ရီးဆတ်ဝတ္ထုနှင့်သင်
ဂုဏ်ယူသော ဖခင် ဖြစ်သူက မိခင် ဖြစ်သူ၏ ရင်ခွင်၌ ငြိမ်သက်စွာ အိပ်စက်လျက်ရှိသော မိမိ၏ မွေးကင်းစ ရင်သွေးငယ်လေးအား စိတ်ချမ်းသာစွာနှင့် တစိမ့်စိမ့် စိုက်ကြည့်နေသည်။ မိခင်ဖြစ်သူသည် ကလေးမွေးခန်းထဲ၌ ရှည်လျားသော ညတာကို ဖြတ်သန်းခဲ့ရသော်လည်း ယခုသော် ၎င်းတို့သည် အတိတ်ကာလ၌ ကျန်ရစ်ခဲ့လေပြီ။ ဆရာဝန်သည် မိခင်နှင့် ကလေးတို့ကို စစ်ဆေးရန် အခန်းတွင်း ဝင်လာပြီး အားလုံးကို ဝမ်းသာစကားပြောသည်။ “လုပ်စရာတစ်ခုပဲ ကျန်တော့တယ်၊ ဒါကလည်း ပုံမှန်လုပ်ရိုးလုပ်စဉ်ပါပဲ” ဟု သူ ပြောလိုက်သည်။
မိခင်ဖြစ်သူ၏ သွေးမှာ ရီးဆတ်ဝတ္ထုလက္ခဏာမဲ့ (Rh-negative) ဖြစ်ပြီး ကလေး၏ သွေးမှာ ရီးဆတ်ဝတ္ထုလက္ခဏာရှိ (Rh-positive) ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မိခင်ဖြစ်သူသည် ရောဂါပြီးအောင် ကာကွယ်သည့် ထိုးဆေး ထိုးရန် လိုအပ်လာသည်။ “ဒါက လူ့ရဲ့ ပဋိပစ္စည်းတွေ (antibodies) နဲ့ ထုတ်လုပ်ထားတဲ့ ထိုးဆေးလေးသာ ဖြစ်ပေမဲ့ နောက်နောင် ကိုယ်ဝန်ဆောင်တဲ့အခါမှာ ဆင့်ပွားရောဂါတွေကို ကာကွယ်ဖို့အတွက် တော်တော့်ကို အရေးကြီးတယ်” ဟု ဆရာဝန်က သူတို့အား အသေအချာ ပြောပြသည်။
၎င်းထိုးဆေးကို ဆရာဝန်က ပုံမှန်လုပ်ရိုးလုပ်စဉ်အဖြစ် သဘောထားသော်ငြားလည်း ဤအကြောင်းနှင့် ဖြစ်နိုင်ဖွယ်ရှိသည့် “ဆင့်ပွားရောဂါများ” အကြောင်း ကြားလိုက်ရုံနှင့် စိုးရိမ်တတ်သောမိဘတို့၏ စိတ်ထဲ၌ သို့လောသို့လော တွေးစရာမေးခွန်းများ တသီတတန်းကြီး ပေါ်လာသည်။ ဤထိုးဆေးသည် တကယ်တမ်း အဘယ် အကျိုးရှိသနည်း။ မထိုးမဖြစ် လိုအပ်သလော။ မထိုးလိုသော မိဘတို့၌ အဘယ် နောက်ဆက်တွဲအကျိုး ဖြစ်ပေါ်နိုင်သနည်း။ ခရစ်ယာန်များအဖို့ဆိုလျှင် မေးခွန်း နောက်တစ်ခု ပေါ်လာသည်။ ‘သွေးကို ရှောင်ရန်’ သမ္မာကျမ်းစာက မှာကြားထားသည်ဖြစ်ရာ အကယ်၍ ထိုထိုးဆေး၌ တစ်စုံတစ်ယောက်၏ သွေးမှ ပဋိပစ္စည်းများ ပါဝင်ခဲ့သည် ရှိသော် ခရစ်ယာန်တစ်ဦးသည် ထိုထိုးဆေးကို ဩတ္တပ္ပစိတ်ကြည်ကြည်နှင့် ထိုးနှံနိုင်ပါသလော။—တမန်တော် ၁၅:၂၀၊ ၂၉။
ရီးဆတ်ပြဿနာ၏ သမိုင်းကြောင်း
လွန်ခဲ့သော ဆယ်စုနှစ်များစွာက လူ၏ သွေး၌ ဝတ္ထု (factor) သို့တည်းမဟုတ် ပဋိပစ္စည်းလှုံ့ (antigen) အများအပြား ပါဝင်ကြောင်း၊ ယင်းတို့က ယောက်တိုင်း၏ သွေးကို တစ်မူထူးခြားစေကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိခဲ့သည်။ အချိန်အတန်ကြာပြီးနောက် သွေးဆဲလ်နီများထဲ၌ ပဋိပစ္စည်းလှုံ့အဖွဲ့ (antigen system) နှစ်မျိုး ရှိကြောင်း၊ အကယ်၍ လူတစ်ဦး၏ သွေးကို နောက်တစ်ဦး၏ သွေးနှင့် ရောစပ်မိပါက ပဋိပစ္စည်းလှုံ့အဖွဲ့သည် ဆေးဘက်ဆိုင်ရာ ပြဿနာ အများဆုံး ဖြစ်ပွားစေနိုင်ကြောင်း သိရှိလာသည်။ ၎င်းပဋိပစ္စည်းအဖွဲ့ နှစ်မျိုးအနက် တစ်မျိုးကို “အေဘီအို (ABO)” ဟု ခေါ်ပြီး၊ ကျန်တစ်မျိုးကို “ရီးဆတ် (Rh)” ဟု ခေါ်သည်။ ရီးဆတ်အဖွဲ့အကြောင်းကို အကျဉ်းချုပ် လေ့လာသုံးသပ်ခြင်းအားဖြင့် စိုးရိမ်တတ်သော ၎င်းမိဘများ၏ စိတ်ထဲ၌ ဖြစ်ပေါ်နေသည့် အရေးကြီးသော ထိုမေးခွန်းများနှင့် သင်လည်း တွေးတောမိမည် ဖြစ်သည့် ထိုမေးခွန်းများကို ဖြေဆိုနိုင်ရန် အထောက်အကူပြုပေလိမ့်မည်။
၁၉၃၉ ခုနှစ်တွင် ဆရာဝန်များက စဉ်းစားရကျပ်သော အမှုတစ်ခုကို ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းမှာ အသက် ၂၅-နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ဒုတိယ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဗိုက်ထဲ၌ ကလေး သေဆုံးသည့်အမှု ဖြစ်သည်။ ထိုအမျိုးသမီးသည် ကလေးအသေကို မွေးဖွားပြီးနောက် သွေးသွင်းခံယူခဲ့ရာမှ ပြင်းထန်သော တုံ့ ပြန်မှု ဖြစ်ပွားခဲ့သည်။ သွင်းပေးသည့် သွေးမှာ သူမခင်ပွန်း၏ သွေးဖြစ်သည့်အပြင် အေဘီအို ပဋိပစ္စည်းလှုံ့များအရလည်း သူမ၏ သွေးနှင့် တူညီပုံရသည်။ နောက်ပိုင်းတွင် ဆရာဝန်တို့က သူမ၏ ပထမ ကလေးသွေးထဲမှ မသိရသောဝတ္ထု (factor) အချို့က သူမ၏ သွေးနှင့် ရောမိ၍ သူမ၏ သွေး၌ “နိုးဆွမှုကို အာရုံခံနိုင်စွမ်း တိုးတက်စေ” (sensitized) ရာမှ ခင်ပွန်းဖြစ်သူ၏ သွေးကို တုံ့ ပြန်ခြင်းနှင့် ဒုတိယ ကလေးသေဆုံးခြင်း နှစ်ရပ်လုံး ဖြစ်ပေါ်ရသည်ဟု တွေးဆကြသည်။
နောက်ပိုင်းတွင် ၎င်းမသိရသောဝတ္ထုကို ရီးဆတ် (rhesus) မျောက်ဖြင့် စမ်းသပ်ခြင်းအားဖြင့် ဖော်ထုတ်နိုင်ခဲ့သဖြင့် ယင်းကို “ရီးဆတ်ဝတ္ထု” (Rh factor) ဟု ခေါ်ဝေါ်ခဲ့သည်။ ၎င်းသွေးဝတ္ထု (blood factor) သည် သူငယ်နာသွေးကွဲရောဂါ (erythroblastosis fetalis) ခေါ် ကလေးများ၌ ဖြစ်ပွားလေ့ရှိသော ဖျားနာမှုများနှင့် မကြာခဏ ဖြစ်ပွားလေ့ရှိတတ်သော သနားစဖွယ် ဖျားနာမှုများကို ဖြစ်ပွားစေသည့် အကြောင်းတရား ဖြစ်ကြောင်း တွေ့ရှိလာသောကြောင့် ၎င်းသွေးဝတ္ထုအကြောင်းသည် ၁၉၆၀ ပြည့်လွန်နှစ်များတစ်လျှောက် ကျယ်ကျယ်ပြန့်ပြန့်လေ့လာခဲ့သည့် ဆေးပညာဘာသာရပ်တစ်ခုဖြစ်ခဲ့သည်။ ရီးဆတ်ဝတ္ထုနှင့် ၎င်းရောဂါကို ဆရာဝန်များ လေ့လာလာကြသည်နှင့်အမျှ စိတ်ဝင်စားစရာ ဆေးပညာဆိုင်ရာ ဇာတ်လမ်းတစ်ပုဒ် ပေါ်ထွက်လာသည်။
ရီးဆတ်၊ မျိုးရိုးပညာနှင့် ဖျားနာသော ကလေးများ
မွေးကင်းစကလေး တစ်ယောက် အသည်းအသန် ဖျားနာသည့်အခါ သို့မဟုတ် သေဆုံးသည့်အခါ အများသောသူတို့သည် စိတ်ထိခိုက်တတ်ကြသည်။ ကလေးတစ်ယောက် ဖျားသည် သို့မဟုတ် မချိမဆံ့ ဝေဒနာ ခံစားရသည်ကို တွေ့ရရုံနှင့်ပင် လူအများ စိတ်မကောင်းဖြစ်ကြသည့်နည်းတူ ဆရာဝန်များအဖို့လည်း ထူးမခြားနားပင် ဖြစ်သည်။ ကလေးများ သေဆုံးမှု ဖြစ်စေသော ဤရီးဆတ်ဝတ္ထုကို သမားတော်များ အထူး စိတ်ဝင်စားရသည့် အကြောင်းရင်း နှစ်ရပ် ရှိသည်။
ပထမအကြောင်းမှာ ရောဂါဖြစ်ပွားသည့် ပုံစံကို ဆရာဝန်များ စတင် တွေ့ရှိလာပြီး ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့တွင် ရီးဆတ်ဝတ္ထု မည်သို့ ပါဝင်ပတ်သက်နေသည်ကို သိရှိနားလည်လာခြင်းပင် ဖြစ်သည်။ ယောက်ျား မိန်းမ မရွေး လူ ၈၅ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းတို့၏ သွေးဆဲလ်နီ၌ ရီးဆတ်ဝတ္ထု ရှိနေသည်။ ထိုသူတို့ကို “ရီးဆတ်ဝတ္ထု လက္ခဏာရှိ” (Rh-positive) ဟု ခေါ်သည်။ ရီးဆတ်ဝတ္ထု မရှိသည့် ကျန် ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းကို “ရီးဆတ်ဝတ္ထု လက္ခဏာမဲ့” (Rh-negative) ဟု သတ်မှတ်သည်။ အကယ်၍ ရီးဆတ်ဝတ္ထု လက္ခဏာမဲ့သူတစ်ဦးသည် ရီးဆတ်ဝတ္ထု လက္ခဏာ ရှိသူတစ်ဦး၏ သွေးနှင့် ထိတွေ့မိပါက ထိုသူ၏ သွေး၌ ရီးဆတ်ဝတ္ထု လက္ခဏာ ရှိသည့်သွေးကို ဖျက်ဆီးပစ်သည့် ပဋိပစ္စည်းဟု ခေါ်သော မော်လီကျူးများ ဖြစ်ပေါ်လာပေမည်။
ဤသည်မှာ ပြင်ပမှ ကျူးကျော်ဝင်ရောက်သည့်အရာများကို ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားအဖွဲ့ (immune system) က တိုက်ထုတ်လေ့ရှိသည့်အလျောက် သာမန် ဖြစ်ရိုးဖြစ်စဉ်မျှသာ ဖြစ်ပါသည်။ ပြဿနာမှာ ရီးဆတ်ဝတ္ထု လက္ခဏာမဲ့သော မိခင်တစ်ဦးသည် ရီးဆတ်ဝတ္ထု လက္ခဏာရှိသော ဖခင်၏ သွေးပါသည့် ကလေး ရနိုင်ခြင်းပင် ဖြစ်သည်။ အချင်း၌ ချွတ်ယွင်းချက် မရှိဘဲ ဗိုက်ထဲမှ ကလေး၏ သွေးကို မိခင်ဖြစ်သူ၏ သွေးနှင့် မရောနှောမိအောင် သတ်သတ် ခွဲထားနိုင်မည် ဆိုပါက ပြဿနာ ဖြစ်ပေါ်စရာအကြောင်း မရှိပေ။ (ဆာလံ ၁၃၉:၁၃၊ နှိုင်းယှဉ်) သို့ရာတွင် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် စုံလင်ခြင်း မရှိသောကြောင့် ကလေး၏ သွေးအနည်းငယ်လေးသည် တစ်ခါတစ်ရံတွင် စိမ့်ယိုထွက်ပြီး မိခင်ဖြစ်သူ၏ သွေးနှင့် ရောမိသွားတတ်သည်။ ရံဖန်ရံခါ ရေမြွှာအိတ် ဖောက်ခြင်း (amniocentesis, ဝမ်းတွင်းရှိ သန္ဓေသားကို ဝန်းရံထားသော အမြှေးပါးအိတ်အတွင်းမှ အရည်ကို စမ်းသပ်စစ်ဆေးရန် နမူနာအဖြစ် ထုတ်ယူခြင်း) ကဲ့သို့သော ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအချို့ကြောင့် ဤသို့ ဖြစ်တတ်ပေသည်။ သို့တည်းမဟုတ် မွေးဖွားစဉ်၌ ကလေး၏ သွေးသည် မိခင်ဖြစ်သူ၏ သွေးနှင့် ရောနှောမိသွားနိုင်သည်။ မည်သည့်အကြောင်းကြောင့်ပင် ဖြစ်ပါစေ မိခင်ဖြစ်သူ၏ သွေးသည် အာရုံခံနိုင်စွမ်း တိုးလာ၍ ရီးဆတ်ဝတ္ထု လက္ခဏာရှိသော သွေးကို တိုက်ခိုက်သည့် ပဋိပစ္စည်းများကို ဖြစ်ပွားစေမည်သာ ဖြစ်သည်။
ပြဿနာကို ဤသို့နှယ် ပုံဖော်ကြည့်ပါ– မိခင်ဖြစ်သူ၌ အဆိုပါ ပဋိပစ္စည်းများ ဖြစ်ပြီဆိုလျှင် နောင်တွင် ရရှိလာမည့် ကလေးအားလုံးသည် အကယ်၍ ဖခင်ထံမှ ရီးဆတ်ဝတ္ထု လက္ခဏာရှိသည့် သွေး ပါလာပါက အန္တရာယ် မုချ တွေ့ရပေမည်။ ဤသို့ ဖြစ်ရသည်မှာ မိခင်ဖြစ်သူ၌ ယခုအခါ ရီးဆတ်ဝတ္ထု လက္ခဏာရှိသည့် သွေးကို တိုက်ခိုက်သည့် ပဋိပစ္စည်းများ ရှိနေပြီ ဖြစ်၍တည်း။
ပဋိပစ္စည်းအချို့သည် ပုံမှန်အားဖြင့် အချင်းကို ဖြတ်သန်းကြောင်း တွေ့နိုင်သည်။ ဤကား ကောင်းသော လက္ခဏာ ဖြစ်သည့်ပြင် မွေးဖွားလာမည့် ကလေးအားလုံး၌ မိခင်ထံမှ ယာယီ သဘာဝ ရောဂါပြီးခြင်း အထိုက်အလျောက် ပါရှိလာစေသည်။ သို့သော် ရီးဆတ်ရောဂါနှင့်ပတ်သက်၍မူကား အာရုံခံစားမှု တိုးလာသည့် မိခင်ဖြစ်သူ၏ ရီးဆတ် ပဋိပစ္စည်းများသည် အချင်းကို ဖြတ်၍ ရီးဆတ်ဝတ္ထု လက္ခဏာ ရှိသော ကလေး၏ သွေးကို တိုက်ခိုက်တတ်သည်။ ပထမကလေးကို ထိခိုက်လေ့ မရှိသော်လည်း နောက်ဆက်မွေးလာမည့် ကလေးများကို များသောအားဖြင့် ထိခိုက်လေ့ရှိသည်။ ယင်းက မွေးကင်းစကလေးအား ရီးဆတ်သွေးဆဲလ်နီ ပျက်ပျော်ခြင်းရောဂါ (Rh hemolytic disease) ဟု ခေါ်သော ဖျားနာခြင်းကို ဖြစ်စေသည် (အခြေအနေ ဆိုးလျှင် သူငယ်နာသွေးကွဲရောဂါ ဖြစ်တတ်သည်)။
ဤရောဂါကို ကုသသည့် နည်းများစွာ ရှိသော်လည်း အောင်မြင်မှု အကန့်အသတ်သာ ရှိကြောင်း ကျွန်ုပ်တို့ တွေ့ရပေမည်။ ဤပြဿနာနှင့်ပတ်သက်သော ဆေးပညာဆိုင်ရာ ကဏ္ဍတစ်ခု ဖြစ်သည့် ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများကို ယခု ကျွန်ုပ်တို့ အာရုံစိုက်ကြပါစို့။
ကြိုတင်ကာကွယ်မှုဆိုင်ရာအရေးပါသောအောင်မြင်မှုတစ်ရပ်
ဤရောဂါကို ဆရာဝန်များ အထူးစိုးရိမ်သောက ဖြစ်ရသည့်အကြောင်း နှစ်ခု ရှိကြောင်း သင် သတိရပေမည်။ ပထမတစ်ခုမှာ ၎င်းရောဂါ၏ ဖြစ်စဉ်သဘောကို သိမြင်နားလည်လာခြင်း ဖြစ်သည်။ ဒုတိယ အကြောင်းကား အဘယ်နည်း။
၁၉၆၈ ခုနှစ်တွင် ဤဒုတိယအကြောင်း ပေါ်ပေါက်လာသည်။ ဆရာဝန်များ နှစ်ပေါင်းများစွာ သုတေသနပြုပြီး ဝေဒနာ အပြင်းအထန် ခံစားရသည့် ထိုကလေးများကို မချင့်မရဲဖြင့် ကြိုးစားကုသခဲ့သော်လည်း အောင်မြင်မှု အကန့်အသတ်လောက်သာ ရရှိခဲ့သည်။ နောက်ဆုံး၌ “ရီးဆတ်ရောဂါ ရှိသော ကလေးများ” ဆိုင်ရာ ပြဿနာကို ကြိုတင်ကာကွယ် ရာတွင် ထိရောက်မှု ရှိသော ရောဂါပြီးအောင် ကာကွယ်သည့် နည်းလမ်းတစ်မျိုး တီထွင်နိုင်ခဲ့သည်။ ဤကား သတင်းကောင်း ဖြစ်ပေသည်။ သို့သော် ၎င်းကာကွယ်နည်းက မည်သို့ အလုပ်လုပ်သနည်း။
ပထမ ရီးဆတ်ဝတ္ထု လက္ခဏာရှိသော ကလေးမှ သွေးသည် ရီးဆတ်ဝတ္ထု လက္ခဏာမဲ့သော မိခင်၏ သွေးကြောအတွင်းသို့ “ယိုစိမ့်” ၍ ပဋိပစ္စည်းများ ဖြစ်ပေါ်ခဲ့သည် ရှိသော် (ဒုတိယနှင့် နောက်ရမည့် ရီးဆတ်ဝတ္ထု လက္ခဏာရှိသော ကလေးများအတွက်) ရီးဆတ်ရောဂါ ပြဿနာ ဖြစ်နိုင်သည်ကို သတိရပါ။ ကလေး၏ သွေးဆဲလ်နီများက မိခင်ဖြစ်သူ၏ သွေးကို အာရုံခံစားမှု တိုးအောင် မနိုးဆွမီ ၎င်းသွေးဆဲလ်နီများကို ဖမ်းဆီး၍ ဖျက်ဆီးပစ်နိုင်သည့် နည်းလမ်း ရှိပါသလော။
တီထွင်ထားသည့် နည်းမှာ ရီးဆတ်ရောဂါပြီး ဂလိုဗျူလင် (Rh immune globulin or RhIG) ခေါ် မိခင်ဖြစ်သူအား ထိုးပေးရသော ထိုးဆေး ဖြစ်သည်။ အချို့နိုင်ငံများ၌ ရိုဂမ် (RhoGAM) နှင့် ရီဆိုးနေးတစ်ဗ် (Rhesonativ) အစရှိသော ကုန်အမှတ်တံဆိပ်အမည်များဖြင့် လူသိများကြသည်။ ယင်းထိုးဆေး၌ ရီးဆတ်ဝတ္ထု လက္ခဏာရှိသော ပဋိပစ္စည်းလှုံ့ကို တိုက်ခိုက်ဖျက်ဆီးသည့် ပဋိပစ္စည်းများ ပါဝင်သည်။ ယင်းဆေး၏ လုပ်ဆောင်ပုံမှာ အလွန် ရှုပ်ထွေးသဖြင့် ရှင်းလင်းစွာ မသိရသေးသော်လည်း အခြေခံအားဖြင့် အောက်ပါနည်းဖြင့် လုပ်ဆောင်သည်ဟု ယူဆရသည်။
ရီးဆတ်ဝတ္ထု လက္ခဏာမဲ့ မိခင်တစ်ဦးသည် ရီးဆတ်ဝတ္ထု လက္ခဏာရှိသည့် သွေးနှင့် ထိတွေ့မိပြီဟု သံသယ ဖြစ်သည့်အခါ၊ ဥပမာ ရီးဆတ်ဝတ္ထု လက္ခဏာရှိသည့် ကလေးကို မျက်နှာမြင်ပြီးနောက် မိခင်အား (RhIG) ထိုးဆေးကို ထိုးပေးရသည်။ ယင်းပဋိပစ္စည်းများသည် ကလေးထံမှ ယိုစိမ့်လာသည့် ရီးဆတ်ဝတ္ထု လက္ခဏာရှိသော သွေးဆဲလ်နီများကို ချက်ချင်း တိုက်ခိုက်၍ မိခင်ဖြစ်သူအား အာရုံခံစားမှု တိုးအောင် ဆွမပေးမီ ဖျက်ဆီးပစ်ကြသည်။ ဤနည်းသည် နောက်မွေးလာမည့် ကလေးအတွက် အန္တရာယ်ကို ထိရောက်စွာ ဖယ်ရှားပေးသည်။ အကြောင်းမှာ မိခင်ဖြစ်သူ၌ ရီးဆတ်ဝတ္ထု လက္ခဏာရှိသည့် သွေးကို တိုက်ခိုက်သည့် ပဋိပစ္စည်းများ ထုတ်လုပ်ခြင်း မရှိသောကြောင့်တည်း။ ဤနည်း၏ တကယ့် အားသာချက်မှာ ရောဂါ ဖြစ်ပြီးမှ ကုသခြင်း မဟုတ်ဘဲ မဖြစ်မီ ကြိုတင်ကာကွယ်ခြင်း ဖြစ်ကြောင်း ဆရာဝန်များ တွေ့ရှိကြသည်။
သီအိုရီအရ ဤနည်းသည် မဆိုးသော်လည်း လက်တွေ့ အသုံးတည့်ပါသလော။ အသုံးတည့်သည်မှာ ထင်ရှားပါသည်။ အမေရိကန် ပြည်ထောင်စု တစ်နိုင်ငံတည်း၌ ရီးဆတ်သွေးဆဲလ်နီ ပျက်ပျော်ခြင်းရောဂါ ဖြစ်ပွားမှုသည် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ၆၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ဤသို့ကျဆင်းရသည်မှာ အခြားအကြောင်းများကြောင့်လည်း ဖြစ်နိုင်သော်လည်း ၎င်းကျဆင်းမှု၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းမှာ RhIG ထိုးဆေး၏ ကျေးဇူးကြောင့် ဖြစ်ပါသည်။ ကနေဒါနိုင်ငံမှ စီရင်စုတစ်ခုတွင် ရီးဆတ်သွေးဆဲလ်နီ ပျက်ပျော်ခြင်း ရောဂါဖြင့် သေဆုံးသည့် ကလေးအရေအတွက်မှာ ၁၉၆၄ခုနှစ်တွင် ၂၉ ဦး ရှိခဲ့ရာမှ ၁၉၇၄ နှင့် ၁၉၇၅ ခုနှစ်အတွင်း ၁ ဦးသို့ ကျဆင်းခဲ့သည်။ ဤနည်းသည် “သေးငယ်သော ကြိုတင်ကာကွယ်မှုသည် ကြီးမားသော ကုသမှုလောက် အကျိုးရှိသည်” ဟူသော ဥပဒေသကို ထောက်ခံသည်။ ဤအခြေခံ နောက်ကြောင်း ရာဇဝင်ကို သိရှိပြီ ဖြစ်ရာ ရီးဆတ်ရောဂါနှင့်စပ်လျဉ်း၍ မကြာခဏ မေးလေ့ရှိသည့် သီးသန့်မေးခွန်းအချို့ကို စဉ်းစားသုံးသပ်ကြပါစို့။
ကျွန်မ ကိုယ်ဝန်ဆောင်စဉ်အတွင်း ရီးဆတ်ရောဂါ ရရှိနိုင်သည့် အန္တရာယ် မည်မျှ ရှိသနည်း။
ရိုးရိုး သွေးစစ်ကြည့်ခြင်းဖြင့် မိခင်နှင့် ဖခင်ဖြစ်သူတို့၏ ရီးဆတ်သွေး အမျိုးအစားကို ဆုံးဖြတ်နိုင်သည်။ အကြမ်းဖျင်းအားဖြင့် အိမ်ထောင်မင်္ဂလာ ၇ ခုတွင် ၁ ခုသည် ရီးဆတ်ဝတ္ထု လက္ခဏာမဲ့ အမျိုးသမီးတစ်ဦးနှင့် ရီးဆတ်ဝတ္ထု လက္ခဏာရှိ အမျိုးသားတစ်ဦးတို့၏ ပေါင်းဖက်မှု ဖြစ်သည်။ ဖခင်ဖြစ်သူ၏ မျိုးရိုးဗီဇ ဖွဲ့စည်းပုံ လက္ခဏာများက အန္တရာယ်ကို ၁၀ ရာခိုင်နှုန်းခန့် လျော့နည်းစေနိုင်သည်။a
သို့ရာတွင် ၎င်းတို့မှာ လူဦးရေအားလုံးကို ခြုံ၍ တွက်ချက်ထားသည့် ကိန်းဂဏန်းများသာ ဖြစ်ပါသည်။ အကယ်၍ သင်သည် ရီးဆတ်ဝတ္ထု လက္ခဏာမဲ့သည့် အမျိုးသမီး ဖြစ်ပြီး ရီးဆတ်ဝတ္ထု လက္ခဏာရှိသည့် အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ကျပါက သင့်အနေဖြင့် ရီးဆတ်ဝတ္ထု လက္ခဏာ ရှိသည် ကလေး ရရှိနိုင်သည့် အခွင့်အလမ်း ၅၀ ရာခိုင်နှုန်း သို့မဟုတ် ၁၀၀ ရာခိုင်နှုန်း ရှိသည် မရှိသည် ဆိုသည်မှာ သင့်ခင်ပွန်း၏ မျိုးရိုးဗီဇ ဖွဲ့စည်းမှုပေါ်တွင် မူတည်ပါသည်။b (ဗိုက်ထဲမှ ကလေးသည် ရီးဆတ်ဝတ္ထု လက္ခဏာရှိ ဟုတ်မဟုတ် အဆုံးအဖြတ် ပေးနိုင်သည့် လွယ်ကူသော နည်းလမ်း မရှိသေးသကဲ့သို့ ခင်ပွန်းဖြစ်သူ၏ မျိုးရိုးဗီဇကို အဆုံးအဖြတ်ပေးသည့် သေချာသော နည်းလမ်းလည်း မရှိသေးပါ။)
ရီးဆတ်ဝတ္ထု လက္ခဏာရှိ ကလေးကို လွယ်ထားသည့် ရီးဆတ်ဝတ္ထုလက္ခဏာမဲ့ မိခင်အဖို့ဆိုလျှင် နောင်တွင် ရရှိမည့် ကိုယ်ဝန်တိုင်းတွင် သူမ၏ သွေး၌ အာရုံခံစားမှု တိုးတက်နိုင်သည့် အခွင့်အလမ်း ၁၆-ရာခိုင်နှုန်း ရှိမည် ဖြစ်သဖြင့် နောက်ရမည့် ကိုယ်ဝန်များအတွက် အန္တရာယ်ရှိပေသည်။ သို့သော် ဤကား ပျမ်းမျှဂဏန်းမျှသာ ဖြစ်ပါသည်။ မိခင်ဖြစ်သူသည် ယခင်က သွေးသွင်းခဲ့ခြင်း မရှိလျှင် သို့မဟုတ် အခြားနည်းများဖြင့် သွေးနှင့် ထိတွေ့ခြင်း မရှိခဲ့လျှင် အများအားဖြင့် ပထမသားဦးသည် ရီးဆတ်ရောဂါ အန္တရာယ်နှင့် ကင်းဝေးလေ့ရှိတတ်သည်။ ပထမကလေး ရပြီးနောက် မွေးလာမည့် နောက်ကလေးများ၌ ထိခိုက်မည့် အန္တရာယ် ရှိမရှိကိုမူ ကြိုတင်ခန့်မှန်းရန် မလွယ်ကူပေ။ အမျိုးသမီးတစ်ဦးသည် ပထမ ရီးဆတ်ဝတ္ထု လက္ခဏာရှိသည့် ကလေးနှင့်ပင် အာရုံခံစားမှု တိုးတက်ကောင်းတိုးတက်ပေမည်။ အခြားအမျိုးသမီးမူကား ရီးဆတ်ဝတ္ထု လက္ခဏာရှိသည့် ကလေး ငါးယောက် ခြောက်ယောက်မက ရရှိသည့်တိုင်အောင် သွေး၌ အာရုံခံစားမှု တိုးတက်ခြင်း မရှိဘဲ ဖြစ်ကောင်း ဖြစ်နိုင်သည်။ မိခင်၏ သွေး၌ အာရုံခံစားမှု တိုးတက်ခဲ့သော် နောက်ပိုင်းတွင် ရရှိမည့် ရီးဆတ်ဝတ္ထု လက္ခဏာရှိ သန္ဓေသား သေဆုံးနိုင်သည့်နှုန်းမှာ ၃၀ ရာခိုင်နှုန်း ရှိပြီး ယင်းဂဏန်းမှာ တစ်ကြိမ်နှင့်တစ်ကြိမ် ခြားနားသည့် အချိန်ကြောင့် ပြောင်းလဲခြင်း မရှိပေ။ ထို့ကြောင့် ပေါ့ပေါ့ဆဆ ထားအပ်သော ကိစ္စ မဟုတ်ပေ။
ကျွန်မ၏ ဗိုက်ထဲမှ ကြီးထွားဆဲ သန္ဓေသား၌ အန္တရာယ် ရှိမရှိ ဓာတ်ခွဲခန်း စမ်းသပ်မှုက ဖော်ပြပေးနိုင်သလော။
အထိုက်အလျောက် ဖော်ပြပေးနိုင်ပါသည်။ ကိုယ်ဝန်ဆောင်စဉ် မိခင်ဖြစ်သူ၏ သွေးထဲမှ ပဋိပစ္စည်းအဆင့်ကို တိုင်းတာ၍ သူမ၌ ကလေး၏ သွေးကို တိုက်ဖျက်သည့် ပဋိပစ္စည်းများ ထုတ်လုပ်လျက် ရှိမရှိ ဖော်ပြနိုင်ပါသည်။ ၎င်းပြင် ရေမြွှာအိတ် ဖောက်ခြင်း (amniocentesis) ဖြင့်လည်း သန္ဓေသား၏ သွေး ဖျက်ဆီးခြင်း ခံရ မခံရ၊ သန္ဓေသား၌ အန္တရာယ် ရှိမရှိ ဖော်ထုတ်နိုင်သည်။ သို့တစေ ရေမြွှာအိတ် ဖောက်ခြင်း ကိုယ်နှိုက်က တစ်ခါတစ်ရံတွင် မမျှော်လင့်သော အခြေအနေဆိုးများ ဖြစ်ပေါ်စေတတ်သဖြင့် ဤနည်းကို လက်ခံသည့်အခါ သတိထားဖို့ လိုပေမည်။
RhIG ထိုးဆေး၌ မလိုလားအပ်သော နောက်ဆက်တွဲ အကျိုးသက်ရောက်မှု ရှိသလော။
ဤထိုးဆေးသည် ကြီးထွားဆဲ သန္ဓေသား၏ ကိုယ်ခံစွမ်းအားကို ပျက်စီးစေနိုင်သည့် အလားအလာ ရှိသောကြောင့် ကိုယ်ဝန်ဆောင်စဉ် ယင်းကို ထိုးနှံခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွားနေဆဲ ရှိသည်။ သို့သော်လည်း ရောဂါပြီးအောင် ကာကွယ်ထားခြင်းသည် မိခင်အတွက်ရော၊ ဝမ်းတွင်းမှ ကလေးအတွက်ပါ အတန်အသင့် စိတ်ချရသည်ဟု ကျွမ်းကျင်သူအများက ကောက်ချက်ချကြသည်။
ဆရာဝန်များ၏ အလိုအရ ထိုးဆေးကို အကြိမ်မည်မျှ ထိုးနှံသင့်သနည်း။
ပါရဂူများအဆိုအရ ရီးဆတ်ဝတ္ထု လက္ခဏာမဲ့ အမျိုးသမီး၏ သွေးကြောအတွင်းသို့ ရီးဆတ်ဝတ္ထု လက္ခဏာရှိသည့် သွေး ဝင်ရောက်ဖွယ်ရှိသည့် ဖြစ်ရပ်တိုင်း ဖြစ်ဖြစ်ပြီးချင်း အမြန်ဆုံး ထိုးနှံပေးသင့်သည်။ သို့ဖြစ်သောကြောင့် မွေးလာမည့် ကလေး၏ သွေးသည် ရီးဆတ်ဝတ္ထု လက္ခဏာရှိ ဖြစ်ကြောင်း တွေ့ရှိရလျှင် ကလေး မွေးပြီး ၇၂ နာရီအတွင်း ထိုးနှံပေးသင့်သည်ဟု လောလောဆယ်တွင် ထောက်ခံထားသည်။ ရေမြွှာအိတ် ဖောက်ခြင်း သို့မဟုတ် ကိုယ်ဝန် ဖျက်ချခြင်းအတွက်လည်း အလားတူပြုရန် ထောက်ခံထားသည်။
၎င်းပြင် သာမန် ကိုယ်ဝန်ဆောင်စဉ်အတွင်း ကလေး၏ သွေးအနည်းငယ်သည် မိခင်ဖြစ်သူ၏ သွေးကြောအတွင်း ဝင်ရောက်သွားနိုင်ကြောင်း လေ့လာတွေ့ရှိထားသောကြောင့် ဆရာဝန်အချို့က အာရုံခံစားမှု တိုးတက်ခြင်း မဖြစ်ရလေအောင် ကိုယ်ဝန် ၂၈ ပတ်သားအရွယ်တွင် ထိုးနှံသင့်သည်ဟု ထောက်ခံကြသည်။ ထိုသို့သော အခြေအနေမျိုး၌ ကလေး မွေးဖွားပြီးနောက်၌ပင် နောက်တစ်ကြိမ် ထပ်မံထိုးရန် ထောက်ခံထားသည်။
ကလေးတစ်ဦး ရီးဆတ်ရောဂါ ရရှိသည့်အခါ ကုသသည့်နည်း ရှိပါသလော။
ရှိပါသည်၊ မွေးကင်းစကလေးများ သွေးဆဲလ်နီ ပျက်ပျော်သည့် ရောဂါသည် ပြင်းထန်သော ရောဂါ ဖြစ်သော်ငြားလည်း ကလေးအား သွေးဖလှယ်ပေးစရာ မလိုအပ်သည့် ကုသနည်းများ ရှိကြောင်း ထောက်ခံသော အထောက်အထားများ ရှိပါသည်။ ဤရောဂါနှင့်ပတ်သက်၍ အစိုးရိမ်ရဆုံးသော အချက်များတွင် သွေးဆဲလ်နီ ပျက်ပျော်ရာမှ ဖြစ်ပေါ်သည့် ဗီလီရူဘင် (bilirubin) ခေါ် ဓာတုပစ္စည်းတစ်မျိုး ဖြစ်ပေါ်ခြင်း ပါဝင်သည်။ ယင်းသည် အသားဝါရောဂါ (jaundice) ဖြစ်ပွားစေနိုင်သည့်အပြင် အချို့သော သာဓကများ၌ ကလေး၏ အင်္ဂါများကိုပင် ပျက်စီးစေနိုင်သည်။ (အလျဉ်းသင့်၍ ပြောရလျှင် မပြင်းထန်သည့် အသားဝါရောဂါသည် မိခင်၏ သွေးနှင့် ကလေး၏ သွေး အေဘီအို မတည့်ခြင်း (ABO incompatibility) ကြောင့် ဖြစ်တတ်သော်လည်း များသောအားဖြင့် ပြင်းထန်ခြင်း မရှိတတ်ပေ။)
အသားဝါရောဂါသည် သတ်မှတ်ထားသည့် အဆင့်သို့ ရောက်လျှင် ထိုကလေးများအား သွေးဖလှယ်ပေးရန် လိုအပ်သည်ဟု ဆရာဝန်များက နှစ်အတန်ကြာ မှတ်ယူခဲ့ကြသော်လည်း ထပ်ဆင့်သုတေသနပြုချက်များအရ အခြားရွေးစရာ ကုသနည်းများ ရှိကြောင်း တွေ့ရှိခဲ့သည်။ အချိန်မတန် မွေးဖွားခြင်း သို့မဟုတ် ဗိုက်ခွဲမွေးခြင်း၊ အလင်းကုထုံး (phototherapy, အလင်းပြာ၊ blue light)၊ နှင့် ဖီနိုဗာဗီတော (phenobarbital)၊ ကြွမီးသွေး (activated charcoal) ကဲ့သို့သော ဆေးများ တိုက်ကျွေးခြင်း အစရှိသည့် အခြားသော ကုသနည်းများသည် အကျိုးရှိပြီး သွေးသွင်းပေးလိုသည့် ဆန္ဒကိုလည်း သိသိသာသာ လျော့နည်းစေသည်။ အမှန်ဆိုရလျှင် ရီးဆတ်ရောဂါ ရှိသည့် ကလေးများအား သွေးဖလှယ်ပေးခြင်းသည် အရာမရောက်သည့်ပြင် အန္တရာယ်ပင်များကြောင်း များမကြာမီက တင်သွင်းသည့် အစီရင်ခံစာအချို့က အလေးအနက် ဖော်ပြထားသည်။—စာမျက်နှာ ၁၉ မှ အကွက်ရှု။
သို့ပင်ငြားလည်း ဆရာဝန်များက သွေးဖလှယ်ခြင်းမှအပ အခြားရွေးစရာ မရှိဟု တင်းခံနေသည့်တိုင် အလွန် ပြင်းထန်သော ရောဂါဖြစ်ရပ်အချို့ ရှိပေသည်။ ယင်းကြောင့် အချို့သော မိဘများက ရီးဆတ်ရောဂါနှင့် အသားဝါရောဂါတို့ကို တစ်ပေါင်းတည်း ကာကွယ်ပေးမည့် ထိုးဆေးကို ထိုးခြင်းအားဖြင့် ပြဿနာ တစ်ရပ်လုံးကို ရှောင်ရှားလိုက်ခြင်းသည် ပို၍ ကောင်းသည်ဟု ယူဆကြသည်။
RhIG ထိုးဆေးသည် သွေးမှ ထုတ်လုပ်ခြင်း ဖြစ်သလော။
ဟုတ်ပါသည်။ ထိုးဆေး၌ ပါရှိသည့် ပဋိပစ္စည်းများမှာ ရီးဆတ်ဝတ္ထုပြီးသော၊ သို့တည်းမဟုတ် ရီးဆတ်ဝတ္ထုကို အာရုံခံစားမှု တိုးတက်ပြီးသော ပုဂ္ဂိုလ်များ၏ သွေးမှ ထုတ်ယူထားခြင်း ဖြစ်ပါသည်။ အနာဂတ်တွင် သွေးမှ မဟုတ်ဘဲ မျိုးဗီဇ-အင်ဂျင်နီယာ နည်းပညာဖြင့် ထုတ်လုပ်သည့် RhIG ထိုးဆေး ပေါ်ထွက်လာဖွယ်ရှိသည်။
RhIG ထိုးဆေးကို ခရစ်ယာန်များ သြတ္တပ္ပစိတ်ကြည်ကြည်နှင့် ထိုးနှံနိုင်သလော။
အရေးကြီးသည့်အချက်မှာ သွေးကို အလွဲသုံးစားပြုရာ ရောက်သွားနိုင်ခြင်းပင် ဖြစ်သည်။ သမ္မာကျမ်းစာက သွေးစားခြင်း၊ သို့မဟုတ် အခြားနည်းဖြင့် အလွဲသုံးခြင်းကို ပြတ်ပြတ်သားသား တားမြစ်ထားသည်။ (ဝတ်ပြုရာ ၁၇:၁၁၊ ၁၂; တမန်တော် ၁၅:၂၈၊ ၂၉) RhIG ထိုးဆေးမှာ သွေးမှ ထုတ်လုပ်ရာ ဖြစ်သဖြင့် ခရစ်ယာန် အမျိုးသမီးတစ်ဦး ၎င်းထိုးဆေးကို ထိုးနှံမည် ဆိုပါက သွေးကို ရှောင်ကြဉ်ပါဟူသော သမ္မာကျမ်းစာ ပညတ်ချက်ကို ချိုးဖောက်ရာ ရောက်မည်လော။
ဤဂျာနယ်နှင့် ယင်း၏ တွဲဖက် ကင်းမျှော်စင် တို့သည် ဤကိစ္စနှင့်ပတ်သက်၍ သဘောထား တစ်သမတ်တည်း တင်ပြခဲ့ပြီ။c ကျွန်ုပ်တို့ သတိပြုမိသည့်အတိုင်း ကိုယ်ဝန်ဆောင်မှုအားလုံးတွင် ပဋိပစ္စည်းများသည် မိခင်နှင့် ကလေးကြားတွင် အချင်းမှတစ်ဆင့် လွတ်လွတ်လပ်လပ် ဖြတ်သန်းကြသည်။ ယင်းကြောင့် ခရစ်ယာန်အချို့က RhIG ကဲ့သို့သော ပဋိပစ္စည်းများ ပါရှိသော ထိုးဆေးကို ထိုးနှံခြင်းသည် သမ္မာကျမ်းစာ ပညတ်ကို ချိုးဖောက်သည်ဟု မထင်ကြောင်း ကောက်ချက်ချကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းဖြစ်စဉ်သည် သဘာဝဖြစ်စဉ်နှင့် ဆင်တူသောကြောင့်တည်း။
RhIG ထိုးသင့် မသင့်ဆိုသည်မှာ ခရစ်ယာန် ဇနီးမောင်နှံတိုင်း မိမိတို့သြတ္တပ္ပစိတ်နှင့်အညီ ဆုံးဖြတ်ကြရမည့် ကိစ္စ ဖြစ်သည်။ သို့ရာတွင် ရီးဆတ်ပြဿနာနှင့်ပတ်သက်၍ ဆုံးဖြတ်စရာ ကြုံနေရသည့် ဇနီးမောင်နှံတို့အနေဖြင့် ဆေးပညာ အထောက်အထား ရရှိပြီးနောက် RhIG ဆေးမထိုးရန် ဆုံးဖြတ်ခဲ့သည်ရှိသော် ကြိုတင်ကာကွယ်နိုင်ဖွယ် ရှိသည့် ရောဂါတစ်ခု၏ အပြင်းအထန် ဖိစီးနှိပ်စက်ခြင်းခံရသော ကလေးတစ်ယောက် ရရှိမည့်အရေးကို လိုလိုလားလား လက်ခံရန် လိုအပ်ပေသည်။ ဤအခြေအနေမျိုး၌ သူတို့အနေဖြင့် ဤသို့သော ဝမ်းနည်းဖွယ် အဖြစ်ဆိုးမျိုး ထပ်မံမကြုံစေရန် သားသမီးများ နောက်ထပ်မရအောင် သတိကြီးစွာ ထားခြင်းသည် ပညာရှိသော လမ်းစဉ် ဖြစ်သည်ဟု ဆုံးဖြတ်ကြပေမည်။ စိုးရိမ်ကြောင့်ကြတတ်သော ခရစ်ယာန်မိဘတို့အနေဖြင့် ဤမျှလေးနက်သည့် ဆုံးဖြတ်ချက်ကို မချမီ ဤကိစ္စကို အလေးအနက်ထား၍ ထောင့်ပေါင်းစုံမှ သုံးသပ်ကြည့်သင့်ပေသည်။
[အောက်ခြေမှတ်ချက်များ]
a ဤကိန်းဂဏန်းများသည် လူမျိုးကို လိုက်၍ ကွဲပြားမှု ရှိသည်။ လူဖြူအများစု၌ ရီးဆတ်ဝတ္ထု လက္ခဏာမဲ့ ဖြစ်ရပ် (Rh-negativity) ဖြစ်ပွားမှုနှုန်းမှာ ၁၅ ရာခိုင်နှုန်း၊ အမေရိကန် လူမဲများ၌ ၇ မှ ၈ ရာခိုင်နှုန်း၊ အင်ဒို-ဥရောပလူမျိုးများ၌ ၂ ရာခိုင်နှုန်းခန့်၊ အာရှတရုတ်နှင့် ဂျပန်လူမျိုးများ၌ သုည ရာခိုင်နှုန်းနီးပါး အသီးသီး ဖြစ်ကြသည်။—Transfusion Medicine Reviews, ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလထုတ်၊ စာမျက်နှာ ၁၃၀။
b ဤအခြေအနေမျိုး ရှိသော အမျိုးသမီးအချို့၌ ကလေး တော်တော်များများ ရှိသော်လည်း အားလုံးသည် ရီးဆတ်ဝတ္ထု လက္ခဏာမဲ့များ ဖြစ်ကြသောကြောင့် မိခင်ဖြစ်သူသည် အာရုံခံစားမှု တိုးတက်ခြင်း မရှိပေ။ သို့သော် အခြားအခြေအနေများ၌မူ ပထမ ကလေးသည် ရီးဆတ်ဝတ္ထု လက္ခဏာရှိ ဖြစ်သဖြင့် မိခင်ဖြစ်သူ၌ အာရုံခံစားမှု တိုးတက်လာသည်။
c ၁၉၉၀၊ ဇွန် ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၃၀၊ ၃၁; [လိပ်] ၁၉၇၈၊ ဇွန် ၁၅ ရက်ထုတ်၊ စာမျက်နှာ ၃၀၊ ၃၁ [လိပ်] နှင့် နယူးယောက်ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည့် How Can Blood Save Your Life စာစောင်တို့တွင်ရှု။
[စာမျက်နှာ ၁၉ လေးထောင့်ကွက်]
ဗီလီရူဘင် အဆင့်မြှင့်တက်ခြင်း—သွေးသွင်းရန် လိုအပ်သည့်အကြောင်း ဖြစ်သလော
ကလေးများ၌ ဗီလီရူဘင် အဆင့်မြှင့်တက်ခြင်း၏ အကျိုးဆက်ကို ဆရာဝန်များ ကြောက်ရွံ့ ခဲ့သည်မှာ ကြာမြင့်ခဲ့လေပြီ။ မည်မျှအထိ ကြောက်ရွံ့သနည်းဟူမူ ဗီလီရူဘင်အဆင့် စ၍ မြှင့်တက်သည်နှင့်—အထူးသဖြင့် သွေး ၁၀၀ မီလီလီတာတွင် ဗီလီရူဘင် ၂၀ မီလီဂရမ်အထိ မြှင့်တက်လာသည့်အခါ—ဆရာဝန်များက “ဦးနှောက်ပျက်စီးခြင်းကို ကာကွယ်ရန်” (kernicterus, သည်းခြေရည် ဦးနှောက်စွဲခြင်း) သွေးဖလှယ်ခြင်း လိုအပ်သည်ဟု တိုက်တွန်းလေ့ရှိသည်။ သူတို့၏ စိုးရိမ်ကြောက်ရွံ့ ခြင်းသည် အကြောင်းခိုင်လုံသလော၊ သွေးသွင်းရန် တကယ် လိုအပ်သလော။
ဒေါက်တာ အန်သနီ ဒစ်ဇန်က ဤသို့ထုတ်ဖော်ပြောကြားသည်– “ဤသို့ သောကလေး အတော်များများကို လေ့လာရာ၌ သွေး ၁၀၀ မီလီလီတာတွင် ဗီလီရူဘင် အဆင့် ၁၈-၅၁ မီလီဂရမ် မြှင့်တက်သော်လည်း ရေတိုရေရှည်၌ မည်သည့် အကျိုးဆက်ကိုမျှ မတွေ့ ရှိရပေ။” ဒစ်ဇန်က “ဗီဂျင်တီဖိုးဘီးယား– ၂၀ ကို ကြောက်ခြင်း” (vigintiphobia) အကြောင်းကို ဆက်လက်ဆွေးနွေးသည်။ ဗီလီရူဘင် အဆင့်မြှင့်တက်ခြင်းကို ကုသခြင်းမှ မည်သည့်အကျိုး ရရှိသည်ကို လက်ဆုပ်လက်ကိုင် သက်သေမပြနိုင်သော်လည်း ဒေါက်တာ ဒစ်ဇန်က ဤသို့မှတ်ချက်ချလိုက်သည်– “အကြံရခက်နေသည်မှာ ရှင်းနေပါသည်။ သွေးခဲရည်ကြည် ဗီလီရူဘင် အဆင့်မြှင့်တက်ခြင်းကို ဓာတ်ကြမ်းတိုက် ကုသသည့်နည်းသည် ယခုလောလောဆယ်တွင် စံကျင့်ထုံးစည်းကမ်း (standard practice) ဖြစ်နေသည်။ စံကျင့်ထုံးစည်းကမ်းကို မှားသည်ဟု သက်သေမထူနိုင်မချင်း စိန်ခေါ်ခြင်း မပြုသင့်ပေ၊ သို့သော်လည်း မှားသည်ဟု သက်သေထူရန် အားထုတ်မှု မှန်သမျှသည် ကျင့်ဝတ်နှင့် ကိုက်ညီခြင်း မရှိပေ။”—Canadian Family Physician, ၁၉၈၄၊ အောက်တိုဘာလထုတ်၊ စာမျက်နှာ ၁၉၈၁။
အခြားတစ်ဖက်တွင် အီတလီ ပါရဂူတစ်ဦး ဖြစ်သူ ဒေါက်တာ အာစီးလီယား ဂါးဘညားတီးက ဗီလီရူဘင်၏ အကာအကွယ်ပေးသည့် အခန်းကဏ္ဍနှင့် “ဗီလီရူဘင် သွေးရေကြည်ရေချိန် အလွန့်အလွန် နိမ့်ကျ ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် မျှော်လင့်မထားသော အန္တရာယ်များ” အကြောင်းတို့ကို ရေးသားခဲ့သည်။ (ကျွန်ုပ်တို့ စာလုံးစောင်းထား) (Pediatrics, ၁၉၉၀၊ မတ်လထုတ် စာမျက်နှာ ၃၈) ဒေါက်တာ ဂျုံးဟာ့ဂ်ျမန်က တစ်ဆင့် တက်၍ Western Journal of Medicine ဂျာနယ်တွင် ဤသို့ရေးသားထားသည်– “သွေးဖလှယ်ခြင်းဖြင့် ဗီလီရူဘင်ရေချိန် ကျဆင်းသွားသည့်တိုင်အောင် ဦးနှောက်၌ ဗီလီရူဘင် စွန်းထင်းခြင်း မရှိအောင် တားဆီးနိုင်မည် မဟုတ်သည့်အပြင် အထက်တွင် ကိုးကားတင်ပြထားသည့် လက်တွေ့စမ်းသပ်ချက်ကို ထောက်ရှုလျှင် အန္တရာယ်ပင် ဖြစ်စေနိုင်ပေသည်။”—၁၉၈၄၊ ဇွန်လထုတ် စာမျက်နှာ ၉၃၃။