အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ
© 2025 Watch Tower Bible and Tract Society of Pennsylvania
ဇူလိုင် ၇-၁၃
ဘုရားရေးရာ ရတနာ
က၀၅ ၁/၁၅ ၁၇ ပိုဒ်. ၉
ဘုရားသခင့်နိုင်ငံတော် ကြိုတင်မြင်ကွင်းများ အမှန်တကယ်ဖြစ်ပျက်လာ
၉ ယေရှုသည် မြည်းကလေးကိုစီးလာသော လူသားမျှမဟုတ်တော့ဘဲ ယခု တန်ခိုးကြီးဘုရင်တစ်ပါး ဖြစ်နေပြီ။ ကျမ်းစာအရ စစ်ပွဲဝင်အထိမ်းအမှတ်ဖြစ်သော မြင်းစီးနေသူအဖြစ် ကိုယ်တော့်ကို ပုံဖော်ထား၏။ (သု. ၂၁:၃၁) ဗျာ. ၆:၂ ကဤသို့ဆိုသည်– “ငါကြည့်လျှင် မြင်းဖြူတစ်စီးရှိ၏။ မြင်းစီးသောသူသည် လေးကိုကိုင်၏။ သူ၌သရဖူကို ပေးတော်မူ၏။ အောင်မြင်လျက်လည်းကောင်း၊ အောင်မြင်ခြင်းငှာလည်းကောင်း ထွက်သွား၏။” ထို့ပြင် ယေရှုနှင့်စပ်လျဉ်းပြီး ဆာလံဆရာဒါဝိဒ်က ဤသို့ရေးသားခဲ့သည်– ‘ထာဝရဘုရားသခင်သည် အရှင်၏ အာဏာတော်လှံတံကို ဇိအုန်မြို့မှ လွှတ်တော်မူမည်။ ကိုယ်တော်သည် ရန်သူတို့၏အလယ်၌ အုပ်စိုးတော်မူလိမ့်မည်။’—ဆာလံ ၁၁၀:၂။
ဇူလိုင် ၁၄-၂၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ပညာအလိမ္မာ ၂၂
သားသမီးပြုစုပျိုးထောင်ဖို့ လက်တွေ့ကျ ကျမ်းစာအခြေခံမူများ
က၂၀.၁၀ ၂၇ ပိုဒ်. ၇
ဘုရားကို ဝတ်ပြုသူတွေအဖြစ် ကြီးပြင်းလာကြမလား
၇ သင်ဟာ အိမ်ထောင်သည်ဖြစ်ပြီး သားသမီး ယူဖို့ စဉ်းစားနေတယ် ဆိုပါစို့။ ‘ငါဟာ သားသမီးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ယေဟောဝါ တာဝန်ပေးရလောက်အောင် နှိမ့်ချသူ၊ ဘုရားရေးရာ စိတ်ဓာတ် ရှိသူ ဟုတ်ရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ (ဆာ. ၁၂၇:၃၊ ၄) သားသမီး ရှိတဲ့ မိဘ ဖြစ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘သားသမီးတွေကို အလုပ်ကြိုးစားဖို့ ငါ သင်ပေးနေရဲ့လား။’ (ဒေ. ၃:၁၂၊ ၁၃) ‘စာတန့်လောကမှာ ကြုံရနိုင်တဲ့ ရုပ်ပိုင်း၊ စာရိတ္တပိုင်းဆိုင်ရာ အန္တရာယ်တွေကနေ သားသမီးတွေကို အတတ်နိုင်ဆုံး ကာကွယ်ပေးနေရဲ့လား။’ (ပညာ. ၂၂:၃) ကြုံရမယ့် ပြဿနာတိုင်းကနေတော့ သားသမီးတွေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အကြံဉာဏ်ရဖို့ ကျမ်းစာကို အားကိုးတတ်အောင် သင်ပေးခြင်းအားဖြင့် လက်တွေ့ဘဝကို ရင်ဆိုင်နိုင်ဖို့ တဖြည်းဖြည်း မေတ္တာပါစွာ ပြင်ဆင်ပေးနိုင်တယ်။ (ပညာအလိမ္မာ ၂:၁-၆ ကိုဖတ်ပါ။) ဥပမာ၊ မိသားစုဝင်တစ်ယောက် စစ်မှန်တဲ့ ဝတ်ပြုရေးကို ကျောခိုင်းသွားတဲ့အခါ ယေဟောဝါအပေါ် ဆက်သစ္စာရှိနေဖို့ ဘာကြောင့် အရေးကြီးကြောင်း သားသမီးတွေကို ပြောပြပါ။ (ဆာ. ၃၁:၂၃) ဒါမှမဟုတ် ချစ်ရသူတစ်ယောက် ဆုံးပါးသွားတဲ့အခါ ဝမ်းနည်းမှုကို ဖြေသိမ့်ဖို့၊ စိတ်ငြိမ်သက်ဖို့ ကူညီပေးနိုင်တဲ့ ကျမ်းချက်တွေ ပြပါ။—၂ ကော. ၁:၃၊ ၄။ ၂ တိ. ၃:၁၆။
က၁၉.၁၂ ၂၆ ပိုဒ်. ၁၇-၁၉
မိဘတို့၊ ယေဟောဝါကို ချစ်လာအောင် သားသမီးတွေကို လေ့ကျင့်ပေးပါ
၁၇ ကလေးတွေကို စောနိုင်သမျှ စောစော လေ့ကျင့်ပေးပါ။ စောစော လေ့ကျင့်ပေးလေ ပိုကောင်းလေပဲ။ (ပညာ. ၂၂:၆) တမန်တော် ပေါလုရဲ့ ခရီးသွားဖော် ဖြစ်လာတဲ့ တိမောသေအကြောင်း စဉ်းစားကြည့်ပါ။ မိခင် ဥနိတ်နဲ့ အဘွား လောအိဟာ တိမောသေကို “နို့စို့အရွယ်ကတည်းက” လေ့ကျင့်ပေးခဲ့တယ်။—၂ တိ. ၁:၅။ ၃:၁၅။
၁၈ ကို့ဒီဗွားမှာနေတဲ့ ဂျိမ်းကလော့နဲ့ ပိစ်တို့ဟာ သားသမီးခြောက်ယောက်စလုံး ယေဟောဝါကို ချစ်ပြီး ဝတ်ပြုလာအောင် ပြုစုပျိုးထောင်နိုင်ခဲ့တယ်။ ဘာက သူတို့ကို ကူညီပေးသလဲ။ ဥနိတ်နဲ့ လောအိရဲ့ ပုံသက်သေကို သူတို့ တုပကြတယ်။ “သားသမီးတွေကို မွေးကင်းစ အရွယ်ကတည်းက ဘုရားသခင့်စကားတွေကို စိတ်စွဲမှတ်သွားအောင် သွန်သင်ပေးတယ်” လို့ သူတို့ ပြောတယ်။—တရား. ၆:၆၊ ၇။
၁၉ ယေဟောဝါရဲ့ စကားတွေကို သားသမီးတွေ “စိတ်စွဲမှတ်သွားအောင် သွန်သင်” တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ “အကြိမ်ကြိမ် ပြောပြပြီး သင်ပေးတာ” ကို ဆိုလိုတယ်။ အဲဒီလိုလုပ်နိုင်ဖို့ ပုံမှန် အချိန်ပေးရမယ်။ အထပ်ထပ် ပြောရတာ တစ်ခါတလေ စိတ်ပျက်စရာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘုရားသခင့်စကားတွေကို သားသမီးတွေ နားလည်လိုက်နာဖို့ ကူညီပေးနိုင်တဲ့ နည်းတစ်နည်းအဖြစ် မိဘတွေ ရှုမြင်ရမယ်။
ဇူလိုင် ၂၁-၂၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ပညာအလိမ္မာ ၂၃
အရက်ယမကာနဲ့ပတ်သက်တဲ့ လက်တွေ့ကျ ကျမ်းစာအခြေခံမူများ
ဘုရားရေးရာ ရတနာ
က၀၄ ၁၁/၁ ၃၁ ပိုဒ်. ၂
စာရှုသူများထံမှမေးခွန်းလွှာ
သာဓကအနေနှင့် အဝလွန်ခြင်းသည် စားကြူးသည့်လက္ခဏာဖြစ်နိုင်သော်လည်း အမြဲတမ်း ထိုသို့မဟုတ်ပေ။ ရောဂါကြောင့် အဝလွန်တတ်သည်။ မျိုးရိုးလိုက်ခြင်းကြောင့်လည်း အဝလွန်နိုင်၏။ ထို့ပြင် အဝလွန်ခြင်းသည် ကာယပိုင်းအခြေအနေတစ်ခုဖြစ်ပြီး စားကြူးခြင်းမှာမူ စိတ်ပိုင်းဆိုင်ရာ သဘောထားတစ်ခုဖြစ်ကြောင်း သိရှိထားရမည်။ အဝလွန်ခြင်းသည် “ခန္ဓာကိုယ်တွင် အဆီများလွန်းသည့် အခြေအနေတစ်ရပ်” ဖြစ်ပြီး စားကြူးခြင်းမှာမူ “လောဘကြီးခြင်း၊ အာသာငမ်းငမ်းစားခြင်း” ဖြစ်၏။ ထို့ကြောင့် စားကြူးခြင်းကို လူတစ်ဦး၏ ခန္ဓာကိုယ် အရွယ်အစားအားဖြင့်မဟုတ်ဘဲ အစားအသောက်အပေါ် သူ၏သဘောထားကိုကြည့်ပြီး ဆုံးဖြတ်ရပေမည်။ လူတစ်ဦးသည် သာမန်ခန္ဓာကိုယ်အရွယ်အစား သို့မဟုတ် ပိန်ပိန်လေးပင်ဖြစ်သော်လည်း စားကြူးသူဖြစ်နိုင်သည်။ ထို့ပြင် အနေတော်ခန္ဓာကိုယ်အလေးချိန်နှင့် ပုံပန်းကိုရှုမြင်ပုံသည် တစ်နေရာနှင့်တစ်နေရာ မတူကြချေ။
ဇူလိုင် ၂၈–ဩဂုတ် ၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ပညာအလိမ္မာ ၂၄
ကြုံလာရမယ့် အခက်အခဲတွေကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ
it-2-E ၆၁၀ ပိုဒ် ၈
နှိပ်စက်ညှဉ်းပန်းခြင်း
ခရစ်ယာန်တွေဟာ ခံနိုင်ရည်ရှိသူတွေရမယ့်ဆုကိုလည်း လေးမြတ်ကြတယ်။ အဲဒီဆုနဲ့ပတ်သက်ပြီး ယေရှု ဒီလို ပြောခဲ့တယ်– “ဖြောင့်မှန်ရာကို လုပ်တဲ့အတွက် နှိပ်စက်ခံရသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ ကောင်းကင်နိုင်ငံဟာ သူတို့အတွက် ဖြစ်လိမ့်မယ်။” (မ ၅:၁၀) ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်နဲ့ အဲဒီမျှော်လင့်ချက်ကို လုပ်ဆောင်ပေးမယ့်အရှင်အကြောင်း သိရှိထားလို့ သူတို့ ခွန်အားရှိခဲ့တာပါ။ အဲဒါကြောင့် ပြင်းထန်တဲ့ ညှဉ်းပန်းနှိပ်စက်သူတွေ အသေသတ်မယ် လို့ ခြိမ်းခြောက်တာတောင် ဘုရားကို သစ္စာစောင့်သိနိုင်ခဲ့ကြတာ။ ယေရှုရဲ့သေခြင်းကနေရရှိတဲ့ အကျိုးကျေးဇူးတွေကို ယုံကြည်တဲ့အတွက် သေရမှာကို ကြောက်တဲ့စိတ်ကနေ လွတ်မြောက်ခဲ့ကြတယ်။ (ဟီ ၂:၁၄၊ ၁၅) ဆန့်ကျင်မှု ဖိအားအောက်မှာ ဆက်သစ္စာရှိဖို့ဆိုရင် ခရစ်ယာန် စိတ်သဘောထား အရေးကြီးပါတယ်။ “ခရစ်တော်ယေရှုမှာရှိတဲ့ အဲဒီစိတ်သဘောထားကို ခင်ဗျားတို့လည်း မွေးမြူကြပါ။ ခရစ်တော်က . . . ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ဒုက္ခသစ်တိုင်ပေါ် အသေခံတဲ့အထိ နာခံခဲ့တယ်။” (ဖိ ၂:၅-၈) “သူ[ယေရှု]က ရှေ့မှာရှိတဲ့ ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ခွဲခံရတာကို အရေးမစိုက်ဘဲ ဒုက္ခသစ်တိုင်ပေါ်မှာ အသေခံခဲ့တယ်။”—ဟီ ၁၂:၂။ ၂က ၁၂:၁၀။ ၂သ ၁:၄။ ၁ပ ၂:၂၁-၂၃ တို့ကိုလည်း ကြည့်ပါ။
က၂၀.၁၂ ၁၅
စာရှုသူများထံမှ မေးခွန်းလွှာ
“ဖြောင့်မတ်သူက ခုနစ်ကြိမ် လဲရင်တောင် ပြန်ထလိမ့်မယ်” လို့ ပညာအလိမ္မာ ၂၄:၁၆ မှာ ပြောထားတယ်။ အကြိမ်ကြိမ် အပြစ်လုပ်ရင်တောင် ဘုရား ခွင့်လွှတ်တယ်ဆိုတဲ့ သဘောလား။
မဟုတ်ပါဘူး။ အခက်အခဲ၊ ပြဿနာတွေ အကြိမ်ကြိမ် ကြုံရတဲ့သဘောနဲ့ လဲကျတာ ဖြစ်ပြီး ခံရပ်နိုင်တယ်ဆိုတဲ့သဘောနဲ့ ပြန်ထတာကို ပြောနေတာပါ။
မှန်ပါတယ်။ ပညာအလိမ္မာ ၂၄:၁၆ မှာ ပါတဲ့ “လဲကျ” ဆိုတဲ့ စကားလုံးဟာ အပြစ်ကျူးလွန်တာကို မဟုတ်ဘဲ အခက်အခဲ၊ ပြဿနာတွေ အကြိမ်ကြိမ် ကြုံရတာကို ဆိုလိုတယ်။ လက်ရှိ စနစ်ဆိုးမှာ ဖြောင့်မတ်သူဟာ ကျန်းမာရေး ပြဿနာ၊ တခြား ပြဿနာတွေ၊ အစိုးရ နှိပ်စက်ညှဉ်းပန်းမှုတွေ ကြုံရနိုင်တယ်။ ဒါပေမဲ့ ဘုရား ထောက်မပေးမယ်၊ ဘုရား အကူအညီနဲ့ အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းနိုင်မယ်ဆိုတာ စိတ်ချနိုင်တယ်။ ‘ဘုရားကျေးကျွန်တွေအတွက် ကိစ္စရပ်တွေ အမြဲလိုလို အဆင်ပြေသွားတာကို မြင်ရလေ့ရှိတယ် မဟုတ်လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ “ယေဟောဝါက လဲကျသွားသူတွေကို ထောက်မတယ်။ ခေါင်းမမော်နိုင်သူတွေကို ထူမတယ်” တယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—ဆာ. ၄၁:၁-၃။ ၁၄၅:၁၄-၁၉။
ဘုရားရေးရာ ရတနာ
က၀၉ ၁၀/၁၅ ၁၂
စာရှုသူများထံမှ မေးခွန်းလွှာ
ကျမ်းစာခေတ်တွင် အမျိုးသားတစ်ဦး “[သူ၏] အိမ်ကိုဆောက်” လိုပါက သို့မဟုတ် အိမ်ထောင်ပြုခြင်းအားဖြင့် မိသားစုထူထောင်လိုပါက မိမိကိုယ်ကို ဤသို့မေးရန် လိုသည်– ‘ဇနီးသည်နဲ့ နောက်ပိုင်းရလာနိုင်တဲ့ သားသမီးတွေကို ပြုစုထောက်ပံ့ဖို့ ငါအသင့်ရှိပြီလား။’ သူသည် မိသားစုဘဝ မစတင်မီ မိမိ၏လယ် သို့မဟုတ် သီးနှံများကို ပြုစုစောင့်ရှောက်သည့် အလုပ် လုပ်ရန်ဖြစ်သည်။ ထို့ကြောင့် ထိုကျမ်းချက်ကို ခေတ်သုံး မြန်မာသမ္မာကျမ်းစာတွင် ရှင်းရှင်းလင်းလင်း တိုက်ရိုက် ဤသို့ဖော်ပြသည်– “သင်သည် မိမိလုပ်ကိုင်ရန် လယ်ယာများ အသင့်ရှိ၍ အသက်မွေးဝမ်းကျောင်းနိုင်ရန် သေချာပြီးမှ အိုးအိမ်ထောင်လော့။” အလားတူမူသည် ယနေ့သက်ဆိုင်ပါသလော။
သက်ဆိုင်ပါသည်။ အိမ်ထောင်ပြုလိုသော အမျိုးသားတစ်ဦးသည် ထိုတာဝန်အတွက် ကောင်းစွာ ပြင်ဆင်ဖို့လိုသည်။ သူသည် ကျန်းမာနေသရွေ့ အလုပ် လုပ်ရမည်။ အမှန်မှာ၊ အမျိုးသားတစ်ဦးသည် မိသားစုကို ပြုစုစောင့်ရှောက်ရာတွင် ရုပ်ပိုင်းပစ္စည်းထောက်ပံ့ရန် ကြိုးစားရုံဖြင့် မလုံလောက်ပေ။ လူတစ်ဦးသည် မိသားစုလိုအပ်ရာဖြစ်သော ကာယရေး၊ စိတ်ဓာတ်ရေးနှင့် ဝတ်ပြုရေးတို့ကို မကြည့်ရှုမစောင့်ရှောက်ပါက ယုံကြည်ခြင်းတရား မရှိသူထက်ပင် သာ၍ဆိုးကြောင်း ကျမ်းစာတွင် ဖော်ပြသည်။ (၁ တိ. ၅:၈) အိမ်ထောင်ပြုရန်နှင့် မိသားစုဘဝထူထောင်ရန် ပြင်ဆင်နေသော လူငယ်တစ်ဦးသည် မိမိကိုယ်ကို ဤသို့မေးသင့်သည်– ‘မိသားစုရဲ့ ရုပ်ပိုင်းလိုအပ်ရာကို ထောက်မဖို့ ငါ ပြင်ဆင်ပြီပြီးလား။ မိသားစုရဲ့ဝတ်ပြုရေးကို ဦးဆောင်ဖို့ အသင့်ဖြစ်ပြီလား။ ဇနီး၊ သားသမီးတွေနဲ့ မှန်မှန်ကျမ်းစာလေ့လာရမယ်ဆိုတဲ့ တာဝန်ကို ကျေပွန်နိုင်မလား။’ သမ္မာကျမ်းစာက ဤအရေးကြီးသော တာဝန်များကို အမှန်ပင် အလေးပေးဖော်ပြထားသည်။—တရား. ၆:၆-၈; ဧ. ၆:၄။
ထို့ကြောင့် အိမ်ထောင်ပြုရန် စိတ်ကူးနေသော လူငယ်သည် နယပုံပြင် ၂၄:၂၇ တွင်တွေ့ရသည့်မူကို အလေးအနက် စဉ်းစားသင့်သည်။ အလားတူ၊ အမျိုးသမီးငယ်တစ်ဦးသည် ဇနီး၊ မိခင်တစ်ဦး၏ တာဝန်များကို ထမ်းဆောင်ဖို့ ပြင်ဆင်ပြီးပြီလောဟု မိမိကိုယ်ကို မေးသင့်သည်။ ငယ်ရွယ်သော မောင်နှံစုံသည် သားသမီးယူဖို့ စဉ်းစားသည့်အခါ မိမိတို့ကိုယ်ကို အလားတူမေးခွန်းများ မေးနိုင်သည်။ (လု. ၁၄:၂၈) ထိုလမ်းညွှန်မှုကို လိုက်နာခြင်းဖြင့် ဘုရားသခင့် လူမျိုးသည် ကြေကွဲမှုများစွာကို ရှောင်နိုင်ပြီး မိသားစုဘဝ၏ ဆုကျေးဇူးကို ပျော်မွေ့နိုင်ပါသည်။
ဩဂုတ် ၄-၁၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ပညာအလိမ္မာ ၂၅
စကားအပြောအဆိုနဲ့ပတ်သက်တဲ့ လက်တွေ့ကျ ကျမ်းစာအခြေခံမူများ
က၁၅ ၁၂/၁၅ ၁၈ ပိုဒ်. ၆-၇
လျှာရဲ့အစွမ်းတန်ခိုးကို အကျိုးရှိရှိ အသုံးပြုပါ
၆ ‘သင့်တော်တဲ့အချိန်မှာ ပြောလိုက်တဲ့စကားဟာ ငွေလင်ပန်းထဲက ရွှေပန်းသီးတွေနဲ့ တူတယ်’ လို့ သုတ္တံ ၂၅:၁၁ (ကဘ) မှာ ပြောထားတယ်။ ရွှေပန်းသီးတွေက သိပ်လှတယ်။ ဒါပေမဲ့ ငွေလင်ပန်းထဲ ထည့်လိုက်တဲ့အခါ ပိုလှသွားပါလိမ့်မယ်။ အဲဒီလိုပဲ၊ အသင့်တော်ဆုံးအချိန်ကို ရွေးပြီး ပြောဆိုခြင်းက ကိုယ်ပြောမယ့်စကားကို ပိုလှပတင့်တယ်စေပြီး ပိုထိရောက်စေတယ်။ ဒါပေမဲ့ အသင့်တော်ဆုံးအချိန်ကို ဘယ်လိုရွေးမလဲ။
၇ မသင့်တော်တဲ့အချိန်မှာ ပြောမိရင် ကိုယ့်စကားကို တခြားသူတွေ နားလည်နိုင်မှာ၊ လက်ခံနိုင်မှာ မဟုတ်ဘူး။ (သုတ္တံ ၁၅:၂၃ ကိုဖတ်ပါ။) ဥပမာ၊ ၂၀၁၁၊ မတ်လမှာ ငလျင်နဲ့ ဆူနာမီကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ မြို့အတော်များများ ပျက်စီးသွားပြီး လူပေါင်း ၁၅,၀၀၀ ကျော် သေဆုံးသွားတယ်။ ယေဟောဝါသက်သေများစွာလည်း မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေ ဆုံးရှုံးသွားပေမဲ့ ဝမ်းနည်းကြေကွဲနေသူတွေကို ကျမ်းစာသုံးပြီး ကူညီပေးချင်တယ်။ ဒါပေမဲ့ လူအများစုက ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး ကျမ်းစာအကြောင်း သိပ်မသိကြဘူး။ ဒါကြောင့် အဲဒီအချိန်မှာ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ပြောမယ့်အစား လူကောင်းတွေ ဘာကြောင့် အဲဒီလိုအဖြစ်ဆိုးတွေ ကြုံရတဲ့အကြောင်း ရှင်းပြပြီး နှစ်သိမ့်ပေးကြတယ်။
က၁၅ ၁၂/၁၅ ၂၀-၂၁ ပိုဒ်. ၁၅-၁၆
လျှာရဲ့အစွမ်းတန်ခိုးကို အကျိုးရှိရှိ အသုံးပြုပါ
၁၅ ကိုယ်ပြောတဲ့စကားလိုပဲ ကိုယ့်ရဲ့ ပြောပုံပြောနည်းကလည်း အရေးကြီးတယ်။ ယေရှုဟာ “နှစ်လို့ဖွယ်” နည်းနဲ့၊ တစ်နည်းအားဖြင့် ကြင်ကြင်နာနာ ပြောဆိုတဲ့အတွက် ယေရှုရဲ့စကားကို လူတွေ နားထောင်ချင်ကြတယ်။ (လု. ၄:၂၂) ကျွန်တော်တို့လည်း ယဉ်ကျေးကြင်နာစွာ ပြောဆိုမယ်ဆိုရင် လူတွေ ပိုလက်ခံ နားထောင်ချင်လာလိမ့်မယ်။ (သု. ၂၅:၁၅) တခြားသူတွေကို ကျွန်တော်တို့ လေးစားပြီး သူတို့ရဲ့ခံစားချက်ကို ဂရုစိုက်မယ်ဆိုရင် အဲဒီလို ပြောဆိုနိုင်ပါလိမ့်မယ်။ မိမိရဲ့စကားကို နားထောင်ဖို့ လူတွေ ဘယ်လောက် အပင်ပန်းခံမှန်း ယေရှုတွေ့တဲ့အခါ သနားသွားပြီး “များစွာသွန်သင်” ပေးခဲ့တယ်။ (မာ. ၆:၃၄) ယေရှုဟာ စော်ကားခံရချိန်မှာတောင် ကြမ်းကြမ်းတမ်းတမ်း ပြန်မပြောခဲ့ဘူး။—၁ ပေ. ၂:၂၃။
၁၆ ကိုယ်နဲ့သိပ်ရင်းနှီးတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေကို ယဉ်ယဉ်ကျေးကျေး၊ ကြင်ကြင်နာနာ ပြောဆိုဖို့ ခက်ခဲနိုင်တယ်။ သူတို့နဲ့ စကားပြောတဲ့အခါ ကိုယ့်ပြောပုံပြောနည်းကို ဂရုစိုက်ဖို့ မလိုပါဘူးလို့ ထင်မိနိုင်တယ်။ ဒါပေမဲ့ ယေရှုဟာ မိတ်ဆွေတွေနဲ့ စကားပြောတဲ့အခါ ဘယ်တော့မှ မစာမနာ မပြောဘူး။ ဘယ်သူအကြီးမြတ်ဆုံးလဲလို့ တပည့်တွေ ငြင်းခုံတဲ့အခါ ကလေးငယ်တစ်ယောက်ကို ဥပမာပေးပြီး ကြင်ကြင်နာနာ တည့်မတ်ပေးခဲ့တယ်။ (မာ. ၉:၃၃-၃၇) အကြီးအကဲတွေလည်း တခြားသူတွေကို “နူးညံ့သိမ်မွေ့သောစိတ်” နဲ့ သွန်သင်ဆုံးမခြင်းအားဖြင့် ယေရှုရဲ့စံနမူနာကို တုပနိုင်တယ်။—ဂလ. ၆:၁။
ဘုရားရေးရာ ရတနာ
it-2-E ၃၉၉
နူးညံ့သိမ်မွေ့မှု
လူတစ်ယောက် နူးညံ့သိမ်မွေ့နိုင်တယ်ဆိုတာ ယုံကြည်ခြင်းရှိလို့၊ ခွန်အားရယူနိုင်တဲ့ ရင်းမြစ်တစ်ခု ရှိထားလို့ ဖြစ်တယ်။ အလွယ်တကူ ဟန်ချက်မပျက်ဘူး၊ ဆင်ခြင်ဉာဏ် မပျောက်သွားဘူး။ နူးညံ့သိမ်မွေ့ခြင်း မရှိတာဟာ စိတ်မလုံခြုံလို့၊ စိတ်အနှောင့်အယှက်ဖြစ်နေလို့၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းမဲ့နေလို့၊ စိတ်ဓာတ်ကျနေလို့ ဖြစ်တတ်တယ်။ နူးညံ့သိမ်မွေ့မှု မရှိသူနဲ့ပတ်သက်ပြီး ပညာအလိမ္မာကျမ်းက ဒီလိုဖော်ပြတယ်– “စိတ်မချုပ်တည်းနိုင်သူဟာ မြို့ရိုးပြိုပျက်ပြီး အကာအရံမဲ့နေတဲ့ မြို့နဲ့ တူတယ်။” (ပ ၂၅:၂၈) အကာအရံမဲ့နေတဲ့အတွက် မလျော်ကန်တဲ့ အတွေးတွေ ကျူးကျော်ဝင်ရောက်လာပြီး မလျော်ကန်တဲ့လုပ်ရပ်တွေ လုပ်မိသွားနိုင်တယ်။
ဩဂုတ် ၁၁-၁၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ပညာအလိမ္မာ ၂၆
“ဉာဏ်တိမ်တဲ့သူ” ကို ရှောင်ပါ
it-2-E ၇၂၉ ပိုဒ်. ၆
မိုး
ရာသီဥတုများ။ ကတိထားရာပြည်ရဲ့ အဓိက ရာသီဥတုနှစ်ခုက နွေရာသီနဲ့ ဆောင်းရာသီဆိုပေမဲ့ ခြောက်သွေ့ရာသီနဲ့ မိုးရာသီလို့ ပြောတာ ပိုမှန်ကန်ပါလိမ့်မယ်။ (ဆ ၃၂:၄။ သီ ၂:၁၁ နဲ့နှိုင်းယှဉ်ပါ။) ဧပြီလလယ်ကနေ အောက်တိုဘာလလယ်အထိက မိုးမရွာသလောက်ပါပဲ။ မိုးမရွာတဲ့ ဒီအချိန်ကာလမှာ ရိတ်သိမ်းခြင်းလုပ်ငန်းတွေ လုပ်ဆောင်ကြတယ်။ ပညာအလိမ္မာ ၂၆:၁ မှာ ရိတ်သိမ်းချိန်နဲ့ ရွာသွန်းတဲ့မိုး မအပ်စပ်ဘူးလို့ ဆိုထားတယ်။ (၁ ရှ ၁၂:၁၇-၁၉ နဲ့ နှိုင်းယှဉ်ပါ။) မိုးရာသီမှာ မိုးအတောမသတ် ရွာနေတာတော့ မဟုတ်ဘူး။ တိမ်ကင်းစင်တဲ့နေ့တွေလည်း ရှိတတ်တယ်။ ဒါပေမဲ့ ချမ်းအေးတဲ့အချိန်ဖြစ်လို့ မိုးရွာတဲ့အခါ အေးစိမ့်နေတယ်။ (ဧဇ ၁၀:၉၊ ၁၃) ဒါကြောင့် သက်သောင့်သက်သာရှိတဲ့ ခိုနားစရာနေရာကို သိပ်တန်ဖိုးထားကြတာပါ။—ရှာ ၄:၆။ ၂၅:၄။ ၃၂:၂။ ယဘ ၂၄:၈။
က၈၈ ၁၀/၁ ၁၉ ပိုဒ်. ၁၂
ပဲ့ပြင်ဆုံးမခံမှုမှ ငြိမ်သက်သောအသီး သီးပွင့်
၁၂ အချို့သူများနှင့်ပတ်သက်၍မူ သု၊ ၂၆:၃ တင်ပြသည်အတိုင်း ထိုထက်ပြင်းထန်သော အပြစ်ဒဏ် စီရင်ချက်ပေးရန် လိုကောင်းလိုမည်။ “မြင်းဖို့နှင်တံ၊ မြည်းဖို့ဇက်ကြိုး၊ မိုက်သောသူ၏ကျောဖို့ ကြိမ်လုံးသည် သင့်ပေ၏။” ကိုယ့်ရှူးကိုယ်ပတ်စေသည့် ဒုက္ခများအားဖြင့် ဣသရေလနိုင်ငံသည် အပြစ်ဒဏ် ခံရရန် ယေဟောဝါ တစ်ခါတစ်ခါ ခံခွင့်ပြုပါသည်။ “ထိုသူတို့သည် ဘုရားသခင်၏ အမိန့်တော်ကို ငြင်းဆန်၍၊ အမြင့်ဆုံးသောဘုရား၏ အကြံတော်ကို မထီမဲ့မြင်ပြု . . . ကြ၏။ ဘုရားသခင်သည် အမှုရောက်စေ၍ သူတို့စိတ်ကို နှိမ့်ချတော်မူ၏။ သူတို့သည် လဲ၍ ထောက်မသောသူမရှိဘဲ၊ ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော်ဟစ်၍ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ၏။” (ဆာလံ ၁၀၇:၁၀-၁၃) လူမိုက်အချို့မူကား ရောဂါကုသပေးရာ ပဲ့ပြင်မှု အဘယ်အမျိုးအစားဖြင့်မျှ ဆုံးမခြင်းမခံဘဲ ခေါင်းမာလျက်သာနေမည်။ “အထပ်ထပ် ဆုံးမခြင်းကိုခံရသော်လည်း မိမိလည်ပင်းကို ခိုင်မာစေသောသူသည် . . . ရုတ်တရက် ပျက်စီးလိမ့်မည်။”—သု၊ ၂၉:၁။
it-2-E ၁၉၁ ပိုဒ်. ၄
ခြေမသန်၊ ခြေဆွံ့ခြင်း
ဆိုရိုးစကားအနေနဲ့ အသုံးပြုခြင်း။ “ကိစ္စတစ်ခုကို ဉာဏ်တိမ်တဲ့သူရဲ့လက်ထဲ အပ်လိုက်ရင် ကိုယ့်ခြေထောက်ကို မသန်စွမ်းအောင်လုပ်တာ၊ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပေးတာနဲ့ တူတယ်” လို့ ပညာရှိဘုရင် ရှောလမုန် ပြောတယ်။ အမှန်ပါပဲ၊ ဉာဏ်တိမ်သူကို ကိုယ့်လုပ်ငန်းတစ်ခုခု လုပ်စေသူဟာ ကိုယ့်အကျိုးစီးပွားကို မသန်စွမ်း ချည့်နဲ့စေသူဖြစ်တယ်။ ကိုယ့်လုပ်ငန်း ပြိုလဲတာကို အမှန်တကယ် မြင်ရမှာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပေးတာနဲ့ တူတယ်။—ပ ၂၆:၆။
ဘုရားရေးရာ ရတနာ
it-1-E ၈၄၆
မိုက်မဲသူ
မိုက်မဲသူကို “သူ့ရဲ့မိုက်မဲမှုအတိုင်း၊” သူ့ရဲ့ နိမ့်ကျတဲ့ အငြင်းအခုံလုပ်နည်းအတိုင်း ပြန်ဖြေသူဟာ မိုက်မဲသူရဲ့မခြေမြစ်တဲ့ တွေးခေါ်ပုံ၊ နည်းလမ်းတွေကို သဘောတူရာ ရောက်သွားတယ်။ ဒါကြောင့် မိုက်မဲသူနဲ့ တစ်တန်းတစ်စားတည်း မဖြစ်အောင် “မိုက်မဲသူကို သူ့ရဲ့မိုက်မဲမှုအတိုင်း ပြန်မဖြေနဲ့” လို့ ပညာအလိမ္မာကျမ်းမှာ အကြံပေးထားတာ။ ဒါပေမဲ့ ပညာအလိမ္မာ ၂၆:၄၊ ၅ မှာ “သူ့ရဲ့မိုက်မဲမှုအတိုင်း ပြန်ဖြေပါ” လို့လည်း ဆိုထားတယ်။ သူ့ရဲ့ ဆင်ခြေဆင်လက်ကို ခွဲခြမ်းစိတ်ဖြာပြီး ယုတ္တိမရှိကြောင်း ဖော်ထုတ်ပေးတာ၊ သူ့ငြင်းခုံတာတွေဟာ သူဆွဲယူတဲ့ကောက်ချက်တွေနဲ့ လုံးဝလွဲနေကြောင်း ပြပေးတာက အကျိုးရှိနိုင်ပါတယ်။
ခရစ်ယာန်အသက်တာလမ်းစဉ်
က၁၈.၀၃ ၂၉ ပိုဒ်. ၆
“ဆုံးမစကားကို နားထောင်ပါ။ ဉာဏ်ပညာရှိပါ”
၆ ကိုယ့်ကိုယ်ကိုယ် ဆုံးမနိုင်ဖို့ ဆုတောင်းခြင်း၊ ကျမ်းစာ လေ့လာခြင်း၊ တွေးတောဆင်ခြင်ခြင်းက ကူညီပေးပါလိမ့်မယ်။ ဒါပေမဲ့ ကျမ်းစာ လေ့လာဖို့ ခက်နေရင်ကော။ စိတ်ဓာတ်မကျပါနဲ့။ နှုတ်မြွက်စကားတော် ကျမ်းစာကို “အငမ်းမရလိုချင်တဲ့စိတ်” ဖြစ်အောင် ယေဟောဝါ ကူညီပေးလိမ့်မယ်။ (၁ ပေ. ၂:၂) ဦးဆုံး၊ ကျမ်းစာ လေ့လာဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်နိုင်အောင် ယေဟောဝါဆီ ဆုတောင်းပါ။ ဆုတောင်းချက်နဲ့အညီ လုပ်ဆောင်ပါ။ နည်းနည်းစီ လေ့လာပါ။ ဒီလိုနဲ့ လေ့လာရတာ ပိုလွယ်ကူပြီး ပိုပျော်ရွှင်လာပါလိမ့်မယ်။ ယေဟောဝါအကြောင်း တိတ်ဆိတ်စွာ တွေးတောဆင်ခြင်ရတဲ့ အချိန်တွေကို မြတ်နိုးလာပါလိမ့်မယ်။—၁ တိ. ၄:၁၅။
ဩဂုတ် ၁၈-၂၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ပညာအလိမ္မာ ၂၇
မိတ်ဆွေစစ်တွေ အကျိုးပြုပုံ
က၁၉.၀၉ ၅ ပိုဒ်. ၁၂
နှိမ့်ချသူတွေကို ယေဟောဝါ တန်ဖိုးထား
၁၂ နှိမ့်ချသူဟာ ဆုံးမပဲ့ပြင်မှုကို ကျေးဇူးတင်လေးမြတ်တယ်။ သင်ဟာ အစည်းအဝေးမှာ ရှိနေတယ် ဆိုပါစို့။ ညီအစ်ကို/မတွေနဲ့ စကားပြောနေတုန်း တစ်ယောက်ယောက်က သင့်ကို ဆွဲခေါ်သွားပြီး သွားမှာ အစာတွေ ကပ်နေတယ်လို့ ပြောပြတယ်။ သင် ရှက်သွားမှာ ဖြစ်ပေမဲ့ ကျေးဇူးတင်မိမှာပဲ။ ဘာကြောင့် စောစော မပြောကြတာလဲလို့တောင် တွေးမိမယ်။ အလားတူပဲ လိုအပ်တဲ့အချိန်မှာ ဆုံးမပဲ့ပြင်ရဲတဲ့ ယုံကြည်သူချင်းကို နှိမ့်ချစွာ ကျေးဇူးတင်သင့်တယ်။ သူ့ကို ရန်သူအဖြစ် မဟုတ်ဘဲ မိတ်ဆွေအဖြစ် သဘောထားသင့်တယ်။—ပညာအလိမ္မာ ၂၇:၅၊ ၆ ကိုဖတ်ပါ။ ဂလ. ၄:၁၆။
it-2-E ၄၉၁ ပိုဒ်. ၃
မိတ်ဆွေရင်းချာ
အပေါင်းအဖော်ကို ယုံကြည်ကိုးစားခြင်း၊ လိုအပ်ချိန်မှာ သူ့ဆီက အကူအညီတောင်းခြင်းနဲ့ပတ်သက်ပြီး ပညာအလိမ္မာကျမ်းမှာ ဒီလိုအကြံပေးထားတယ်– “ကိုယ့်မိတ်ဆွေကို ဒါမှမဟုတ် ဖခင်ရဲ့မိတ်ဆွေကို မပစ်ပယ်ပါနဲ့။ ကိုယ်ဒုက္ခရောက်တဲ့အခါ ညီရင်းအစ်ကိုရဲ့အိမ်ကို မသွားပါနဲ့။ အနားမှာရှိတဲ့ မိတ်ဆွေရင်းချာ [ရှေကင်] ဟာ အဝေးမှာရှိတဲ့ ညီအစ်ကိုထက် ပိုကောင်းတယ်။” (ပ ၂၇:၁၀) ဒီစကားအရ ရင်းနှီးတဲ့ မိသားစု၊ မိတ်ဆွေကို တန်ဖိုးထားသင့်တယ်လို့ ကျမ်းရေးသူ ဆိုလိုချင်ပုံရတယ်။ အကူအညီလိုအပ်ချိန်မှာ အဝေးမှာရှိနေတဲ့ သွေးသားရင်းချာညီအစ်ကိုဆီကထက် အနီးနားမှာ ရှိတဲ့ မိတ်ဆွေရင်းချာဆီကို အကူအညီ တောင်းသင့်တယ်ဆိုပြီး ကျမ်းရေးသူ ဆိုပုံရတယ်။ အဝေးရောက်နေတဲ့ ညီအစ်ကိုဟာ အနားမှာ ရှိတဲ့ မိတ်ဆွေရင်းချာလောက် ကူညီပေးဖို့ အသင့်ဖြစ်မနေတာ ဒါမှမဟုတ် အဆင်မပြေတာ ဖြစ်နေနိုင်လို့ပါ။
ဩဂုတ် ၂၅-၃၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ပညာအလိမ္မာ ၂၈
လူဆိုးနဲ့ ဖြောင့်မတ်သူရဲ့ ကွာခြားချက်
က၉၃ ၅/၁၅ ၂၆ ပိုဒ်. ၂
ယေဟောဝါနောက် အသင် လုံးလုံးလိုက်ပါသလော
“ဖြောင့်မတ်သောသူမူကား ခြင်္သေ့ကဲ့သို့ ရဲရင့်တတ်၏။” (သု၊ ၂၈:၁) သူတို့သည် ယုံကြည်ခြင်းတင်ပြကာ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ယုံကြည်အားထား၍ ဘေးရန်များကြား ယေဟောဝါ၏ လုပ်ငန်းတော်ကို ရဲရင့်စွာ ဆက်လက်ဆောင်ရွက်ကြပါသည်။
it-1-E ၁၂၁၁ ပိုဒ်. ၄
သမာဓိ
သမာဓိရှိရှိ လျှောက်လှမ်းနိုင်သူဟာ သူ့ရဲ့ ကိုယ်ကျင့်တရား ကြံ့ခိုင်လို့မဟုတ်ဘဲ ယေဟောဝါနဲ့ ကိုယ်တော်ရဲ့ ကယ်တင်နိုင်စွမ်းကို နက်နက်ရှိုင်းရှိုင်း ယုံကြည်ကိုးစားလို့သာ ဖြစ်နိုင်တာပါ။ (ဆ ၂၅:၂၁) ဘုရားဟာ “ဒိုင်းလွှား” နဲ့ “ရဲတိုက်” ဖြစ်မယ်လို့ ကိုယ်တော် ကတိပေးထားတယ်၊ “သစ္စာစောင့်သိသူတွေရဲ့ လမ်းကို စောင့်ရှောက်ပေးတယ်။” (ပ ၂:၆-၈။ ၁၀:၂၉။ ဆ ၄၁:၁၂) ယေဟောဝါရဲ့စိတ်နဲ့တွေ့ဖို့ သူတို့ စွဲစွဲမြဲမြဲအာရုံစိုက်ကြလို့ သူတို့ရဲ့အသက်တာဟာ တည်ငြိမ်ပြီး သူတို့ရဲ့ ပန်းတိုင်ဆီ တည့်တည့်မတ်မတ် လိုက်လျှောက်စေနိုင်တာပါ။ (ဆ ၂၆:၁-၃။ ပ ၁၁:၅။ ၂၈:၁၈) ယောဘ မြင်တွေ့ခဲ့တဲ့အတိုင်း၊ အပြစ်မဲ့သူဟာ ဆိုးယုတ်သူရဲ့ အုပ်ချုပ်မှုကြောင့် ဒုက္ခရောက်နိုင်တယ်၊ ဆိုးယုတ်သူနဲ့အတူ သေဆုံးနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါက အပြစ်မဲ့သူရဲ့ ဘဝကို သိရှိတယ်ဆိုတာ စိတ်ချဖို့ ပြောတယ်၊ သူ့ရဲ့အမွေ ဆက်တည်ရှိနေမယ်၊ သူ့ရဲ့အနာဂတ် ငြိမ်းချမ်းနေမယ်၊ သူ့ကို ကောင်းမွန်ရာတွေ မပေးဘဲမနေဘူး။ (ယဘ ၉:၂၀-၂၂။ ဆ ၃၇:၁၈၊ ၁၉၊ ၃၇။ ၈၄:၁၁။ ပ ၂၈:၁၀) ဒါကြောင့် ယောဘဖြစ်ရပ်မှာလို၊ လူတစ်ယောက်ကို တကယ် တန်ဖိုးရှိစေတာ၊ လေးစားထိုက်စေတာက ပစ္စည်းဥစ္စာမဟုတ်ဘဲ သမာဓိစောင့်သိခြင်းပါ။ (ပ ၁၉:၁။ ၂၈:၆) အဲဒီလိုလူမျိုးကို မိဘအဖြစ် ရထားတဲ့ ကလေးတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ (ပ ၂၀:၇) ဖခင်ရဲ့ ပုံသက်သေကောင်းကို အမွေအနှစ်အဖြစ် ရရှိကြတယ်။ ဖခင်ရဲ့ နာမည်ကောင်းကြောင့်လည်း လေးစားမှု ခံစားကြရတယ်။