ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ကြာရှည်စွာဉာဏ်ရည်ထက်မြက်နေခြင်း
သက်ကြီးပိုင်းအချိန်အထိ သင်၏ဉာဏ်ရည်ဉာဏ်သွေးကို ဆက်ထိန်းသိမ်းလိုပါသလော။ အမေရိကန်ကျန်းမာရေး မဂ္ဂဇင်းက “ပညာရေးကို လျစ်လျူမရှုပါနှင့်၊ လှုပ်လှုပ်ရှားရှားနေပြီး သင့်အဆုတ်ကို ဂရုစိုက်ပါ” ဟုဆိုသည်။ “စိတ်ပိုင်းဆိုင်ရာစွမ်းရည်ကို ထိန်းသိမ်းနိုင်ချေရှိမှုတိုးပွားအောင် ကျွန်ုပ်တို့လုပ်နိုင်သည့်အရာများရှိသည်” ဟုဟားဗတ်ဆေးကျောင်းမှ အာရုံကြောစိတ်ပညာရှင် မယ်ရ်လင် အဲလ်ဘတ်ကဆိုသည်။ အသက်ကြီးလာသည်နှင့် ဉာဏ်ရည်လျော့နည်းသွားခြင်းကို ကာကွယ်ရန် ပညာရေးက “ဦးနှောက်ဖွဲ့စည်းတည်ဆောက်ပုံကို” တစ်နည်းနည်းဖြင့် “ပြောင်းလဲပေး” သည်ဟု ဒေါက်တာ အဲလ်ဘတ်ကမှန်းဆသည်။ ထို့အပြင် ကာယလှုပ်ရှားမှုက ဦးနှောက်တွင် သွေးလှည့်ပတ်ခြင်းကိုတိုးတက်စေ၍ အောက်ဆီဂျင်ပိုရရှိစေသည်ဟု ယူဆကြသည်။ ထို့ကြောင့် အဲလ်ဘတ်က “နေ့စဉ်လမ်းလျှောက်ပါ၊ တစ်လလျှင် အနည်းဆုံးစာအုပ်အသစ်တစ်အုပ်ဖတ်ပါ၊ အကယ်၍ သင်သည် ဆေးလိပ်သောက်သူတစ်ဦးဖြစ်လျှင် ဆေးလိပ်ဖြတ်ခြင်းဖြင့် သင့်အဆုတ် (နှင့်ဦးနှောက်) ကိုအနားပေးပါ” ဟုအကြံပေးသည်။
အိန္ဒိယ၌ ကျွဲကျောက် ကပ်ဆိုက်ခြင်း
‘ကျောက်ကြီးဗိုင်းရပ်အုပ်စုမှ ဗိုင်းရပ်တစ်မျိုး’ ကြောင့် ဖြစ်ပေါ်လာသော ကျွဲကျောက်ကို အိန္ဒိယအနောက်ပိုင်း ဘက်ခရိုင်၌ ရှာဖွေတွေ့ရှိရသည်ဟု အိန္ဒိယတိုင်းမ်စ်မဂ္ဂဇင်းက ရေးသားဖော်ပြထားသည်။ အဆိုပါကျွဲကျောက်သည် ကျောက်ကြီးရောဂါလောက် မပြင်းထန်သော်လည်း မည်သို့ဆိုစေကာမူ သိပ္ပံပညာရှင်များက ၎င်းကူးစက်ပျံ့နှံ့မည်ကို စိုးရိမ်နေကြသည်။ “အဆိုပါဗိုင်းရပ်ကို အလွန်ဂရုတစိုက်စောင့်ကြည့်သင့်သည်၊ မည်မျှပြင်းထန်သည်ကို ကျွန်ုပ်တို့မပြောနိုင်ပါ” ဟုဗိုင်းရပ်ကြောင့်ဖြစ်သော ရောဂါများကိုလေ့လာခြင်းဆိုင်ရာ အမျိုးသားအသင်းမှ ညွှန်ကြားရေးမှူး ဒေါက်တာကလ်ယန်း ဗင်နဂျီးကဆိုသည်။ အဓိကစိုးရိမ်မကင်းဖြစ်စရာမှာ ဆေးပစ္စည်းမပြည့်စုံသော အလှမ်းဝေးကွာလှသည့် ကျေးလက်ဒေသများသို့ ကျောက်ရောဂါကူးစက်ပျံ့နှံ့သွားမည့် အလားအလာပင်ဖြစ်သည်။ ကျွဲကျောက်ရောဂါဖြစ်လျှင် အဖျားတက်ခြင်း၊ ပြန်ရည်ဖုများထွက်ခြင်း၊ ကိုယ်ခန္ဓာပေါ်တွင် များပြားသော ကျောက်ပေါက်မာများနှင့် အထွေထွေအားနည်းမှုများကို ဖြစ်ပေါ်စေသည်။
မှားယွင်းသောအချက်ပြ နောက်ထပ်တစ်ခု
“လွန်ခဲ့သည့်နှစ်က ဂြိုဟ်သားများရှာဖွေမှုအတွက် အလွန်အရေးပါသော ကိစ္စရပ်တစ်ခုဖြစ်ခဲ့သည်” ဟုနယူးဆိုင်းယင်းတစ်မဂ္ဂဇင်းက ရေးသားဖော်ပြသည်။ ကယ်လီဖိုးနီးယားပြည်နယ်၊ မောင်းတိန်းဗျူးအရပ်တွင် အခြေစိုက်သော အက်စ်အီးတီအိုင်အဖွဲ့အစည်းအတွက် အမှုထမ်းနေသော သုတေသီများသည် “အသိဉာဏ်ရှိ သက်ရှိများရှိကြောင်း ငြင်းခုံ၍မရနိုင်သည့် အထောက်အထားကိုဖော်ပြပေးသော ပုံမှန်အချက်ပြများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။” သို့ရာတွင် စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်ပြီးသည့်နောက် ထွက်ပေါ်လာသည့်ရေဒီယိုအသံလှိုင်းများသည် “အီးတီ [ဂြိုဟ်သား] များထံမှမဟုတ်ဘဲ အောက်ထပ်ရှိ မိုက်ခရိုဝေ့မီးဖိုမှလာကြောင်း” သူတို့တွေ့ရှိခဲ့ကြရသည်။ ယင်းသို့ အက်စ်အီးတီအိုင်အဖွဲ့အစည်း စိတ်ပျက်သွားရခြင်းမှာ ပထမဦးဆုံးအကြိမ်မဟုတ်ဟု နယူးဆိုင်းယင်းတစ်က ဖော်ပြသည်။ “မှားယွင်းသောအချက်ပေးမှုအများစုမှာ ဂြိုဟ်တုများထံမှ အချက်ပြခြင်းများဖြစ်ကြောင်း” ဩစတြေးလျမှ မိုးကောင်းကင်ကိုစူးစမ်းရှာဖွေကြသော သုတေသီများက တွေ့ရှိခဲ့ကြသည်။ အက်စ်အီးတီအိုင်အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၁၉၉၅ ခုနှစ်တွင် အက်စ်အီးတီအိုင်မှရှာဖွေတွေ့ရှိခဲ့သော ရေဒီယိုအသံလှိုင်းများအားလုံးမှာ “မိမိတို့ကိုယ်နှိုက်၏ စက်မှုအတတ်ပညာမှလာခြင်း” ဖြစ်ကြောင်း အမေရိကန်နက္ခတ္တဗေဒဆိုင်ရာအသင်းအား မကြာသေးမီကဝန်ခံခဲ့သည်။
ရေလမ်းကြောင်းသစ်
ဘရာဇီးလ်နိုင်ငံ၊ ကာစရက်စ်မြို့မှ အာဂျင်တီးနားနိုင်ငံ၊ ပလိပ်မြစ်အထိ တောင်ဘက်သို့မိုင်ပေါင်း ၂,၁၅၀ ကျော်ရှည်လျားသော ရေလမ်းကြောင်းအသစ်တစ်ခုကို ဖောက်ရန်အဆိုတင်သွင်းထားသည်။ ယင်းသည် ပရာနားမြစ်နှင့် ပါရာဂွေးမြစ်တို့ကို ပေါင်းဆုံစေမည်ဖြစ်သည်။ အဆိုပါရေလမ်းကြောင်း သို့မဟုတ် ဟိုင်ဒရိုဗိုင်ယာသည် ကီလိုမီတာထောင်နှင့်ချီသော လမ်းဆိုးများကိုရှောင်ကွင်းကာ ပဲပုပ်ပဲ၊ ဝါ၊ ကောက်ပဲသီးနှံ၊ သံရိုင်း၊ ထုံး၊ မင်ဂနီနှင့် အခြားကုန်ပစ္စည်းများကို နိုင်ငံခြားဈေးကွက်များသို့တင်ပို့ရန် လွယ်ကူစေမည်ဖြစ်သည်။ ဟိုင်ဒရိုဗိုင်ယာသည် အာဂျင်တီးနား၊ ဘရာဇီးလ်၊ ပါရာဂွေး၊ ယူရူဂွေးနှင့် ကုန်းတွင်းပိုင်းကျသော ဘိုလစ်ဗီးယားတို့ပါဝင်ကြမည့် ဖက်စပ်စီမံကိန်းတစ်ခုဖြစ်သည်။ သည်အီကော်နောမစ်၏အဆိုအရ “စီမံသူများက ယင်းကို စန်းပွင့်ဖို့အသင့်ဖြစ်နေသော တိုက်ကြီးတစ်ဝက်၏ဗဟိုမှ ကုန်ပစ္စည်းများကို အသွားအပြန်သယ်ယူပို့ဆောင်ပေးနေသည့် တောင်အမေရိကမစ္စစ်စပီမြစ်အဖြစ် ယူမှတ်ကြသည်။”
ပိုင်၏တန်ဖိုး
ကျောင်းတွင်သင်ခဲ့ရသော ပိုင်ဟူသည့်စကားလုံးသည် စက်ဝိုင်းတစ်ခု၏အဝန်းနှင့် အချင်းတို့၏အချိုးဖြစ်သည်။ လူအများသည် ပိုင်၏အနီးစပ်ဆုံးတန်ဖိုး ၃.၁၄၁၅၉ ဖြင့်ကျေနပ်ဖွယ် တွက်ချက်နိုင်ကြသော်လည်း ပိုင်သည် တိကျသောအရေအတွက်တစ်ခုမဟုတ်သောကြောင့် ပိုင်၏ဒသမတန်ဖိုးသည် အဆုံးမရှိချေ။ ၁၈ ရာစုနှစ်က ဒသမနေရာ ၁၀၀ အထိတိကျသောတန်ဖိုးရခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် ပြင်သစ်လူမျိုး သင်္ချာပညာရှင်နှစ်ဦးက ဒသမနေရာတစ်သန်းအထိ တွက်ချက်ရရှိခဲ့သည်။ ယခုအခါ ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်မှ ယာစူမာစာ ကာနာဒါဆိုသူက ယင်း၏တန်ဖိုးကို ကွန်ပျူတာဖြင့်တွက်ချက်ရာ ဒသမနေရာသန်းခြောက်ထောင်ကျော်အထိ ရရှိခဲ့ပြီ။ လန်ဒန်မြို့ထုတ် သည်တိုင်းမ်စ် သတင်းစာက “ဒသမ ၃၉ နေရာရှိရုံနှင့် အများသိစကြဝဠာကို ပတ်ဝိုင်းထားသည့် စက်ဝိုင်းတစ်ခု၏အဝန်းမှသည် ဟိုက်ဒရိုဂျင်အက်တမ်၏အချင်းဝက်ရှိ စက်ဝိုင်း၏စက်ဝန်းအထိ တွက်ချက်နိုင်သောကြောင့်” အဆိုပါကိန်းဂဏန်းသည် အသုံးပြုဖို့အကြောင်းရှိပုံမပေါ်ဟုဆိုသည်။ ပါမောက္ခ ကာနာဒါက “ယင်းသည်ရှိသောကြောင့်” ယင်းကိုတွက်ချက်ရခြင်းကို သူပျော်သည်ဟုဆိုသည်။ သို့သော် သူ၏တွက်ချက်မှုရလဒ်ကို ရွတ်ဆိုရန်မကြိုးစားလေနှင့်။ “မရပ်မနားဘဲ တစ်စက္ကန့်တစ်လုံးရေတွက်လျှင်ပင် အနှစ် ၂၀၀ ခန့်ကြာလိမ့်မည်” ဟုသည်တိုင်းမ်စ်ကဆိုသည်။