမို့လို့လဲ။+

 ၇ ခင်ဗျား ဖြောင့်မတ်နေလို့ကော ဘုရားကို ဘာအကျိုးပြုလို့လဲ။

ခင်ဗျားဆီကနေ ဘုရား ဘာများရလို့လဲ။+

 ၈ ခင်ဗျားရဲ့ဆိုးညစ်မှုက ခင်ဗျားလိုလူသားကိုပဲ ထိခိုက်နိုင်တယ်။

ခင်ဗျားရဲ့  ဖြောင့်မတ်မှုကလည်း လူသားကိုပဲ  အကျိုးပြုနိုင်တယ်။

 ၉ လူတွေဟာ အကြီးအကျယ် ဖိနှိပ်ခံရတဲ့အခါ အော်ဟစ်ကြတယ်။

သြဇာအာဏာရှိသူရဲ့ ကြီးစိုးမှုကနေ လွတ်မြောက်ဖို့ အော်ဟစ်ကြတယ်။+

၁၀ ဒါပေမဲ့ ‘ညအချိန်မှာ ချီးမွမ်းသီချင်း သီဆိုခွင့်ပေးတဲ့+

မဟာဖန်ဆင်းရှင် ဘုရားသခင် ဘယ်မှာလဲ’+ ဆိုပြီး တစ်ယောက်မှ မမေးကြဘူး။

၁၁ ဘုရားက မြေသားရဲတွေထက်+ ကျွန်တော်တို့ကို ပိုသင်ပေးတယ်။+

မိုးကောင်းကင်ငှက်တွေထက် ပိုပြီးဉာဏ်ပညာရှိစေတယ်။

၁၂ လူဆိုးတွေ အော်ဟစ်အကူအညီတောင်းပေမဲ့

သူတို့ရဲ့မာနကြောင့်+ ဘုရား နားမထောင်ဘူး။+

၁၃ အဓိပ္ပာယ်မဲ့ အော်ဟစ်နေတာကို ဘုရား လုံးဝမကြားဘူး။+

အနန္တတန်ခိုးရှင်က လုံးဝ အာရုံမစိုက်ဘူး။

၁၄ ဘုရားကို မမြင်ရဘူးဆိုပြီး ခင်ဗျားညည်းနေတာမျိုးဆိုရင်တော့ ဘုရားက ပိုလို့တောင် မကြားဘူး။+

ခင်ဗျားရဲ့အမှုက ရှေ့တော်မှာရောက်နေလို့ စိုးရိမ်တကြီး စောင့်နေလိုက်ပါ။+

၁၅ ဒါပေမဲ့ ဘုရားက ခင်ဗျားကို ဒေါသထွက်ပြီး ဖြေရှင်းချက် မတောင်းပါဘူး။

မဆင်မခြင်ပြောလိုက်တဲ့ စကားတွေကို ဗွေမယူပါဘူး။+

၁၆ ယောဘက အဓိပ္ပာယ်မရှိ လျှောက်ပြောနေတာ။

ဘာမှမသိဘဲ အကြီးအကျယ် လျှောက်ပြောနေတာ။”+

၃၆ ဧလိဟု ဆက်ပြောတာက–

၂ “ကျွန်တော် ရှင်းပြနေတုန်း နည်းနည်းလောက် သည်းခံပေးပါ။

ဘုရားသခင်ကိုယ်စား ကျွန်တော် ပြောစရာရှိသေးတယ်။

 ၃ ကျွန်တော်သိထားသမျှ ပြောပြပါ့မယ်။

ဖန်ဆင်းရှင် ဖြောင့်မတ်တယ်ဆိုတာကို ကြေညာပါ့မယ်။+

 ၄ ကျွန်တော်ပြောတာတွေဟာ အမှန်တွေပါ။

အသိပညာနဲ့ ပြီးပြည့်စုံတဲ့အရှင်က+ ခင်ဗျားရှေ့မှာ ရှိတယ်။

 ၅ ဘုရားသခင်ဟာ တကယ်ခွန်အားကြီးတယ်။+ သိနားလည်နိုင်စွမ်းလည်း ကြီးမားတယ်။

ဒါပေမဲ့ ဘယ်သူ့ကိုမှ အထင်မသေးဘူး။

 ၆ ဘုရားက လူဆိုးတွေကို အသက်ဆက်ရှင်စေမှာ မဟုတ်ဘူး။+

ဒုက္ခရောက်နေသူတွေကိုတော့ တရားသဖြင့် စီရင်လိမ့်မယ်။+

 ၇ ဖြောင့်မတ်သူတွေကို အကြည့် မလွှဲဘူး။+

သူတို့ကို ဘုရင်တွေအဖြစ် နန်းတင်ပြီး+ ထာဝစဉ် ချီးမြှောက်တယ်။

 ၈ ဒါပေမဲ့ သူတို့ရဲ့ခြေလက်တွေ ထိတ်ခတ်ခံရပြီး

ဒုက္ခကြိုးတွေနဲ့ ချည်နှောင်ခံရတဲ့အခါ၊

 ၉ ဘုရားက သူတို့လုပ်ခဲ့တာတွေ၊

သူတို့ရဲ့မာနကြောင့် ကျူးလွန်ခဲ့တဲ့ ပြစ်မှားမှုတွေကို ဖော်ပြလိမ့်မယ်။

၁၀ ဘုရားက တည့်မတ်ပေးဖို့ သူတို့ရဲ့နားကို ဖွင့်တယ်။

မကောင်းမှုကိုရှောင်ဖို့ သူတို့ကို ပြောတယ်။+

၁၁ ဘုရားကို နာခံပြီး ဝတ်ပြုမယ်ဆိုရင်

သူတို့အသက်ရှင်ရတဲ့ နေ့ရက်တွေ ကြွယ်ဝကောင်းစားလိမ့်မယ်။

သူတို့အသက်ရှင်ရတဲ့ နှစ်တွေ သာယာချမ်းမြေ့လိမ့်မယ်။+

၁၂ မနာခံရင်တော့ ဓားဘေးနဲ့ ဆုံးပါးလိမ့်မယ်။+

အသိပညာမရှိဘဲ သေဆုံးရလိမ့်မယ်။

၁၃ ဘုရားတရားမဲ့သူတွေဟာ နာကြည်းစိတ်ကို သိုထားတယ်။

ဘုရားချုပ်နှောင်ရင်တောင် အော်ဟစ်အကူအညီ မတောင်းကြဘူး။

၁၄ သူတို့က ငယ်ငယ်ရွယ်ရွယ်နဲ့ သေရလိမ့်မယ်။+

ဗိမာန်မှာရှိတဲ့ ယောက်ျား ပြည့်တန်ဆာတွေနဲ့အတူ ဘဝဆုံးရလိမ့်မယ်။+

၁၅ ဒါပေမဲ့ ဘုရားက ဒုက္ခရောက် နေသူကို ဒုက္ခနွံထဲကနေ ကယ်ဆယ်တယ်။

သူတို့ ဖိနှိပ်ခံရတဲ့အခါ နားကိုဖွင့်ပေးတယ်။

၁၆ ခင်ဗျားကို ဒုက္ခတွင်းဝကနေ ဆွဲတင်ပြီး+

တားမြစ်ချုပ်ချယ်မှုကင်းတဲ့၊ ကျယ်ဝန်းတဲ့အရပ်ဆီ ခေါ်သွားတယ်။+

ခင်ဗျားကို စိတ်သက်သာစေမယ့် စားကောင်းသောက်ဖွယ်တွေ စားပွဲပေါ်မှာ ရှိနေတယ်။+

၁၇ တရားစီရင်မယ့်အချိန်၊ တရားမျှတမှုကို အတည်ပြုမယ့်အချိန် ရောက်လာတဲ့အခါ

လူဆိုးတွေ တရားစီရင်ခံရတဲ့အတွက် ခင်ဗျား စိတ်ကျေနပ်ရလိမ့်မယ်။+

၁၈ ဒါပေမဲ့ ဒေါသကြောင့် အာဃာတ မထားမိအောင် သတိထားပါ။+

လာဘ်ထိုးနိုင်တာပဲဆိုပြီး လမ်းမလွဲသွားပါနဲ့။

၁၉ ခင်ဗျား အော်ဟစ်အကူအညီတောင်းနေလို့ကော၊

ဒါမှမဟုတ် အားသွန်ခွန်စိုက် ကြိုးစားလို့ကော ဒုက္ခကနေ လွတ်မြောက်ပါ့မလား။+

၂၀ လူတွေ ပျောက်ကွယ် သွားတတ်တဲ့

ညအချိန်ကို မတောင့်တပါနဲ့။

၂၁ ဒုက္ခခံမယ့်အစား မကောင်းတာတွေပဲ လုပ်တော့မယ်ဆိုပြီး

မကောင်းမှုဘက် ခြေဦးပြန်မလှည့်သွားမိဖို့ သတိထားပါ။+

၂၂ ကြည့်ပါဦး။ ဘုရားသခင်ဟာ တန်ခိုး သိပ်ကြီးမားတယ်။

ဘုရားလို သွန်သင်နိုင်သူ ဘယ်သူရှိသလဲ။

၂၃ ဘုရားရဲ့လမ်းစဉ်ကို ဘယ်သူ လမ်းညွှန်ပေးသလဲ။*+

‘ကိုယ်တော်လုပ်တာ မှားတယ်’ လို့ ဘယ်သူပြောမလဲ။+

၂၄ ဘုရားရဲ့လုပ်ဆောင်မှုတွေကို လူတွေ ချီးမွမ်းကြတယ်။+

ခင်ဗျားလည်း ဂုဏ်တင်ချီးမွမ်းဖို့ သတိရပါ။+

၂၅ ဘုရားရဲ့လုပ်ဆောင်မှုတွေကို လူအားလုံး မြင်ရတယ်။

သေမျိုးဖြစ်တဲ့လူက ခပ်လှမ်းလှမ်းကနေပဲ ကြည့်နေတယ်။

၂၆ ဘုရားသခင်ရဲ့ ကြီးမြတ်မှုကို ကျွန်တော်တို့ အပြည့်အဝ မသိနိုင်ဘူး။+

ဘုရားရဲ့ နှစ်ပေါင်းအရေအတွက်တွေကို ဉာဏ်မမီနိုင်ဘူး။+

၂၇ ဘုရားက ရေစက်တွေကို ဆွဲယူတယ်။+

ရေခိုးရေငွေ့တွေက မိုးရေအဖြစ် ငွေ့ရည်ဖွဲ့တယ်။

၂၈ အဲဒီနောက် မိုးတိမ်တွေကနေ မိုးရွာချပြီး+

လူတွေအပေါ် ရွာသွန်းဖြိုးတော့တယ်။

၂၉ တိမ်လွှာတွေအကြောင်း၊ ဘုရားရဲ့တဲထဲက မိုးခြိမ်းသံတွေအကြောင်း

ဘယ်သူ သိနားလည်နိုင်သလဲ။+

၃၀ ဘုရားက တိမ်လွှာတွေပေါ် အလင်းကို ဘယ်လို ဖြာဆင်းပေးတယ်၊+

ပင်လယ်ကြမ်းပြင်ကို ရေတွေနဲ့ ဘယ်လို ဖုံးလွှမ်းထားတယ်ဆိုတာကို ကြည့်ပါ။

၃၁ လူတွေကို ဒီနည်းနဲ့ ထောက်မပေးတယ်။

စားစရာတွေ အလျှံပယ်ပေးတယ်။+

၃၂ လျှပ်စီးကို လက်နဲ့ထိန်းထားတယ်။

ပစ်မှတ်ကို ချိန်ရွယ်ပြီး ပစ်တယ်။+

၃၃ မိုးခြိမ်းသံက ဘုရားအကြောင်း ပြောတယ်။

ခြံမွေးတိရစ္ဆာန်တွေတောင် ဘယ်သူလာနေပြီဆိုတာကို* ပြောတတ်တယ်။

၃၇ “ဒါကြောင့် ကျွန်တော် နှလုံးတုန်ပြီး

ရင်တွေ တဒိတ်ဒိတ် ခုန်နေတယ်။

 ၂ ဘုရားရဲ့ မြည်ဟည်းသံ၊

နှုတ်တော်ကထွက်တဲ့ မိုးချုန်းသံကို အသေအချာ နားထောင်ကြပါ။

 ၃ ဘုရားက ကောင်းကင်တစ်ခွင်မှာ မိုးချုန်းစေပြီး

ကမ္ဘာမြေတစ်ခွင်ဆီ လျှပ်စီးကို စေလွှတ်တယ်။+

 ၄ လျှပ်စီးလက်ပြီးတဲ့နောက် အသံမြည်ဟည်းလာတယ်။

ဘုရားရဲ့မိုးခြိမ်းသံဟာ အားမာန် ပါတယ်။+

မိုးခြိမ်းသံနဲ့အတူ လျှပ်စီးကို လွှတ်လိုက်တယ်။

 ၅ ဘုရားသခင်က အံ့ဖွယ်ကောင်းတဲ့အသံနဲ့ မိုးခြိမ်းပြီး+

ကျွန်တော်တို့ ဉာဏ်မမီနိုင်တဲ့ ကြီးမြတ်တဲ့အရာတွေကို လုပ်ဆောင်တယ်။+

 ၆ ဆီးနှင်းကို ‘မြေပေါ် ကျဆင်းစေ၊’+

သည်းထန်တဲ့မိုးကို ‘သဲကြီးမဲကြီး ရွာချစေ’+ ဆိုပြီး အမိန့်ပေးတယ်။

 ၇ ဘုရားက မိမိရဲ့လုပ်ဆောင်မှုကို သေမျိုးဖြစ်တဲ့လူတွေ သိလာစေဖို့

လူတွေရဲ့အလုပ်ကို ရပ်နားပစ်တယ်။

 ၈ သားရဲတိရစ္ဆာန်တွေက ဂူတွေထဲ ဝင်သွားပြီး

တွင်းထဲမှာ အောင်းနေတယ်။

 ၉ လေပြင်းဟာ သူ့အခန်းထဲကနေ တိုက်ခတ်လာတယ်။+

မြောက်လေဟာ အအေးဓာတ်ကို သယ်ဆောင်လာတယ်။+

၁၀ ဘုရားသခင်ရဲ့ ထွက်သက်ဝင်သက်ဟာ ရေကို ခဲစေတဲ့အတွက်+

ရေပြင်ကြီး အေးခဲသွားတယ်။+

၁၁ ဘုရားက မိုးတိမ်ကို ရေခိုးရေငွေ့တွေနဲ့ လေးလံစေတယ်။

တိမ်ထုထဲမှာ လျှပ်စီးကို လက်စေတယ်။+

၁၂ ဘုရားစေညွှန်ရာဆီ တိမ်တွေ လွင့်မျောနေတယ်။

မြေပြင်ပေါ်မှာ ဘာအမိန့်ပဲရပါစေ အဲဒီအတိုင်း လုပ်ဆောင်တယ်။+

၁၃ ဒဏ်ပေးဖို့ဖြစ်စေ၊+ မြေကို စိုစေဖို့ဖြစ်စေ၊

ခိုင်မြဲတဲ့မေတ္တာပြဖို့ဖြစ်စေ တိမ်တွေကို ဘုရားဖြစ်ပေါ်စေတယ်။+

၁၄ ယောဘ၊ နားထောင်ပါဦး။

ဘုရားသခင်ရဲ့ အံ့ဖွယ်အမှုတွေကို ခဏလောက် အသေအချာ စဉ်းစားကြည့်ပါဦး။+

၁၅ ဘုရားသခင်က တိမ်တွေကို ဘယ်လို ထိန်းချုပ်ထားတယ်၊

တိမ်ထဲကနေ လျှပ်စီးတွေကို ဘယ်လို လက်စေတယ်ဆိုတာ ခင်ဗျားသိသလား။

၁၆ မိုးတိမ်တွေ ဘယ်လို လွင့်မျောနေတယ်ဆိုတာကိုရော သိသလား။+

ဒါတွေဟာ အသိပညာနဲ့ ပြီးပြည့်စုံတဲ့အရှင်ရဲ့ အံ့ဖွယ်လုပ်ဆောင်မှုတွေပဲ။+

၁၇ ကမ္ဘာမြေဟာ တောင်လေကြောင့် ဆိတ်ငြိမ်သွားတဲ့အခါ

ခင်ဗျားရဲ့အဝတ်တွေ ဘာလို့ ပူနွေးလာတာလဲ။+

၁၈ ဘုရားက မိုးကောင်းကင်ကို သတ္တုကြေးမုံတမျှ ခိုင်ခံ့ပြန့်ကားအောင် လုပ်ထားသလို

ခင်ဗျား လုပ်နိုင်သလား။+

၁၉ ဘုရားကို ဘာပြန်လျှောက်တင်ရမယ်ဆိုတာ ပြောပါဦး။

ကျွန်တော်တို့က မှောင်မိုက်ထဲမှာ  ရှိနေတော့ ပြန်မဖြေတတ်ဘူး။

၂၀ ကျွန်တော် အသိပေးစရာရှိတယ်ဆိုပြီး ဘုရားကို ပြောသင့်သလား။

ဒါမှမဟုတ် လူတစ်ယောက်က ဘုရားသိဖို့လိုတဲ့ အချက်တစ်ခုခုကို ထောက်ပြဖူးသလား။+

၂၁ မိုးကောင်းကင်မှာ အလင်းတောက်ပနေပေမဲ့

လူတွေ မမြင်နိုင်ဘူး။

လေတစ်ချက်ဝှေ့ပြီး တိမ်ကင်းစင်သွားမှပဲ မြင်ရတော့တယ်။

၂၂ မြောက်ဘက်ကနေ ရွှေရောင်နေခြည်တွေ ဖြာထွက်လာတယ်။

ဘုရားသခင်ရဲ့ ဘုန်းတန်ခိုးဟာ+ အံ့မခန်းပါပဲ။

၂၃ အနန္တတန်ခိုးရှင်အကြောင်း ကျွန်တော်တို့ အပြည့်အဝ နားမလည်နိုင်ဘူး။+

ဘုရားက တန်ခိုးကြီးတယ်။+

တရားမျှတမှုနဲ့+ ဖြောင့်မတ်မှုကို ဘယ်တော့မှ မချိုးဖောက်ဘူး။+

၂၄ ဒါကြောင့် ဘုရားကို ကြောက်ရွံ့ ရိုသေသင့်တယ်။+

ကိုယ့်ကိုယ်ကိုယ် ပညာရှိတယ်လို့ ထင်မှတ်သူတစ်ယောက်ကိုမှ ဘုရား မျက်နှာသာမပေးဘူး။”+

၃၈ လေမုန်တိုင်းထဲကနေ ယောဘကို ယေဟောဝါပြောတာက–+

 ၂ “ငါ့ရည်ရွယ်ချက်ကို ဝိုးတိုးဝါးတားဖြစ်အောင် လုပ်နေတာ၊

ဘာမှမသိဘဲ ပြောနေတာ ဘယ်သူလဲ။+

 ၃ ယောက်ျားပီပီ ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ။

ငါမေးမယ်။ ပြန်ဖြေပါ။

 ၄ ကမ္ဘာကြီးကို ငါအုတ်မြစ်ချတုန်းက မင်း ဘယ်မှာရှိသလဲ။+

နားလည်ရင် ပြောပါ။

 ၅ ကမ္ဘာကြီးရဲ့ အတိုင်းအတာတွေကို ဘယ်သူသတ်မှတ်သလဲ။ သိရင် ပြောပါ။

ဘယ်သူက တိုင်းကြိုးကိုဆန့်ပြီး ကမ္ဘာကြီးကို တိုင်းတာသလဲ။

 ၆ ကမ္ဘာ့အောက်ခံခုံတွေ ဘယ်ထဲမှာ နစ်ဝင်နေသလဲ။

ကမ္ဘာ့ထောင့်ချုပ်ကျောက်ကို ဘယ်သူချသလဲ။+

 ၇ အဲဒီတုန်းက မိုးသောက်ကြယ်တွေ+ ရွှင်လန်းစွာ သီချင်းဆိုပြီး

ဘုရားသခင်ရဲ့သားတွေ*+ လက်ခုပ်သြဘာပေးကြတယ်။

 ၈ ပင်လယ်ဟာ မိခင်ရဲ့ဝမ်းထဲကနေ ထွက်လာတဲ့အခါ

ဘယ်သူက တံခါးပိတ်ပြီး ကာဆီးခဲ့သလဲ။+

 ၉ အဲဒီတုန်းက ပင်လယ်ကို တိမ်စိုင်တိမ်လိပ်တွေနဲ့ ငါဝတ်ဆင်ပေးတယ်။

တိမ်ထုကြီးနဲ့ လွှမ်းခြုံပေးတယ်။

၁၀ ပင်လယ်ကို နယ်နိမိတ် သတ်မှတ်ပေးပြီး

ကန့်လန့်ကျင်နဲ့တံခါးတွေ တပ်ပေးတယ်။+

၁၁ ပြီးတော့ ‘ဒီအထိပဲ လာ။ ဒီထက် မကျော်နဲ့။

ဒီနေရာဟာ လှိုင်းလုံးကြီးတွေ ရပ်ရမယ့်နေရာပဲ’ လို့ ငါမှာထားတယ်။+

၁၂ မင်းက မနက်ခင်းကို အမိန့်ပေးဖူးသလား။

အရုဏ်ဦး ထွက်ပေါ်ရမယ့်နေရာကို သတ်မှတ်ဖူးသလား။+

၁၃ မြေကြီးစွန်းတွေကို ကိုင်ပြီး

လူဆိုးတွေကို ခါချလိုက်ပါလို့ အရုဏ်ဦးကို ခိုင်းစေဖူးသလား။+

၁၄ ကမ္ဘာကြီးဟာ တံဆိပ်နှိပ်ခံရတဲ့ ရွှံ့စေးလို ပုံပေါ်လာတယ်။

အဝတ်ဆင်ယင်ထားသလို အဆင်းသဏ္ဌာန် ပေါ်လွင်လာတယ်။

၁၅ ဒါပေမဲ့ လူဆိုးတွေရဲ့အလင်း ဆုတ်ခွာသွားတယ်။

မြှောက်ထားတဲ့ သူတို့လက်ရုံးလည်း ကျိုးသွားတယ်။

၁၆ မင်းက ပင်လယ်မြစ်ဖျားခံတဲ့ နေရာဆီ ဆင်းသွားဖူးသလား။

နက်ရှိုင်းတဲ့ရေထုထဲ ဆင်းပြီး စူးစမ်းရှာဖွေဖူးသလား။+

၁၇ သေခြင်းရဲ့တံခါးတွေကို+ မင်းကို ဘယ်သူဖွင့်ပြဖူးသလဲ။

ပိန်းပိတ်အောင်မှောင်တဲ့အရပ်ရဲ့ တံခါးတွေကို မြင်ဖူးသလား။+

၁၈ ကမ္ဘာမြေရဲ့ အကျယ်အဝန်းကို မင်းသိသလား။+

ဒါတွေအားလုံးကို သိရင် ပြောပါ။

၁၉ ဘယ်အရပ်မှာ အလင်းနေထိုင်သလဲ။+

အမှောင်ရဲ့နေရာကရော ဘယ်မှာလဲ။

၂၀ ဒါကိုသိမှ အလင်းနဲ့ အမှောင်ကို သူတို့ရဲ့ဌာနေဆီ မင်း ခေါ်သွားနိုင်မှာပေါ့။

သူတို့ရဲ့ အိမ်ပြန်လမ်းတွေအကြောင်း နားလည်နိုင်မှာပေါ့။

၂၁ ဒါတွေကိုသိရအောင် အဲဒီတုန်းက မင်းကို မွေးဖွားခဲ့ပြီမို့လို့လား။

မင်းရဲ့နှစ်အရေအတွက်ဟာ များလွန်းနေလို့လား။

၂၂ နှင်းဘဏ္ဍာတိုက်တွေထဲ မင်းဝင်ဖူးသလား။+

မိုးသီးဘဏ္ဍာတိုက်တွေကိုကော မြင်ဖူးသလား။+

၂၃ အဲဒါတွေကို ဘေးဒုက္ခကျရောက်မယ့် အချိန်အတွက်၊

စစ်တိုက်မယ့်နေ့အတွက် ငါသိုလှောင်ထားတယ်။+

၂၄ အလင်းဟာ ဘယ်လမ်းကြောင်းနဲ့ ဖြာထွက်သလဲ။

ကမ္ဘာကြီးပေါ်မှာ အရှေ့လေက ဘယ်ကနေ တိုက်ခတ်လာသလဲ။+

၂၅ ရေလုံးကြီးစီးဆင်းရာ လမ်းကြောင်းကို ဘယ်သူ ဖောက်ပေးသလဲ။

မိုးသက်မုန်တိုင်းနဲ့ မိုးကြိုး အတွက်  ဘယ်သူ လမ်းထွင်ပေးသလဲ။+

၂၆ လူမနေတဲ့ မြေပေါ်၊

လူသူမရှိတဲ့ ကန္တာရပေါ် ဘယ်သူ မိုးရွာစေသလဲ။+

၂၇ မြေရိုင်းတွေကို စိုစွတ်စေပြီး

မြက်နုလေးတွေ ပေါက်လာအောင် ဘယ်သူလုပ်တာလဲ။+

၂၈ မိုးစက်လေးတွေမှာ အဖေရှိသလား။+

နှင်းစက်လေးတွေရဲ့ အဖေကကော ဘယ်သူလဲ။+

၂၉ ရေခဲက ဘယ်သူ့ဝမ်းထဲကနေ ထွက်လာသလဲ။

မိုးကောင်းကင်နှင်းခဲတွေကို ဘယ်သူ မွေးထုတ်လိုက်သလဲ။+

၃၀ ရေပြင်ကြီးအေးခဲပြီး ကျောက်လို မာကြောသွားတဲ့အခါ

ရေထုရဲ့မျက်နှာပြင်ဟာ အေးခဲသွားတယ်။+

၃၁ ခိမကြယ်စုရဲ့* ကြိုးတွေကို မင်း ချည်နိုင်သလား။

ခသိလကြယ်စုရဲ့* ကြိုးတွေကို ဖြေနိုင်သလား။+

၃၂ ကြယ်စုတွေကို သူ့အချိန်နဲ့သူ ခေါ်ထုတ်လာနိုင်သလား။

အာရှကြယ်စုနဲ့* သူ့ရဲ့သားတွေကို လမ်းပြနိုင်သလား။

၃၃ မိုးကောင်းကင်ရဲ့ နိယာမတရားတွေကို မင်း သိသလား။+

ကမ္ဘာမြေကို အဲဒီနိယာမတရားတွေနဲ့ ထိန်းချုပ်နိုင်အောင် လုပ်လို့ရသလား။

၃၄ မင်းကို ရေထုကြီး ဖုံးလွှမ်းသွားအောင်

မိုးတိမ်ကို အော်ခေါ်နိုင်သလား။+

၃၅ လျှပ်စီးတွေကို မင်း လွှတ်နိုင်သလား။

လျှပ်စီးတွေက ပြန်လာပြီး ‘ဒီမှာရှိပါတယ်’ လို့ မင်းကို ပြောမလား။

၃၆ တိမ်လွှာတွေထဲ ဘယ်သူ ဉာဏ်ပညာသွင်းပေးသလဲ။+

မိုးကောင်းကင်ရဲ့ သဘာဝဖြစ်စဉ်တွေကို ဘယ်သူ အသိဉာဏ်ပေးထားလဲ။+

၃၇ တိမ်တွေကို ရေတွက်နိုင်လောက်အောင် ဘယ်သူ ပညာရှိလို့လဲ။

မိုးကောင်းကင်ရေအိုးတွေကို ဘယ်သူ လောင်းချနိုင်သလဲ။+

၃၈ အဲဒီလိုလောင်းချလိုက်လို့ မြေမှုန့်တွေဟာ ရွှံ့ပြင်ကြီး ဖြစ်သွားပြီး

မြေစိုင်မြေခဲတွေ စေးကပ်ကုန်တာ မဟုတ်လား။

၃၉ ခြင်္သေ့စားဖို့ သားကောင်ကို မင်း ဖမ်းပေးနိုင်လို့လား။

ခြင်္သေ့ပျိုတွေ အဆာပြေသွားအောင် လုပ်ပေးနိုင်သလား။+

၄၀ သူတို့က တွင်းထဲမှာ ဝပ်ပြီး

ဂူထဲမှာ ချောင်းမြောင်းနေတယ်။

၄၁ ကျီးနက်ကြီးက သားပေါက်တွေ စားစရာမရှိလို့ ပျံဝဲပြီး

ဘုရားသခင်ဆီ အော်ဟစ်အကူအညီတောင်းတဲ့အခါ

သူ့အတွက် စားစရာကို ဘယ်သူ ပြင်ဆင်ပေးသလဲ။+

၃၉ “တောင်ဆိတ်တွေ သားပေါက်ချိန်ကို မင်းသိသလား။+

သမင်မတွေ သားပေါက်တာကို စောင့်ကြည့်ဖူးသလား။+

 ၂ သူတို့ ဇီးကပ်တဲ့လတွေကို မင်းရေတွက်ဖူးသလား။

ဘယ်အချိန်မှာ သားပေါက်မယ်ဆိုတာ သိသလား။

 ၃ သူတို့က ကျောကိုင်းပြီး သားပေါက်လေးကို မွေးထုတ်လိုက်တာနဲ့

သားဖွားဝေဒနာ ပျောက်ကင်းသွားတယ်။

 ၄ သားပေါက်လေးတွေဟာ သန်မာပြီး ကွင်းပြင်ကြီးထဲမှာ ကြီးပြင်းလာတယ်။

ထွက်သွားပြီးနောက် ပြန်မလာတော့ဘူး။

 ၅ မြည်းရိုင်းကို ဘယ်သူ လွှတ်ပေးထားသလဲ။+

သူ့ကိုချည်ထားတဲ့ ကြိုးတွေကို ဘယ်သူဖြေပေးသလဲ။

 ၆ ကန္တာရလွင်ပြင်ကို သူ့နေအိမ်အဖြစ်၊

ဆားလွင်ပြင်ကို သူ့ဌာနေအဖြစ် ငါပေးထားတယ်။

 ၇ မြို့ရဲ့ဆူညံသံကို သူ အရေးမလုပ်ဘူး။

ခိုင်းစေသူရဲ့အော်ဟစ်သံကို နားမထောင်ဘူး။

 ၈ တောင်ကုန်းတွေပေါ်မှာ ခြေဦးတည့်ရာသွားပြီး စားကျက် လိုက်ရှာတယ်။

စိမ်းလန်းတဲ့အပင်တွေကို ရှာဖွေတတ်တယ်။

 ၉ မင်းက နွားရိုင်းကို လွယ်လွယ်နဲ့ ခိုင်းစားလို့ ရမလား။+

နွားတင်းကုပ်ထဲမှာ သူ ညအိပ်ပါ့မလား။

၁၀ နွားရိုင်းကို ကြိုးနဲ့ဆွဲခေါ်လာပြီး ထယ်ထိုးခိုင်းလို့ရမလား။

ချိုင့်ဝှမ်းမှာ လယ်ထွန်ဖို့ မင်းနောက်ကနေ လိုက်လာပါ့မလား။

၁၁ သူ့ခွန်အားဗလကို စိတ်ချလို့ရမလား။

မင်းလုပ်ရမယ့် အလုပ်ကြမ်းကို သူ့ကိုခိုင်းလို့ရမလား။

၁၂ ရိတ်သိမ်းထားတာတွေကို သယ်လာပေးဖို့ သူ့ကို အားကိုးမလား။

အဲဒါတွေကို ကောက်နယ်တလင်းမှာ လာစုပုံပေးပါ့မလား။

၁၃ ငှက်ကုလားအုတ်ဟာ အားရပါးရ အတောင်ခတ်ပေမဲ့

သူ့အမွေးအတောင်တွေဟာ ငှက်ကျားရဲ့ အမွေးအတောင်တွေနဲ့ ယှဉ်နိုင်မလား။+

၁၄ ငှက်ကုလားအုတ်က ဥတွေကို မြေပေါ်ဥချပြီး

မြေမှုန့်ထဲမှာ နွေးအောင်ထားတယ်။

၁၅ သားရဲတိရစ္ဆာန်တွေ တက်နင်းသွားမှာ၊

ဥတွေအနင်းခံရပြီး ကွဲကြေသွားမှာကို သူ မစိုးရိမ်ဘူး။

၁၆ သားပေါက်လေးတွေကို ကိုယ့်ရင်သွေးမဟုတ်သလို ခပ်ကြမ်းကြမ်း ဆက်ဆံတယ်။+

သူပင်ပန်းခဲ့သမျှ အလကားဖြစ်သွားမှာကို မစိုးရိမ်ဘူး။

၁၇ ဘုရားသခင်က သူ့ကို ဉာဏ်ပညာ မပေးထားလို့ပဲ။

အသိဉာဏ် ဝေမျှမပေး ထားလို့ပဲ။

၁၈ ဒါပေမဲ့ အတောင် တဖျပ်ဖျပ်ခတ်ပြီး ပြေးတဲ့အခါ

မြင်းနဲ့ မြင်းစီးသမားကို လှောင်ရယ်တတ်တယ်။

၁၉ မင်းဟာ မြင်းကို အစွမ်းခွန်အားပေးတဲ့သူလား။+

ဖွာကျနေတဲ့ လည်ဆံမွေးတွေက မင်း ဆင်ယင်ပေးထားတာလား။

၂၀ သူ့ကို ကျိုင်းကောင်လို ခုန်ပေါက်စေနိုင်သလား။

သူ့ရဲ့နှာမှုတ်သံကြီးဟာ လန့်စရာပဲ။+

၂၁ ချိုင့်ဝှမ်းထဲမှာ မြေကို ခွာနဲ့ယက်ပြီး အားမာန်ပါပါ ကဆုန်ပေါက်တတ်တယ်။+

စစ်ပွဲဆီ ဒုန်းစိုင်းပြေးတတ်တယ်။+

၂၂ ကြောက်လန့်စရာကို လှောင်ရယ်တတ်တယ်။ ဘာကိုမှ မကြောက်တတ်ဘူး။+

ဓားဘေးကြောင့် ပြန်လှည့်မသွားတတ်ဘူး။

၂၃ မြင်းစီးသူရဲရဲ့ မြားကျည်တောက်ဟာ နံဘေးမှာ တဂျောက်ဂျောက် မြည်နေတယ်။

လှံရှည်၊ လှံတိုတွေ တလက်လက် တောက်နေတယ်။

၂၄ စိတ်တက်ကြွပြီး ရှေ့ကို ဒုန်းစိုင်းပြေးတတ်တယ်။

တံပိုးသံကြားတဲ့အခါ အငြိမ်မနေနိုင်ဘူး။*

၂၅ တံပိုးမှုတ်လိုက်တာနဲ့ ဟီသံပေးတတ်တယ်။

စစ်ပွဲကို အဝေးကနေ အနံ့ခံတတ်တယ်။

တပ်မှူးတွေရဲ့အမိန့်သံ၊ စစ်ငြာသံကို ကြားတတ်တယ်။+

၂၆ သိမ်းငှက်က မင်း အသိဉာဏ်ပေးထားလို့

တောင်ပံဖြန့်ပြီး တောင်ဘက်ကို ပျံသန်းတာလား။

၂၇ လင်းယုန်က မင်းအမိန့်ပေးထားလို့ အထက်ကို ပျံသန်းပြီး+

အမြင့်မှာ အသိုက်ဆောက်တာလား။+

၂၈ သူက ကျောက်ကမ်းပါးပေါ်မှာ ညအိပ်တတ်တယ်။

ကျောက်ကြိုကျောက်ကြားထဲက သူ့ခံတပ်မှာ နေတတ်တယ်။

၂၉ အဲဒီနေရာကနေ အစာရှာတတ်တယ်။+

ဟိုးအဝေးကြီးကို လှမ်းမြင်နိုင်တယ်။

၃၀ သားပေါက်လေးတွေက သွေးကို စုပ်ယူသောက်သုံးနေတယ်။

အသေကောင်ရှိတဲ့နေရာမှာ သူတို့ ရှိတတ်တယ်။”+

၄၀ ယေဟောဝါက ယောဘကို

 ၂ “အပြစ်ရှာတတ်တဲ့သူက အနန္တတန်ခိုးရှင်နဲ့အပြိုင် ငြင်းခုံသင့်သလား။+

ဘုရားသခင်ကို ဆုံးမချင်တဲ့သူ ဖြေပါဦး”+ လို့ပြောတယ်။

 ၃ ဒါနဲ့ ယောဘက ယေဟောဝါကို

 ၄ “ကျွန်တော်ဟာ ဘာမှမဟုတ်တဲ့သူပါ။+

ဘာပြန်ပြောနိုင်မှာလဲ။

ပါးစပ်ကို လက်နဲ့ပိတ်ထားပါပြီ။+

 ၅ ကျွန်တော် တစ်ခါပြောပြီးပြီ။ ထပ်မပြောတော့ပါဘူး။

နှစ်ခါတောင် ပြောပြီးပြီဖြစ်လို့ ပြောစရာ မရှိတော့ပါဘူး” လို့ဖြေတယ်။

 ၆ အဲဒီအခါ ယေဟောဝါက လေမုန်တိုင်းထဲကနေ ယောဘကို ပြောတာက–+

 ၇ “ယောက်ျားပီပီ ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ။

ငါမေးမယ်။ ပြန်ဖြေပါ။+

 ၈ မင်းက ငါ့ရဲ့တရားမျှတမှုကို စောဒကတက်မလို့လား။

မင်းမှန်တယ်ဆိုတာပြဖို့ ငါ့ကို အပြစ်တင်မလို့လား။+

 ၉ စစ်မှန်တဲ့ဘုရားသခင်မှာရှိတဲ့ တန်ခိုးကြီးတဲ့လက်ရုံးမျိုး မင်းမှာ ရှိသလား။+

ဘုရားလိုအသံမျိုးနဲ့ မိုးခြိမ်းနိုင်သလား။+

၁၀ အဲဒီလို မင်းလုပ်နိုင်ရင် ဂုဏ်ကျက်သရေ၊ ခမ်းနားမြင့်မြတ်မှုနဲ့ ကိုယ်ကိုဆင်ယင်လိုက်ပါ။

ဂုဏ်သိက္ခာနဲ့ ခမ်းနားထည်ဝါမှုကို ဝတ်ဆင်လိုက်ပါ။

၁၁ မင်းရဲ့ပြင်းထန်တဲ့ဒေါသကို လွှတ်ကြည့်လိုက်။

မောက်မာသူတွေကို ကြည့်ပြီး နှိမ့်ချပစ်လိုက်။

၁၂ မောက်မာသူတွေကို ကြည့်ပြီး နှိမ့်ချပစ်လိုက်။

လူဆိုးတွေကို သူ့နေရာမှာတင် နင်းခြေပစ်လိုက်။

၁၃ သူတို့ကို မြေမှုန့်ထဲမှာ တစ်စုတည်း ဝှက်ပြီး

မှောက်မိုက်အရပ်မှာ ချည်နှောင်လိုက်။

၁၄ အဲဒီလိုလုပ်နိုင်ရင် မင်းရဲ့ညာလက်ရုံးဟာ မင်းကိုကယ်တင်နိုင်တာပဲဆိုပြီး

ငါကိုယ်တိုင် အသိအမှတ်ပြုမယ်။

၁၅ ဗေဟမုတ်* ကိုကြည့်။ မင်းကို ငါဖန်ဆင်းသလို သူ့ကိုလည်း ငါဖန်ဆင်းခဲ့တယ်။

သူဟာ နွားထီးလိုပဲ မြက်ကို စားတယ်။

၁၆ သူ့ခါးမှာရှိတဲ့ အင်အား၊

ဝမ်းဗိုက်ကြွက်သားတွေမှာရှိတဲ့ ခွန်အားကို ကြည့်လိုက်။

၁၇ သူ့အမြီးဟာ သစ်ကတိုးပင်လို တောင့်တင်းတယ်။

ပေါင်အရွတ်တွေ လိမ်ယှက်နေတယ်။

၁၈ အရိုးတွေဟာ ကြေးနီချောင်းတွေလိုပဲ။

ခြေထောက်တွေလည်း သံချောင်းတွေလိုပဲ။

၁၉ ဘုရားဖန်ဆင်းတဲ့ အဲဒီလိုတိရစ္ဆာန်တွေထဲမှာ သူဟာ ဦးဆုံးပဲ။

ဖန်ဆင်းတဲ့အရှင်ကသာ သူ့ကို ဓားနဲ့ နှိမ်နင်းနိုင်တယ်။

၂၀ သားရဲတိရစ္ဆာန်တွေ ဆော့ကစားတဲ့ တောင်တန်းတွေက

သူ့အတွက် စားစရာတွေ ထုတ်လုပ်ပေးတယ်။

၂၁ ကြာပင်တွေအောက်မှာ၊

ရွှံ့နွံတောထဲက ကျူပင်တွေအောက်မှာ သူ လဲလျောင်းနေတတ်တယ်။

၂၂ သူ့ကို ကြာပင်တွေ အရိပ်မိုးပေးတယ်။

ချိုင့်ဝှမ်းထဲက မိုးမခပင်တွေ ခြံရံပေးတယ်။

၂၃ မြစ်ရေကြီးတဲ့အခါ သူ မလန့်ဘူး။

ဂျော်ဒန်မြစ်ရေက+ သူ့ပါးစပ်ကို အရှိန်နဲ့ ဝင်တိုးရင်တောင် မမှုဘူး။

၂၄ သူကြည့်နေတုန်းမှာ သူ့ကို ဖမ်းရဲတဲ့သူ ရှိသလား။

သူ့နှာခေါင်းကို သံချိတ်နဲ့ဖောက်ရဲတဲ့သူ ရှိသလား။

၄၁ “လဝိသန်ကို*+ ငါးမျှားချိတ်နဲ့ မင်းဖမ်းနိုင်သလား။

သူ့လျှာကို ကြိုးနဲ့ ချည်ထားနိုင်သလား။

 ၂ နှာခေါင်းပေါက်ထဲ ကြိုးကို လျှိုသွင်းနိုင်သလား။

မေးရိုးတွေကို သံချိတ်နဲ့ ဖောက်နိုင်သလား။

 ၃ ချမ်းသာပေးပါဆိုပြီး မင်းကို သူအသနားခံပါ့မလား။

မင်းကို ညင်ညင်သာသာ ပြောပါ့မလား။

 ၄ မင်းဆီမှာ တစ်သက်လုံး ကျွန်ခံပါ့မယ်ဆိုပြီး

သူကတိပေးပါ့မလား။

 ၅ ငှက်နဲ့ဆော့ကစားသလို သူနဲ့ ဆော့ကစားမလား။

မင်းရဲ့သမီးလေးတွေ ကစားဖို့ သူ့ကို ကြိုးနဲ့ချည်ထားပေးမလား။

 ၆ သူ့ကို ကုန်သည်တွေ အရောင်းအဝယ် လုပ်ကြမလား။

သူ့ကိုခုတ်ပိုင်းပြီး အရောင်းအဝယ်သမားတွေနဲ့ ခွဲဝေယူကြမလား။

 ၇ သူ့အရေခွံကို လှံနဲ့ထိုးမလား။+

သူ့ခေါင်းကို ငါးထိုးတဲ့မှိန်းနဲ့ ထိုးမလား။

 ၈ သူ့အပေါ် လက်တင်ကြည့်လိုက်။

အဲဒီတိုက်ပွဲကို တစ်သက်မမေ့ဘူး ဖြစ်သွားမယ်။ ထပ်လုပ်ရဲတော့မှာ မဟုတ်ဘူး။

 ၉ သူ့ကိုဖမ်းမိဖို့ မျှော်လင့်ချက်မထားနဲ့။

မြင်ရုံနဲ့တင် အကြီးအကျယ် ကြောက်လန့်သွားမယ်။

၁၀ သူ့ဒေါသကို ဘယ်သူမှ မဆွရဲဘူး။

ဒါဆိုရင် ဘယ်သူက ငါ့ရှေ့မှာ ရပ်တည်နိုင်သလဲ။+

၁၁ ဘယ်သူက ငါ့ကိုဘာပေးဖူးလို့ ငါပြန်ဆပ်ပေးရမှာလဲ။+

ကောင်းကင်အောက်မှာ ရှိသမျှဟာ ငါ့ဥစ္စာချည်းပဲ။+

၁၂ သူ့ခြေလက်တွေ၊ ခွန်အားတွေအကြောင်း၊

ကျကျနန ဖွဲ့စည်းထားတဲ့ သူ့ခန္ဓာကိုယ်အကြောင်း ငါမပြောဘဲ မနေဘူး။

၁၃ သူ့ရဲ့အပေါ်ရုံအဝတ်ကို ဘယ်သူ ချွတ်ဖူးသလဲ။

ဟနေတဲ့မေးရိုးတွေထဲ ဘယ်သူဝင်မလဲ။

၁၄ သူ့ပါးစပ်တံခါးကို ဘယ်သူ အတင်းဆွဲဖွင့်ရဲသလဲ။

သွားတွေဟာ ထိတ်လန့်စရာပဲ။

၁၅ သူ့ကျောပေါ်မှာ အကြေးခွံတွေ အတန်းလိုက်ရှိနေတယ်။*

ချိပ်ပိတ်ထားသလို စေ့နေတာပဲ။

၁၆ အကြေးခွံတွေ တစ်ခုနဲ့တစ်ခု ပူးကပ်နေလို့

လေတောင် မတိုးနိုင်ဘူး။

၁၇ တစ်ခုနဲ့တစ်ခု တွယ်ကပ်နေလို့

ခွာမရအောင် စွဲမြဲနေတယ်။

၁၈ သူ နှာမှုတ်လိုက်တဲ့အခါ အလင်းတွေ ဖြာထွက်သွားတယ်။

မျက်လုံးတွေဟာ အရုဏ်ဦး အလင်းတန်းတွေလိုပဲ။

၁၉ ပါးစပ်ထဲကနေ လျှပ်စီးတွေဖြာပြီး

မီးပွားတွေ လွင့်ထွက်လာတယ်။

၂၀ နှာခေါင်းပေါက်ကနေ အခိုးအငွေ့တွေ ထွက်နေလိုက်တာ

ကျူရိုးတွေ တောက်လောင်နေတဲ့ မီးဖိုကြီးလိုပဲ။

၂၁ သူ့ထွက်သက်ဝင်သက်ဟာ မီးသွေးတွေကို မီးစွဲစေတယ်။

ခံတွင်းထဲကနေ မီးလျှံတွေ ပန်းထွက်နေတယ်။

၂၂ သူ့လည်ပင်းမှာ ကြီးမားတဲ့ခွန်အား ရှိတယ်။

သူနဲ့ပက်ပင်းတိုးသူတိုင်း ကြောက်လန့်ပြီး ပြေးကုန်တယ်။

၂၃ သူ့အရေပြားလွှာတွေ အထပ်ထပ် ပူးကပ်နေတယ်။

သတ္တုရည်လောင်းထားသလို စွဲမြဲပြီး ခိုင်မာနေတယ်။

၂၄ နှလုံးဟာ ကျောက်တုံးလို၊

အောက်ခံကြိတ်ဆုံကျောက်လို မာကျောတယ်။

၂၅ သူထတဲ့အခါ လူစွမ်းကောင်းတွေတောင် ကြောက်လန့်သွားတယ်။

ရေထဲမှာ တဗြန်းဗြန်း ခါယမ်းတဲ့အခါ သူတို့ ဆောက်တည်ရာမရ ဖြစ်ကုန်တယ်။

၂၆ ဓား၊ လှံ၊ မှိန်း၊ မြားတွေနဲ့ တိုက်ခိုက်ပါစေ

ဘာလက်နက်မှ သူ့ကိုနိုင်မှာ မဟုတ်ဘူး။+

၂၇ သူ့အတွက်တော့ သံဟာ ကောက်ရိုးလိုပဲ။

ကြေးနီဟာ သစ်ဆွေးတုံးလိုပဲ။

၂၈ မြားနဲ့ပစ်လည်း သူထွက်ပြေးမှာ မဟုတ်ဘူး။

လောက်လွှဲကျောက်တွေဟာ ရိုးပြတ်လို ဖြစ်သွားတယ်။

၂၉ သူ့အတွက်တော့ တင်းပုတ်ဟာ ရိုးပြတ်လိုပဲ။

လှံတိုဝှေ့ယမ်းသံကို သူ လှောင်ရယ်တတ်တယ်။

၃၀ ဝမ်းဗိုက်ဟာ ချွန်ထက်တဲ့ အိုးခြမ်းကွဲတွေလို ဖြစ်နေလို့

ရွှံ့ပေါ်မှာ ကောက်နယ်ပြား ဖြတ်သွားသလို အရာထင်ကျန်စေတယ်။+

၃၁ အိုးဆူပွက်သလို နက်ရှိုင်းတဲ့ရေထုကို သူဆူပွက်စေတယ်။

အိုးထဲမှာ ဆီမွှေးကိုမွှေသလို ပင်လယ်ကို မွှေနှောက်တတ်တယ်။

၃၂ သူသွားတဲ့လမ်းတစ်လျှောက် လင်းလက်တဲ့လမ်းကြောင်း ကျန်ရစ်ခဲ့တယ်။

ရေထုကြီးမှာ ဖြူဖွေးတဲ့ဆံပင်တွေ ရှိတယ်လို့ ထင်စရာပဲ။

၃၃ ကမ္ဘာပေါ်မှာ သူ့လိုတိရစ္ဆာန် တစ်ကောင်မှမရှိဘူး။

အကြောက်အလန့်မရှိတဲ့ သတ္တဝါအဖြစ် သူ့ကို ဖန်ဆင်းထားတယ်။

၃၄ မာန်ထောင်တဲ့ အကောင်တွေကို သူ စိန်းစိန်းကြီး ကြည့်တတ်တယ်။

သားရဲကြီးတွေထဲမှာ သူဟာ ဘုရင်ပဲ။”

၄၂ အဲဒီအခါ  ယောဘက   ယေဟောဝါကို ပြောတယ်–

 ၂ “ကိုယ်တော်ဟာ အရာရာကို လုပ်ဆောင်နိုင်မှန်း၊

ကိုယ်တော် ကြံစည်သမျှ မဖြစ်နိုင်တာ မရှိမှန်း ကျွန်တော်သိပါပြီ။+

 ၃ ‘ဘာမှမသိဘဲ ငါ့ရည်ရွယ်ချက်ကို ဝိုးတိုးဝါးတားဖြစ်အောင် လုပ်နေတာ ဘယ်သူလဲ’ လို့ ကိုယ်တော် မေးခဲ့တယ်။+

ဟုတ်ပါတယ်။ ကိုယ်တိုင်မသိ၊ အံ့သြလို့မကုန်နိုင်တဲ့ အရာတွေအကြောင်း

ဘာမှနားမလည်ဘဲ ကျွန်တော်ပြောမိပါပြီ။+

 ၄ ‘ငါပြောမယ်။ နားထောင်ပါ။

ငါမေးမယ်။ ပြန်ဖြေပါ’ လို့ ကိုယ်တော် ပြောခဲ့တယ်။+

 ၅ ကိုယ်တော့်အကြောင်းကို အရင်က နားနဲ့သာ ကြားခဲ့ဖူးတာပါ။

အခုတော့ ကိုယ်တော့်ကို မျက်စိနဲ့ တပ်အပ်မြင်ရပါပြီ။

 ၆ ဒါကြောင့် ပြောခဲ့တဲ့စကားတွေကို ပြန်ရုပ်သိမ်းပါတယ်။+

မြေမှုန့်နဲ့ ပြာထဲမှာထိုင်ပြီး နောင်တရပါပြီ။”+

၇ ယေဟောဝါက ယောဘနဲ့ စကားပြောပြီးတဲ့နောက် တေမန်အမျိုးသား ဧလိဖတ်ကို ယေဟောဝါ ပြောတာက–

“မင်းနဲ့ မိတ်ဆွေနှစ်ယောက်ကို ငါစိတ်ဆိုးတယ်။+ ငါ့အကြောင်းကို ငါ့ကျွန်ယောဘ အမှန်အတိုင်း ပြောသလိုမျိုး မင်းတို့မပြောကြဘူး။+ ၈ အခု၊ နွားထီးခုနစ်ကောင်နဲ့ သိုးထီးခုနစ်ကောင်ကို ယူပြီး ငါ့ကျွန်ယောဘဆီ သွားကြ။ မီးရှို့ရာပူဇော်သက္ကာ ဆက်သကြ။ ငါ့ကျွန်ယောဘက မင်းတို့အတွက် ဆုတောင်းပေးလိမ့်မယ်။+ မင်းတို့ရဲ့ မိုက်မဲမှုနဲ့အညီ ငါမစီရင်မိဖို့ သူတောင်းဆိုပေးရင် ငါလက်ခံမယ်။ ငါ့အကြောင်းကို ငါ့ကျွန်ယောဘ အမှန်အတိုင်း ပြောသလိုမျိုး မင်းတို့ မပြောကြဘူး။”

၉ ဒါနဲ့ တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသား ဇောဖာတို့က ယေဟောဝါပြောတဲ့အတိုင်း သွားလုပ်ကြတယ်။ ယောဘ ဆုတောင်းပေးတာကို  ယေဟောဝါ လက်ခံတယ်။

၁၀ မိတ်ဆွေတွေအတွက် ယောဘ ဆုတောင်းပေးပြီးတဲ့နောက်မှာ+ ယေဟောဝါက ယောဘရဲ့ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပေးပြီး+ အရင်တုန်းကလိုပဲ ပြန်ကြွယ်ဝစေတယ်။ ယေဟောဝါက ယောဘပိုင်ဆိုင်ခဲ့တာတွေထက် နှစ်ဆပြန်ပေးတယ်။+ ၁၁ ယောဘရဲ့ မောင်နှမတွေ၊  မိတ်ဟောင်းဆွေဟောင်းတွေက+ သူ့အိမ်ကို လာပြီး အတူစားသောက်တယ်။ သူ့အပေါ် ယေဟောဝါ ကျရောက်ခွင့်ပြုခဲ့တဲ့ ဘေးဆိုးမှန်သမျှအတွက် ဝမ်းနည်းစကားပြောပြီး နှစ်သိမ့်ပေးကြတယ်။ ပြီးတော့ ငွေတစ်စစီ၊ ရွှေတစ်ကွင်းစီ လက်ဆောင်ပေးသွားကြတယ်။

၁၂ ယေဟောဝါက  ယောဘကို ဘဝရဲ့အစောပိုင်းနှစ်တွေထက် နှောင်းပိုင်းနှစ်တွေမှာ ပိုကောင်းချီးပေးတဲ့အတွက်+ သူ့မှာ သိုး ၁၄,၀၀၀၊ ကုလားအုတ် ၆,၀၀၀၊ နွားအရှဉ်း ၁,၀၀၀၊ မြည်းမ ၁,၀၀၀ ရှိလာတယ်။+ ၁၃ သားခုနစ်ယောက်၊  သမီးသုံးယောက် ထပ်ရတယ်။+ ၁၄ သမီးကြီးကို ယေမိမ၊ အလတ်ကို ကေဇိ၊ သမီးထွေးကို ကေရင်ဟတ်ပုတ်လို့  နာမည်ပေးတယ်။ ၁၅ တစ်ပြည်လုံးမှာ  ယောဘသမီးတွေလောက် လှတဲ့သူ မရှိဘူး။ ယောဘက သမီးတွေကို အစ်ကိုမောင်တွေနဲ့အတူ အမွေခွဲဝေပေးတယ်။

၁၆ အဲဒီနောက် ယောဘက နှစ်ပေါင်း ၁၄၀ အသက်ရှင်တယ်။ သားသမီးမြေးမြစ်တွေရပြီး မျိုးဆက်လေးဆက်ကို မြင်ရတယ်။ ၁၇ ယောဘဟာ  ကျေနပ်စရာကောင်းတဲ့ဘဝနဲ့ အသက်ရှည်ရှည် နေရပြီးနောက် ကွယ်လွန်သွားတယ်။

“ရန်လိုခံရသူ” လို့ဆိုလိုနိုင်။

ဒါမှမဟုတ်၊ “ကောင်းကင်တမန်တွေ။”

“မိုးကြိုး” လည်းဖြစ်နိုင်။

ဒါမှမဟုတ်၊ “ကောင်းကင်တမန်တွေ။”

မူရင်း၊ “အရေပြားအတွက် အရေပြား။”

ခက်ဆစ်ကိုကြည့်။

“လူသူကင်းမဲ့တဲ့နေရာတွေ” လည်းဖြစ်နိုင်။

ဒါမှမဟုတ်၊ “ကြံစည်သူတွေ။”

အရသာမရှိ၊ ချွဲကျိကျိအရည်ထွက်တဲ့ အပင်။

ခုနစ်စဉ်ကြယ် ဖြစ်နိုင်။

လိပ်တာရာကြယ်စု ဖြစ်နိုင်။

ဖျောက်ဆိပ်ကြယ်ပြွတ် ဖြစ်နိုင်။

ပင်လယ်သတ္တဝါကြီး ဖြစ်နိုင်။

“ကျုပ်ရဲ့တရားပြိုင်ကို” လည်းဖြစ်နိုင်။

“ပြောကြည့်လိုက်ပါ” လည်းဖြစ်နိုင်။

“တရားဆိုင်နိုင်တဲ့သူရှိရင် ကျုပ် နှုတ်ဆိတ်ပြီး အသေခံပါ့မယ်” လည်းဖြစ်နိုင်။

မူရင်း၊ “လူဟာ။”

“ရိတ်ဖြတ်ခံရတယ်” လည်းဖြစ်နိုင်။

ခက်ဆစ်ကိုကြည့်။

ခက်ဆစ်ကိုကြည့်။

ဒါမှမဟုတ်၊ “ခွန်အား။” မူရင်း၊ “ဦးချို။”

“မအိပ်ဘဲ ဘုရားကို မျှော်ကြည့်တဲ့အတွက်” လည်းဖြစ်နိုင်။

“မသန့်ရှင်းသူ” လည်းဖြစ်နိုင်။

မူရင်း၊ “သွားရဲ့အပေါ်ယံလွှာနဲ့ပဲ လွတ်လာတယ်။”

“လှေကားထစ်စိုက်ခင်းတွေမှာ ဆီကြိတ်ရတယ်” လည်းဖြစ်နိုင်။

“ဘယ်သူ့ကိုမှ ဘုရားသခင် အရေးမယူဘူး” လည်းဖြစ်နိုင်။

“လက်တော်” လည်းဖြစ်နိုင်။

သတ္တုတူးဖော်တာကို ရည်ညွှန်း။

ဒါမှမဟုတ်၊ “အီသီယိုးပီးယား။”

“ကျုပ်မျက်နှာညှိုးအောင် မလုပ်ကြဘူး” လည်းဖြစ်နိုင်။

“ကူညီမယ့်သူ” လည်းဖြစ်နိုင်။

“ရောဂါပြင်းထန်လွန်းလို့ ကျုပ် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတယ်” လည်းဖြစ်နိုင်။

“ပေါက်ကွဲသံနဲ့ ပျောက်ကွယ်စေတယ်” လည်းဖြစ်နိုင်။

“အဖျားတက်နေတယ်” လည်းဖြစ်နိုင်။

မူရင်း၊ “အင်္ကျီရင်ဖုံးထဲမှာ။”

ဒါမှမဟုတ်၊ “ကောင်းကင်တမန်။”

“ကျုပ်ကို ဘာမှကောင်းကျိုးမပြုဘူး” လည်းဖြစ်နိုင်။

“ဝေဖန်ဝံ့သလဲ၊ ဖြေရှင်းချက် တောင်းဝံ့သလဲ” လည်းဖြစ်နိုင်။

“ရောက်လာတော့မယ့်အရာကို” လည်းဖြစ်နိုင်။

ဒါမှမဟုတ်၊ “ကောင်းကင်တမန်တွေ။”

ဖျောက်ဆိပ်ကြယ်ပြွတ် ဖြစ်နိုင်။

လိပ်တာရာကြယ်စု ဖြစ်နိုင်။

ခုနစ်စဉ်ကြယ် ဖြစ်နိုင်။

“မယုံနိုင်အောင် ဖြစ်သွားတယ်” လည်းဖြစ်နိုင်။

ရေမြင်းဖြစ်နိုင်။

ခက်ဆစ် ကိုကြည့်။

“အကြေးခွံတွေဟာ သူ့အတွက် ဝင့်ကြွားစရာပဲ” လည်းဖြစ်နိုင်။

    မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ လက်သင်္ကေတပြဘာသာစကား
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ